အခန်း ၈၅
Vol. 9 Ch. 85
အခန်း ၈၅ ပင်ပန်းနွမ်းနယ်နေခြင်း
ဝမ်ယဲ့တစ်ယောက် မွန်းတည့်ခါနီးအချိန်ကျမှသာ နိုးလာခဲ့သည်။
ညဉ့်နက်သည်အထိ လေ့လာခြင်းက တကယ်ကို မကောင်းလှပေ။
ယခုအချိန်တွင် ဝမ်ယဲ့တစ်ယောက် သီလရှင်ကျောင်းသို့ သွားရောက်ပြီး တရားအားထုတ်ကာ ကာမဂုဏ်ခံစားမှုများနှင့် အရသာရှိသော အစားအစာများကို စွန့်ပယ်ပြီး လောဘ၊ ဒေါသ၊ မောဟများနှင့် ကင်းဝေးရာတွင် နေထိုင်ချင်စိတ်ပင် ပေါက်နေရသည်။
ကုတင်ပေါ်တွင် ခဏမျှ လှဲလျောင်းနေပြီးနောက် နောက်ဆုံးတွင် ဝမ်ယဲ့က အပြင်ဘက်သို့ လှမ်းခေါ်လိုက်သည်။
သူမ မျက်နှာသစ် သန့်စင်ပြီးနောက် ထောင်ကျီက မေးလာခဲ့သည်။
"သခင်မ... နေ့လယ်စာအတွက် ဘာသုံးဆောင်မလဲရှင့်"
ဝမ်ယဲ့က သက်ပြင်းတစ်ချက်ချကာ အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။
"သက်သတ်လွတ် ဟင်းလျာတွေပဲ ပြင်လိုက်တော့၊ ဒီနေ့ကစပြီး ငါ ခြိုးခြံချွေတာပြီး စည်းကမ်းရှိတဲ့ ဘဝပုံစံကိုပဲ ကျင့်ကြံတော့မယ်"
သူမ၏ အမူအရာက အမှန်တကယ် တရားရသွားသည့်အလား ဖြစ်နေကာ အေးချမ်းမှုများ လွှမ်းမိုးနေသည်။
ထောင်ကျီတစ်ယောက် ကြောင်အမ်းသွားပြီး ပြန်မေးလိုက်မိသည်။
"သက်သတ်လွတ် သီးသန့်လားရှင့်"
‘သခင်မက ဒီတစ်ခါ ဘာတွေ ထပ်လုပ်ဦးမလို့လဲ’
ဝမ်ယဲ့က တည်တည်ငြိမ်ငြိမ်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"အင်း"
သူမ နောက်ပြောင်နေခြင်း မဟုတ်သည်ကို မြင်လိုက်ရသဖြင့် ထောင်ကျီက ထပ်မံ မေးမြန်းလိုက်ပြန်သည်။
"စွပ်ပြုတ်ကိုရော... လဲလိုက်ရမလားရှင့်"
မကြာသေးမီက ဝမ်ယဲ့ ဝက်သားမျှင်ကြက်ဥစွပ်ပြုတ်ကို အထူးနှစ်သက်နေပြီး မီးဖိုချောင်ကို တစ်ရက်ခြားတစ်ခါ ပြင်ဆင်ခိုင်းထားခဲ့သည်။ ယနေ့တွင်လည်း မီးဖိုချောင်က ထိုစွပ်ပြုတ်ကို ပြင်ဆင်ပြီးသား ဖြစ်နေသည်။
ထောင်ကျီ၏ မေးခွန်းကို ကြားလိုက်ရချိန်တွင် ဝမ်ယဲ့တစ်ယောက် ခဏမျှ တွန့်ဆုတ်သွားသော်လည်း နောက်ဆုံးတွင် စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်သည်။
"လဲလိုက်ပါ၊ ဒါနဲ့..."
ဝမ်ယဲ့က ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ထပ်မေးလိုက်သည်။
"ငါ အရင်က အနောက်ဘက်ဈေးကနေ သစ်သားငါးရုပ်တစ်စုံ ဝယ်ခဲ့ဖူးတယ် မဟုတ်လား"
( သစ်သားငါးရုပ်ဆိုတာ ဘုန်းကြီးတွေ ခေါက်တဲ့ သစ်သားရုပ်လေးကို ပြောတာပါ)
ထောင်ကျီက ခေါင်းညိတ်ပြရင်း ပြန်ဖြေနေသည်။
"ဟုတ်ကဲ့... အဲ့ဒါကို ဂိုဒေါင်ထဲက သေတ္တာတစ်လုံးထဲမှာ သိမ်းထားပါတယ်"
"သွားယူပေး"
ထောင်ကျီက ဇဝေဇဝါဖြင့် ပြန်မေးလာသည်။
"သခင်မ... သစ်သားငါးရုပ်ကို ဘာလုပ်မလို့လဲ"
ဝမ်ယဲ့ : "စိတ်တည်ငြိမ်အောင်လို့"
ထောင်ကျီက ဝမ်ယဲ့ကို စိုးရိမ်တကြီး လှမ်းကြည့်နေသည်။
‘ဘာတွေ ဖြစ်နေတာလဲ၊ သခင်မက ဘာလို့ ရုတ်တရက်ကြီး သစ်သားငါးရုပ်ကို တီးချင်နေရတာလဲ’
‘ငါ သိသလောက်ဆိုရင် ဘုန်းကြီးကျောင်းက ဘုန်းကြီးတွေနဲ့ သီလရှင်ကျောင်းက သီလရှင်တွေပဲ သစ်သားငါးရုပ်ကို တီးခတ်ကြတာလေ’
သို့သော်လည်း သခင်မက တောင်းဆိုနေသဖြင့် ထောင်ကျီလည်း မငြင်းဆန်နိုင်တော့ဘဲ သက်ပြင်းချကာ ဂိုဒေါင်ထဲသို့ သွားရောက် ရှာဖွေရတော့သည်။
ဝမ်ယဲ့က အနောက်ဘက်ဈေးအတွင်း လျှောက်လည်ရသည်ကို နှစ်သက်ပြီး ထူးဆန်းသော အလှဆင်ပစ္စည်း အသေးအဖွဲများကို အမြဲ ဝယ်ယူလာတတ်သဖြင့် အချိန်ကြာလာသည်နှင့်အမျှ ထိုအရာများကြောင့် သေတ္တာများစွာ စုပုံနေခဲ့ပြီ ဖြစ်သည်။
ထောင်ကျီအနေဖြင့် ထိုသစ်သားငါးရုပ်ကို ရှာဖွေရန် အချိန်အတော်ယူလိုက်ရပြီး အပြန်လမ်းတွင် အရှေ့ဘက်အဆောင်မှ လာနေသော ရွှီယွဲ့ကျားနှင့် ဆုံမိသွားခဲ့သည်။
