← Chapters

အခန်း ၈၉

Vol. 9 Ch. 89

အခန်း ၈၉

Vol. 9 Ch. 89

အခန်း ၈၉ သွေးခုန်နှုန်းစမ်းဖို့

ဝမ်ယဲ့ကတော့ ထိုသားအဖနှစ်ယောက်၏ စကားပြောသံများကို သဲသဲကွဲကွဲ မကြားရချေ။ သူမ ထိုနေရာသို့ ခဏသာ လှမ်းကြည့်နေပြီးနောက် လက်ဖက်ရည် ဆက်သောက်ကာ ဝတ္ထုစာအုပ်ဖတ်ရန် နူးညံ့သော ကျောမှီညောင်စောင်းပေါ်သို့ ပြန်မှီချလိုက်သည်။

သို့သော် သူမ စာမျက်နှာ နှစ်မျက်နှာပင် မလှန်ရသေးခင် ရွှီယွဲ့ကျား ပြန်ဝင်လာခဲ့သည်။

ဝမ်ယဲ့က အသံကြားသဖြင့် အမှတ်တမဲ့ မော့ကြည့်လိုက်သော်လည်း သူတစ်ယောက်တည်း ဖြစ်နေသည်ကို မြင်လိုက်ရသောကြောင့် သူ့နောက်သို့ အကြည့်ရွှေ့ရင်း လှမ်းမေးလိုက်သည်။

"ရွှမ်အာရော"

ရွှီယွဲ့ကျားက မီးဖိုဘေးတွင် ပြန်ထိုင်လိုက်ပြီး မီးညှပ်ကို ကိုင်ကာ မီးသွေးခဲများကို ဆွပေးရင်း ပြန်ပြောလာခဲ့သည်။

"သူ အိမ်စာလုပ်ဖို့ ပြန်သွားတယ်"

ထိုစကားကို ကြားလိုက်ရချိန်တွင် ဝမ်ယဲ့၏ မျက်နှာပေါ်၌ မယုံကြည်နိုင်သည့် အရိပ်အယောင်များ ထင်ဟပ်သွားပြီး ထပ်မေးလိုက်သည်။

"ရှင် ပြောတာ ရွှမ်အာကိုလား"

ရွှီယွဲ့ကျားက သူ၏မျက်လုံးများကို ပင့်တင်ကာ တည်ငြိမ်သော မျက်နှာဖြင့် ပြန်ပြောလိုက်သည်။

"သူ မဟုတ်ရင် ဘယ်သူရှိဦးမှာလဲ"

ဝမ်ယဲ့က ခဏမျှ စဉ်းစားလိုက်ပြီးနောက် ထပ်မေးလိုက်သည်။

"ရှင် သူ့ကို အတင်းအကျပ် တွန်းအားပေးလိုက်တာတော့ မဟုတ်ပါဘူးနော်"

ရွှီယွဲ့ကျား : "သူ့သဘောနဲ့သူ ပြန်သွားတာပါ"

ဝမ်ယဲ့က မျက်ခုံးလေးကို အနည်းငယ် ပင့်လိုက်မိသော်လည်း ဘာမှ ဆက်မပြောတော့ပေ။

တစ်ဖက်တွင်မူ 'သူသဘောနှင့်သူ' ပြန်သွားရသည့် ရွှီယွိရွှမ်က အိမ်စာ စာရွက်အချို့ကို ပွေ့ပိုက်လျက် ပင်မခြံဝင်းဆီသို့ သနားစရာကောင်းလောက်အောင် လျှောက်လှမ်းနေရှာသည်။

လုသခင်မက အလုပ်ရှုပ်နေပြီး ထိုကောင်လေးနှစ်ယောက်ကို ရုတ်တရက် မြင်လိုက်ရသဖြင့် ခဏမျှ ကြောင်အသွားခဲ့ရသည်။

ရွှီကျင့်လင်းက နှင်းလူရုပ်လေးတစ်ခုကို ကိုင်ထားရင်း ပြောလိုက်သည်။

"အမေ... သား ရွှမ်အာကို စာရေးလေ့ကျင့်ဖို့ ခေါ်လာတာ"

"အကြီးဆုံးအဒေါ်"

