← Chapters

အခန်း ၈၂

Vol. 9 Ch. 82

အခန်း ၈၂

Vol. 9 Ch. 82

အခန်း ၈၂ ရေပူစမ်းအိမ်တော်

ထိုအခိုက်အတန့်တွင် ရွှီယွဲ့ကျား၏ စိတ်ထဲ၌ အကြောင်းအရာတစ်ခု ပေါ်လာခဲ့သည်။ ၎င်းက ဝမ်ယဲ့ စုန့်ရှန်ကျောင်းတော်၏ စာကြည့်တိုက်မှ ငှားရမ်းခဲ့ပြီး သူ့ကို မပြောပြသည့် စာအုပ်ပင် ဖြစ်သည်။

အသေအချာ စဥ်းစားသုံးသပ်ပြီးနောက် ရွှီယွဲ့ကျားက သူ၏တွေးထင်ချက်ကို ထုတ်မေးလိုက်သည်။

"မင်း မနေ့က စာကြည့်တိုက်ကို သွားတာ စာအုပ်ငှားဖို့တင် မဟုတ်ဘူးမလား၊ စာကြည့်တိုက်ထဲမှာ တစ်ခုခု ခိုးလုပ်ခဲ့တယ်မလား"

ထိုစကားကြောင့် ဝမ်ယဲ့တစ်ယောက် ဆွံ့အသွားခဲ့ရပြီး အတန်ကြာမှသာ သူမ အသံပြန်ထွက်ကာ တုံ့ပြန်နိုင်တော့သည်။

"ယောက်ျား… ရှင့်ရဲ့ စိတ်ကူးစိတ်သန်းက တကယ်ကို ကြွယ်ဝတာပဲနော်"

‘ကျွန်မက တကယ်ပဲ အဲ့ဒီလောက်အထိ အဆင်အခြင်မဲ့ ပေါ့ဆတတ်တဲ့လူမျိုးမို့လို့လား၊ ရှင် ကျွန်မအပေါ်မှာ ဒီလိုတွေ တွေးတောမိအောင် အတိတ်မှာ ဘာတွေများ ကြုံတွေ့ခဲ့ဖူးလို့လဲ’

ရွှီယွဲ့ကျားက တိုးတိုးလေး ပြန်ပြောလိုက်သည်။

"ဒါဆိုရင်တော့ ကောင်းတာပေါ့"

ဝမ်ယဲ့ : "......"

‘ဟူး... ငါတို့နှစ်ယောက်ကြားထဲက ဆက်သွယ်ပြောဆိုမှုမှာ အတားအဆီးတစ်ခုတော့ အမှန်တကယ် ရှိနေပုံပဲ’

......။.......။.....

အချိန် လဝက်ကျော် ကြာလာပြီဖြစ်သောကြောင့် လန်ချန်၌ ဖြစ်ပွားခဲ့သော ဖြစ်ရပ်ကြီး၏ သတင်းက မြို့တော်အတွင်းသို့ တောမီးပမာ ပျံ့နှံ့နေခဲ့ချေပြီ။

လုသခင်မက ဝမ်ယဲ့ထံမှ သူမတို့ အိမ်တော်သို့ ပြန်ရောက်ရှိမည့် အချိန်အတိအကျအား ရေးသားထားသည့် စာတစ်စောင်ကို ကြိုတင်လက်ခံရရှိထားခဲ့သည်။ ထို့ကြောင့် သူမတို့ ရောက်ခါနီးအချိန်တွင် မီးဖိုချောင်အား အဟာရဖြစ်စေမည့် စွပ်ပြုတ်ပူပူများ ပြင်ဆင်ပေးရန် အမိန့်ပေးထားခဲ့သည်။

ဝမ်ယဲ့နှင့် ရွှီယွဲ့ကျားတို့ နယ်စားမင်းအိမ်တော်သို့ ရောက်ရှိလာချိန်တွင် ညစာစားချိန် ကျော်လွန်နေပြီ ဖြစ်သည်။ သို့သော်လည်း လုသခင်မက သူတို့အတွက် သီးသန့် စားပွဲဝိုင်းတစ်ခုကို ပြင်ဆင်ထားစေပြီး မီးဖိုကို သုံးကာ နွေးနေအောင် ပြင်ဆင်ပေးထားခဲ့သည်။

ဝမ်ယဲ့နှင့် ရွှီယွဲ့ကျားတို့ ဗိုက်ပြည့်အောင် စားသောက်ပြီးနောက်တွင် လုသခင်မက လောလောလတ်လတ် ပြင်ဆင်ထားသည့် ဆေးဘက်ဝင်အားဖြည့်စွပ်ပြုတ်ရည်ကို ယူလာပေးရန် ခိုင်းစေလိုက်သည်။

ဝမ်ယဲ့က မည်သည့်အရာများ ပါဝင်မှန်း ခွဲခြားရခက်လှသည့် စွပ်ပြုတ်ကို ကြည့်ရင်း ခက်ခက်ခဲခဲ စောဒကတတ်နေလေသည်။

