အခန်း ၂၂၃
Vol. 23 Ch. 223
အခန်း(223)
သုခဘုံဂိုဏ်း၏ နောက်ကွယ်တွင် ဝူဝေ့ရုန်၏ ကျရှုံးသူများ ရှိနေသောကြောင့် သူတို့ကိုယ်တိုင် အပြင်သို့ ထွက်ကာ ဆွဲဆောင်နေရန်မလိုအပ်ပေ။
သူတို့က လူသားအချင်းချင်း လှည့်ဖြားနိုင်ရန်အတွက် လူသားအစစ်တချို့ကိုသာ စုဆောင်းခဲ့ကြ၏။
ဆိုရလျှင် လူသားတို့က မည်သည့်အရာကို လိုချင်သည်ကို လူသားအချင်းချင်းကသာ အမှန်တကယ် နားလည်ကြသောကြောင့်သာ ဖြစ်ပေသည်။
ထိုသာသနာပြုဆိုသူများက သူတို့ကို အမှန်တကယ်လိုအပ်နေသူများကိုသာ စိစစ်ရွေးချယ်ကြ၏။
သူတို့၏ အဆင့်အတန်းကို အသုံးချ၍ ဆင်းရဲမွဲတေနေပြီးသား သာမန်လူများထံမှ အဆမတန်သော အသင်းဝင်ကြေးများကို ကောက်ခံ၍ ခေါင်းပုံဖြတ်နေကြခြင်းပင် ဖြစ်သည်။
ဤကဲ့သို့သောအရာမှာ သုခဘုံဂိုဏ်းနှင့် ဤစခန်းများကို အုပ်ချုပ်သူများကြားရှိ သဘောတူညီချက်တစ်ခုသာ ဖြစ်ရပေလိမ့်မည်။
သူတို့က အချင်းချင်း ပူးပေါင်း၍ အကျိုးအမြတ်ကို ခွဲဝေယူကြသည်။ ဒုက္ခရောက်ရသူများမှာတော့ မည်သည့်အရာကိုမျှမသိသော သာမန်လူများသာ ဖြစ်ပေသည်။
ထိုလူများမှတစ်ဆင့် သူတို့က တခြားသော တုန်လှုပ်ဖွယ်ရာကောင်းသော အချက်အလက်တစ်ခုကိုလည်း သိရှိခဲ့ကြရ၏။
သုခဘုံဂိုဏ်းက သူတို့ကိာ အကြည်ညိုဆုံးသော နောက်လိုက်တချို့ကို ရွေးချယ်ကာ ဂိုဏ်းထဲသို့ အမှန်တကယ် ဝင်ရောက်ခွင့်ပြုလေ့ရှိသည်။
ဤဝင်ခွင့်က ကမ္ဘာပျက်ကပ်၏ ဒုက္ခများမှ လွတ်မြောက်၍ ကောင်းကင်ဘုံနှင့် မြေအောက်ကမ္ဘာသို့သွားရာလမ်းဟု ပြောကြ၏။
ပျောက်ဆုံးသွားသော လူဦးရေကလည်း မနည်းခဲ့ပေ။
ပေထင်စခန်းတစ်ခုတည်း၌ပင် အနည်းဆုံး ပျောက်ဆုံးမှု အမှုပေါင်းက နှစ်ဆယ် သို့မဟုတ် သုံးဆယ်ခန့် ရှိနေသည်။
ကျန်ရှိနေသော စခန်းသုံးခုနှင့် ပြန်လည်၍ အသုံးချရေးစခန်းတို့မှ မသိရသေးသော အမှုများကိုတော့ ပြောရန်ပင်မလိုအပ်တော့ပေ။
စုစုပေါင်းဆိုလျှင် တိတ်တဆိတ် ပျောက်ဆုံးသွားခဲ့သူ၏ အရေအတွက်က ရာနှင့်ချီ သို့မဟုတ် ထောင်နှင့်ချီ၍ ရှိနေနိုင်သောကြောင့် အလွန်ပင် ကြောက်စရာကောင်းလွန်းသည်။