ရွှီယွိရွှမ်က ငိုသံပါလေးဖြင့် နှုတ်ဆက်လိုက်သည်။

လုသခင်မလည်း ချက်ချင်း စိတ်မကောင်းဖြစ်သွားပြီး မေးမြန်းလိုက်သည်။

"ဘာတွေဖြစ်လာကြတာလဲ"

သူမက ခန်ကုတင်ပေါ်မှ ဆင်းကာ ရွှီယွိရွှမ်ကို ရင်ခွင်ထဲသို့ ဆွဲသွင်းလျက် ညင်ညင်သာသာ ထပ်မေးလိုက်သည်။

"ငါတို့ ရွှမ်အာလေးကို ဘယ်သူအနိုင်ကျင့်လိုက်တာလဲ"

ရွှီယွိရွှမ် စကားမပြောနိုင်သေးခင်မှာပင် ရွှီကျင့်လင်းက သူ့နှင်းလူရုပ်လေးကို စားပွဲပေါ်သို့ တင်လိုက်ရင်း ဝင်ဖြေပေးလိုက်သည်။

"ဒုတိယဦးလေးက ရွှမ်အာကို အိမ်စာလုပ်ရမယ်လို့ ပြောလိုက်တာပါ"

ရွှီယွိရွှမ်က ချက်ချင်း ငြင်းဆန်လိုက်သည်။

"မဟုတ်ဘူး... အဲ့ဒါကြောင့် မဟုတ်ဘူး"

လုသခင်မက ညီအစ်ကိုနှစ်ယောက်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် အထိန်းတော်ကျိထံသို့ အကြည့်ရွှေ့ကာ လှမ်းမေးလိုက်သည်။

"ကျိမား... ဘာဖြစ်ခဲ့တာလဲ"

အထိန်းတော်ကျိ ရှေ့သို့ လှမ်းလာပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် ရွှီယွိရွှမ်က ဦးအောင် ဖြတ်ပြောလိုက်သည်။

"ဖေဖေက ရွှမ်အာ လုပ်ထားတဲ့ နှင်းလူရုပ်ကို မကြိုက်လို့"

လုသခင်မက အထိန်းတော်ကျိကို လက်ကာပြလိုက်ပြီး မပြောရန် တားမြစ်လိုက်သည်။

သူမက ရွှီယွိရွှမ်ကို ငုံ့ကြည့်ကာ နူးညံ့သောအသံဖြင့် မေးလိုက်သည်။

"ရွှမ်အာ... သားက ဖေဖေ့ကို အထင်လွဲနေတာလား"

သူမ သိထားသလောက် သူမ၏ မတ်လေးက သူ့၏အကြိုက် သို့မဟုတ် သူ မကြိုက်သည့်အရာများကို တိုက်ရိုက် ထုတ်ဖော်ပြသလေ့မရှိသော လူတစ်ယောက်သာ ဖြစ်သည်။ အထူးသဖြင့် ရွှမ်အာက ငယ်သေးသည့်အတွက် ပိုဖြစ်နိုင်ချေ မရှိပေ။

ရွှီယွိရွှမ်က ခေါင်းကို ပြတ်ပြတ်သားသား ခါယမ်းရင်း အခိုင်အမာ ပြောပြနေသည်။

"မဟုတ်ဘူး... အထင်မလွဲပါဘူး"

လုသခင်မက ခဏမျှ စဉ်းစားလိုက်ပြီးနောက် ထပ်မေးလိုက်သည်။

"ဒါဆို ရွှမ်အာက နှင်းလူရုပ်ကို ဘယ်လိုလုပ်ခဲ့တာလဲဆိုတာ အကြီးဆုံးအဒေါ်ကို ပြောပြပါဦး"

ရွှီယွိရွှမ်က သွက်သွက်လက်လက်လေး ပြန်ဖြေလိုက်သည်။

"နှင်းလုံးအသေးလေးတစ်ခု လှိမ့်တယ်၊ ပြီးတော့ နှင်းလုံးအကြီးကြီးတစ်ခု လှိမ့်တယ်၊ အဲ့ဒီအသေးလေးကို အကြီးကြီးပေါ် တင်လိုက်တယ်၊ ပြီးတော့ နှင်းလုံးအသေးလေးပေါ်မှာ ဦးထုပ်ဆောင်းပေးလိုက်တယ်"

