အခန်း ၈၇
Vol. 9 Ch. 87
အခန်း ၈၇ ဖြည်းဖြည်းချင်း စားလို့ပါ
လုသခင်မက ကလေးတစ်ယောက်လို ချော့မော့ရလွယ်ကူသူ ဖြစ်သည်။
ဝမ်ယဲ့ သူမကို ဖရဲသီးနှစ်စိတ်ခန့် ခွံ့ကျွေးလိုက်ပြီးနောက်တွင် သူမ၏မျက်နှာအမူအရာက သိသိသာသာ ပျော့ပျောင်းသွားသည်။
သူမ၏ စိတ်ထဲတွင် အခြေအနေမှန်ကို ရှင်းရှင်းလင်းလင်း သိရှိနားလည်ထားသော်လည်း နှုတ်မှ ထုတ်ပြောပြီး ဝန်ခံခြင်းနှင့်ကတော့ တခြားစီ ဖြစ်သည်။ သူမက ရှန်းသခင်မ၏ ရှေ့တွင် အရာအားလုံး၏ အကောင်းဘက်ခြမ်းကိုသာ ပြသမည်ဖြစ်သည်။
ထို့ကြောင့် လုသခင်မက မျက်နှာ အမူအရာ မပျက် လိမ်ပြောနိုင်ခဲ့သည်။
"ယဲ့နျန်းက ကျွန်မရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို မကြာခဏ မျှယူပေးတတ်ပါတယ်"
ရှန်းသခင်မကလည်း ထိုအခြင်းအရာကို အကဲခတ်မိသည့်တိုင်း အတွင်းအထိ နှိုက်မထုတ်ဘဲ အပြုံးဖြင့်သာ ပြန်ပြောလိုက်သည်။
"အိမ်ထောင်ကျသွားတော့လည်း ပိုရင့်ကျက်လာပြီပေါ့"
လုသခင်မတစ်ယောက် နောက်တစ်ကြိမ် ဆွံ့အသွားရပြန်သည်။
ရှန်းသခင်မ ပြောနေသည့်စကားက အပြစ်ပြောစရာမရှိသည့် အမှန်တရားပင် ဖြစ်သော်လည်း တစ်မျိုးကြီး ဖြစ်နေသလို သူမ ခံစားလိုက်ရသည်။
မျက်နှာပြောင်တိုက်တတ်သည့် ဝမ်ယဲ့ကတော့ လုသခင်မ၏ အကြည့်များ သူမထံသို့ ဒုတိယအကြိမ် ရောက်လာချိန်တွင် 'လိမ္မာယဉ်ကျေးသော' အပြုံးလေးကိုသာ ဆက်လက်ဆင်မြန်းထားခဲ့သည်။
ဤအကြောင်းအရာကို ဆက်မပြောဘဲ ထားလိုက်သည်က အကောင်းဆုံးဖြစ်သဖြင့် လုသခင်မက ဝမ်ယဲ့ကို တစ်နေရာသို့ လွှတ်လိုက်ခြင်းဖြင့် ထိုပြဿနာကို ရှောင်လွှဲရန် ဆုံးဖြတ်လိုက်သည်။
အကဲခတ်မြန်သော ဝမ်ယဲ့ကလည်း ရိပ်မိသွားပြီး ဖရဲသီးပန်းကန်လုံးအသေးလေးကို လက်တွင် ကိုင်ကာ ဝမ်ရန် ရှိရာဘက်သို့ ပြန်လာခဲ့သည်။
ဝမ်ယဲ့က ညီမဖြစ်သူကို မေးလိုက်သည်။
"ညီမလေး ဘာလုပ်နေတာလဲ"
ဝမ်ရန်က မော့ကြည့်ပြီး ပြန်ဖြေလိုက်သည်။
"အိမ်စာလုပ်နေတာပါ အစ်မ"
ဝမ်ယဲ့က အံ့အားတကြီး မေးလိုက်ပြန်သည်။
"နင် ရေပူစမ်းကိုတောင် အိမ်စာတွေ သယ်လာတာလား"
ဝမ်ရန်က ရှင်းပြနေသည်။
"ဒါတွေက အိမ်ရှေ့စံမင်းသားက မင်းသမီးကို ပေးထားတဲ့ ပုစ္ဆာတွေပါ၊ မင်းသမီးက ညီမလေးအတွက် တစ်စုံ ကူးပေးထားလို့ပါ"
သူမအနေဖြင့် ယခုအချိန်တွင် တွက်ချက်၍ မရသေးသဖြင့် ကြိုတင်ကြည့်ရှုနေရခြင်း ဖြစ်သည်။
ထိုအရာက ဝမ်ယဲ့ကို အမှန်တကယ် အထင်ကြီးလေးစားသွားစေခဲ့သည်။ သူမကတော့ ဝမ်ရန်နှင့်မတူဘဲ ခရီးစဉ်တစ်လျှောက် သယ်ဆောင်လာခဲ့သည့် ဝတ္ထုစာအုပ်များကိုပင် တစ်ခါမျှ လှန်လှောမကြည့်ဖြစ်ခဲ့ချေ။
ဝတ္ထုအကြောင်း တွေးမိချိန်တွင် ယခုတစ်ခေါက် သူမ သယ်လာသည့် စာအုပ်နှစ်အုပ်လုံးကို ရွှီယွဲ့ကျား ရွေးချယ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဝမ်ယဲ့ ရုတ်တရက် သတိရသွားသည်။
'သူ အိမ်တော်မှာ ဘယ်လို နေ နေလဲမသိဘူး'
နယ်စားမင်းအိမ်တော်တွင်တော့ နယ်စားမင်းကြီးက သူ့သားကြီး၏ အိပ်ခန်းထဲမှ ရှာဖွေတွေ့ရှိခဲ့သော အနီရောင်အမှတ်အသားများ ပြည့်နှက်နေသည့် အိမ်စာများကို ကိုင်ဆောင်ကာ ရွှီကျင့်ရုံအား အိမ်တော်ဝင်းအနှံ့ လိုက်လံရိုက်နှက်နေလေသည်။
ရွှီကျင့်ရုံက သူ၏ သေးငယ်ပေါ့ပါးသော ခန္ဓာကိုယ်ကို အသုံးချကာ ဖခင်ဖြစ်သူလက်မှ လွတ်မြောက်ရန် ပတ်ပြေးနေခဲ့သည်။
သူက ထွက်ပြေးနေရင်းနှင့် အော်ဟစ်နေသေးသည်။
"ကျွန်တော် စာမခိုးချဘူးလေ"
သူ အိမ်စာကို အချိန်မီ အပ်နှံခဲ့ခြင်း ဖြစ်ပြီး အဖြေများ မှားယွင်းနေခြင်းကလည်း သူ့အပြစ်တစ်ခုတည်းကြောင့် မဟုတ်ပေ။
ရွှီနယ်စားမင်းကတော့ ဒေါသချောင်းချောင်းထွက်ပြီး အော်ဟစ်နေသည်။