ဝမ်ယဲ့က အတွင်းဆောင်ထဲမှ ထွက်လာပြီး အစားအစာများကို စားပွဲပေါ်၌ ပြင်ဆင်ပြီးသား ဖြစ်နေချေပြီ။
ထမင်းစားပွဲတွင် ထိုင်နေသော အမျိုးသားကို မြင်လိုက်ရချိန်တွင် ဝမ်ယဲ့ အနည်းငယ် အံ့အားသင့်သွားရသည်။
"ယောက်ျား... ရှင် နေ့လယ်စာ မစားရသေးဘူးလား"
သူမ၏ အစားအစာကို နေ့လယ်စာဟု ခေါ်ဆိုသော်လည်း အမှန်တကယ်တွင် အခြားသူများ ပုံမှန်စားနေကျ နေ့လယ်စာ စားချိန်ထက် အများကြီး နောက်ကျနေပြီ ဖြစ်သည်။
ရွှီယွဲ့ကျားက သူမကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးမှ မော့ကြည့်ကာ မေးမြန်းလိုက်သည်။
"ဒီနေ့ နေလို့ ထိုင်လို့ မကောင်းဘူးလား"
ဝမ်ယဲ့က ဝင်ထိုင်လိုက်ရင်း ပြန်ရှင်းပြလိုက်သည်။
"အင်း... ဒီလိုပါပဲ၊ ကျွန်မ ခဏလောက် သက်သတ်လွတ် စားဖို့ ဆုံးဖြတ်လိုက်တယ်၊ ရှေ့ရက်တွေက အဆီအစိမ့်တွေ အရမ်းစားမိလို့ ထင်တယ်၊ နည်းနည်း ပြည့်အင့်နေသလိုပဲ"
ရွှီယွဲ့ကျားက ထပ်မေးလာခဲ့သည်။
"ဒါဆို သစ်သားငါးရုပ်ကရော"
ဝမ်ယဲ့ : "ကျွန်မ ရုတ်တရက် ဗုဒ္ဓဘာသာနဲ့ ရေစက် နည်းနည်း ရှိနေတယ်လို့ ခံစားမိသွားလို့ပါ"
ရွှီယွဲ့ကျားက ခဏမျှ တိတ်ဆိတ်သွားပြီးမှ ထပ်မေးလိုက်သည်။
"အဲ့ဒီလို ရုတ်တရက် ခံစားမိသွားတာက ဘယ်အချိန်ကလဲ"
ဝမ်ယဲ့က အမှန်အတိုင်း ပြန်ဖြေလိုက်သည်။
"ဒီမနက် အိပ်ရာနိုးပြီးတဲ့နောက်..."
ယခုအချိန်တွင် ထိုအမျိုးသားအပေါ် ထားရှိသော ဝမ်ယဲ့၏ အကြည့်များထဲ၌ ကာမဂုဏ် လိုအင်ဆန္ဒများ သို့မဟုတ် စိတ်ဝင်စားမှုများ ကင်းဝေးနေခဲ့ချေပြီ။
"ယောက်ျားလည်း အဲ့ဒါကို စမ်းတီးကြည့်လို့ ရတယ်နော်၊ အဲ့ဒါက စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာဖို့အတွက် အထောက်အကူ ပြုနိုင်လိမ့်မယ်"
ယခုအချိန်တွင် သူမ ရွှီယွဲ့ကျားကို စိတ်မဝင်စားတော့ရုံသာမက ပုံပြင်စာအုပ်များ ဖတ်ခြင်းနှင့် ကဒ်ကစားခြင်းကဲ့သို့သော အခြားပျော်ရွှင်စရာ ကိစ္စရပ်များကိုပါ စိတ်ပါဝင်စားမှု ပျောက်ဆုံးနေခဲ့ပြီ ဖြစ်သည်။
'အရာအားလုံးက သုညပဲ... လောကကြီးကလည်း သုညပါတလား'
ရွှီယွဲ့ကျားကတော့ တစ်ခွန်းမျှ မပြောဘဲ တိတ်ဆိတ်နေခဲ့သည်။
နေ့လယ်စာ သုံးဆောင်ပြီးနောက် ဝမ်ယဲ့က သစ်သားငါးရုပ်ကို ယူကာ အနောက်ဘက် စာကြည့်ခန်းထဲသို့ ဝင်သွားပြီး စတင်တီးခတ်နေခဲ့သည်။
ရွှီယွဲ့ကျားကတော့ ခဏမျှ အပြင်သို့ ထွက်ခွာသွားခဲ့သည်။
ဝမ်ယဲ့က နူးညံ့သော ညောင်စောင်းပေါ်တွင် ခြေချိတ်ထိုင်ရင်း သစ်သားငါးရုပ်ကို တီးခတ်နေသည်။
ရွှီယွဲ့ကျား ပြန်ရောက်လာချိန်တွင်လည်း သူက ဥပဒေကျမ်းစာများအပေါ်မှ မှတ်စုများ ဆက်လက် ကူးယူရေးသားနေခဲ့သည်။
အချိန်မည်မျှ ကုန်ဆုံးသွားသည်မသိဘဲ ဝမ်ယဲ့က သစ်သားငါးရုပ် တီးခတ်နေခြင်းကို ရပ်တန့်လိုက်ပြီး သူမ၏ မျက်လုံးလေးများကို ဖွင့်ကာ စာရေးခုံတွင် စာရေးနေသော အမျိုးသားကို စိုက်ကြည့်နေသည်။
စူးရှသော နေရောင်ခြည်က သူ့ပခုံးထက်သို့ ရွှေရောင်အလင်းတန်းများသဖွယ် ဖြာကျနေသဖြင့် သူ့ကို ပိုတောက်ပနေစေပြီး ဆွဲဆောင်မှု ပိုရှိစေသည်။
မနက်ခင်းနှင့် ညနေခင်းကြားတွင် အပူချိန်ကွာခြားမှုကသာ တစ်ခုတည်းသော သိသာထင်ရှားသည့် အပြောင်းအလဲဟု ဝမ်ယဲ့ အမြဲတွေးခဲ့ဖူးသော်လည်း ယနေ့တွင်တော့ ရွှီယွဲ့ကျား၏ နေ့နှင့်ည ကွာခြားချက်က ပိုထင်ရှားနေကြောင်း သူမ သဘောပေါက်သွားခဲ့သည်။
‘ဟူး ဝံပုလွေအရေခွံကို ခွာချလိုက်တာနဲ့ နူးညံ့တဲ့ ယုန်သူငယ်လေးပြန်ရောက်လာပြီ’
ခဏအကြာတွင် ဝမ်ယဲ့တစ်ယောက် သက်ပြင်းအရှည်ကြီးတစ်ချက်ကိုချကာ နောက်ဆုံးတွင် သူ့ကို လှမ်းခေါ်လိုက်သည်။
"ယောက်ျား"
ရွှီယွဲ့ကျားက သူမကို မော့ကြည့်လာပြီး အသံထွက်ရုံသာ တုံ့ပြန်လိုက်သည်။
"အင်း..."
