အခန်း ၈၁
Vol. 9 Ch. 81
အခန်း ၈၁ ရှားရှားပါးပါး လေးနက်တဲ့ အခိုက်အတန့်
သမားတော်က အချိန်တိုအတွင်း ရောက်ရှိလာပြီး အသေအချာ စမ်းသပ်စစ်ဆေးပြီးနောက်တွင် ရှီပိုင်လီ၏ ဗိုက်အောင့်ရခြင်းက ပဲသီးများနှင့် ဘာမှမသက်ဆိုင်ကြောင်း တွေ့ရှိခဲ့ရသည်။
သူ ဗိုက်အောင့်ရခြင်းက အစားအလွန်အကျွံစားမိခြင်းကြောင့် ဖြစ်ပြီး သူ အသက်ကြီးလာကာ အစာခြေရန် ခက်ခဲလာခြင်းကြောင့် ဖြစ်သည်။
ထိုစကားကို ကြားလိုက်ရချိန်တွင် ဝမ်ယဲ့တစ်ယောက် ခဏတာမျှ ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားရသည်။
‘ဟူး.... အသက်ရှင်သန်ရတာ ကြာလာတော့ တကယ့်ကို ထူးဆူးဆန်းပြားတဲ့ အဖြစ်အပျက်အစုံကို တွေ့မြင်နေရတာပဲ...’
ရှီပိုင်လီက ထိုအချက်ကို လက်မခံနိုင်ဘဲ ငြင်းဆန်နေသည်။
"ပြီးခဲ့တဲ့အကြိမ်တုန်းက ငါ ဗိုက်အောင့်တာက ပဲသီးတွေ သေချာမကျက်လို့လေ၊ အခုတစ်ခေါက် ခံစားရတာလည်း အဲ့ဒီတုန်းကနဲ့ တစ်ထေရာတည်းပဲ"
"အဲ့ဒါက လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်ကလေ"
အခေါ်ခံထားရသည့် စားဖိုမှူးက ပြန်ဖြေရှင်းနေသည်။
"အဲ့ဒီတုန်းက ကျွန်တော်တောင် မီးဖိုချောင်မှာ ဟင်းသီးဟင်းရွက် ဆေးရုံပဲ အလုပ် လုပ်ခွင့်ရသေးတာ"
ရှီပိုင်လီက စားဖိုမှူး၏ဘေးတွင် ရှိနေသည့် လူငယ်လေးထံသို့ အကြည့်ရွေ့လိုက်ပြီး ထပ်ပြောလိုက်သည်။
"ဒါဆိုရင်တော့ ဒီကောင်လေး ဟင်းသီးဟင်းရွက်တွေကို သေချာမဆေးလို့ ဖြစ်ရမယ်"
ကျောင်းအုပ်ကြီးရှီက ဆက်သည်းမခံနိုင်တော့ဘဲ ငေါက်ငမ်းလိုက်သည်။
"ငါ့ဇနီးက မနေ့က သူ့မိဘအိမ်ကနေ ယူလာပေးတဲ့ ကွေ့ဟွားမုန့်တွေ ဘာလို့ ပျောက်သွားတာလဲလို့ ငါကို ပြောနေတာ၊ ပြောစမ်း.... မင်း အဲ့ဒါတွေကို ခိုးစားလိုက်တာမလား"
သူ့စာကြည့်ခန်းထဲကို လွတ်လွတ်လပ်လပ် ဝင်ထွက်ပြီး ထိုကဲ့သို့ လုပ်ဆောင်နိုင်သည့် တစ်ဦးတည်းသောလူက ရှီပိုင်လီသာ ရှိသည်။
ရှီပိုင်လီကတော့ သူ့၏အသက်ကြီးရင့်မှုကို အခွင့်ကောင်းယူကာ ဗြောင်ငြင်းလိုက်သည်။
"ဘာကွေ့ဟွားမုန့်လဲ၊ ကျွန်တော် မသိဘူး၊ အခု ကျွန်တော်က တစ်ကိုယ်ရေတစ်ကာယ ဖြစ်နေတာကို အခွင့်ကောင်းယူပြီး ဝမ်းကွဲအစ်ကိုက ကျွန်တော့်ကို စွပ်စွဲနေတာလား"
ထိုမြင်ကွင်းကို ကြည့်ရင်း ဝမ်ယဲ့က ရွှီယွဲ့ကျား၏ အနားသို့ တိုးကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ကျွန်မတို့ နည်းနည်းလောက် နောက်ဆုတ်ပေးကြမလား၊ ဒီလောက်နီးကပ်နေရင် ကျောင်းအုပ်ကြီးရှီအနေနဲ့ သူ့ရဲ့ခံစားချက်တွေကို ကောင်းကောင်း ဖော်ထုတ်နိုင်မှာ မဟုတ်ဘူးလို့ ကျွန်မ ခံစားနေရတယ်"
ရွှီယွဲ့ကျားက သူမ ကြည့်နေသည့်ဘက်သို့ အကြည့်လွှဲကာ ခေါင်းညိတ်သဘောတူလိုက်သည်။
"အကြံကောင်းပဲ"
အနီးအနားမှ ခိုးနားထောင်နေမိသော ကျောင်းအုပ်ကြီးရှီ : "......"