"မမ… ကျွန်မ ယွင်ကျစ်လို့ကို ရောက်တုန်းက နှစ်ကိုက်လောက်ပဲ စားခဲ့တာပါ"

လုသခင်မက အတင်းအကြပ် တိုက်တွန်းလာခဲ့သည်။

"ငါ သိတယ်၊ အဲ့ဒါကြောင့်မလို့လည်း နင့်အတွက် ဒီစွပ်ပြုတ်ကို အထူးတလည် လုပ်ခိုင်းထားတာပေါ့"

သူမတို့၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ရွှီကျင့်ရုံကလည်း အလိုက်သင့်လေး ဝင်ပြောနေရှာသည်။

"ဒုတိယအဒေါ်က နှစ်ကိုက်ပဲ စားခဲ့ရလို့ တော်သေးတာပေါ့၊ ကျွန်တော်နဲ့တော့ မတူဘူး၊ ကျွန်တော်ကတော့ နောက်လဝက်လောက်အထိ ခါးသက်နေတဲ့ ဆေးရည်တွေကို ဆက်သောက်ရဦးမယ်"

ထိုစကားကို ကြားလိုက်ရချိန်တွင် ဝမ်ယဲ့က သူမ၏အခြေအနေကို ရွှီကျင့်ရုံ၏အခြေအနေနှင့် တိတ်တဆိတ် နှိုင်းယှဥ်ကြည့်လိုက်ပြီး စိတ်ထဲတွင် အနည်းငယ် သက်သာရာရသွားခဲ့သည်။

'အနည်းဆုံးတော့ ငါ့စွပ်ပြုတ်က ခါးသက်တဲ့ အနံ့အသက်မျိုး မရှိဘူးလေ'

ဝမ်ယဲ့ စွပ်ပြုတ်သောက်နေသည်ကို ကြည့်ပြီးမှ လုသခင်မက စိတ်သက်သာရာရသွားဟန်ဖြင့် ပြုံးလိုက်သည်။ ခဏအကြာတွင် သူမက ရွှီယွဲ့ကျားကို လှည့်ကြည့်ပြီး တိုက်တွန်းနေပြန်သည်။

"ဒုတိယမောင်လေး... မင်းလည်း တစ်ခွက်လောက် သောက်လိုက်ဦးလေ"

ဇနီးမောင်နှံနှစ်ဦးစလုံး စွပ်ပြုတ်သောက်ပြီးသွားသည်ကို စောင့်ကြည့်ပြီးမှသာ လုသခင်မက သူတို့ကို ပြန်ခွင့်ပေးခဲ့သည်။

အနောက်ဘက်ခြံဝင်းသို့ ပြန်ရောက်သည်နှင့် ဝမ်ယဲ့က နူးညံ့လှသော အိပ်ရာပေါ်သို့ လှဲချလိုက်သည်။

‘အား.... ဗိုက်က တကယ်ကို ပြည့်အင့်နေပြီ’

‘ဒီလို အခြေအနေကြီးနဲ့ ငါ ဘယ်လိုလုပ် အိပ်ပျော်နိုင်တော့မှာလဲ’

ခဏမျှ နားနားနေနေ နေပြီးနောက် သူမက တံတောင်ဆစ်ဖြင့် ကိုယ်ကို ထောက်ကာ ထိုအမျိုးသားကို လှမ်းကြည့်ရင်း စမ်းသပ်သည့်အနေဖြင့် ခေါ်လိုက်သည်။

"ယောက်ျား"

ရွှီယွဲ့ကျားက အပြင်ဝတ်ရုံကို ချွတ်ပြီးနေပြီ ဖြစ်ကာ လှည့်ပင်မကြည့်ဘဲ ပြောလိုက်သည်။

"ကိုယ်တို့ မနက်ဖြန် နန်းတော်ထဲကို သွားရမယ်၊ အဲ့ဒါကြောင့် ဒီညတော့ စောစောနားကြမယ်"

ဝမ်ယဲ့အနေဖြင့် လန်ချန်၏ အမှုကိစ္စနှင့် မပတ်သက်ချင်ဘဲ မည်မျှပင် ရှောင်ဖယ်နေခဲ့ပါစေ၊ သူမ၏ စွမ်းဆောင်ချက်ကိုတော့ လျစ်လျူရှုထားရန် မဖြစ်နိုင်ချေ။

သူတို့ အိမ်တော်သို့ ပြန်မရောက်ခင်ကတည်းက နန်းတွင်းမှ ဆင့်ခေါ်စာက နယ်စားမင်းအိမ်တော်သို့ ရောက်ရှိနေခဲ့ပြီး ဖြစ်သည်။

ဝမ်ယဲ့တစ်ယောက် စိတ်ထဲတွင် အနည်းငယ် နှမြောတသ ဖြစ်သွားမိသော်လည်း ပွင့်ပွင့်လင်းလင်း စောဒကတတ်လိုက်သည်။

