← Chapters

အခန်း ၂၂၇

Vol. 23 Ch. 227

အခန်း ၂၂၇

Vol. 23 Ch. 227

အခန်း(227)

ယခုတစ်ကြိမ်တွင် သုခဘုံဗုဒ္ဓအား ဝတ်ပြုကိုးကွယ်ရန်အတွက် လူရွေးချယ်ရာတွင် စည်းကမ်းသတ်မှတ်ခားသည်။

ရိုးသားဖြူစင်သော နှလုံးသားရှိကြောင်းကို သေချာစေရန်အတွက် အသက်နှစ်ဆယ်အောက် လူငယ်များကိုသာ ထည့်သွင်းစဉ်းစားမည်ဟူ၏။

အကယ်၍ ဤလူငယ်များက ဗုဒ္ဓကို ကောင်းမွန်စွာ အလုပ်အကျွေးပြုနိုင်မည်ဆိုလျှင် သူတို့၏ မိသားစုဝင်များသည်လည်း ထိုအဖွဲ့အစည်းထဲသို့ ဝင်ရောက်ခွင့်ရရန် အခွင့်အလမ်း ရှိနိုင်၏။

ထိုသတင်းကို ကြားရသည့်အချိန်တွင် လူတိုင်းက ဤရယ်စရာကောင်းလွန်းသော သုခဘုံဂိုဏ်းက တဖြည်းဖြည်း ပို၍ပင်အဓိပ္ပာယ်မဲ့လာနေပြီဟု ခံစားလိုက်ရသည်။

အဖွဲ့၏အနားယူခန်းထဲတွင်တော့ ကျောင်းစီဟွေ့က မျက်မှောင်ကြုတ်လျက် ပြောလိုက်လေ၏။

“သူတို့က ဘာလုပ်ဖို့ ကြံစည်နေတာလဲ၊ အခု အသက်နှစ်ဆယ်အောက် လူငယ်တွေကိုပဲ လိုချင်နေကြတယ်၊

ခဏကြာရင် လမ်းလျှောက်တတ်စ ကလေးတွေကိုပဲ လိုချင်လာတော့မှာလား”

“သူတို့က ဘာကိုပဲလုပ်နေနေ၊ လုံးဝကို ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူး”

ကျောင်းချီယန်ကလည်း ထပ်ပေါင်း၍ ပြောဆိုလိုက်လေသည်။

ဤရုတ်တရက် အပြောင်းအလဲက လူတိုင်း၏ မူလအစီအစဉ်များကို ပျက်ပြားသွားစေ၏။

သူတို့က ဆက်သွယ်ပြောဆိုမှုတွင် ကျွမ်းကျင်လွန်းသော၊ စွမ်းဆောင်ရည်မြင့်မားသည့် ဆင့်ကဲပြောင်းလဲသူတချို့ကို ဂိုဏ်းအဖွဲ့ဝင်များ၏ ကြားတွင် ရောနှော၍ ဝင်ရောက်စေပြီး သုခဘုံဂိုဏ်း၏ အခြေစိုက်စခန်းတွင် သူလျှိုအဖြစ် ဆောင်ရွက်ရန်အတွက် စီစဉ်ထားခဲ့ကြသည်။

သို့သော် ယခုအချိန်တွင် ထိုအစီအစဉ်က လုံးဝကို ပျက်စီးသွားခဲ့လေပြီ။ အဖွဲ့သုံးဖွဲ့လုံးတွင် ယင်ရိလျိုမှလွဲ အသက်နှစ်ဆယ်အောက် လူငယ်ပုံစံရှိသူက တစ်ဦးမျှ မရှိတော့ပေ။

သူတို့က သာမန်လူများကို သတင်းပေးအဖြစ် အသုံးပြုရန်အတွက်ကို စဉ်းစားခဲ့ကြသေးသည်။

သို့သော် သာမန်လူများက ထိုကဲ့သို့သော ထိတ်လန့်မှုကို လုံးဝ ခံနိုင်ရည်ရှိကြမည် မဟုတ်ပါချေ။

ထို့ကြောင့် သူတို့က ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော်မိခြင်း သို့မဟုတ် အလွန် ကြောက်လန့်ပြီး အရာအားလုံးကို ဖွင့်ပြောမိခြင်းမျိုးတို့ ဖြစ်သွားနိုင်သည်။ သို့ဆိုပါက သူတို့၏ ကြိုးပမ်းမှုများက အချည်းနှီးသာ ဖြစ်သွားပေလိမ့်မည်။

