အခန်း ၂၂၉
Vol. 23 Ch. 229
အခန်း(229)
သန္ဓေပြောင်းငှက်ကြီး၏ ခန္ဓာကိုယ်ပေါ်မှနေ၍ ထိုအမြင်အာရုံလှည့်စားထားသော ကမ္ဘာကြီးကို ငုံ့ကြည့်နေချိန်၌..
အကယ်၍ ပတ်ဝန်းကျင်ရှိ အရာအားလုံးကသာ အစစ်အမှန်ဖြစ်ခဲ့ပါက အမှန်တကယ်ပင် အံ့ဩဖွယ်ကောင်းသော ကမ္ဘာကြီးဖြစ်ပေလိမ့်မည်ဟု ဝန်ခံရမည် ဖြစ်ပေလိမ့်သည်။
သူမ၏ ရှေ့မှမြင်ကွင်းက ထူးခြားဆန်းပြားပြီး ခမ်းနားထည်ဝါသော အဆောက်အအုံကြီးတစ်ခုအဖြစ် တဖြည်းဖြည်း ပေါ်ထွက်လာခဲ့၏။
ထိုအရာအားလုံးက ထျန်းထျန်း၏ စိတ်အာရုံချောက်ခြားစေသော ပိုးမွှားများကြောင့် ဖြစ်ပေါ်လာသည့် အတုအယောင်များဖြစ်သည်။
သို့သော် ယင်ရိလျိုက ထိုအကြောင်းကိုသိနေသော်လည်း ဤမြင်ကွင်းများ၏ လက်တွေ့ဆန်မှုကြောင့် အံ့ဩနေမိဆဲပင်။
သူမ၏လက်ကို ဆုပ်ကိုင်ထားသော လင်းချိုးချိုးက ဤအတုအယောင် သာယာဝပြောမှုများထဲတွင် လုံးဝကို နစ်မျောနေပြီး သူမ၏ အကြည့်များက ထိုမြင်ကွင်းများ၏ အပေါ်မှ မခွာနိုင်အောင် ဖြစ်နေသည်။
ကင်မရာ၏ တခြားတစ်ဖက်ရှိ လူများကတော့ ထိုစိတ်အာရုံချောက်ခြားစေသော ပိုးများ၏ သက်ရောက်မှုကို မခံရပေ။
သူတို့က ကင်မရာမှတစ်ဆင့် မှတ်တမ်းတင်ထားသော လမ်းကြောင်းအတိုင်း ယင်ရိလျိုတို့နှင့်သင့်တော်သော အကွာအဝေးတစ်ခုမှနေ၍ လျင်မြန်စွာ လိုက်ပါလာကြသည်။
သုခဘုံဂိုဏ်း၏ အခြေစိုက်စခန်းနှင့် နှစ်ကီလိုမီတာခန့် အကွာအဝေးရှိသော တောနက်ထဲတွင် လူစုက ပုန်းကွယ်နေကြ၏။
ခဏအကြာတွင် ဧရာမသန္ဓေပြောင်းငှက်ကြီးတစ်ကောင်က ကောင်းကင်ယံမှ တဖြည်းဖြည်း ဆင်းသက်လာပြီး အမျိုးသားတစ်ဦးအဖြစ်သို့ ပြောင်းလဲသွား၏။
*
“ဘယ်လိုလဲ၊ ဘာတွေဖြစ်နေတာလဲ”
ယင်ရိလျို သုခဘုံဂိုဏ်း၏ နယ်မြေထဲသို့ ခြေချလိုက်ကတည်းက သူတို့၏ ထောက်လှမ်းရေး ကိရိယာတိုင်းက လုံးဝကို ချို့ယွင်းသွားခဲ့သည်။
စခရင်ကလည်း ဝေဝါးသွားပြီး နားကြပ်ထဲသို့ မည်သည့် သတင်းစကားကမျှ မရောက်ရှိတော့ပေ။
ဝူဝေရုန်က သုခဘုံဂိုဏ်းထဲ၌ ရှိနေနိုင်ခြေအလွန်များကြောင်းကို သူတို့ သိရှိကြ၏။
