← Chapters

အခန်း ၁၃၁၇

Vol. 132 Ch. 1317

အခန်း ၁၃၁၇

Vol. 132 Ch. 1317

အခန်း (၁၃၁၇) ဗောဓိဂိုဏ်းရဲ့ သစ္စာဖောက်လား

"အကြီးအကဲ၊သင်က နယ်ပယ်နှစ်ခုကိုကျော်လွန်နေတဲ့ တည်ရှိမှုတစ်ခုဖြစ်လောက်မယ်၊ အကြီးအကဲအနေနဲ့လောကီရေးရာတွေမှာ ဝင်စွက်ဖက်တာက မသင့်လျော်ပါဘူး။" ချီရှန်းက သူ၏ စိတ်ခံစားမှုများကိုတည်ငြိမ်အောင်ရုန်းကန်ထိန်းချုပ်နေရပြီး၊ သူ၏ဘေးတွင်ရှိသော ရှန်းယီကိုလှမ်းကြည့်လိုက်ရာ မည်သည့်ပုံမှန်မဟုတ်သော အမူအရာကိုမျှမတွေ့ရပေ။

တားဆီးခံရမည်ကို မျှော်လင့်ထားပြီးသားဖြစ်ကာ တည်ငြိမ်နေသကဲ့သို့ ရှိနေခြင်းက၊ ၎င်းမှာ သေရေးရှင်ရေးကိစ္စမဟုတ်နိုင်ကြောင်း ညွှန်ပြနေသည်။

သူက ချက်ချင်းပင် ဤအခြေအနေမှသူ့ကိုယ်သူ ခွဲထွက်ရန် အဖြူရောင်သင်္ကန်းနှင့် ဘုန်းကြီးကိုပြောလိုက်၏။ "ကျွန်တော်တို့က အမိန့်တော်ကိုနာခံပြီး လာခဲ့တာပါ၊ အကြီးအကဲဒီနေရာမှာ ဘယ်သူ့ကို စောင့်နေတာလဲဆိုတာ ကျွန်တော်တို့မသိသလို၊ ဘာကိစ္စတွေညွှန်ကြားချင်လဲဆိုတာကိုလည်း ကျွန်တော်တို့ မသိပါဘူး။"

"..."

သန့်စင်သောကမ္ဘာဆရာတော်က မတ်တပ်ရပ်ကာ သစ်မြစ်များပေါ်မှခြေဗလာဖြင့် ဆင်းလာပြီး ကြည်လင်သောရေထဲသို့ လှမ်းဝင်လိုက်၏။

သူက ချီရှန်းကိုမကြည့်ဘဲ တာအိုအရှင် ထိုက်ရွှီကို အသေအချာ စိုက်ကြည့်နေ၏။ သူ၏ အကြည့်များကမြူခိုးများကို ဖောက်ထွင်းသွားပြီး ဖြူဖျော့ချောမောကာ အလွန်ရင်းနှီးနေသော ထိုမျက်နှာပေါ်သို့ ကျရောက်သွားခဲ့သည်။

ထိုမျက်နှာကို သူနောက်ဆုံး တွေ့ခဲ့ရသည်မှာ တောင်ပိုင်း ဍုမေဏုတွင်ဖြစ်သည်။

ထိုအချိန်က ဤလူက သူ၏ရှေ့တွင် တည်ငြိမ်စွာ ရပ်နေခဲ့ပြီး၊ လက်တစ်ထောင်ဗောဓိသတ္တကျဆုံးသွားခြင်းကြောင့် ထိုကြည်လင်သောမျက်လုံးများထဲတွင် သတ်ဖြတ်လိုသောရည်ရွယ်ချက်နှင့် အေးစက်မှုတို့ ကိန်းအောင်းနေခဲ့ချေ၏။

ဤလူငယ်လေးက လက်တစ်ထောင်မှ သူ့ကိုပြန်ပို့ခဲ့ကြောင်းနှင့် ထိုဗောဓိသတ္တအား ပေးထားသော ကတိကို ဖြည့်ဆည်းရန်၊ လောကီစမ်းသပ်မှုများကို ဖြတ်သန်းပြီး ဗောဓိဂိုဏ်းအတွက်ကျမ်းစာများကို ဖြန့်ဝေရန် ရည်ရွယ်ထားကြောင်းပြောခဲ့၏။