ယင်ရိလျိုကတစ်ယောက် သူမ၏ ဘေးနားတွင်ရှိသော မျက်မှောင်ကြုတ်ပြီး စိတ်ဓာတ်ကျနေကြသည့် လူအုပ်ကြီးကို ကြည့်ရင်း ရုတ်တရက် အတွေးတစ်ခုကို ရလာခဲ့၏။

ဤမစ်ရှင်က တစ်မျိုးတစ်ဖုံ ထူးခြားနေပြီး တစ်ဖွဲ့လုံးတွင် သူမထက် ပိုမို၍ သင့်တော်သည့်သူ မရှိနိုင်ကြောင်းကို သူမ သိရှိလေသည်။

ဤအခြေအနေက သူမအတွက်တော့ အလွန်ဆန်းသစ်နေခဲ့သည်။

သူမက အမြဲတစေ အဖွဲ့၏နောက်ကွယ်တွင်သာ ကာကွယ်ပေးခြင်းကိုခံခဲ့ရသူဖြစ်ခဲ့ဖူးသည်။

ယခင်ကဲ့သို့ ဤမျှအထိ အရေးတကြီး လိုအပ်ခြင်းကို သူမ မခံစားခဲ့ရဖူးပေ။

ထို့ကြောင့် သူမအနေဖြင့် ကြိုးစားကြည့်လိုစိတ်တို့ဖြင့် ပြင်းပြနေခဲ့လေ၏။

မည်သူကမျှ သူမ၏ နာမည်ကို ထုတ်မပြောကြသော်လည်း သူတို့၏ မျက်လုံးများနှင့် အမူအရာများကို ကြည့်ခြင်းအားဖြင့် သူတို့အားလုံးက သူမ၏ သဘောထားကို စောင့်ကြည့်နေကြပြီး ကျင်းယန်၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေကြကြောင်းကို သူမ သိရှိနိုင်သည်။

သူမက မျက်နှာပျက်နေသော ကျင်းယန်ကို မော့ကြည့်လိုက်ပြီး သူမ၏ လက်လေးဖြင့် သူ၏ အင်္ကျီလက်ကို ဆွဲလိုက်သော်လည်း ထိုအမျိုးသား၏ အက်ရှရှအသံက ကြားဖြတ်၍ ထွက်ပေါ်လာခဲ့လေ၏။

“အဲဒီအကြောင်းကို လုံးဝမစဉ်းစားနဲ့”

ဤမစ်ရှင်က အလွန်အန္တရာယ်များပြီး ထူးဆန်းမှုများဖြင့် ပြည့်နှက်နေသည်။

ယုန်လေး၏အသက်အန္တရာယ်ကို အဘယ်ကြောင့် အရင်းအနှီး ပြုခိုင်းနိုင်ပါမည်နည်း။

ထို့အပြင် အဘယ်ကြောင့် ဤမျှအထိ တိုက်ဆိုင်နေရသည်လဲ။

ယခင်က ထိုကဲ့သို့သော စည်းကမ်းမျိုးက မရှိခဲ့ဖူးပေ။

သူတို့ ရောက်ရှိလာပြီးနောက်မှသာ သုခဘုံဂိုဏ်းက လူငယ်များကိုသာ စုဆောင်းမည်ဟုပြောလာခြင်း ဖြစ်၏။

ဤအရာအားလုံးက ကျင်းယန်ကို အလွန်ဒေါသထွက်စေပြီး တစ်ချိန်တည်းတွင် အရာအားလုံးက ထင်သလောက် မရိုးရှင်းကြောင်း ခံစားနေရသည်။

*

ညဘက်တွင်..

ရေချိုးပြီးနောက် ယင်ရိလျို၏ ဆံပင်များက စိုစွတ်နေဆဲဖြစ်လေ၏။

သူမက သူမ၏ ဝိုင်းစက်နေသော မျက်လုံးကြီးများကိုပင့်မ,ပြီး ကျင်းယန်၏ ခုတင်တွင် ဝင်ထိုင်ကာ ခပ်တိုးတိုး ပြောလာသည်။

“ဆံပင်ကို ခြောက်အောင် ကူလုပ်ပေးပါဦး”

ထိုမိန်းကလေးငယ်က သူမ၏အသံကို ရည်ရွယ်ချက်ရှိရှိပင် နူးညံ့အောင် ပြုလုပ်ထားသည်။ သူမက သူ့ကိုဖျောင်းဖျရန် လာခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားပေ၏။

သို့သော် သူမ ဖျောင်းဖျလာမည့် အကြောင်းအရာက အလွန်အန္တရာယ်များလွန်းပြီး စွန့်စားမှုပြုလုပ်ရန်လိုအပ်နေဆဲပင်။

