အခန်း ၈၃
Vol. 9 Ch. 83
အခန်း ၈၃ သားသမီး ဝတ္တရား
ဝမ်ယဲ့ နန်းတွင်းဘွဲ့ထူးတစ်ခု အပ်နှင်းခံရပြီးကတည်းက အနောက်ဘက်ခြံဝန်းဆီသို့ ဆောင်းဦးဂန္ဓမာပန်းပွဲတော်များနှင့် ကဗျာပြိုင်ပွဲများကဲ့သို့သော ပွဲလမ်းသဘင် ဖိတ်စာများ တဖွဲဖွဲ ရောက်ရှိလာခဲ့သည်။
မြို့တော်တွင် နန်းတွင်းဘွဲ့ထူးတစ်ခု ရရှိထားခြင်းက ဆန်းပြားလှသည့် အရာတော့ မဟုတ်ပေ။ မြင့်မြတ်သောအမျိုးသမီးအများစုတွင် ထိုကဲ့သို့သော ဘွဲ့ထူးများ ရှိကြပြီး အများစုက သူတို့၏ ခင်ပွန်း သို့မဟုတ် သားဖြစ်သူများက လျှောက်ထားတောင်းခံပေးခဲ့ကြခြင်း ဖြစ်သည်။
သို့သော် ကိုယ်ပိုင်စွမ်းဆောင်ရည်ကြောင့် ဘွဲ့ထူးတစ်ခု ရရှိခဲ့သူများကတော့ အလွန်တရာ ရှားပါးလွန်းလှပြီး လက်တစ်ဖက်တည်းဖြင့် ရေတွက်နိုင်သည်။
ယခုအချိန်တွင် ဝမ်ယဲ့က လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေသည့် ရေကန်အိုင်ကြီးထဲသို့ 'ပလုံ' ကနဲ ပြုတ်ကျသွားပြီး လှိုင်းတံပိုးများ ထကြွစေသည့် မသွေးရသေးသော ကျောက်မျက်ရတနာတစ်တုံးကဲ့သို့ ဖြစ်နေခဲ့သည်။
လူတိုင်းက ထိုကျောက်မျက်ရတနာကို ပထမဆုံး သိမ်းပိုက်နိုင်သူ ဖြစ်ချင်နေကြသည်။
ဖိတ်စာပေးပို့လာသည့် မိသားစုအများစုက ဝမ်ယဲ့အတွက် အမည်မသိ အစိမ်းသက်သက်များသာ ဖြစ်ပြီး သူမအနေဖြင့်လည်း ထိုလူများနှင့် ရင်းနှီးကျွမ်းဝင်အောင် လုပ်ရန် ရည်ရွယ်ချက် မရှိပေ။
မည်သို့ပင်ဆိုစေကာမူ လုသခင်မကို ကျော်လွန်ပြီး သူမထံသို့ တိုက်ရိုက် ဖိတ်စာပေးပို့လာသူများက ပေါင်းသင်းဆက်ဆံရန် တန်ဖိုးမရှိသူများသာ ဖြစ်သည်။
ထိုကဲ့သို့ ပြုမူခြင်းက အသိဉာဏ် လုံးဝ မရှိခြင်း သို့မဟုတ် သူမနှင့် လုသခင်မကြားတွင် သွေးခွဲရန် ကြံစည်ခြင်းသာ ဖြစ်လိမ့်မည်။
သူမ၏ လက်ရှိအဆင့်အတန်းအရဆိုလျှင် လုသခင်မက သူမအပေါ် မနာလိုဝန်တိုစိတ် ဝင်နေလိမ့်မည်ဟု လူအများက ထင်မှတ်ထားခြင်းလည်း ဖြစ်နိုင်သေးသည်။
သို့သော်လည်း ဝမ်ယဲ့ကတော့ လူအများ သွားလေ့ရှိသည့် လမ်းဟောင်းအတိုင်း လိုက်လျှောက်ရန် အစီအစဉ် မရှိခဲ့ပေ။ သူမက ဖိတ်စာအထပ်လိုက်ကြီးကို ယူဆောင်ကာ လုသခင်မ၏ အဓိကအိမ်တော်ခြံဝန်းဆီသို့ တိုက်ရိုက် ဝင်ရောက်လာခဲ့သည်။
စားပွဲပေါ်ရှိ ဖိတ်စာပုံကြီးကို စိုက်ကြည့်ရင်း လုသခင်မလည်း ခဏမျှ စကားမဲ့သွားခဲ့ရသည်။ နောက်ဆုံးတွင်တော့ သူမ မဖြစ်မနေ ပြန်ပြောလိုက်ရသည်။
"နင် မသွားချင်ရင်လည်း ငြင်းပယ်လိုက်လေ၊ အခုလို ငါ့ဆီ ယူလာပေးတော့ ဘာထူးမှာလဲ"
ဝမ်ယဲ့က သူမကို လက်ဟန်ပြရင်း တိုက်တွန်းလိုက်သည်။
"မမ.... ဒီဖိတ်စာတွေထဲက အကြောင်းအရာတွေကို ကြည့်လိုက်ပါဦး၊ မာသခင်မရဲ့ ဖိတ်စာထဲမှာ ကွယ်ဝှက်ထားတဲ့ အဓိပ္ပာယ်တွေ ပါနေတယ်"
လုသခင်မက သံသယဝင်နေဆဲပင်။
‘ဘယ်အမျိုးသမီးက ဖိတ်စာထဲမှာ မရေမရာတဲ့ ဖော်ပြချက်တွေ ရေးမှာလဲ၊ အဲဒါက သူမရဲ့ အားနည်းချက်တွေကို တစ်ဖက်လူဆီ တိုက်ရိုက်လွှဲပေးတာ မဟုတ်ဘူးလား’