သူ ထွက်ပြေးချိန်က သူ၏ ခန္ဓာကိုယ်ထဲ၌ မူလကျောက်တစ်ဝက်ကို မြှုပ်နှံထားခဲ့သည်။ ထိုကျောက်က သူတို့အဖွဲ့သားများကို ပြန်လည်ယူဆောင်လာရန်အတွက်ကို အမိန့်ပေးခံထားရသော ပစ္စည်းလည်းဖြစ်သည်။
ကျင်းယန်နှင့် တခြားသူများ ဧရာမ အပင်ကြီးများရှိသည့် နယ်မြေထဲသို့ ဝင်ရောက်ခဲ့ချိန်က ပတ်ဝန်းကျင်ရှိ သံလိုက်စက်ကွင်းများက လုံးဝကို ပရမ်းပတာဖြစ်သွားပြီး မည်သည့် အီလက်ထရွန်နစ် ပစ္စည်းကိုမျှ အသုံးပြု၍ မရခဲ့သည့် အချိန်တစ်ခု ရှိခဲ့ဖူး၏။
ယခုကြည့်ရသည်မှာ သူတို့၏ အချက်ပြစနစ်ကို အမှန်တကယ် ပိတ်ဆို့နိုင်သည်က မူလကျောက် ဖြစ်ပုံရသည်။
သူတို့ကိုယ်တိုင် မလုပ်ဆောင်နိုင်သောကြောင့် သူတို့၏ အဖွဲ့ထဲမှ ငှက်သဏ္ဌာန်ဆင့်ကဲပြောင်းလဲသူများကိုသာ သူတို့၏အစွမ်းကို အသုံးပြု၍ အနည်းငယ်ဝေးသော ကောင်းကင်ယံမှနေ၍ ဝဲပျံစောင့်ကြည့်စေခဲ့ကြလေ၏။
ထိုငှက်သဏ္ဌာန် ဆင့်ကဲပြောင်းလဲသူက သူမြင်ခဲ့သမျှကို လူတိုင်းကို ပြန်လည်၍ ပြောပြခဲ့သည်။
“အကွာအဝေးက အရမ်းဝေးနေလို့ ကျွန်တော့်ကို သတိထားမိသွားမှာ စိုးတာနဲ့ အရမ်းနီးအောင် မချဉ်းကပ်ရဲဘူး၊
ဒါကြောင့် ခဏလောက်ပဲ ပတ်ကြည့်ခဲ့တယ်၊ သူတို့ရဲ့ တကယ့်စုရပ်က မြေအောက်မှာပဲ ဖြစ်ရမယ်၊ မြေအောက်နန်းတော်တစ်ခုကို တူးထားတယ်လို့တော့ ကျွန်တော် သံသယရှိတယ်၊
ဒါပေမဲ့ အဝင်ဝကိုတော့ ရှာမတွေ့ဘူး၊ ပတ်ဝန်းကျင်က အပင်တွေက အရမ်းမြင့်ပြီး ထူထပ်လွန်းတယ်”
“မင်း ပင်ပန်းသွားရပြီ”
ကျိယူအန်းက သူ၏ ပုခုံးကို ပုတ်ပြီးဟု ပြောလိုက်လေသည်။
အခြေစိုက်စခန်းက အနီးအနားတွင် ရှိကြောင်းကို သိရသောကြောင့် ကျန်ရှိနေသော ပြဿနာများကို ဖြေရှင်းရန်အတွက်က ပိုမိုလွယ်ကူသွားခဲ့၏။
လူတိုင်း၏အရှေ့တွင် လင်းကျား၏ ခန္ဓာကိုယ်က ပိုးကောင်တစ်ကောင်အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားပြီး ဧရာမ ပိုးဘုရင်မကြီးတစ်ကောင်က ထွက်ပေါ်လာခဲ့သည်။
ကျန်ရှိနေသော ပိုးတောင်မာလေးများက အရပ်မျက်နှာအနှံ့သို့ တောအုပ်ထဲတွင် ပိုက်စိပ်တိုက် ရှာဖွေရန်အတွက် ထွက်ခွာသွားကြ၏။
