အခန်း ၁၃၁၆
Vol. 132 Ch. 1316
အခန်း (၁၃၁၆) သေလမ်းရှာခြင်း ၂
ထိုက်ရွှီ ဆေးဧကရာဇ်က မဟာကပ်ဘေးတွင် ကံကြမ္မာသတ်မှတ်ထားသူဖြစ်သည်မှာ ဤမျှ ထင်ရှားနေသော်လည်း၊ ဤကျော်ကြားပြီး အားကောင်းသော ပုဂ္ဂိုလ်ကြီးများ အားလုံးက မျက်ကန်းဖြစ်နေကြသည်များလောဟု ကျောက်စိမ်းရေကန်မှာ သိပ်နားမလည်နိုင်ခဲ့ပေ။
"ထွက်သွားဖို့ အချိန်တန်ပြီ။" အဘွားအိုက သူမ၏ လက်ချောင်းပေါ်ရှိလက်စွပ်ကို ထိလိုက်၏။ သူမက ချင်းကွမ်းတောင်သို့ ဝင်ရောက်ခဲ့ပြီး မဟာစွမ်းရည်၏အစိတ်အပိုင်းများကို ရရှိထားပြီး ဖြစ်သည်။
ယခုအခါ တပည့်များအားလုံး မြောက်ပိုင်းတိုက်ကြီးမှ ထွက်သွားကြပြီဖြစ်ရာ ယခုထွက်ခွာသွားခြင်းက လုံးဝထင်ရှားမည် မဟုတ်ပေ။ သူမအနေဖြင့် ပုန်းအောင်းရန် မသေမျိုးတောင် တစ်တောင်ကိုသာရှာဖွေသင့်ပြီး ကပ်ဘေးပြီးမှ ပြန်လာသင့်၏။
အရာများစွာကို ဖြတ်သန်းပြီးနောက် ကျောက်စိမ်းရေကန်က နောက်ဆုံးတွင် ၎င်းကို ရှင်းလင်းစွာ မြင်တွေ့နိုင်ခဲ့ပြီ ဖြစ်သည်။
မှော်ပညာများနှင့် နတ်ဘုရား စွမ်းရည်များနှင့် နှိုင်းယှဉ်ပါက၊ ကျင့်ကြံရန်နှင့် အသက်ရှည်လျားရန်စစ်မှန်သောလမ်းကြောင်းမှာ ကိုယ့်ကိုယ်ကိုယ် ရှင်းလင်းစွာမြင်တွေ့နိုင်ခြင်းသာ ဖြစ်၏။
လေပြင်းမုန်တိုင်းလာသည့်အခါ၊အဝတ်ထုတ်ဆွဲပြီး ထွက်သွားလိုက်ရုံပင်။
...
တစ်ပိုင်းပြိုကမ်းပါး အနီးရှိသစ်ပင်ကြီးထက်တွင်...