သူမက အနည်းငယ် ဝေခွဲမရဖြစ်နေဟန်ဖြင့် အပေါ်ဆုံးမှ ဖိတ်စာကို ဖွင့်လိုက်သည်။ အစမှ အဆုံးထိ ဖတ်ရှုပြီးနောက် သူမ၏ မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
အမှန်တကယ်တွင် ဝမ်ယဲ့က ဤဖိတ်စာကို ရည်ရွယ်ချက်ရှိရှိ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ မာသခင်မ၏ အစ်ကိုဖြစ်သူက ယခင်ဧကရာဇ်မင်းမြတ် လက်ထက်တွင် စစ်တပ်ရိက္ခာနှင့် လစာငွေ အမြောက်အမြားကို ခိုးယူ အလွဲသုံးစားလုပ်ခဲ့သည်။ ရလဒ်အနေဖြင့် ရွှီနယ်စားမင်းက သူ့ကို ဖမ်းဆီးခဲ့သည်။
ရွှီနယ်စားမင်းအိမ်တော်၏ ဩဇာအာဏာကို ညှိုးမှိန်စေချင်နေသည့် ယခင်ဧကရာဇ်မင်းမြတ်က မာသခင်မ၏ အစ်ကိုဖြစ်သူကို ပြင်းပြင်းထန်ထန် အပြစ်ပေးခြင်း မပြုခဲ့ပေ။
ထို့ကြောင့် ရွှီနယ်စားမင်းအိမ်တော်နှင့် မာသခင်မ၏ မိသားစုကြားတွင် ရန်ငြိုးရန်စများ နက်နက်ရှိုင်းရှိုင်း ကျန်ရစ်နေခဲ့သည်။
နှစ်ဖက်စလုံးက စစ်ဘက်ဆိုင်ရာ မိသားစုများ ဖြစ်ကြသော်လည်း သူတို့၏ ဆက်ဆံရေးက ပြေလည်မှု မရှိခဲ့ပေ။
အပေါ်ယံကြည့်လိုက်လျှင် မာသခင်မ၏ ဖိတ်စာက ထူးခြားမှုမရှိဘဲ အခြားသူများထက် ဝမ်ယဲ့အပေါ် မြှောက်ပင့်ဖားယားထားသည့် စကားလုံး အနည်းငယ် ပိုများနေရုံသာ ဖြစ်သည်။
သို့သော် ဝမ်ယဲ့၏ ပါးနပ်စွာ လမ်းကြောင်းပေးမှုနှင့် မိသားစုနှစ်ခုကြားမှ အတိတ်ရန်ငြိုးကို ထည့်သွင်းစဥ်းစားလိုက်ချိန်တွင်တော့ လုသခင်မအနေဖြင့် ပုံမှန်မဟုတ်သော အငွေ့အသက်တစ်ခုကို သဘာဝကျကျ ခံစားမိသွားခဲ့သည်။
ဤဖိတ်စာက ဝမ်ယဲ့အား သူမကိုယ်သူမ လုသခင်မနှင့် နှိုင်းယှဥ်ကြည့်ရန် သွယ်ဝိုက်ပြီး တွန်းအားပေးနေသကဲ့သို့ ဖြစ်နေကာ မကောင်းသော ရည်ရွယ်ချက်ကို အထင်အရှား သိုအောင်းထားခြင်း ဖြစ်သည်။
မာသခင်မ၏ ခင်ပွန်းဘက်မှ မိသားစုရော သူမ၏ ကိုယ်ပိုင်မိသားစုပါ လက်ရှိဧကရာဇ်မင်းမြတ် နန်းတက်လာကတည်းက ဆုတ်ယုတ်ပျက်စီးလာခဲ့ကြခြင်း ဖြစ်သည်။
လုသခင်မအနေဖြင့် မာသခင်မကို လူမှုရေးပွဲလမ်းသဘင်များတွင် မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ရာ အကယ်၍ ဝမ်ယဲ့ ဤဖိတ်စာကို ယူမလာခဲ့ပါက သူမအနေဖြင့် ထိုမိသားစုကို လုံးဝ မေ့လျော့နေလောက်ပြီ ဖြစ်သည်။
လုသခင်မက ဖိတ်စာကို ပိတ်လိုက်ရင်း ပြန်ပြောလိုက်သည်။
"ဒီနေ့ကစပြီး မာမိသားစု ဒါမှမဟုတ် မာသခင်မရဲ့ ကိုယ်ပိုင်မိသားစုနဲ့ နီးစပ်တဲ့ မိသားစုတွေဆီက လာတဲ့ ဘယ်ဖိတ်စာကိုမဆို လျစ်လျူရှုလိုက်တော့"
သူတို့၏ ပရိယာယ်လှည့်ကွက်များက သူမတို့ အိမ်တော်အထိ လက်ဆန့်တန်းလာခဲ့ပြီ ဖြစ်ရာ အကယ်၍ ဝမ်ယဲ့သာ ထိုကဲ့သို့သော ပွဲများသို့ တက်ရောက်ပါက ကောလာဟလ စကားဆိုးများ ကြားရလိမ့်မည်မှာ အသေအချာ ဖြစ်နေလေသည်။
လုသခင်မက တုံးအသူ မဟုတ်ပေ။ ဝမ်ယဲ့ ဤဖိတ်စာများကို သူမထံသို့ အဘယ့်ကြောင့် ယူဆောင်လာခဲ့မှန်း သူမ ချက်ချင်း သဘောပေါက်သွားခဲ့သည်။
လုသခင်မက ဆက်ပြောလိုက်သည်။
"နင်ကတော့ နင်ရဲ့ ရည်ရွယ်ချက်တွေကို လုံးဝ ဖုံးကွယ်မထားတော့ဘူးပဲ”
ဝမ်ယဲ့က ရှက်ပြုံးလေး ပြုံးလိုက်ရင်း ပြန်ပြောလိုက်သည်။