ခဏအကြာတွင် ပိုးကောင်အုပ်ကြီးထဲမှ တချို့က ပြန်လည်၍ စုစည်းလာပြီး အပေါ်ပိုင်းက လင်းကျား၏ ပုံစံအဖြစ်သို့ ပြောင်းလဲသွားသည်။
သူမ၏ မျက်နှာက အားအင်ကုန်ခမ်းနေသကဲ့သို့ ဖြူဖျော့နေပြီး ခါး၏ အောက်ပိုင်းကတော့ မူလ ပိုးကောင်ပုံစံအတိုင်းပင် ရှိနေသေး၏။
သူတို့အားလုံးက အမြဲတစေ လှုပ်ရှားနေသော ပိုးကောင်များသာ ဖြစ်ကြသည်။
သူမ၏ ခန္ဓာကိုယ်ကို ပိုးကောင်အုပ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ဤကဲ့သို့ ပိုက်စိပ်တိုက် ရှာဖွေခြင်းက ဧရိယာက ကျယ်ဝန်းလွန်း၏။
သုခဘုံဂိုဏ်း၏ မြေအောက်လှိုဏ်ဂူများကို ရှာဖွေရန်အတွက် သူမ၏ သန္ဓေပြောင်းပိုးကောင် အများစုကို လွှတ်ထုတ်ထားခဲ့ရသောကြောင့် ကျန်ရှိနေသော ပိုးကောင်များက လူသားပုံသဏ္ဌာန်ကို ထိန်းသိမ်းရန်အတွက် ခက်ခဲနေရသည်။
“ကျေးဇူးတင်ပါတယ်”
ကျင်းယန်၏ မျက်လုံးများက နီရဲနေသော်လည်း လင်းကျားကို အလေးအနက် ပြောလိုက်လေသည်။
“ဘာတွေပြောနေတာလဲ၊ ငါတို့က အသင်းဖော်တွေပဲလေ”
လင်းကျားက ဖြူဖျော့နေသော မျက်နှာဖြင့် ပြုံးပြပြီး ပြန်ပြောခဲ့သည်။
ဤအချိန်တွင် မြေအောက်လှိုဏ်ဂူထဲ၌ ရှိနေသော ယင်ရိလျိုမှာတော့ အမှောင်ထုထဲမှ တဖြည်းဖြည်း သတိပြန်လည်လာ၏။
ထို့နောက် သူမကိုယ်သူမ ဧရာမ ပျားအုံကဲ့သို့သော အဆောက်အအုံကြီးထဲတွင် သာမန်လူအုပ်စုကြီးနှင့်အတူ ရောက်ရှိနေကြောင်းကို တွေ့ရှိလိုက်ရသည်။
သူမ မည်သည့်အချိန်တွင် သတိလစ်သွားခဲ့ကြောင်းကို မသိသောကြောင့် ထိတ်လန့်သွားခဲ့၏။
သူမ၏ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည့်အချိန်တွင် သူမ၏ လည်ပင်းတွင် အစိမ်းရောင် နွယ်ပင်တစ်ပင်ဖြင့် ရစ်ပတ်ထားသည်ကို တွေ့လိုက်ရသည်။
သို့သော် ထိုနွယ်ပင်က မည်သည့်နေရာမှ စတင်၍ မည်သည့်နေရာတွင် အဆုံးသတ်သည်ကို သူမ မမြင်ရပေ။
အနီးကပ် စစ်ဆေးကြည့်သည့်အချိန်တွင် ဤနွယ်ပင်များက အသက်ရှိနေဆဲဖြစ်ပြီး ဖြည်းဖြည်းချင်း တွန့်လိမ်လှုပ်ရှားနေကြောင်းတွေ့နေရ၏။
