← Chapters

အခန်း ၈၆

Vol. 9 Ch. 86

အခန်း ၈၆

Vol. 9 Ch. 86

အခန်း ၈၆ တစ်မူထူးတဲ့ အကျင့်စရိုက်

‘ဒီနေရာမှာ အဓိကကျတဲ့အချက်က ကွေ့ဟွားမုန့်အတွက် ငွေဘယ်လောက်ကုန်သွားလဲဆိုတာ ဟုတ်နေလို့လား’

ဝမ်ယဲ့တစ်ယောက် ယနေ့တွင် ရွှီယွဲ့ကျားအား သင်ခန်းစာကောင်းကောင်းတစ်ခု ပေးရန် ဆုံးဖြတ်လိုက်သည်။

"ယောက်ျား... စိတ်ခံစားချက်ဆိုတာ ငွေကြေးနဲ့ တိုင်းတာလို့မရဘူးလေ"

"ဒီမုန့်ဆိုင်လေးက သေးပေမယ့် သူတို့ဆီက ကွေ့ဟွားမုန့်တွေကတော့ သူတို့ရဲ့ အထူးပါဝင်ပစ္စည်းကြောင့် နာမည်ကြီးတယ်၊ တခြားဘယ်ဆိုင်ထက်မဆို ပိုအရသာရှိတယ်"

ရွှီယွဲ့ကျားက သူ့လက်ကို တိတ်တဆိတ် ပြန်ရုပ်သိမ်းလိုက်ပြီး ခဏအကြာတွင် ထပ်မေးလိုက်သည်။

"ဒီတော့... မင်းရဲ့လစာထဲက ဘယ်လောက်ကျန်သေးလဲ"

ဝမ်ယဲ့ : "ဆယ့်ကိုးလျန်နဲ့ ကြေးပြားခုနှစ်ရာ"

ရွှီယွဲ့ကျားက 'ထင်ထားတဲ့အတိုင်းပဲ' ဆိုသည့် မျက်နှာအမူအရာမျိုးကို ပြသလိုက်ပြီး ထပ်မေးလိုက်ပြန်သည်။

"ကွေ့ဟွားမုန့်တွေအပြင် တခြား ဘာဝယ်လာသေးလဲ"

ဝမ်ယဲ့ : "ဒီကွေ့ဟွားမုန့် တစ်ဘူးတည်းနဲ့တင် မလုံလောက်ဘူးလား"

‘ဒီမုန့်ဘူးသေးသေးလေးက ကျွန်မကို ကြေးပြားသုံးရာတောင် ကုန်ကျစေခဲ့တာလေ’

သူက သူမကို အကြာကြီး စိုက်ကြည့်နေပြီးမှ ထပ်ပြောလိုက်သည်။

"ကိုယ် မင်းကို ရွှေရွက်တွေနဲ့ ပြန်လဲပေးမယ်"

ဝမ်ယဲ့တစ်ယောက် ချက်ချင်း လေသံ ပြောင်းလိုက်သည်။

"တကယ်တော့ မလုံလောက်သေးဘူး ထင်တယ်၊ ကျွန်မ ပိုင်ဆိုင်တဲ့ အရာရာတိုင်းကို ယောက်ျားအတွက်ပဲ သုံးသင့်တာပေါ့"

ရွှေရွက်များထည့်ထားသည့် သေတ္တာလေး လက်ထဲသို့ ရောက်ရှိလာပြီးနောက်တွင် ဝမ်ယဲ့တစ်ယောက် လေးလံလှသော ထိုရတနာလေးကို ပွတ်သပ်ရင်း စိတ်အခြေအနေ သိသိသာသာ ကောင်းမွန်လာခဲ့သည်။

ကျန်ရှိနေသော ဆယ့်ကိုးလျန်နှင့် ကြေးပြားခုနစ်ရာကိုတော့ လုံးဝ တွန့်ဆုတ်မနေဘဲ ရွှီယွဲ့ကျားထံသို့ ချက်ချင်း အပ်နှံလိုက်သည်။

ထို့နောက်တွင်တော့ ရွှီယွဲ့ကျားက ထိုငွေများအား ယခင်က ယုန်နားရွက်တုလေးများ ထည့်ထားသည့် စန္ဒကူးနီသေတ္တာလေးထဲသို့ ထည့်လိုက်သည်ကို သူမ မြင်လိုက်ရသည်။

ဝမ်ယဲ့ : "......"

'သူ့မှာ ဘယ်လိုတောင် ထူးဆန်းတဲ့ အကျင့်စရိုက်တွေ ရှိနေတာလဲ...'

.....။.....။.....

နောက်တစ်နေ့တွင် သမီးယောင်းမနှစ်ယောက် ထွက်ခွာသွားသည်ကို ကြည့်နေပြီးနောက် ရွှီနယ်စားမင်းတစ်ယောက် သက်ပြင်းရှည်ကြီး မှုတ်ထုတ်ကာ ညည်းတွားနေပြန်သည်။

"မင်းရဲ့ မရီးက ထပ်ပြီး ထွက်သွားပြန်ပြီ"

ရွှီယွဲ့ကျားက သူ့အကြည့်ကို ရုပ်သိမ်းလိုက်ရင်း ပြန်မေးလိုက်သည်။

"အစ်ကိုကြီးက ဘာကို ဆိုလိုချင်တာလဲ"

နယ်စားမင်းရွှီက သူ့ကို ပြန်ကြည့်ကာ ပြတ်သားသောလေသံဖြင့် ပြောလိုက်သည်။

"ဘာမှ မဟုတ်ပါဘူး"

ဤတစ်ခေါက်တွင် သူမ သွားမည့်အချိန်က နှစ်ရက်၊ သုံးရက်မျှသာ ဖြစ်သဖြင့် သူ လက်ခံနိုင်ပေသည်။

သူ့ညီထံမှ ပိုခါးသီးသော စကားများကို ကြားရမည်ကို စိုးရိမ်နေသည့် ရွှီနယ်စားမင်းက ထပ်ပြောလိုက်သေးသည်။