မြက်ပင်များနှင့်တူသော သက်သတ်လွတ် အစားအစာများကို နေ့လယ်စာအဖြစ် သုံးဆောင်ပြီး သစ်သားငါးရုပ်ကို တစ်နာရီနီးပါးခန့် တီးခတ်နေခဲ့ရသဖြင့် ဝမ်ယဲ့တစ်ယောက် ဗိုက်ပြန်ဆာလာခဲ့ပြီ ဖြစ်သည်။
လူငယ်ဆိုသည်က ခန္ဓာကိုယ်ပြန်လည် နာလန်ထူမှု မြန်ဆန်လှပေသည်။
ဝမ်ယဲ့က ရွှီယွဲ့ကျား၏ မျက်နှာကို စိုက်ကြည့်ရင်း သူမ အစောပိုင်းက ပြောခဲ့သော စကားများကို ပြန်ရုပ်သိမ်းရန် ဆုံးဖြတ်လိုက်သည်။
"ကျွန်မ အသားစွပ်ပြုတ် နည်းနည်းလောက် သောက်လို့ရသေးတယ်လို့ ထင်တာပဲ"
ရွှီယွဲ့ကျားက ဘာမှ ပြန်မပြောသေးပေ။
ဝမ်ယဲ့က ထပ်မေးနေပြန်သည်။
"ယောက်ျား... ရှင် အခုထိ မသင်ယူရသေးဘူးလားဟင်"
ရွှီယွဲ့ကျား : "......ဟမ်"
ဝမ်ယဲ့က သက်ပြင်းချလိုက်ပြန်သည်။
‘ဟူး.... ငါကတော့ ဆရာတစ်ယောက်ဖြစ်ရမယ့် ကံကြမ္မာကို တွန်းလှန်နိုင်ပါဦးမလား’
......။......။.....
အနောက်ဘက်ခြံဝင်းသို့ ဖိတ်စာများ ရောက်ရှိလာမှု တဖြည်းဖြည်း နည်းပါးသွားသည်နှင့်အမျှ ဝမ်ယဲ့၏ 'ဖျားနာမှု' ကလည်း စတင်သက်သာလာခဲ့သည်။
ဆောင်းဦးလယ်ပွဲတော်မတိုင်မီ နှစ်ရက်အလိုတွင် လုသခင်မက နံနက်စောစောကတည်းက အနောက်ဘက်ခြံဝင်းသို့ လူလွှတ်ကာ မနက်စာသုံးဆောင်ပြီးနောက် ဝမ်ယဲ့ ပင်မခြံဝင်းသို့ လာခဲ့ရန် အကြောင်းကြားခိုင်းထားခဲ့သည်။
ဝမ်ယဲ့ ရောက်ရှိသွားချိန်တွင် လုသခင်မက လက်ဆောင်ပစ္စည်းစာရင်းကို စစ်ဆေးနေခဲ့သည်။
နယ်စားမင်းအိမ်တော်က အာဏာကြီးမားပြီး ချမ်းသာကြွယ်ဝသည် ဆိုသော်လည်း ပတ်ဝန်းကျင်နှင့် ဆက်ဆံရေးများ ထိန်းသိမ်းရန်အတွက် ပွဲတော်ရက်များတွင် ပြင်ဆင်မှုများ လိုအပ်နေသေးသည်က ပုံမှန်သာ ဖြစ်သည်။
လုသခင်မက ဝမ်ယဲ့ကို အနားသို့ ခေါ်ယူကာ ဝမ်မိသားစုထဲမှ တစ်ယာက်ယောက်တွင် အစားအသောက် ကန့်သတ်ချက် ရှိ မရှိ သေသေချာချာ မေးမြန်းနေသည်။
ဆောင်းဦးလယ်ပွဲတော်အတွက် ပေးပို့မည့် လက်ဆောင်များက အဓိကအားဖြင့် လမုန့်နှင့် အရက်တို့သာ ဖြစ်ပြီး စိုးရိမ်ရသည့် တစ်ခုတည်းသော အရာက လမုန့်အတွက် အဆာသွတ်များ ဖြစ်သည်။ ဥပမာအားဖြင့် နယ်စားမင်းအိမ်တော်တွင် သစ်ကြားသီးကို လုံးဝ မသုံးကြပေ။
အကြောင်းက ရွှီကျင့်ရုံနှင့် ရွှီယွိရွှမ် နှစ်ယောက်လုံးက သစ်ကြားသီးနှင့် ဓာတ်မတည့်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် သူတို့ ဘေးကင်းစေရန်အတွက် လုသခင်မက အစေခံများအား သစ်ကြားသီးများ ဝယ်ယူခြင်းမပြုရန် တားမြစ်ထားခဲ့သည်။ အကယ်၍ အခြားသူများ စားသုံးချင်ပါက အပြင်တွင်သာ စားပြီး အိမ်သို့ ပြန်လာကြရသည်။
ယခင်က သူမကို မည်သူမျှ ပြောပြထားခြင်းမရှိဘဲ ဝမ်ယဲ့လည်း မတော်တဆမှုတစ်ခုကြောင့်သာ ထိုကိစ္စကို သိခဲ့ရခြင်း ဖြစ်သည်။
"ရှောင်ရမယ့် အစားအစာ မရှိပါဘူး"
