အခန်း ၂၂၆
Vol. 23 Ch. 226
အခန်း(226)
မျက်နှာဖုံးကို တပ်ထားသော မိန်းကလေးက တံခါးအပြင်ဘက်ရှိ လူများကို အချက်ပြလိုက်ပြီး အိမ်ထဲသို့ လိုက်ဝင်သွားလေသည်။
ကွေ့ကောက်နေသော လမ်းကြားများ။
ချန်းကျဲ၏ ကြောက်ရွံ့မှုများက တဖြည်းဖြည်း ပျောက်ကွယ်သွားရသည်။
သို့သော် ယခုအချိန်တွင် သူမ၏ လက်မှ ပြင်းထန်သော နာကျင်မှုကြောင့် နာကျည်းမှုများက ပြည့်နှက်လာခဲ့ကာ သူမ၏ အပေါ်တွင် ဖိမိခဲ့သော ဖက်တီးကို အကြိမ်ကြိမ် ကန်ကျောက်လိုက်လေ၏။
“အသုံးမကျတဲ့ အမှိုက်တွေ! အမြန်သွားပြီးတော့ ငါ့အတွက် ဆေးသွားယူကြစမ်း!”
လူမိုက်များက ယိုင်တိုင်တိုင်ဖြင့် ဆေးသွားယူရန်အတွက် ပြေးထွက်သွားကြပြီး သူမကတော့ သွေးထွက်နေသော လက်ကို အုပ်ထားလျက် အသံတိုးတိုးဖြင့် ဆဲရေးနေခဲ့သည်။
ယခုအချိန်တွင် မျက်နှာဖုံးစွပ် အမျိုးသမီးနှင့် ချန်းရွှမ်တို့က အဝေးသို့ရောက်သွားပြီဖြစ်၍ သူမက အလွန် ညစ်ညမ်းသော စကားလုံးများဖြင့် အမျိုးမျိုးဆဲဆိုနေခဲ့လဆ၏။
ထို့နောက် သူမနောက်မှ လိုက်ပါလာသည့် ပိန်လှီသော လက်အောက်ငယ်သားနှစ်ဦးကို ရက်စက်စွာဖြင့်ပြောလိုက်လေသည်။
“ပေထင်မှာ ဒီအဖွဲ့အကြောင်းကို ငါ တစ်ခေါက်မှ မကြားဖူးပါဘူး၊ သူတို့က သံသယဖြစ်စရာ ကောင်းတယ်၊
နောက်ပြီး မျက်နှာကိုတောင် မပြရဲကြဘူးဆိုတော့ သူတို့တွေက မကောင်းတာတစ်ခုခု ကြံစည်နေတာပဲ ဖြစ်ရမယ်၊
စခန်းကိုတောင် အန္တရာယ် ပေးနိုင်တယ်! ဟုတ်တယ်၊ ငါ အခုပဲ လူကြီးပိုင်းတွေဆီကို သွားတိုင်မယ်”
သူမ ထိုစကားကို ပြောနေရင်းဖြင့် သူမကို ထောက်ခံနေကျ လက်အောက်ငယ်သားများက တိတ်ဆိတ်သွားသည်ကို သတိပြုမိသွား၏။
သူမ ခေါင်းလှည့်ကြည့်လိုက်သောအချိန်တွင် ကြောက်လန့်တကြားဖြင့်အော်ဟစ်လိုက်မိသည်။
နက်ဆွေးနေသော သားရဲလက်တစ်ဖက်က သူမ၏ မျက်နှာကို အားပြင်းပြင်းဖြင့် ရိုက်ချလိုက်သောကြောင့် သွေးများက နေရာအနှံ့သို့ စင်ထွက်သွားခဲ့လေ၏။
သူမက အသံတိတ်သွားကာ မြေပြင်ပေါ်သို့ ပျော့ခွေကျသွားရသည်။
ကျောင်းချီယန်က သူ၏ လည်ပင်းကို လှည့်လိုက်ပြီးနောာ် သူ၏ လက်က ပုံမှန်အရွယ်အစားသို့ ပြန်လည်၍ ရောက်ရှိသွား၏။