‘ပုံမှန်ဆိုရင် သူတို့ ဒီနေရာကနေ ထွက်သွားဖို့ ရွေးချယ်သင့်တာ မဟုတ်ဘူးလား’
သူက ထမ်းစင်ပေါ်တွင် လှဲလျောင်းနေရင်း နာကျင်ဟန်ဆောင်ကာ ညည်းတွားနေဆဲဖြစ်သော အဘိုးကြီးကို တစ်ချက်ကြည့်ပြီး သက်ပြင်းချလိုက်သည်။
‘ဟူး... တကယ့်ပဲ အမွေးတူ ငှက်တွေ အချင်းချင်း အုပ်စုဖွဲ့နေကြတာပဲ’
"ဘာမှ မဖြစ်ရင်ပဲ ကောင်းနေပါပြီ၊ မင်း အဆင်ပြေတာ ကောင်းတယ်"
ကျောင်းအုပ်ကြီးကတော်က ရေနှစ်ခွက်ကို ယူဆောင်လာပေးရင်း ပြောလိုက်သည်။
"မင်းကလည်း မင်း အရင်လို အသက်အရွယ်မဟုတ်တော့ဘူးဆိုတာ သိသင့်တယ်"
ရှီပိုင်လီက ရေနွေးခွက်ကို လှမ်းယူကာ တစ်ငုံသောက်ပြီးမှ ပြန်ပြောလိုက်သည်။
"မရီးက ကျိုးကြောင်းဆင်ခြင်တတ်လို့ တော်သေးတာပေါ့၊ ဝမ်းကွဲအစ်ကို.... မင်းလည်း မရီးဆီကနေ နည်းနည်းလောက် သင်ယူဦး"
ကျောင်းအုပ်ကြီးရှီက နောက်ထပ် စကားအနည်းငယ် ထပ်ပြောရန် ပြင်လိုက်သော်လည်း ကျောင်းအုပ်ကြီးကတော်က ချက်ချင်း တားဆီးကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ရှင် ဘာလို့ တတိယမောင်လေးနဲ့ ပြိုင်ပြီး ငြင်းခုန်နေရတာလဲ၊ သူ အခု တစ်ယောက်တည်း ဖြစ်နေတာကတောင် သနားစရာကောင်းနေပြီ"
ကျောင်းအုပ်ကြီးရှီ : "......"
‘ငါကတော့ အဲ့ဒီလို မမြင်မိပါဘူး’
သမားတော်က ရှီပိုင်လီအတွက် ဆေးအချို့ ညွှန်းပေးပြီးနောက် ပြန်ထွက်ခွာသွားခဲ့သည်။
ထိုသို့သော အဖြစ်အပျက် ဖြစ်ပွားပြီးနောက် ကျောင်းအုပ်ကြီးရှီက ရွှီယွဲ့ကျားကို ရင်ဆိုင်ရရန် ယုံကြည်မှု သိသိသာသာ လျော့နည်းသွားခဲ့တယ်။
သူက သူ၏အစီအစဥ်သစ်ကို ရွှီယွဲ့ကျားအား ပြောပြလာသည်။
"အရင်တုန်းက ဒါတွေက ကျောင်းတော်ရဲ့ ပေါ့ဆမှုကြောင့် ဖြစ်ခဲ့ရတာပါ၊ နောက်ဆိုရင် ဘေးဘက်မှာ ထမင်းစားဆောင်အသစ်တစ်ခု ထပ်ဆောက်ပြီး စားဖိုမှူးအသစ်တွေ ငှားရမ်းဖို့ စီစဥ်ထားတယ်၊ အဲ့မှာ သာမန်အစားအစာတွေကို ပြင်ဆင်ပေးသွားပါ့မယ်၊ ကျောင်းသားတွေအနေနဲ့ သူတို့နှစ်သက်တဲ့ အရသာကို လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်တာပေါ့"
ထိုစကားကို ကြားလိုက်ရချိန်တွင် ဝမ်ယဲ့တစ်ယောက် စိတ်ထဲမှ တွေးလိုက်မိပြန်သည်။
‘အဲ့ဒါက ရွေးချယ်နေဖို့တောင် လိုပါဦးမလား...’