"ကျွန်မ ဘာမှတောင် မပြောရသေးဘူးလေ"

ထိုသို့ပြောပြီးနောက် သူမက အိပ်ရာပေါ်သို့ ပြန်လှဲချလိုက်သည်။

ရွှီယွဲ့ကျားက နောက်လှည့်လာပြီး သူမအနားသို့ ချဥ်းကပ်လာခဲ့သည်။ ထို့နောက် သူ၏မျက်နှာအမူအရာတွင် စိုးရိမ်ပူပန်မှုများ ထင်ဟပ်နေကာ သူမကို တိုးတိုးလေး မေးလိုက်သည်။

"နေရတာ အရမ်း မအီမသာ ဖြစ်နေလို့လား"

ဝမ်ယဲ့က အားနည်းသောအသံလေးဖြင့် ပြန်ဖြေလိုက်သည်။

"အင်း..."

ရွှီယွဲ့ကျားက သူမကို ဆွဲထူရန် လက်ကမ်းပေးလိုက်သည်။

"လာ... အစာကြေသွားအောင် လမ်းလျှောက်ကြမယ်"

ဆွဲထူခြင်း ခံလိုက်ရပြီးနောက်တွင် ဝမ်ယဲ့က ရွှီယွဲ့ကျား၏ ရင်ခွင်ထဲသို့ တန်းခနဲ တိုးဝင်သွားခဲ့ပြီး သူမ၏ အသံလေးကို တမင်သက်သက် ချွဲနွဲ့ရင်း စနောက်လိုက်သည်။

"ယောက်ျား.... ရှင် ကျွန်မနဲ့ အတူတူ လိုက်ခဲ့ပေးနော်"

ရွှီယွဲ့ကျား၏ နားရွက်ဖျားလေးများက ရဲတက်သွားပြီး သူက ခပ်တည်တည် ပြန်ပြောလာသည်။

"အရင်ဆုံး သေသေချာချာ မတ်မတ်ရပ်ဦး"

ဝမ်ယဲ့ကတော့ အလိုက်သင့်လေး ဆိုးနွဲ့လိုက်ပြီး သူ့လည်ပင်းကို သူမလက်နှစ်ဖက်ဖြင့် သိုင်းဖက်လိုက်ကာ ထပ်ပြောနေပြန်သည်။

"ကျွန်မ မတ်မတ်မရပ်နိုင်တော့ဘူး"

'အသား မစားရရင်တောင်မှ စွပ်ပြုတ်တစ်ငုံလောက် သောက်ရရင်ကို ကျေနပ်ပါပြီလေ'

ရွှီယွဲ့ကျား : "......"

......။.....။......

နောက်တစ်နေ့... မိုးမလင်းတလင်းအချိန်....

ဝမ်ယဲ့တစ်ယောက် နှစ်ခြိုက်စွာ အိပ်ပျော်နေစဥ် သူမ၏နှာခေါင်းပေါ်တွင် ရုတ်တရက် ယားကျိကျိ ခံစားလိုက်ရသည်။ သူမ အားယူပြီး မျက်လုံးဖွင့်ကြည့်လိုက်ရာ ပါးချိုင့်လေးနှင့် မျက်နှာဖောင်းဖောင်းလေးတစ်ခုကို တွေ့လိုက်ရသည်။

ထိုကလေးက သူမ မတွေ့ရသည်မှာ အတော်ကြာပြီဖြစ်သော ရွှီယွိရွှမ် ဖြစ်သည်။

မနေ့ညက သူမတို့ အိမ်တော်သို့ ပြန်ရောက်ချိန်က ညနက်နေပြီဖြစ်ရာ ထိုအချိန်တွင် ရွှီယွိရွှမ်က အိပ်ပျော်နေခဲ့သည်။

ဝမ်ယဲ့ နိုးလာသည်ကို မြင်လိုက်ရချိန်တွင် ရွှီယွိရွှမ်က အပြစ်မကင်းဟန်ဖြင့် သူ့လက်ဖဝါးသေးသေးလေးကို အမြန် ပြန်ရုပ်သိမ်းလိုက်ပြီး သူ့၏လုပ်ရပ်လေးကို ဖုံးကွယ်သည့်အနေဖြင့် လှမ်းခေါ်လိုက်သည်။

"မေမေ"

ဝမ်ယဲ့က မျက်လုံးများကို ပွတ်သပ်လိုက်ပြီး ကလေး၏ စောစောစီးစီး နောက်ပြောင်ကျီစယ်မှုကို စိတ်မဆိုးတော့ဘဲ သူ့ကို အိပ်ရာပေါ်တွင် ထိုင်စေကာ မေးမြန်းနေသည်။

"မင်းကို ဘယ်သူ ဒီကို ခေါ်လာတာလဲ"

"ကျိမား"

