အခန်း ၂၂၅
Vol. 23 Ch. 225
အခန်း(225)
ချန်းကျဲက လူသတ်ချင်စိတ်ဖြင့် စိုက်ကြည့်နေသော ချန်းရွှမ်ကို ကြည့်ကာ လှောင်ပြုံးပြုံးလိုက်လေ၏။
“အပေါ်ကိုတက်ပြီးတော့ သူမကို ကြိုးနဲ့ချည်လိုက်စမ်း၊ ပြီးရင် ဟိုလင်းချိုးချိုးကိုလည်း ချည်လိုက်၊
ထွက်ပြေးဖို့ကို ကြိုးစားနေတာလား၊ငါ ခွင့်ပြုမပြုဆိုတာကို ကြည့်ရသေးတာပေါ့”
သူမ၏ အနောက်မှ လူက တွန့်ဆုတ်နေလျက် ပြောလိုက်လေသည်။
“ကျဲ၊ စခန်းမှာက စည်းကမ်းတွေ ရှိတယ်လေ၊ ကျွန်တော်တို့က မလုပ်..”
“မလုပ်နိုင်တာက ဘာရှိလဲ၊ စခန်းက လူမသတ်ဖို့ကိုပဲ တားမြစ်ထားတာ၊ ငါ သူ့ရဲ့ လက်တစ်ဖက် ဒါမှမဟုတ် ခြေထောက်တစ်ဖက်ကို ဖြတ်ပစ်ရင်တောင် စခန်းရဲ့ စည်းကမ်းကို ချိုးဖောက်တာ မဟုတ်ဘူးမလား၊
သူ့အနောက်မှာ တစ်ယောက်ယောက်က ကျောထောက်နောက်ခံပေးထားတာကများရှိလို့လား”
ချန်းကျဲ၏ မျက်နှာပေါ်တွင် ရက်စက်မှုနှင့် မောက်မာဝင့်ကြွားမှုရိပ်များ ထင်ဟပ်နေခဲ့သည်။
ထိုစကားကို ကြားသည့်အချိန်တွင် သူမ၏ အနောက်မှ လက်အောက်ငယ်သားများက စိတ်ခံစားချက် အနည်းငယ်ပြောင်းလဲသွားဟန်ရှိပြီး သူတို့ရရှိမည့် ဝေစုကိုပင် တွေးနေကြ၏။
သူ ကြင်နာတတ်သော အပြုံးများဖြင့် ချန်းရွှမ်၏အနားသို့ ချဉ်းကပ်သွားလေ၏။
ချန်းရွှမ်တစ်ယောက် တည်ငြိမ်အောင် ကြိုးစားနေခဲ့သော်လည်း အားကိုးရာမဲ့နေသော မိန်းကလေးတစ်ဦးဖြစ်သည့်အတွက် အနောက်သို့ ခြေလှမ်းနှစ်လှမ်းခန့် ဆုတ်လိုက်ရသည်။
ထိုအချိန်တွင် လင်းချိုးချိုးက အိမ်ရာအဆောက်အအုံပေါ်မှ ပြေးဆင်းလာခဲ့လေ၏။ ထိုအခြေအနေကို မကြည့်ရက်သော အမျိုးသမီးတစ်ဦးကလည်း သူမကို ဖမ်းဆွဲကာ အိမ်ထဲသို့ ဆွဲသွင်းသွားခဲ့လေ၏။
“ဘာအသံမှ မထွက်နဲ့၊ နင့်ရဲ့ ချန်းကျဲကို သွားရှာဖို့လည်း မစဉ်းစားနဲ့ဦး”
ထိုအချိန်မှာပင် တံခါးကို ပိတ်ဆိုးထားသော အမျိုးသားထံမှ ရုတ်တရက် အော်ဟစ်သံများ ထွက်ပေါ်လာပြီးနောက် နောက်ကျောမှ ပြင်းထန်စွာ အကန်ခံလိုက်ရသောကြောင့် ချန်းကျဲ၏ ကိုယ်ပေါ်သို့ တည့်တည့်မတ်မတ် လွင့်စင်သွားတော့၏။
ချန်းကျဲမှာလည်း ရိုက်ခတ်မှုကြောင့် အရှေ့သို့ လွင့်ထွက်သွား၍ မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေ၏။ ဝဖြီးနေသော အမျိုးသားတစ်ဦးကလည်း သူမ၏ ကျောပေါ်သို့ ဖိမိသွားသည်။
ထိုဖိအားကြောင့် သူမ၏ အမြင်အာရုံများက ဝေဝါးသွားကာ ပါးစပ်မှ သွေးတစ်လုပ်ပင် အန်ထွက်လုနီးပါး ဖြစ်သွားလေ၏။
“ဘယ်သူလဲ! ဘယ်လို ဖာသည်မမျိုးလဲ!”
