အခန်း ၂၃၀
Vol. 23 Ch. 230
အခန်း(230)
ယင်ရိလျိုက အသက်ကို အောင့်ပြီး အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သော်လည်း မည်သည့်လူ သို့မဟုတ် မည်သည့်သတ္တဝါကမှ သူမ၏ အမြင်အာရုံထဲတွင် ပေါ်မလာခဲ့ပေ။
ထိုအချိန်တွင် သူမ၏ အိတ်ကပ်ထဲ၌ သေးငယ်ပြီး အချောင်းလိုက် ပုံစံရှိသော အရာတစ်ခုကို သူမ စမ်းမိလိုက်ပေသည်။
သူမက ထိတ်လန့်သွားရပြီး ထုတ်ကြည့်လိုက်၍ ကျင်းယန်၏ ကိုယ်ပိုင် ဓားမြှောင်လေး ဖြစ်နေသည်ကို တွေ့ရှိလိုက်ရ၏။
ထိုသူက ဤဓားမြှောင်ကို ခန္ဓာကိုယ်နှင့် မကွာ ဆောင်ထားတတ်သည်။ သို့သော်လည်း လက်ရှိတွင် မည်သို့သော နည်းလမ်းဖြင့် သူမ၏ အိတ်ကပ်ထဲသို့ ထည့်ပေးလိုက်သည်ကို မသိနိုင်ပေ။
သူမ၏ စိတ်ထဲတွင် နွေးထွေးမှုများက လွှမ်းမိုးသွားရပြီး ထိုနွေးထွေးသော အရှိန်အဝါက သူမ၏ ထိတ်လန့်နေသော စိတ်ခံစားမှုများကို ငြိမ်သက်စေခဲ့၏။
သူမက သူမ၏ လက်ထဲရှိ ဓားမြှောင်ကို တင်းကျပ်စွာဆုပ်ကိုင်ထားလိုက်လေသည်။
ဤနေရာတွင် ငြိမ်သက်စွာ စောင့်ဆိုင်းနေရုံဖြင့် မည်သည့် သဲလွန်စကိုမှ ရရှိမည် မဟုတ်ကြောင်းကို သူမ သိရှိနေ၏။
သူမက ဓားမြှောင်ကို ဆွဲထုတ်လိုက်ပြီး လှိုဏ်ဂူပေါက်၏ ပတ်ဝန်းကျင်ကို ကြည့်လိုက်လေသည်။
ဤပျားအုံ၏ တည်ဆောက်ပုံက ဘဲဥပုံစံ အဝိုင်းပတ် ဖြစ်ပြီး အပြင်ဘက်က အထောက်အပံ့များကို ဤနွယ်ပင်များနှင့် ပျော့ပျောင်းသော အကျိအချွဲများဖြင့်သာ လုံးဝကို ဖွဲ့စည်းထားခြင်း ဖြစ်၏။
ပတ်ဝန်းကျင်တွင် မမြင်နိုင်သော အလင်းထုတ်လွှတ်သည့် အရာများကို မြှုပ်နှံထားသောကြောင့် အသိုက်ထဲရှိ အလင်းရောင်က မှောင်မည်းမနေခြင်းပင်။
သူမ၏ အမြင်အာရုံတစ်လျှောက်တွင် လူသားများ ရှိနေသော အပေါက်များအပြင် အသိုက်ကို အထောက်အပံ့ပေးထားသော နွယ်ပင်များက အပြင်ဘက်ရှိ မြေနံရံများတွင် တွယ်ကပ်နေကြ၏။
ယင်ရိလျိုက သူမနှင့် တစ်ဖက်ကမ်း၏ကြားရှိ အကွာအဝေးကို မျက်မှန်းဖြင့် တိုင်းတာလိုက်ပြီး အသက်ပြင်းပြင်းတစ်ချက်ကို ရှူလိုက်ပြီး စွန့်စားရန်အတွက် ဆုံးဖြတ်လိုက်လေသည်။