"မင်းကို ဒီနေ့ သေချာ ဆုံးမရမယ်၊ အခုချက်ချင်း ရပ်လိုက်စမ်း"
ရွှီကျင့်ရုံက သစ်ပင်ပေါ်သို့ အလျင်အမြန် တက်သွားပြီး အောက်သို့ ငုံ့ကြည့်ကာ အော်ပြောနေသည်။
"ဒီသစ်ပင်က အမေ အကြိုက်ဆုံး သစ်ပင်နော်၊ အဖေ အပေါ်ကို တက်မလာခင် သေချာ စဉ်းစားဦး"
ရွှီကျင့်ရုံက သစ်ကိုင်းပေါ်တွင် ဘယ်ညာ ယိမ်းနွဲ့နေသည်။ ထိုသစ်ပင်ကို စိုက်ပျိုးထားသည်မှာ နှစ်အနည်းငယ်သာ ရှိသေးသဖြင့် အဖျားပိုင်းက သေးသွယ်နေဆဲ ဖြစ်သည်။
ထိုပွဲကို ကြည့်ပြီး သဘောကျနေသော ရွှီကျင့်လင်းက မြှောက်ပေးနေသည်။
"အဖေ... မြန်မြန် တက်သွားလိုက်"
အထိန်းတော်ရှန်းက ရွှီနယ်စားမင်းဘက်သို့ လှည့်ကာ စိုးရိမ်တကြီးဖြင့် တောင်းပန်နေသည်။
"သခင်ကြီး... နည်းနည်းလောက် ဂရုစိုက်ပါဦး၊ ကျွန်မတို့ အကြီးဆုံးသခင်လေးကို အရင် အောက်ဆင်းခိုင်းလိုက်ရင် ကောင်းမယ်ရှင့်၊ အဲ့ဒီလောက် မြင့်တဲ့နေရာကို တက်နေတာ... ပြုတ်ကျသွားရင် ဘယ်လိုလုပ်မလဲ"
သူမက ထပ်ပြောလိုက်သေးသည်။
"ပြီးတော့ သခင်မလည်း ရှိနေတာ မဟုတ်ဘူး"
ရွှီနယ်စားမင်းက အခြေအနေကို စဉ်းစားချင့်ချိန်လိုက်ပြီး သူ့၏ဒေါသကို ဖိနှိပ်ကာ ခေါင်းညိတ်လိုက်သည်။
သူက သူ၏ သဘောထားကို ပြသရန် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပေးလိုက်ပြီး ထိုအမူအရာကို မြင်လိုက်ရသည့် အထိန်းတော်ရှန်းက သစ်ပင်ဘက်သို့ ပြန်လှည့်ကာ အော်ပြောလိုက်သည်။
"အကြီးဆုံးသခင်လေး... အောက်ကို ဆင်းခဲ့ပါတော့၊ အပေါ်မှာ အန္တရာယ်များလွန်းပါတယ်"
စိတ်ချမှု ရရှိသွားသဖြင့် ရွှီကျင့်ရုံက သစ်ပင်ပေါ်မှ ဖြည်းညင်းစွာ လျှောဆင်းလာခဲ့သည်။
အထိန်းတော်ရှန်းက အပြေးအလွှား ချဉ်းကပ်သွားပြီး ရွှီကျင့်ရုံထံတွင် ဒဏ်ရာ ရှိမရှိ သေချာစစ်ဆေးပြီးမှသာ သက်ပြင်းချနိုင်သွားသည်။
သူမက စိတ်ထဲတွင်လည်း တွေးတောကာ ညည်းတွားနေမိသည်။
'ဟူး.... အိမ်တော်မှာ သခင်မ မရှိတာနဲ့တင် အရင်လို မဟုတ်တော့ဘူးပဲ...'
သူမ စိတ်ထဲမှ ထိုသို့ တွေးတောလိုက်မိသည့် အချိန်မှာပင် အဝေးတစ်နေရာမှ လျှောက်လှမ်းလာကြသော ရွှီယွဲ့ကျား၊ ရွှီယွိရွှမ်နှင့် အထိန်းတော်ကျိတို့ကို လှမ်းမြင်လိုက်ရလေသည်။
‘အဖေနဲ့ သား ဘယ်လောက်တောင် သဟဇာတဖြစ်နေလဲဆိုတာ ကြည့်လိုက်ပါဦး’
အထိန်းတော်ရှန်းက ရွှီနယ်စားမင်းအား မသိမသာ တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲမှ ဆက်တွေးနေလေသည်။
'အနောက်ဘက်ခြံဝင်းမှာလည်း သခင်မ မရှိဘူး၊ ဒါပေမယ့် ဒုတိယသခင်က သူ့သားကို လိုက်ပြီး ဆူပူရိုက်နှက်နေတာမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး'
ရွှီယွဲ့ကျားက ရွှီယွိရွှမ်၏ လက်ကလေးကို ဆွဲကာ အနီးသို့ ချဉ်းကပ်လာပြီး နှုတ်ဆက်လိုက်သည်။
"အစ်ကိုကြီး"
ရွှီနယ်စားမင်း : "အမ်"
ရွှီယွိရွှမ်ကလည်း ကလေးသံလေးဖြင့် လှမ်းခေါ်လိုက်သည်။
"ဦးလေး"
ရွှီနယ်စားမင်းက 'အင်း' ဟု ပြန်ထူးလိုက်ပြီး အသံကို နှိမ့်ကာ ထပ်မေးလိုက်သည်။
"စာသင်တာ ပြီးသွားပြီလား"
ရွှီယွိရွှမ်က ခေါင်းလေးညိတ်ပြရင်း ကြွားဝါနေသည်။
"ဟုတ်ကဲ့... ပြီးသွားပါပြီ၊ ဖေဖေက ရွှမ်အာကို လာကြိုတာပါခင်ဗျ"
ရွှီနယ်စားမင်းက ရွှီယွဲ့ကျားကို တစ်ချက်ကြည့်လိုက်ပြီး ပုံမှန်လေသံဖြင့် မေးလိုက်ပြန်သည်။
"ရုံးတော်ကနေ စောစောစီးစီး ပြန်လာတာလား"
ရွှီယွဲ့ကျားက ခပ်အေးအေး ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့"
ထို့နောက် သူက ပြန်မေးလိုက်သည်။
"အစ်ကိုကြီး... ဒီမှာ ဘာတွေ ဖြစ်နေတာလဲ"
ရွှီနယ်စားမင်းက ဘေးဘက်သို့ လက်ညှိုးညွှန်ပြကာ ပြန်ဖြေလိုက်သည်။
"သူ မနာခံလို့ ငါ ဆုံးမနေတာ"