သူက သူ၏ အမဲရောင် ဝတ်ရုံပေါ်ရှိ သွေးစွန်းကွက်များကို သာမန်ကာလျှံကာ သုတ်လိုက်ပြီး သေဆုံးနေသော အမျိုးသမီးကို ကြည့်ကာ လျှာသပ်လိုက်လေ၏။
“မယုံနိုင်စရာပဲ၊ ကျွန်တော်တို့ရဲ့ ယုန်ငယ်လေးက အခုဆိုရင် သူမကို အမြစ်ပြတ် သုတ်သင်ဖို့အတွက်တောင် ကျွန်တော်တို့ကို ခိုင်းစေတတ်နေပြီပဲ၊
သူမက တကယ့်ကို ပြောင်းလဲသွားတာ၊ ဒါတွေအားလုံးက သူမကို ဖျက်ဆီးလိုက်တဲ့ ပင်းကောနဲ့ ချင်ဖူဟိုင်တို့ရဲ့ ကျေးဇူးတွေပဲ”
သူ ခေါင်းကို ခါယမ်းလိုက်လေ၏။
နူးညံ့ပြီး အမွေးပွ ယုန်လေးက အလွန်ပင် ချစ်စရာကောင်းခဲ့သည် မဟုတ်ပါလား။
သူ၏ဘေးရှိ အနည်းငယ် အရပ်ပုသည့်တစ်ယောက်က ဝတ်ရုံခေါင်းဆောင်းကို ခေါင်းပေါ်သို့ ဆွဲတင်လိုက်၍ကာအေးစက်စွာ ပြောလိုက်လေ၏။
“လုံခြုံအောင် ဖုံးထားစမ်းပါ၊ ယုန်လေးရဲ့ အခုစရိုက်က အတော်လေး ကောင်းတယ်လို့ ငါထင်တယ်၊ ပိုပြီးတော့ တည်ငြိမ်လာတာပေါ့”
ပြောလာသူက အမျိုးသမီးတစ်ဦး ဖြစ်သည်။
သူမက မြေပြင်ပေါ်တွင် လဲလျောင်းနေသော လူကို စက်ဆုပ်ရွံရှာဖွယ်ရာကောင်းသော အကြည့်ဖြင့် ကြည့်ပြီးပြောလိုက်လေသည်။
“ဒါ့အပြင် ဒီမိန်းမက သေသင့်တယ်၊ သူမက အမျိုးသမီးတွေအများအပြားကို အဲဒီလို ကိစ္စမျိုးတွေ လုပ်ဖို့ အတင်းအကျပ် ခိုင်းစေခဲ့တာ၊ သူမက အမျိုးသမီးတစ်ဦး ဖြစ်ဖို့တောင် မထိုက်တန်ဘူး”
“ကောင်းပါပြီ ကျဲ၊ အော်မနေပါနဲ့တော့”
ထိုသူနှစ်ဦးက ထိုနေရာသို့ တစ်ခေါက်မျှ ခြေမချခဲ့ဖူးသကဲ့သို့ လမ်းကြားထဲသို့ တိတ်တဆိတ် ပျောက်ကွယ်သွားကြတော့၏။
နောက်တစ်နေ့ မနက်တွင်တော့ အရပ်ရှည်သူနှင့် အရပ်ပုသူ မိန်းကလေးနှစ်ဦးက အိမ်ရာအဆောက်အအုံထဲမှ ထွက်လာကြသည်။
သူတို့နှစ်ဦးလုံးက စုတ်ပြဲနေသော မီးခိုးရောင် ဝတ်ရုံများကို ဝတ်ဆင်ထားပြီး တစ်ဦးက ညစ်ပတ်နေသော သိုးမွှေးဦးထုပ်ကို ဆောင်းထား၏။
သူတို့က လက်ချင်းချိတ်၍ ထွက်လာကြသည်။
စောစောထ၍ ရေတွင်းမှ ရေခပ်နေသော အမျိုးသမီးတစ်ဦးမှာ စုတ်ပြဲနေသော အင်္ကျီကို ဝတ်ဆင်ထားပြီး အေးစက်သော လေပြင်းထဲတွင် သမ်းဝေနေ၏။
စုတ်ပြဲသော ဝတ်စုံကိုသပ်ရပ်စွာ ဝတ်ဆင်ထားသော မိန်းကလေးနှစ်ဦး အပြင်သို့ လျှောက်လာသည်ကို မြင်ချိန်တွင် သူမက အခြေအနေကို ချက်ချင်းပင် နားလည်သွားသည်။