"မမကလည်း ကျွန်မက ဘာလို့ ဖုံးကွယ်ထားရမှာလဲ"
ရွှီနယ်စားမင်းအိမ်တော်တွင် အိမ်တွင်းကိစ္စရပ်များကို တစ်စုတစ်စည်းတည်း စီမံနေဆဲဖြစ်သော်လည်း အိမ်ထောင်စုများက သီးခြားစီ ခွဲထားပြီး ဖြစ်သည်။ ဤကိစ္စက လုသခင်မထံအထိ မဖြစ်မနေ လာရောက်ပြောပြနေစရာ မလိုဘဲ ဝမ်ယဲ့ကိုယ်တိုင် ဖြေရှင်းနိုင်သောအရာ ဖြစ်သည်။
သူမ ဤနေရာကို ရောက်လာခဲ့ရခြင်းက ကိစ္စကြီးငယ်မရွေး လုသခင်မအပေါ် မှီခိုအားထားတတ်သည့် သူမ၏ အလေ့အထကို လုသခင်မ ကျင့်သားရသွားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်း ဖြစ်သည်။
လုသခင်မကလည်း ဝမ်ယဲ့၏ လှည့်ကွက်များကို အတိုင်းသား ဖောက်ထွင်း မြင်နိုင်ခဲ့သည်။ သို့သော်လည်း ဒုက္ခကြုံရတိုင်း သူမထံသို့ ဗီဇအတိုင်း ပြေးလာတတ်သည့် ဝမ်ယဲ့ကို ကြည့်ရင်း သူမ၏စိတ်နှလုံးက မာကျောမနေနိုင်ဘဲ ပျော့ပြောင်းသွားခဲ့ရသည်။
"ကောင်းပြီလေ"
လုသခင်မက သက်ပြင်းတစ်ချက်ချလိုက်ရင်း ထပ်ပြောလိုက်သည်။
"အဲ့ဒီဖိတ်စာတွေကို ငြင်းဖို့အတွက် သင့်တော်တဲ့ အကြောင်းပြချက်တစ်ခုခု သွားရှာလိုက်တော့"
‘တောင့်တင်းခိုင်မာတဲ့ ကျောထောက်နောက်ခံ အားကိုးဖော်တစ်ယောက်ကို ဘယ်သူက မလိုချင်ဘဲ နေပါမလဲ’
‘ဝမ်ယဲ့ရဲ့ အပြုအမူတွေက နားလည်ပေးလို့ ရပါတယ်လေ၊ ပြီးတော့ ဝမ်ယဲ့အနေနဲ့ ငါ့ကိုမှ အားမကိုးရင် ဘယ်သူ့ကို အားကိုးမှာလဲ၊ ဟိုလူမိုက်ဒုတိယမောင်လေးကလည်း အပြည့်အဝ အားကိုးလို့ရတာ မဟုတ်ဘူး’
‘မဟုတ်သေးဘူး၊ သူ့ကို လူမိုက်တစ်ဝက်လို့ ခေါ်သင့်တယ်၊ ဒီတစ်ခါ လန်ချန်ကနေ ပြန်လာတော့ မိသားစုအတွက် လက်ဆောင်တွေ ယူလာဖို့ သတိရခဲ့တယ်၊ ယုန်ခြောက်တစ်ကောင်ပဲ ဆိုရင်တောင် ဒါက သူ့ချစ်ခင်မှုရဲ့ သင်္ကေတတစ်ခုပဲ’
‘ပြီးတော့ အရင်ကနဲ့ မတူဘဲ ငါ နဲ့ နယ်စားမင်းက မေးခွန်းဆယ်ခုမေးရင် သူ တစ်ခုလောက်တော့ ပြန်ဖြေတတ်နေပြီ’
ဝမ်ယဲ့က အခွင့်အရေးကို ချက်ချင်း ဆုပ်ကိုင်လိုက်ရင်း ပြန်မေးလိုက်သည်။
"ဒါဆို ကျွန်မ လန်ချန်မှာ အထိတ်တလန့်တွေ ကြုံခဲ့ရလို့ အနားယူဖို့ အချိန် နည်းနည်း လိုသေးတယ်လို့ အကြောင်းပြလိုက်ရမလား"
သူမ၏ တုံ့ဆိုင်းမှုမရှိသော လေသံကို ကြားလိုက်ရသဖြင့် သူမ အကြောင်းပြချက်ကို ကြိုတင်တွေးတောထားပြီးသား ဖြစ်မှန်း လုသခင်မ ရိပ်မိလိုက်သည်။ သူမက စိတ်ပျက်လက်ပျက် ဖြစ်နေသလို ရယ်လည်းရယ်ချင်နေမိသည်။
"နင် ဆန္ဒအတိုင်းသာ လုပ်ပါ၊ ဒါပေမယ့် အဲ့ဒီလိုပြောလို့ ကံဆိုးမိုးမှောင်ကျတာတွေ ဖြစ်လာရင်တော့ လာပြီး မညည်းတွားနဲ့နော်"
ဝမ်ယဲ့က အယူသီးတတ်သူ မဟုတ်ပေ။ သူမက ပြန်ပြောလိုက်သည်။
"ကျွန်မက အဲ့ဒီသခင်မတွေကို တစ်ယောက်မှ မသိဘူးလေ၊ သွားခဲ့ရင်တောင်မှ ဟန်ဆောင်ပန်ဆောင် လူမှုရေးစကားတွေပဲ ပြောနေရမှာ၊ အိမ်တော်မှာပဲနေပြီး မမနဲ့ အချိန်ပိုဖြုန်းရတာကမှ ပိုကောင်းဦးမယ်"
လုသခင်မက စိတ်ထဲတွင် ကျေနပ်သွားသော်လည်း အမူအရာကို မပြောင်းဘဲ မသိကျိုးကျွံပြုမူနေသည်။
"နင်ကတော့ လူတွေကို မြှောက်ပင့်ဖို့ စကားချိုချိုတွေ ပြည့်နေတာပဲ ရှိတယ်”