ရွှီယွဲ့ကျားက အဝေးတွင် မတ်တတ်ရပ်နေသော ရွှီကျင့်ရုံကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ထပ်မေးလိုက်သည်။
"မရီးကိုရော အကြောင်းကြားပြီးပြီလား"
ရွှီနယ်စားမင်းက အစောကတည်းကပင် စိတ်ထဲ၌ အပြစ်ရှိသလို ခံစားနေရခြင်း ဖြစ်သည်။ ယခု ရွှီယွဲ့ကျားက ထိုမေးခွန်းကို တည့်တည့်ကြီး မေးမြန်းလာသောကြောင့် သူ ပို၍ပင် နေရခက်သွားရသည်။
အကယ်၍ ရွှီကျင့်ရုံက သူ့၏အိမ်စာများကို အတန်းဖော်များထံမှ ခိုးချထားခဲ့လျှင် လုသခင်မက ရွှီနယ်စားမင်းအား တားဆီးလိမ့်မည် မဟုတ်ပေ။ သို့သော် ဤအရာအားလုံးက ရွှီကျင့်ရုံ ကိုယ်တိုင် တွက်ချက်ထားခြင်းဖြစ်ပြီး အချိန်မီလည်း အပ်နှံခဲ့ခြင်း ဖြစ်သဖြင့် အခြေအနေမှာ ကွဲပြားခြားနားသွားပြီ ဖြစ်သည်။
လုသခင်မ၏ စိတ်နေသဘောထားကို ခင်ပွန်းဖြစ်သူ ရွှီနယ်စားမင်း မဆိုထားနှင့် အိမ်တော်၏ တံခါးစောင့်အစေခံများပင် ကောင်းကောင်းသိကြသည်။
သူမက အရည်အချင်း ယာယီညံ့ဖျင်းနေခြင်းကို သည်းခံနိုင်သော်လည်း စိတ်ယုတ်မာ ထားရှိခြင်းကိုတော့ လုံးဝ လက်ခံမည် မဟုတ်ချေ။
ရွှီနယ်စားမင်းက သူ၏ ရပ်တည်ချက်ကို မပျက်စေရန် အတင်းအကျပ် ထိန်းထားရင်း ခပ်တည်တည် ပြန်ပြောလိုက်သည်။
"မင်းမရီး ဒီမှာ ရှိနေရင်တောင် ငါက သူ့ကို ဒီလို ဆုံးမမှာပဲ"
ရွှီယွဲ့ကျားက ပြန်လည် တုံ့ပြန်ခြင်း မပြုတော့ဘဲ ထိုဖခင်နှင့် သားနှစ်ယောက်ကို အချိန်အတော်ကြာအောင် အကဲခတ်ကြည့်ရှုနေခဲ့သည်။ ထို့နောက်တွင်တော့ မည်သည့်စကားမျှ ထပ်မပြောတော့ဘဲ ရွှီယွိရွှမ်ကို ပွေ့ချီကာ ထွက်ခွာသွားခဲ့သည်။
သူ ထွက်ခွာသွားပြီးမှသာ ရွှီနယ်စားမင်းက မသိမသာ သက်ပြင်းချလိုက်သည်။
ထိုအရာကို မြင်လိုက်သော အထိန်းတော်ရှန်းက လူတစ်ယောက်ကို စေလွှတ်ပြီး အကြီးဆုံးသခင်လေးအား အမြန်ခေါ်ထုတ်သွားခိုင်းလိုက်သည်။
အကျပ်အတည်း ပြီးဆုံးသွားပြီး ဖြစ်သဖြင့် သူမ စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်မိသည်။
ထိုအချိန်မှသာ ဘေးနားတွင် ရှိနေသော အထိန်းတော်ကျိကို သတိပြုမိသွားပြီး သူမ၏ ခြေလှမ်းများ တုံ့ဆိုင်းသွားရသည်။
အထိန်းတော်ရှန်းနှင့် အထိန်းတော်ကျိတို့က ရင်းနှီးသော ဆက်ဆံရေး ရှိကြသဖြင့် သူမက အထိန်းတော်ကျိအနားသို့ တိုးကပ်သွားပြီး တိုးတိုးလေး မေးမြန်းလိုက်သည်။
"ဒုတိယသခင်က သခင်ငယ်လေးကို စာသင်ခန်းကနေ မကြာခဏ သွားကြိုတတ်တာလား"
အထိန်းတော်ကျိက ခေါင်းကို ညင်သာစွာ ခါယမ်းရင်း ပြန်ရှင်းပြနေသည်။
"မကြာခဏတော့ မဟုတ်ပါဘူး၊ အခု ဒုတိယသခင်မ ရေပူစမ်းကို သွားနေတော့ သခင်ငယ်လေးက သူ့အမေကို အရမ်းလွမ်းနေရှာတာ၊ အဲ့ဒါကြောင့် သူ စိတ်ပျော်အောင် လုပ်ပေးဖို့ ဒုတိယသခင်က ဒီရက်ပိုင်းအတွင်း သွားကြိုပေးနေတာပါ"
အထိန်းတော်ရှန်းက သဘောပေါက်သွားပြီး ပြန်ပြောလိုက်သည်။
"အရင်ကနဲ့ ယှဉ်ရင်တော့ ဒုတိယသခင်နဲ့ သခင်ငယ်လေးတို့ ပိုပြီး ရင်းနှီးလာပုံပဲနော်"
အထိန်းတော်ကျိကလည်း သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် အဝေးတွင် ရှိနေပြီး ဖခင်ဖြစ်သူအား သူ့ကို ပွေ့ချီရန် အတင်းအကျပ် တောင်းဆိုနေသော ရွှီယွိရွှမ်အား လှမ်းကြည့်ကာ သက်ပြင်းချရင်း ထပ်ပြောလိုက်သည်။
"ဟုတ်တယ်... အရင်တုန်းကဆိုရင် သားအဖနှစ်ယောက် တစ်ပတ်နေ့လို့ တစ်ခါ၊ တလနေလို့ တစ်ခါ မတွေ့ဖြစ်ကြဘူး၊ အဲ့တော့ တစ်ယောက်နဲ့တစ်ယောက် တော်တော်လေး စိမ်းနေခဲ့ကြတာလေ၊ အခု သခင်ငယ်လေးက အနောက်ဘက်ခြံဝင်းကို ပြန်ပြောင်းလာပြီး ဒုတိယသခင်မကလည်း ကြားဝင်စေ့စပ်ပေးနေတော့ သူတို့ရဲ့ ဆက်ဆံရေးက သိသိသာသာကို ကောင်းမွန်လာခဲ့တာပေါ့"