ကျောင်းအုပ်ကြီးရှီ၏ ရည်ရွယ်ချက်က ကျောင်းသားများအတွက် ကောင်းမွန်သည်ဆိုသော်ငြား ဟင်းပွဲတိုင်းလိုလိုတွင် ဆေးဘက်ဝင်ပစ္စည်းများ အမြဲတမ်း ထည့်သွင်းနေရန်တော့ မလိုအပ်ပေ။
ရွှီယွဲ့ကျားက စကားအများကြီး မပြောဘဲ ခပ်တိုတိုသာ ပြန်ပြောလိုက်သည်။
"ရိုးရှင်းတဲ့ 'စိတ်ဝိညာဉ် သန့်စင်စေခြင်း' က ကျောင်းသားအားလုံးနဲ့ မကိုက်ညီနိုင်ဘူးလေ၊ ကျောင်းအုပ်ကြီးရှီအနေနဲ့ အဲ့ဒါကို နားလည်သွားရင် အဆင်ပြေပါပြီ"
ကျောင်းအုပ်ကြီးရှီက ခေါင်းညိတ်လိုက်သည်။
သူလည်း ‘ရှီပိုင်လီ’ ကဲ့သို့သော လူမျိုးများ ထပ်ပေါ်လာမည်ကို စိုးရိမ်နေမိသည်။
နေ့လယ်စာ စားပြီးနောက်တွင် ကျောင်းအုပ်ကြီးရှီက အားလုံးကို ကျောင်းတော်အနှံ့ လိုက်လံပြသပေးနေပြန်သည်။ သူတို့ မြောက်ဘက်စာကြည့်တိုက်ရှေ့မှ ဖြတ်သန်းသွားချိန်တွင် ဝမ်ယဲ့က မေးလိုက်သည်။
"ကျောင်းအုပ်ကြီးရှီ... စုန့်ရှန်ကျောင်းတော်ရဲ့ ကျောင်းသားတွေပဲ စာကြည့်တိုက်က စာအုပ်တွေကို ငှားလို့ရတာလားရှင့်"
"သတ်မှတ်ချက်အားဖြင့်တော့ ဟုတ်ပါတယ်"
ဝမ်ယဲ့က "အိုး" ဟု ရေရွတ်လိုက်ပြီး ထပ်မေးလိုက်သည်။
"ဘယ်လိုခြွင်းချက်မှ မရှိဘူးလားဟင်"
ကျောင်းအုပ်ကြီးရှီက ဝမ်ယဲ့၏ စကားထဲမှ အဓိပ္ပာယ်ကို နားလည်သွားပြီး ကြင်နာသော အပြုံးဖြင့် ပြန်မေးလိုက်သည်။
"ရွှီသခင်မက ဘယ်လိုစာအုပ်မျိုး ငှားချင်လို့လဲ"
ဝမ်ယဲ့က လေးနက်သော အမူအရာဖြင့် ပြန်ပြောလိုက်သည်။
"ကျွန်မ ကျင့်ရုံ ပြောပြတာကို ကြားဖူးလို့ပါ၊ စုန့်ရှန်ကျောင်းတော်ရဲ့ စာကြည့်တိုက်က တကယ့်ကို ကျယ်ဝန်းပြီး စာအုပ်တွေလည်း စုံလင်တယ်တဲ့၊ ကျွန်မက ငယ်ငယ်ကတည်းက စာဖတ်ရတာကို ဝါသနာပါတော့ ကျင့်ရုံ ပြောတာကို ကြားပြီးကတည်းက ကိုယ်တိုင် ကြည့်ချင်နေမိတာပါ"
သူမ၏ စကားများက အလွန် တည်ကြည်လေးနက်လွန်းလှသဖြင့် ရွှီယွဲ့ကျားပင် သူမကို မကြာခဏ လှမ်းကြည့်နေမိသည်။
တစ်သက်လုံး စာပေသင်ကြားပြသလာခဲ့သည့် ကျောင်းအုပ်ကြီးရှီကတော့ စာပေအပေါ် စိတ်ထက်သန်မှုရှိသော ကျောင်းသားကျောင်းသူများကို အနှစ်သက်ဆုံး ဖြစ်သည်။ ဝမ်ယဲ့၏ သဘောထားက သူ့ကို အလွန် သဘောကျ နှစ်သက်သွားစေသည်။
‘ ‘စည်းမျဥ်းဆိုတာ သေနေတာ၊ လူကမှ အရှင်’ ဆိုတဲ့ ဆိုရိုးစကား ရှိတယ် မဟုတ်ဘူးလား။ လူတွေက လိုက်လျောဉီထွေ ပြုမူသင့်တယ်လေ။ သူမသာ မရှိခဲ့ရင် ယွင်ကျစ်လို့က အဖြစ်အပျက်ကို ဖော်ထုတ်နိုင်ခဲ့မှာ မဟုတ်ဘူး’
‘ဘယ်ရှုထောင့်က ကြည့်ကြည့် ငါ့အနေနဲ့ သူမကို မငြင်းပယ်သင့်ဘူး။’
ထိုအတွေးများကြောင့် ကျောင်းအုပ်ကြီးရှီက အလွယ်တကူ ခွင့်ပြုပေးလိုက်သည်။
"ရွှီသခင်မ စာအုပ်ငှားချင်တယ်ဆိုရင်တော့ စာအုပ်ငှားတဲ့ မှတ်တမ်းမှာ နယ်စားမင်းလေးရဲ့ နာမည်ကို ရေးပေးခဲ့လို့ ရပါတယ်၊ သူ ကျောင်းတော်ကို ပြန်လာတဲ့အခါကျမှပဲ အဲ့ဒီစာအုပ်တွေကို ပြန်အပ်ခိုင်းလိုက်ပေါ့"
ဝမ်ယဲ့ : "ကျောင်းအုပ်ကြီးရှီကို ကျေးဇူးတင်ပါတယ်ရှင်"
ထိုသို့ပြောပြီးနောက် သူမက ရွှီယွဲ့ကျားကို ဆက်ပြောလိုက်သည်။