ဝမ်ယဲ့က တိုးတိုးလေး ပြန်ချေပလိုက်သည်။
"အဲ့လိုမျိုးလားဟင်၊ ကျွန်မ မနေ့ကတင် မမဆီကို ကျွန်မကိုယ်တိုင် ရှာဖွေခဲ့တဲ့ ယုန်မွေး ဆယ်ခုထက်မက ပို့ပေးထားသေးတယ်လေ"
ဤစကားကြောင့် လုသခင်မက သူမကို မျက်လုံးစောင်းထိုးကြည့်ရင်း ပြန်ပြောလိုက်သည်။
"ဟုတ်ပါပြီ၊ နင် ရွှမ်အာကို အမွှေးပွပွနဲ့ အသက်ရှင်နေတဲ့ယုန်လေး ယူလာပေးသလိုမျိုး ထင်ယောင်ထင်မှား ဖြစ်အောင် လှည့်စားခဲ့သေးတယ်မလား၊ သူက အသက်ရှင်နေတဲ့ယုန်ကို မြင်ရမယ်အထင်နဲ့ မီးဖိုချောင်ထဲကို ပျော်ပျော်ရွှင်ရွှင် ပြေးဝင်သွားခဲ့တာ၊ အဲ့ဒီမှာ ယုန်ခြောက်ဆယ်ခုကျော်ပဲ တွေ့ခဲ့ရတာလေ"
ဝမ်ယဲ့က သူမကိုယ်သူမ အခိုင်အမာ ကာကွယ်ပြောဆိုလိုက်သည်။
"အဲ့ဒါက သူ့ဘာသာသူ စိတ်ကူးယဉ်နေတာလေ၊ ကျွန်မက ယုန်တွေ အသက်ရှင်နေတုန်းလို့ တစ်ခါမှ မပြောခဲ့ဘူး"
ထို့အပြင် သူမက နောက်ပိုင်းတွင် ရွှီယွိရွှမ်အတွက် ယုန်ခြောက်များထဲမှ သူ့ဝေစုကို ပေးအပ်ကာ ထိုညမှာပင် သူ့အတွက် တစ်ကောင် ချက်ပြုတ်ပေးခြင်းဖြင့် ပြန်ချော့မြှူခဲ့သေးသည်။
သူက ငိုယိုရင်းနှင့် အလွန်အရသာရှိစွာ စားသောက်ခဲ့သည်။ စားသောက်ပြီးနောက်တွင် သူက အရိုးများကို ခြံဝန်းထဲ၌ တိတ်တဆိတ် မြေမြှုပ်ခဲ့ပြီး ယုန်ပုံစံ ကောက်ကောက်ကွေးကွေး ဆွဲထားသည့် သစ်သားချောင်းလေးတစ်ခုဖြင့် မှတ်သားထားခဲ့သေးသည်။
နောက်ပိုင်းတွင် ဝမ်ယဲ့ ထိုသစ်သားချောင်းလေးကို သွားရောက်စစ်ဆေးခဲ့ပြီး ထိုမြင်ကွင်းကြောင့် သဘောကျကာ ရယ်မောခဲ့ရသည်။
လုသခင်မက ထိုကိစ္စနှင့် ပတ်သက်ပြီး ထပ်ငြင်းခုံမနေချင်တော့ဘဲ တခြားအကြောင်းကို ထပ်ပြောလိုက်သည်။
"ဒီနေ့က ဒုတိယမောင်လေးရဲ့ မွေးနေ့ပဲ၊ ငါ့နားမှာပဲ အချိန်ဖြုန်းမနေနဲ့တော့၊ အခု ပြန်သွားတော့"
ဝမ်ယဲ့က ပြန်ပြောလိုက်သည်။
"ကောင်းပါပြီ၊ ကျွန်မ ပြန်လိုက်ပါဦးမယ်"
သူမ ရောက်ရှိလာချိန်က စောလွန်းလှသဖြင့် ယခုအချိန်တွင် နံနက် ခုနစ်နာရီကျော်မျှသာ ရှိနေသေးသည်။
လုသခင်မ၏ အဓိကအိမ်တော်ခြံဝန်းမှ ပြန်လာပြီးနောက် ဝမ်ယဲ့က ထုံးစံအတိုင်း ရွှီယွိရွှမ်ကို သွားရောက်စနောက်ပြီးမှ အနောက်ဘက်ခြံဝန်းရှိ စာကြည့်ခန်းဆီသို့ ခြေဦးလှည့်လိုက်သည်။
ရွှီလက်ထောက်အမတ်မင်း၏ ရာထူးအဆင့်အတန်း အလျင်အမြန် မြင့်တက်လာခြင်းက တိုက်ဆိုင်မှုတစ်ခု မဟုတ်ပေ။ သူက အလုပ်ပိတ်ရက်များတွင်ပင် မနားမနေ ကြိုးစားအားထုတ်လေ့ ရှိသည်။ ယနေ့ သူ အလုပ်နားရသော်လည်း စာဖတ်ခြင်းနှင့် လက်ရေးလှလေ့ကျင့်ခြင်းကို မပျက်ကွက်စေခဲ့ပေ။
ရွှီယွိရွှမ်ကလည်း ဝမ်ယဲ့နောက်မှ လိုက်ပါလာခဲ့သည်။ သူက အခု ပိုပါးနပ်လာပြီး မိဘအပေါ်သိတတ်မှုနှင့် သူ့ဖခင်၏မွေးနေ့ကို အကြောင်းပြချက်အဖြစ် သုံးကာ သူ့ဆရာဆီမှ ခွင့်တောင်းထားခဲ့သည်။
ရွှီယွဲ့ကျားက စာအုပ်ကို တစ်နာရီနီးပါးခန့် ကူးရေးနေခဲ့ပြီး ပထမဆုံး စာမျက်နှာကိုသာ လှန်ရသေးသည်။
သူက ဝမ်ယဲ့ကို တစ်ချက်ကြည့်လိုက်ရင်း လှမ်းပြောလိုက်သည်။