“ရှောင်ချန်း၊ နျို့နျို့ ..အဘွားမာက ဆုံးသွားပြီလား၊
နင်တို့က တကယ်ပဲ သုခဘုံဂိုဏ်းကို သွားတော့မလို့လား၊ ဟူး..ကမ္ဘာကြီးကဒီလိုဖြစ်နေတာဆိုတော့ အဲဒီလမ်းက အကောင်းဆုံးပါပဲ၊ ဒီလိုဖြစ်သွားတာပဲ ကောင်းပါတယ်”
ချန်းရွှမ်က ခဏမျှ တုံ့ဆိုင်းသွားရသော်လည်း လုံးဝကို လှည့်မကြည့်ဘဲ တစ်ဖက်မိန်းကလေး၏ လက်ကို ဆက်လက်ဆုပ်ကိုင်ထားပေသည်။
လင်းချိုးချိုးကတော့ ခဏမျှ ရပ်တန့်သွား၍ သူမ၏ မျက်နှာလေးကို လှည့်ပြီး ထိုအမျိုးသမီးကို ပြုံးပြလိုက်သည်။ ထို့နောက် စုတ်ပြဲနေသော ဝါဂွမ်းလက်အိတ်များ စွပ်ထားသည့် လက်ကလေးကို ဝေ့ယမ်းပြလိုက်လေ၏။
“နှုတ်ဆက်ပါတယ် အန်တီလျူ”
အန်တီလျူက ထိုမိန်းကလေးနှစ်ဦးက ထွက်ခွာသွားသည်ကို ကြည့်ကာ ယနေ့ ချန်းရွှမ်၏ အပြုအမူက အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။
ခဏမျှ စဉ်းစားပြီးနောက်တွင် ပုံးထဲသို့ စီးကျနေသော ရေများကို ကြည့်ပြီး သူမ၏ လက်များကို အိတ်ကပ်ထဲသို့ ပြမ်ထည့်လိုက်လေသည်။
ထို့နောက် အပေါ်ထပ်သို့ လျှောက်သွားကာ ဟောင်းနွမ်းနေသော သစ်သားတံခါးကို တွန်းဖွင့်၍ အထဲသို့ ချောင်းကြည့်လိုက်လေ၏။
ထိုအမျိုးသမီးက ရေပုံးကို အိမ်သို့ ပြန်လည်သယ်ဆောင်သွားရင်း သူမဘာသာ ရေရွတ်နေခဲ့သည်။
“ထူးဆန်းလိုက်တာ”
“ဘာတွေ ထူးဆန်းနေတာလဲ၊ တံခါးကို အမြန်ပိတ်စမ်းပါ၊ ငါက ချမ်းလို့ သေတော့မယ်”
ခုတင်ပေါ်ရှိ အမျိုးသားက တစ်ဖက်သို့ လှည့်ကာ ရေရွတ်လိုက်ပြီး အပြင်ဘက်မှ တိုက်ခတ်လာသော အေးစက်သော လေကြောင့် တုန်ရီနေခဲ့သည်။
ထိုအမျိုးသမီးက ရေပုံးကို မြေပြင်ပေါ်သို့ ချထားလိုက်ပြီး သူမ၏ ခင်ပွန်းကို စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေ၏။
“ငါ ပြောမယ်၊ ရှောင်ချန်းက အခုပဲ အဘွားမာရဲ့ မြေးမလေးနဲ့အတူ ထွက်သွားပြီ”
ထိုအမျိုးသားက မျက်လုံးများကို ဖွင့်လိုက်လေ၏။
“ထွက်သွားပြီလား၊ အဲဒီဘုရားကျောင်းကို သွားတာမလား၊ အဲဒီမှာဆိုရင်တော့ ပိုလွယ်သွားမှာပါ၊
နောက်ရက်နည်းနည်းနေရင် ချင်ကျဲ ရောက်လာဦးမလားဆိုတာကို ဘယ်သူက သိမှာလဲ”
“ဘာကို ချင်ကျဲလဲ၊ သူက အဲဒီလို အခေါ်ခံရဖို့အတွက် မထိုက်တန်ပါဘူး!”