ကျင်းယန်အနေဖြင့် သူမ၏အသံကြောင့် လှုပ်ရှားခြင်းမရှိသော်လည်း သူ၏ အင်္ကျီကို ဆွဲနေသော လက်လေးများကြောင့် လျစ်လျူမရှုနိုင်ခဲ့ပေ။

သူ သက်ပြင်းချလိုက်ပြီး စိတ်လျှော့လိုက်သကဲ့သို့ ဘေးနားရှိ ခြောက်သွေ့သော တဘက်ကို ယူကာ မိန်းကလေး၏ ဆံပင်များကို ညင်သာစွာ သုတ်ပေးလိုက်လေ၏။

ယင်ရိလျိုက သူမဘာသာ ခပ်တိုးတိုး ရယ်မောလိုက်ပြီးနောက်တွင် သူမ၏ ဖျောင်းဖျခြင်း နည်းဗျူဟာများကို စတင်လိုက်တော့သည်။

သူမ ဤနေရာသို့ မလာခင်ကတည်းက ပြောရမည့်စကားများကို အစအဆုံး ပြင်ဆင်လာခဲ့သည်။

“တကယ်လို့ ကျွန်မသာ မသွားဘူးဆိုရင် တခြားအဖွဲ့တွေက ကျေနပ်ကြမှာ မဟုတ်ဘူးလေ၊

ကျွန်မတို့အားလုံးက အထူးတပ်ဖွဲ့ဝင်တွေပဲ၊ သူတို့ဘက်က ကျွန်မကို လိုအပ်နေချိန်မှာ ကျွန်မက နောက်ဆုတ်နေမယ်ဆိုရင် သူတို့တွေ ဘယ်လိုထင်သွားကြမလဲ၊

ဒါ့အပြင် ကျွန်မ မသွားဘူးဆိုရင် ကျွန်မတို့ အပင်ပန်းခံထားသမျှ အရာအားလုံးက အလကားဖြစ်သွားလိမ့်မယ်၊ ဖမ်းဆီးခံထားရတဲ့ သာမန်လူတွေလည်း ပိုပြီးတော့ အန္တရာယ်များသွားနိုင်တယ်”

ထိုမိန်းကလေးငယ်၏ခေါင်းက သူ၏ပွတ်သပ်ပေးမှုကြောင့် တစ်ဖက်သို့ စောင်းသွား၏။

သူမက နှုတ်ခမ်းကို ဆူလိုက်ပြီး အနောက်သို့လှည့်ကာ သူ့ကို စိုက်ကြည့်လိုက်လေ၏။ သို့သော်လည်း ဤအကြည့်ထဲတွင် မည်သည့်အန္တရာယ်မှ မရှိနေခဲ့ပေ။

ကျင်းယန်အနေဖြင့် သူက တစ်ကိုယ်ကောင်းဆန်ကြောင်းကို ဝန်ခံပေသည်။

သူက အဖွဲ့အစည်းကိုဖြစ်စေ၊ ကမ္ဘာကြီးကိုဖြစ်စေ ဂရုမစိုက်ပါချေ။ သူက သူ၏ယုန်လေးကို အေးချမ်းသောဘဝဖြင့် ရှင်သန်စေလိုရုံသာဖြစ်ပေ၏။ တစ်ကိုယ်ကောင်းဆန်သူဟု အခေါ်ခံရမည်ကိုလည်း ဂရုမစိုက်ပေ။

သူ အမှန်တကယ်ပင် ဒေါသထွက်နေခဲ့သည်။

ယုန်လေးအပေါ်တွင်ရော သူ့ကိုယ်သူပါ ဒေါသထွက်နေခြင်းဖြစ်၏။

ဆိုရလျှင် သူ့အနေဖြင့် ယုန်လေး၏ ထိုလမ်းသို့သွားမည့်ခရီးကို မတားဆီးနိုင်ကြောင်းကို တွေ့ရှိလိုက်ရသည်။

မည်သည့်အချိန်ကစပြီး သူ,ပျင်းယန်က သူကိုယ်တိုင်၏ အကျိုးစီးပွားကိုသာ ကြည့်တတ်သည့် အေးစက်ပြီး တစ်ကိုယ်ကောင်းဆန်သောလူတစ်ဦးမှ ဤကဲ့သို့သောလူအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်ကို မသိနိုင်ခဲ့ပေ။

ဤကိစ္စက ကောင်းသည်လား ဆိုးသည်လားကို သူ မသိသော်လည်း သူ့၏နှလုံးသားထဲတွင် အင်အားမဲ့နေသည့် ခံစားချက်ကိုသာ ခံစားနေရ၏။