သို့သော် ယခုအခါ ၎င်းမှာတူညီသော မျက်နှာဖြစ်သော်လည်း ခမ်းနားသော တာအိုဝတ်စုံကို ဝတ်ဆင်ထားကာ၊ ရွှေရောင်ဆံထိုးဖြင့် ဆံပင်များကိုထုံးဖွဲ့ထားပြီး မသေမျိုးသုံးပါးဂိုဏ်း၏ ထိပ်တန်းတပည့်အဖြစ် လူသိများကာ အစစ်အမှန်အရှင် ထိုက်ရွှီဟု ဘွဲ့အမည်နာမကိုရရှိထားပါသည်။

သန့်စင်သောကမ္ဘာ ဆရာတော်က ဤ အစစ်အမှန်အရှင် ထိုက်ရွှီကို ရှာတွေ့သွားသည်နှင့် တစ်ပြိုင်နက်အရာအားလုံး ရှင်းလင်းသွားမည်ဟု ထင်မှတ်ခဲ့ဖူးသည်။

သို့သော် ကိစ္စရပ်များက ဤမျှရိုးရှင်းနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ တစ်ချက်ကြည့်ရုံဖြင့် ဇဝေဇဝါဖြစ်မှု အားလုံးပြေပျောက်သွားခဲ့လေပြီ။

ကြီးမြတ်သော ကောင်းကင်ပါရမီရှင်နှစ်ဦးကြားတွင် ယှဉ်ပြိုင်မှုဘယ်သောအခါမှမရှိခဲ့ပေ။ မြေပေလျိုမြစ် နဘေးအဖြစ်အပျက်မှာ ဂျူနီယာတစ်ဦး၏ ကိုယ်တိုင်ဖန်တီးထားသော လုပ်ရပ်တစ်ခုသာဖြစ်ပြီး၊ ဤကဲ့သို့သာမန်ကျသောနည်းဗျူဟာများက တောင်ပိုင်းဍုမေဏုကို လှည့်စားနိုင်ခဲ့သည်။

ယခုအခါ တောင်ပိုင်းတိုက်ကြီး၏ကိစ္စရပ်များကို အောင်မြင်စွာဖျက်ဆီးပစ်ခဲ့သည့် ဤလူက မသေမျိုးသုံးပါးဂိုဏ်း၏အမိန့်များကိုဖြည့်ဆည်းပြီးနောက် ဂုဏ်ကျက်သရေရှိစွာပြန်လာခဲ့ပြီး၊ ထိပ်တန်းတပည့်ဟု ခေါ်ဆိုသူဖြစ်လာခဲ့လေပြီ။

"မင်းကို ငါ ဘယ်လို ခေါ်ရမလဲ။"

သန့်စင်သောကမ္ဘာ ဆရာတော်က ညင်သာစွာ ပြောလိုက်၏။ "ငါတို့ဂိုဏ်းက ကိုယ်တိုင်ပေးအပ်ချီးမြှင့်ထားတဲ့ ကျားနဂါးဖိနှိပ်ခြင်း မဟာဗောဓိသတ္တအရှင်လား... ဒါမှမဟုတ် အစစ်အမှန်အရှင် ထိုက်ရွှီ လား။"

ဤအသံဆုံးထွက်လာသည့် အချိန်တွင် ချီရှန်းမှာ အံ့အားသင့်မှုကြောင့်မှင်တက်သွားပြီးနောက် သူ့ဘေးကို မယုံကြည်နိုင်စွာဖြင့်လှည့်ကြည့်လိုက်သည်။