လင်းရွှီကျစ်က အရှေ့ရှိလူငယ်လေးကို ခံစားချက်ကင်းမဲ့စွာကြည့်နေ၏။ မသေမျိုးနန်းတော် တွင် တစ်ဖက်လူပြောခဲ့သော စကားများက၊ ဆရာတစ်ဦးဖြစ်သော သူ၏မျက်နှာကို အမှန်တကယ် ဖြတ်ရိုက်လိုက်သကဲ့သို့ ဖြစ်နေသည်။
ဆရာသခင်ကိုသတ်ဖြတ်ခဲ့သည့် နာကြည်းမှုကို မေ့ဖို့ မရဲဝံ့ဘူးဟုပြောသည်မှာ ဘာအဓိပ္ပာယ်နည်း။
သူက တိမ်တိုက်များပေါ်တွင် အလွန်ကောင်းမွန်စွာ ထိုင်နေသေးသည်မဟုတ်လော။
သခင်နှစ်ဦးကို အလုပ်အကျွေးပြုခြင်းက လူသားမဆန်ခြင်းပင်။
ဤအဖြစ်အပျက်က လင်းရွှီကျစ်၏ ယခင် အတွေးများအားလုံးကို လုံးဝ ဖယ်ရှားပစ်လိုက်ပြီး၊ တပည့်သစ်တစ်ယောက် လက်ခံရန်စိတ်ကူး လုံးဝ မရှိတော့ပေ။
အကယ်၍ ထို ပိုးကောင်နတ်ဆိုးကို မမေ့နိုင်ဘူးဆိုလျှင် တောင်ပိုင်းတိုက်ကြီးဆီကိုသာ ပြန်လှိမ့်သွားလိုက်ပါက ပိုကောင်း၏။
လင်းရွှီကျစ်က ရှန်းယီကို တပည့်တစ်ဦးအဖြစ် အမှန်တကယ် မဆက်ဆံခဲ့လျှင်ပင်၊ သူက အကြီးအကဲတစ်ဦးဖြစ်ပြီး၊ အထူးသဖြင့် ဂိုဏ်းတူ ဂျူနီယာတပည့်များ အားလုံး၏ရှေ့တွင် တစ်ဖက်လူက သူ့ကိုဤကဲ့သို့သော သဘောထားဖြင့် မဆက်ဆံသင့်ပေ။
လင်းရွှီဂူကို စောင့်ရှောက်ရန် ဤသူကို မလိုအပ်ခဲ့ပါက၊ ဤဦးနှောက်မရှိသော သတ္တဝါကို သူ၏ ဂိုဏ်းမှ သေချာပေါက်နှင်ထုတ်ပစ်ခဲ့ပါလိမ့်မည်။
ကောင်းမွန်သည့် အခြေအနေတွင် တည်ငြိမ်စွာမနေထိုင်ဘဲ ဤကဲ့သို့ဟန်ရေးပြဖို့ ကြိုးစားနေသေး၏။ အကယ်၍ လင်းရွှီဂူ၏အနာဂတ် ပျက်စီးသွားပါက ဤကျေးဇူးကန်းသည့်တပည့်ကို သူ သေချာပေါက် ပေးဆပ်ခိုင်းရမည်။
"ငါ မင်းကို နောက်တစ်ကြိမ်သတိပေးလိုက်မယ်၊ အရှေ့ပိုင်းတိုက်ကြီးကို သွားမယ့် ဒီခရီးစဉ်က ရေစီးကြောင်းအတိုင်းလိုက်သွားရုံ သက်သက်ပဲ။ တည်တည်ငြိမ်ငြိမ်နေ။ တကယ်လို့ပြဿနာ တစ်ခုခုဖြစ်လာရင် ဂိုဏ်းရဲ့စည်းမျဉ်းတွေကို ကျင့်သုံးတဲ့အတွက် ငါ့ကိုအပြစ်မတင်နဲ့။"
"ငါတို့အကြီးအကဲတွေ ဆွေးနွေးလို့ပြီးသွားရင်၊ ငါတို့လည်း အရှေ့ပိုင်းတိုက်ကြီးကို သွားကြမှာပဲ။ မင်းကို ဘယ်သူမှမထိန်းချုပ်နိုင်ဘူးလို့ မထင်နဲ့။"
"မင်း မှတ်မိလား။"