"အမတ်မင်း... ထောင်ကျီတို့ ကျွန်မနဲ့အတူ လိုက်ခဲ့ပေးရင် ရပါပြီရှင့်၊ အမတ်မင်းကတော့ အမတ်မင်းရဲ့ အလုပ်ကိစ္စတွေကို သွားဖြေရှင်းလိုက်ပါ"
ယနေ့ ရွှီယွဲ့ကျား စုန့်ရှန်ကျောင်းတော်သို့ လာရောက်ခြင်းက သူမနှင့်အတူ လိုက်လံအဖော်ပြုပေးရန် သက်သက်မျှ မဟုတ်ဘဲ ပိုအရေးကြီးသော အလုပ်ကိစ္စများ ရှိနေသောကြောင့် ဖြစ်သည်။
စုန့်ရှန်ကျောင်းတော်က တာ့ကျင်းမင်းဆက်၏ အကြီးဆုံးသော ကျောင်းတော်သုံးခုထဲမှ တစ်ခုဖြစ်ပြီး နန်းတွင်း၏ တိုက်ရိုက်ထိန်းချုပ်မှုအောက်တွင် မရှိသော်လည်း ယခုကဲ့သို့ ကြီးမားသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပြီးနောက်တွင် ကျောင်းတော်ဘက်က မည်သို့ ဆုံးဖြတ်ချက်ချသည်ဖြစ်စေ နန်းတွင်းမှ လူတစ်ဦးတစ်ယောက် ရှိနေရန် လိုအပ်နေသည်။
မည်သို့ပင် ဖြစ်စေ နောက်ဆုံးတွင် ထိုကျောင်းသားများက နန်းတော်၏ အစိုးရအဖွဲ့အတွင်းသို့ ဝင်ရောက်ရန် တော်ဝင်စာမေးပွဲ ဖြေဆိုကြမည့်သူများ ဖြစ်သည်။ ရွှီယွဲ့ကျား ဤနေရာသို့ ရောက်ရှိနေခြင်းက ဧကရာဇ်မင်းမြတ်၏ သဘောထားကို ကိုယ်စားပြုနေခြင်း ဖြစ်သည်။
ကျောင်းအုပ်ကြီးရှီကလည်း ဤအချက်ကို ကောင်းကောင်း နားလည်နေပြီး ထမင်းစားဆောင် ကိစ္စနှင့် ပတ်သက်လျှင် သူ၏ ပေါ့ဆမှုကြောင့် အမှန်တကယ် အမှားအယွင်း ရှိခဲ့မှန်းလည်း ဝန်ခံခဲ့သည်။
ရွှီယွဲ့ကျားက ဝမ်ယဲ့တစ်ယောက် အဘယ့်ကြောင့် ရုတ်တရက် စာကြည့်တိုက်သို့ သွားချင်နေမှန်း နားမလည်နိုင် ဖြစ်နေရသည်။ သူမ၏ ဝါသနာများကိုတော့ သူ ကောင်းကောင်း သိထားပြီး ဖြစ်သည်။
သံသယများ ရှိနေသော်လည်း သူက သူမ၏ လှည့်ကွက်ကို မဖော်ထုတ်ချင်ဘဲ အသာတကြည် ခွင့်ပြုပေးလိုက်သည်။
"ဖြည်းဖြည်းချင်း စိတ်ကြိုက်ရွေးပါ၊ ကိုယ်လည်း ကျောင်းအုပ်ကြီးရှီနဲ့ ဆွေးနွေးစရာ တော်တော်များများ ရှိနေတယ်"
"ဟုတ်ကဲ့ပါ"
ဝမ်ယဲ့က နာခံမှုအပြည့်ဖြင့် ခေါင်းညိတ်ပြနေသည်။
ကျောင်းအုပ်ကြီးရှီကလည်း သူ့ဇနီးကို တိတ်တဆိတ် မှာကြားနေသည်။
"ရွှီသခင်မအတွက် လိုအပ်တာတွေကို မင်းပဲ တာဝန်ယူပေးပါဦး"
ကျောင်းအုပ်ကြီးကတော်က ခေါင်းညိတ်ပြလိုက်သည်။
"စိတ်မပူပါနဲ့၊ ကျွန်မကိုပဲ လွှဲထားလိုက်ပါ"
ထို့ကြောင့် ကျောင်းအုပ်ကြီးရှီက ရွှီယွဲ့ကျားနှင့် ဆွေးနွေးရန် သူ့ကို စာကြည့်ခန်းဆီသို့ ဖိတ်ခေါ်သွားခဲ့ပြီး ဝမ်ယဲ့ကိုတော့ ကျောင်းအုပ်ကြီးကတော်က စာကြည့်တိုက်ထဲသို့ ခေါ်ဆောင်သွားခဲ့သည်။
အချိန်များ ကုန်လွန်သွားသည်မှာ မြန်ဆန်လှပြီး ဇနီးမောင်နှံနှစ်ဦး ကျောင်းတော်မှ ပြန်ထွက်ခွာလာချိန်တွင် ညနေစောင်းလုနီးပါး ဖြစ်နေချေပြီ။
ကျောင်းအုပ်ကြီးရှီက ညစာစားရန် ဖိတ်ခေါ်ခဲ့သော်လည်း ရွှီယွဲ့ကျားက ယဥ်ကျေးစွာ ငြင်းပယ်ခဲ့သည်။
ရထားလုံးပေါ်သို့ ရောက်ရှိပြီးနောက်မှသာ ဝမ်ယဲ့က စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်ရင်း ပြောလိုက်သည်။
"တော်သေးတာပေါ့၊ ယောက်ျားက ကျောင်းအုပ်ကြီးရှီရဲ့ ဖိတ်ခေါ်မှုကို သဘောမတူခဲ့လို့"