သူမက ညာဘက်၏ အပေါ်ဘက်ရှိ တစ်ဖက်နံရံကို ကြည့်လိုက်ပြီး နောက် ထိုနေရာတွင် တွယ်ကပ်နေသော နွယ်ပင်များဆီသို့ လက်ကို အားပြင်းပြင်းဖြင့် လွှဲပြီး ဓားမြှောင်ကို ပစ်ပေါက်လိုက်လေ၏။
ထက်လွန်းသော ဓားမြှောင်က လေထဲတွင် လျင်မြန်စွာ လည်ပတ်သွားပြီး ထူးခြားသော တိကျမှုဖြင့် နွယ်ပင်ပေါင်းများစွာကို ဖြတ်ကျော်သွားသည်။
တစ်မီတာခန့် အကွာအဝေးရှိသော ဓားသွားက တစ်ဖက်နံရံတွင် တင်းကြပ်စွာ စိုက်ဝင်သွားရ၏။
ဤဓား၏ ထက်ရှသော အစွန်းက နွယ်ပင်များကို ဖြတ်တောက်ပြီး ပျော့ပျောင်းသော မြေနံရံထဲသို့ စိုက်ဝင်သွားသည်။
ဖြတ်တောက်ပြီးနောက်တွင် သူမ၏ ရင်ခုန်သံက အဆက်မပြတ် မြန်နေ၏။
တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် သူမ၏ ရင်ခုန်သံကိုသာ သူမက ကြားနေရ၏။
အချိန်အတော်ကြာ စောင့်ဆိုင်းသော်လည်း ပတ်ဝန်းကျင်ရှိ နွယ်ပင်များက ရုန်းရင်းဆန်ခတ် ဖြစ်မလာသကဲ့သို့ နွယ်ပင်ကိုဖြတ်တောက်ခံရမှုကြောင့်လည်း မည်သူကမှ ပြေးမလာခဲ့ပေ။
ထိုအချိန်မှသာ သူမ၏ ရင်ခုန်သံက တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။
သူမ၏ လည်ပင်းရှိ နွယ်ပင်များကို ကြည့်ရင်း သူမက အံကို ကြိတ်ပြီး လက်ချောင်းထိပ်များမှ ထက်မြက်သော လက်သည်းများကို ထုတ်လိုက်လေသည်။
ထို့နောက် သူမ၏ လည်ပင်းရှိ အစိမ်းရောင်လည်ပတ်များကို ဖြတ်တောက်လိုက်လေ၏။
နွယ်ပင်က အလွန်မာကျောခြင်း မရှိသော်လည်း ပျော့ပျောင်းသော ရော်ဘာကို လှီးဖြတ်ရသကဲ့သို့ဖြစ်နေသည်။ ခိုင်ခံ့မှု ရှိလွန်းသောကြောင့် ရွံရှာဖွယ်ရာကောင်းသော ခံစားချက်ကို ဖြစ်ပေါ်စေသည်။
အနှောင်အဖွဲ့များမှ လွတ်မြောက်ပြီးသည့်တိုင်အောင် ယင်ရိလျို မယုံကြည်နိုင်ဖြစ်နေဆဲပင်။
သူမက စမ်းသပ်သည့်အနေဖြင့် အရှေ့သို့ ခြေလှမ်းကို နှစ်လှမ်း လှမ်းလိုက်ပြီးနောက်တွင် လှိုဏ်ဂူပေါက်ဝထဲရှိ နံရံတွင် သူမ၏ ခန္ဓာကိုယ်ကို ကပ်ထားပြီး အပြင်ဘက်သို့ တဖြည်းဖြည်း ချောင်းကြည့်လိုက်လေသည်။