လင်းရွှီကျစ်၏ ရင်ထဲတွင် ဒေါသများ လောင်ကျွမ်းနေပြီး၊ ဂိုဏ်းဝင်အများအပြားနှင့် သဘောတူညီချက်ရရှိထားပြီးဖြစ်ကာ မြောက်ပိုင်းတိုက်ကြီး၏ တာအိုနယ်မြေများ ပြောင်းလဲခြင်းမရှိဘဲ ကျန်ရှိနေမည်ကို အာမခံထားသဖြင့်၊ ရှန်းယီ အနေဖြင့် ၎င်းကိုကြီးကြပ်ထားရန် သူ၏ကြိုးပမ်းမှုများကို မြှုပ်နှံထားရန်မလိုအပ်တော့ဘဲ သူ၏အသက်သာအရေးကြီးတော့သဖြင့် သူ၏စကားများမှာများစွာ ပိုမို ကြမ်းတမ်းလာခဲ့သည်။
"တပည့် နားလည်ပါတယ်။"
ရှန်းယီ၏ အမူအရာက တည်ငြိမ်နေပြီး တစ်ဖက်လူ၏သဘောထား ပြောင်းလဲသွားမှုအပေါ် မကျေနပ်မှု မပြသခဲ့ပေ။
လောလောဆယ်တွင် သူက မသေမျိုးသုံးပါးဂိုဏ်းမှ အဆင့်အတန်း တစ်ခုကို လိုအပ်နေသေးသည်။ ထိုမျှသာ ဖြစ်၏။
"အခြားညွှန်ကြားချက်တွေ မရှိတော့ဘူးဆိုရင်၊ တပည့်အရင် ထွက်သွားပါရစေ။"
"သွား..။" လင်းရွှီကျစ်က စိတ်မရှည်စွာဖြင့် သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်၏။
ရှန်းယီက အနည်းငယ် ခေါင်းညိတ်ပြပြီး ချောက်ကမ်းပါးဆီသို့ နောက်သို့ လှည့်သွား၏။ ဤရက်များအတွင်း သူက အသက်မဲ့ဓား နှင့် ဇင်တောင်ဝှေးအပြင် သူ၏ဓမ္မကိုယ်ထည်နှစ်ခုကိုပါ နောက်တစ်ကြိမ်ရင်းနှီးကျွမ်းဝင်အောင် လုပ်ဆောင်ခဲ့၏။
သူက အပြည့်အဝပြင်ဆင်ထားသည်ဟု ဆိုနိုင်ပါသည်။
သို့သော် ထိုသို့ဖြစ်လင့်ကစား၊ နာမည်ကျော် မဟာလွတ်လပ်ခြင်းဗောဓိသတ္တတစ်ပါးကို ရင်ဆိုင်ရမည်ဆိုပါက သူ၏အနိုင်ရနိုင်ခြေမည်မျှရှိမည်ကို ရှန်းယီ မသိသေးပေ။
တောင်ပိုင်းဍုမေဏုရှိ မဟာလွတ်လပ်ခြင်းဗောဓိသတ္တအများအပြားထဲတွင်၊ သန့်စင်သောကမ္ဘာ ဆရာတော်က ထင်ရှားကျော်ကြားပြီး တောင်ပိုင်းတိုက်ကြီး၏ လောကီရေးရာများကို အုပ်ချုပ်ရာတွင် အစစ်အမှန်ဗုဒ္ဓ ကို ကိုယ်စားပြုနေရာ၊ သူ၏ စွမ်းရည်များမှာ သဘာဝကျကျပင် စကားလုံးများဖြင့် ဖော်ပြ၍မရအောင် ကြီးမားလှပါသည်။
သို့သော် ယုံကြည်မှုမရှိခြင်းမှာ တစ်ကဏ္ဍဖြစ်ပြီး၊ ရှန်းယီ အနေဖြင့် ဤသူက သူ့ကိုမြောက်ပိုင်းတိုက်ကြီးတွင် ဆက်လက် ပိတ်လှောင်ထားခွင့် လုံးဝ မပြုနိုင်ပေ။ နောက်ဆုံးတွင် သူ ထွက်ခွာသွားရမည်။
"ဂျူနီယာညီလေးထိုက်ရွှီ၊ ငါ ထပ်ရောက်လာပြန်ပြီ။"