ဤလူများက စခန်းမှပျောက်ဆုံးသွားခြင်းပင်။
စခန်းခေါင်းဆောင်များအနေဖြင့် ဤအချက်ကို မသိဘဲ မနေလောက်ပါချေ။ သို့သော်လည်း သူတို့က ဂရုမစိုက်ခဲ့ကြပေ။
ဤသာမန်လူများ၏အသက်က သူတို့နှင့် မဆိုင်ဟုသာ မှတ်ယူထားကြသည်။
ဤလူများက သူတို့ဘာသာ ဆန္ဒအလျောက် သွားကြခြင်းသာ ဖြစ်၏။
သုခဘုံဂိုဏ်း၏ သာသနာပြုဆိုသော အဆင့်အတန်းကို အသုံးပြု၍ သူတို့က မည်သည့်အားစိုက်ထုတ်မှုကိုမျှ မရှိဘဲ အံ့အားသင့်ဖွယ် ကောင်းသော ချမ်းသာကြွယ်ဝမှုများကို ရရှိနိုင်ကြသည်။
ယင်ရိလျိုတစ်ယောက် ထိုစခန်းအုပ်ချုပ်သူများ၏ ဖုံးကွယ်မှုနှင့် လျစ်လျူရှုမှုများနှင့်၊ ပျောက်ဆုံးနေခဲ့သော သာမန်လူများအတွက် စိုးရိမ်စိတ်ကြောင့် အံကြိတ်မိသွားရ၏။
ဝူဝေ့ရုန်က မည်သို့သောလူမျိုးဖြစ်ကြောင်းကို သူမ မသိဘဲ မနေပါချေ။
သူနှင့် ထျန်းထျန်းတို့မှာ ဗုဒ္ဓမဟုတ်ဘဲ ထူးခြားသော စွမ်းရည်ရှိသည့် သာမန်စွမ်းအားရှင်များသာ ဖြစ်ကြပြီး လူသားများကိုလည်း မုန်းတီးကြသူများ ဖြစ်၏။
လူပေါင်းများစွာက သူ့လက်ထဲသို့ ရောက်ရှိ သွားပြီဖြစ်၍ မည်သည့်အရာကိုလုပ်ရန် ကြံစည်နေမည်နည်း။
သူတို့ စခန်းသို့ ပြန်ရောက်သည့်အချိန်တွင် ဆင့်ကဲပြောင်းလဲသူအဖွဲ့သုံးဖွဲ့က သူတို့ စုဆောင်း၍ရရှိလာခဲ့သော အချက်အလက်များကို အကျဉ်းချုပ်၍ ဆွေးနွေးကြ၏။
ထို့နောက် လူတိုင်းက လေးနက်သော မျက်နှာအမူအရာများဖြင့် တိတ်ဆိတ်သွားကြလေသည်။
မြို့တော် B အနေဖြင့် လူပျောက်တိုင်ချက်များကို မရရှိခဲ့သောကြောင့် ဤမျှလောက်များပြားသော လူများ ပျောက်ဆုံးသွားလိမ့်မည်ဟု မည်သူကမျှ မမျှော်လင့်ထားခဲ့ကြပေ။
သူတို့၏ အဖွဲ့သုံးဖွဲ့ပေါင်းလျှင် လူအင်အားက ငါးဆယ်ပင် မပြည့် သောကြောင့် အခြေအနေက အတော်လေး ရှုပ်ထွေးသွားရသည်။
“ငါတို့က အဲဒီကောင်တွေရဲ့ ပုန်းခိုရာနေရာကို အမြန်ဆုံး ရှာဖွေပြီးတော့ ဖျက်ဆီးပစ်ရမယ်၊သူတို့က ဖမ်းထားတဲ့ လူတိုင်းကတော့ မသေဆုံးသွား