"မင်း ပြန်လာပြီပဲ"
ဝမ်ယဲ့က ပိုးထည်သေတ္တာလေးထဲတွင် ထည့်ထားသည့် ရေပူစမ်းအိမ်တော်၏ ပိုင်ဆိုင်မှုစာချုပ်ကို ကိုင်ဆောင်ထားရင်း သူနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။
"အင်း၊ ကျွန်မက ခင်ပွန်းရဲ့ မွေးနေ့ကို ဆင်နွှဲဖို့ ပြန်လာတာပါ"
ရွှီယွဲ့ကျား၏ လက်ထဲမှ စုတ်တံက ခဏတာမျှ တုန့်ဆိုင်းသွားခဲ့သည်။
ဝမ်ယဲ့က ပိုင်ဆိုင်မှုစာချုပ်ကို စားပွဲပေါ်သို့ ဖြန့်ခင်းလိုက်ပြီး အလွန်ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် စာသားများကို လက်ညှိုးထိုးပြကာ စကားစလိုက်သည်။
"ရှင် တစ်ချိန်ချိန်မှာ ရေပူစမ်းစိမ်ချင်တယ်ဆိုရင် ဒီနေရာကို သွားလို့ရတယ်နော်"
ရွှီယွဲ့ကျားက သူမကို မော့ကြည့်ရင်း ပြန်ပြောလိုက်သည်။
"ကိုယ် မှတ်မိသလောက်ဆိုရင် လွန်ခဲ့တဲ့ နှစ်ရက်လောက်ကလည်း မင်း မရီးကို ဒီလို ပြောခဲ့တယ်မလား"
‘သူမ ဒီရေပူစမ်းအိမ်တော်ကို လူဘယ်နှစ်ယောက်အတွက် ကတိပေးထားပြီးပြီလဲ။ သူမကိုယ်တိုင်တောင် မှတ်မိတော့မှာ မဟုတ်ဘူး။’
အမှန်တကယ်တွင် ဝမ်ယဲ့က မေ့မပစ်ခဲ့ပေ။ သူမက ပြန်ရှင်းပြနေသည်။
"ရေကန်က နှစ်ခုရှိတာလေ၊ တစ်ခုက ရှင့်အတွက်၊ ပြီးတော့ နောက်တစ်ခုက ကျွန်မနဲ့ အကြီးဆုံးယောင်းမအတွက်"
ဂရုစိုက်မည့်သူ မရှိသောကြောင့် ထိုင်ခုံလေးတစ်လုံးကို ကြိုးစား ဆွဲလာပြီး ထိုခုံပေါ်သို့ တွားတက်နေသည့် ရွှီယွိရွှမ်က ထိုစကားကို ကြားသွားပြီး ချက်ချင်း ကန့်ကွက်စကား ဆိုလာတော့သည်။
"ရွှမ်အာကရော..."
ဝမ်ယဲ့က သူ့ကို မေ့လုနီးပါး ဖြစ်နေခဲ့သည်။ သူမက ကလေးငယ်၏ ဦးခေါင်းလေးကို ပွတ်သပ်ပေးလိုက်ရင်း ရွှီယွဲ့ကျားကို ကြည့်ကာ ထပ်ပြောလိုက်သည်။
"ယောက်ျား ပျင်းနေရမှာ မဟုတ်ပါဘူး၊ ရွှမ်အာက ယောက်ျားကို အဖော်လုပ်ပေးမှာနော်"
ရွှီယွဲ့ကျား၏ အကြည့်များက အောက်သို့ ရွှေ့လျားသွားပြီး ရွှီယွိရွှမ်၏ တောက်ပနေသော မျက်လုံးလေးများနှင့် ဆုံတွေ့သွားခဲ့သည်။ သူက ဘာစကားမှမပြောဘဲ တိတ်ဆိတ်နေသည်။
ရွှီယွိရွှမ်ကတော့ ဖခင်ဖြစ်သူ၏ တုံ့ပြန်မှုကို သတိမပြုမိဘဲ စိတ်အားထက်သန်စွာ ဝင်ပြောလိုက်သည်။
"ရွှမ်အာက ဖေဖေရဲ့ ကျောကို ပွတ်ပေးမယ်နော်"
ဝမ်ယဲ့ကလည်း ဘေးမှ ဝင်ထောက်ခံလိုက်သည်။
"ကြည့်ပါဦး... ဘယ်လောက် သိတတ်တဲ့ သားလိမ္မာလေးလဲ"
ရွှီယွဲ့ကျားက သူ့သားကို တစ်ချက်ကြည့်လိုက်ရင်း ပြန်ပြောလိုက်သည်။
"သူက ရေပူစမ်းစိမ်ဖို့ အသက်ငယ်လွန်းသေးတယ်"
"ဟုတ်သားပဲ"
ဝမ်ယဲ့က သဘောတူလိုက်သော်လည်း ဆက်ပြောလိုက်သေးသည်။
"ကျွန်မတို့ သူ ကြီးလာတဲ့အထိ စောင့်ကြတာပေါ့"
လင်မယားနှစ်ယောက် အဓိပ္ပာယ်မရှိသည့် စကားများကို စကားမရှိ စကားရှာ ပြောဆိုနေခဲ့ကြပြီး ရွှီယွဲ့ကျားတစ်ယောက် စာအုပ်၏ ဒုတိယမြောက်စာမျက်နှာကို လှန်နိုင်ခြင်း မရှိသေးချေ။
သူက ပြတင်းပေါက်အပြင်ဘက်သို့ ရံဖန်ရံခါ လှမ်းကြည့်နေပြီး ယနေ့၏ နေ့တာက ပုံမှန်ထက် ထူးထူးခြားခြား ပိုရှည်လျားနေသလို ခံစားနေရသည်။
......။......။.......