ဤအခိုက်အတန့်တွင် ချီရှန်းက တစ်ပိုင်းပြိုကမ်းပါး၌ အချိန်အတော်ကြာ စောင့်နေခဲ့ပြီ ဖြစ်သည်။
သို့သော် ယခင်က ကြင်နာဟန်ဆောင်မှုနှင့် နှိုင်းယှဉ်ပါက၊ ဤတစ်ကြိမ်တွင် သူက ဟန်ဆောင်လိုစိတ်ပင်မရှိတော့ဘဲ အတုအယောင်အပြုံးတစ်ခုဖြင့် လှမ်းကြည့်နေခဲ့၏။
ဤ အစစ်အမှန်အရှင် ထိုက်ရွှီက သူ၏အဆိုပြုချက်ကို ငြင်းပယ်ပြီးဖြစ်ရာ ၎င်းမှာစစ်ကြေညာခြင်းနှင့် တူညီပါသည်။
ထို့အပြင် မသေမျိုးများ စုစည်းချိန်တွင် ချီရှန်း က ဤသူကြောင့် မျက်နှာပျက်ခဲ့ရသဖြင့်၊ သူ့ကို အော့နှလုံးနာစေရန်အခွင့်အရေးတိုင်းကို ပို၍ပင် ဆုပ်ကိုင်လိုနေခဲ့သည်။
သူ့တွင် မကောင်းသောရည်ရွယ်ချက်များ ရှိနေကြောင်း ရှန်းယီ သိထားသော်လည်း သူ ဘာလုပ်နိုင်မည်နည်း။ အစစ်အမှန်အရှင် ထိုက်ရွှီက မသေမျိုးသုံးပါးဂိုဏ်း၏ ထိပ်တန်း တပည့်ဖြစ်ရာ၊ သူ၏ ဂိုဏ်းတူ ညီအစ်ကိုများနှင့် မပူးပေါင်းဘဲ ဗောဓိဂိုဏ်း၏ ဖိနှိပ်မှုကို ရင်ဆိုင်ရချိန်တွင် အကူအညီပေးမည့်လက်ကို သူ ငြင်းပယ်သင့်သည်လော။
"ငါလည်း အရှေ့ပိုင်းတိုက်ကြီးကို သွားဖို့ စီစဉ်ထားတာဆိုတော့၊ လမ်းမှာ ဘာလို့ အတူတူမသွားရမှာလဲ။" ရှန်းယီက ထူးဆန်းသော အကြည့်ဖြင့် လှမ်းကြည့်လိုက်၏။
"ဘာလဲ ဂျူနီယာညီလေးက ငါ့ကို အထင်သေးနေတာလား။" ချီရှန်းက မျက်ခုံးပင့်ကာ ခနဲ့တဲ့တဲ့ လေသံဖြင့် ပြောလိုက်၏။
သူ ရှန်းယီနှင့် နီးကပ်စွာ နေလိုရသည့် အကြောင်းရင်းမှာ ချင်းကွမ်းမသေမျိုးထံ ပေးထားသော ကတိအပြင်၊ အခြား အတွေးများကြောင့်လည်း ဖြစ်သည်။
မသေမျိုးသုံးပါးဂိုဏ်း၏ တပည့်များက မြောက်ပိုင်းတိုက်ကြီးမှ ဤမျှအမြောက်အမြားထွက်ခွာသွားကြသဖြင့် ဗောဓိဂိုဏ်းက သေချာပေါက် လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။ တစ်ဦးတစ်ယောက်၏ကျင့်ကြံခြင်း မြင့်မားနေလျှင်ပင်၊ ကပ်ဘေးတစ်ခုနှင့် မကြုံတွေ့ရဘူးဟု အာမခံချက် မရှိပေ။
သို့သော် ဤထိပ်တန်း တပည့်"ယက အရှေ့ဆုံးတွင် ရှိနေသဖြင့်၊ အားကောင်းသော ပြိုင်ဘက် တစ်ဦးနှင့် ကြုံတွေ့ရလျှင်ပင် ပြဿနာက တစ်ဖက်လူဆီသို့ အရင်ဆုံး ဦးတည်သွားပေလိမ့်မည်။
"မင်းသဘောအတိုင်းပဲ။"
