← Chapters

အခန်း ၈၄

Vol. 9 Ch. 84

အခန်း ၈၄

Vol. 9 Ch. 84

အခန်း ၈၄ ဆရာကောင်း

"လူတစ်ယောက်နဲ့ သုံးရက်လောက် ခွဲခွာပြီးရင် ပြောင်းလဲသွားတတ်တာဆိုတော့ ငါတို့က သူ့ကို အမြင်သစ်နဲ့ ကြည့်ရမယ်"

၎င်းက ဝမ်ယဲ့တစ်ယောက် စောင်ပုံထဲမှ ခေါင်းပြူထွက်လာပြီးနောက် သူမ၏စိတ်ထဲတွင် ပေါ်လာသည့် တစ်ခုတည်းသော သန့်ရှင်းစင်ကြယ်သည့် အတွေးကို ရေရွတ်လိုက်ခြင်းသာ ဖြစ်သည်။

ဝမ်ယဲ့က အသက်ကို ပြင်းပြင်းရှူလိုက်ရင်း ဘေးနားမှလူကို လှည့်ကြည့်လိုက်သည်။ ချွေးလား မျက်ရည်လား မသဲကွဲသည့် အရည်တစ်စက်က သူမ၏မျက်ဝန်းထောင့်မှ သဘာဝအတိုင်း စီးကျလာခဲ့သည်။ သူမ စကားပြောလိုက်သည့်အချိန်တွင် သူမ၏အသံက အနည်းငယ် အက်ဝင်နေရှာသည်။

"စောစောက ပုံစံမျိုးကိုတော့... ကျွန်မ ရှင့်ကို မသင်ပေးဖူးတယ်လို့ ထင်တယ်နော်"

ရွှီယွဲ့ကျားက ဘယ်ကနေ ဘယ်လို ယူထားမှန်း မသိသည့် သန့်ရှင်းသော လက်ကိုင်ပုဝါတစ်ထည်ကို ကိုင်ကာ သူမ၏မျက်နှာပေါ်မှ ချွေးများကို ညင်ညင်သာသာ သုတ်ပေးနေသည်။

တချိန်တည်းမှာပင် သူက အသံထွက်ပြီး ပြန်ဖြေနေခဲ့သည်။

"အင်း... မင်း မသင်ပေးဖူးဘူး"

ဝမ်ယဲ့က တုံ့ပြန်မှု အနည်းငယ် နှေးကွေးနေခဲ့ပြီး ခဏအကြာတွင်မှ သူမက အခြေအနေကို ရိပ်မိသွားကာ သူ့မျက်လုံးကို တည့်တည့်ကြည့်ကာ မေးမြန်းလိုက်သည်။

"ရှင် ကျွန်မရဲ့စာအုပ်တွေကို ခိုးကြည့်ထားတာလား"

ရွှီယွဲ့ကျားက လက်ကိုင်ပုဝါကို သိမ်းဆည်းရင်း ပြန်ပြောလာသည်။

"ကိုယ် ပေါ်ပေါ်ထင်ထင်ပဲ ကြည့်ခဲ့တာပါ"

ဝမ်ယဲ့ကလည်း ပုံပျက်ပန်းပျက် ဖြစ်နေပြီဖြစ်သော ယုန်နားရွက်တစ်စုံကို ကိုင်ထားရင်း မျက်ခုံးပင့်ကာ ပြန်ပြောလိုက်သည်။

"ဒါက ရှင့်ရဲ့ပုံစံနဲ့ မတူဘူးနော်... ယောက်ျား"

"ဒီည မင်းက အရမ်းထူးခြားနေလို့ပါ"

ဝမ်ယဲ့က မရေမရာ ဝေဝေဝါးဝါး ပြောလိုက်ခြင်း ဖြစ်သော်လည်း ယနေ့ညတွင် ရွှီယွဲ့ကျားက လိမ္မာယဉ်ကျေးသည့် ယုန်ကလေးဘဝမှ တောတောင်ကို အစိုးရသော ဝံပုလွေဘုရင်အဖြစ် အဆင့်ဆင့် ပြောင်းလဲတိုးတက်လာသလိုမျိုး ဖြစ်နေခဲ့သည်။