ဤမြေအောက်အသိုက်၏ တည်ဆောက်ပုံတစ်ခုလုံးကို မြင်တွေ့လိုက်ရသည့်အချိန်တွင် သူမက အံ့ဩလွန်းသောကြောင့် အသက်ရှူပင် မှားသွားခဲ့ရ၏။
သူမ၏ ခြေထောက်နှင့် မလှမ်းမကမ်းတွင် အမှောင်ထုထဲသို့ ဆန့်တန်းနေသော ပြန့်ပြူးသည့် နေရာတစ်ခုက ရှိနေပြီး ဤသည်က ဤမြေအောက်နန်းတော်၏ ဝင်ပေါက်နှင့် တူသည်။
သူမ၏ အပေါ်ဘက်တွင် မြင့်မား၍ ကျယ်ဝန်းသော စက်ဝိုင်းပုံ ခုံးကျော်အမိုးကြီးက ရှိနေလေ၏။
ဤအမိုး၏ အောက်ဘက်တွင် ရေတွက်၍ မရနိုင်သော အပေါက်ပေါင်းများစွာက ရှိနေပြီး အများစုကစိတ်အာရုံချောက်ခြားမှုထဲ၌ ပိတ်မိနေသော လူသားများသာ ဖြစ်ပေ၏။
ဝူဝေ့ရုန် ဤနေရာသို့ လှည့်စားခေါ်ဆောင်လာသော လူအရေအတွက်ကို သူတို့၏ ခန့်မှန်းမှုတို့ လွဲခဲ့ကြဟန် တူသည်။
ထိုလူများက တစ်ထောင်ထက်ပင် များနိုင်သည်။
ရေတွက်၍ မရနိုင်သော လှိုဏ်ဂူဝမှ အပေါက်များ၏ အပြင် ကျယ်ဝန်းပြီး ပွင့်လင်းနေသော မြေပြင်ပေါ်ရှိ တခြားသောနေရာတချို့ကလည်း ယင်ရိလျို၏ အာရုံကို ဖမ်းစားလိုက်လေသည်။
သူမ၏ ပတ်ဝန်းကျင်တွင် သူမတစ်ဦးတည်းကသာ သတိရှိနေသော သတ္တဝါအဖြစ် ရှိနေသည်ကို မြင်လျှင် မည်သည့်အရာများဖြစ်နေသည်ကို သူမ ရှာဖွေရမည်ဟု ခံစားလိုက်ရ၏။
ဖြစ်နိုင်သည်မှာ ဤအချက်က ဝူဝေ့ရုန်က ကျရှုံးသူများကို ဗဟိုအစိုးရထံမှ အဝေးသို့ ခေါ်ဆောင်သွားပြီးနောက် သာမန်လူအမြောက်အမြားကို ဖမ်းဆီးရသည့် အကြောင်းရင်းပင် ဖြစ်ပေလိမ့်မည်။
သူမက အလွန်ပေါ့ပါးသော ခြေလှမ်းများဖြင့် လှိုဏ်ဂူ၏ အပေါ်မှ ခုန်ဆင်းလိုက်၍ မည်သည့်အသံမျှ ထွက်မလာဘဲ နံရံတွင် ခန္ဓာကိုယ်ကို ကပ်၍ ထိုအရပ်မျက်နှာဆီသို့ ဖြည်းဖြည်းချင်း ရွှေ့လျားသွားခဲ့၏။
သူမက ပို၍ နီးကပ်လာလေလေ ပို၍ ရှင်းလင်းစွာ မြင်တွေ့လာရလေလေ ဖြစ်သည်။
ဤသည်မှာ ဘီမြို့တော်ရှိ သုတေသနဌာနတွင် သူမက မြင်တွေ့ခဲ့ရဖူးသော ပစ္စည်းမျိုးနှင့် တူသည့် များပြားလွန်းသော ဧရာမ ဖန်အိုးကြီးများပင် ဖြစ်၏။
၎င်းတို့၏ အထဲ၌ နီရဲသော အရည်များဖြင့် ပြည့်နှက်နေပြီး တစ်စုံတစ်ခုကို ထိုအထဲ၌ စိမ်ထားဟန် တူသည်။