ညစာစားပြီးနောက်တွင် ရွှီယွိရွှမ်က သူ ကြိုတင်ပြင်ဆင်ထားသည့် မွေးနေ့လက်ဆောင်ကို ထုတ်ယူလာခဲ့သည်။
၎င်းက သူ၏ ပထမဆုံးသော လက်ရေးလှစာလုံး ဖြစ်ပြီး စာကြောင်းဘောင်များ၏ အပြင်ဘက်သို့ပင် လျှံထွက်နေသည့် မင်ကွက်များ၊ မင်စွန်းများ ပြည့်နှက်နေသည်။ သူက တည်ကြည်သော အမူအရာလေးဖြင့် ထိုစာလိပ်ကို မြှောက်ကိုင်ထားရင်း ဆုတောင်းပေးနေသည်။
"လက်ဆောင်က နိမ့်ကျပေမယ့် ခံစားချက်က နက်ရှိုင်းပါတယ်၊ ဖေဖေ မွေးနေ့မှာ ပျော်ရွှင်ပါစေ"
ဝမ်ယဲ့ကတော့ သူမ၏ ရယ်ချင်စိတ်ကို မနည်းအောင့်အီး ညည်းခံနေရသည်။
ရွှီယွိရွှမ် သူ့လက်ဆောင်လေး ပိုကြည့်ကောင်းစေရန်အတွက် ပိုးထည်သေတ္တာလေးတစ်လုံးကို ရှာဖွေကာ ထည့်သွင်းထားခဲ့သေးသည်။ ယခုအချိန်တွင် သူက သေတ္တာနှင့် စက္ကူလိပ်လေးကို ရိုရိုသေသေ ကိုင်ဆောင်ထားရင်း ဖခင်ဖြစ်သူ၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေခဲ့သည်။
ဝမ်ယဲ့က စနောက်သည့်လေသံဖြင့် တိုက်တွန်းသလို လှမ်းခေါ်လိုက်သည်။
"ယောကျ်ား"
ရွှီယွဲ့ကျားက သူမကို တစ်ချက်ကြည့်ပြီးနောက် ထိုသေတ္တာကို လက်ခံရန် လက်လှမ်းလိုက်သည်။
"ကျေးဇူးတင်ပါတယ်၊ သားလေး မင်းရဲ့ နှလုံးသားထဲက လက်ဆောင်ကို ဖေဖေ လက်ခံပေးမယ်"
ရွှီယွိရွှမ်က သူ့နှုတ်ခမ်းလေးကို တင်းတင်းစေ့ထားပြီး သူ့မျက်နှာအမူအရာက သူ့ပျော်ရွှင်မှုကို ရှင်းရှင်းလင်းလင်း ပြသနေသည်။
သူ၏လက်ဆောင်ကို ပေးအပ်ပြီးနောက်တွင် သူက ပျော်ပျော်ရွှင်ရွှင် ပြန်ထွက်ခွာသွားခဲ့သည်။
ယခုအခါ အခန်းထဲတွင် ရွှီယွဲ့ကျားနှင့် ဝမ်ယဲ့တို့ နှစ်ဦးတည်းသာ ကျန်ရစ်နေခဲ့သည်။
ဝမ်ယဲ့က သူ့ကို အနီးကပ် စောင့်ကြည့်အကဲခတ်နေခဲ့သည်။ ရွှီယွိရွှမ်၏ မွေးနေ့လက်ဆောင်အပေါ် ရွှီယွဲ့ကျား၏ တုံ့ပြန်မှုက အေးစက်စက်နိုင်လှသော်လည်း သူက ထိုစာလိပ်လေးကို သေသေချာချာ ပြန်လိပ်ကာ ပိုးသေတ္တာထဲသို့ ဂရုတစိုက် ပြန်ထည့်နေခဲ့သည်။
ဝမ်ယဲ့က သူမကိုယ်တိုင် ပြင်ဆင်ထားသည့် လက်ဆောင်နှင့် နှိုင်းယှဉ်ကြည့်နေပြီး မည်သို့ပင် ဖြစ်စေ သူမ၏လက်ဆောင်က ရွှီယွိရွှမ်၏လက်ဆောင်ထက် အများကြီး သာလွန်နေသလို ခံစားနေရသည်။
'သူ စိတ်ပျက်သွားမှာတော့ မဟုတ်လောက်ပါဘူးနော်'
ဝမ်ယဲ့ တွေးတောနေစဉ်မှာပင် ရွှီယွဲ့ကျား၏ မျှော်လင့်ချက်အပြည့်ရှိနေသော အကြည့်များကို ရုတ်တရက် ရင်ဆိုင်လိုက်ရသည်။ သူမက သူမ၏မျက်ခုံးလေးကို အနည်းငယ် ပင့်တင်လိုက်ရင်း သူ့ကို လှမ်းပြောလိုက်သည်။
"ကျွန်မ သွားယူလိုက်ဦးမယ်"
ထိုသို့ပြောပြီးနောက် သူမက ထရပ်ကာ အနောက်ဘက်ခြံဝန်းရှိ စာကြည့်ခန်းဆီသို့ လျှောက်လှမ်းသွားပြီး ရွှီယွဲ့ကျား တစ်ခါမျှ ခြေချခဲ့ဖူးခြင်းမရှိသည့် ထောင့်တစ်နေရာမှ သစ်သားသေတ္တာငယ်လေးတစ်လုံးကို ယူဆောင်ကာ ပြန်ရောက်လာခဲ့သည်။
သူမက ထိုသစ်သားသေတ္တာငယ်လေးကို စားပွဲပေါ်တင်လိုက်ရင်း ခပ်ကြွားကြွား ပြောလိုက်သည်။
"အားလုံး ဒီထဲမှာ ရှိတယ်နော်၊ ဒါက ကျွန်မ ယောကျ်ားအတွက် ပြင်ဆင်ထားတဲ့ မွေးနေ့လက်ဆောင်ပါ"
ရွှီယွဲ့ကျားက ထိုသေတ္တာကို မှတ်မိနေခဲ့သည်။ ၎င်းက စုန့်ရှန်ကျောင်းတော်၏ စာကြည့်တိုက်မှ သူတို့ ထွက်ခွာလာခဲ့သည့်နေ့က သူမ၏ အစေခံမလေး သယ်ဆောင်လာခဲ့သည့် သေတ္တာ ဖြစ်သည်။
ဝမ်ယဲ့က တိုက်တွန်းသည့်ဟန်လေးဖြင့် ပြောနေပြန်သည်။
"ဖွင့်ကြည့်ဦးလေ"