ယခင်က သူ ထိုသို့သောအရေးကိစ္စများကို ငြင်းဆန်ခြင်းမရှိသော်လည်း အထူးတလည် စိတ်အားထက်သန်ခြင်းမျိုးလည်း မရှိခဲ့ပေ။ သူမ သင်ပေးသမျှ လိုက်လုပ်ရုံသာဖြစ်ပြီး ဆံပင်တစ်မျှင်ပင် မလွဲချော်စေခဲ့ချေ။

ယခင်က ဤကဲ့သို့သော ညချမ်းများမှ ရွှီယွဲ့ကျား၏ အပြုအမူကို 'စနစ်တကျ ရှိလှသည်' ဟု ဖော်ပြနိုင်သော်လည်း ယခုတော့...

"မင်းပဲ ကိုယ့်ကို သင်ပေးခဲ့တာလေ"

ရွှီယွဲ့ကျား၏ အကြည့်များက အောက်ဘက်သို့ ရွေ့လျားသွားသည်။ နောက်တစ်ခဏမှာပင် ဝမ်ယဲ့၏လက်ထဲ၌ ကျိုးပျက်လုနီးပါး ဖြစ်နေသော ယုန်နားရွက်လေးလည်း ကယ်တင်ခြင်း ခံလိုက်ရသည်။

ဝမ်ယဲ့က ရုတ်တရက် လွတ်လပ်သွားသည့် သူမ၏လက်ကို ကြည့်ကာ ကူကယ်ရာမဲ့ ပြောနေရှာသည်။

"ယောက်ျား... ရှင်က အပြစ်ပုံချတဲ့နေရာမှာ တကယ် ကျွမ်းကျင်တာပဲ"

ရွှီယွဲ့ကျားက တည်တည်ငြိမ်ငြိမ် ပြောလာပြန်သည်။

"အပေးအယူ ရှိမှ ခံစားချက်တွေ တည်မြဲနိုင်တာလို့ မင်းပဲ ပြောခဲ့တယ်မဟုတ်ဘူးလား"

ဝမ်ယဲ့ ပြန်တွေးတောရန် ကြိုးစားလိုက်သော်လည်း ရွှီယွဲ့ကျား၏ တည်ငြိမ်လွန်းသော အမူအရာကြောင့် သူမကိုယ်သူမပင် မရေမရာ ဖြစ်သွားရသည်။

'ငါ တကယ်ပဲ အဲ့လိုပြောခဲ့တာလား၊ ဒါပေမယ့် အဲ့ဒီတုန်းက ငါ ဆိုလိုချင်တာက ဒီကိစ္စအတွက်မှ မဟုတ်တာကို...'

ရွှီယွဲ့ကျားက ဆက်ပြောနေပြန်သည်။

"နက်ရှိုင်းတဲ့ ခံစားချက်တွေကို အကြာကြီး မြှုပ်နှံထားရင် တစ်ဖက်လူအပေါ် စိတ်ရင်းမှန်ကို ပြသနိုင်ဖို့အတွက် တစ်ခါတရံ ထုတ်ဖော်ပြသဖို့ လိုအပ်တယ်လို့လည်း မင်း ပြောခဲ့သေးတယ်လေ"

ဝမ်ယဲ့ : "......"

