အခန်း ၂၂၈
Vol. 23 Ch. 228
အခန်း(228)
ယင်ရိလျိုတို့နှစ်ဦးက သုခဘုံဂိုဏ်း၏ သာသနာပြုခန်းမဟု ခေါ်ဆိုသော နေရာသို့ ရောက်ရှိလာကြ၏။
ဝင်ပေါက်၏အနီးအနားကို ကြည့်လိုက်သည့်အချိန်တွင် သူတို့၏အပြင် တခြားလူများသည်လည်း သူတို့၏ မိသားစုဝင် လူငယ်များကို ခေါ်ဆောင်လာကြသည်ကို တွေ့ရှိရသည်။
တချို့က ယင်ရိလျိုနှင့် အရွယ်တူဖြစ်ပြီး တချို့က ခုနစ်နှစ်၊ ရှစ်နှစ် သို့မဟုတ် ဆယ်နှစ်ဝန်းကျင်သာ ရှိသေး၏။
တချို့က တစ်နှစ်သားအရွယ် ကလေးငယ်ပင် ပါဝင်သေး၏။
တချို့သော လူကြီးမိဘများက သူတို့၏ကလေးများကို ကောင်းမွန်သောဘဝကို ပိုင်ဆိုင်စေချင်ကြပြီး၊ တချို့ကတော့ သူတို့၏ဝန်ထုပ်ဝန်ပိုးကို လျှော့ချရန်နှင့် ပါးစပ်တစ်ပေါက်ကို လျော့စေရန်သာဖြစ်သည်။
တချို့ကတော့ သူတို့၏ကလေးများကို အသုံးချ၍ ကြီးပွားချမ်းသာလိုကြ၏။
ဤလူများတွင် အသီးသီးသော ရည်ရွယ်ချက်များကို ရှိကြသော်လည်း ကလေးငယ်များက ဖြူစင်ကြပြီး မည်သည့်အရာကိုမှ မသိရှိကြပေ။
သူတို့၏ ကြည်လင်သော မျက်လုံးများဖြင့် အထဲဘက်ရှိဝတ်စုံဖြူကိုဝတ်ထားသော အမျိုးသားက မည်သည့်ကစားနည်းကို ကစားနေသနည်းဟုသာ စူးစမ်းလိုစွာ ကြည့်နေကြသည်။
သက်တူရွယ်တူကောင်လေးနှစ်ယောက်ကတော့ တံခါးဝတွင် ရယ်မောဆော့ကစားနေကြလေ၏။
ထိုမြင်ကွင်းက ယင်ရိလျို၏ မျက်လုံးများတွင် မျက်ရည်များဝဲတက်လာစေခဲ့၏။
အကယ်၍ သူတို့သာ ရောက်မလာခဲ့ပါက ဤကလေးငယ်များက မည်သို့ဖြစ်သွားကြမည်နည်း။
သူမ၏ဘေးနားရှိ မိန်းကလေးက တုန်ရင်နေသည်ကို သတိပြုမိသောကြောင့် သူမက ထိုင်ချလိုက်ပြီး သူမ၏ လက်ကို ဆုပ်ကိုင်ရင်း တိုးညှင်းစွာ မေးလိုက်လေ၏။
“ကြောက်နေတာလား၊ ကြောက်ရင် ငါ့ရဲ့လက်ကို ကိုင်ထားပြီးတော့ လုံးဝကိုမလွှတ်လိုက်နဲ့နော်၊ စိတ်မပူနဲ့.. ငါ နင့်ကို ကာကွယ်ပေးမယ်”