ဝမ်ယဲ့က ခြေအိတ်ဝတ်ထားဆဲဖြစ်သော သူ၏ခြေထောက်လေးများကို တစ်ချက်လှမ်းကြည့်ရင်း ဆက်မေးလိုက်သည်။

"ဒါဆို ဖိနပ်ကိုကျတော့ ကျိမားပဲ ချွတ်ပေးခဲ့တာလား"

ရွှီယွိရွှမ်က ခေါင်းခါပြပြီး အမှန်အတိုင်း ပြန်ဖြေလိုက်သည်။

"ဖေဖေ ချွတ်ပေးတာ"

"ဖေဖေက ထွက်သွားပြန်ပြီ"

ရွှီယွိရွှမ်က စိတ်ပျက်ပြီး အားမလိုအားမရဖြစ်နေသော လေသံလေးဖြင့် ထပ်ပြောနေရှာသည်။

ဝမ်ယဲ့က မျက်ခုံးတစ်ဖက်ကို ပင့်တင်လိုက်ပြီး ဆက်မမေးတော့ချေ။

'ရွှီယွဲ့ကျားကတော့ ညီလာခံတက်ဖို့ သွားပြီ ထင်တယ်'

အတွင်းခန်းထဲမှ ထွက်ပေါ်လာသော အသံများကြောင့် အပြင်ဆောင်တွင် အတန်ကြာ စောင့်ဆိုင်းနေခဲ့သည့် ထောင်ကျီက ကြေးဇလုံတစ်ခုကို ကိုင်ဆောင်ကာ ဝင်လာခဲ့သည်။

သူမ၏နောက်ကပ်လျက်တွင် ယွင်ကျိလည်း ပါလာပြီး သူမက ရင်းနှီးဖော်ရွေသော အပြုံးလေးဖြင့် ချဉ်းကပ်လာပြီး တိုးတိုးလေး မေးလိုက်သည်။

"သခင်ငယ်လေး... ဒီအစေခံ သခင်ငယ်လေး ဖိနပ်စီးဖို့ ကူညီပေးရမလားရှင့်"

ရွှီယွိရွှမ်က လိမ္မာယဉ်ကျေးဟန်လေးဖြင့် ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့"

ထို့နောက်တွင် သူက ဝမ်ယဲ့ကိုသာ မျက်တောင်မခတ်တမ်း စူးစူးစိုက်စိုက် စိုက်ကြည့်နေလေသည်။ သူ မျက်စိလွှဲလိုက်သည်နှင့် သူမလည်း သူ့ဖခင်ကဲ့သို့ ချက်ချင်း ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေသည့်အလားပင်။

ကလေးငယ်၏ အကြည့်က အလွန် စူးရှပြီး ဖုံးကွယ်ထားရန် မဖြစ်နိုင်သောကြောင့် ဝမ်ယဲ့အနေဖြင့် သတိမပြုမိဘဲ မနေနိုင်တော့ချေ။

ရိုးရှင်းသော မနက်စာကို စားသောက်ပြီးနောက် ဝမ်ယဲ့က လှမ်းပြောလိုက်သည်။

"အဲ့လောက်ကြီး စိုက်မကြည့်ပါနဲ့တော့၊ မေမေက ထွက်မပြေးပါဘူး"

သူ၏ အကြံအစည်လေးကို ဖမ်းမိသွားသောကြောင့် ရွှီယွိရွှမ်၏ အပြစ်မကင်းသော မျက်လုံးလေးများက ဟိုဟိုဒီဒီ ပျာပျာသလဲ တွေဝဲနေလေသည်။

သူက ဝန်မခံဘဲ ငြင်းဆန်လိုက်သည်။

"ရွှမ်အာ မကြည့်ဘူး"

ဝမ်ယဲ့က သူနှင့် အငြင်းမပွားတော့ဘဲ ထိုအစား ထပ်ပြောလိုက်သည်။

"မေမေ့မှာ ရွှမ်အာအတွက် သတင်းကောင်းတစ်ခု ရှိတယ်၊ နားထောင်ချင်လား"

ရွှီယွိရွှမ်က ခေါင်းလေးစောင်းကာ ပြန်မေးနေသည်။

"ဘာသတင်းလဲဟင်"

ဝမ်ယဲ့၏ မျက်ဝန်းများက စစ်မှန်သော ပျော်ရွှင်မှုတို့ဖြင့် ကွေးညွတ်သွားပြီး ပြောလိုက်သည်။

"ဆရာရှီလည်း ပြန်ရောက်နေပြီ၊ သူက မနက်ဖြန်ကစပြီး ရွှမ်အာကို စာသင်ပေးတော့မှာတဲ့၊ ရွှမ်အာ မပျော်ဘူးလား"

ရွှီယွိရွှမ်၏ ပါးစပ်လေးက မယုံနိုင်လောက်အောင် အဟောင်းသား ပွင့်သွားခဲ့ပြီး သူ၏မျက်နှာအမူအရာတွင် ပျော်ရွှင်ရိပ် အနည်းငယ်မျှပင် မရှိနေခဲ့ချေ။

သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီးမှ ပြန်ပြောလိုက်သည်။

"မေမေ… ရွှမ်အာမှာ လုပ်စရာကိစ္စလေး ရှိသေးလို့ အရင်သွားနှင့်တော့မယ်နော်"

ဝမ်ယဲ့က ကလေးငယ် ထွက်ခွာသွားသည်ကို တည်ငြိမ်သောအမူအရာဖြင့် ကြည့်ရင်း လှမ်းပြောလိုက်သည်။

"တော်တော်လေး မြန်မြန်ပြေးနိုင်တာပဲ၊ ခြေထောက်ဒဏ်ရာက လုံးဝပျောက်ကင်းသွားပြီနဲ့ တူတယ်၊ အမှန်တော့ မေမေက ရွှမ်အာကို နောက်ထပ် ရက်အနည်းငယ်လောက် နားရက်ပေးဖို့ တွေးထားတာ၊ ဒါပေမယ့် အခုတော့ လိုအပ်မယ် မထင်တော့ဘူး"

နှေးနှေးကွေးကွေးဖြင့် ရောက်ရှိလာသော အထိန်းတော်ကျိက ထိုစကားလုံးတိုင်းကို အတိုင်းသား ကြားလိုက်ရသည်။

'သနားစရာကောင်းတဲ့ သခင်ငယ်လေးလေးပဲ...'

.......။........။........

မနက်စာ စားပြီးနောက်တွင် လုသခင်မက ဝမ်ယဲ့ကို ခေါ်ဆောင်ကာ နန်းတော်သို့ ထွက်ခွာလာခဲ့ကြသည်။

ဝမ်ယဲ့အနေဖြင့် ယခင်က နန်းတော်ထဲသို့ တစ်ကြိမ်မျှ မဝင်ဖူးသေးသည်ကို ထည့်သွင်းစဥ်းစားပြီး မယ်တော်ကြီးက သူမ ပိုသက်တောင့်သက်သာ ရှိစေရန်အတွက် လုသခင်မနှင့်အတူ ဆင့်ခေါ်ခဲ့ခြင်း ဖြစ်သည်။

သူမ၏ဘေးတွင် လုသခင်မ ရှိနေခြင်းကြောင့် ဝမ်ယဲ့၏ စိုးရိမ်ပူပန်မှုများ သိသိသာသာ လျော့ပါးသွားခဲ့ရသည်။

အရာအားလုံးက ချောချောမွေ့မွေ့ ပြီးဆုံးသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် နန်းတော်၏ အခြားတစ်နေရာ၌ မနက်ခင်းညီလာခံအပြီးတွင် ဧကရာဇ်မင်းမြတ်က လန်ချန်၌ ဖမ်းဆီးမိခဲ့သော ပုန်ကန်သူမင်သား၏ အကြွင်းအကျန်များအရေးကို ဆွေးနွေးရန် ချင်ကျန့်ခန်းမဆောင်၌ မှူးမတ်အချို့နှင့်အတူ အရေးပေါ် အစည်းအဝေးတစ်ခု ကျင်းပနေခဲ့သည်။

ထိုအကြွင်းအကျန်များကို အချိန်မီ ရှာဖွေဖော်ထုတ်နိုင်ခဲ့သော်လည်း ပိုနက်ရှိုင်းစွာ စုံစမ်းစစ်ဆေးလိုက်ချိန်တွင် ထိုပုန်ကန်သူများ၏ လက်တံများက နန်းတွင်းအရာရှိများကြားထဲအထိ ထိုးဖောက်ဝင်ရောက်နေပြီဖြစ်ကြောင်း သိရှိလိုက်ရသည်။

ဤတစ်ကြိမ်တွင်တော့ ဧကရာဇ်မင်းမြတ်က ကရုဏာထားကာ တုံ့ဆိုင်းခြင်းမျိုး မရှိတော့ပေ။ ပတ်သက်ဆက်နွှယ်သူ မည်သူမဆို ပါဝင်မှု ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ရာထူးချခံရခြင်းနှင့် ပိုင်ဆိုင်မှုများ သိမ်းဆည်းခံရခြင်းတို့ ရင်ဆိုင်ခဲ့ရပြီး နှစ်ကုန်တွင် ပြည်နှင်ဒဏ် သို့မဟုတ် ကွပ်မျက်ခြင်းရန် အမိန့်တော်ချမှတ်ခဲ့သည်။

ပြစ်ဒဏ်လျှော့ပေါ့ပေးရန် တောင်းပန်တိုးလျှိုးသူ မှန်သမျှကိုလည်း ထိုပြစ်ဒဏ်အတိုင်း အလားတူ ပြစ်ဒဏ်ပေးခဲ့သည်။