ရွှီယွဲ့ကျားကတော့ အခြားကိစ္စတစ်ခုကို စိတ်ထဲတွင် စွဲထင်နေဆဲဖြစ်ပြီး သူမကို လှမ်းမေးလိုက်သည်။
"မင်း ဒီနေ့ စာကြည့်တိုက်ထဲကို ဘာသွားလုပ်တာလဲ"
ဝမ်ယဲ့က ထောင်ကျီ စောစောက ကမ်းပေးထားသည့် ကွေ့ဟွားမုန့်ကို မြိန်ရည်ယှက်ရည် စားရင်းဖြင့် သဘာဝကျကျ ပြန်ဖြေလိုက်သည်။
"စာအုပ် သွားငှားတာပေါ့၊ အဲ့ဒါ မဟုတ်ရင် ဘာလုပ်ရဦးမှာလဲ"
ရွှီယွဲ့ကျားက သူမကို အလွန်ပင် တည်ကြည်သော အမူအရာဖြင့် ကြည့်ကာ ထပ်မေးလိုက်သည်။
"မင်း အဲ့ဒီစာအုပ်တွေကို မင်းရဲ့ ညီမလေးအတွက် ငှားပေးခဲ့တာလား"
ထိုအကြောင်းပြချက်မှ လွဲပြီး သူမတစ်ယောက် စာကြည့်တိုက်ထဲသို့ ဝင်ရောက်ရသည့် အကြောင်းပြချက်ကို သူ မတွေးနိုင်တော့ချေ။
ဝမ်ယဲ့က ဝေဝေဝါးဝါးသာ ပြန်ဖြေလိုက်သည်။
"အဲ့လို သဘောမျိုးပဲပေါ့"
သူမ ဝန်ခံလိုက်သည်ကို ကြားလိုက်ရသဖြင့် ရွှီယွဲ့ကျားက ထပ်ပြောလိုက်သည်။
"မင်း ဒီလိုမလုပ်ခင် ကိုယ်ကို ကြိုပြီး ဆွေးနွေးသင့်တယ်"
ဝမ်ယဲ့တစ်ယောက် နားမလည်နိုင် ဖြစ်သွားရပြီး ပြန်မေးလိုက်သည်။
"ယောက်ျားက ဘာကို ဆိုလိုတာလဲဟင်"
ရွှီယွဲ့ကျားက သူ့အကြည့်ကို လွှဲလိုက်ရင်း ပြန်ပြောလိုက်သည်။
"စုန့်ရှန်ကျောင်းတော်မှာ စာအုပ်တွေ အများကြီး ရှိတယ်၊ မင်း သေသေချာချာ နားလည်သဘောပေါက်မှု မရှိရင် မင်း ငှားလာတဲ့ စာအုပ်တွေက မင်းညီမလေးအတွက် သင့်တော်ချင်မှ သင့်တော်မှာလေ"
"ယောက်ျား စိုးရိမ်ဖို့ မလိုပါဘူး၊ ကျွန်မ ကြိုတင်လေ့လာပြီး ပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်"
ဝမ်ယဲ့က အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။
ရွှီယွဲ့ကျားက ရုတ်တရက် ထပ်မေးလိုက်ပြန်သည်။
"ဒါဆို မင်း ဘယ်လိုစာအုပ်မျိုးတွေကို ငှားခဲ့တာလဲ"
ဝမ်ယဲ့က မျက်တောင်တခတ်ခတ်ဖြင့် ထိုအကြောင်းကို မပြောချင်သလိုမျိုး တွန့်ဆုတ်ဆုတ် မျက်နှာပေးလေး လုပ်ပြလိုက်သည်။
ရွှီယွဲ့ကျားက သူမ၏အမူအရာကို နားလည်သွားပြီး သူ့မျက်ဝန်းများကို အနည်းငယ် မှေးကျဥ်းကာ ထပ်မေးလိုက်သည်။
"ကိုယ့်ကို မပြောပြချင်ဘူးပေါ့"
ဝမ်ယဲ့က ခေါင်းခါပြရင်း အယူခံဝင်လိုက်သည်။
"အဲ့လိုမျိုး မဟုတ်ပါဘူးရှင့်၊ ပညာရှိကြီးတွေရဲ့ စာအုပ်အချို့တင်ပါ"
သူမ၏ အဖြေက ဟန်ပြသက်သက်မျှသာ ဖြစ်သည်။
ရွှီယွဲ့ကျားက သူမကို ခေတ္တမျှ တိတ်တဆိတ် စိုက်ကြည့်နေပြီးနောက် နောက်ဆုံးတွင် အကြည့် လွှဲလိုက်ပြီး စောစောက သူပြောခဲ့သည့် စကားကို ပြန်ရှင်းပြနေသည်။
"မင်းမှာ ကိုယ်ပိုင်အစီအစဥ် ရှိရင်လည်း ပြီးတာပါပဲ၊ ကိုယ်က မင်း စာအုပ်တွေ မှားယူလာမိမှာကို စိုးရိမ်လို့ပါ"
ဝမ်ယဲ့က ခေါင်းညိတ်ပြလိုက်ပြီး ပြန်ပြောလိုက်သည်။
"ယောက်ျားရဲ့ စေတနာကို ကျွန်မ နားလည်ပါတယ်"
ထိုစကားကို ကြားလိုက်ရချိန်တွင် ရွှီယွဲ့ကျား၏ အကြည့်များက ကြည်လင်သွားပြီး ဤအကြောင်းအရာကို ထပ်ပြောတော့ချေ။
.......။.....။.....
နောက်တစ်နေ့.....