အမျိုးသမီးက တံတွေးကို ထွေးလိုက်ပြီး ထိုအမျိုးသားကို တွန်းလိုက်မိ၏။
“အခုကိစ္စက အဲဒီလိုမဟုတ်ဘူး၊ ငါ ခုနက အပေါ်ထပ်ကိုသွားပြီးတော့ တစ်ချက်ကြည့်ခဲ့တာ”
သူမက အသံကိုနှိမ့်၍ ပြောလေ၏။
“အဲဒါလေ.. အပေါ်ထပ်မှာ အဘွားကြီးလည်း မရှိတော့ဘူး၊ အလောင်းကလည်း မရှိတော့ဘူး၊
နင်ပြောတဲ့အတိုင်းဆိုရင် အဲဒီမိန်းကလေးနှစ်ယောက်က အပြင်ကိုထုတ်ဖို့ အချိန်မရလောက်ဘူးမလား”
“နင် မှားသွားတာပဲ နေမှာပေါ့၊ ဟုတ်တယ်မလား”
“…”
ဘုရားကျောင်းသို့ သွားရာလမ်းတွင် မိန်းကလေးနှစ်ဦးက လက်ချင်းချိတ်ထားကြ၏။
သူတို့၏အနက် တစ်ဦးက သူမ၏လက်ကို ဆုပ်ကိုင်ထားသော မိန်းကလေးကို ခေါင်းကိုငုံ့၍ကြည့်လိုက်ပြီး ခဏမျှ စဉ်းစားလိုက်လေသည်။
ထို့နောက် သူမ၏ အိတ်ကပ်ထဲမှ ခရင်မ်ပေါင်မုန့်တစ်ခုနှင့် နို့တစ်ပုလင်းကို ထုတ်ယူလိုက်လေ၏။
သူမက ထိုအစားအစာတို့ကို ထိုမိန်းကလေး၏ လက်ထဲသို့ ထည့်ပေးရင်း ပြောလိုက်လေသည်။
“တစ်ခုခု စားလိုက်ဦး၊ ဒီမနက်တုန်းက ဝအောင်မစားခဲ့ဘူးမလား”
မတိုင်မီင သူမတို့ကစားသောက်နေကြချိန်တွင် ထိုမိန်းကလေးက များများစားရန်အတွက် ကြောက်ရွံ့နေပုံရ၏။
သူမ ဗိုက်ဝပြီဟု မပြောမီအထိ သူမ၏ တူကိုပင် ခဏမျှသာ ကိုင်ခဲ့သည်။
သို့သော် သူမ၏ ပန်းကန်ထဲရှိ အစားအစာများကို တိတ်တဆိတ် ကြည့်ပြီး သွားရည်ကျနေသည်ကို သူမက မြင်တွေ့ခဲ့ရလေ၏။
လင်းချိုးချိုးက ထိုကမ်းလှမ်းမှုကို လက်ခံရန်အတွက် တွန့်ဆုတ်နေခဲ့သည်။
ပေါင်မုန့်စားပြီး နို့သောက်ခဲ့ရသည်မှာ တစ်နှစ်ပင် ရှိခဲ့ပြီဖြစ်၍ သူမအနေဖြင့် ၎င်းတို့၏ အရသာကိုပင် မေ့လျော့နေလေပြီ။
ဤအစားအစာများက သူမအတွက် အလွန်ပင် အဖိုးတန်လွန်းသောကြောင့် သူမက မထိရဲမကိုင်ရဲ ဖြစ်နေရသည်။
သို့သော် တစ်ဖက်မှ အစ်မ၏ လှပပြီး နူးညံ့သော မျက်လုံးများကို ကြည့်ပြီး သတ္တိမွေး၍ ပေါင်မုန့်ကို ယူလိုက်လေ၏။
သူမက ထိုပေါင်မုန့်ကို ဆွဲဖွင့်ပြီးနောက် အငမ်းမရ စားလိုက်မိသည်။
နို့နှင့် ပေါင်မုန့်၏ ချိုမြိန်သောရနံ့ကြောင့် သူမ၏ လက်ချောင်းများကိုပင် မျိုချချင်စိတ်ဖြစ်သွားစေသည်။
“ဖြည်းဖြည်းစား၊ ဗိုက်မဝသေးရင် နောက်ထပ် ရှိသေးတယ်”
ထိုမိန်းကလေးက လင်းချိုးချိုး၏ လက်ကို ထိလိုက်ပြီး သူမ၏ မျက်နှာအမူအရာလည်း တစ်နည်းနည်းအားဖြင့် ရှုပ်ထွေးနေ၏။
အကယ်၍ မတိုင်ခင်က အမျိုးသမီးကသာ သူမ၏ အနားသို့လာကာ သူမ၏ မျက်နှာကို ကြည့်ခဲ့မည်ဆိုလျှင် ဤမိန်းကလေးက ချင်ကျဲ လုံးဝ မဟုတ်ကြောင်းကို သိရှိသွားပေလိမ့်မည်။