ကမ္ဘာပျက်ပြီးနောက်ပိုင်း ချန်းကျဲက ပွဲစားတစ်ဦးဖြစ်လာကာ စခန်းထဲရှိ လူကြီးပိုင်းများအတွက်ကို အထူးဝန်ဆောင်မှုများကို ပေးနေခဲ့သောကြောင့် မည်သူကမျှ သူမကို ဤသို့ မဆက်ဆံရဲခဲ့ပေ။
ယခုအချိန်တွင် သူမက ခွေးတစ်ကောင်ကဲ့သို့ပင် မြေပြင်ပေါ်တွင် ဝပ်နေရပြီး ကြမ်းတမ်းသော ကြမ်းပြင်ကြောင့် သူမ၏ မျက်နှာက ပွန်းပဲ့နေရကာ နာကျင်မှုကြောင့် မျက်ရည်များပင် စီးကျလာရ၏။
အိမ်ရာအဆောက်အအုံထဲရှိ လူများက အံ့အားသင့်သွားကြရ၏။
ချန်းကျဲကို ဤသို့ ဆက်ဆံရဲလောက်အောင် ရဲတင်းသူက ရှိလိမ့်မည်ဟု မည်သူကမျှ မထင်မှတ်ထားကြပေ။
ချန်းကျဲ၏ အပေါ်မှ ဝဖြီးတဲ့သူက ထရန် ကြိုးစားနေချိန်မှာပင် တစ်စုံတစ်ယောက်က သူ၏ နောက်ကျောကို ထပ်မံ၍ အားဖြင့် ကန်လိုက်သောကြောင့် အားအင်ကုန်ခမ်းသွားကာ ချန်းကျဲအပေါ်သို့ ပြန်လည်၍ ပြုတ်ကျသွားပြန်၏။
ချန်းကျဲမှာ အသက်ရှူချောင်ရုံရှိသေးသော်လည်း ကိုယ်အလေးချိန်ဖြင့် ဖိချခံလိုက်ရသောကြောင့် ကျယ်လောင်သောအော်ဟစ်သံများက ထွက်ပေါ်လာတော့သည်။
သူမက ညစ်ညမ်းသော ဆဲရေးတိုင်းထွာမှုများကို အဆက်မပြတ် အော်ဟစ်နေလေ၏။
သူမ၏လက်ထဲသို့ မိသွားလျှင် နောက်ကွယ်မှ လူကို သေချင်စိတ်ပေါက်အောင် လုပ်ပစ်မည်ဟုပင် ကျိန်းဝါး ပြောဆိုနေလေသည်။
ထိုအချိန်မှာပင် ချွန်ထက်၍ လှပသော ဓားတစ်စင်းက မြေပြင်ပေါ်တွင် ထောက်ထားသော သူမ၏ လက်ဖဝါးထဲသို့ စိုက်ဝင်သွားခဲ့ပြီး လက်ရိုးများကို မြေပြင်နှင့် ကပ်လျက် စူးဝင်သွားစေသည်။
ထို့နောက် ကြည်လင်၍ချိုသာသော အမျိုးသမီးအသံတစ်ခုက အေးစက်စွာ ထွက်ပေါ်လာခဲ့၏။
“ရှင် ကျွန်မကို ဘယ်လိုမျိုး ဒုက္ခပေးမလဲဆိုတာကို ကြည့်ချင်သေးတယ်”
အိမ်ရာဝင်းငယ်လေးထဲမှ အမျိုးသမီး၏ ဝက်သတ်သံကဲ့သို့သော အော်ဟစ်သံမှလွဲ၍ အိမ်ရာအဆောက်အအုံတစ်ခုလုံးက တစပြင်ကဲ့သို့ တိတ်ဆိတ်နေ၏။
တခြားနေရာမှ လူများက မည်သည့်အရာများဖြစ်နေသည်ကို လာကြည့်ချင်ခဲ့ကြသော်လည်း လမ်းထောင့်သို့ ရောက်သည်နှင့် တံခါးဝတွင် ရပ်နေသော လူမိုက်ပုံစံ လူအုပ်ကို မြင်လိုက်ရသောကြောင့် ချက်ချင်းပင် လန့်ဖျပ်သွားကာ သူတို့၏ ခြံဝင်းများထဲသို့ ပြန်လည်၍ ပြေးဝင်သွားကြ၏။