လောက်သေးဘူး၊ ငါတို့အနေနဲ့ တတ်နိုင်သလောက် လူများများ ကယ်တင်ရမယ်”
လီချန်းနန်က လေးနက်စွာဖြင့် ပြောလိုက်လေ၏။
သူမ၏ ပုံမှန် နူးညံ့သိမ်မွေ့နေသော မျက်နှာအမူအရာက ရက်စက်သော အသွင်ဖြင့် အစားထိုးသွားရသည်။
ထို့နောက်တွင် အနည်းငယ်အိုမင်းနေသော မျက်လုံးများထဲတွင် စူးရှ၍ ထက်မြက်သော အငွေ့အသက်များက ထွက်ပေါ်လာခဲ့၏။
ကျိယိုအန်းကလညား ခေါင်းကို ညိတ်ပြလိုက်ပြီး သူ၏မျက်နှာကလည်း ထူးခြားစွာပင် လေးနက်နေခဲ့သည်။
“ငါတို့က သုခဘုံဂိုဏ်းကို အထင်သေးခဲ့မိတယ်၊ သူတို့မှာ ပိုမိုကြီးမားတဲ့ ပူးပေါင်းကြံစည်မှုက ရှိနေတာပဲ၊
အခုအချိန်ကျမှ စစ်ကူတောင်းဖို့ကလည်း နောက်ကျသွားပြီ၊ ဒါတွေက ဒီနေ့ တုန်ထင်မှာ ငါတို့ဘက်က ရခဲ့တဲ့ နောက်ဆုံး အချက်အလက်ပဲ”
သူက ခေတ္တရပ်ပြီးနောက် ဆက်ပြောလိုက်လေသည်။
“သုခဘုံဂိုဏ်းရဲ့ လူသစ်စုဆောင်းမှုအသုတ်ကို သန်ဘက်ခါ အစောပိုင်းမှာ စတင်တော့မယ်တဲ့”
ပေထင်လမ်းရှိ အိမ်တန်းလျားများတွင် မိသားစုတစ်ခုက ရှားပါးသော အစားအစာတချို့ကို ချက်ပြုတ်နေသောကြောင့် မီးဖိုမှ မီးများက တောက်ပနေသည်။
မွှေးကြိုင်သော အနံ့က ဟောင်းနွမ်းနေသော တံခါးနှင့် ပြတင်းပေါက်များမှတစ်ဆင့် လွင့်ပျံ့လာသောကြောင့် အောက်ထပ်နှင့် ပတ်ဝန်းကျင်ရှိ လူများကို တံတွေးမျိုချမိစေ၏။
ထိုအချိန်တွင် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးဖြစ်သော ပွဲစားက အဆောက်အဦး၏ အောက်ထပ်တွင် ရပ်နေလေသည်။
သူမက ဈေးပေါသော အနီရောင် သားရေအင်္ကျီကို ဝတ်ဆင်ထားပြီး လူတိုင်းက သူမကို ချန်းကျဲဟု ခေါ်ကြ၏
သူမက ဆေးတံကို သောက်ရင်း အမိုးပေါ်သို့ မော့ကြည့်နေခဲ့သည်။
ပွဲစားဆိုသည်က တရားမဝင်သော လုပ်ငန်းတချို့တွင် ကြားခံ၍ ဆောင်ရွက်ပေးသူ ဖြစ်၏။
နားထောင်၍ကောင်းသော်လည်း အမှန်တကယ်တွင် သူတို့က ယုတ်ညံ့သော အရာများကို လုပ်ဆောင်ကြသည်။