ဝမ်ယဲ့က ချက်ချင်း ပြန်ဖြေလိုက်သည်။
"မမ ပြင်ဆင်ထားတဲ့ လက်ဆောင်တွေက တကယ်ကို ပြည့်စုံနေပါပြီ"
ထိုစကားက လုသခင်မကို စိတ်အေးသွားစေခဲ့သည်။
"မင်း အဆင်ပြေတယ်လို့ ထင်ရင် ရပါပြီ"
သူမက ဝမ်ယဲ့ကို တန်ဖိုးထားသောကြောင့်သာ အသေးစိတ်ကို အာရုံစိုက်နေခြင်း ဖြစ်သည်။
လုသခင်မက လက်ဆောင်စာရင်းကို ပိတ်လိုက်ပြီး ဝမ်ယဲ့က မော့ကြည့်လာကာ သူမ၏ မျက်နှာကို သတိပြုမိသွားပြီး ရုတ်တရက် မျက်မှောင်ကုတ်လိုက်မိသည်။
"နင် ပြီးခဲ့တဲ့ ရက်ပိုင်းက တကယ်ပဲ နေမကောင်းဖြစ်နေခဲ့တာလား"
ဆောင်းဦးလယ်ပွဲတော် နီးကပ်လာသည်နှင့်အမျှ လုသခင်မက ဆွေမျိုးနီးစပ်မိသားစုများထံ အလည်အပတ်သွားခြင်းကို စီမံခန့်ခွဲရုံသာမက ဆိုင်များနှင့် အိမ်ခြံမြေများကိုပါ အုပ်ချုပ်နေရသဖြင့် အလွန်အမင်း အလုပ်များနေခဲ့သည်။ ဆောင်းဦးရိတ်သိမ်းချိန်ကတည်းက စာရင်းဇယားများ အဆက်မပြတ် ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။
နယ်စားမင်းအိမ်တော်၏ ငွေစာရင်းနှင့် အိမ်ခြံမြေ တာဝန်ခံများကို ကိုင်တွယ်ရာတွင် သူတို့၏ သစ္စာရှိမှုကို ရရှိစေရန် ပွဲတော်ရက်များ၌ လက်ဆောင်များ ပေးအပ်ရန်လည်း လိုအပ်နေသေးသည်။
သူတို့၏ စိတ်အားထက်သန်မှုနှင့် သစ္စာရှိမှုကို ထိန်းသိမ်းရန်အတွက် ချီးမွမ်းခြင်းနှင့် အကျိုးခံစားခွင့်များ ပေးရန်လည်း အလွန်အရေးကြီးနေသေးသည်။
ထို့အပြင် လုသခင်မက နယ်စားမင်းအိမ်တော်၏ ကိစ္စရပ်များကိုသာမက သူမ၏ ကိုယ်ပိုင်ခန်းဝင်ပစ္စည်းများထဲမှ ဆိုင်မြေများနှင့် အိမ်ခြံမြေ အမြောက်အမြားကိုပါ စီမံခန့်ခွဲနေရသဖြင့် နေ့စဉ် ညဉ့်နက်သည်အထိ အလုပ်ရှုပ်နေခဲ့ရရှာသည်။
သေချာတွက်ချက်ကြည့်ပြီးနောက် သူမ ဝမ်ယဲ့အား မတွေ့ရသည်မှာ ငါးရက်၊ ခြောက်ရက်ခန့် ရှိနေပြီဖြစ်ကြောင်း လုသခင်မ သတိရသွားခဲ့သည်။
‘ငါးရက်၊ ခြောက်ရက်လောက်ရှိတဲ့ ဒီအချိန်တိုလေးအတွင်းမှာ ဝမ်ယဲ့က ဘာကြောင့် ဒီလောက်အထိ ပင်ပန်းနွမ်းနယ်သွားရတာလဲ’
လုသခင်မက ခန့်မှန်းရင်း မေးလိုက်သည်။
"နင် စာရင်းဇယားတွေ ကြည့်နေရလို့လား"
နေ့တိုင်း မှန်ကြည့်နေကျဖြစ်သော ဝမ်ယဲ့ကတော့ သူမကိုယ်သူမ ဘာမှ မပြောင်းလဲသွားသလို ခံစားနေမိသည်။ လုသခင်မ၏ ဒုတိယမေးခွန်းကို ကြားလိုက်ရချိန်တွင် သူမ၏ ဗီဇအတိုင်း ငြင်းဆိုလိုက်သည်။
"မဟုတ်ပါဘူး၊ လုံးဝ မကြည့်ပါဘူးရှင်"
မကြာသေးမီက အနောက်ဘက်ခြံဝင်းမှ ပေသီးခေါက်သံများ မရပ်မနား ထွက်ပေါ်နေခဲ့သော်လည်း ၎င်းက ဝမ်ယဲ့အပေါ် အများကြီး သက်ရောက်မှုမရှိခဲ့ချေ။
‘ပုံမှန်လစာရဲ့ သုံးဆအပြင် စွမ်းဆောင်ရည်ဆုကြေးတွေပေးထားရတာက အလကားမှ မဟုတ်တာ’
တစ်နှစ်နီးပါး ကုန်ဆုံးသွားခဲ့ပြီဖြစ်ရာ လျိုယာနှင့် လျိုရှင်းတို့၏ ပေသီးတွက်ချက်မှုစွမ်းရည်က သိသိသာသာ တိုးတက်လာခဲ့သည်။ ဝမ်ယဲ့အနေဖြင့် ထိုအချက်ကို အတော်လေး ကျေနပ်နေမိသည်။