ထိုစကားကို ကြားရချိန်တွင် အထိန်းတော်ရှန်းတစ်ယောက် အားကျစိတ်များပင် ဖြစ်ပေါ်လာရသည်။
တစ်ခါတရံတွင် အိမ်တွင်းရှိ သခင်မများ အဝေးသို့ ရောက်ရှိနေခြင်းကလည်း အကျိုးထူး ရှိနိုင်ပုံရသည်။
တစ်နေ့တာလုံး အချိန်အတော်ကြာအောင် လိုက်ဖမ်းခံခဲ့ရသဖြင့် ရွှီကျင့်ရုံတစ်ယောက် အထိန်းတော်ရှန်း အရှေ့ဘက်ခြံဝင်းသို့ ရောက်ရှိလာချိန်အထိ အသက်ကို ပြင်းပြင်းရှူနေရဆဲပင် ဖြစ်သည်။
သူမက သက်ပြင်းချကာ စပြောလိုက်သည်။
"အကြီးဆုံးသခင်လေး... ဒီအစေခံအိုကြီး သခင်လေးအတွက် ဂျင်ဆင်းဟင်းရည် ပြင်ဆင်ပေးဖို့ မီးဖိုချောင်ကို သွားပြောလိုက်ဦးမယ်"
ရွှီကျင့်ရုံက သူမကို အလျင်အမြန် တားဆီးလိုက်သည်။
"ရှန်းမား... ကျွန်တော် ဂျင်ဆင်းဟင်းရည် မသောက်ချင်ဘူး၊ အပြင် ထွက်ချင်တယ်"
လုသခင်မ အိမ်တော်တွင် မရှိသည့်အခါမျိုး၌ အရှေ့ဘက်ခြံဝင်းအတွင်းရှိ အစေခံများအားလုံးက အထိန်းတော်ရှန်း၏ အမိန့်ကိုသာ နာခံကြရသည်။
အထိန်းတော်ရှန်းက သဘောမတူဘဲ ငြင်းဆိုလိုက်သည်။
"သခင်မ ခရီးမထွက်ခင်က မှာသွားခဲ့တယ်၊ သခင်လေးအနေနဲ့ အနားယူဖို့ပဲ လိုအပ်ပြီး အပြင်ကို လျှောက်မသွားရဘူးတဲ့"
ရွှီကျင့်ရုံက ခေါင်းလေးငိုက်စိုက်ချကာ စိတ်ပျက်လက်ပျက်ဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။
"ရှန်းမား... ကျွန်တော် အပြင်သွားပြီး လျှောက်ဆော့မလို့ မဟုတ်ပါဘူး၊ စာအုပ်ဆိုင်ကို သွားပြီး စာအုပ်တချို့ ဝယ်ချင်လို့ပါ"
အထိန်းတော်ရှန်း စိတ်ထဲတွင် ရွှီနယ်စားမင်း၏ ဆူပူကြိမ်းမောင်းခဲ့သော စကားများက သခင်လေး၏ စိတ်ကို ထိခိုက်သွားစေခဲ့ပြီဟု တွေးနေလေသည်။
‘ဟူး၊ ဘယ်လိုအဖေမျိုးက သူ့သားကို ဒီလိုနှိမ့်ချဆက်ဆံလို့လဲ’
သူမက ရွှီကျင့်ရုံကို သနားဂရုဏာသက်သွားပြီး ခွင့်ပြုပေးလိုက်သည်။
"ဒါဆိုရင်လည်း အားကျောက်ကို သခင်လေးနဲ့အတူ လိုက်ခိုင်းလိုက်မယ်"
အားကျောက်က အရှေ့ဘက်ခြံဝင်းအတွင်းရှိ လျင်မြန်ဖြတ်လတ်သော အစေခံလုလင်လေး တစ်ဦး ဖြစ်သည်။
ရွှီကျင့်ရုံ၏ မျက်ဝန်းများက ချက်ချင်း တောက်ပသွားပြီး ဝမ်းသားအားရ ရေရွတ်လိုက်သည်။
"ရှန်းမားက အကောင်းဆုံးပဲ"
အထိန်းတော်ရှန်းက အပြုံးဖြင့် ပြန်ပြောလိုက်သည်။
"အကြီးဆုံးသခင်လေး မြန်မြန်သွားလိုက်ပါ၊ သခင်လေး ပြန်လာတဲ့အချိန်ကျရင် ဂျင်ဆင်းဟင်းရည်လည်း အဆင်သင့် ဖြစ်နေလောက်ပြီ"
ရွှီကျင့်ရုံက သန့်ရှင်းသော အဝတ်အစားများ အမြန်လဲလှယ်လိုက်ပြီး အားကျောက်ကို လှမ်းခေါ်လိုက်သည်။
သူတို့နှစ်ယောက် ရွှီနယ်စားမင်းအိမ်တော်မှ ထွက်ခွာလာသည်နှင့် ရွှီကျင့်ရုံက စာအုပ်ဆိုင်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လိုက်ပြီး အပေါ်ထပ်တွင် ခေတ္တမျှ စာဖတ်မည်ဟု အကြောင်းပြကာ အားကျောက်ကို အောက်ထပ်၌ စောင့်ဆိုင်းနေရန် ပြောလိုက်သည်။
ထို့နောက်တွင်တော့ သူက နောက်ဖေးတံခါးမှ တိတ်တဆိတ် ခိုးထွက်သွားတော့သည်။
အပြင်သို့ ရောက်ရှိသွားသည်နှင့် သူက အနီးဆုံးတွင်ရှိနေသော ‘ဟွေ့ပင်းလို့’ ဆီသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားနေသည်။
ဒုတိယထပ်ရှိ သီးသန့်ခန်းတစ်ခုတွင် ရွှီကျင့်လင်းနှင့်အတူ စောင့်ဆိုင်းနေခဲ့သော ရွှီနယ်စားမင်းက ရွှီကျင့်ရုံ ရောက်ရှိလာသည်နှင့် ချက်ချင်း ဆူပူကြိမ်းမောင်းလိုက်သည်။
"ဘာလို့ ဒီလောက်တောင် နောက်ကျနေရတာလဲ၊ ဟင်းတွေတောင် အေးကုန်တော့မယ်"
အစောပိုင်းက ဆူပူကြိမ်းမောင်းခံခဲ့ရသဖြင့် ဖြစ်ပေါ်နေသော မကျေမနပ်ဖြစ်မှုများနှင့် ဒေါသတရားများမှ ကင်းလွတ်သွားပြီ ဖြစ်သော ရွှီကျင့်ရုံက ပြန်ပြောလိုက်သည်။
"အားကျောက်က တော်တော်လေး မျက်စိရှင်တယ်၊ သူ့မျက်ကွယ်ရောက်အောင် နည်းနည်း အားစိုက်လိုက်ရလို့ပါ"