ဥပမာအားဖြင့် ဤအမျိုးသမီးက ပတ်ဝန်းကျင်ရှိ ပြည့်တန်ဆာများ၏ အစ်မကြီးဖြစ်၏။
ရှေးခေတ်အချိန်ကဆိုလျှင် သူမကို မဒမ်ဟု ခေါ်ကြပေလိမ့်မည်။
ဤအမျိုးသမီးတွင် တချို့သော ဆင့်ကဲပြောင်းလဲမှု စွမ်းရည်များက ရှိနေသော်လည်း ထိုစွမ်းရည်များက အသုံးမဝင်ဘဲ လက်တွေ့တွင် အသုံးချရန်အတွက် ခဲယဉ်းသည်။
သို့သော် ဆင့်ကဲပြောင်းလဲသူများကို သာမန်လူများထက် သာလွန်သည်ဟု ယူဆကြသော ဤခေတ်ကာလတွင် သူမက ဤအိမ်တန်းလျားရှိ တခြားသူများထက် ပိုမို၍မြင့်မားသော အဆင့်အတန်းကို ရရှိထား၏။
ကမ္ဘာမပျက်ခင်က သူမက ဘားတစ်ခုတွင် ဧည့်ကြိုအမျိုးသမီး ဖြစ်ခဲ့သည်။
ကမ္ဘာပျက်ပြီးနောက်တွင် သူမက ပတ်ဝန်းကျင်၌ သြဇာရှိသူတစ်ဦးအဖြစ်သို့ ပြောင်းလဲသွား၏။
ပေထင်ရှိ အကူအညီမဲ့နေရကာ ခန္ဓာကိုယ်ကို ရောင်းစားနေရသော မည်သည့်အမျိုးသမီးမဆို သူမထံတွင် မှတ်ပုံတင်ရပြီး ရရှိသောငွေ၏ (၃၀) ရာခိုင်နှုန်းကို ကြားခံဖြစ်သော သူမက ပေးဆောင်ရသည်။
သူမကို မကျေနပ်ဘဲ လက်မခံလိုသော အမျိုးသမီးငယ်တချို့မှာတော့ သူမ၏ လက်အောက်ငယ်သားများထံမှ နှိပ်စက်မှုကို ခံရပြီးနောက်တွင် ဆိုးရွားသော ကံကြမ္မာများနှင့် ကြုံတွေ့ခဲ့ကြရ၏။
ထိုအချိန်မှစ၍ အိမ်တန်းလျား၌ သူမကို မနာခံရဲသည့်ည လူအနည်းငယ်သာ ကျန်ရှိတော့သည်။
အစပိုင်းတွင် သူမက ကြားခံပွဲစားသာဖြစ်သည်။
အကျိုးအမြတ်များကို မြည်းစမ်းကြည့်ပြီးနောက်တွင် သူမ၏လောဘက ကြီးထွားလာခဲ့၏။
သူမက ကိုယ့်ကိုယ်ကိုယ် မရောင်းလိုသော အပြစ်ကင်းသည့် မိန်းကလေးများကိုပင် ခြိမ်းခြောက်ခြင်း၊ သွေးဆောင်ဖြားယောင်းခြင်းများကို ပြုလုပ်၍ သူမနှင့်အတူ ပျက်စီးခြင်းသို့ ရောက်အောင် တွန်းပို့ခဲ့သည်။
ပေထင်ရှိ ကိုယ်တိုင်ရပ်တည်နိုင်သည့် မည်သူမဆို ဤအမျိုးသမီးကို စိတ်ထဲမှ နာကျည်းမုန်းတီးကြသော်လည်း မည်သူကမျှ ထုတ်မပြောရဲကြပေ။
သူမ ရောက်ရှိလာသောအချိန်တွင် လမ်းသွားလမ်းလာ အမျိုးသားတစ်ဦးက ကိုယ့်ကိုယ်ကိုယ်ဖိအားပေးကာ ပြုံးပြရင်း ဦးညွှတ်၍ ပြောလိုက်လေသည်။