"မင်းရဲ့ မရီး မသွားခင်က မင်းရဲ့တူနှစ်ယောက်ကို သေချာဂရုစိုက်ဖို့ ငါ့ကို အထူး မှာသွားတယ်ကွ၊ ငါ အခု သွားတော့မယ်"

သို့သော် သူ့လေသံတွင် ဂုဏ်ယူဝင့်ကြွားနေသည့် အရိပ်အယောင်များ ထိန်းမနိုင်သိမ်းမရ ထွက်ပေါ်နေခဲ့သည်။

ရွှီနယ်စားမင်း၏ မျက်နှာအမူအရာက 'မင်းမိန်းမကတော့ မင်းအတွက် ဘာမှ မမှာသွားဘူးမလား' ဟု မေးနေသကဲ့သို့ပင်။

ရွှီယွဲ့ကျားက သူ့ဆီမှ အကြည့်လွှဲပြီး ပြန်ပြောလိုက်သည်။

"အစ်ကိုကြီး... အစ်ကိုကြီးအနေနဲ့ ကျင့်ရုံရဲ့ စာပေလေ့လာမှုကို ပိုပြီး စောင့်ကြည့်သင့်တယ်"

သူ့စကားများက သူ့သဘောထားကို ဖော်ပြနေခြင်း ဖြစ်သည်။

ဤတစ်ကြိမ်တွင် ဇဝေဇဝါဖြစ်သွားရသူက ရွှီနယ်စားမင်း ဖြစ်သည်။

"မင်း ဘာကို ဆိုလိုတာလဲ"

ရွှီယွဲ့ကျား၏ လေသံက တည်ငြိမ်နေဆဲပင်။

"ဒီတစ်ခေါက် ဝမ်မင်းသား ပြန်ပေးဆွဲခံရတဲ့နေ့မှာ ကျင့်ရုံရဲ့ လုပ်ဆောင်ချက်ကို ဧကရာဇ်မင်းမြတ် သိသွားခဲ့တယ်၊ ဧကရာဇ်မင်းမြတ်က ကျောင်းအုပ်ကြီးရှီဆီကနေ လွန်ခဲ့တဲ့ ခြောက်လအတွင်း ကျင့်ရုံရဲ့ ပညာရေးမှတ်တမ်းကို အထူးတလည် တောင်းခံခဲ့တယ်... ဧကရာဇ်က အဲ့ဒါကို ဖတ်ပြီးတော့ 'သတ္တိရှိပေမယ့် ဉာဏ်ပညာမရှိ' လို့ မိန့်တော်မူခဲ့တယ်"

မှတ်တမ်းတစ်စောင်လုံးတွင် အနီရောင်မှတ်ချက်များ ပြည့်နှက်နေသဖြင့် ဧကရာဇ်မင်းမြတ်အဖို့ 'ဉာဏ်ပညာရှိသည်' ဟူသော စကားလုံးကို သုံးနှုန်းရန် ခက်ခဲနေလိမ့်မည်။

သားအကြောင်းကို ဖခင်ထက် ပိုသိမည့်သူ ရှိနိုင်မည် မဟုတ်ချေ။ ထိုစကားကို ကြားပြီးနောက်တွင် ရွှီနယ်စားမင်း၏ မျက်နှာကြီး အစိမ်းရောင်သန်းသွားရသည်။

‘ဧကရာဇ်မင်းမြတ်က ကျင့်ရုံကို စာအုပ်တစ်သေတ္တာ ဆုချခဲ့တာ အံ့သြစရာ မရှိတော့ဘူးပဲ၊ ဒီအကြောင်းကြောင့်ကိုး’

ရွှီနယ်စားမင်းလည်း အတော်ကြာအောင် စကားတစ်ခွန်းမှ မဟနိုင်ဖြစ်နေရသည်။ အတော်လေး ကြိုးစားအားထုတ်ပြီးနောက်မှ သူ တွန့်ဆုတ်တွန့်ဆုတ် တုံ့ပြန်နိုင်ခဲ့သည်။

"ကျင့်လင်းကတော့ လတ်တလော သိသိသာသာ တိုးတက်မှုရှိနေပါတယ်"

ရွှီယွဲ့ကျားက ထိုအကြောင်းအရာကို အကျယ်မချဲ့တော့ဘဲ တည်တည်ငြိမ်ငြိမ် ထပ်မေးလိုက်သည်။

"အစ်ကိုကြီး.. တခြားကိစ္စ ရှိသေးလား"

ရွှီနယ်စားမင်းက ပြန်ဖြေလိုက်သည်။

"မရှိတော့ဘူး၊ မင်း သွားချင်ရင် သွားလို့ ရတယ်"

ရွှီယွဲ့ကျားက "အင်း" ဟုသာ တုံ့ပြန်လိုက်ပြီး အိမ်တော်အတွင်းသို့ ပြန်ဝင်ရန် လှည့်ထွက်သွားခဲ့သည်။

ရွှီနယ်စားမင်းက တံခါးဝတွင် အသင့်ပြင်ထားသော ရထားလုံးကို မြင်လိုက်ရသဖြင့် ခြေလှမ်းအမြန်ပြင်ကာ ရွှီယွဲ့ကျား နောက်သို့ လိုက်လာပြီး မေးနေပြန်သည်။

"မင်း ရုံးတော်ကို သွားမလို့ မဟုတ်ဘူးလား"

"သွားမလို့ပါပဲ"

ရွှီယွဲ့ကျားက ပြန်ဖြေလိုက်သည်။

"ဒါပေမယ့် ရုတ်တရက် ဗိုက်ဆာလာတာနဲ့ မသွားခင် မုန့်လေးဘာလေး စားချင်လို့ပါ"

ရွှီနယ်စားမင်းလည်း အမှတ်မထင် မေးလိုက်မိသည်။

"ဘာမုန့်မလို့လဲ"

ရွှီယွဲ့ကျား : "မနေ့က ယဲ့နျန်း ကျွန်တော့်အတွက် ဝယ်လာပေးတဲ့ ကွေ့ဟွားမုန့်လေ"

ရွှီနယ်စားမင်း : "......"