ယခုအချိန်တွင် ချန်းကျဲမှာတော့ သူမ၏ လက်ဖဝါးတွင် စိုက်ဝင်နေသော ဓားကို ကြည့်၍ အမှန်တကယ်ပင် ကြောက်လန့်သွားရသည်။
နီရဲနေသော သွေးများကြောင့် သူမ၏ တစ်ကိုယ်လုံးက အားအင်ကုန်ခမ်းနေသော်လည်း နာကျင်မှုက သူမ၏ အာရုံကြောများကို အဆက်မပြတ် နှိုးဆွနေ၏။
သူမ၏ လက်ကို အနည်းငယ်မျှ လှုပ်လိုက်သည်နှင့် အလွန်ချွန်ထက်သော ဓားသွားကြောင့် ပိုမို၍ ပြတ်ရှသွားပေလိမ့်မည်။
ချန်းရွှမ်နှင့် အဘွားမာတို့ကို ကာကွယ်ပေးမည့် သန်မာသူတစ်ဦးက ရုတ်တရက် ပေါ်လာလိမ့်မည်ဟု သူမက လုံးဝကို မထင်မှတ်ထားခဲ့ပေ။
အလွန်အေးမြသော ရာသီဥတု ဖြစ်သော်လည်း သူမက ချွေးများဖြင့် ရွဲနစ်နေ၍ နာကျင်မှုကို အောင့်အည်းသည်းခံလျက် တုန်ရီသောအသံဖြင့် ပြောလိုက်လေ၏။
“အရှင်.. ကျေးဇူးပြုပြီး.. ကျေးဇူးပြုပြီးတော့ ကျွန်မကို လွှတ်ပေးပါ၊ သူတို့ရဲ့နောက်မှာ ကာကွယ်ပေးမဲသူ ရှိတယ်ဆိုတာကို ကျွန်မ မသိခဲ့လို့ပါ”
“ပေထင်မှာ လူမသေမချင်း လက်တစ်ဖက် ဒါမှမဟုတ် ခြေထောက်တစ်ဖက်ကို ဆုံးရှုံးတာက ကိစ္စမရှိဘူးလို့ ငါ ကြားလိုက်သလားလို့”
ဖက်တီးကို နင်းထားသော အမျိုးသမီး၏ အသံကို ချန်းကျဲ ကြားလိုက်ရလေသည်။
သူမက အမျိုးသမီး အများအပြားကို ကိုင်တွယ်ခဲ့ဖူးသောကြောင့် သူမ၏ နောက်ဘက်မှ ဆင့်ကဲပြောင်းလဲသူမှာ အလွန်ပင်ငယ်ရွယ်သော အမျိုးသမီးတစ်ဦး ဖြစ်ကြောင်းကို အသံကို နားထောင်ရုံဖြင့် သိနိုင်၏။
သူမက ဖက်တီးကြီး၏ ဖိထားခြင်းကို ခံနေရသည့်အပြင် နောက်ဘက်မှ အမျိုးသမီး၏ နင်းချေထားခြင်းကိုလည်း ခံနေရသောကြောင့် သွေးအန်လုနီးပါးပင် ဖြစ်နေရ၏။
ထိုအမျိုးသမီး၏ အေးစက်လွန်းသော ခြိမ်းခြောက်မှုကို ကြားရသောအချိန်တွင် သူမက အလွန်ပင် ကြောက်ရွံ့သွားရသည်။
“ကျွန်မက မျက်စိကန်းပြီးတော့ အရှင်တို့ရဲ့ ဘုန်းတန်ခိုးကို မသိခဲ့မိတာပါ၊ ကျေးဇူးပြုပြီးတော့ ကျွန်မကို ခွင့်လွှတ်ပေးပါ”
အနောက်မှ လူက ရှည်လျားသော ဓားကို ဆွဲနှုတ်လိုက်သောကြောင့် ချန်းကျဲတစ်ယောက် နာကျင်လွန်းသောကြောင့် အမြင်အာရုံများက ထပ်မံဝေဝါးသွားပြန်၏။
သူမက တခြားလက်တစ်ဖက်ဖြင့် အားယူ၍ ထရပ်လိုက်သောအချိန်တွင် သူမ၏ အနီရောင် သားရေအင်္ကျီက တွန့်ကြေနေပြီး မျက်နှာကလည်း ပွန်းပဲ့နေလေ၏။