ရှန်းယီက ခေါင်းခါလိုက်ပြီး ငြင်းဆိုမည့် အရိပ်အယောင် မပြခဲ့ပေ။
ဒုတိယအဆင့်သို့ ရောက်ရှိပြီးနောက် ထိုက်ရွှီ နယ်ပယ်က ယခင်က ၎င်း၏ကြောက်မက်ဖွယ်ကောင်းသော ကာကွယ်မှုအာနိသင်ကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ ရွှေမသေမျိုးတစ်ပါးနှင့် မဟာလွတ်လပ်ခြင်းဗောဓိသတ္တ တစ်ပါးအတွက်မူ ၎င်းမှာ ပါးလွှာသော ဇာပုဝါ တစ်ခုကဲ့သို့ပင်။
လင်းရွှီကျစ်ပင်လျှင် ၎င်းကို လွယ်ကူစွာ မြင်တွေ့နိုင်ပြီး ဆုတ်ဖြဲနိုင်ပါသည်။
ရှန်းယီက မင်္ဂလာတိမ်တိုက် ကို ခေါ်ယူကာ ကောင်းကင်ယံသို့ တိုက်ရိုက် ပျံသန်းသွား၏။
ချီရှန်းက ယဉ်ကျေးမှု မရှိဘဲ နောက်မှ လိုက်ပါသွားကာ အခြားတိမ်တိုက်တစ်ခုပေါ်တွင် စီးနင်းလိုက်ပြီး၊ အလင်းတန်း နှစ်ခုက မသိသာသော အရှိန်အဟုန်ဖြင့်မြောက်ပိုင်းတိုက်ကြီး မှ ထွက်ခွာသွားတော့သည်။
"ဂျူနီယာညီလေးရဲ့ ကျင့်ကြံခြင်းနဲ့တောင်၊ မင်းက တကယ်ပဲအဖုတ်ခံရ၊မင်းရဲ့ဆရာတောင် အခုတ်ခံလိုက်ပြီး မြောက်ပိုင်းတိုက်ကြီးကို အသက်လု ထွက်ပြေးခဲ့ရတယ်ပေါ့။ ကျွတ်.. ကျားနဂါးဖိနှိပ်ခြင်းဗောဓိသတ္တမှာ ဘယ်လိုမျိုး ထူးခြားတဲ့ စွမ်းရည်တွေရှိနေမလဲဆိုတာ ငါ တကယ်ကို သိချင်သွားပြီ။"
အရှက်ရစရာ အတွေ့အကြုံများစွာကြုံပြီးနောက်၊ ချီရှန်းက ရှန်းယီ၏ကိစ္စရပ်များကို သေချာစွာ စူးစမ်းလေ့လာရန် အားထုတ်မှုများစွာပြုလုပ်ခဲ့ကြောင်း ရှင်းလင်းနေ၏။
သူတို့က မသေမျိုးသုံးပါးဂိုဏ်း၏ စီရင်ပိုင်ခွင့်မှ ထွက်ခွာလာခဲ့ကြသော်လည်း မြောက်ပိုင်းတိုက်ကြီးမှလေးတင် ထွက်ခွာလာခြင်းဖြစ်ရာ၊ ပြဿနာများစွာ ကြုံတွေ့ရဖွယ်မရှိပေ။ သူက နောက်မှ အေးအေးလူလူ လိုက်ပါလာပြီး၊ လမ်းပေါ်ရှိ ဤငြိမ်းချမ်းမှုကို အခွင့်ကောင်းယူကာ သူ၏ နာကြည်းမှု အချို့ကို ထုတ်ဖော်နေခြင်း ဖြစ်သည်။
သို့သော် ချီရှန်း အံ့အားသင့်သွားစေသည်မှာ၊ သူ၏ ရန်သူ၏အမည်ကို ကြားသောအခါ၊ ရှန်းယီက ယခင်က မသေမျိုးနန်းတော်တွင် ဤကိစ္စကို ထုတ်ဖော်ပြောဆိုစဉ်က ဟန်ပန်နှင့် မတူဘဲ လုံးဝ တုံ့ပြန်မှု မရှိခဲ့ပေ။
"ဂျူနီယာညီလေး၊မြွေကိုက်ခံရလို့ အခုချိန်ထိ မြွေမြင်ရင်လန့်သလို စိတ်ဒဏ်ရာရနေသေးတာများလား။"