လင်းချိုးချိုးက ခေါင်းညိတ်ပြလိုက်ပြီး မျက်နှာတွင် အမည်းစက်နှင့် အဝါရောင်များကို ခြယ်သထားသော ယင်ရိလျိုကို ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်လေသည်။
“တကယ်တော့ ကျွန်မ နည်းနည်းပဲ ကြောက်တာပါ၊ ဘာလို့လဲဆိုတော့ အဘွားက သုခဘုံဂိုဏ်းဆိုတာက နေရာကောင်းတစ်ခု၊ နိဗ္ဗာန်ဘုံပဲတဲ့၊ ဗုဒ္ဓကို ဝတ်ပြုရင် ဗိုက်မဆာတော့ဘူး၊ မချမ်းတော့ဘူး၊
သန္ဓေပြောင်းသတ္တဝါတွေက စားမှာကိုလည်း စိုးရိမ်စရာ မလိုတော့ဘူးတဲ့၊ ကျဲ.. သုခဘုံဂိုဏ်းက ကောင်းတယ်မလား”
ယင်ရိလျိုက မည်သည့်စကားကိုပြောသင့်ကြောင်း မသိတော့သည့်အတွက်ကြောင့် သူမ၏ နှုတ်ခမ်းစွန်းများက အနည်းငယ်လှုပ်သွား၏။
ကလေးငယ်များအတွက်တော့ သုခဘုံဂိုဏ်းဆိုသည်က ကမ္ဘာပျက်ကပ်ကြီးက မရှိတော့သည့်အချိန်တွင် ဝဝလင်လင် စားနိုင်ပြီး နွေးထွေးစွာ နေနိုင်သည့်နေရာဟူ၍ လူတိုင်း စိတ်ကူးယဉ်ကြသော မြင့်မြတ်သည့် နေရာတစ်ခုဖြစ်သည်။
ဤနေရာက တကယ်တမ်းတွင် လူသားစားသော နေရာတစ်ခုဖြစ်ကြောင်းကို ပြောပြလိုက်ခြင်းက သူမ၏ စိတ်ကူးယဉ်အိပ်မက်များကို ရိုက်ချိုးလိုက်ခြင်းသာဖြစ်ပေလိမ့်မည်။
ထို့အပြင် ဤကမ္ဘာတွင် အဆုံးမရှိသော ကမ္ဘာပျက်ကပ်ကြီးသာ ရှိနေကြောင်းကို ပြောပြခြင်းက ကလေးတစ်ဦးအတွက် အလွန်ရက်စက်ရာ ကျပေလိမ့်မည်။
သို့သော် သူမက အားနည်းသော အပြုံးတစ်ခုကိုသာ ပြုံးပြနိုင်ပြီး လင်းချိုးချိုး၏ လက်ကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး ခပ်တိုးတိုးပြောလိုက်လေ၏။
“ချိုးချိုး၊ ကောင်းကင်ဘုံဆိုတာ မရှိဘူး၊ ဒါပေမဲ့ တစ်နေ့ကျရင်တော့ ဒီကမ္ဘာပျက်ကပ်ကြီးက ကုန်ဆုံးသွားလိမ့်မယ်ဆိုတာကိုတော့ နင် ယုံကြည်ရမယ်”
“တကယ်လား”
လင်းချိုးချိုး၏ မျက်လုံးများကတောက်ပသွားရသည်။
“တကယ်ပေါ့”
“ဒါဆို ညီမလေး မကြောက်တော့ဘူး၊ အဲဒီအချိန်အထိ စောင့်ပြီးတော့ အဘွားနဲ့အတူ ဆယ်လ်မွန်ငါးနဲ့ KFC သွားစားမယ်!”