အမှန်မှာ ဤမေခွန်းကို သူလည်းသိချင်နေ၏။

မြောက်ပိုင်းတိုက်ကြီးတွင် စုံစမ်းစစ်ဆေးမှုများပိုမို ပြင်းထန်လာသည် နှင့် အချို့သောဗောဓိသတ္တများက ဆက်လက်၍ပုန်းအောင်း၍မရတော့သောအခါ၊ သူတို့က ထွက်ပြေးရန်အဘယ်ကြောင့် မရွေးချယ်ခဲ့ဘဲ အလွန်အမင်းစိတ်ပျက်အားငယ်စွာဖြင့် ခိုင်ယွမ်စီရင်စု တစ်ခုတည်းကိုသာ သိမ်းပိုက်ထားသော ရှန်းယီကို တိုက်ခိုက်ရန်အဘယ်ကြောင့် ကြိုးပမ်းခဲ့ကြသနည်း။

သို့သော် ထိုအချိန်တွင် လူတိုင်းကကြီးမားသော နာကြည်းမှုကို လက်စားချေနိုင်ခြင်း၏ဝမ်းသာမှုတွင် နစ်မြုပ်နေခဲ့ကြပြီး၊ ယိုယောင်က ဤကိစ္စကို မည်သို့ ကိုင်တွယ်ဖြေရှင်းမည်ဆိုသည့်အချက်ကိုသာအာရုံစိုက်နေခဲ့ကြသဖြင့် ဤပဟေဠိကို လျစ်လျူရှုခဲ့ကြ၏။

ယခုအချိန်မှာတော့ ဤဘုန်းကြီး၏စကားများဖြင့် ချီရှန်း နောက်ဆုံးတွင် သဘောပေါက်သွားခဲ့လေပြီ။

ဤအစစ်အမှန်အရှင် ထိုက်ရွှီ သူ၏ ရွယ်တူ ကောင်းကင်ပါရမီရှင်များကို မအနိုင်ယူနိုင်၍ မြောက်ပိုင်းတိုက်ကြီးသို့ ထွက်ပြေးလာခဲ့ခြင်း မဟုတ်ဘဲ၊ ဗောဓိဂိုဏ်းကို သစ္စာဖောက်ခဲ့သောကြောင့် ဖြစ်သည်။

ဆရာသခင်သတ်ဖြတ်ခံရမှုအတွက် နာကြည်းမှု သို့မဟုတ် ဂိုဏ်းကိုဖျက်ဆီးခံရမှုအတွက် လက်စားချေခြင်းများမရှိခဲ့ပေ။ ပြိုင်ဘက်မှာ ဗောဓိသတ္တအရှင် တစ်ပါးသာဖြစ်သည်။

"မင်း..."

ချီရှန်း၏နှုတ်ခမ်းများ အနည်းငယ်တုန်ယင်လာခဲ့၏။ ပြိုင်ဘက်က တည်ငြိမ်နေသဖြင့် အခြေအနေအားအရေးမကြီးဟု သူမူလက ထင်မှတ်ခဲ့သော်လည်း အမှန်တရားကိုသိရှိသွားသောအခါ သူ၏နှလုံးသားကြီးမှာ အေးခဲသွားတော့၏။

ဂိုဏ်းသစ္စာဖောက် တစ်ဦးနှင့် ပက်သက်နေလျှင် ယနေ့သေချာပေါက်ကပ်ဘေးတစ်ခု ရှိလာမည် ဖြစ်သည်။

ရှန်းယီ၏ပေါ်လွင်နေသော တည်ငြိမ်မှုမှာ အကြံအစည်တစ်ခုခုကြောင့် မဟုတ်ဘဲ၊ သူ၏ ရင်ထဲတွင် မျှော်လင့်ချက်မဲ့နေသောကြောင့်ဖြစ်နိုင်ချေ ပိုများပါသည်။

"အကြီးအကဲ။ ကျွန်တော်က အရှေ့ဘက်အစွန်းဧကရာဇ်ရဲ့ လက်အောက်ခံ ကိုယ်စားပြုတစ်ယောက်ပါ၊ ဒါက သင်တို့ ဗောဓိဂိုဏ်းရဲ့ အတွင်းကိစ္စပါ၊ ကျွန်တော် ချီရှန်း နဲ့ မသက်ဆိုင်ပါဘူး။"

မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ၊ ချီရှန်းက ဧကရာဇ် စံအိမ်တော် နှင့် ဆက်သွယ်ရန်ကြိုးပမ်းရင်း ရုပ်တုတစ်ခုကိုပူဇော်လိုက်ပြီး အော်ဟစ်လိုက်၏။ "ဂျူနီယာက အခုချက်ချင်းထွက်သွားပါ့မယ်၊ အနှောင့်အယှက် မပေးတော့ပါဘူး။"

သို့သော် မျက်တောင်တစ်ခတ်အတွင်း သူ၏မျက်နှာမှာ အလွန်တရာအကျည်းတန်သွားခဲ့သည်။

သူ၏လက်ထဲရှိ ရုပ်တုမှာ အသက်ကင်းမဲ့နေပြီး အရှေ့ဘက်အစွန်းဧကရာဇ်စံအိမ်တော် နှင့် ဆက်သွယ်၍ မရနိုင်ခဲ့ပေ။

"ကောင်းပြီ..ဒါဆို မင်းကို ကျားနဂါးဖိနှိပ်ခြင်းလို့ပဲ ငါ ခေါ်လိုက်မယ်။"

သန့်စင်သောကမ္ဘာဆရာတော်က ၎င်းကို ဂိုဏ်း သစ္စာဖောက်တစ်ဦးနှင့် အတွင်းရေးကိစ္စဖြေရှင်းခြင်းဟု သတ်မှတ်ကာ ခေါင်းခါလိုက်သည်။

သူက အနည်းငယ်ကိုင်းညွတ်လိုက်ပြီးလှပပြီး ရိုးရှင်းသော သူ၏လက်ကို ရေထဲသို့ညင်သာစွာ နှိုက်လိုက်လေ၏။ နောက်တစ်ခဏတွင် မရေမတွက်နိုင်သော သန့်စင်သည့်မီးကြာပန်းများက ရေပြင်ပေါ်တွင် ခမ်းနားစွာပွင့်အာလာပြီး ဧရာမရေကန်ကြီး တစ်ခွင်သို့ ပျံ့နှံ့သွားခဲ့၏။

၎င်းမှာ ညစ်ညမ်းမှုများကိုလောင်ကျွမ်းဖယ်ရှားနိုင်စွမ်းရှိသော သန့်စင်သောကမ္ဘာမီးလျှံပင်။

ထို့အတူ သန့်စင်သောကမ္ဘာ ဆရာတော်၏ မျက်လုံးထဲတွင် အစစ်အမှန်အရှင် ထိုက်ရွှီက အကြီးမားဆုံးသော ညစ်ညမ်းမှုပင်ဖြစ်လေသည်။

ပုံမှန်အားဖြင့် ဤကဲ့သို့လျစ်လျူရှုခံရပါက၊ ပြိုင်ဘက်က ဂိုဏ်းမှအကြီးအကဲ တစ်ဦး ဖြစ်နေလျှင်ပင် ချီရှန်းက မကျေနပ်မှုကို ခံစားရမည် ဖြစ်သော်လည်း၊ ဤအခိုက်အတန့်တွင် သူ၏ပတ်လည်ရှိမြင့်တက်လာသော မီးပင်လယ်ကြီး နှင့် လေထဲတွင် တိတ်ဆိတ်စွာတွဲလွဲခိုနေသော ထိုမီးကြာပန်းများကို ကြည့်ရင်း၊ ဤဘုန်းကြီးက သူ့ကို ဆက်လက်လျစ်လျူရှုထားရန်သာ သူ မျှော်လင့်နေမိ၏။

သို့သော် မီးကြာပန်းတစ်ပွင့်က သူ့ဆီသို့ လွင့်မျောလာခဲ့ပြီ ဖြစ်သည်။

ချီရှန်း ထွက်ပြေးရန် လှည့်လိုက်သော်လည်း၊ ပွင့်ဖတ်များမှာ မီးတောက်ကြိုးမျှင်များအဖြစ် ရုတ်တရက် ပြောင်းလဲသွားပြီး၊ သူ၏တစ်ကိုယ်လုံးကို မျက်တောင်တစ်ခတ်အတွင်းချည်နှောင်လိုက်သည်ကို တွေ့လိုက်ရသည်။

မီးပင်လယ်ကြီးအလယ်တွင် မသဲကွဲသော တာအို သင်္ကေတတစ်ခု စီးဆင်းနေခဲ့၏။ ၎င်းမှာ ကောင်းကင်တာအို နှင့် ဆက်သွယ်နေသော သရုပ်သကန်တစ်ခုပင်။

"ဧကရာဇ်... ဧကရာဇ်..."