'ဒီလောက်အထိ အသေးစိတ် ပြောပြနေစရာ မလိုပါဘူးကွာ'

.....။......။......

ရေပူစမ်းအိမ်တော်က မြို့တော်နှင့် မဝေးလှဘဲ တော်ဝင်ဥယျာဉ်အနီးတွင် တည်ရှိသည်။ ရထားလုံးဖြင့် သွားမည်ဆိုပါက နှစ်နာရီကျော်ခန့်သာ ကြာမြင့်မည် ဖြစ်သည်။

ခရီးစဉ်တစ်ခုလုံးတွင် လုသခင်မနှင့် ရှန်းသခင်မတို့ စကားဖောင်ဖွဲ့နေကြသည်။

သူမတို့နှစ်ဦးက ရထားလုံးပေါ်မှ နောက်ဆုံးဆင်းလာကြသူများလည်း ဖြစ်သည်။ လုသခင်မက ရေပူစမ်းကန်အနီးတွင် သူမ၏ညီမငယ်အား လိုက်လံပြသပေးနေသော ဝမ်ယဲ့ကို အဝေးမှ လှမ်းကြည့်ရင်း ရှန်းသခင်မကို မေးလိုက်သည်။

"ယောင်းမလေးက အမြဲတမ်း ဒီလိုမျိုး တက်ကြွဖျတ်လတ်နေတာလား"

ရှန်းသခင်မက ခေါင်းကို အသာအယာ ညိတ်ပြရင်း ပြန်ဖြေလိုက်သည်။

"ဟုတ်တယ်၊ ဒါပေမယ့် အရင်က ဒီလောက်တော့ စကားမများခဲ့ဘူး"

လမ်းခရီးတစ်ခုလုံးတွင် ဝမ်ယဲ့၏ ပျော်ရွှင်မြူးထူးနေသည့် စကားသံများကိုသာ သူမတို့ ကြားခဲ့ရသည်။

လုသခင်မက အခြေအနေကို ရိပ်မိသွားပြီး ပြုံးလိုက်သည်။

"ဒါက ယဲ့နျန်းရဲ့ ပင်ကိုယ်စရိုက် ဖြစ်နေလို့ပါ"

သူမ၏ စကားလုံးများက ပေါ့ပါးနေသော်လည်း တစ်ဖက်တွင်လည်း ဝမ်ယဲ့ကို ကာကွယ်ပေးထားသည့် သဘောများ သက်ရောက်နေသည်။

ရှန်းသခင်မလည်း ထိုအချက်ကို သတိပြုမိသွားသည်။ သူမအနေဖြင့် လုသခင်မ၏ ရှေ့တွင် ဝမ်ယဲ့ မကောင်းကြောင်း ပြောရန် ရည်ရွယ်ချက်မရှိခဲ့သော်လည်း လုသခင်မ၏ တုံ့ပြန်ပုံကို ကြည့်ခြင်းအားဖြင့် ဝမ်ယဲ့တစ်ယောက် လက်ထပ်ပြီး တစ်နှစ်တာအတွင်းမှာ သူမ၏ စွမ်းဆောင်ရည်များ မလျော့ကျသွားကြောင်း ထင်ရှားနေသည်။

ပတ်ဝန်းကျင်ကို အကဲခတ်ပြီးနောက် ဝမ်ယဲ့တစ်ယောက် ပြန်ရောက်လာကာ အစီရင်ခံနေသည်။

"ရေကန်နှစ်ခုရဲ့ စမ်းရေတွင်းတွေက သီးခြားစီဖြစ်နေတယ်၊ ပြီးတော့ ကန်နှစ်ခုကြားမှာ ကူးသန်းနိုင်တဲ့ တစ်ခုတည်းသော လမ်းက မြောက်ဘက်ထောင့်က တံခါးလေးပဲ ရှိတယ်"

အကယ်၍ ထိုတံခါးကို သော့ခတ်ထားမည်ဆိုပါက ဘေးကန်သို့ သွားလိုသူ မည်သူမဆို အနောက်ဘက်ခြမ်းမှတစ်ဆင့် ကွေ့ပတ်သွားရမည် ဖြစ်သည်။

ထိုအခြေအနေအရ ဤနေရာကို သီးခြားအိမ်ရာနှစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။

ဤနေရာ၏ ယခင်ပိုင်ရှင်က လက်ရှိဧကရာဇ်မင်းမြတ် ဖြစ်ခဲ့ဖူးသဖြင့် ရှုခင်းတိုင်း ရှုခင်းတိုင်းတွင် မြင့်မြတ်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။

နားနေဆောင်လေးများ၊ ဝရန်တာများ၊ လူလုပ်ကျောက်ဆောင်တုလေးများနှင့် ရေကန်ငယ်လေးများ... အားလုံးက ခမ်းနားထည်ဝါနေသည်။

ရေပူစမ်းမှ ရေငွေ့များက လေထုထဲအထိ ပျံ့လွင့်နေပြီး လူ့ပြည်လောက မဟုတ်ဘဲ နတ်ပြည်နတ်ဘုံသို့ ရောက်ရှိနေသလို ခံစားချက်မျိုး ပေးစွမ်းနေသည်။

ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် ဝမ်ယဲ့၏ ရည်မှန်းချက်များလည်း အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သည်။

သူမက ကွယ်လွန်သူဧကရာဇ်၏ နန်းသက်အတွင်း နဝမမင်းသားမှလွဲ၍ မည်သူက ထောက်ခံသူအများဆုံးဖြစ်ကြောင်းနှင့် သူတို့အနက်မှ မည်သူ အသက်ရှင်နိုင်သေးသည်ကိုပင် လေးလေးနက်နက် ပြန်တွေးနေသေးသည်။

‘ပြီးတော့ မကြာသေးမီက ဝမ်မင်းသား စုံစမ်းစစ်ဆေးနေတဲ့ အမှုတွေကရော ဘာတွေဖြစ်နိုင်လဲ...

နောက်ထပ် အခွင့်ကောင်းတစ်ခုရော ထပ်ပြီး ပေါ်ပေါက်လာဦးမလား...’