‘‌ဪ... အခုတော့ ငါ သူ့ရဲ့စိတ်ရင်းမှန်ကို အပြည့်အဝ ခံစားလိုက်ရပြီပေါ့’

‘ဒါပေမယ့် ငါ မှတ်မိသလောက်တော့ အဲ့စကားတွေကို ပြောတုန်းက သူ အဓိပ္ပာယ်ကောက်လိုက်သလိုမျိုးတော့ လုံးဝမဟုတ်ခဲ့ဘူးနော်’

ဝမ်ယဲ့က ရွှီယွဲ့ကျားကြောင့် ရှုပ်ထွေးသွားရသည့် သူမ၏အတွေးစများကို ပြန်စုစည်းလိုက်ရင်း ထပ်မေးလိုက်သည်။

"ယောက်ျား.... ရှင် ကျွန်မကွယ်ရာမှာ ဒါတွေကို ဘယ်တုန်းက ခိုးသင်ထားတာလဲ"

သူမ သူ့ကို မေးလိုက်သလို သေသေချာချာလည်း ပြန်စဉ်းစားကြည့်နေမိသည်။ ယနေ့မတိုင်မီ ရက်များတွင် သူမ အမြဲတမ်း အနောက်ဘက်အဆောင်၏ စာကြည့်ခန်းကို အပိုင်စီးထားခဲ့ပြီး သူ အခွင့်အရေး ရသွားစရာ အကြောင်းမရှိပေ။

"လွန်ခဲ့တဲ့ တစ်လခွဲက"

ရွှီယွဲ့ကျားက အမှန်အတိုင်း ပြန်ဖြေလာသည်။

‘လွန်ခဲ့တဲ့ တစ်လခွဲက...’

ဝမ်ယဲ့တစ်ယောက် စိတ်ထဲမှ တွက်ချက်လိုက်ပြီး ထိုအချိန်က သူမနှင့် လုသခင်မတို့ နွေရာသီအပူဒဏ်မှ ရှောင်ရှားရန် ခရီးသွားနေခဲ့ကြသည့် အချိန်ဖြစ်နေမှန်း သိလိုက်ရသည်။

"ရှင်က အကုန်လုံး သိနေတာတောင် ဘာမှ မသိသလို ဟန်ဆောင်နေခဲ့တာပေါ့လေ"

ဝမ်ယဲ့က မကျေမနပ် စကားနာထိုးလိုက်သည်။

‘တကယ်လို့ သူသာ စောစောစီးစီး ဝန်ခံခဲ့ရင် ငါလည်း စောစောစီးစီး ခံစားမှုအပြည့်နဲ့ ပျော်မွေ့နိုင်ခဲ့မှာ မဟုတ်ဘူးလား’

"ဒါကို အံ့သြစရာလက်ဆောင်လို့ ခေါ်တဲ့အကြောင်း မင်းရဲ့စာအုပ်တွေထဲမှာ ရေးထားတယ်လေ"

ရွှီယွဲ့ကျားကတော့ တည်တည်ငြိမ်ငြိမ် တုံ့ပြန်နေသေးသည်။

‘အံ့သြစရာလက်ဆောင် ဟုတ်လား၊ ငါ မှတ်မိသလောက်ဆိုရင် ဒီနေ့က သူ့မွေးနေ့လေ’

ဝမ်ယဲ့တစ်ယောက် ခဏမျှ ဆွံ့အသွားပြီးနောက် မေးလိုက်မိပြန်သည်။

"ရှင် ဝတ္ထုတွေကိုပါ ဖတ်လိုက်တာလား"

"အဲ့ဒီစာအုပ်က စာသုံးလုံးကျမ်းရဲ့ မျက်နှာဖုံးနဲ့ အုပ်ထားတာလေ၊ အဲ့ဒါကြောင့် အားလပ်ချိန်မှာ မတော်တဆ ကောက်ကိုင်မိသွားတာ"

ဝမ်ယဲ့ : "......"

‘သူ့လျှာက တစ်ခါတစ်ရံ နူးညံ့ပျော့ပြောင်းပြီး တစ်ခါတစ်ရံမှာ ဘာလို့ ဒီလောက်လျှာစောင်းထက်နေရတာတုန်း’

အချိန်အတော်ကြာပြီးနောက် ဝမ်ယဲ့က အပေါ်သို့ မော့ကြည့်ကာ သက်ပြင်းချလိုက်တော့သည်။

"ယောက်ျား... ရှင်တော့ လမ်းမှားရောက်သွားပြီ"