သက်ရှိအစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်းကို သူမ သတိပြုလိုက်သောကြောင့် ရန်သူကို သတိမပြုမိစေရန်အတွက် ချက်ချင်းပင် မထိရဲတော့ပေ။
သူမက သူမ၏ လက်မောင်းကို ဂရုတစိုက် မြှောက်လိုက်ပြီး လည်ပင်းကို မထိစေဘဲ နား၏ နောက်ကွယ်ရှိ မိုက်ကရိုဖုန်းကို စမ်းလိုက်ပြီး နာမည်တစ်ခုကို ခပ်တိုးတိုး ခေါ်လိုက်လေသည်။
သူမ၏ အသံက ကျယ်ဝန်းလွန်းသော ထိုနေရာလွတ်ကြီးထဲတွင် ဟိန်းထွက်သွား၏။
တစ်ဖက်မှ မည်သည့်အသံကိုမျှ ထွက်မလာဘဲ တိတ်ဆိတ်နေရုံသာ ရှိသည်။
အပြင်ဘက်တွင် တစ်ခုခုကို ဖြစ်ပွားခဲ့သည်များလား။
သို့မဟုတ်လျှင် ကျင်းယန်က သူမနှင့် အဆက်အသွယ် ပြတ်တောက်သွားမည် မဟုတ်ပေ။
သို့သော် ယခုအချိန်တွင် သူမ လုပ်ဆောင်နိုင်သည့် နောက်ဆုံးအရာက မထိတ်လန့်ဘဲတည်ငြိမ်နေရန်သာ ဖြစ်ကြောင်းကို သူမ၏ စိတ်ထဲမှ သိရှိနေသည်။
သူမ တစ်ဦးတည်းသာ ရှိနေကြောင်းကို အတည်ပြုပြီးနောက်တွင် ယင်ရိလျိုက အသက်ကို ပြင်းပြင်းတစ်ချက်ကို ရှူလိုက်ပြီး ပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်လေ၏။
ဤနေရာက အားကစားကွင်းကြီးတစ်ခုကဲ့သို့ အလွန်ကျယ်ဝန်းသော နန်းတော်ပုံစံ အဆောက်အအုံကြီးပင် ဖြစ်သည်။
ပတ်ဝန်းကျင်ရှိ နံရံများတွင် အသေးစိတ်ထွင်းထုထားသော အပေါက်ငယ်ပေါင်းများစွာ ရှိနေပြီး အပေါက်တိုင်းတွင် လူသားတစ်ဦးစီ ရှိနေ၏။
ဤလူသားများက လူငယ်ရော လူကြီးပါ ပါဝင်ကြပြီး လူတိုင်းက မျက်လုံးများကို မှိတ်ထားကြသည်။
သူတို့၏ မျက်နှာများတွင် အမျိုးမျိုးသော အမူအရာများက ပေါ်လွင်နေပြီး စိတ်အာရုံချောက်ခြားမှုထဲတွင် နက်ရှိုင်းစွာ နစ်မျောနေပြီး ရုန်းမထွက်နိုင်ဘဲ ရှိနေကြ၏။
သူမကိုယ်တိုင်ကလည်း အပေါက်တစ်ခုထဲတွင် ရောက်ရှိနေခြင်း ဖြစ်သည်။
တခြားလူများကဲ့သို့ပင် သူမ၏ လည်ပင်းကို အစိမ်းရောင် နွယ်ပင်များဖြင့် ပတ်ထားပြီး အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် ထိုနွယ်ကလည်ပင်းကို ချိုးပစ်နိုင်သည်။
ယင်ရိလျို အစပိုင်းတွင် ဤနေရာကို နန်းတော်ဟု ထင်မှတ်ခဲ့သော်လည်း အနီးကပ် စစ်ဆေးကြည့်သည့်အချိန်တွင် မဟုတ်ကြောင်းကို တွေ့ရှိလိုက်ရသည်။