ယနေ့က ဝမ်ယဲ့အတွက် လန်ချန်တွင် နေခွင့်ရမည့် နောက်ဆုံးနေ့ ဖြစ်ပြီး မနက်ဖြန်ဆိုလျှင် သူမလည်း ဝမ်မင်းသား၏ အစောင့်အရှောက်များနှင့်အတူ မြို့တော်သို့ ပြန်ထွက်ခွာရတော့မည် ဖြစ်သည်။
လန်ချန်တွင် ဆယ်ရက်ကျော်ကြာ သောင်တင်နေစဥ်အတွင်း ဝမ်ယဲ့က လုသခင်မနှင့် အခြားသူများအတွက် ဒေသထွက် လက်ဆောင်ပစ္စည်း အများအပြား ရွေးချယ်ဝယ်ယူထားခဲ့သည်။
ယနေ့ကတော့ ထိုပစ္စည်းများအတွက် ငွေချေရမည့်နေ့ ဖြစ်သည်။
မနေ့က ကျောင်းတော်တွင် ကျောင်းအုပ်ကြီးကတော်က ဆေးဖက်ဝင်အပင်ဆိုင် တစ်ဆိုင်ကို အကြံပြုခဲ့သော်လည်း ဝမ်ယဲ့က ယဥ်ယဥ်ကျေးကျေး ငြင်းပယ်ခဲ့သည်။
အချို့သော ဟင်းလျာများက တစ်သက်တွင် တစ်ကြိမ်လောက် မြည်းစမ်းဖူးရုံဖြင့် လုံလောက်နေချေပြီ။
သူမ မထွက်ခွာမီတွင် ဝမ်ယဲ့က မြို့ဝန်မင်းကျိုးထံမှ လောလောလတ်လတ် ပြန်ရောက်လာသော ရွှီယွဲ့ကျားကို တားပြီး လှမ်းပြောလိုက်သည်။
"ယောက်ျား၊ အစ်ကိုကြီး၊ ယောင်းမနဲ့ ကျင့်လင်းတို့အတွက် လက်ဆောင်ပစ္စည်းတချို့ ဝယ်မသွားချင်ဘူးလား"
ရွှီယွဲ့ကျားက သူ့ခြေလှမ်းများကို ရပ်လိုက်ပြီး သူမကို ပြန်မေးလိုက်သည်။
"ဘာလက်ဆောင်လဲ"
ဝမ်ယဲ့က သက်ပြင်းအရှည်ကြီးတစ်ချက် ချပြီးမှ ပြန်ရှင်းပြလိုက်သည်။
"ယောက်ျား လန်ချန်ကို ရောက်နေတာ ဒီလောက်တောင် ကြာနေပြီလေ၊ မြို့တော်ကို ပြန်ယူသွားဖို့ ဒေသထွက် လက်ဆောင်ပစ္စည်းလေး ဘာလေး ဝယ်ဖို့ တစ်ခါမှ မတွေးမိဘူးလား"
ရွှီယွဲ့ကျားက ပြန်ဖြေလိုက်သည်။
"သူတို့မှာ ဘာမှ မလိုဘူး"
ထိုစကားက ဝမ်ယဲ့ကို တစ်ခုခု နားလည်သွားစေသည်။
‘အဲ့ကလေးတွေ သူ့ကို ဘာကြောင့် သိပ်မကပ်ကြတာလဲ ဆိုတာ ငါ သိသွားပြီ’
'သံယောဇဥ်ဆိုတာ အပေးအယူရှိမှ တည်တံ့တာလေ'
ဝမ်ယဲ့က ထိုသို့ တွေးလိုက်ပြီး သူ့ကို ကောင်းကောင်း လမ်းပြပေးရန် ဆုံးဖြတ်လိုက်သည်။
"ဆက်ဆံရေးဆိုတာမျိုးက အပေးအယူပေါ်မှာ တည်ဆောက်ရတာလေ၊ သူတို့မှာ လိုအပ်တာ ရှိ မရှိ ဆိုတာနဲ့ ယောက်ျားက ပေး မပေးဆိုတဲ့ အချက်က အများကြီး ကွာခြားတယ်"
ရွှီယွဲ့ကျားက ပြန်မေးလိုက်သည်။
"ဘာတွေ ကွာခြားလို့လဲ"
ဝမ်ယဲ့က ညည်းတွားသလို လေသံဖြင့် ပြောလိုက်သည်။
"ရင်ထဲမှာ ရှိနေတဲ့ သံယောဇဥ်တွေ သိပ်များလွန်းလာတဲ့အခါ တစ်ခါတရံမှာ အခြားသူတွေ ခံစားမိစေဖို့အတွက် ထုတ်ဖော်ပြသဖို့ လိုအပ်တယ်လေ"
ရွှီယွဲ့ကျားက သူမကို ခဏမျှ စိုက်ကြည့်နေပြီးမှ ရုတ်တရက် မေးလိုက်သည်။
"မင်းက ဒီလိုကိစ္စတွေမှာ အတွေ့အကြုံ တော်တော်များပုံရတယ်နော်"
ဝမ်ယဲ့က ချက်ချင်း တုံ့ပြန်လိုက်သည်။
"ယောက်ျားရော ကျွန်မရဲ့ အတွေ့အကြုံတွေဆီကနေ သင်ယူချင်လား"
ရွှီယွဲ့ကျားက စကားပြန်မပြောတော့ပေ။
ဝမ်ယဲ့ကတော့ ဆက်ပြောနေသေးသည်။
"တကယ်လို့ ယောကျ်ား သင်ယူချင်တယ်ဆိုရင် ကျွန်မနဲ့အတူ အပြင်ကို လိုက်ခဲ့လေ၊ ဈေးဝယ်ရင်းနဲ့ သင်ပေးမယ်၊ သင်တန်းကြေးကိုလည်း အများကြီး မယူပါဘူး၊ နှစ်ရာ့ခြောက်လျန်နဲ့ ကြေးပြားသုံးရာပဲ ယူမယ်လေ"
သူမက အတိအကျ တောင်းဆိုလိုက်သည်။
ရွှီယွဲ့ကျား : "......"