ထိုစကားကို ကြားသွားချိန်တွင် ရွှီယွဲ့ကျား၏ အကြည့်များက အပေါ်သို့ ရွေ့လျားလာပြီး သူမနှင့် အကြည့်ချင်း ဆုံဆည်းသွားခဲ့သည်။

ဝမ်ယဲ့က ချက်ချင်း စကားအသုံးအနှုန်း ပြောင်းကာ ရိုးရိုးသားသား ဝန်ခံလိုက်သည်။

"ဒါပေမယ့်... ကျွန်မ သဘောကျတယ်"

သူမအနေဖြင့် ကောင်းမွန်ပြီး တိုးတက်လိုစိတ်ရှိသော လူငယ်လေးတစ်ဦးကို လမ်းမှားရောက်အောင် ဆွဲခေါ်ခဲ့မိခြင်းအပေါ် အပြစ်ရှိစိတ် လုံးဝမရှိချေ။

ရွှီယွဲ့ကျားက သူ့လက်ထဲက ယုန်နားရွက်လေးကို မြှောက်ပြရင်း ပြောလာခဲ့သည်။

"ဒါက မင်းရဲ့စာအုပ်ထဲမှာ မပါဘူး"

ဝမ်ယဲ့က ထိုလူသား မူလအတိုင်း ပြန်ဖြစ်အောင် ပြင်ဆင်ပေးထားသည့် ယုန်နားရွက်လေးကို တစ်ချက်ကြည့်ပြီးမှ ပြန်ပြောလိုက်သည်။

"ဒါကို တစ်ခုကနေ ဆယ်ခုအထိ သိမြင်တတ်မြောက်တယ်လို့ ခေါ်တာပေါ့။ ရှင် စာသင်တုန်းက ရှင့်ဆရာက အဲ့လိုပဲ မသင်ပေးခဲ့ဘူးလား"

"ဟုတ်လို့လား"

ရွှီယွဲ့ကျားက အမူအရာမပြောင်းဘဲ မေးနေပြန်သည်။

ဝမ်ယဲ့က အိပ်ရာပေါ်တွင် ထထိုင်လိုက်ရင်း ပြန်ပြောလိုက်သည်။

"အစတုန်းက ရှင် အဲ့ဒီစာအုပ်သုံးအုပ်ကို ပိုသဘောကျလိမ့်မယ်လို့ ကျွန်မ ထင်ထားခဲ့တာ"

ရွှီယွဲ့ကျား : "မင်း ထင်တာ မမှားပါဘူး"

ဝမ်ယဲ့တစ်ယောက် စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်ပြီး ကျိတ်ရယ်နေမိသည်။

သူက နှုတ်မှသာ စိတ်မဝင်စားသယောင် အမူအရာပြနေပြီး လက်တွေ့တွင် စန္ဒကူးသေတ္တာတစ်လုံးကို ရှာကာ ထိုယုန်နားရွက်ခေါင်းစည်းလေးအား သေသေချာချာ သိမ်းဆည်းနေသည်ကို ဝမ်ယဲ့ အတိုင်းသား မြင်နေခဲ့ရသည်။

တစ်ဖက်တွင်မူ သူ 'ပိုသဘောကျသည်' ဟု ပြောခဲ့သော စာအုပ်များကတော့ သူမ ကပျာကယာ ရှာဖွေပြီး ထည့်ထားခဲ့သည့် ဖုန်တက်နေသော သစ်သားသေတ္တာအိုလေးထဲ၌ ရှိနေဆဲပင်။

ထိုစာအုပ်များကို ကြည့်ရင်း ဝမ်ယဲ့တစ်ယောက် နှမြောမိသလို ခံစားနေရသည်။ သူမက အိပ်ရာပေါ်မှ ဆင်းကာ ထိုနေရာသို့ လျှောက်သွားပြီး စာအုပ်များကို ညင်ညင်သာသာ ပွတ်သပ်လိုက်သည်။