ဤခံစားချက်မှာ သူ၏ စိတ်ထဲရှိ ထိတ်လန့်မှုမှ အရင်းခံပြီး ယင်ရိလျို တစ်ခုခုကို ဖြစ်သွားမည်ကို စိုးရိမ်နေခဲ့ခြင်းကြောင်းသာဖြစ်ပေသည်။

ယင်ရိလျိုသည်လည်း ကျင်းယန်မှ သူမကို တားဆီးရသည့် အကြောင်းရင်းကို သိရှိနေသောကြောင့် လုံးဝကိုဒေါသမထွက်နိုင်ခဲ့ပေ။

ထိုရွှေပေါင်လုံးကြီးက သူမအတွက် စိုးရိမ်နေခဲ့သည်မဟုတ်ပါလား။

သူမ၏ နှလုံးသားက အလွန်နူးညံ့သွားခဲ့ရပြီး နောက်ထပ်စကားပြောရန်အတွက်ကို ပါးစပ်ဟလိုက်မိသည်။

သူမက သူမ၏ ချစ်စဖွယ်ကောင်းသော ဆွဲဆောင်မှုကို ထုတ်သုံးလိုက်လေ၏။

“ဒါ့အပြင် ကျွန်မ ကောကို ယုံကြည်တယ်၊ ကောသာ နောက်မှာရှိနေရင် ကျွန်မက ဘာကိုမှ မကြောက်တော့ဘူး၊ ကောက ကျွန်မကို သေချာပေါက် ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူးလား”

ထိုမိန်းကလေးငယ်က ဤသို့ပြောလိုက်သည့်အချိန်တွင် သူမ၏ မျက်လုံးများက ကျင်းယန်အပေါ် ယုံကြည်မှုနှင့် အားကိုးမှုများဖြင့် ပြည့်နှက်နေပေသည်။

သူမအတွက်တော့ ထိုသူက ကမ္ဘာပေါ်တွင် အစွမ်းထက်ဆုံးလူသား၊ သူမ၏ အစောင့်အရှောက် နတ်ဘုရားကဲ့သို့ဖြစ်နေပြီး သူရှိနေသရွေ့ အရာအားလုံးကို ဖြေရှင်းနိုင်သည်ဟု ထင်မှတ်နေပုံရ၏။

ကျင်းယန်၏ နှလုံးသားက ထိုစကားများကြောင့် လှုပ်ခတ်သွားခဲ့ရသည်။

သူ၏ ရင်ထဲမှ ထူးဆန်းသော ခံစားချက်ကို ထိန်းချုပ်လိုက်ရသော်လည်း သူ၏ လည်စလုပ်က အနည်းငယ် လှုပ်ရှားသွားပြီး အက်ရှသည့်အသံဖြင့် ပြောလိုက်လေ၏။

“ကိုယ်က ဘယ်လိုလုပ်ပြီးငြင်းပယ်မှာလဲ”

ယင်ရိလျိုက ပြုံးလိုက်လေ၏။

သူမ၏ မျက်လုံးလေးများက မှေးစင်းသွားပြီး ချိုသာလွန်းသည်။

သူမက ဤအတိုင်း တွေးထားခဲ့ခြင်းဖြစ်ပေ၏။ ကျင်းယန်က သူမ၏အနားတွင် ရှိနေသရွေ့ သူမက မည်သည့်အရာကိုမျှ မကြောက်ပေ။

သူမ၏ အစွမ်းထက်သော နောက်ခံက သူမကို မည်သည့်အချိန်မှ အန္တရာယ်ထဲသို့ ပစ်ထားမည်မဟုတ်ပေ။

ဤအချက်က သူမကို အတိုင်းအဆမဲ့သော သတ္တိများကို ပေးနေခဲ့၏။

ကျင်းယန်၏ စကားများအရ သူ့ဘက်မှ အလျှော့ပေးလိုက်ပြီဖြစ်ကြောင်းကို သူမ သိရှိလိုက်ရသည်။

ထိို့ကြောင့် သူမက သက်ပြင်းချလိုက်မိလေ၏။ ထိုအချိန်မှာပင် သူမ၏ဘေးနားရှိ ထိုအမျိုးသားက ပြတ်သားသော သတိပေးချက်တစ်ခုကို ပေးလိုက်လေ၏။

“ဘာပဲဖြစ်ဖြစ် အန္တရာယ်တစ်ခုခု ရှိရင် ချက်ချင်းအပြင်ကို ပြေးထွက်လာပြီး ကိုယ့်ကို လာရှာနော်”

“ကောင်းပါပြီ”