ပုန်ကန်သူမင်းသား၏ အကြွင်းအကျန်များကို စီမံခန့်ခွဲရမည့်အရေးကိစ္စအား ဆွေးနွေးပြီးနောက်တွင် ဧကရာဇ်မင်းမြတ်က ရွှီယွဲ့ကျားတစ်ယောက်တည်းကို သီးသန့်ဆင့်ခေါ်ကာ မိန့်တော်မူခဲ့သည်။

"မောင်မင်းဇနီးရဲ့ ထက်မြက်တဲ့ အကဲခတ်မှုသာ မရှိရင် ငါကိုယ်တော်ရဲ့ ညီတော်က ဒီထက်မက ဒုက္ခရောက်ခဲ့မှာ သေချာတယ်"

ရွှီယွဲ့ကျားက အနည်းငယ် ဦးညွတ်လိုက်ပြီးမှ ပြန်လျှောက်တင်လိုက်သည်။

"အရှင်မင်းမြတ်.... ချီးမွမ်းတာ အလွန်အကျူး ဖြစ်နေပါပြီ"

ဧကရာဇ်မင်းမြတ်က ဆက်ပြောနေသည်။

"မောင်မင်းတို့ ပြန်မရောက်ခင်ကတည်းက သူ့ကို ဘယ်လိုဆုလာဘ်မျိုး ပေးသင့်လဲဆိုတာ ငါကိုယ်တော် စဥ်းစားနေခဲ့တာ၊ နောက်ဆုံးတော့ ဧကရီက ငါကိုယ်တော်ကို သတိပေးခဲ့တယ်၊ အမတ်ရွှီ.... မောင်မင်းတို့ အိမ်ထောင်တစ်ခု ထူထောင်ပြီးတာ တစ်နှစ်နီးပါး ရှိနေပြီ၊ ဒါပေမယ့် အမတ်ရွှီက ဇနီးသည်အတွက် တရားဝင် အဆင့်အတန်းတစ်ခုခု လျှောက်ထားပေးတာမျိုး တစ်ခါမှ မရှိသေးဘူးနော်"

ရွှီယွဲ့ကျားက ခဏတာမျှ တုံ့ဆိုင်းသွားပြီးမှ ပြန်လျှောက်တင်လိုက်သည်။

"ဒါက ကျွန်တော်မျိုးရဲ့ ပေါ့ဆမှုပါ"

ထိုအခြင်းအရာကို မြင်လိုက်ရချိန်တွင် ဧကရာဇ်မင်းမြတ်က အနည်းငယ် အံ့အားသင့်သွားပြီး ပြန်ပြောလိုက်သည်။

"အမတ်ရွှီ ငြင်းဆန်လိမ့်မယ်လို့ ငါကိုယ်တော် ထင်ထားခဲ့တာ"

‘ရွှီယွဲ့ကျားက သူ့ဇနီးအပေါ် အတော်လေး တန်ဖိုးထားပုံရတယ်’

ထိုအချက်ကို သဘောပေါက်သွားပြီးနောက် ဧကရာဇ်မင်းမြတ်က အကြံတစ်ခု ရသွားခဲ့သည်။

ရွှီယွဲ့ကျားက ပြန်မေးမြန်းလိုက်သည်။

"အရှင်မင်းကြီးက ကျွန်တော်မျိုးဆီက ဘယ်လို စကားမျိုးကြားချင်တာပါလဲခင်ဗျာ"

ဧကရာဇ်မင်းမြတ်က ချောင်းဟန့်ဟန် ပြုလိုက်ပြီးမှ ထပ်ပြောလိုက်သည်။

"ဝမ်မင်းသားက မင်းကို ရေနွေးနဲ့ပက်ပြီး နောက်ပြောင်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့… ငါကိုယ်တော်က အစားထိုးအနေနဲ့ မင်းဇနီးရဲ့ ဆုလာဘ်ထဲကို ခရမ်းရောင်ပုလဲတစ်သေတ္တာ ပေါင်းထည့်ပေးလိုက်မယ်"

ရွှီယွဲ့ကျား၏ လေသံက ပြောင်းလဲခြင်းမရှိဘဲ တည်ငြိမ်နေဆဲပင်။

"ကျွန်တော်မျိုးက အဲ့ကိစ္စကို ဘယ်တုန်းကမှ စိတ်ထဲမထားခဲ့ပါဘူး"

နှစ်ပေါင်းများစွာ အုပ်ချုပ်သူနှင့် လက်အောက်ခံအဖြစ် အတူတူတကွ ပူးပေါင်းခဲ့ကြသဖြင့် ဧကရာဇ်မင်းမြတ်က ရွှီယွဲ့ကျား ဘာကို ဆိုလိုနေမှန်း ရိပ်မိနိုင်သည်။

ဧကရာဇ်မင်းမြတ်က စိတ်ရင်းမှန်ကို ပြသသည့်အနေဖြင့် ထပ်ပြောလိုက်သည်။

"ငါကိုယ်တော် ရုတ်တရက် သတိရသွားတာ ရှိတယ်၊ မြို့ပြင်မှာ ကောင်းမွန်တဲ့ ရေပူစမ်းအိမ်တော်လေး တစ်ခု ရှိတယ်၊ အဲ့ဒါကိုလည်း ဒီနေ့ပဲ မင်းဇနီးအတွက် ပေးသနားလိုက်မယ်၊ ဘယ်လိုလဲ"