သူက စကားပြောနေရင်း တစ်ချက်မျှ မနားဘဲ ဟိုခုန်ဒီခုန်ဖြင့် လက်ဟန်ခြေဟန်ပါ လုပ်ပြနေခဲ့သည်။

သူ့စကားများကို နားထောင်ရသည်မှာ ပုံမှန်အတိုင်းပင် ဖြစ်သော်လည်း လုသခင်မ နက်နက်ရှိုင်းရှိုင်း ထပ်မမေးမြန်းနိုင်သေးခင်မှာပင် ရွှီကျင့်လင်းက ကြားဖြတ် ဝင်ပြောလိုက်သည်။

"အဲ့ဒီဦးထုပ်ကို ထင်းရှူးခက်တွေနဲ့ လုပ်ထားတာလေ၊ အစိမ်းရောင်တောက်တောက်ကြီး"

လုသခင်မ : "......"

‘ကျိထန်းတစ်ယောက် ဒေါသထွက်သွားတာ မဆန်းတော့ပါဘူးဟယ်’

ရွှီယွိရွှမ်က သူမကို စိုးရိမ်တကြီး စိုက်ကြည့်နေဆဲပင်။

လုသခင်မက သူ့ကို ကြည့်ကာ သက်ပြင်းချရင်း နူးညံ့စွာ ပြောလိုက်သည်။

"မင်းဖေဖေ... ပြောတာ မှန်တယ်၊ မင်း အိမ်စာ သွားလုပ်သင့်တယ်၊ စာဖတ်တာက လူကို အသိဉာဏ်တိုးစေတယ်၊ မင်းဖေဖေက မင်းအတွက် စေတနာနဲ့ ပြောတာပါ"

ရွှီယွိရွှမ်တစ်ယောက် တစ်စုံတစ်ရာ ပြန်မတုံ့ပြန်နိုင်သေးခင်မှာပင် လုသခင်မက သူမ၏ သားငယ်လေးကို ကြည့်ကာ ပြောလိုက်ပြန်သည်။

"မင်းလည်း တူတူပဲ... နှင်းတွေနဲ့ အလွန်အကျွံ မဆော့နဲ့တော့၊ ဆရာပေးလိုက်တဲ့ အိမ်စာတွေကို သွားယူချေ၊ အမေ မင်းတို့နှစ်ယောက်လုံးကို စောင့်ကြည့်ပေးမယ်"

"အဒေါ်..."

ရွှီယွိရွှမ်၏ ဝိုင်းစက်နေသော မျက်နှာလေးထက်တွင် မယုံကြည်နိုင်မှုများ အထင်အရှား ပေါ်လွင်နေခဲ့သည်။

ရွှီကျင့်လင်းကတော့ ပိုမခံမရပ်နိုင် ဖြစ်နေရှာသည်။ သူက သူ့ညီလေးကို သူ့အမေ့ဆီ လိုက်ပို့ပေးရုံသက်သက်သာ ဖြစ်သော်လည်း အဘယ်ကြောင့် သူပါ အိမ်စာလုပ်ရမည်ကို သူ နားမလည်နိုင်တော့ချေ။

သို့သော်လည်း ကောင်လေးနှစ်ယောက် မည်မျှပင် ချွဲနွဲ့ပြီး အလိုလိုက်ခံရရန် တောင်းဆိုနေပါစေ လုသခင်မက တုန်လှုပ်ခြင်းမရှိခဲ့ပေ။ မကြာမီမှာပင် လုသခင်မ၏ ရှေ့မျက်နှာချင်းဆိုင်ရှိ နွေးထွေးသော ခန်ကုတင်ပေါ်သို့ စားပွဲတစ်လုံး ထပ်နေရာယူလာခဲ့သည်။

ရွှီယွိရွှမ်နှင့် ရွှီကျင့်လင်းတို့က တစ်ဖက်တစ်ချက်စီ ထိုင်ကာ လုသခင်မ၏ စောင့်ကြည့်မှုအောက်၌ စာရေးခြင်းကို စတင်လေ့ကျင့်ကြရသည်။

နေလယ်စာစားချိန် ရောက်လာသည်နှင့် ဝမ်ယဲ့က သူမ၏ ကိုယ်ပိုင်လက်ရာဖြစ်သော 'သံဒယ်အိုးငန်းသားချက်' ကို ယူဆောင်လျက် ပင်မအဆောင်သို့ ရောက်ရှိလာခဲ့သည်။ သို့သော် သူမ မြင်လိုက်ရသည်က အားနည်းနေပုံရသော ညီအစ်ကိုနှစ်ယောက်၏ မျက်နှာများကိုသာ ဖြစ်သည်။