ရွှီကျင့်လင်းကလည်း ဝင်ထောက်ပေးနေသည်။
"အစ်ကို... အဖေက ဟင်းတွေအများကြီး မှာထားတာ၊ ဘဲကင်၊ ငန်းကင်၊ ဝက်လက်ပေါင်း၊ ငရုတ်ကောင်း နံရိုးကြော်၊ မုန့်ပြားကြော်၊ ကောက်ညှင်းဘဲကင်... အားလုံးက ကျွန်တော်တို့ အကြိုက်ဆုံးတွေပဲ"
ရွှီနယ်စားမင်းက ချောင်းတစ်ချက် ဟန့်လိုက်ပြီးမှ ခပ်တည်တည် ပြောလိုက်သည်။
"မင်းတို့အမေ ဒီမှာ မရှိတုန်း ဒီနေ့ အဝစားကြပေါ့၊ ပြီးတော့ စားပြီးလို့ ပြန်သွားရင် ငါ့ကို လာပြီး မညည်းညူကြနဲ့ဦး"
ရွှီကျင့်ရုံက ဝက်လက်ကြီးတစ်တုံးကို လက်ဖြင့် လှမ်းယူကာ ကိုက်စားရင်း ပြန်ပြောလိုက်သည်။
"ကျွန်တော် အဲ့လောက် မမိုက်မပါဘူး"
ယခုကဲ့သို့ တစ်နပ်စာ အဝစားရခြင်းနှင့် တစ်ခါတရံမှသာ စားသောက်ခွင့်ရခြင်းတို့၏ ကွာခြားချက်ကို သူ ကောင်းကောင်း ခွဲခြားသိမြင်နိုင်သည်။
ရွှီနယ်စားမင်းကတော့ စိုးရိမ်ပူပန်မှု အချို့ ရှိနေဆဲ ဖြစ်ပြီး ထပ်မေးလိုက်သည်။
"ဒါနဲ့... ရှန်းမားက ဘာမှ မရိပ်မိသွားဘူးမလား"
ရွှီကျင့်ရုံက လက်ခါပြရင်း ပြန်ဖြေလိုက်သည်။
"အဖေရဲ့ စောစောက ဒေါသတွေ အရမ်း ပြင်းထန်ပြီး ကျွန်တော့်ကို ရိုက်သတ်တော့မလို ဆုံးမနေတာလေ... ရှန်းမားက ဘယ်လိုလုပ်ပြီး ရိပ်မိနိုင်မှာလဲ"
တစ်ဖက်တွင်လည်း ရွှီယွဲ့ကျားက ရွှီယွိရွှမ်ကို ပွေ့ချီကာ အနောက်ဘက်ခြံဝင်းသို့ ပြန်ရောက်ရှိနေခဲ့သည်။
ဝမ်ယဲ့ အဝေးသို့ ရောက်ရှိနေသဖြင့် အနောက်ဘက်ခြံဝင်းတစ်ခုလုံး ပိုခြောက်ကပ် အထီးကျန်နေသလို ခံစားရစေသည်။
အမိုးအောက်တွင် ချိတ်ဆွဲထားသော ဒန်းလေးနှစ်ခုက လေညင်းထဲတွင် ညင်ညင်သာသာ ယိမ်းနွဲ့နေသည်။ ရွှီယွိရွှမ်က အောက်သို့ ဆင်းကာ ထိုဒန်းများဆီသို့ ပြေးသွားပြီး တစ်ခုချင်းစီပေါ်တွင် ခေတ္တမျှ ထိုင်ကြည့်ပြီးမှ အတွင်းထဲသို့ ဝင်သွားသည်။
အနောက်ဘက်အဆောင်ရှိ စာကြည့်ခန်းအတွင်းတွင် ရွှီယွဲ့ကျားက ရှေးဟောင်းဂန္ထဝင်စာအုပ်များ ကူးယူရေးသားနေသည်။ ရွှီယွိရွှမ်က အခန်းထဲသို့ ဝင်ဝင်ချင်းမှာပင် ရွှီယွဲ့ကျား၏ စားပွဲပေါ်၌ ဖွင့်ထားသော မုန့်ဘူးကို ချက်ချင်း သတိပြုမိသွားသည်။
ကွေ့ဟွားမုန့်၏ ချိုမြိန်မွှေးပျံ့သော အနံ့အသက်များက လေထုထဲတွင် ပျံ့လွင့်နေသည်။ ရွှီယွိရွှမ်၏ နှာခေါင်းလေးက ရှုံ့ပွရှုံ့ပွ ဖြစ်သွားပြီး ခြေလှမ်းများကလည်း ထိုမုန့်ဘူးရှိရာဆီသို့ အလိုအလျောက် ရွေ့လျားသွားသည်။
သူက ရွှီယွဲ့ကျား၏ ထိုင်ခုံကို ဖက်တွယ်ထားရင်း အပေါ်သို့ လက်ညှိုးထိုးကာ ပြောလိုက်သည်။
"ဖေဖေ... မုန့်"
ရွှီယွဲ့ကျားက စာရေးခြင်းကို ခေတ္တရပ်နားကာ စုတ်တံကို ချလိုက်ပြီး လှမ်းကြည့်လိုက်သည်။
ရွှီယွိရွှမ်က ထပ်ပူဆာလိုက်ပြန်သည်။
"ကွေ့ဟွားမုန့်"
အချိန်အတော်ကြာပြီးနောက်တွင် ရွှီယွဲ့ကျားက မုန့်ဘူးဆီသို့ လက်လှမ်းကာ အသေးဆုံး မုန့်တုံးလေးကို ယူပြီး ရွှီယွိရွှမ်အား ကမ်းပေးလိုက်သည်။
ရွှီယွိရွှမ်က မုန့်လေးကို လှမ်းယူလိုက်သော်လည်း ချက်ချင်း မစားသေးပေ။ ထိုအစား သူက မုန့်တုံးလေးကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးမှ ရုတ်တရက် ပြောလိုက်သည်။
"အရမ်း သေးတယ်"
ထို့နောက်တွင် သူ မုန့်ကို တစ်ကိုက်တည်း စားပစ်လိုက်ပြီး ရွှီယွဲ့ကျားထံသို့ လက်ကလေး ထပ်ဖြန့်ပြနေပြန်သည်။
ရွှီယွဲ့ကျားက မုန့်ဘူးထဲတွင် ကျန်ရှိနေသော မုန့်အနည်းငယ်ကို ကြည့်လိုက်ပြီး နှုတ်ခမ်းကို အနည်းငယ် စေ့ကာ ပြန်ပြောလိုက်သည်။
"ဒါအကုန်ပဲ"
ရွှီယွိရွှမ်က သူ၏ ဗိုက်ကလေးကို ပွတ်သပ်နေပြီး သူ့မျက်နှာအမူအရာအရ ထိုစကားကို လုံးဝ မယုံကြည်ကြောင်း ပြသနေသည်။
.....။......။.....