ဝမ်ယဲ့က ဝမ်းနည်းချင်ယောင်ဆောင်ကာ ညည်းတွားနေပြန်သည်။

"နှမြောဖို့ ကောင်းလိုက်တာ၊ ဒါတွေက စုန့်ရှန်ကျောင်းတော်ရဲ့ ရတနာတိုက်ထဲကနေ ခက်ခက်ခဲခဲ ရှာဖွေပြီးမှ ရလာခဲ့တဲ့ စာအုပ်သုံးအုပ်နော်၊ ကျွန်မ ဒါတွေကို ရှာနိုင်ဖို့ စာကြည့်တိုက်ရဲ့ ထောင့်တိုင်းကို လျောက်သွားနေခဲ့ရတာ"

ရွှီယွဲ့ကျား စန္ဒကူးသေတ္တာလေးကို သိမ်းဆည်းပြီးနောက် လှည့်ကြည့်လိုက်ချိန်တွင် ထိုမြင်ကွင်းကို မြင်လိုက်ရသည်။

ဝမ်ယဲ့က သူ့ကို မော့ကြည့်နေပြီး သူမ၏မျက်ဝန်းများကြောင့် သူ့ကိုယ်သူ ဇနီးနှင့် သားသမီးအား စွန့်ပစ်ခဲ့သည့် ရက်စက်သော ယောကျ်ားတစ်ယောက် ဖြစ်နေသလို ထင်ယောင်ထင်မှား ခံစားလာရသည်။

ရွှီယွဲ့ကျားက လှမ်းပြောလာသည်။

"စာအုပ်တွေကို ပြန်အပ်ရမှာလေ"

တစ်နည်းအားဖြင့် ပြောရလျှင် ထိုစာအုပ်များက သူနှင့် သူမ၊ ဘယ်သူ့ပိုင်ဆိုင်မှုမှ မဟုတ်ပေ။

ဝမ်ယဲ့က အလျင်အမြန် ဖုံးဖိလိုက်သည်။

"တကယ်တော့... ကျွန်မ အစက ရှင့်အတွက် ကူးပေးဖို့ ရည်ရွယ်ထားတာပါ"

ရွှီယွဲ့ကျား : "အခုစပြီး ကူးရင်လည်း နောက်မကျသေးပါဘူး"

ဝမ်ယဲ့က သူမ နားကြားမှားသလားဟု သံသယဝင်သွားသည်။

‘အခု ဘယ်အချိန်ရှိနေပြီလဲ၊ ဘယ် ယောက်ျားကများ သန်းခေါင်ယံအချိန်ကြီးမှာ သူ့ဇနီးကို စာအုပ်ကူးခိုင်းလို့လဲ’

ဝမ်ယဲ့က နောက်သို့ တစ်လှမ်းဆုတ်လိုက်ပြီး ပြန်ပြောလိုက်သည်။

"ကျွန်မ ရေသွားချိုးသင့်တယ်လို့ ထင်တာပဲ"

ရွှီယွဲ့ကျားက ထွက်ခွာသွားသော သူမ၏ကျောပြင်လေးကို ကြည့်နေခဲ့ပြီး သူ၏အေးစက်လှသော အမူအရာပေါ်တွင် နွေးထွေးသည့် အရောင်အသွေးအချို့ ထင်ဟပ်လာခဲ့သည်။

ခန့်မှန်းခြေ နာရီဝက်ခန့် ကြာပြီးနောက်တွင်တော့ ရိုးအီနေပြီဖြစ်သော မြင်ကွင်းက ထပ်မံဖြစ်ပေါ်လာခဲ့ပြန်သည်။

ဝမ်ယဲ့က သန့်ရှင်းသော ညဝတ်အင်္ကျီကို ဝတ်ဆင်ကာ လျှောက်လာနေပြီး ထိုလူသား၏လက်ထဲမှ ကျမ်းစာ စာအုပ်ကို တစ်ချက်လှမ်းကြည့်ကာ တုန့်ခနဲ ဖြစ်သွားခဲ့သည်။

"ဘာလို့ အမြဲတမ်း ဒီစာအုပ်ပဲ ဖြစ်နေရတာလဲ"