သူမ၏ စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခုက ရှိနေသောကြောင့် ဖန်အိုးထဲရှိ အရာကို မြင်တွေ့ရသည်အထိ တဖြည်းဖြည်း အရှေ့သို့တိုးသွားခဲ့သည်။
ထို့နောက် ထိုမြင်ကွင်းကြောင့် သူမက ထိတ်လန့်သွားပြီး အနောက်သို့ တစ်လှမ်း ဆုတ်လိုက်မိ၏။
ဖန်အိုးတစ်ခုစီတွင် လူသားတစ်ဦးစီက ပါဝင်ပြီး နီရဲသော အရည်များထဲတွင် ပိတ်လှောင်ခံထားရခြင်း ဖြစ်သည်။
ဤအရည်က မည်သည့်အရာဖြစ်ကြောင်းကို ယင်ရိလျိုက အလွန်ရှင်းလင်းစွာ သိရှိနေ၏။
သူမက ဧရာမ သစ်ပင်ကျင်းကြီး၏ အောက်ဘက်တွင် သူမနှင့် ကျင်းယန်ကို လုံးဝကို လွှမ်းခြုံထားခဲ့သည့် နှလုံးပုံသဏ္ဌာန် နီရဲသည့် ရေအိတ်ကြီးကို တစ်ကြိမ်မြင်တွေ့ခဲ့ဖူးသည်။
ဤသည်က မူလကျောက်မှ ထုတ်ယူရည် ဖြစ်ပေ၏။
သို့မဟုတ်လျှင် မူလကျောက်ထဲရှိ လျှို့ဝှက်ဆန်းကြယ်သော ဒြပ်စင်များက ပါဝင်သည့် ဖျော်ရည် ဖြစ်ပြီး ဆင့်ကဲပြောင်းလဲသူများ၏ အစွမ်းကို မြှင့်တင်ပေးနိုင်ခြင်း ဖြစ်လောက်သည်။
ဤဖန်အိုးများထဲရှိ လူသားများက လုံးဝကို လူသားပုံစံ မဟုတ်ကြတော့ပေ။
သူတို့က ကျရှုံးသွားသော သန္ဓေပြောင်းသတ္တဝါများကဲ့သို့ ဖြစ်နေပြီး တချို့သော အစိတ်အပိုင်းများတွင် လူသားခန္ဓာကိုယ် ရှိနေသော်လည်း တခြားနေရာများတွင် ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါများ၏ ခန္ဓာကိုယ်များ ရှိနေကာ ပိတ်လှောင်ခံထားရသော မိစ္ဆာများကဲ့သို့ပင် ဖြစ်နေသည်။
လူတိုင်း၏ မျက်နှာက နာကျင်မှုများဖြင့် ပြည့်နှက်နေပြီး မည်သူကမျှ ငြိမ်းချမ်းစွာ အိပ်ပျော်မနေကြခဲ့ပေ။
သူတို့ ဝတ်ဆင်ထားဆဲဖြစ်သော အဝတ်အစားများကို ကြည့်ခြင်းအားဖြင့် ဤလူများမှာ ယခင်က အနီးအနားရှိ အခြေစိုက်စခန်းမှ သာမန်လူများသာ ဖြစ်ခဲ့ကြကြောင်းကို ယင်ရိလျို သိမြင်နိုင်၏။
သူတို့က သန္ဓေပြောင်းသူများ ဖြစ်ကြသော်လည်း အလွန်ပိန်လှီနေကြဆဲ ဖြစ်ပြီး လူသားခန္ဓာကိုယ်၏ အစိတ်အပိုင်းများကလည်း တစ်နေရာနှင့်တစ်နေရာ မကိုက်ညီသကဲ့သို့ ဖြစ်နေ၏။