(t/n : အစ်မတော်က ဆုထပ်ရဖို့ ကြံနေပြန်ပြီ)

.....။......။.....

ရေချိုးသန့်စင်ပြီးနောက် ဝမ်ယဲ့က ရေပူစမ်းထဲသို့ ပထမဆုံး ဆင်းသွားခဲ့သည်။

လွန်ခဲ့သော အခိုက်အတန့်တွင် ကြီးကျယ်လှသော ရည်မှန်းချက်များ ပြည့်ဝနေခဲ့သည့် ဝမ်ယဲ့တစ်ယောက် ရေပူစမ်းထဲသို့ ခန္ဓာတစ်ခုလုံး နစ်မြုပ်သွားသည်နှင့် သူမ၏ မြင့်မားလှသော ရည်မှန်းချက်များ ကြက်ပျောက်ငှက်ပျောက် လွင့်ပျယ်သွားတော့သည်။

သူမ၏ ခန္ဓာကိုယ်ရှိ ချွေးပေါက်တိုင်း ပွင့်သွားသလို ဝမ်ယဲ့ ခံစားလိုက်ရပြီး အနှိုင်းမဲ့သော သက်တောင့်သက်သာရှိမှုကို ရရှိသွားခဲ့သည်။

မွှေးပျံ့ပြီး လန်းဆန်းစေသော ဆေးဖက်ဝင်အနံ့လေးက လေထုအနှံ့ ပျံ့လွင့်နေကာ သူမ၏ အရိုးအဆစ်တစ်ခုချင်းစီတိုင်း ရေပေါ်တွင် မျောပါနေသလို ခံစားရစေသည်။

ဝမ်ယဲ့က ရေကန်အစွန်းကို မှီထားရင်း သူမ၏ ခေါင်းလေးကို အနောက်ဘက်သို့ အသာအယာ မော့ကာ လေကို တဝကြီး ရှူသွင်းလိုက်သည်။

‘အင်း... ဒါဆိုရင်ပဲ တော်တော်လေး လုံလောက်ပါပြီ’

'ဘာရည်မှန်းချက်တွေလဲ... အဲ့ဒါတွေက ငါ ရေပူစမ်းစိမ်တာကို အနှောင့်အယှက်ဖြစ်တာပဲ ရှိလိမ့်မယ်...'

ဝမ်ရန်က သူမ၏နောက်မှ ထပ်ကြပ်မကွာ လိုက်ဆင်းလာခဲ့ပြီး မကြာမီမှာပင် သူမ၏ နုပျိုသော ခန္ဓာကိုယ်လေးလည်း နွေးထွေးလာကာ အရေပြားလေးများ နီမြန်းပြီး ချောမွေ့လာခဲ့သည်။

ဝမ်ယဲ့က မနေနိုင်ဘဲ သူမကို စနောက်ကာ ကလိထိုးလိုက်သည်။

ဝမ်ရန်က ရယ်မောရင်း အနောက်သို့ ဆုတ်ကာ တောင်းပန်တိုးလျှိုးနေသည်။

"စတုတ္ထအစ်မ"

ရလဒ်အနေဖြင့် သူမ၏နောက်မှ ထပ်မံဝင်ရောက်လာသော ရှန်းသခင်မနှင့် တိုက်မိလုနီးပါး ဖြစ်သွားခဲ့သည်။

ဝမ်ယဲ့က စနောက်နေခြင်းကို ချက်ချင်း ရပ်တန့်လိုက်ပြီး ယဉ်ကျေးသိမ်မွေ့သော ပုံစံသို့ ပြန်ပြောင်းကာ နှုတ်ဆက်လိုက်သည်။

"အမေ"

ရှန်းသခင်မက လဲကျလုနီးပါးဖြစ်သွားသော ဝမ်ရန်ကို လှမ်းကိုင်ထိန်းပေးလိုက်ရင်း ဝမ်ယဲ့ကို ဆူပူလိုက်သည်။

"သတိထားဦးလေ၊ နင် ရှောင်ဝူကို ရေမွန်းအောင် လုပ်မိတော့မယ်"

ဝမ်ရန်က သူမ၏အစ်မကို ကာကွယ်ပေးချင်နေသော်လည်း ရှန်းသခင်မ၏ စေတနာကောင်းကိုလည်း ထိခိုက်စေလိုခြင်း မရှိပေ။ ထို့ကြောင့် ခဏမျှ စဉ်းစားပြီးနောက် ပြန်ပြောလိုက်သည်။

"စတုတ္ထအစ်မက အားအများကြီး မသုံးပါဘူးရှင့်၊ ကျွန်မဘာသာ ခြေမမြဲ လို့ပါ၊ တော်သေးတာက အမေရှိနေတာပဲ"

ရှန်းသခင်မက ဝမ်ရန်၏ ဘေးနားသို့ တိုးကပ်ထိုင်လိုက်သည်။ သူမက ဝမ်ရန်၏ အခြားတစ်ဖက်ရှိ လူကို တစ်ချက်လှမ်းကြည့်လိုက်သော်လည်း ဘာမှမပြောဘဲ တိတ်ဆိတ်နေလေသည်။

ဝမ်ယဲ့က ရှန်းသခင်မ၏ အကြည့်ကို တွေ့သွားပြီး တောက်ပသော အပြုံးလေးဖြင့် လှမ်းမေးလိုက်သည်။

"အမေ... ရေပူစမ်းစိမ်ရတာ အရမ်း သက်တောင့်သက်သာ ဖြစ်သွားသလို မခံစားရဘူးလားဟင်"

ရှန်းသခင်မက တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။

"မဆိုးပါဘူး၊ နင်က အားလုံး အဆင်ပြေအောင် စဉ်းစားပေးထားတာပဲ"

ဝမ်ရန်က ရေကို ပုတ်ခတ်ဆော့ကစားရင်း ထပ်ဖြည့်ပြောလိုက်သည်။

"ကျွန်မလည်း အရမ်းသဘောကျတယ်"