ထိုမိန်းကလေးငယ်က အပြုံးများဖြင့် ပြောလိုက်ပြီး သူမ၏ မျက်နှာတွင် မျှော်လင့်ချက်များ ပြည့်နှက်နေ၏။
သူမအတွက်က သာမန်ဘဝတစ်ခုအတွက် စိတ်ကူးယဉ်မှုဆိုသည်မှာ အရသာရှိသော အစားအစာနှင့် နွေးထွေးပြီး သက်သောင့်သက်သာရှိသော အခန်းလေးတစ်ခုမျှသာ ဖြစ်သည်။
ယင်ရိလျိုက သူမ၏ ခေါင်းကို ပုတ်ပေးလိုက်ပြီး မတ်တပ်ရပ်ပြီး သူမ၏လက်ကို ဆွဲ၍ ပြောလိုက်လေ၏။
“အထဲကို ဝင်ကြရအောင်”
ယခုအချိန်တွင် ဝတ်စုံဖြူကိုဝတ်ဆင်ထားပြီး ထူထဲသော စာအုပ်ကြီးနှစ်အုပ်ကို ကိုင်ဆောင်ထားသည့် အမျိုးသားတစ်ဦးက ရှေ့ဆုံးတွင် အရာအားလုံးကို သိနားလည်နေသည့် ပုံစံဖြင့် ဟန်ဆောင်နေခဲ့သည်။
သူက တစ်ယောက်ပြီးတစ်ယောက်က ဝင်လာသည်ကို ကြည့်နေလေ၏။
ဝတ်ရုံဖြူဝတ်ထားသူများတွင် အသစ်ဝင်လာပုံရသော လူများအနက် တစ်ဦးက ဘေးနားရှိလူကို ထူးဆန်းစွာဖြင့် ခပ်တိုးတိုး မေးလိုက်လေသည်။
“ကော၊ ဘာလို့ ဒီမှာ လူတွေအများကြီးက ရောက်နေတာလဲ”
တခြားတစ်ဦးက အတွေ့အကြုံရှိသူတစ်ဦးကဲ့သို့ သနားကြင်နာတတ်သော မျက်နှာအမူအရာဖြင့် ရှိနေသော်လည်း သူ၏ စကားများကတော့ မြင့်မြတ်ခြင်း လုံးဝ မရှိပေ။
“မသိဘူးလား၊ ခေတ်ပျက်လေလေ အသိဉာဏ်မဲ့တဲ့ လူတွေက များလေလေပဲ၊ မဟုတ်ရင် ဒီအလုပ်က ဘယ်လိုလုပ်ပြီးတော့ ဝင်ငွေကောင်းတဲ့ အလုပ်ဖြစ်မှာလဲ၊
တကယ်လို့လူမများဘူး၊ ပိုက်ဆံမရဘူးဆိုရင် အထက်လူကြီးတွေက ဒီလောက် လွှတ်ထားမှာ မဟုတ်ဘူး”
ထိုသူသစ်က လျှာသပ်လိုက်ပြီး အခန်းအပြည့်ရှိနေသော ကလေးငယ်များနှင့် လူငယ်များကို ကြည့်ပြီး စိတ်မသက်မသာ ဖြစ်နေခဲ့၏။
“သုခဘုံဂိုဏ်းက ဒီလောက် ကလေးတွေအများကြီးကို ဘာလုပ်ဖို့အတွက် လိုတာလဲ၊ သူတို့ကို တကယ်ပဲ ဗုဒ္ဓကို ဝတ်ပြုဖို့အတွကာ ကောင်းကင်ဘုံကို ခေါ်သွားမှာလား”
“မင်း ရူးနေတာလား၊ တကယ်လို့ အဲဒီလောက်တောင် ကောင်းတယ်ဆိုရင် သူတို့ဘာသာသူတို့ ဘာလို့ ကောင်းကင်ဘုံကို သွားပြီးတော့ နတ်ဘုရားတွေကို ဝတ်မပြုကြတာလဲ၊
ဘာလို့ ဒီလူတွေကိုပဲ သွားခွင့်ပြုပြီးတော့ အကျိုးအမြတ်တွေကို ရအောင် လုပ်ပေးနေရမှာလဲ၊
ဒီဗုဒ္ဓက အတုပဲဖြစ်ရမယ်၊ မဟုတ်ရင် သူတို့ ဝတ်ပြုနေတဲ့ ဗုဒ္ဓက အရမ်းအန္တရာယ်များတဲ့ သန္ဓေပြောင်းသတ္တဝါကြီး ဖြစ်လိမ့်မယ်”