သေတ္တာကို သော့ခတ်ထားခြင်းမရှိသဖြင့် ရွှီယွဲ့ကျားက အဖုံးကို အလွယ်တကူ ဖွင့်လိုက်သည်။ သူ့အကြည့်များက သေတ္တာထဲသို့ ကျရောက်သွားပြီး သေသေသပ်သပ် စီထပ်ထားသည့် စာအုပ်များကို တွေ့သွားခဲ့သည်။
ဝမ်ယဲ့က ရှင်းပြနေသည်။
"တာ့ကျင်းမင်းဆက် မတိုင်ခင် အရင်မင်းဆက်တွေရဲ့ ဥပဒေရေးရာ စာအုပ်တွေကို ယောကျာ်း ရှာဖွေနေတာ ကျွန်မ သတိထားမိလို့ပါ၊ စုန့်ရှန်ကျောင်းတော်ရဲ့ စာကြည့်တိုက်က နှစ်ပေါင်းရာချီတဲ့ သမိုင်းကြောင်းရှိတာဆိုတော့ ယောက်ျား မဖတ်ရသေးတဲ့ စာအုပ်တချို့ ရှိနိုင်မယ်လို့ ကျွန်မ တွေးမိခဲ့တာ"
"ကျွန်မ ထင်တာ မှန်သွားပြီး ဒီစာအုပ်တွေကို တကယ်ရှာတွေ့ခဲ့တယ်၊ ယောက်ျား ရှင် ကြိုက်ရဲ့လားဟင်"
ရွှီယွဲ့ကျားက စာအုပ်တစ်အုပ်ကို ညင်ညင်သာသာ လှန်လှောကြည့်နေပြီး ခဏအကြာတွင် သူမကို မော့ကြည့်ကာ ထပ်မံအတည်ပြုသည့်အနေဖြင့် မေးလိုက်သည်။
"ဒါက မင်း ပေးတဲ့ မွေးနေ့လက်ဆောင်လား"
ဝမ်ယဲ့က ခေါင်းငြိမ့်ပြရင်း ပြန်ပြောလိုက်သည်။
"ဟုတ်တယ်"
‘ခုနတင်ပဲ ငါ ပြောလိုက်တယ် မဟုတ်ဘူးလား’
"ဒါပေမယ့် ဒီစာအုပ်တွေကို တစ်လပဲ သိမ်းထားလို့ရမယ်နော်"
ဝမ်ယဲ့က ထိုစာအုပ်များကို အချိန်တစ်လသာ ငှားရမ်းခဲ့ခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် ပြန်အပ်နှံရမည် ဖြစ်သည်။
ရွှီယွဲ့ကျား : "……"
သူ့အနေဖြင့် ဤမွေးနေ့လက်ဆောင်နှင့် ပတ်သက်ပြီး မရေမတွက်နိုင်သည့် ဖြစ်နိုင်ခြေ အမျိုးမျိုးကို တွေးတောပုံဖော်ခဲ့ဖူးသော်လည်း ယခုလက်ဆောင်ကတော့ သူ့ကို အမှန်တကယ် အံ့အားသင့်သွားစေခဲ့သည်။
ခဏအကြာတွင် သူ ထပ်မေးလိုက်မိပြန်သည်။
"ကိုယ် ဥပဒေရေးဆွဲတဲ့ စာအုပ်တွေ ရှာနေတာကို မင်း ဘယ်တုန်းက သိသွားခဲ့တာလဲ"
အမှန်အတိုင်း ထုတ်ပြောရန် ခက်ခဲနေသဖြင့် ဝမ်ယဲ့က အဆင်ပြေသလို ပြန်ဖြေလိုက်သည်။
"ဒါကတော့... ကျွန်မက ယောက်ျားအပေါ် အမြဲတမ်း ဂရုတစိုက် ရှိနေလို့ပေါ့ရှင်"
ရွှီယွဲ့ကျားက ရှေ့ခြံဝန်းထဲရှိ အရေအတွက်နည်းသော်လည်း တစ်နေ့ထက်တစ်နေ့ ပိုဝလာကြသည့် အစေခံများကို ပြန်တွေးတောလိုက်ပြီး သူမ မည်သို့သိသွားသည်ကို သူ ရုတ်တရက် နားလည်သွားသည်။
"ယောက်ျား... ရှင် သဘောကျရဲ့လားဟင်"
"သဘောကျပါတယ်"
ထူးခြားသည့် အံ့ဩဝမ်းသာမှုမျိုး မရှိသကဲ့သို့ စိတ်ပျက်သွားသည့် အရိပ်အယောင်လည်း မတွေ့ရဘဲ ပုံမှန်အတိုင်း ဖြစ်နေလေသည်။
ဝမ်ယဲ့က အကဲခတ်သည့် လေသံဖြင့် စမ်းမေးလိုက်ပြန်သည်။
"အခု ညဉ့်နက်နေပြီမလားဟင်"
ရွှီယွဲ့ကျားက သေတ္တာအဖုံးကို ပိတ်လိုက်ရင်း အေးအေးဆေးဆေး ပြန်ဖြေနေသည်။
“ကိုယ် ရေသွားချိုးဦးမယ်"
ဝမ်ယဲ့ : "ကောင်းပါပြီရှင်"
နောက်ထပ် ရှီးချန်တစ်ဝက် (တစ်နာရီ) ခန့် အကြာတွင် ရွှီယွဲ့ကျားက ကုတင်ပေါ်တွင် ထိုင်နေပြီး ဗုဒ္ဓကျမ်းစာတစ်အုပ်ကို ဖတ်ရှုနေခဲ့သည်။
ဝမ်ယဲ့က ဘေးခန်းထဲမှ ထွက်လာပြီး ကုတင်ဆီသို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်စဉ်မှာပင် ထိုအခြင်းအရာကို သတိပြုမိသွားခဲ့သည်။
ထိုလူသား၏ လက်ထဲတွင် ရှိနေသည့် ဗုဒ္ဓကျမ်းစာက လွန်ခဲ့သောအချိန်က သူမ ဖတ်ရှုနေခဲ့သည့် စာအုပ် ဖြစ်သည်။
သူမ၏ ခြေသံကို ကြားလိုက်ရ၍ ဖြစ်နိုင်ပြီး ရွှီယွဲ့ကျားက ကျမ်းစာ စာအုပ်ကို တိတ်ဆိတ်စွာ ပြန်ချလိုက်သည်။ သူ့မျက်လုံးများက ပင့်တက်လာပြီး သူမ၏ မျက်ဝန်းများကို တည့်တည့်စိုက်ကြည့်နေခဲ့သည်။
‘ဒီလို အံ့သြဖွယ်ကောင်းတဲ့နေ့လေးမှာ ဂုဏ်ပြုဖို့ တစ်ခုခုလုပ်သင့်တယ်မလား’
......