ထိုစကားကို ကြားလိုက်ရချိန်တွင် လုသခင်မလည်း သူမဘေးနားရှိ ပေသီးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဘာပြန်ပြောရမှန်းမသိဖြစ်နေကာ ဆွံ့အသွားခဲ့ရသည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမက စကားပြန်စလိုက်သည်။
"ဒါဆိုရင် ဘာလို့ နင့်ကို ကြည့်ရတာ ကမ္ဘာပျက်မတတ် ပင်ပန်းနေပြီး ရာစုနှစ်တစ်ခုလောက် အိပ်ရေးမဝခဲ့တဲ့ ပုံစံမျိုး ဖြစ်နေရတာလဲ"
ယခုအချိန်တွင် ဝမ်ယဲ့ ဆွံ့အသွားရသည့် အလှည့် ဖြစ်သည်။
သူမ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အမှန်တကယ် ညဉ့်နက်သည်အထိ အိပ်စက်နိုင်ခဲ့ခြင်း မရှိခဲချေ။
‘ဟူး.... စိတ်ပိုင်းဆိုင်ရာ ပြည့်စုံမှုက ခန္ဓာကိုယ်ရဲ့ ပင်ပန်းနွမ်းနယ်မှုကိုတော့ မဖုံးကွယ်ပေးနိုင်ဘူးပဲ’
လုသခင်မက ဆက်ပြောလိုက်သည်။
"အိမ်ထဲမှာပဲ အမြဲအောင်းမနေပါနဲ့၊ အိမ်တော်အပြင်ဘက်ကို မထွက်နိုင်ရင်တောင် အိမ်တော်ဝန်းထဲမှာ လမ်းလျှောက်ထွက်လို့ ရနေတာပဲ"
အိမ်တော်အတွင်းရှိ ရှုခင်းများကလည်း အပြင်ဘက်ထက် မနိမ့်ကျနေချေ။
လုသခင်မက မကောင်းသည့်အချက်များကို မတွေးမိဘဲ ဝမ်ယဲ့တစ်ယောက် အခန်းထဲတွင် အနေကြာလွန်း၍သာ ဤသို့ ဖြစ်နေလိမ့်မည်ဟု ယုံကြည်သွားခဲ့သည်။
ဝမ်ယဲ့က ချက်ချင်း သဘောတူလိုက်သည်။
‘အမှန်တကယ်ကို အနားယူရမယ့် အချိန်ရောက်နေပြီပဲ၊ ဆရာတစ်ယောက်ဖြစ်ရတာက တပည့်ကို အမြတ်ထုတ် ခေါင်းပုံဖြတ်နိုင်တယ်လို့ မဆိုလိုဘူးလေ’
ရွှီယွဲ့ကျားကလည်း အမြဲတမ်း ခွင့်ယူနေ၍ မရနိုင်ချေ။
ဝမ်ယဲ့တစ်ယောက် သူမ၏ 'ဖျားနာမှု' ပျောက်ကင်းသွားသည်နှင့်တစ်ပြိုင်နက် သူမ၏ ရေပူစမ်းအိမ်ရာလေးဆီသို့ သွားရန် စဉ်းစားနေပြီ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ အခုချက်ချင်းသွားရန်တော့ အဆင်မပြေသေးပေ။ ရာသီဥတု အေးလာမည့် ဆောင်းဦးလယ်ပွဲတော်ပြီးမှ သွားရန်သာ သူမ စီစဉ်ထားခဲ့သည်။
နှစ်မကုန်မီတွင် လုသခင်မကို ရေပူစမ်းသို့ ခေါ်ဆောင်သွားပြီး သူမ၏ ခန္ဓာကိုယ်ကို အနားပေးစေကာ အာဟာရဖြည့်တင်းပေးရန် ဝမ်ယဲ့ ရည်ရွယ်ထားခဲ့သည်။
အနားယူရန် ဆုံးဖြတ်ပြီးနောက် ညနေခင်းတွင် ဝမ်ယဲ့က ရွှီယွဲ့ကျား၏ 'စာသင်ချိန်' ကို သဘာဝကျကျ ငြင်းပယ်လိုက်သည်။
သူမက သူ့နှင့် အနည်းငယ် ဝေးရာသို့ ရွှေ့လိုက်ရင်း တိုးတိုးလေး ပြောလိုက်သည်။
"ယောက်ျား... ရှင် လောဘကြီးလို့ မရဘူးနော်"
ရွှီယွဲ့ကျား၏ အကြည့်များက သူမ၏မျက်နှာမှတစ်ဆင့် သူမ၏လည်ပင်းထံသို့ ရွှေ့လျားသွားပြီး ခဏမျှ တန့်သွားခဲ့သည်။ ထို့နောက်မှ သူက မော့ကြည့်ကာ ပြန်မေးလိုက်သည်။
"ဒီည ကိုယ် ဘယ်အခန်းကဏ္ဍကနေ သရုပ်ဆောင်ပေးရမှာလဲ"
ဝမ်ယဲ့ : "......"