နောက်ဆုံးတွင် ရွှီယွဲ့ကျား တစ်ယောက် မည်သို့ ခံစားနေရပါစေ ဝမ်ယဲ့ကတော့ ဒေသထွက် လက်ဆောင်ပစ္စည်းဆိုင်ထဲသို့ မဝင်မီ သင်တန်းကြေးအဖြစ် ငွေနှစ်ရာ့ခြောက်လျန်နှင့် ကြေးပြားသုံးရာကို ရအောင် ယူသွားခဲ့သည်။
လက်ဆောင်ပစ္စည်းများ ဝယ်ယူပြီးနောက် ဝမ်ယဲ့က ဆရာတစ်ယောက်၏ တာဝန်ကို စတင်ထမ်းဆောင်ကာ ရွှီယွဲ့ကျားကို လမ်းညွှန်ပြသနေသည်။
"မိသားစုဝင်တွေကြားထဲမှာဆိုရင် လက်ဆောင်ရဲ့ တန်ဖိုးက ဒုတိယလို့ သတ်မှတ်တယ်၊ အဓိကက အဲ့ဒီလက်ဆောင်နောက်ကွယ်မှာ ရှိတဲ့ စေတနာပဲ"
ရွှီယွဲ့ကျားက ခြေလှမ်းများကို ရပ်လိုက်ပြီး သူ၏အကြည့်များက အနည်းငယ် တုန့်ဆိုင်းနေကာ ထပ်မေးလာခဲ့သည်။
"စေတနာလား"
သူ ဤကဲ့သို့သော အရာမျိုးကို တစ်ခါမျှ မလုပ်ဖူးခဲ့ကြောင်း သိသာနေသည်။ သေသေချာချာ ပြန်တွေးကြည့်လျှင် သူက နယ်စားမင်းအိမ်တော်၏ ဒုတိယသခင်လေး ဖြစ်ပြီး မြင့်မြတ်သောအဆင့်အတန်း ရှိသူဟု သတ်မှတ်နိုင်သည်။ အမြဲတမ်း အခြားသူများကသာ သူ့ဆီမှ မျက်နှာသာရရန် အကြိုက်ဆောင်ဖို့ ကြိုးပမ်းကြရသည်။ သူအနေဖြင့် အခြားသူများ စိတ်ကျေနပ်စေရန် နှိမ့်ချပြီး မျက်နှာလုပ်နေစရာ လုံးဝ လုံးဝ မလိုအပ်ခဲ့ပေ။
ဝမ်ယဲ့က သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် သူ့ကို မေးလိုက်သည်။
"ယောက်ျား.... ရှင် ယုန်ဖမ်းတတ်လား"
ရွှီယွဲ့ကျားတစ်ယောက် ခဏတာမျှ ဝေခွဲမရဖြစ်သွားသော်လည်း ပြန်ဖြေလိုက်သေးသည်။
"နည်းနည်းပါးပါးတော့ အကျွမ်းတဝင် ရှိပါတယ်"
ဝမ်ယဲ့က ချက်ချင်း ထပ်ပြောလိုက်သည်။
"ဒါဆို ကျွန်မ ရှင့်ကို နေရာတစ်ခုဆီ ခေါ်သွားမယ်၊ ဒီနည်းလမ်းက ပိုက်ဆံလည်း သက်သာစေသလို ရှင့်ရဲ့ စေတနာကိုလည်း အထူးတလည် ပေါ်လွင်စေနိုင်တယ်"
တစ်နာရီကြာပြီးနောက် ဝမ်ယဲ့က တွင်းထဲမှ မောင်းထုတ်ခံလိုက်ရသည့် မီးခိုးရောင် ယုန်တစ်ဒါဇင်ကျော်ကို ကြည့်လိုက်ပြီးမှ ရွှီယွဲ့ကျား၏ မြှားအောက်တွင် လဲလျောင်းနေသော တကောင်တည်းသော ယုန်ကို လှမ်းကြည့်လိုက်သည်။ သူမက သက်ပြင်းချရင်း ပြောလိုက်သည်။
"ယောက်ျားက တကယ်ကို နှိမ့်ချတတ်တာပဲနော်"
'နည်းနည်းပါးပါး အကျွမ်းတဝင် ရှိပါတယ်' ဆိုသည့် သူ့စကားက သူ နှိမ်ချပြီး ပြောဆိုခြင်းဟု သူမ ထင်မှတ်ထားခဲ့မိသည်။
ရွှီယွဲ့ကျားက သူ့သိက္ခာကို ပြန်လည်ဆယ်ယူရန် ကြိုးစားသည့်အနေဖြင့် လှမ်းပြောလိုက်သည်။
"ကိုယ် မလေ့ကျင့်ရတာ ကြာပြီလေ၊ အဲ့ဒါကြောင့် နည်းနည်း လက်အေးနေလို့ပါ"
ဝမ်ယဲ့က ချက်ချင်း ထောက်ခံပေးလိုက်သည်။