......
ယနေ့ညတွင် ရွှီယွဲ့ကျားတစ်ယောက် ကိစ္စရပ်တိုင်း၌ အနည်းငယ် ထိန်းချုပ်စောင့်စည်းနေသည်ဟု ဝမ်ယဲ့ ခံစားနေရသည်။
‘ဒါဆို... သူက ငါ ပေးတဲ့ မွေးနေ့လက်ဆောင်ကို မကျေနပ်တာများလား’
ထိုသို့ တွေးတောမိသောကြောင့် ဝမ်ယဲ့က ထပ်ပြောလိုက်သည်။
"တကယ်တော့... ကျွန်မ ယောကျ်ားအတွက် ဒုတိယမြောက် မွေးနေ့လက်ဆောင်လည်း ပြင်ဆင်ထားသေးတယ်"
ထိုစကားကို ကြားလိုက်ရချိန်တွင် ရွှီယွဲ့ကျား၏ အကြည့်များက သူမထံသို့ တိတ်တဆိတ် ကျရောက်လာသည်။
ဝမ်ယဲ့ : "ကျွန်မကိုယ် ကျွန်မ ပေးမှာတော့ မဟုတ်ဘူးနော်"
ဝမ်ယဲ့က သူ့လည်ပင်းကို ဖက်တွယ်ထားသော သူမ၏ လက်မောင်းများကို လျှော့ချလိုက်ပြီး ကုတင်၏ အတွင်းဘက်ထောင့်စွန်းဆီသို့ လက်လှမ်းကာ သူမ အဆင်သင့် ပြုလုပ်ထားခဲ့သည့် ယုန်နားရွက်အတုလေးကို ထုတ်ယူလိုက်သည်။ ထို့နောက် ယုန်နားရွက်လေးများကို သူမ၏ ဦးခေါင်းပေါ် တပ်ဆင်လိုက်ရင်း သူ့ကို မေးလိုက်ပြန်သည်။
"ချစ်စရာကောင်းလားဟင်"
ရွှီယွဲ့ကျား၏ မျက်ဝန်းအစုံက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
သို့သော် နောက်တစ်ခဏမှာပင် ထိုယုန်နားရွက်လေးက သူ့ခေါင်းပေါ်သို့ ရောက်ရှိသွားခဲ့သည်။
"ဒါပေမယ့် ဒီယုန်နားရွက်လေးက ယောက်ျားနဲ့ ပိုလိုက်ဖက်တယ်လို့ ကျွန်မ ထင်တယ်"
၎င်းက ဝမ်ယဲ့ အထူးတလည် ပြင်ဆင်ထားသည့် အံ့ဩစရာလက်ဆောင်လေး ဖြစ်သည်။
ရွှီယွဲ့ကျား : "……"
အလွန်အမင်း ရယ်စရာကောင်းလှသော်လည်း သူ၏ စိုးရိမ်ပူပန်နေသော နှလုံးသားကတော့ ထိုအခိုက်အတန့်တွင်မှ အမှန်တကယ် အနည်ထိုင် တည်ငြိမ်သွားခဲ့ရသည်။
သူမ၏ ပထမဆုံးသော မွေးနေ့လက်ဆောင်က အလွန်တရာ တည်ကြည်လွန်းနေသဖြင့် သူ့အတွက် လက်တွေ့မဆန်သလို ရွှီယွဲ့ကျား ခံစားနေခဲ့ရခြင်း ဖြစ်သည်။
ယုန်နားရွက်လေးကို တပ်ဆင်ထားသည့် ရွှီယွဲ့ကျားက သူ့မျက်လုံးများ ပင့်တင်ရင်း သူမကို မေးလိုက်ပြန်သည်။
"ချစ်စရာကောင်းလို့လား"
ဝမ်ယဲ့က ရိုးရိုးသားသား ခေါင်းခါပြလိုက်သည်။
"သိပ်တော့လည်း မဟုတ်ဘူး၊ ဒါပေမယ့် ပျော်စရာကောင်းတယ်လေ"
သူမက အဓိပ္ပာယ်နှစ်ခွထွက်သည့် စကားကို ပြောလိုက်ခြင်းပင်။
ရွှီယွဲ့ကျားက ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ထပ်ပြောလိုက်သည်။
"ကိုယ် မနက်ဖြန် ခွင့်ရက်ရတယ်"
ဝမ်ယဲ့ : "……"
'သူ့ကို ဒီလိုစကားတွေ ပြောဖို့ ဘယ်သူက သင်ပေးလိုက်တာလဲ'
သို့သော် ရွှီယွဲ့ကျား၏ တုံ့ပြန်မှုကို ကြည့်ခြင်းအားဖြင့် သူက သူမ၏ အံ့ဩစရာ လက်ဆောင်လေးကို ပိုနှစ်သက်သဘောကျမှန်း သိသာနေသည်။