ရေပူစမ်းတွင် နှစ်ရက်ကြာ အချိန်ကုန်ဆုံးပြီးနောက် လုသခင်မနှင့် ရှန်းသခင်မတို့ အကြားရှိ ဆက်ဆံရေးကလည်း သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး မျိုးဆက်မတူသည့် သူငယ်ချင်းများကဲ့သို့ ဖြစ်လာကြသည်။ သူမတို့နှစ်ဦး ပိုမိုရင်းနှီးလာကြပြီး အလှမ်းကွာဝေးမှုများလည်း လျော့နည်းသွားခဲ့သည်။
လုသခင်မက ထပ်ဖိတ်ခေါ်နေသေးသည်။
"အရင်တုန်းက အပူရှောင်ဖို့အတွက် ယဲ့နျန်းကို ခေါ်ပြီး ရှီးချွမ်တောင်ကို သွားခဲ့ဖူးတယ်၊ အဲ့ဒီနေရာက တော်တော်လေး သာယာတယ်လေ၊ နောက်နှစ်ကျရင် အစ်မ အားတဲ့အချိန်မှ အတူတူ သွားကြတာပေါ့"
ထိုစကားကို ကြားသည်နှင့် ဝမ်ယဲ့က ချက်ချင်း အနားသို့ တိုးကပ်သွားကာ ဝင်ပြောလိုက်သည်။
"ကျွန်မလည်း လိုက်မှာနော်၊ မမမှာ မိတ်ဆွေအသစ် ရသွားတယ်ဆိုပြီး ကျွန်မကို မေ့မထားနဲ့ဦး"
လုသခင်မက သူမကို ဆူပူလိုက်သည်။
"ဒါက နင့်ရဲ့အမေလေ၊ ကောင်းကောင်းမွန်မွန် ပြုမူစမ်း"
သူမက ထိုသို့ ပြောပြီးနောက် စိတ်ပျက်လက်ပျက် ဖြစ်နေသော မျက်နှာအမူအရာဖြင့် သခင်မရှန်းအား လှမ်းကြည့်လိုက်သည်။
သခင်မရှန်းကတော့ မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း ခပ်ဖွဖွ ပြုံးကာ ပြန်ပြောလိုက်သည်။
"ရပါတယ်... ကျွန်မ နေသားကျနေပါပြီ"
ထိုစကားကို ကြားလိုက်ရချိန်တွင် လုသခင်မက သူမဘေးနားရှိ လူကို မကျေမနပ် ဖြစ်နေသော အရိပ်အယောင်ဖြင့် တစ်ချက် စောင်းငဲ့ကြည့်လိုက်သည်။ လွန်ခဲ့သည့် နှစ်ရက်လုံးလုံး သူမ သခင်မရှန်းထံမှတစ်ဆင့် ဝမ်ယဲ့၏ အတိတ်မှ အကြောင်းအရာများအား စူးစမ်းရန် ကြိုးစားတိုင်း စိတ်ပျက်စရာများနှင့်သာ ရင်ဆိုင်ခဲ့ရသည်။ အရေးကြီးသော အချက်သို့ ရောက်ခါနီးတိုင်း သခင်မရှန်းက ရုတ်တရက် နေမကောင်းသလို ဖြစ်သွားတတ်သည်။ သို့မဟုတ်လျှင်လည်း ဝမ်ယဲ့က သူမတို့၏ စကားဝိုင်းကို ဝင်ရောက် နှောက်ယှက်လေ့ရှိသည်။
ဝမ်ယဲ့ : "..."
သခင်မရှန်းအား ရေပူစမ်းခရီးစဉ်တွင် အတူတူ လိုက်ပါလာရန် လုသခင်မ၏ တောင်းဆိုချက်ကို သဘောတူခဲ့မိသည်အတွက် ဝမ်ယဲ့ ရုတ်တရက် နောင်တရမိသွားသည်။
လုသခင်မက ဝမ်ယဲ့ကို ခေတ္တမျှ စိုက်ကြည့်ပြီးနောက် ထပ်ပြောလိုက်သည်။
"ငါတော့ ပင်လယ်ဓားပြသင်္ဘောပေါ် တက်မိသွားပြီလို့ ခံစားနေရတယ်"
ဝမ်ယဲ့က မခို့တယို့ ရယ်မောရင်း ပြန်ပြောလိုက်သည်။
"ပင်လယ်ဓားပြသင်္ဘောလည်း ဖြစ်ချင်မှ ဖြစ်မှာပါ... မမ ထပ်ပြီး သေချာ စောင့်ကြည့်ပါဦး"
လုသခင်မ : "နင်ကတော့ တကယ့်ကို စကားတတ်လွန်းတယ်"
မည်သို့ပင်ဆိုစေကာမူ ဤအပန်းဖြေခရီးစဉ်က တော်တော်လေး စိတ်ချမ်းမြေ့စရာ ကောင်းခဲ့သည်။
အပြန်လမ်းတွင် သူမတို့ လေးယောက်လုံး အစပိုင်း၌ ရထားလုံးတစ်စီးတည်းကို အတူတူ စီးနင်းလာခဲ့ကြသည်။ မြို့ထဲသို့ ဝင်ရောက်လာသည်နှင့် ရုံရှန်းလမ်းမတွင် လမ်းခွဲခဲ့ကြသည်။ သခင်မရှန်းနှင့် ဝမ်ရန်တို့က ဝမ်အိမ်တော်၏ ရထားလုံးဆီသို့ ပြန်ပြောင်းရွှေ့သွားပြီး အခြားလမ်းကြောင်းတစ်ခုဆီသို့ ဦးတည်သွားကြသည်။
ဝမ်ယဲ့နှင့် လုသခင်မတို့၏ ရထားလုံးကတော့ ရုံရှန်းလမ်းမကို ဖြတ်သန်းသွားရန် လိုအပ်သည်။
သူမတို့၏ ရထားလုံး စည်ကားလှသော ရုံရှန်းလမ်းမကို ဖြတ်သန်းသွားစဉ် အပြင်ဘက်မှ ဈေးသည်များ၏ အော်ဟစ်ရောင်းချသံများကို ကြားရသဖြင့် ဝမ်ယဲ့တစ်ယောက် မနေနိုင်မထိုင်နိုင် လိုက်ကာကို မတင်ကာ အပြင်သို့ ချောင်းကြည့်နေပြန်သည်။
ရထားလုံးအတွင်း၌ လုသခင်မက အိမ်တော်တွင် ကျန်ရစ်ခဲ့သော မိသားစုဝင်များအကြောင်းကို တွေးတောမိရင်း စကားစလိုက်သည်။
"နင့်ရဲ့ ခဲအိုက အိမ်တော်ကို ဝိုင်းစောင့်ကြည့်ပေးနေလို့ တော်သေးတယ်၊ အဲ့လိုမှမဟုတ်ရင် ကျင့်ရုံနဲ့ ကျင့်လင်းက ငါ မရှိတာကို အခွင့်ကောင်းယူပြီး လမ်းဘေးမုန့်တွေ ဝယ်စားဖို့ တိတ်တဆိတ် ခိုးထွက်ကြမှာ သေချာတယ်"
ဝမ်ယဲ့က မျက်တောင်မခတ်ဘဲ အမြန် ခေါင်းညိတ်ထောက်ခံလိုက်သည်။