'တကယ်လို့ ရှို့ရှို့နဲ့ ယန်ဟောင်ပါ ဒီမှာ ရှိနေရင် ပိုတောင်ကောင်းဦးမယ်'

ဝမ်ယဲ့က သူမ၏ ညီမငယ်လေးက နန်းတွင်း၌ စာဖတ်ဖော် ဖြစ်လာကတည်းက သိသိသာသာ ပိုလန်းဆန်းတက်ကြွလာသည်ကို သတိပြုမိသွားသည်။

သူမက ပြန်ပြောလိုက်သည်။

"နောက်ကျရင် စတုတ္ထအစ်မက ဒီမှာ ရှိတဲ့လူတွေကို ပြောထားပေးမယ်၊ ညီမလေး လာချင်တဲ့အချိန်တိုင်း လာလို့ရတာပေါ့"

လုသခင်မကတော့ အဝတ်အစား လဲလှယ်နေဆဲ ဖြစ်သည်။ ဝမ်ယဲ့က ရေကန်အစွန်းကို သက်တောင့်သက်သာ မှီထားရင်း သူမ၏ ဘယ်ဘက်လက်ကို ဝမ်ရန်၏ အနောက်မှတစ်ဆင့် ဆန့်ထုတ်ကာ ရှန်းသခင်မ၏ ပုခုံးကို အသာအယာ သွားထိလိုက်သည်။

သူမက မတော်တဆ ထိမိသွားသလိုမျိုးဖြင့် ပြောလိုက်သေးသည်။

"အမေလည်း တူတူပဲနော်"

ပုခုံးပေါ်မှ တစ်စုံတစ်ခုကို ခံစားလိုက်ရသည့် ရှန်းသခင်မ : "......"

ခဏအကြာတွင် သူမက သူမ၏ ပုခုံးပေါ်မှ ရဲတင်းလှသော လက်ချောင်းများကို စောင်းငဲ့ကြည့်ကာ ပြန်ပြောလိုက်သည်။

"နယ်စားမင်းကတော် ရောက်လာတော့မယ်"

ထိုစကားကို ကြားသည်နှင့် ဝမ်ယဲ့က သူမ၏လက်ကို အမြန် ပြန်ရုတ်သိမ်းလိုက်သည်။

ရှန်းသခင်မက သူမကို တိတ်တဆိတ် စိုက်ကြည့်နေပြီး မျက်နှာအမူအရာက အနည်းငယ် ထူးဆန်းနေလေသည်။

"ကြည့်ရတာ နင် သူ့ကိုတော့ ကြောက်သားပဲ"

ဝမ်ယဲ့က ဝေခွဲမရသည့် ပုံစံလေးဖြင့် ပြန်‌မေးနေသည်။

"အမေ... ဘာတွေ ပြောနေတာလဲဟင်၊ ကျွန်မ နားမလည်ဘူး"

ရှန်းသခင်မ : "နင် ဒီရက်ပိုင်း တော်တော် အလိုလိုက်ခံထားရပုံပဲ၊ ဆိုးသွမ်းနေပြီ"

ဝမ်ယဲ့က သွားလေးပေါ်အောင် ပြုံးပြလိုက်သည်။

"ကျွန်မ ကံကောင်းသွားလို့ပါ၊ ပြီးတော့ ယောင်းမရဲ့ အသေးစိတ် ဂရုစိုက်ပေးမှုတွေကြောင့်လည်း ပါတာပေါ့၊ ဒီလောက် မဆိုးရင် ဘယ်လို လုပ်ရမလဲ"

ရှန်းသခင်မ : "......"

"ဘာအကြောင်းတွေ ပြောနေကြတာလဲ"

လုသခင်မက သူမတို့အနားသို့ ဖြည်းညှင်းစွာ လျှောက်လာရင်း လှမ်းမေးလိုက်သည်။

ဝမ်ရန်က အရင်ဆုံး ခေါင်းခါပြလိုက်သည်။ သူမအနေဖြင့် စကားဝိုင်းကို သေချာနားမလည်ခဲ့ပေ။

ဝမ်ယဲ့က အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။

"အမေက ကျွန်မ ပိုဆိုးသွမ်းလာတယ်လို့ ပြောနေတာ၊ ကျွန်မကလည်း 'ဟုတ်တယ်' လို့ ပြန်ပြောလိုက်တယ်၊ အရင်က အမေရဲ့ ဂရုစိုက်မှုကို ခံခဲ့ရပြီး အခု လက်ထပ်ပြီးတော့လည်း မမရဲ့ ဂရုစိုက်မှုကို ရနေတာလေ၊ အဲ့ဒါကြောင့် ကျွန်မ ပိုပြီး မဆိုးဘဲ နေပါတော့မလား"

လုသခင်မက သူမ၏ စကားများအပေါ် သံသယမဝင်ခဲ့ပေ။ လမ်းခရီးတစ်လျှောက် စကားပြောဆိုခဲ့မှုများအရ ရှန်းသခင်မက နှုတ်ချိုသူ မဟုတ်သော်လည်း ကိုယ်ပိုင်ခံစားချက်များကို ဘယ်တော့မှ ထုတ်မပြတတ်ကြောင်း သူမ နားလည်ထားသည်။

ဝမ်ရန်အပေါ် ဆက်ဆံရာတွင် နက်ရှိုင်းသော သံယောဇဉ် မရှိသော်လည်း ဝမ်ရန်၏ တရားဝင်မိခင်တစ်ဦးအနေဖြင့် ရှန်းသခင်မက သူမ၏ တာဝန်ဝတ္တရားများအတိုင်း အမြဲတမ်း အပြည့်အဝ ဂရုစိုက်ပေးခဲ့သည်။

တစ်ခါတရံတွင် သူမက ရှန်းသခင်မ၏ထံမှ ဝမ်ယဲ့၏ အရိပ်အယောင်အချို့ကိုပင် မှုန်ဝါးဝါး မြင်နေရသည်။