ဤလူငယ်လေး တိတ်ဆိတ်စွာရပ်နေပြီး ပတ်ဝန်းကျင်ကို အာရုံစိုက်ကာ အကဲခတ်နေသည်ကို ကြည့်ရင်း၊ ချီရှန်းက မလှောင်ပြောင်ဘဲ မနေနိုင်ခဲ့ပေ။
မည်သို့ပင်ဆိုစေ တစ်ဖက်လူက ကိုးနှင့်ကိုး အသွင်ပြောင်းလဲခြင်း၏အထွတ်အထိပ်သို့ ရောက်ရှိနေသော ကျင့်ကြံသူ တစ်ဦးဖြစ်ပြီး၊ မြောက်ပိုင်းတိုက်ကြီးတွင် ခမ်းနားကြီးကျယ်ဟန်ပေါ်နေကာ လျင်မြန်ပြီးရက်စက်ကြမ်းကြုတ်သော နာမည်ကြောင့် ကျော်ကြားသော်လည်း၊ အပြင်ထွက်သည်နှင့် ကြောက်ရွံ့မှု လက္ခဏာများကို ပြသနေ၏။
နောက်ဆုံးတော့ မဟာဂိုဏ်းကြီး၏ ဟန်ပန် ကင်းမဲ့ပြီး သေးသိမ်သည့်စိတ်ထားများနှင့် ပြည့်နှက်နေသည့် တောင်ပိုင်းတိုက်ကြီးမှ ကျင့်ကြံသူတစ်ယောက်သာဖြစ်လေ၏။
သူက ထိပ်တန်းတပည့်ဆိုသည့် ဂုဏ်ပုဒ်နှင့်ပင် ထိုက်တန်ပါသေးသည်လော။
...
ရှန်းယီက နောက်ဆုံးတွင်နောက်သို့ လှည့်ကြည့်လိုက်ပြီး ချီရှန်းကို လေးနက်စွာ စိုက်ကြည့်ကာ ပြောလိုက်၏။ "တိတ်တိတ်နေစမ်း။"
"ဂျူနီယာညီလေးက အရမ်းကြောက်နေမှတော့၊ ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ၊ ငါပြီးခဲ့တဲ့အကြိမ်က ပြောခဲ့တာကို ပြန်စဉ်းစားကြည့်ပါ။အကယ်၍ မင်း သဘောတူမယ်ဆိုရင်၊ မင်းကိုယ်စားလှုပ်ရှားပေးဖို့ ဧကရာဇ်ကို ငါ တောင်းဆိုမယ်၊အဲဒီ ရန်သူကို ရှာပြီး မင်းကို ဦးချတောင်းပန်ခိုင်းမယ်လေ။"
ချီရှန်းက နှုတ်ခမ်းသပ်ကာ ရယ်မောလိုက်၏။ "ဒီခရီးစဉ်မှာ မင်းလက်တစ်ချောင်းတောင်မြှောက်စရာ မလိုဘူး၊ ငါ အားလုံး ကိုင်တွယ်ဖြေရှင်းပေးမယ်။ ဧကရာဇ်ရဲ့ အကာအကွယ်နဲ့ဆိုရင် မင်း မြောက်ပိုင်းတိုက်ကြီးကနေ ထွက်လာတဲ့ အတိုင်းပဲ ဘေးကင်းကင်းနဲ့ ပြန်ရောက်ပါလိမ့်မယ်။"
"ဘယ်လိုလဲ။"
သူ၏နားနားတွင် ဆူညံနေသော စကားများကို နားထောင်ရင်း၊ ရှန်းယီက အောက်သို့ပြန်ကြည့်လိုက်ပြီး အချိန်အတော်ကြာမှညင်သာစွာ သက်ပြင်းချလိုက်၏။ "ကောင်းပြီလေ။"
"ဘာ... ဘာလဲ။"
ချီရှန်း၏ မူလ ရည်ရွယ်ချက်မှာ တစ်ဖက်လူကို အော့နှလုံးနာစေရန် ဖြစ်သော်လည်း၊ ယခု ဤကဲ့သို့သောတုံ့ပြန်မှုကို ကြားသောအခါ သူ၏ နားကိုပင် သူ မယုံနိုင်လုနီးပါးဖြစ်သွားခဲ့၏။