ယင်ရိလျိုက သူမ၏ ခေါင်းကကို အသာညိတ်လိုက်ပြီး ဆက်တိုက် ပြန်ဖြေနေခဲ့သည်။

ဆင့်ကဲပြောင်းလဲသူတိုင်းက သူတို့၏ ခေါင်းဆောင် ကျင်းယန်မှ အလျှော့ပေးလိုက်ကြောင်းကို သိရှိရသည့်အချိန်တွင် အောင်ပွဲခံခဲ့ကြလေ၏။

လျို့ချင်နန်နှင့် ကျိယူအန်းတို့က ကျင်းယန်ထံသို့ ရောက်လာပြီး တည်ကြည်လေးနက်စွာဖြင့် ကတိပေးခဲ့ကြသည်။

“စိတ်မပူပါနဲ့၊ ကျွန်တော်တို့တွေ သူမရဲ့ ဘေးကင်းမှုကို သေချာပေါက် ကာကွယ်ပေးပါ့မယ်”

ကျင်းယန်က အေးစက်စွာ နှာမှုတ်လိုက်လေ၏။ သူ၏ယုန်လေးကို သူကိုယ်တိုင်ကသာ ကာကွယ်ပေလိမ့်မည်။

သူတို့၏ စစ်ဆင်ရေးအစီအစဉ်ကယင်ရိလျိုကို ချင်ရွှမ်းအဖြစ်သို့ ဟန်ဆောင်စေပြီး သုခဘုံဂိုဏ်း၏ အခြေစိုက်စခန်းထဲသို့ ဝင်ရောက်စေရန်ဖြစ်၏။

ချင်ရွှမ်းနှင့် လင်းချိုးချိုးတို့က ဟိုးကတည်းက စာရင်းပေးသွင်းထားခဲ့သူများဖြစ်ပြီး သက်သေအထောက်အထားများ ရှိနေသောကြောင့် ရုတ်တရက် ပေါ်ထွက်လာသူတစ်ဦးထက်စာလျှင် သံသယဖြစ်ခံရနိုင်ခြေ နည်းပါးသည်။

သို့သော် ချင်ရွှမ်းအဖြစ်သို့ ဟန်ဆောင်မည်ဆိုလျှင် အငြင်းပွားဖွယ်အချက်တစ်ခု ရှိနေ၏။

တစ်ဖက်မှ လင်းချိုးချိုးအဖြစ်သို့ ဟန်ဆောင်နိုင်သူ မရှိခြင်းပင်။

သို့ဖြစ်၍ ဆင့်ကဲပြောင်းလဲသူအဖွဲ့ကို အုပ်စုနှစ်စု ကွဲသွားစေခဲ့သည်။

အုပ်စုတစ်စုက လင်းချိုးချိုးအနေဖြင့် ငယ်ရွယ်ပြီး သာမန်လူတစ်ဦးဖြစ်သောကြောင့် အကယ်၍တစ်ခုခုသာ ဖြစ်လာပါက သူမအနေဖြင့် အသက်ရှင်ရန်အတွက် ခက်ခဲလိမ့်မည်ဟု ငြင်းခုံကြ၏။

သူမက ယာယီဖျားနာနေသည်ဟူသော အကြောင်းပြချက်တစ်ခုခုကို ရှာပြီး ရှောင်လွှဲရန်အတွက် အကြံပြုကြသည်။

တခြားအုပ်စုတစ်စုကတော့ အကယ်၍ လင်းချိုးချိုးသာ မသွားပါက သံသယဖြစ်စရာ ဖြစ်နေဦးမည်ဖြစ်၍ အခြေအနေအရ သူမလည်း ဤမစ်ရှင်တွင် ပါဝင်ရန်အတွက် လိုအပ်သည်ဟု ယူဆကြသည်။

နောက်ဆုံးတွင် အဘွားမာနှင့် လင်းချိုးချိုးတို့က အရှေ့သို့ထွက်လာပြီး နိုင်ငံတော်နှင့် စစ်ဆင်ရေးအတွက် ပါဝင်ရန်အတွက် ဆန္ဒရှိကြောင်းကို ပြောခဲ့သောကြောင့် အစီအစဉ်က အတည်ဖြစ်သွားခဲ့ရ၏။

ယင်ရိလျိုက ချင်ရွှမ်းအဖြစ်သို့ ဟန်ဆောင်ပြီး လင်းချိုးချိုးကို ခေါ်ဆောင်ကာ သုခဘုံဂိုဏ်းထဲသို့ သူလျှိုအဖြစ် ဝင်ရောက်ရလိမ့်မည်။

*

All Chapters