ထိုသန့်စင်သောမီးတောက်က ခန္ဓာကိုယ်ကို ဖောက်ထွင်းလောင်ကျွမ်းနိုင်ပြီး တာအိုအသီးအပွင့်ကို တိုက်ရိုက်အရည်ပျော်သွားစေနိုင်စွမ်း ရှိပုံရပါသည်။

ချီရှန်း၏လက်က ပြင်းထန်စွာတုန်ယင်နေပြီး ရုပ်တုကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားရန် ကြိုးစားနေသော်လည်း၊ ၎င်းမှာ မီးတောက်များထဲတွင် လောင်ကျွမ်းသွားပြီးပြာမှုန့်များအဖြစ် ပြောင်းလဲသွားသည်ကိုသာ အကူအညီမဲ့စွာကြည့်နေခဲ့ရ၏။

ရုပ်တုပျက်စီးသွားသည့် ထိုအခိုက်အတန့်တွင် သူ၏မျက်လုံးများမှာလည်း အရောင်အဆင်းမဲ့သွားခဲ့၏။

ဤဘုန်းကြီးက အသက်ရှင်ကျန်ရစ်သူမည်သူကိုမျှချန်ထားရန် ရည်ရွယ်ချက်မရှိကြောင်း ဧကရာဇ်ကို စော်ကားကာ သက်သေပြခဲ့ပေသည်။

"မင်းတို့ ဗောဓိဂိုဏ်းရဲ့ကိစ္စက ငါနဲ့ဘာဆိုင်လို့လဲ။ ဘာလို့လဲ....."

ချီရှန်းက နားမလည်နိုင်သေးပေ။ အကယ်၍ ရှန်းယီက မသေမျိုးသုံးပါးဂိုဏ်း၏တရားဝင် ထိပ်တန်းတပည့် တစ်ဦးဖြစ်ပါက၊ ဘုန်းကြီးက သဲလွန်စများကိုဖျောက်ဖျက်ရန် သူ့ကိုနှုတ်ပိတ်မည်မှာ သဘာဝကျသော်လည်း၊မေးခွန်းက ကျန်ရှိနေသေး၏။

ဤကောင်လေးက ဗောဓိဂိုဏ်းမှ မဟုတ်ဘူးလေယ၊ အကယ်၍ အစစ်အမှန်သစ္စာဖောက်တစ်ယောက်ဖြစ်လျှင် သူ့ကိုပွင့်လင်းစွာအပြစ်ပေးနိုင်သည်မဟုတ်လော။ အဘယ်ကြောင့် နောက်ထပ် လူတစ်ယောက်ကိုသတ်ပြီး ဧကရာဇ်ကိုစော်ကားရသနည်း။

ပြင်းထန်သော နာကျင်မှု၏လှုံ့ဆော်မှုများကြောင့် သူကညာဘက်သို့ နာကြည်းစွာ လှမ်းကြည့်လိုက်သည်။

မျှော်လင့်ထားသည့်အတိုင်းပင် သူ့ကိုကိုင်တွယ်ရန် မီးကြာပန်းတစ်ပွင့်ကို စေလွှတ်ခြင်းမှာ သာမန်လုပ်ရပ်တစ်ခုမျှသာ ဖြစ်ပြီး၊ ကျန်ရှိနေသော မီးပင်လယ်ကြီးအားလုံးမှာ ရှန်းယီကို ဝန်းရံထားခဲ့လေ၏။

"..."

ရှန်းယီက ကြောက်မက်ဖွယ်ကောင်းသော အပူရှိန် ချဉ်းကပ်လာသည်ကို ခံစားလိုက်ရ၏။

All Chapters