သူမ၏ ရုပ်ရည်က အနည်းငယ် ဖြူဖျော့ညှိုးနွမ်းနေပြီး ပထမတစ်ချက်ကြည့်လိုက်လျှင် ကျဉ်းမြောင်းသော အိမ်ရာအဆောက်အအုံတွင် နေထိုင်ပြီး ငတ်မွတ်ခေါင်းပါးမှုကို ခံစားနေရသူတစ်ဦးနှင့် မခြားနားပေ။
သို့သော် သူမ၏ မျက်လုံးနှင့် မျက်ခုံးများက အလွန်ပင် လှပလွန်းပြီး သူမက ခေါင်းကိုမော့လိုက်သည့်အချိန်တွင် သူမ၏ ငိုက်ကျနေသော မျက်လုံးများမှ သာမန်လူတို့တွင် မရှိသော ဆွဲဆောင်မှုနှင့် ယုံကြည်မှုတို့က လျှံထွက်နေ၏။
ယင်ရိလျိုက ချင်ကျဲ၏ ဦးထုပ်ကို ဆောင်းထားကာ သူမ၏ နားရွက်များကို အပြည့်အဝ ဖုံးအုပ်ထားသည်။
သို့သော် သူမ၏ မျက်နှာနှင့် ထိတွေ့နေသည့် နူးညံ့သည့် အထိအတွေ့ကြောင့် ယားယံသကဲ့သို့ ခံစားနေရ၏။
လင်းချိုးချိုး စားသောက်ပြီးနောက်တွင် သူမက သူမ၏ နေရာလွတ်ထဲမှ တစ်ရှူးတစ်ခုကို ထုတ်ယူကာ မိန်းကလေး၏ ပါးစပ်ကို သုတ်ပေးလိုက်လေ၏။
လင်းချိုးချိုးက မည်သည့်နေရာမှရောက်လာကြောင်းကို မသိရသော သန့်စင်သည့် တစ်ရှူးများကို ဖန်တီးပေးနိုင်သည့် ရတနာသိုက်ကဲ့သို့သော ဤအစ်မကြီးကို ကြည့်ကာ အလွန်ပင် ထူးခြားအံ့သြဖွယ် ကောင်းလွန်းသည်ဟု ရုတ်တရက် တွေးလိုက်မိသည်။
ယမန်နေ့က ချင်ကျဲကို အခက်အခဲမှ ကူညီ၍ ကယ်တင်ပေးခဲ့သူများက ယင်ရိလျိုနှင့် သူမ၏အဖွဲ့သားများပင်ဖြစ်ကြ၏။
သူတို့က လူသူကင်းရှင်းသော ညနေခင်းအချိန်ကို အသုံးချပြီး အဘွားမာ၊ သူမ၏မြေးမလေး လင်းချိုးချိုးနှင့် ချင်ကျဲတို့ကို နယ်စပ်ရှိ စစ်စခန်းသို့ တိတ်တဆိတ် ခေါ်ဆောင်သွားပြီး ထိုနေရာတွင် ယာယီနေရာချထားပေးခဲ့ကြသည်။
သုခဘုံဂိုဏ်းက နောက်ထပ် ရွေးချယ်မှု လုပ်ငန်းစဉ်ကို ပြုလုပ်တော့မည်ဖြစ်ကြောင်းကို သိရှိပြီးနောက်တွင် သူတို့က ဤအခွင့်အရေးကို အသုံးချပြီး ထိုဂိုဏ်း၏ အခြေစိုက်စခန်းကို ရှာဖွေကာ သူတို့ကို တစ်ပြိုင်နက်တည်း အမြစ်ပြတ် သုတ်သင်ရန်အတွက် ဆုံးဖြတ်လိုက်ကြ၏။
ယခုတစ်ကြိမ်တွင် သုခဘုံဂိုဏ်း၏ အဖွဲ့ဝင်သစ် စုဆောင်းမှုက ထပ်မံ၍ ပြောင်းလဲသွားပြန်သည်။
အဖွဲ့ဝင်သစ် အများအပြားက စိတ်ရင်းမမှန်ကြဘဲ သုခဘုံဗုဒ္ဓကို စိတ်ပါစွာဖြင့် မကိုးကွယ်နိုင်ကြကြောင်းကို သူတို့က ပြောကြ၏။
ထိုသူတို့က သူတို့၏ လောဘဇောများဖြင့် ကောင်းကင်နှင့် မြေကြီးကို ညစ်ညမ်းစေခဲ့သောကြောင့် သုခဘုံဗုဒ္ဓကို အမျက်ထွက်စေခဲ့သည်ဟုလည်း ပြောကြသည်။
ဤအရာအားလုံးမှာ ထိုသူတို့က အရွယ်ရောက်လာသည့်အချိန်တွင် လောကီပစ္စည်းများ၏အပေါ်တွင် အလွန် အာရုံစိုက်လာကြပြီး ကလေးသူငယ်ကဲ့သို့ ဖြူစင်မှုနှင့် ရိုးသားမှုများက ပျောက်ဆုံးသွားခြင်းကြောင့်ဖြစ်သည်ဟူ၏။
*