ထိုသို့ပြောပြီးနောက် သူမ ကုတင်ပေါ်တွင် ဝင်ထိုင်လိုက်ရင်း အပေါ်သို့ ပင့်ကြည့်လိုက်ရာ ခဏမျှ ဆွံ့အသွားရသည်။

‘ဒါက ကျမ်းစာအုပ် မဟုတ်ဘူး၊ ဒါဆို ဘာလဲ.... ရွှီယွဲ့ကျားကတော့ တကယ်ကို အထင်ကြီးစရာပဲ... ဒီလိုစာအုပ်မျိုးကိုတောင် မျက်နှာအမူအရာ မပျက်ဘဲ ဖတ်နိုင်နေသေးတယ်’

ဝမ်ယဲ့ : "ယောက်ျား... ရှင် ဒီလောက်အထိ ကြိုးစားပမ်းစား လေ့လာနေဖို့ မလိုဘူး ထင်တယ်"

ရွှီယွဲ့ကျား : "လေ့လာသင်ယူမှုက အဆုံးမရှိဘူးလေ"

ဝမ်ယဲ့ : "ဒါပေမယ့် ခြေလှမ်း အရမ်းကျဲလွန်းတာကလည်း မကောင်းဘူးလေ"

‘ဒီလိုစာအုပ်မျိုးကို ခဏခဏ ဖတ်ရှုနေဖို့ မသင့်တော်ဘူးဟ’

ဝမ်ယဲ့က စိတ်ရင်းမှန်ဖြင့် သွန်သင်ဆုံးမလိုက်သည်။

"ရှေးလူကြီးတွေ ပြောဖူးတဲ့ စကားပုံတစ်ခု ရှိတယ်၊ 'အဟောင်းကို ပြန်သုံးသပ်ခြင်းဖြင့် အသစ်ကို နားလည်နိုင်တယ်' တဲ့... ယောက်ျား၊ ရှင် နားလည်ရဲ့လား"

ရွှီယွဲ့ကျားက ခဏမျှ စဉ်းစားလိုက်ပြီးနောက် စာအုပ်ကို ချကာ သူမကို လှည့်ကြည့်ရင်း ပြန်ပြောလာသည်။

"မင်း ပြောတာ မှန်တယ်"

သူ၏အကြည့်များနှင့် ဆုံမိချိန်တွင် ဝမ်ယဲ့က ပြန်ပြောလိုက်သည်။

"ဒါနဲ့... မနက်ဖြန်ကျရင် ကျွန်မ နေမကောင်းချင်ယောင်ဆောင်ရလိမ့်မယ်၊ ဆိုတော့ မနက်စောစော အိပ်ရာထစရာ မလိုတော့ဘူး"

ဝမ်ယဲ့က သူမကိုယ်သူမ အမှန်တကယ် ကောင်းမြတ်လှသည့် ဆရာတစ်ဦးအဖြစ် မှတ်ယူလိုက်ပြီး သန်းခေါင်ယံအချိန်ကြီးမှာပင် တပည့်ဖြစ်သူအား 'အဟောင်းကို ပြန်သုံးသပ်ပြီး အသစ်ကို နားလည်အောင်’ အားသွန်ခွန်စိုက် လမ်းညွှန်ပေးနေခဲ့သည်။

ဝမ်ယဲ့တစ်ယောက် သူမကိုယ်သူမ အလွန် လေးစားကြည်ညိုမိသွားရသည်။

.......။......။.......

နောက်တစ်နေ့ မွန်းတည့်ခါနီးအချိန်တွင်....