ဝူဝေ့ရုန်က ဤမျှများပြားသော လူသားများကို လှည့်စားပြီး မည်သည့်အရာများကို လုပ်ချင်သည်ကို သူမ နောက်ဆုံးတွင် နားလည်သွားခဲ့ရသည်။
သူက သူ၏ ကိုယ်ပိုင်အတွက် အသုံးချရန်အတွက် သန္ဓေပြောင်း သတ္တဝါများကို အမြောက်အမြား ထုတ်လုပ်ရန်အတွက် ကြိုးပမ်းနေခြင်း ဖြစ်၏။
သို့သော် အောင်မြင်စွာသန္ဓေပြောင်းပြီးသော ဆင့်ကဲပြောင်းလဲသူများကို ဝူဝေ့ရုန်က အဘယ်ကြောင့် ဤဖန်အိုးများထဲတွင် စိမ်ထားရသည်ကို သူမ နားမလည်နိုင်သေးပေ။
ဤသည်က သူတို့၏ အစွမ်းကို မြှင့်တင်ရန်အတွက်သာ ဖြစ်နိုင်ပါ့မလား။
ထိုသို့ မဖြစ်နိုင်ပေ။
တခြားသော ပူးပေါင်းကြံစည်မှု တစ်ခုခုကို ရှိနေရမည်။
ယင်ရိလျို၏ စိတ်ထဲတွင် ရှုပ်ထွေးနေလေ၏။
သူမက သူမ၏ ရင်ဘတ်ပေါ်ရှိ ခလုတ်ကင်မရာကို စစ်ဆေးလိုက်သည်။ ထုတ်လွှင့်မှုအပိုင်းက အလုပ်မလုပ်တော့သော်လည်း အခြေခံကျသော မှတ်တမ်းတင်ခြင်းလုပ်ဆောင်ချက်က အလုပ်လုပ်နေဆဲပင်ဖြစ်ကြောင်းကို တွေ့ရှိလိုက်ရသည်။
သူမက ကင်မရာကို အနည်းငယ် ချိန်ညှိလိုက်ပြီးနောက်တွင် ဖွင့်လိုက်ပြီး ဖန်အိုးများထဲတွင် စိမ်ထားသည့် သန္ဓေပြောင်း သတ္တဝါ တစ်ဦးချင်းစီကို ထိပ်မှခြေဖျားအထိ မှတ်တမ်းတင် ရိုက်ကူးလိုက်လေ၏။
ဤအရာများက အနာဂတ် သုတေသနများအတွက် အဖိုးတန်သော အထောက်အထားများ ဖြစ်လာပေလိမ့်မည်။
သူမက ကြည့်လေလေ ပို၍ ထိတ်လန့်တုန်လှုပ်မိလေလေပင်။
ထိုလူများ၏ ကြွက်သားများက ဖောင်းကြွပွယောင်းနေသည့် အခြေအနေတွင် ရှိနေရုံသာမက၊ တစ်စုံတစ်ရာသော အကြောင်းရင်းကြောင့် ပြင်းထန်သော နာကျင်မှုကို ခံစားနေရပုံလည်း ပေါ်လွင်နေသည်။
ရုတ်တရက် ဖန်အိုးတစ်လုံးကို ထုရိုက်ခံလိုက်ရသည့် အသံတစ်ခုက ထပ်မံ၍ ထွက်ပေါ်လာခဲ့၏။
သူမက အလွန် လန့်ဖျပ်သွားရသောကြောင့် သူမ၏ အရေခွံထဲမှပင် ခုန်ထွက်မတတ် ဖြစ်သွားရသည်။
သူမက ရုတ်ချည်းပင် အနောက်သို့ လှည့်ကြည့်လိုက်လေ၏။