"ဟုတ်တယ်... အစ်ကိုကြီး ရှိနေတာပဲ၊ မမအနေနဲ့ လုံးဝကို စိတ်အေးအေးထားလို့ ရပါတယ်"
သူမ၏ နှုတ်မှ စကားလုံးများ ထွက်လာခါစ ရှိသေးစဉ်မှာပင် ရုတ်တရက် "ဟယ်" ဟု အာမေဍိတ်သံ ပြုလိုက်ပြီး ရေရွတ်လိုက်သည်။
"ဟိုနားမှာ ရှိနေတာ ခဲအို မဟုတ်ဘူးလား"
ဝမ်ယဲ့က ခေါင်းကို ပြန်သွင်းလိုက်ပြီး လုသခင်မအား လှမ်းပြောလိုက်သည်။
"မမ... ဟိုမှာ ရှိနေတာ ခဲအို ဟုတ်၊ မဟုတ် လာကြည့်ပါဦး"
လုသခင်မက ဝမ်ယဲ့ နားသို့ အနည်းငယ် တိုးကပ်လာပြီး သူမ လက်ညှိုးထိုးပြရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်ရာ သူမ၏ ရင်တစ်ခုလုံး ခေတ္တမျှ မွန်းကြပ်သွားရသည်။
ထိုသူမှာ သူမ၏ ခင်ပွန်း ဖြစ်နေသောကြောင့်ပင်။
အဝေးတစ်နေရာတွင်တော့ ရွှီနယ်စားမင်းက ဘာမှရိပ်မိခြင်း မရှိဘဲ လူစည်ကားလှသော မုန့်ဆိုင်လေးတစ်ခုရှေ့၌ သူ၏ အကြီးဆုံးသားနှင့်အတူ တန်းစီ စောင့်ဆိုင်းနေလေသည်။
ဝမ်ယဲ့ အသေအချာ လှမ်းကြည့်လိုက်ရာ ၎င်းက ဆန်မုန့်ကြော်ရောင်းသည့် ဆိုင်လေးတစ်ခု ဖြစ်နေသည်ကို မြင်လိုက်ရသည်။
‘ဒီလောက် လူတွေအများကြီး တန်းစီနေကြတာဆိုတော့ အရသာက တော်တော်လေး ကောင်းမယ် ထင်တယ်’
မုန့်ကြော်ဆိုင်၏ ဘေးတွင် ရွှီနယ်စားမင်းက ခေါင်းငုံ့ကာ သားဖြစ်သူအား တိုးတိုးလေး ကုန်းပြောရင်း တစ်လှမ်းချင်းစီ ရှေ့တိုးနေသည်။
"ဒါ နောက်ဆုံးအကြိမ်ပဲနော်၊ မင်းတို့အမေက မကြာခင် ပြန်လာတော့မှာ၊ သူသာ သိသွားရင်တော့ မင်းတော့ အဆုံးသတ်ပြီပဲ"
ရွှီကျင့်ရုံက သူ့အဖေ စိတ်အေးစေရန် အာမခံလိုက်သည်။
"စိတ်မပူပါနဲ့ အဖေရာ၊ ကျွန်တော် စားပြီးတာနဲ့ ပလုတ်ကျင်းလိုက်မှာပါ၊ အမေ လုံးဝ အနံ့ရမှာ မဟုတ်ပါဘူး"
ရွှီနယ်စားမင်း အနည်းငယ် စိတ်အေးသွားရုံသာ ရှိသေးချိန်တွင် မြင်းခွာသံများ ခပ်မှန်မှန် နီးကပ်လာသည်ကို ကြားလိုက်ရသည်။ သူ မသိစိတ်ဖြင့် မော့ကြည့်လိုက်ရာ လုသခင်မ၏ တည်ငြိမ်လွန်းနေသော မျက်လုံးများနှင့် အကြည့်ချင်းဆုံသွားခဲ့သည်။
သူ့ရင်ထဲမှ ဒိတ်ခနဲ ဖြစ်သွားပြီး မသိစိတ်ဖြင့် သားဖြစ်သူကို တွန်းကာ လှမ်းပြောလိုက်သည်။
"မင်းတော့ ဒုက္ခတွေ့ပြီ"
ရွှီကျင့်ရုံက အခြေအနေကို သဘောမပေါက်သေးဘဲ မော့ကြည့်လိုက်ပြီးမှ သူ့မိခင်ကို မြင်သွားကာ တံတွေးကို အသာမျိုချရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
"ကျွန်တော်တို့နှစ်ယောက်လုံး ဒုက္ခတွေ့ပြီလို့ ပြောပါ အဖေရယ်"
သူမ ခရီးမထွက်ခင်က ဝမ်ယဲ့လည်း ဤလမ်းမပေါ်တွင် ရွှီယွဲ့ကျားအတွက် ကွေ့ဟွားမုန့်များ ဝယ်ယူခဲ့ဖူးသည်။
လုသခင်မအနေဖြင့် ထိုသားအဖနှစ်ယောက်အား ပြောစရာ စကားများ ရှိနေသည်ကို နားလည်ပေးနိုင်သည့် ဝမ်ယဲ့က အလိုက်တသိ ခွင့်တောင်းလိုက်သည်။
"မမ... ကျွန်မ ရွှမ်အာအတွက် အိမ်ပြန်ယူသွားဖို့ ကွေ့ဟွားမုန့် သွားဝယ်လိုက်ဦးမယ်နော်"
လုသခင်မက "အင်း" ဟု ပြန်ထူးပြီးနောက် သတိပေးလိုက်သည်။
"ဂရုစိုက်သွားဦး"
ဝမ်ယဲ့ : "ဟုတ်ကဲ့ပါ"
ထို့နောက်တွင်တော့ သူမက ရထားလုံးပေါ်မှ အမြန်ဆင်းကာ မကြာမီ ဖြစ်ပျက်တော့မည့် စိတ်အနှောင့်အယှက်ဖြစ်စရာ အခြေအနေကြီးမှ အမြန် ရှောင်ထွက်သွားခဲ့သည်။
ကွေ့ဟွားမုန့်ဆိုင်က သိပ်မဝေးလှပေ။ ခေတ္တမျှ လမ်းလျှောက်ပြီးနောက် ဝမ်ယဲ့ ထိုနေရာသို့ ရောက်ရှိသွားခဲ့သည်။ သူမက သူမ၏အစေခံမလေး ယွင်ကျီကို မုန့်ဝင်ဝယ်ခိုင်းလိုက်ပြီး အခြားအစေခံမလေး ထောင်ကျီနှင့်အတူ ထိုင်စရာနေရာတစ်ခု ရှာကာ သူမတို့လာခဲ့သည့် လမ်းကြောင်းဆီသို့ စိတ်လှုပ်ရှားစွာ လှမ်းမျှော်ကြည့်နေခဲ့သည်။ သူမ ပြဇာတ်ကောင်းလေး ကြည့်ရှုရန် အသင့်ပြင်ထားခြင်းပင်။
မကြာမီမှာပင် ယွင်ကျီက ကွေ့ဟွားမုန့်များကို ကိုင်ဆောင်ကာ ပြန်ရောက်လာပြီး ဝမ်ယဲ့အား သတင်းပို့လိုက်သည်။
"သခင်မ...ဒုတိယသခင်နဲ့ သခင်ငယ်လေးတို့ ဆိုင်ထဲမှာ ရှိနေကြပါတယ်"
ဝမ်ယဲ့က လှည့်ကြည့်လိုက်ရင်း ပြန်မေးလိုက်သည်။
"ဘယ်သူ..."