“အို၊ ချန်းကျဲ ရောက်လာတာပဲ”
ချန်းကျဲက ဆေးလိပ်ကို တစ်ချက် ရှိုက်လိုက်ပြီးနောက် ဂရုမစိုက်သည့်အမူအရာဖြင့် ပြန်ထူးလိုက်ကာ မွှေးကြိုင်နေသော အနံ့များက ထွက်ပေါ်နေသော အိမ်ကို ညွှန်ပြ၍ မေးလိုက်လေသည်။
“ဟိုအဖွားကြီးက ဘာဖြစ်နေတာလဲ၊ သူ ချမ်းသာသွားလို့လား”
ပတ်ဝန်းကျင် အိမ်တန်းလျားရှိ လူတိုင်းက သူမ အဘယ်ကြောင့် ဤနေရာသို့ ရောက်လာသည်ကို သိကြပြီး သူမက လျှောက်လှမ်းခဲ့သော လမ်းကို တိတ်တဆိတ် တံတွေးထွေးနေခဲ့ကြ၏။
လှပသော အမျိုးသမီးငယ် နှစ်ဦးက ဤအိမ်တန်းလျားတွင် နေထိုင်ကြသည်။
တစ်ဦးက အသက်နှစ်ဆယ်ခန့် ရှိပြီး ကမ္ဘာမပျက်ခင်က နိုင်ငံထဲရှိ လူတိုင်းသိသော နာမည်ကြီး တက္ကသိုလ်တစ်ခုမှ ထိပ်တန်းကျောင်းသူတစ်ဦး ဖြစ်ခဲ့၏။
ထိုအမျိုးသမီးက တိတ်ဆိတ်ပြီး အေးဆေးစွာသာ နေတတ်က် ပညာတတ်အငွေ့အသက်တို့ရှိနေခဲ့သည်။
ကမ္ဘာပျက်ကပ်အတွင်းမှာပင် သူမက ဆီးနှင်းထဲမှ ဆီးပန်းလေးကဲ့သို့ပင် နူးညံ့သိမ်မွေ့နေဆဲ ဖြစ်၏။
တခြားမိန်းကလေးတစ်ယောက်က ပို၍ ငယ်ရွယ်ပြီး အသက်က တစ်ဆယ့်ငါး၊ တစ်ဆယ့်ခြောက် နှစ်ခန့်သာရှိလေ၏။ သူမက အဆောက်အဦးတွင် နေထိုင်ပြီး တီဘီရောဂါကို ခံစားနေရသော အဖွားမာ၏ မြေးမလေး ဖြစ်သည်။
သူတို့နှစ်ဦးက အပေါ်ထပ်ရှိ အခန်းကျဉ်းလေးထဲတွင် အတူနေထိုင်ကြ၏။
ထိုမိန်းကလေးက နူးညံ့သောအလှလေးဖြစ်သော်လည်း အလွန်ပိန်လှီပြီး အရေပြားနှင့် အရိုးသာ ကျန်တော့သည်။
သူမ၏ အဘွားကလည်း ဖျားနာနေ၏။ သူမက သေတော့မည်ပင်။
လွန်ခဲ့သော လဝက်ကျော်ကပင် ချန်းကျဲက ဤမိန်းကလေး နှစ်ဦးအပေါ်တွင် မကောင်းသော ကြံစည်မှုများက ရှိလာခဲ့၏။
သူမက သူတို့ကို သူမ၏ လက်အောက်ရှိ မိန်းကလေးများအဖြစ်သို့ စုဆောင်းလိုသည်။
ထို့ကြောင့် အကျိုးကျေးဇူးများစွာ ကို ရရှိမည်ဟု ကတိပေး၍ သူတို့၏ စွမ်းရည်များကိုလည်း ပိုသာစွာ ပြောဆိုခဲ့သည်။
“စဉ်းစားကြည့်စမ်း၊ ဒီလိုကမ္ဘာကြီးမှာ ဘာအရည်အချင်းမှမရှိတဲ့ မင်းတို့လို မိန်းကလေးနှစ်ယောက်က အနှေးနဲ့အမြန်တော့ ငတ်ပြီးသေကြရမှာပဲ၊