‘သူက ဒီအလုပ်ကို စွဲလမ်းနေပြီလား’
"ကျွန်မ ဒီနေ့ ပင်မခြံဝင်းကို သွားခဲ့သေးတယ်၊ အကြီးဆုံးယောင်းမက ကျွန်မကို ကြည့်ရတာ အရမ်းပင်ပန်းနွယ်နယ်နေပြီး ပြီးခဲ့တဲ့ရက်ပိုင်းက အိပ်ရေးမဝဘူးလားလို့ မေးနေတယ်"
ဝမ်ယဲ့က ထိုအမျိုးသားကို တည်ကြည်သော မျက်နှာပေးဖြင့် စိုက်ကြည့်လိုက်သည်။
"ဒါကြောင့် ဒီနေ့တော့ ဗဟုသုတအသစ်တွေ သင်ယူတာလည်း မရှိဘူး၊ စာပြန်နွှေးတာလည်း မရှိဘူး"
နောက်ဆုံးတွင် ရွှီယွဲ့ကျားက သူမ လိမ်ညာနေခြင်းမဟုတ်ကြောင်း ယုံကြည်သွားသည့်အလား သူမကို အချိန်အတော်ကြာ တိတ်တဆိတ် စိုက်ကြည့်နေခဲ့သည်။
ထို့နောက်တွင် သူက သူမ၏ဘေးတွင် အေးဆေးတည်ငြိမ်စွာ လှဲလျောင်းလိုက်သည်။
"ဒါနဲ့..."
ဝမ်ယဲ့က တစ်ခုခုကို သတိရသွားပြီး ထပ်ပြောလိုက်သည်။
"ကျွန်မ နောက်ရက်အနည်းငယ်ကြာရင် အကြီးဆုံးယောင်းမကို ရေပူစမ်း ခေါ်သွားဖို့ စီစဉ်ထားတယ်"
ရွှီယွဲ့ကျား အခြေအနေကို မသုံးသပ်နိုင်ခင်မှာပင် ဝမ်ယဲ့က ထပ်ပြောလိုက်သည်။
"အကြီးဆုံးယောင်းမလည်း သဘောတူပြီးပြီ"
ခဏအကြာတွင် ဝမ်ယဲ့က သူ့ကို လှမ်းကြည့်ပြီး ထပ်မေးလိုက်ပြန်သည်။
"ယောက်ျား... ရှင် ဘာလို့ ဒီလောက်တောင် အေးစက်နေရတာလဲ"
ရွှီယွဲ့ကျား : "ကိုယ် သိပြီ"
ဝမ်ယဲ့ : "......"
.....။......။.......
ဆောင်းဦးလယ်ပွဲတော် ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် ဝမ်ယဲ့တစ်ယောက် သူမ၏ ရေပူစမ်းခရီးစဉ်ကို စတင် အစီအစဉ်ဆွဲတော့သည်။ ဧကရာဇ်မင်းမြတ် ချီးမြှင့်ပေးသနားထားသော ရေပူစမ်းများထဲမှ တစ်ခုက ဆေးဖက်ဝင်သည်ဟု ဆိုကြသဖြင့် သူမက လုသခင်မကို ထိုနေရာသို့ ခေါ်ဆောင်သွားရန် ရည်ရွယ်ထားခဲ့သည်။
ဤဆေးဖက်ဝင်ရေပူစမ်းက စိတ်ကို ကြည်လင်လန်းဆန်းစေရုံသာမက ကျန်းမာရေးကိုလည်း ပိုမိုကောင်းမွန်စေသည့် အာနိသင်ရှိသည်ဟု ပြောကြသည်ကို သူမ ကြားခဲ့ဖူးသည်။
ထိုခရီးစဥ်အကြောင်းကို သိလိုက်ရချိန်တွင် လုသခင်မက အကြံပြုလာခဲ့သည်။
"ဒီလောက်ကျယ်တဲ့ ရေပူစမ်းကို ငါတို့နှစ်ယောက်တည်း သုံးရင် ဖြုန်းတီးရာကျလွန်းတယ်၊ နင့်ရဲ့အမေကိုပါ ငါတို့နဲ့အတူတူ လာဖို့ ဖိတ်လိုက်ပါလား"
ဝမ်ယဲ့က ခဏမျှ စဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်။
"ဒါဆို ကျွန်မ သူ့ဆီ စာတစ်စောင် ပို့လိုက်ပါ့မယ်"
ဆောင်းလလယ်ပွဲတော်အပြီးတွင် သူမ၏ ညီမငယ်ဖြစ်သူ ဝမ်ရန်ကလည်း နန်းတော်မှ ဝမ်အိမ်တော်သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။ အကယ်၍ သခင်မရှန်းသာ လာရန် သဘောတူပါက ဝမ်ရန်ကိုပါ သေချာပေါက် ခေါ်လာလိမ့်မည်ဟု ဝမ်ယဲ့ ယုံကြည်နေမိသည်။
လုသခင်မကလည်း သခင်မရှန်းနှင့် အတူတူ အချိန်ဖြုန်းကာ ရင်းနှီးအောင် လုပ်ချင်နေခဲ့သည်။ သူမတို့၏ ယခင်က ဆက်ဆံရေးများအားလုံးက ရွှီယွဲ့ကျားနှင့် ဝမ်ယဲ့တို့၏ ထိမ်းမြားလက်ထပ်ပွဲအပေါ်တွင်သာ ဗဟိုပြုခဲ့ကြခြင်း ဖြစ်သည်။ ထိုအချိန်တုန်းက အမျိုးသမီးနှစ်ဦးလုံး အနည်းငယ် စိမ်းသက်နေခဲ့ကြပြီး လုသခင်မအနေဖြင့် သခင်မရှန်းအပေါ် နားလည်မှု သိပ်မနက်ရှိုင်းခဲ့ပေ။ သူမ၏ အမှတ်သညာထဲတွင် သခင်မရှန်းက အခြားသော အထက်တန်းလွှာ သခင်မများနည်းတူ ဖြစ်နေခဲ့သည်။
စာက နောက်တစ်နေ့ မွန်းလွဲပိုင်းတွင် ဝမ်အိမ်တော်သို့ ရောက်ရှိသွားခဲ့သည်။