ယွင်ကျီ စကား ထပ်မပြောရသေးခင်မှာပင် မျှော်လင့်မထားဘဲ ရောက်ရှိလာသည့် သားအဖနှစ်ဦးကို ဝမ်ယဲ့ မြင်လိုက်ရသည်။
ဝမ်ယဲ့က အံ့ဩတကြီး လှမ်းမေးလိုက်သည်။
"အမတ်မင်း... ရှင်က ဘာလို့ ဒီကို ရောက်နေတာလဲ"
ရွှီယွဲ့ကျား၏ အကြည့်က သူ ပွေ့ချီထားသည့် ကလေးငယ်ဆီသို့ ကျရောက်သွားပြီးမှ ပြန်ဖြေလိုက်သည်။
"သူ ကွေ့ဟွားမုန့် စားချင်လို့"
ဝမ်ယဲ့ကို မြင်သည်နှင့် ရွှီယွိရွှမ်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာပြီး ပျော်ရွှင်စွာ အော်ခေါ်လိုက်သည်။
"မေမေ"
ရွှီယွဲ့ကျားက သူ့ကို ဝမ်ယဲ့အနားသို့ ခေါ်ဆောင်လာပြီး သူမအနားသို့ ရောက်သည်နှင့် ကလေးငယ်က အောက်သို့ဆင်းရန် ချက်ချင်း ရုန်းကန်တော့သည်။
ဤမုန့်ဆိုင်က ကွေ့ဟွားမုန့်သာမက ကွေ့ဟွားလက်ဖက်ရည်နှင့် အခြားမုန့်ပဲသရေစာများကိုပါ ရောင်းချသဖြင့် ဆိုင်၏အပြင်ဘက်တွင် မိုးကာဖျင်တစ်ခုဖြင့် အမိုးလုပ်ကာ စားပွဲအချို့ ချထားပေးသည်။
ရွှီယွိရွှမ်က ဝမ်ယဲ့၏ဘေးတွင် ထိုင်လိုက်ပြီး တကျီကျီဖြင့် စတင်တိုင်တန်းနေလေသည်။
"ဖေဖေက ရွှမ်အာကို ကွေ့ဟွားမုန့် မပေးဘူး၊ ပြီးတော့ မုန့်တွေက ချဥ်သွားပြီး စားလို့ မရတော့ဘူး"
မည်သူမျှ သူ့၏ စိတ်အားထက်သန်စွာ စကားများနေမှုကို တားဆီးမရနိုင်ခဲ့ချေ။
ထိုစကားကို ကြားလိုက်ရချိန်တွင် ဝမ်ယဲ့က ရွှီယွဲ့ကျားဘက်သို့ လှည့်ကြည့်ရင်း မေးလိုက်သည်။
"အမတ်မင်း... အဲ့ဒီကွေ့ဟွားမုန့်တစ်သေတ္တာကို ရှင် ခုထိ မစားရသေးဘူးလား"
ရွှီယွဲ့ကျားက ဘေးနားရှိ ကလေးငယ်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ခေတ္တမျှ တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် ပြန်ဖြေလိုက်သည်။
"ကိုယ်က ဖြည်းဖြည်းချင်း စားနေလို့ပါ"
ဝမ်ယဲ့က သူ့ကို ဖော်ကောင်မလုပ်ဘဲ ချိုသာစွာ ပြုံးပြရင်း ပြန်ပြောလိုက်သည်။
"နောက်တစ်ခါကျရင်တော့ အမတ်မင်းအတွက် ရက်အကြာကြီး အထားခံမယ့်မုန့်မျိုးပဲ ဝယ်ပေးတော့မယ်"
ထိုစကားကို ကြားလိုက်ရချိန်တွင် ရွှီယွဲ့ကျား၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးညွတ်သွားပြီး လက်ခံလိုက်သည်။
"အင်း"
ရွှီယွိရွှမ်ကတော့ သူ့ကို အရေးမလုပ်သောကြောင့် မကျေမနပ်ဖြင့် အသံမြှင့်လိုက်သည်။
"ဖေဖေ"
ဝမ်ယဲ့က သူမ၏လက်ကို ကလေးငယ်၏ ပခုံးလေးပေါ်သို့ အသာအယာ တင်လိုက်ရင်း ပြောလိုက်သည်။
"ထိုင်လေ... မုန့်လေး ဘာလေး စားဦး"
"အမတ်မင်းလည်း ထိုင်ပါဦး၊ ကျွန်မတို့ အတူတူ ပြဇာတ် ကြည့်ကြမယ်"
ရွှီယွဲ့ကျားက သူမ ကြည့်နေသည့် လမ်းကြောင်းအတိုင်း လိုက်ကြည့်လိုက်ပြီး ချက်ချင်း သဘောပေါက်သွားခဲ့သည်။
"သူတို့ မိသွားပြီ ထင်တယ်"
သူ့၏ လေသံကို ကြားရုံဖြင့် သူ ဤကိစ္စကို ကြိုတင်သိရှိနေကြောင်း ဝမ်ယဲ့ ရိပ်မိလိုက်ပြီး မေးလိုက်ပြန်သည်။
"အမတ်မင်းက ဘယ်လိုလုပ် သိနေတာလဲ"
ရွှီယွဲ့ကျားက သူမကို ကြည့်ကာ ရှင်းပြနေသည်။
"အစ်ကိုကြီးနဲ့ ကျင့်ရုံတို့ ဒီလို လုပ်ဖို့ ပထမဆုံးအကြိမ် စပြီး ကြံစည်တုန်းက ကိုယ် မတော်တဆ တွေ့ခဲ့တာ"
ဝမ်ယဲ့က အံ့ဩတကြီး ရေရွတ်လိုက်သည်။
"ဒါက ပထမဆုံးအကြိမ် မဟုတ်ဘူးပေါ့"
ရွှီယွဲ့ကျားက ခေါင်းညိတ်ပြနေသည်။
ဝမ်ယဲ့က ခဏမျှ တွေးတောပြီး ထပ်မေးလိုက်သည်။
"ယောက်ျား ရထားလုံးနဲ့ လာတာမလား"
ရွှီယွဲ့ကျား : "အင်း"
ဝမ်ယဲ့ : "ဒါဆို ကျွန်မ ရှင့်ရထားလုံးနဲ့ပဲ ပြန်လိုက်ခဲ့မယ်"
'အကြီးဆုံးယောင်းမရဲ့ စိတ်အခြေအနေက အခုအချိန်မှာ တော်တော်လေး ဆိုးရွားနေလောက်ပြီ၊ အိမ်တော်ကို ပြန်သွားပြီး ဒေါသပုံအောခံရမယ့်အထဲ မပါတာက အကောင်းဆုံးပဲ'