ပတ်ဝန်းကျင်ရှိ နံရံများကို အလွန်မာကျောသော ပစ္စည်းဖြင့် ပြုလုပ်ထားခြင်းမဟုတ်ဘဲ ကော်နှင့် ရောစပ်ထားသော ရွှံ့နွံတစ်မျိုးဖြင့် ပြုလုပ်ထားခြင်း ဖြစ်၏။
သူမက ပတ်ဝန်းကျင်ရှိ နံရံများကို လက်ချောင်းများဖြင့် ထိတွေ့ကြည့်သည့်အချိန်တွင် မြေကြီးများဖြစ်ကြောင်းကို တွေ့ရှိရသည်။
မြေကြီး၏ အပြင်ဘက်ရှိ ပျော့ပျောင်းသော်လည်း ခိုင်ခံ့သော ဂျယ်လီကဲ့သို့သော အရာက စစ်ထုတ်ရည်တစ်ခုနှင့် တူနေ၏။
သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ နွယ်ပင်များမှ စစ်ထုတ်လိုက်သော အရည်ဖြစ်ကြောင်းကို အတည်ပြုရန်အတွက် သူမ အချိန်အနည်းငယ် ယူခဲ့ရသည်။
ဤနေရာက နန်းတော်မဟုတ်ဘဲ အထူးပြုလုပ်ထားသော အပင်စစ်ထုတ်ရည်များဖြင့် တည်ဆောက်ထားသည့် မြေအောက် အဆောက်အအုံတစ်ခု ဖြစ်လေ၏။
ဤသည်မှာ ပျားအုံ ပုံစံအတိုင်း တည်ဆောက်ထားသည့် ကျယ်ဝန်းသော နေရာတစ်ခု ဖြစ်၏။
ဤလူသားများက လည်ပင်းများကို ထိန်းချုပ်ခံထားရပြီး ပျားအုံထဲတွင် တစ်ယောက်ပြီးတစ်ယောက် စုပြုံနေကြကာ ပျားဖယောင်းထဲတွင် ပိတ်လှောင်ခံထားရသော မွေးမြူထားသည့် အစားအစာများကဲ့သို့ ဖြစ်နေသည်။
ဘုရင်မပျား လိုအပ်သည့်အချိန်တွင် တစ်ဦးချင်းစီကို ထုတ်ယူ၍ စားသောက်ရန်အတွက် သိမ်းဆည်းထားခြင်း ဖြစ်ပုံ။၏။
သူမက ယခုအချိန်တွင် တခြားကလေးများ၏ တည်နေရာကို ပိုမို၍ စိုးရိမ်လာခဲ့သည်။
ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အချိန်တွင် သူမ၏ မျက်စောင်းထိုးရှိ အသိုက်တစ်ခုထဲ၌ လင်းချိုးချိုး ပိတ်မိနေသည်ကို တွေ့ရှိရပြီး သူမ၏ မျက်နှာက ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေ၏။
တခြားရင်းနှီးသော ကလေးငယ်များကလည်း အပေါက်အသီးသီးတွင် ပျံ့နှံ့နေကြသည်။
သူမ သက်ပြင်းတစ်ချက်ကို ချလိုက်မိ၏။
တစ်စုံတစ်ရာသော အကြောင်းပြချက်ကြောင့် ထျန်းထျန်း၏ ဆင့်ကဲပြောင်းလဲမှုအစွမ်းက အချိန်တိုအတွင်း သိသာစွာ တိုးတက်လာခဲ့သည်။