အတန်းဆင်းပြီးနောက် ရွှီယွိရွှမ်က အနောက်ဘက်အဆောင်သို့ တန်းတန်းမတ်မတ် ပြေးလာခဲ့သည်။

သို့သော်လည်း သူ အတွင်းဆောင်ထဲသို့ မဝင်နိုင်ခဲ့ပေ။ ထောင်ကျီက မနက်စောစောကတည်းက ထိုနေရာတွင် စောင့်ကြပ်နေပြီး သူ့ကို ချက်ချင်း တားဆီးကာ တိုးတိုးလေး ပြောလာခဲ့သည်။

" သခင်ငယ်လေး.... ဒုတိယသခင်မက အိပ်ရာမထသေးပါဘူး"

ရွှီယွိရွှမ်က အလိုက်သိစွာဖြင့် သူ့ပါးစပ်လေးကို လက်ဖြင့် အုပ်ကာ သူ့ဘာသာသူ လမ်းကြောင်းပြောင်းလိုက်သည်။

အနောက်ဘက်အဆောင်၏ စာကြည့်ခန်းအတွင်း၌ ရွှီယွဲ့ကျားက စားပွဲပေါ်သို့ ကိုင်းညွတ်ကာ စုတ်တံဖြင့် စာအုပ်ကူးရေးနေသည်။

ထိုစာအုပ်များကို တစ်လအတွင်း ပြန်အပ်ရမည် ဖြစ်သဖြင့် အကောင်းဆုံးနည်းလမ်းက ပါဝင်သည့်အကြောင်းအရာများကို တစ်လုံးမကျန် ကူးယူထားပြီးမှ သူ့အားလပ်ချိန်များတွင် ဖြည်းဖြည်းချင်း လေ့လာဆည်းပူးရန် ဖြစ်သည်။

"ဖေဖေ"

ရွှီယွိရွှမ်က တိုးတိုးလေး ခေါ်လိုက်သည်။

ထိုအသံကို ကြားလိုက်မှသာ ရွှီယွဲ့ကျားက ခေါင်းမော့ပြီး လှမ်းပြောလိုက်သည်။

"အတန်း ပြီးသွားပြီလား"

ရွှီယွိရွှမ်က ခေါင်းလေးညိတ်ပြပြီး စားပွဲရှည်ကြီးကို ပတ်ကာ ရွှီယွဲ့ကျား၏ ရင်ခွင်ထဲသို့ တိုးဝင်ရန် အပေါ်သို့ တွားတက်လိုက်သည်။

ယခုအချိန်တွင် သူက ရွှီယွဲ့ကျားကို နည်းနည်းမှ ကြောက်ရွံ့ပုံမပေါ်တော့ချေ။

ရွှီယွိရွှမ်က အသက်ပိုကြီးလာလေလေ ပိုအထိန်းအကွပ်မရှိ ဆိုးချင်လာလေလေ ဖြစ်နေခဲ့သည်။

ဖခင်ဖြစ်သူ၏ ရင်ခွင်ထဲသို့ ဝင်ကာ ပေါင်ပေါ်တွင် အောင်မြင်စွာ ထိုင်ပြီးနောက် ရွှီယွိရွှမ်က ရှေ့တိုးနောက်ငင် ယိမ်းထိုးနေရင်း စားပွဲပေါ်မှ စာအုပ်ကို လှမ်းမြင်သွားကာ ခဏမျှ စိုက်ကြည့်နေလေသည်။ ထို့နောက် ဇဝေဇဝါဖြစ်နေဟန်လေးဖြင့် ဖခင်ဖြစ်သူကို မော့ကြည့်ကာ မေးလာခဲ့သည်။

"ကြည့်ရတာ မတူဘူးနော်"

ရွှီယွဲ့ကျား၏ အကြည့်များက ခဏမျှ နိမ့်ဆင်းသွားပြီး ပြန်ရှင်းပြလိုက်သည်။

"ပထမတစ်ဝက်က မင်းမေမေရဲ့ လက်ရေးနဲ့ ရေးထားတာ"

မနေ့ညက ဝမ်ယဲ့တစ်ယောက် စာအုပ်မကူးချင်သော်လည်း ရွှီယွဲ့ကျားက 'ဗုဒ္ဓကျမ်းစာ' ကို အခြေခံသည့် မေးခွန်းအချို့ မေးမြန်းခဲ့ရာ သူမ မဖြေဆိုနိုင်ခဲ့ချေ။ ထို့ကြောင့် ပြစ်ဒဏ်အနေဖြင့် သူမ စာအချို့ကို ရေးသားခဲ့ရခြင်း ဖြစ်သည်။