ဧကရာဇ်၏ ရှေ့တွင်ရှိစဉ်က၊ ဤလူက သူ့ကို အလွန်ပြတ်သားစွာ ငြင်းပယ်ခဲ့သည်။
သို့သော် မြောက်ပိုင်းတိုက်ကြီး မှ ထွက်ခွာလာသည်နှင့် တစ်ပြိုင်နက်၊ သိသာထင်ရှားသော အကြောင်းပြချက် မရှိဘဲ အရှုံးပေးလိုက်ပုံ ပေါ်နေ၏။
'သူက ငါ့ကို အရူးတစ်ယောက်လို ကစားနေတာများလား။'
သူက မျက်မှောင်ကြုတ်ကာ ထပ်မေးချင်သော်လည်း တစ်ဖက်လူ၏လှောင်ပြောင်မှုကို ခံရမည်ကိုစိုးရိမ်သဖြင့် ဇဝေဇဝါဖြင့် တုံ့ဆိုင်းနေခဲ့သည်။
ရှန်းယီက အောက်ဘက်သို့ တိတ်ဆိတ်စွာကြည့်နေဆဲဖြစ်ပြီး အနည်းငယ်ခေါင်းညိတ်လိုက်၏။ "သွားလေ။ သူ့ကိုကိုင်တွယ်လိုက်။"
ချီရှန်းမှာ ခေတ္တမျှ မှင်တက်သွားပြီး၊ ရှန်းယီ၏အကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ သူ မြင်လိုက်ရသောအရာကြောင့် အလွန်အံ့အားသင့်သွားတော့သည်။
ကျယ်ပြန့်သောဧရာမရေကန်ကြီး၏ အလယ်တွင်၊ အဖြူရောင်သင်္ကန်းနှင့် ပုံရိပ်တစ်ခုက သေနေသော သစ်ပင်တစ်ပင်အောက်အမြစ်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေ၏။
ကြောက်မက်ဖွယ်ကောင်းသောအရာမှာ နှစ်ခုရှိသည်။
ပထမဦးစွာ အကယ်၍ ရှန်းယီ၏သတိပေးချက်သာ မရှိခဲ့ပါက၊ ဤသူ၏ရှိနေမှုကို သူ လုံးဝ သတိပြုမိမည် မဟုတ်ပေ။ ဒုတိယအနေဖြင့် မြောက်ပိုင်းတိုက်ကြီးနှင့် ဤမျှ နီးကပ်စွာ ဘုန်းကြီးတစ်ပါးအဘယ်ကြောင့် နေရာယူထားသနည်းဟူသော မေးခွန်း ဖြစ်ပေါ်လာစေသည်။
ထို့အပြင် ချီရှန်းမှင်တက်နေချိန်တွင်၊ ထိုဘုန်းကြီးက တိမ်တိုက်များဆီသို့ လှမ်းကြည့်နေပြီဖြစ်၏။
ထိုမျက်လုံးများ၏အကြည့်အောက်တွင်၊ တတိယအဆင့်ပြည့်စုံခြင်း တာ့လော်မသေမျိုးတစ်ပါးအနေဖြင့်၊ ချီရှန်းက မသေမျိုး နန်းတော်တွင် မသေမျိုးအိုကြီးချီယွင်ကို ရင်ဆိုင်ရစဉ်ကထက် ပိုမို ကြီးမားသော ဖိအားကို ခံစားလိုက်ရသည်။
အလွန်များပြားသောအလင်းတန်းအားလုံးထဲတွင် ဤဘုန်းကြီးက နေရာတစ်နေရာကိုသာ ဂရုစိုက်နေကြည့်နေ၏။
ဧရာမရေကန်ကြီးထဲတွင် သူက သူတို့နှစ်ဦးကို စောင့်နေကြောင်း ရှင်းလင်းနေပါသည်။
"မင်း ဘယ်နှစ်ယောက်လောက်ကို ရန်စထားတာလဲ"
နောက်တစ်ခဏတွင် ချီရှန်းက ကျယ်လောင်စွာ မအော်ဟစ်ဘဲ မနေနိုင်တော့ပေ။