ထိုလူဟောင်းက နှာခေါင်းရှုံ့လိုက်ပြီး ကောင်းကင်ဘုံကို ရှာဖွေနေကြသော လူများကို ကြည့်ကာ သူ၏မျက်နှာတွင် စက်ဆုပ်ရွံရှာမှုများ ပေါ်ပေါက်လာ၏။
“မင်းပြောတာ တစ်ခုတော့မှန်တယ်၊ ဒီလူတွေအားလုံး ဘယ်ကို ရောက်ကုန်တာလဲဆိုတာ မသိနိုင်ဘူး”
ထိုသူသစ်က တုန်လှုပ်သွားရပြီး နောက်ကွယ်တွင် ထိတ်လန့်ဖွယ် ကောင်းသော ပူးပေါင်းကြံစည်မှုတစ်ခု ရှိနေကြောင်းကို ပိုမို၍ ယုံကြည်လာကာ သူ ဝတ်ထားသည့် ဝတ်စုံဖြူကလည်း အလွန်ပင် စူးရှနေသကဲ့သို့ ခံစားလိုက်ရ၏။
“အများကြီး မတွေးနဲ့၊ အထက်လူကြီးတွေကတောင် သိရက်နဲ့ မသိချင်ယောင် ဆောင်နေကြတာပဲ၊
ငါတို့ကတော့ ပိုက်ဆံရဖို့အတွက် အလုပ်တစ်ခုကို ရှာတယ်လို့ပဲ သဘောထားလိုက်ကြရအောင်၊ ငါတို့က နည်းနည်းပဲသိလေလေ ပိုပြီး ဘေးကင်းလေလေပဲ”
ထိုသူဟောင်းက စကားပြောပြီးနောက်တွင် သူ၏လက်ထဲရှိ ကျမ်းစာကို ကိုင်ပြီး ဟောပြောနေသည့်အမူအရာမျိုးကို ဟန်ဆောင်လိုက်သည်။ ထိုလူသစ်မှာတော့ တုန်ရင်နေသော သူ၏ မျက်လုံးများကိုသာ မှိတ်ထားရုံသာ တတ်နိုင်ပေတော့သည်။
ပြတင်းပေါက်မှ ဝင်လာခဲ့သော တောက်ပသည့် နေရောင်ခြည်က ကလေးငယ်များ၏ ဖြူစင်ရိုးသားသော မျက်နှာများအပေါ်သို့ မြင့်မြတ်သော အလင်းရောင်ကဲ့သို့ ကျရောက်နေသည်။
ငြီးငွေ့ဖွယ်ကောင်းသော ကျမ်းစာဖတ်ကြားမှုက တစ်နာရီကျော်ကြာပြီးနောက်တွင် ပြီးဆုံးသွားခဲ့၏။
ငယ်ရွယ်သော ကလေးတချို့က စားပွဲပေါ်တွင် အိပ်ပျော်နေကြလေပြီ။
သူတို့ကို ဘာသာရေးဝတ်စုံကို ဝတ်ဆင်ထားသူ နှစ်ဦးက လာနှိုးသည့်အချိန်တွင် သူတို့၏ အိပ်ချင်မူးတူး မျက်လုံးများကို ပွတ်သပ်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ကြလေ၏။ သို့သော်လည်း သူတို့၏ မိသားစုဝင် လူကြီးများကို မတွေ့ရတော့ပေ။
တချို့သော ကလေးငယ်များက နှုတ်ခမ်းကို စူပြီး ငိုကြွေးကြသောကြောင့် ခန်းမတစ်ခုလုံးက ခဏချင်းအတွင်း ပရမ်းပတာ ဖြစ်သွားခဲ့၏။
ထိုသူနှစ်ဦးမှာ နဖူးမှ သွေးကြောများကို ထောင်ထွက်လာပြီး အော်ဟစ်လိုက်သောကြောင့် ကလေးများက ကြောက်လန့်ပြီး ငိုသံတိတ်သွားကြ၏။
သူတို့က အသက်အရွယ်ကို အတည်ပြုရန်အတွက် လူစာရင်းကို ဦးစွာ စစ်ဆေးခဲ့ကြသည်။