ရွှီယွဲ့ကျားက သူမ၏ သုံးသပ်မှု မလုံလောက်ဟု ကျီစယ်ခဲ့သေးသည်။

ထိုစာကြောင်းအနည်းငယ် ရေးပြီးနောက် သူမ အဘယ်ကြောင့် ဆက်မရေးဖြစ်တော့သည်ကိုတော့ ရွှီယွဲ့ကျားကိုယ်တိုင်သာ သိပေလိမ့်မည်။

ရွှီယွိရွှမ်က နှုတ်ခမ်းလေးလှုပ်ကာ ပြန်မေးလိုက်သည်။

"မေမေလား..."

ရွှီယွဲ့ကျားက သူ့ကို လက်တစ်ဖက်ဖြင့် ထိန်းပွေ့ထားပြီး တည်ငြိမ်သော အမူအရာဖြင့် ပြန်ဖြေလိုက်သည်။

"အင်း"

ရွှီယွိရွှမ်က ငယ်သေးသော်လည်း ဘာမှမသိနားမလည်သည့် ကလေးတစ်ဦး မဟုတ်တော့ပေ။ ယခုအချိန်တွင် သူက ဖခင်ဖြစ်သူထံမှ ထွက်ပေါ်လာသော ပျော်ရွှင်မှု အငွေ့အသက်များကို အတိအကျ ခံစားနိုင်နေပြီ ဖြစ်သည်။

‘ဖေဖေ ပျော်နေရင် ရွှမ်အာလည်း ပျော်တယ်’

ရွှီယွိရွှမ်က ရွှီယွဲ့ကျား၏ ရင်ခွင်ထဲတွင် လုံးဝ စိတ်အေးလက်အေး ရှိနေပြီး ရုတ်တရက် ဖခင်ဖြစ်သူထံမှ အလွန် ရင်းနှီးနေသည့် ရနံ့တစ်ခုကို ရသွားပြန်သည်။

"မွှေးနေတာပဲ..."

ရွှီယွိရွှမ်က သူ့ခန္ဓာကိုယ်လေးကို လှည့်ကာ ရွှီယွဲ့ကျား၏ အင်္ကျီကော်လာကို ညင်သာစွာ ဆွဲလိုက်ရင်း ခေါင်းလေးကို အခိုင်အမာ ညိတ်ကာ ထပ်ပြောလိုက်သည်။

"မေမေရဲ့ အနံ့လေး"

ရွှီယွဲ့ကျားက သူ့အင်္ကျီကို အောက်သို့ ဆွဲချနေသော ကလေးငယ်၏ လက်လေးများကို အလျင်အမြန် တားဆီးလိုက်ပြီး မျက်ခုံးများကို ပင့်ကာ တည်တည်တံ့တံ့ ပြောလိုက်သည်။

"မင်းရဲ့ ယဉ်ကျေးမှုတွေ ဘယ်ရောက်သွားတာလဲ"

ရွှီယွိရွှမ်က လန့်သွားပြီး သူ့လက်ကို ပြန်လွှတ်ကာ ဖခင်ဖြစ်သူ၏ ပေါင်ပေါ်တွင် နာနာခံခံ ပြန်ထိုင်နေလိုက်သည်။

သူ့ခဏအကြာတွင် အကြည့်များက အဝေးမှ အတွင်းဆောင်တံခါးဆီသို့ ဝဲကျသွားပြီး လူကြီးလေးတစ်ယောက်လို သက်ပြင်းချကာ ညည်းတွားနေပြန်သည်။

"မေမေက ဘယ်တော့မှ နိုးမှာလဲ"

ရွှီယွိရွှမ်တစ်ယောက် ယနေ့တွင် ဝမ်ယဲ့ကို တွေ့ခွင့်ရတော့မည်မဟုတ်ကြောင်း ယခုအချိန်အထိ မသိသေးရှာပေ။

All Chapters