သူမ လှည့်ကြည့်လိုက်ချိန်တွင် မျက်လုံးများကိုသာ မြင်ရသည်အထိ တစ်ကိုယ်လုံးကို လုံခြုံစွာ ထုပ်ပိုးထားသော မိန်းကလေးတစ်ဦးက သူမ၏ နောက်တွင် ရပ်နေခဲ့ကြောင်းကိုတွေ့လိုက်ရသည်။
အပြင်သို့ ပေါ်ထွက်နေသော ဝင်းဝါဖြူစင်သည့် အသားအရေလေးကို ကြည့်ရုံဖြင့် သူမက ဆင်းရဲဒုက္ခများစွာကို မခံစားခဲ့ရသော မိန်းကလေးငယ်တစ်ဦး ဖြစ်ကြောင်းကို သိနိုင်သည်။
သူမက အရပ်ပုပြီး ပိန်ပါးသော်လည်း လက်ထဲတွင်တော့ သွေးစွန်းနေသော ဓားရှည်ကို ကိုင်ဆောင်ထားကာ သူမကို အေးစက်စွာ စိုက်ကြည့်နေ၏။
ထိုမျက်လုံးများထဲမှ သူမကို သတ်ဖြတ်လိုသော ဆန္ဒကို ချန်းကျဲ အမှန်တကယ်ပင် ခံစားလိုက်ရသည်။
ထိုမိန်းကလေးက လက်ကို ဝေ့ယမ်းကာသူမ၏ သွေးများက စွန်းထင်းနေသော ဓားရှည်ကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သောအချိန်တွင် သူမက ချမ်းစိမ့်၍ တုန်လှုပ်သွားရပြန်၏။
“ဒီလိုမျိုး နောက်တစ်ကြိမ် ထပ်ဖြစ်ရင် ပြတ်သွားမှာက ရှင့်ရဲ့လက် မဟုတ်တော့ဘူး၊ ရှင့်ရဲ့ လည်ပင်းပဲ ဖြစ်လိမ့်မယ်”
ချန်းကျဲ၏ စကားလုံးအားလုံးက လည်ချောင်းဝတွင် တစ်ဆို့သွား၏။
ထိုမိန်းကလေး၏ အေးစက်သော အကြည့်ကြောင့် ကျောရိုးထဲအထိ စိမ့်တက်သွားကာ သူမ၏ နံဘေးရှိ သားရေအင်္ကျီကိုသာ တင်းတင်းဆုပ်ကိုင်ထားမိသည်။
သူမ၏ လက်များက ထုံကျင်လုနီးပါး နာကျင်နေ၏။ သူမက ခေါင်းကိုငုံ့၍ ကြောက်လန့်စွာဖြင့် ပြန်ဖြေလိုက်လေ၏။
“စိတ်ချပါ၊ သူတို့ကို နောက်တစ်ခေါက် ဘယ်တော့မှ မထိတော့ပါဘူး”
“သူတို့ကိုတင် မဟုတ်ဘူး၊ ပေထင်ရွာမှာရှိတဲ့ လူတိုင်းကိုလည်း မထိရဘူး”
ထိုအလုပ်မျိုးကို မလုပ်ချင်သော မိန်းကလေးတစ်ဦးကို အတင်းအကျပ် မပြုလုပ်သင့်ပေ။
ဘေးပတ်ဝန်းကျင်ရှိ လူမိုက်များမှာ ချန်းကျဲ၏ အနောက်သို့ လိုက်ပါလာသော သာမန်လူများသာ ဖြစ်ကြသည်။
ထူးဆန်းစွာ ဝတ်ဆင်ထားသော ထိုမိန်းကလေးကို မြင်သည့်အချိန်တွင် သူတို့က အရှေ့သို့ မတိုးရဲကြတော့ဘဲ ချန်းကျဲ၏ အနောက်မှလိုက်ကာ အိမ်ရာအဆောက်အအုံအပြင်ဘက်သို့ အရှက်တကွဲဖြင့် ပြနာထွက်သွားကြတော့၏။
ချန်းကျဲကတော့ ထွက်ခွာသွားသည့်အချိန်တွင် သူမ၏ မျက်လုံးထဲ၌ ရက်စက်မှုနှင့် နာကျည်းရိပ်များက ပေါ်လာ၏။