နောက်ပိုင်း သူမ ပြန်တွေးကြည့်လိုက်ချိန်တွင် ၎င်းက နားလည်နိုင်စရာပင် ဖြစ်သည်။ သူမတို့နှစ်ဦးက အမိုးတစ်ခုအောက်တွင် အနှစ်နှစ်ဆယ်ကျော်ကြာ အတူတူ နေထိုင်ခဲ့ကြသူများ ဖြစ်ပြီး အပြန်အလှန် လွှမ်းမိုးမှုအချို့တော့ ရှိနေခြင်းက ပုံမှန်သာ ဖြစ်သည်။ ဤစရိုက်လက္ခဏာချင်း တူညီမှုများက ဝမ်အိမ်တော်၏ သဟဇာတဖြစ်သော မိသားစုပတ်ဝန်းကျင်ကို ထင်ဟပ်နေစေသည်။

ယခုအချိန်တွင် သူမအတွက်လည်း ဝမ်ယဲ့၏ စရိုက်ကို ပိုနားလည်ရလွယ်ကူသွားခဲ့သည်။

လုသခင်မက ဝမ်ယဲ့၏ ဘေးနားသို့ တိုးကပ်ထိုင်လိုက်ပြီး ညီအစ်မနှစ်ယောက်ကို ကျော်ကာ လှမ်းပြောလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်တွေတုန်းက ရှန်းသခင်မအတွက် တော်တော်လေး ပင်ပန်းခဲ့မှာပဲ"

ရှန်းသခင်မက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

"မပင်ပန်းပါဘူး"

ဤစကားက အမှန်ဖြစ်သည်။ ယခင်က သူမ ဝမ်ယဲ့နှင့် မကြာခဏ အထိအတွေ့ မရှိခဲ့ပေ။ ကိုယ်လုပ်တော်များနှင့် ကိုယ်လုပ်တော်ဖွားသားသမီးများ ပင်မခြံဝင်းသို့ မနက်တစ်ခါ ညတခါ နေ့စဉ်လာရောက် ဂါရဝပြုသည်ကိုလည်း သူမ သဘောမကျခဲ့ချေ။

ထို့ကြောင့် လဆန်းတစ်ရက်နှင့် ဆယ့်ငါးရက်နေ့များမှ လွဲလျှင် အခြားကိစ္စရပ်များကို အထိန်းတော်ကြီးများ သို့မဟုတ် အစေခံမိန်းကလေးများမှတစ်ဆင့်သာ အကြောင်းကြားစေခဲ့သည်။

အကယ်၍ တစ်စုံတစ်ယောက်က ပင်ပန်းကြီးစွာ ကြိုးစားခဲ့ရသည်ဆိုလျှင် ထိုသူက ကိုယ်လုပ်တော်ချန်းသာ ဖြစ်ပေလိမ့်မည်။

ဝမ်ရန်က ဤမြင်ကွင်းကို ကြည့်ရင်း အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။ သူမက ဝမ်ယဲ့ကို တိုးတိုးလေး ကပ်ပြောလိုက်သည်။

"စတုတ္ထအစ်မ... နယ်စားကတော်ကြီးက နောက်ထပ် အမေတစ်ယောက်လိုပဲနော်"

ဝမ်ရန်က အစပိုင်းတွင် "ယိနျန်း" ဟု ပြောရန် ရည်ရွယ်ခဲ့သော်လည်း ထိုသို့နှိုင်းယှဉ်ခြင်းက သိပ်မသင့်တော်ဟု ပြန်တွေးမိသွားသဖြင့် "အမေ" ဟု ပြောင်းပြောလိုက်ခြင်း ဖြစ်သည်။

ဝမ်ယဲ့ကလည်း သဘောတူဟန်ဖြင့် ခေါင်းငြိမ့်လိုက်သည်။ သူမအပေါ်ထားရှိသော လုသခင်မ၏ သဘောထားနှင့်ဆိုလျှင် အမှန်တကယ်ပင် နောက်ထပ် "အမေ" တစ်ယောက်ရလိုက်သလို ခံစားရစေသည်။

"အစ်မကြီးတာ အမေလိုပဲလေ" ဟု သူမ ပေါ့ပေါ့ပါးပါး ပြောခဲ့သည့် စကားစုလေးက မထင်မှတ်ဘဲ လက်တွေ့ဖြစ်လာခဲ့သည်။

လုသခင်မက ရှန်းသခင်မနှင့် ပေါ့ပေါ့ပါးပါး စကားစမြည် ပြောနေခဲ့သည်။ သူမတို့နှစ်ဦးတွင် မမျှော်လင့်ဘဲ ပြောစရာ စကားများစွာ ရှိနေကြပြီး အကြောင်းအရာတော်တော်များများအပေါ် မြင်သည့် အမြင်ချင်းကလည်း တော်တော်လေး ဆင်တူနေကြသည်။

ထိုနှစ်ယောက်ကြားတွင် ညှပ်နေသော ဝမ်ယဲ့က ခဏမျှ ရေစိမ်ပြီးနောက် ဝမ်ရန်ကို တစ်ဝက်လောက် တွဲဖက် ဆွဲခေါ်ရင်း ထိုနေရာမှ ထွက်လာခဲ့သည်။ သို့မှသာ စကားလက်ဆုံကျနေသော ထိုနှစ်ယောက် အနှောင့်အယှက်မရှိ ဆက်လက် စကားပြောနိုင်မည် ဖြစ်သည်။

သူမတို့က အဝေးကြီး မသွားဘဲ လုသခင်မနှင့် နေရာချင်းလဲလိုက်ရုံသာ ဖြစ်သည်။

သူမတို့ ရေထဲသို့ မဆင်းလာမီတွင် ဝမ်ယဲ့ သူမ၏ အစေခံမိန်းကလေးများကို သစ်သီးအချို့ ဆေးကြောခိုင်းပြီး သစ်သီးလက်ဖက်ရည် ပြင်ဆင်ခိုင်းထားခဲ့ကာ ၎င်းကို ရေကန်ဘေးရှိ သစ်သားစားပွဲငယ်လေးပေါ်တွင် အဆင်သင့် ချထားစေခဲ့သည်။