ယင်ရိလျိုထံသို့ ရောက်ရှိလာသည့်အချိန်တွင် တစ်ဦးက သူမ၏ မျက်နှာကို ကြည့်ပြီး လူစာရင်းကို စစ်ဆေးလိုက်လေ၏။
“ချင်ရွှမ်းနဲ့ လင်းချိုးချိုးလား”
“ဟုတ်ကဲ့”
ယင်ရိလျိုက လင်းချိုးချိုး၏ လက်လေးကို ဆုပ်ကိုင်ထားရင်း အနည်းငယ် ရင်ခုန်စွာဖြင့် ပြန်ဖြေလိုက်လေ၏။
သူမက အသားဖြူသူဖြစ်သော်လည်း အိမ်ရာဟောင်းတွင် နေထိုင်ရသော မိန်းကလေးတစ်ဦးနှင့် တူစေရန်အတွက် သူမ၏ အသားကို အနည်းငယ် ဝါညစ်ညစ်အရောင်ကို ခြယ်သထားသည်။
သို့သော် ထိုဂိုဏ်းသားအတုက သူမ၏အနားမှ ဖြတ်သွားချိန်တွင် ခဏမျှ ရပ်တန့်သွားလေ၏။
သူမက အသက်ကို အောင့်ထားလိုက်လေ၏။
ထိုသူက စက္ကန့်ပိုင်းမျှသာ ရပ်နေပြီးနောက် တခြားတစ်နေရာသို့ ထွက်ခွာသွား၏။
သူ စိတ်ထဲမှနေ၍တွေးလိုက်မိသည်။
ဒီလောက်တောင် လှတဲ့ကောင်မလေးကို လွှတ်ပေးရမှာကတော့ နှမြောစရာပဲ။
ထိုသူနှစ်ဦး ဝေးသွားသည့်အချိန်တွင် သူမက သူမ၏ နားရွက်ကို ထိလိုက်လေ၏။
သူမ၏ နားရွက်၏ နောက်ကွယ်တွင် ကျင်းယန်နှင့် တခြားသူများထံမှ သတင်းစကားများကို လက်ခံရရှိနိုင်သော အာရုံခံကိရိယာ အသေးစားလေးတစ်ခု ရှိနေသည်။
သူမက အသံကိုနှိမ့်၍ မေးလိုက်လေသည်။
“ကြားရလား”
လျှပ်စစ်စီးကြောင်း၏ အသံက ခဏမျှ ဆူညံသွားပြီးနောက် ထက်ရှပြီး နက်ရှိုင်းသော အသံတစ်ခုက သူမ၏ နားထဲသို့ ရောက်ရှိလာခဲ့သည်။
“ရုပ်ထွက်နဲ့ အသံကြည်လင်တယ်၊ သတိထားပါ”
ထိုစကားများက မဆုံးမီမှာပင် ခန်းမ၏ အပြင်ဘက်ရှိ ကောင်းကင်ယံက ရုတ်တရက် ပြောင်းလဲသွားသည်။
အပြင်မှ ဝင်ရောက်နေသော နေရောင်ခြည်က တစ်စုံတစ်ခုဖြင့် ပိတ်ဆို့ခံလိုက်ရသကဲ့သို့ အခန်းထဲတွင် အမှောင်ထုက ဖုံးလွှမ်းသွားပြီး ဧရာမ အရိပ်ကြီးများနှင့် အတောင်ပံ ခတ်သံများက ထွက်ပေါ်လာခဲ့၏။
လင်းချိုးချိုး၏ အာမေဍိတ်သံကို ကြားရသောကြောင့် ယင်ရိလျို အပြင်သို့ ကြည့်လိုက်လျှင် သူမ၏ရှေ့မှ မြင်ကွင်းကြောင့် အံ့အားသင့် သားခဲ့ရသည်။
တောက်ပပြီး ရောင်စုံအမွှေးအတောင်များရှိသော ငှက်အုပ်ကြီးက အပြင်ဘက်မှ လေထုထဲတွင် ဝဲပျံနေကြပြီး သူတို့၏ အသံများကလည်း ကြည်လင်စွာ ပဲ့တင်ထပ်နေ၏။
နေရောင်ခြည်က ထိုငှက်များ၏ အမွှေးများ၏ အပေါ်သို့ ကျရောက်နေကာ အမျိုးမျိုးသော အရောင်များဖြင့် တောက်ပနေခဲ့သည်။
“ငှက်ကြီးတွေပဲ! အရမ်းလှတာပဲ!”