"ကျွန်မ နားလည်ပါတယ်ရှင်"
ရွှီယွဲ့ကျား : "ငါ့အစ်ကိုကြီးက အစားနည်းတယ်၊ ယုန်တစ်ကောင်ဆိုရင် လုံလောက်ပြီ"
ဝမ်ယဲ့က ရယ်ချင်စိတ်ကို အောင့်အီးထားရင်း ခေါင်းညိတ်ပြလိုက်သည်။
"ယောက်ျားရဲ့ စကားက အမှန်ဆုံးပဲ"
"မင်းက ဒီကိစ္စကို ဒီလောက်တောင် သဘောကျနေတာလား"
သူ့စကားသံထဲတွင် အလျှော့ပေးလိုက်သည့် ဟန်ပန်မျိုး အနည်းငယ် ရောစွက်နေသည်။
ဝမ်ယဲ့က ရိုးရိုးသားသား ခေါင်းညိတ်ပြရင်း ထပ်ပြောလိုက်သည်။
"ကျွန်မက အမတ်မင်းကို အမြဲတမ်း ပြီးပြည့်စုံတဲ့လူလို့ ထင်ခဲ့မိတာ၊ ဒါပေမယ့် ဒီနေ့တော့ ရှင့်မှာလည်း မကျွမ်းကျင်တဲ့အရာတွေ ရှိသေးတယ်ဆိုတာ သိလိုက်ရတယ်"
ခြုံငုံကြည့်ရလျှင် ဤအရာက ကံကြမ္မာအနေဖြင့် ရွှီယွဲ့ကျားအတွက် ပိတ်ပစ်လိုက်သည့် ဒုတိယမြောက် တံခါးချပ် ဖြစ်ပေလိမ့်မည်။
သို့သော်လည်း ရွှီယွဲ့ကျားက ပြန်ပြောနေသည်။
"ဘယ်သူမှ လုံးဝ ပြည့်စုံတယ်ဆိုတာ မရှိဘူး၊ ကိုယ်ကလည်း မင်း စိတ်ကူးထဲကလောက် မတော်နိုင်ဘူး"
သူ ထိုသို့ပြောခဲ့သော်လည်း ဝမ်ယဲ့ကတော့ ကောင်းကောင်းကြီး သိနေခဲ့သည်။ အကယ်၍ သူမ အခြားတစ်ယောက်နှင့် လက်ထပ်ခဲ့ရပါက ယခုလို စိတ်အေးလက်အေးနှင့် ပျော်ပျော်ပါးပါး နေထိုင်နိုင်မည် မဟုတ်ချေ။
လူတိုင်းက ကျေးဇူးသိတတ်ရမည် ဖြစ်ပြီး အနည်းဆုံးတော့ အပြောအဆိုနှင့် အပြုအမူများတွင် တစ်ဖက်လူ၏ ကြိုးစားအားထုတ်မှုများကို အသိအမှတ် ပြုရမည်ဟု ဝမ်ယဲ့ သတ်မှတ်ထားသည်။
ဤအခိုက်အတန့်တွင် ဝမ်ယဲ့က သူမ၏ အစစ်မှန်ဆုံး ခံစားချက်ကို ထုတ်ပြလိုက်သည်။
"ကျွန်မကတော့ ရှင့်ကို တကယ် ကောင်းမွန်ပြီး ပြီးပြည့်စုံတဲ့ ခင်ပွန်းတစ်ယောက်လို့ ထင်မိတယ်"
‘အနာဂတ်မှာ ဘာတွေပဲ ဖြစ်လာပါစေ၊ အနည်းဆုံးတော့ ရွှီယွဲ့ကျားက အခုအချိန်အထိ သူ့စကားအတိုင်း တည်အောင် နေထိုင်ခဲ့တယ်လေ။’
ရွှီယွဲ့ကျား၏ အကြည့်များက ဝမ်ယဲ့အပေါ်သို့ ကျရောက်လာခဲ့သည်။ သူက အသက်ကို ခဏမျှ အောင့်ထားပြီးနောက် မေးလာပြန်သည်။
"မင်း ကိုယ့်ကို တစ်ခုခု ဖုံးကွယ်ထားတာ ရှိလား"
နွေးထွေးနေသော လေထုလေးက ချက်ချင်း ပျက်စီးသွားခဲ့ရသည်။
ဝမ်ယဲ့တစ်ယောက် ခဏတာမျှ ဘာပြန်ပြောရမှန်း မသိအောင် ဖြစ်သွားရသည်။ သူမနှင့် ရွှီယွဲ့ကျားအကြား ဆက်သွယ်ပြောဆိုမှုဆိုင်ရာ ပြဿနာတစ်စုံတစ်ရာ ရှိနေသလားဟုပင် ရုတ်တရက် တွေးတောမိသွားသည်။
'ငါ ဒီလောက်အထိ အလေးအနက်ထားပြီး ပြောတာမျိုးက ရှားမှရှားလေ.... တကယ်လို့ ဒီအခွင့်အရေးကိုသာ လက်လွှတ်လိုက်ရင် နောက်တစ်ကြိမ် ရှိတော့မှာ မဟုတ်ဘူး'