ဝမ်ယဲ့က စပျစ်သီးတစ်လုံးကို ယူပြီး ဝမ်ရန့်ကို ခွံ့ကျွေးလိုက်ပြီး သူမကိုယ်တိုင်လည်း ဖရဲသီးတစ်စိတ်ကို မြည်းစမ်းကြည့်နေသည်။

သူမ အရက်တစ်စက်မျှ မသောက်ထားသော်လည်း စိတ်ထဲတွင် အနည်းငယ် ရီဝေဝေဖြစ်နေကာ တိမ်ပေါ်တွင် လွင့်မျောနေသလို ခံစားနေရသည်။

ဤခံစားချက်က စာဖွဲ့၍မရနိုင်လောက်အောင် ကောင်းမွန်လွန်းလှသည်။

ဤအခိုက်အတန့်တွင် ဝမ်ယဲ့က မြောက်ဘက်ဘေးတံခါးကို လုံးဝ ပိတ်ဆို့ပြီး အိမ်တော်ကို နှစ်ပိုင်းခွဲရန် အခိုင်အမာ ဆုံးဖြတ်ချက်ချလိုက်သည်။ ဤဘက်ခြမ်းရှိ ဆေးဖက်ဝင် ရေပူစမ်းကန်ကိုတော့ လုသခင်မ၊ သူမ၏ ညီမငယ်လေး၊ ရှန်းသခင်မနှင့် အခြားသူများအတွက် သီးသန့်ချန်ထားပေးမည် ဖြစ်သည်။

‘ဘေးနားရှိ ရိုးရိုးရေကန်အတွက်တော့...

အဟမ်း... အဟမ်း

ငါ့မှာ အခြားအစီအစဉ်များ ရှိပါသေးတယ်လေ’

ရေပူစမ်းတွင် အချိန်အကြာကြီး မစိမ်သင့်ပေ။ အချိန်တော်လောက်ပြီဟု ခံစားရသဖြင့် ဝမ်ယဲ့က ရေထဲမှ ထကာ ရေကန်ဘေးတွင် ဝင်ထိုင်လိုက်ပြီး ဝမ်ရန်ကိုလည်း ဆွဲတင်လိုက်သည်။

အခြားတစ်ဖက်မှ လုသခင်မနှင့် ရှန်းသခင်မတို့ကလည်း အစေခံမိန်းကလေးများ၏ ကူညီတွဲပေးမှုဖြင့် ကုန်းပေါ်သို့ ပြန်တက်လာခဲ့ကြသည်။

လုသခင်မက စပြောလိုက်သည်။

"ဒီဆေးဖက်ဝင် ရေပူစမ်းကန်က တော်တော်လေး ကောင်းတာပဲ"

လွန်ခဲ့သည့်ရက်ပိုင်းက သူမ အလုပ်များလွန်းသဖြင့် စုပုံနေသော ပင်ပန်းနွမ်းနယ်မှုများအားလုံး ဆေးကြောသန့်စင်သွားသလို ခံစားရပြီး ယခုအခါ သူမတစ်ကိုယ်လုံး လန်းဆန်းတက်ကြွသွားခဲ့ပြီ ဖြစ်သည်။

ရှန်းသခင်မကလည်း သဘောတူညီဟန်ဖြင့် ပြန်ပြောလိုက်သည်။

"ဟုတ်တယ်၊ အသက်ကြီးလာတာတော့ ခန္ဓာကိုယ်က ငယ်ငယ်တုန်းကလို ကြံ့ခိုင်မနေတော့ဘူး၊ ဒီနေ့ ရေစိမ်လိုက်ရတာက အဲ့ဒီဒဏ်တွေကို တော်တော်လေး သက်သာသွားစေတယ်"

ထိုစကားကို ကြားလိုက်ရချိန်တွင် ဝမ်ယဲ့က ဝင်ပြောလိုက်သည်။

"ဒါဆိုရင် အမေ... ခဏခဏ လာခဲ့ရမယ်နော်"

လုသခင်မက ခေါင်းငြိမ့် ထောက်ခံရင်း သတိပေးလိုက်သည်။

"ဒါဆိုရင် နင့်အမေအတွက် ဝင်ခွင့်လက်မှတ်တစ်စောင် ချန်ထားပေးဖို့ မမေ့နဲ့ဦး"

"ဟုတ်ကဲ့ပါ"

ဝမ်ယဲ့က နာနာခံခံ ပြန်ဖြေလိုက်သည်။

ပထဝီဝင်အနေအထား အကြောင်းပြချက်များကြောင့် ဤအိမ်တော်က ယခု ဝမ်ယဲ့ ပိုင်ဆိုင်သည့်အရာ ဖြစ်နေပြီဆိုသော်လည်း သူမမှလွဲ၍ အခြားမည်သူမဆို အတွင်းသို့ ဝင်ရောက်လိုပါက အထူးဝင်ခွင့်လက်မှတ် လိုအပ်သည်။

ဧကရာဇ်မင်းမြတ်က ဤအိမ်တော်ကို ဆုလာဘ်အဖြစ် ပေးသနားစဉ်ကတည်းက လက်မှုပညာသည်များကို ပုံစံတူ "တရားဝင် ဝင်ခွင့်လက်မှတ်" အခုနှစ်ဆယ်ကျော် ပြုလုပ်စေခဲ့ပြီး ၎င်းတို့ကို အိမ်တော်ပိုင်ဆိုင်မှုစာချုပ်နှင့်အတူ ဝမ်ယဲ့ထံ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

လုသခင်မက ရှန်းသခင်မကို ထိုင်စကားပြောရန် ဖိတ်ခေါ်လိုက်ပြီး တွေးတွးဆဆ ပြောနေပြန်သည်။

"ကျွန်မတို့ကတော့ ရေစိမ်ပြီးလို့ လန်းဆန်းနေကြပြီ၊ အိမ်တော်မှာရော ဘာတွေဖြစ်နေမလဲ မသိဘူးနော်"

ရှန်းသခင်မကတော့ စိုးရိမ်ပူပန်နေခြင်း အလျဉ်းမရှိပေ။ သူမက ချွေးမ ရွေးချယ်ခဲ့သည့် သူမ၏အမြင်ကို အလွန် ယုံကြည်မှုရှိနေခဲ့သည်။