‘သူ့မှာ ဒီလောက်အသုံးမကျတဲ့ ညီတော်တစ်ယောက် ရှိနေတာ သူက ဘယ်သူ့အပြစ် သွားပြောရမလဲ’

ရွှီယွဲ့ကျားက လျှောက်တင်လိုက်သည်။

"ကျွန်တော်မျိုးရဲ့ ဇနီးကိုယ်စား အရှင်မင်းကြီးကို ကျေးဇူးတင်ရှိကြောင်း လျှောက်တင်ပါတယ်"

ရွှီယွဲ့ကျား၏ ချက်ချင်း လက်ခံလိုက်သော အပြုအမူက ဧကရာဇ်မင်းမြတ်ကိုပင် အကြံအိုက်သွားစေခဲ့သည်။

မူလက ရွှီယွဲ့ကျားက ငြင်းဆန်လိမ့်သည်ဟု သူ တွေးထားပြီး အခြားဆုလာဘ်တစ်ခုအနေဖြင့် ရှားပါးရှေးဟောင်းစာအုပ်များ ပါရှိသော သေတ္တာတစ်လုံးကို ထပ်ထည့်ပေးရန် သူ အစီအစဉ်ဆွဲထားခဲ့ခြင်း ဖြစ်သည်။

'အမတ်ရွှီ.... မင်း အရင်က ဒီလို ပုံစံမျိုးမဟုတ်ပါဘူး'

‘ငွေကြေးနဲ့ ကျော်ကြားမှုကို အမှိုက်လို့ သတ်မှတ်ခဲ့တဲ့ ရွှီယွဲ့ကျား ဘယ်ရောက်သွားပြီလဲ’

မယ်တော်ကြီး၏ နန်းဆောင်ထဲမှ ချောချောမွေ့မွေ့ ပြန်ထွက်ခွာလာပြီးနောက် ရထားလုံးပေါ်သို့ တက်လိုက်သည့်အချိန်၌ပင် ဝမ်ယဲ့တစ်ယောက် အောင့်မထားနိုင်တော့ဘဲ နှာချေလိုက်မိသည်။

လုသခင်မက ချက်ချင်း လှမ်းမေးလိုက်သည်။

"နေလို့ မကောင်းဘူးလား"

ဝမ်ယဲ့က ခေါင်းခါပြလိုက်ရင်း ပြောပြလိုက်သည်။

"မဟုတ်ပါဘူး၊ ရုတ်တရက် နှာခေါင်းထဲက ယားကျိကျိ ဖြစ်သွားလို့ပါ"

သူမ အမှန်တကယ် အဆင်ပြေနေသည်ကို မြင်မှသာ လုသခင်မက ဆက်ပြောလိုက်သည်။

"မယ်တော်ကြီးနဲ့ ကြင်ယာတော်ရှုတို့ရဲ့ ဆုလာဘ်တွေကို ကြည့်ရသလောက်တော့ သူတို့ နင့်အပေါ် အကောင်းမြင်ပုံရတယ်"

ဝမ်ယဲ့က ချိုချိုသာသာ ပြုံးလိုက်ရင်း ပြန်ပြောလိုက်သည်။

"ဒါပေါ့၊ မမရဲ့ အမြင်က ဘယ်မှားပါ့မလဲ"

လုသခင်မက ခဏမျှ စဥ်းစားပြီးမှသာ ဝမ်ယဲ့ ဆိုလိုသည့်အဓိပ္ပာယ်ကို သဘောပေါက်သွားခဲ့သည်။

သူမက စကားကို ပတ်လှည့်ပြောရင်း သူမကိုယ်ကိုယ်အပါအဝင် လူတိုင်းကို ချီးမွမ်းသွားခြင်း ဖြစ်သည်။

လုသခင်မတစ်ယောက် အနည်းငယ် ကယ်ကူရာမဲ့သွားသလို ခံစားလိုက်ရသည်။

"အခု နင်က အောင်မြင်မှုတစ်ခု ရခဲ့တာဆိုတော့ မယ်တော်ကြီးနဲ့ ကြင်ယာတော်ရှုတို့ရဲ့ ဆုလာဘ်တွေအပြင် ဧကရာဇ်မင်းမြတ်နဲ့ ဧကရီမယ်မယ်တို့ကလည်း သေချာပေါက် တစ်ခုခု ပေးသနားဦးမှာပါပဲ၊ ငါ ခန့်မှန်းရရင် နင့်ကို နန်းတွင်းဘွဲ့ထူးအဆင့်တစ်ခုခု ပေးအပ်ဖို့ အချိန်တန်ပြီ ထင်တယ်"