သခင်မရှန်းဘက်တွင်လည်း မကြာသေးမီက သူမ အတော်လေး အလုပ်ရှုပ်နေခဲ့ရသည်။ ဝမ်မိသားစုက နယ်စားမင်းအိမ်တော်လောက် အာဏာမကြီးမားသော်လည်း နှစ်ပေါင်းများစွာအတွင်း ရှုပ်ထွေးလှသော လူမူဆက်ဆံရေးကို တည်ဆောက်ထားခဲ့သဖြင့် သခင်မရှန်း၏ တာဝန်ဝတ္တရားများကလည်း လုသခင်မထက် မလျော့ပါးခဲ့ချေ။
အတိတ်ကထက် ပိုကောင်းလာသည့်အချက်တစ်ခုကတော့ လက်ရှိတွင် မိသားစုအတွင်း မင်္ဂလာဆောင် သို့မဟုတ် နာရေးကိစ္စများ မရှိခြင်းပင် ဖြစ်သည်။ ကလေးများကလည်း ငယ်ရွယ်သေးသဖြင့် ထိုကဲ့သို့သော ရှုပ်ထွေးမှုများမှ ယာယီ ကင်းဝေးနေခဲ့သည်။
အမှန်အတိုင်းပြောရလျှင် သခင်မရှန်းက ဝမ်ယဲ့၏ စာအပေါ် သူမ၏ မသိစိတ်အရ အနည်းငယ် ခုခံလိုစိတ် ရှိနေခဲ့သည်။ ယခင်က ဝမ်ယဲ့ အိမ်တော်အတွင်း ရှိနေစဉ် သခင်မရှန်းအနေဖြင့် မိခင်တစ်ယောက်၏ အာဏာကို ပြသနိုင်ပြီး ဝမ်ယဲ့ကို အနည်းငယ် ထိန်းချုပ်နိုင်ခဲ့သေးသည်။ သို့သော် ယခုအခါတွင် ဝမ်ယဲ့တစ်ယောက် အမှီအခိုအသစ် ရှာဖွေတွေ့ရှိသွားခဲ့ပြီမှာ ထင်ရှားနေချေပြီ။
သို့သော်လည်း သခင်မရှန်းအနေဖြင့် အထိန်းတော်ဟန်အား ထိုစာကို ဆက်ကိုင်ထားခိုင်းရန် မသင့်တော်သဖြင့် သက်ပြင်းတစ်ချက်ချလိုက်ကာ ထိုစာကို လှမ်းယူလိုက်ရသည်။
စာက တိုတိုလေးသာဖြစ်၍ သခင်မရှန်းလည်း မြန်မြန်ဆန်ဆန် ဖတ်ရှုပြီးသွားခဲ့သည်။ စာအဆုံးတွင် သူမ၏မျက်လုံးများ၌ အံ့သြသွားသည့် အရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။
"ရေပူစမ်းလား"
သခင်မရှန်းက တိုးတိုးလေး ရေရွတ်လိုက်ရင်း စာနှင့် စာအိတ်၏ ဘေးနှစ်ဖက်လုံးကို အမှတ်တမဲ့ သေသေချာချာ စစ်ဆေးကြည့်လိုက်မိသည်။
စာပေါ်တွင် မည်သည့်လျှို့ဝှက်ချက်မှ မပါသည်ကို အတည်ပြုမိမှသာ စိတ်ကျေနပ်သွားပြီး ထပ်မံရေရွတ်လိုက်သည်။
“စတုတ္ထသမီးက ဘာတွေ ကြံစည်နေပြန်တာလဲ”
အထိန်းတော်ဟန်က သခင်မရှန်း၏ဘေးတွင် ရပ်နေပြီး သခင်မရှန်းကလည်း သူမ ထိုစာကို ဖတ်နေခြင်းအား မတားဆီးခဲ့သောကြောင့် အထိန်းတော်ဟန်လည်း စာထဲမှ အကြောင်းအရာအချို့ကို လှမ်းမြင်သွားခဲ့သည်။
သူမက ခန့်မှန်းကြည့်လိုက်သည်။
"သခင်မကြီး... ပဉ္စမသခင်မလေးလည်း မနေ့ကတင် နန်းတော်ကနေ ပြန်ရောက်နေတာပါရှင့်"
အလုပ်ရှုပ်လွန်းပြီး ဤအချက်ကို မေ့လုနီးပါးဖြစ်နေသော သခင်မရှန်းလည်း ယခုအခါတွင်မှ ထိုစာကို စိတ်ဖြောင့်ဖြောင့် ပြန်ကြည့်နိုင်တော့သည်။
"စတုတ္ထသမီးက ငါ ရှောင်ဝူကို တစ်ပါတည်း ခေါ်လာစေချင်တာပဲကိုး"
အထိန်းတော်ဟန်က ခေါင်းညိတ်လိုက်သည်။
"ဒီအစေခံအိုကြီးရဲ့ အမြင်အရတော့ စတုတ္ထသခင်မလေးက ရိုသေလေးစားမှု ပြသချင်နေတာမို့ သခင်မကြီး သဘောတူသင့်ပါတယ်ရှင့်၊ ဘာပဲဖြစ်ဖြစ် ဒါက ဧကရာဇ်မင်းမြတ်ကိုယ်တိုင် ပေးသနားထားတဲ့ အိမ်ရာတစ်ခုဖြစ်နေတယ်လေ"
သခင်မရှန်းက စာကို တင်းတင်းဆုပ်ကိုင်ထားရင်း ခဏမျှ စဉ်းစားပြီးနောက် အမိန့်ပေးလိုက်သည်။
"အကြီးဆုံးချွေးမရဲ့ အဆောင်ကို လူတစ်ယောက်လွှတ်ပြီး ငါ သူနဲ့ စကားပြောစရာရှိတယ်လို့ သွားပြောလိုက်ချေ"
ရေပူစမ်းသို့ မသွားမီ အိမ်တွင်းရေးကိစ္စအားလုံးကို အရင်စီစဉ်ရန် လိုအပ်နေသေးသည်။
ကံကောင်းထောက်မစွာဖြင့် သူမ၏ ချွေးမနှစ်ယောက်လုံးက အိမ်တွင်းသို့ ဝင်ရောက်လာခဲ့ပြီး ဖြစ်သဖြင့် သခင်မရှန်းအနေဖြင့် သိပ်ပြီး စိုးရိမ်ပူပန်မနေတော့ချေ။