ရှောင်ချန်း၊ မင်းလည်း သိပ်ပြီးတော့ မာန်တက်မနေပါနဲ့၊ ဒီခေတ်မှာ တက္ကသိုလ်ကျောင်းသူဆိုတာက ဘာမို့လို့လဲ၊ သိက္ခာဆိုတာကကော ဘာလဲ၊ ကိုယ့်ရဲ့ဗိုက်ကိုယ်ကို ဝအောင်လုပ်ဖို့က အရေးအကြီးဆုံးပဲလေ”
ချန်းကျဲက ရှောင်ချန်း၏ တည်ငြိမ်နေသော မျက်နှာအမူအရာကို ကြည့်ပြီး စိတ်ထဲမှ လှောင်ပြောင်လိုက်လေသည်။
သူမက နှာခေါင်းကို အပေါ်သို့မြှောက်၍ အထက်စီးမှ ကြည့်တတ်သော ဤပညာတတ်ဆိုသူများကို သည်းမခံနိုင်ပေ။
ယခုအချိန်တွင် သူမက ထိုတက္ကသိုလ်ကျောင်းသူကို ချိုးနှိမ်ပစ်ရန်တွေးထားသည်။
ယနေ့တွင် သူမက ရှောင်ချန်းကို အလုပ်ထဲသို့ သွတ်သွင်းတော့မည်ဖြစ်ကာ သူမ မည်မျှအထိ မာန်တက်နိုင်ဦးမည်ကို ကြည့်ရပေတော့မည်။
သူမက တစ်ဖက်မှ ပျာယာခတ်နေသော တခြားမိန်းကလေးငယ်လေးကိုလည်း ဂရုစိုက်တတ်သော အစ်မကြီးတစ်ဦးအသွင်ဖြင့် ပြောလိုက်လေသည်။
“နျို့နျို့ ၊ မင်းရော ချန်းကျဲလိုမျိုး နေ့တိုင်း ပန်းပွင့်ဂါဝန်လေးတွေကို ဝတ်ပြီး ပေါက်စီအကြီးကြီးတွေကို စားချင်တယ်မလား၊
မင်းရဲ့အဘွားကတော့ မင်း ဒုက္ခရောက်မှာကို စိုးလို့ ငါနဲ့မထည့်ချင်ဘူးပေါ့၊
ဒါပေမဲ့ မင်းရဲ့အဘွားကိုလည်း ကြည့်ဦးလေ၊ မင်း သူ့အတွက် ဆေးဝယ်ပေးဖို့ ပိုက်ဆံမရှာချင်ဘူးလား၊
ချန်းကျဲ ကတိပေးတယ်၊ မင်းသာ ဒီကိုလာရင် စခန်းက သူဌေးကြီးတစ်ယောက်ဆီမှာ အလုပ်လုပ်လို့ရအောင် စီစဉ်ပေးမယ်၊ မင်းရဲ့ဘဝက စည်းစိမ်ချမ်းသာတွေနဲ့ ပြည့်စုံသွားမှာ သေချာတယ်”
သူမ၏ စကားမဆုံးခင်မှာပင် အဖွားမာက အပြင်ဘက်မှ တံမြက်စည်းတစ်ချောင်းကိုကိုင်၍ ဝင်လာခဲ့ပြီး ပြင်းထန်စွာ ချောင်းဆိုးရင်း ဒေါသတကြီးဖြင့် ပြောလိုက်လေသည်။
“နင်သာ ငါ့ရဲ့မြေးမလေးနဲ့ ရှောင်ချန်းကို ထိရဲရင် ဒီအဖွားကြီးက နင်နဲ့ သေအောင် တိုက်ပစ်မှာ!
ဘာပဲဖြစ်ဖြစ် ငါ့ရဲ့အသက်ကလည်း အပိုပဲလေ၊ ယုတ်မာတဲ့ မိန်းမ.. အခုချက်ချင်း ထွက်သွားစမ်း!”
*