ဖန်လုံအိမ်ထဲရှိ သန္ဓေပြောင်းလူသားများထဲမှ တစ်ဦးက နိုးနေပြီး သူ၏ အရှေ့ရှိ ဖန်အိုးကို တဒုန်းဒုန်းနှင့် အဆက်မပြတ် ထုရိုက်နေသည်ကို တွေ့လိုက်ရသည်။
သူမက ယခင်က ကြားခဲ့ရသည့် တိုးလျှိုးသည့် ထုရိုက်သံကလည်း ဤသူ့ထံမှ ထွက်ပေါ်လာခြင်း ဖြစ်ပေလိမ့်မည်။
ယင်ရိလျိုက သူမ၏ လက်ထဲရှိ အလွတ်ဖြစ်နေသော မြှောင်ဓားအိမ်ကို စမ်းသပ်ကိုင်တွယ်ရင်း သတ္တိမွေးလိုက်ရ၏။
သူမက ဖန်အိုး၏ ဘေးဘက်သို့ ဖြည်းညှင်းစွာ တိုးကပ်သွားသည်။
ဖန်အိုးထဲ၌ အမျိုးသားတစ်ဦးရှိနေပြီး၊ သူ၏ အဝတ်အစားများက အစုတ်စုတ်အပြတ်ပြတ် ဖြစ်နေကာ သူ၏ ကြွက်သားထုကြီးသော ခန္ဓာကိုယ်တွင် ပတ်နှောင်လျက် ရှိနေ၏။
သူ၏ ကိုယ်အထက်ပိုင်းက လူသားတစ်ဦး၏ ပုံသဏ္ဌာန်ဖြစ်ပြီး၊ မူလကျောက်တုံးမှ ထုတ်ယူထားသော အရည်၏ ဓာတ်ကူမှုကြောင့် အလွန်ပင် သန်မာထွားကျိုင်းနေသည်။
ယင်ရိလျို၏ အကြည့်က သူ၏ ခန္ဓာကိုယ်အောက်ပိုင်းသို့ ကျရောက်သွားသည့်အချိန်တွင် ထိုအမျိုးသား၏ ဝမ်းဗိုက်အောက်ပိုင်းမှစ၍ တိရစ္ဆာန်ခြေထောက် နှစ်ချောင်း ဖြစ်နေသည်ကို မြင်လိုက်ရ၏။
သူ၏ ပေါင်များက ထူးခြားစွာ သန်မာသော တင်ပဆုံရိုးများနှင့် ဆက်သွယ်ထားပြီး မီးခိုးရောင် ရောယှက်နေသည့် အမည်းရောင် အမွှေးအမျှင်များက ဖုံးလွှမ်းနေကာ သူ၏ ခြေသလုံးများက ခြေဖျားအထိ အလွန်ပင် သွယ်လျနေသည်။
ဤသည်က မြင်းခွာကဲ့သို့သော ခြေထောက်များ ဖြစ်ကြ၏။
သူ၏ ဦးခေါင်းပေါ်တွင် ကွေးညွတ်နေသော မီးခိုးရောင်သန်းနေသည့် အမည်းရောင် ဦးချိုတစ်စုံက ရှိနေသည်။
ယင်ရိလျိုက မည်မျှပင် ပြန်လည်၍ စဉ်းစားကြည့်ပါသော်လည်း ဤသည်က မည်သို့သော သတ္တဝါမျိုး ဖြစ်ကြောင်းကို သူမက မမှတ်မိနိုင်ပေ။
သူ၏ ခန္ဓာကိုယ်က ဖန်အိုးကို အဆက်မပြတ် တိုက်မိနေပြီး၊ တစ်ဝက်ခန့် ပွင့်နေသော သူ၏ မျက်ဝန်းများက နာကျင်မှုနှင့် အသနားခံမှုများဖြင့် ပြည့်နှက်နေသည်။
သူက ဖန်သားပြင်မှတစ်ဆင့် ယင်ရိလျိုကို ကြည့်နေပြီး၊ သူ၏ နှုတ်ခမ်းများက အနည်းငယ် ပွင့်ဟလျက် တစ်စုံတစ်ခုကို ပြောဆိုနေ၏။
“ကျွန်တော့်ကို ကယ်ပါ.. ကယ်.. ပါဦး”
*