"ကျင့်ယွင် ဝမ်အိမ်တော်ကို လက်ထပ်ဝင်လာခဲ့တာ ခုနစ်နှစ်တောင် ရှိနေပြီ၊ သူလည်း အတွေ့အကြုံရသင့်သလောက် ရနေပြီဆိုတော့ အိမ်တွင်းရေးကိစ္စတွေကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်တတ်နေပြီလေ၊ ကျွန်မက သူ့အတွက်တော့ ဘာမှ စိတ်မပူဘူး၊ ရုနျန်းကသာ အသက်နည်းနည်း ငယ်သေးသလို ကလေးကလည်း ငယ်သေးတယ်၊ အခုတော့ ကျင့်ယွင်ကိုပဲ အကုန်လုံး ခေတ္တခဏ စီမံခန့်ခွဲခိုင်းလိုက်ရင် ကောင်းမလားလို့တောင် စဉ်းစားနေမိတယ်"

ရှန်းသခင်မအနေဖြင့် အိမ်ထောင်ရေးအာဏာကို ခွဲဝေပေးခဲ့သည့် အကြောင်းရင်းက ဝမ်မိသားစုလည်း နောင်တစ်ချိန်တွင် အိုးအိမ်ခွဲကြမည့်အရေးကို သူမ ကြိုတင်တွေးဆထားသောကြောင့် ဖြစ်သည်။

လျိုရှီက သဘာဝအလျောက် နူးညံ့သိမ်မွေ့လွန်းသဖြင့် ရှန်းသခင်မက သူမ၏ ဒုတိယသား အိမ်ခွဲထွက်သွားချိန်တွင် ဒုတိယချွေးမဖြစ်သူ အိမ်မှုကိစ္စများ စီမံခန့်ခွဲရာ၌ ပိုအရေးကြီးသော အစိတ်အပိုင်းများအား လျစ်လျူရှုမိသွားမည်ကို စိုးရိမ်နေမိခြင်း ဖြစ်သည်။

ရှန်းသခင်မက မည်သို့မျှ စိုးရိမ်ပူပန်ခြင်းမရှိသည်ကို မြင်လိုက်ရချိန်တွင် လုသခင်မလည်း အနည်းငယ် အားကျစိတ် ဖြစ်ပေါ်လာရသည်။

"ယန်မိသားစုနဲ့ လျိုမိသားစုက သမီးတွေက တကယ်ကို ထက်မြက်တာပဲ၊ ရှန်းသခင်မ... ရှင်က ချွေးမတွေကို တကယ်ပဲ ရွေးချယ်တတ်တာပဲ”

ရှန်းသခင်မက အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။

"နယ်စားမင်းကတော်လည်း အတူတူပါပဲရှင်”

ဤခံစားချက်က... အမှန်တကယ် ဆင်တူလွန်းလှသည်။

လုသခင်မ၏ အကြည့်များက ဝမ်ယဲ့ထံသို့ အမှတ်တမဲ့ ရောက်ရှိသွားခဲ့သည်။

လုသခင်မနှင့် ရှန်းသခင်မတို့ အိမ်မှုကိစ္စ စီမံခန့်ခွဲမှုအကြောင်း ဆွေးနွေးနေကြသည်ကို ကြားလိုက်သည်နှင့် ဝမ်ယဲ့တစ်ယောက် ခိုးထွက်ရန် ပြင်လိုက်သော်လည်း လုသခင်မက သူမကို သတိပြုမိသွားခဲ့သည်။

လုသခင်မလည်း ထွက်ပြေးရန် ကြိုးစားနေသော ဝမ်ယဲ့ကို အတော်ကြာအောင် စိုက်ကြည့်နေမိပြီး မည်သည့်စကားလုံးကိုမျှ ပြောမထွက်နိုင်တော့ချေ။

လူဆိုသည်မှာ နှိုင်းယှဉ်ခံရမည်ကို ကြောက်တတ်ကြသည်။ လုသခင်မက ရှန်းသခင်မ၏ မျက်နှာကို ကြည့်ရင်း သူမကိုယ်တိုင်လည်း ထိုအသက်အရွယ်သို့ ရောက်ရှိသွားသည့်အချိန်တွင် ရှန်းသခင်မလောက် ရုပ်ရည်ထိန်းသိမ်းထားနိုင်ပါ့မလားဟု စိတ်ရင်းမှန်ဖြင့် တွေးတောနေလေသည်။

‘ရှန်းသခင်မမှာ တော်ရုံတန်ရုံ မဟုတ်ဘဲ အရည်အချင်းရှိတဲ့ ချွေးမနှစ်ယောက်ရှိတယ်။ ငါ့မှာ ဘာရှိလဲ’

ထွက်ပြေးရန် ကြိုးစားမှု ကျရှုံးသွားသဖြင့် ဝမ်ယဲ့တစ်ယောက် ပြန်ထိုင်ရန်သာ ဆုံးဖြတ်လိုက်ရသည်။ သူမက သစ်သားစူးချွန်လေးတစ်ခုကို ယူကာ သစ်သီးတစ်စိတ်ကို ထိုးစိုက်လိုက်ပြီး လုသခင်မ၏ ပါးစပ်နားအထိ ခွံ့ကျွေးကာ ချိုသာသောအသံလေးဖြင့် ပြောလိုက်သည်။

"မမ... ဖရဲသီးလေး တစ်စိတ်လောက် သုံးဆောင်ပါဦး"

လုသခင်မ : "..."

'အင်.... ငါ့မှာလည်း တစ်ယောက်တော့ ရှိပါတယ်လေ'

ထိုသူက သူမ အပြစ်မကင်းသလို ခံစားရတိုင်း အခြားသူ ကျေနပ်အောင် အမြဲကြိုးစားတတ်သည့် ဘယ်တော့မှ ကြီးပြင်းလာနိုင်ပုံမရသော ယောင်းမလေးတစ်ယောက်သာ ဖြစ်သည်။

All Chapters