သူမ လွတ်မြောက်သွားလျှင် သူမကို ကျောထောက်နောက်ခံပေးထားသူများနှင့်အတူ ဤစာရင်းကို ပြန်ရှင်းရန်အတွက် တိတ်တဆိတ် ကြံစည်နေသည်။
သို့သော် မလှမ်းမကမ်းတွင် စောင့်ဆိုင်းနေသော လူများကို မြင်လိုက်ရသောအချိန်တွင် သူမ၏ ကျောရိုးထဲအထိ စိမ့်တက်သွားပြန်၏။
ထိုမျက်လုံးများက မည်သို့သော မျက်လုံးများနည်း။
သူတို့၏ အကြည့်က သွေးဆာနေသော သားရဲတစ်ကောင်ကဲ့သို့ အေးစက်နေပြီး အချိန်မရွေး သူမ၏ လည်ပင်းကို ကိုက်ဖြတ်တော့မည့်အတိုင်းပင်။
သူမက ချက်ချင်းပင် ထပ်မကြည့်ရဲတော့ဘဲ အံ့ကြိတ်ကာ လက်ဖဝါးကို အုပ်လျက် အိမ်ရာအဆောက်အအုံဝင်းထဲမှ အမြန်ဆုံး ထွက်ခွာသွားတော့၏။
အဆောက်အအုံထဲ၌ မြင်မကောင်းလောက်သော သွေးကွက်တစ်ခုသာ ကျန်ရစ်ခဲ့သည်။
ချန်းရွှမ်မှာတော့ သူမက ကယ်တင်ခံလိုက်ရသည်ကို မယုံနိုင်ဘဲ အံ့အားသင့်နေဆဲပင်။
ထိုအခိုက်တွင် ထိတ်လန့်ကြောက်ရွံ့မှုနှင့် စိတ်သက်သာရာရမှုကြောင့် မျက်ရည်များက ချက်ချင်းပင် စီးကျလာခဲ့သည်။
လူများကလည်း ပြတင်းပေါက်များမှတစ်ဆင့် ချောင်းကြည့်လာကြလေ၏။ သူတို့က ရုတ်တရက် ပေါ်လာသော ထိုမိန်းကလေးကို သိချင်စိတ်ဖြင့် ကြည့်နေကြ၏။
ချန်းကျဲကို အာခံရဲလောက်အောင် မည်သူက ရဲတင်းနေသနည်း။
သူတို့ ဆက်လက်တွေးတောနေကြသည်။
ထိုမိန်းကလေးက မျက်လုံးမှလွဲ၍ တစ်ကိုယ်လုံးကို ဖုံးအုပ်ထားပြီး ဝတ်ရုံအောက်တွင်တော့ ရှေးဟောင်းဓားရိုးတစ်ခုက တစ်ဝက်ခန့် ပေါ်ထွက်နေ၏။
ထို့ကြောင့် လှည့်လည်သွားလာနေသော ဓားသမားတစ်ဦးနှင့် တူနေခဲ့သည်။
သူမက ချန်းရွှမ်၏အနားသို့ လျှောက်သွားကာ တုန်လှုပ်နေသော သူမ၏ ပုခုံးကို ပုတ်၍ နှစ်သိမ့်ပေးလိုက်လေ၏။
“မကြောက်ပါနဲ့၊ သူမ နောက်တစ်ခေါက် ထပ်လာတော့မှာ မဟုတ်တော့ဘူး”
ထိုမိန်းကလေးက တိုးညှင်းစွာ ပြောဆိုသော်လည်း သူမ၏ မျက်လုံးများထဲတွင် ထက်ရှသော အရိပ်အယောင်တစ်ခုရှိနေလေ၏။
ထိုအအေးဓာတ်ကြောင့် ချန်းရွှမ် အနည်းငယ်မျှ တွန့်သွားသည်။
ထိုအကြည့်က ခဏတာမျှသာ ဖြစ်ပြီး သေချာစွာ ထပ်မံ၍ ကြည့်လိုက်သောအချိန်တွင် သူမထက်ပင် အရပ်ပုသော ထိုမိန်းကလေးက လှပသော ရုပ်ရည်ရှိပြီး နူးညံ့စွာ ပြုံးနေသည်ကို မြင်လိုက်ရ၏။
ထိုမိန်းကလေးက သာမန်လူတစ်ဦး မဟုတ်ကြောင်းကို ချန်းရွှမ်၏ စိတ်ထဲတွင် သိရှိနေခဲ့လေသည်။
*