“ဒါက မား ပြောပြတဲ့ ဗုဒ္ဓရဲ့ နတ်ငှက်တွေပဲဖြစ်မယ်၊ ကျွန်တော်တို့ကို သုခဘုံကို ခေါ်သွားဖို့ လာတာ!”
ထိုဆူညံသံများကို ကြားလျှင် နားကြပ်၏ တစ်ဖက်ရှိလူက မေးလိုက်လေသည်။
“ဘာဖြစ်တာလဲ”
ပတ်ဝန်းကျင်မှ အော်ဟစ်သံများကို မြင်တွေ့ရပြီး သူမကို မည်သူကမျှ သတိမထားမိကြောင်းကို သိရှိသည့်အချိန်တွင် ယင်ရိလျိုက အသံကိုနှိမ့်၍ ပြောလိုက်လေသည်။
“ဒီကလေးတွေကို သူတို့ရဲ့ အခြေစိုက်စခန်းဆီကို ခေါ်သွားဖို့အတွက် တစ်စုံတစ်ယောက်က ရောက်လာပုံရတယ်၊
ဒါပေမဲ့ ကျွန်မရှေ့မှာ ဘယ်သူလဲဆိုတာကိုတော့ သေချာမမြင်ရဘူး”
ဒါက ဘာတွေလဲ။
ကလေးငယ်များက အသစ်အဆန်းတစ်ခုကို တွေ့ရသည့်အချိန်တွင် မနားတမ်း စကားပြောတတ်ကြသောကြောင့် လူကြီးများထက် ထိန်းချုပ်ရ ပိုမို၍ ခက်ခဲသည်။
သို့သော် မျက်လုံးသုံးလုံးရှိပြီး ရောင်စုံဖြာနေသော ဧရာမငှက်ကြီးများထဲမှ တစ်ကောင်က ဖြည်းညှင်းစွာ ဆင်းသက်လာပြီး ဝတ်စုံနက်ဝတ် အမျိုးသမီးတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားသည်ကို မြင်သည့်အချိန်တွင် ကလေးတိုင်းက ပါးစပ်ကို ပိတ်သွားကြပြီး မအော်ရဲကြတော့ပေ။
သူတို့ကလည်း အန္တရာယ်နှင့် ကြောက်ရွံ့မှုကို ခံစားနိုင်ကြသည်မဟုတ်ပါလား။
သူတို့၏ အရှေ့မှ လှပသော အမျိုးသမီး၏ မျက်လုံးများက သားရဲတစ်ကောင်၏ မျက်လုံးကဲ့သို့ဖြစ်နေသောကြောင့် ထိုကလေးငယ်များကို စိတ်မသက်မသာ ဖြစ်စေခဲ့၏။
*