သူမကိုယ်တိုင် သတိမထားမိဘဲ ထိခိုက်မှုကိုခံရပြီး မည်သည့်အချိန်တွင် သတိလစ်သွားသည်ကို မသိရှိခဲ့ရပေ။
သူမ သတိပြန်လည်လာသည့်အချိန်တွင် အချိန်မည်မျှကို ကုန်ဆုံးသွားသည်ကို မသိရှိနိုင်တော့ပေ။
ယင်ရိလျိုက ပုံမှန်အားဖြင့် သတိမမူတတ်သူ ဖြစ်သော်လည်း ဤအချိန်တွင် မနိုးကြားဘဲ မနေနိုင်တော့ပေ။
သူမက အောက်ဘက်သို့ လက်လှမ်းလိုက်ပြီး သူမ၏ ခါး၏ နောက်ဘက်တွင် တိတ်တဆိတ် ချိတ်ဆွဲထားသော ချီထူ ဓားကို စမ်းကြည့်လိုက်လျှင် ဓားက ရှိနေဆဲဖြစ်ပြီး ထိုသူတို့က ရှာမတွေ့ခဲ့ကြောင်းကို သိလိုက်ရသည်။
သူမ ချက်ချင်းပင် စိတ်သက်သာရာ ရသွားခဲ့၏။
သူမ၏ ဘေးနားတွင် ဓားတစ်လက်က ရှိနေသောကြောင့် သူမ ပိုမို၍ ယုံကြည်မှု ရှိလာပေသည်။
အနည်းဆုံးတော့ သူမက တစ်ဦးတည်း တိုက်ခိုက်နေရခြင်း မဟုတ်တော့ပေ။
ဤအသက်ရှူကျပ်ဖွယ်ကောင်းသော ပျားအုံသဏ္ဌာန် အဆောက်အအုံထဲမှနေ၍ အပေါက်၏ အပြင်ဘက်ရှိ ကျယ်ဝန်းပြီး လင်းထိန်နေသော နေရာလွတ်ကြီးကို သူမက မြင်တွေ့ရသည်။
ဤသည်က ထူးဆန်းစွာ တိတ်ဆိတ်နေပြီး အပေါက်များအတွင်းရှိ လူသားများမှလွဲ၍ အ
တခြား မည်သည့် သတ္တဝါမျှ မရှိသကဲ့သို့ပင်။
ဤနက်ရှိုင်းသော တိတ်ဆိတ်မှုကြီးထဲ၌ တစ်စုံတစ်ခုနှင့် တိုက်မိသည့် အသံသဲ့သဲ့က ထွက်ပေါ်လာပေသည်။
အသံက မကျယ်လောင်ဘဲ နံရံတစ်ခုကို တစ်ခုခုဖြင့် ထိမိလိုက်သည့် အသံမျိုးသာ ဖြစ်၏။
သို့သော် ယင်ရိလျို၏ နားများက ထိုအသံကို ဖမ်းယူနိုင်လောက်အောင် စူးရှလွန်းသည်။
သူမ၏ ရင်ခုန်သံက မြန်လာခဲ့ပြီး အနောက်ဘက်ရှိ နံရံတွင် ချက်ချင်းပင် ကပ်လိုက်ပြီး မျက်လုံးများကို မှိတ်၍ အသေကောင်ကဲ့သို့ ဟန်ဆောင်နေလိုက်လေ၏။
တစ်ချိန်တည်းမှာပင် သူမ၏ လက်တစ်ဖက်ကို ခါးဆီသို့ ဖြည်းဖြည်းချင်း လှမ်းလိုက်ပြီးနောက် အနည်းငယ်မျှ လှုပ်ရှားလာသည်နှင့် ရန်သူ၏ လည်ပင်းကို ဖြတ်တောက်ရန်အတွက် သူမ၏ ဓား၏ နှစ်ဖက်သွားကို ဆွဲထုတ်ဖို့အတွက် အသင့်ပြင်ထားလိုက်လေသည်။
ခဏမျှ စောင့်ဆိုင်းပြီးနောက်တွင် ထိုတိုက်မိသံများက ငြိမ်သက်သွားပြီး တိတ်ဆိတ်မှုကပြန်လည်၍ ရောက်ရှိလာခဲ့လေသည်။
*