"ဒုတိယမောင်လေးရဲ့ စိတ်နေစိတ်ထားနဲ့ဆိုရင် နင့်အတွက် ဘွဲ့ထူးအဆင့်တစ်ခုခု လျှောက်ထားပေးဖို့ သူကိုယ်တိုင် ဘယ်တော့မှ တွေးမိမှာမဟုတ်ဘူး၊ ဒါပေမယ့် အခုလို ဖြစ်သွားတော့ ပိုကောင်းတာပေါ့၊ ဒီဘွဲ့ထူးအဆင့်က နင်ကိုယ်တိုင် ကြိုးစားပြီး ရခဲ့တာဆိုတော့ နင် ပိုပြီး ဂုဏ်ယူဝံကြွားနိုင်တာပေါ့"

ဝမ်ယဲ့က ထိုအကြောင်းကို မတွေးမိခဲ့ပေ။ သူမက လက်ဝတ်ရတနာများနှင့် ရတနာသေတ္တာအချို့သာ ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဆုလာဘ် ပိုရသည်ကို မည်သူကမျှ ငြင်းဆန်မည်မဟုတ်ချေ။

ထိုနေ့မှာပင် ဝမ်ယဲ့အား နန်းတွင်းဘွဲ့ထူးအဆင့် အပ်နှင်းသည့် အမိန့်တော်စာချွန်လွှာက များပြားလှသော ဆုလာဘ်များနှင့်အတူ နယ်စားမင်းအိမ်တော်သို့ ရောက်ရှိလာခဲ့သည်။

ထိုဆုလာဘ်များထဲတွင် မြို့ပြင်ရှိ ရေပူစမ်းအိမ်တော်က အထူးခြားဆုံး ဖြစ်နေခဲ့သည်။

၎င်းက လုသခင်မကိုပင် အတော်လေး အံ့အားသင့်သွားစေခဲ့သည်။ ယခင်ပေးခဲ့သော ဆုလာဘ်များကပင် အလွန် ရက်ရောလှပြီ ဖြစ်ရာ ဤနောက်ဆုံး ရေပူစမ်းအိမ်တော်ကို ပေးသနားခြင်းက ဧကရာဇ်မင်းမြတ်၏ ပုံမှန်လုပ်ရိုးလုပ်စဥ်ပုံစံနှင့် သိပ်မတူသလို ဖြစ်နေသောကြောင့်ပင်။

လုသခင်မလည်း မတွေးဘဲ မနေနိုင်ဖြစ်နေကာ တောင်စဥ်ရေမရ လိုက်တွေးနေမိသည်။

'ဧကရီမယ်မယ်ကိုယ်တိုင် ထပ်ဖြည့်ပေးလိုက်တာများလား'

ဝမ်ယဲ့ကတော့ ထိုမျှအထိ အများကြီး မတွေးတော့ဘဲ ဤဧကရာဇ်မင်းမြတ်က အတော်လေး လက်ဖွာသည်ဟုသာ စိတ်ထဲမှ ရေရွတ်လိုက်သည်။

လုသခင်မ ထွက်သွားပြီးနောက်မှသာ ဝမ်ယဲ့တစ်ယောက် အသံထွက် ပြောဆိုနေခဲ့သည်။

"ဒီရေပူစမ်းအိမ်တော်က ကျွန်မနဲ့ အကိုက်ညီဆုံး ဆုလာဘ်ပဲ"

ရွှီယွဲ့ကျားက ပြန်ဖြေလိုက်သည်။

"မင်း သဘောကျရင် ပြီးတာပါပဲ"

ဝမ်ယဲ့က တစ်ခုခု ပုံမှန်မဟုတ်သည်ကို ရိပ်မိလိုက်သဖြင့် သူ့ဘက်သို့ လှည့်ကြည့်ကာ သွေးတိုးစမ်းသလို မေးမြန်းလိုက်သည်။

"ဒီရေပူစမ်းအိမ်တော်က ရှင် အရှင်မင်းကြီးဆီမှာ တောင်းဆိုပေးခဲ့တဲ့ ဆုလာဘ်တော့ မဟုတ်ပါဘူးနော်"

ရွှီယွဲ့ကျားက ငြင်းပယ်ဟန်ဖြင့် ပြန်ပြောလိုက်သည်။

"အရှင်မင်းကြီးဘက်က အရင် စကားစလာတာပါ"

သူက ငြင်းဆန်ခြင်း မပြုခဲ့ရုံမျှသာ ဖြစ်သည်။

ဝမ်ယဲ့က စိတ်သက်သာရာရသွားဟန်ဖြင့် ပြောလိုက်သည်။

"ဒါဆိုရင်တော့ ကောင်းတာပေါ့"

'မဟုတ်ရင်တော့ ရေပူစမ်းမှာ စိမ်နေရတဲ့အချိန်မှာတောင် စိတ်အေးလက်အေး ရှိနိုင်မှာ မဟုတ်ဘူး'

All Chapters