လုသခင်မဘက်တွင်တော့ ပိုရှုပ်ထွေးနေခဲ့သည်။ သွားရောက်မည့်အချိန်က သုံးရက်၊ လေးရက်ခန့်သာ ကြာမြင့်မည် ဖြစ်သော်လည်း ဖြေရှင်းဆောင်ရွက်ရမည့် ကိစ္စများစွာ ရှိနေသေးသည်။
တစ်ဖက်တွင်လည်း ဝမ်ယဲ့က လတ်တလောမှ ရရှိထားသော သူမ၏ "လစာ" ကို အသုံးပြုကာ ရွှီယွဲ့ကျားအတွက် ပစ္စည်းအချို့ သွားရောက်ဝယ်ယူခဲ့သည်။
သူမကဲ့သို့ မြင့်မြတ်သောအဆင့်အတန်းရှိသူများလည်း လစာရရှိကြသည်ကို ဝမ်ယဲ့တစ်ယောက် မကြာသေးမီကမှ သိရှိခဲ့ရခြင်း ဖြစ်သည်။
၎င်းက သူမအတွက် လစဉ် အငြိမ်းစားပင်စင်လစာကို စတင်ရရှိလိုက်ရသလိုမျိုး ဖြစ်နေခဲ့သည်။
မနက်ဖြန်တွင် သူမတို့ မြို့ပြင်ဆင်ခြေဖုံးရှိ ရေပူစမ်းသို့ ထွက်ခွာကြတော့မည်ဖြစ်ရာ ဝမ်ယဲ့က ယနေ့ အပြင် ထွက်ရန် ဆုံးဖြတ်လိုက်သည်။
သူမ ပြန်ရောက်လာချိန်တွင် ရွှီယွဲ့ကျားက သူမ ရေပူစမ်းအိမ်တော်သို့ ယူဆောင်သွားရန် စာအုပ်အချို့ ရွေးချယ်ပေးနေသည့်အချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင် ကြုံတွေ့လိုက်ရသည်။
သူမတို့ သွားမည့်ရက်က ရက်အနည်းငယ်မျှသာ ဖြစ်သဖြင့် သူက စာအုပ်အများကြီး မထုပ်ပိုးထားဘဲ နှစ်အုပ်၊ သုံးအုပ်ခန့်ဆိုလျှင်ပင် လုံလောက်နေပြီဟု ဆုံးဖြတ်ထားပုံရသည်။
သူ့နောက်ကွယ်မှ အသံကို ကြားလိုက်ရသဖြင့် ရွှီယွဲ့ကျားက ကျောခိုင်းထားလျက်အနေအထားဖြင့် သူမကို လှမ်းပြောလိုက်သည်။
"မင်းအတွက် စာအုပ်အချို့ ရွေးထားပေးတယ်၊ နောက်မှ စိတ်ကြိုက် ပြန်ရွေးလိုက်ဦး"
ဝမ်ယဲ့ကလည်း သူ့ကို လှမ်းပြောလိုက်သည်။
"ယောက်ျား... ဒီဘက်ကို လှည့်ကြည့်ပါဦး"
ရွှီယွဲ့ကျားတစ်ယောက် အနည်းငယ် နားမလည်နိုင်ဖြစ်သွားသော်လည်း သူမဘက်သို့ နာနာခံခံ လှည့်ကြည့်လိုက်သည်။
ဝမ်ယဲ့က သူမ၏ နောက်တွင် ဝှက်ထားသော မုန့်ဘူးကို ထုတ်ယူကာ သူ့ရှေ့သို့ မြှောက်ပြရင်း ပြောလိုက်သည်။
"ဒါက ကျွန်မ ယောက်ျားအတွက် သီးသန့်ဝယ်လာပေးတာ၊ အရသာရှိတဲ့ မုန့်တွေလေ"
ရွှီယွဲ့ကျားက သူမကို တိတ်တဆိတ် စိုက်ကြည့်လိုက်ရင်း ပြန်ပြောလိုက်သည်။
"မင်းက ကိုယ့်ကို ရွှမ်အာလိုမျိုး ချော့ရလွယ်တယ်လို့ ထင်နေတာလား"
ဝမ်ယဲ့က မုန့်ဘူးပေါ်မှ မျက်လုံးလေး ကလယ်ကလယ်ဖြင့် ချောင်းကြည့်ကာ ပြန်ပြောလိုက်သည်။
"ကျွန်မ ရွှမ်အာအတွက် တစ်ခုမှ ဝယ်မလာဘူးလေ”
ရွှီယွဲ့ကျားက တိတ်ဆိတ်နေဆဲဖြစ်သော်လည်း ဝမ်ယဲ့အနေဖြင့် သူ့စိတ်အခြေအနေ ပိုကောင်းလာသည်ကို ခံစားလိုက်ရသည်။
ထို့ကြောင့် သူမက ဆက်ပြောလိုက်သည်။
"ဒါက ကျွန်မရဲ့ ပထမဆုံးရတဲ့ လစာလေးနဲ့ ဝယ်လာခဲ့တာ၊ အဲ့ဒါကို ယောက်ျားအတွက် မုန့်တွေ ဝယ်ဖို့ အကုန်သုံးလိုက်ရပြီ"
ရွှီယွဲ့ကျားက မုန့်ဘူးကို ဖွင့်လိုက်ပြီး အတွင်းရှိ ကွေ့ဟွားမုန့်များကို ခဏမျှ စိုက်ကြည့်နေသည်။ ထို့နောက် မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်။
"မင်း လှည့်စားခံလိုက်ရတာလား"
ဝမ်ယဲ့က ဇဝေဇဝါဟန်လေးဖြင့် ပြန်မေးလိုက်သည်။
"ဘာဖြစ်လို့လဲဟင်"
ရွှီယွဲ့ကျားက မုန့်တစ်ခုကို ကောက်ယူကာ သူမထံသို့ သဘာဝကျကျ ကမ်းပေးရင်း ရှင်းပြနေသည်။
"ဘယ်ဆိုင်က ကွေ့ဟွားမုန့်တွေကို ငွေလျန်နှစ်ဆယ်နဲ့ ရောင်းနေလို့လဲ"
ဝမ်ယဲ့ : "..."
'ရိုမန်းတစ် လုံးဝမဆန်တဲ့ လူကြီး...'