ဝမ်ယဲ့က ထွေထွေထူးထူး မစဉ်းစားမိဘဲ ကလေးများ ဆော့ကစားလွန်း၍ မောပန်းနေကြခြင်း ဖြစ်လိမ့်မည်ဟုသာ မှတ်ယူလိုက်သည်။

ထမင်းစားနေစဉ်အတွင်း လုသခင်မက ပေါ့ပေါ့ပါးပါးပင် စကားစလိုက်သည်။

"အကြီးဆုံးအဒေါ်ဆီကနေ စာတစ်စောင် ရောက်လာတယ်၊ ဝမ်းကွဲမောင်လေး ထင်ရွှမ်းက မြို့တော်ကို လာနေပြီတဲ့၊ သူတစ်ယောက်တည်း ခရီးနှင်လာတာဆိုတော့ ငါတို့ ကူညီစောင့်ရှောက်ပေးဖို့ စာထဲမှာ ရေးထားတယ်"

ရွှီနယ်စားမင်းက နားမလည်နိုင်ဖြစ်နေပြီး ပြန်မေးလိုက်သည်။

"သူက ဘာလို့ တစ်ယောက်တည်း ဖြစ်နေရတာလဲ၊ အကြီးဆုံးအဒေါ်တို့ကရော ဘယ်ရောက်နေလို့လဲ"

ရွှီနယ်စားမင်းလည်း သူ၏ဝမ်းကွဲညီလေး မကြာသေးမီက ရာထူးတိုးသွားသည်ကို သိရှိထားခဲ့သည်။

ပြီးခဲ့သည့်အခေါက် နဝမမင်းသား၏ အကြွင်းအကျန်များ ပေါ်ပေါက်လာမှုတွင် နန်းတွင်းအရာရှိအချို့ ပါဝင်ပတ်သက်ခဲ့သဖြင့် နန်းတော်၌ လစ်လပ်နေသော ရာထူးနေရာ အများအပြား ရှိနေခဲ့သည်။ ထို့ကြောင့် ဧကရာဇ်မင်းမြတ်က ထိုနေရာများကို အစားထိုးရန် ဒေသန္တရအရာရှိအချို့ကို ရာထူးတိုးမြှင့်ပြီး မြို့တော်သို့ ခေါ်ယူခဲ့ရာ ရွှီနယ်စားမင်း၏ ဝမ်းကွဲညီလေးကလည်း ရွေးချယ်ခံရသူများအနက် တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်။

လုသခင်မက အကျဉ်းချုံး ရှင်းပြနေသည်။

"ဝမ်းကွဲမောင်လေးရဲ့ ဇနီးမှာ ကိုယ်ဝန်ရှိနေလို့လေ၊ ခရီးလမ်းမှာ ရထားလုံးက လှုပ်ခါလွန်းတော့ အကြီးဆုံးအဒေါ်က မိခင်ရော ကလေးအတွက်ပါ စိုးရိမ်နေတာ၊ အဲ့ဒါကြောင့် ဝမ်းကွဲမောင်လေးကို မြို့တော်ကို အရင်လာခိုင်းပြီး သူကတော့ လင်းချန်မှာ ဝမ်းကွဲယောင်းမလေးနဲ့အတူ နေခဲ့တာ၊ ကလေးမွေးပြီးမှပဲ မြို့တော်ကို ဖြည်းဖြည်းချင်း ပြောင်းလာကြမယ်တဲ့"

ယောင်မိသားစုကလည်း သူတို့၏ သမီးဖြစ်သူကို ရုတ်တရက်ကြီး မခွဲခွာချင်ကြပေ။ ထို့အပြင် အရာရှိယောင် ရှိနေသရွေ့တော့ အကြီးဆုံးအဒေါ်နှင့် ဝမ်းကွဲယောင်းမလေးတို့ အနိုင်ကျင့်ခံရမည် မဟုတ်ပေ။

ရွှီနယ်စားမင်းက သူ သိပြီဖြစ်ကြောင်း ခေါင်းညိတ်ပြနေသည်။

"ဒါက ကျိုးကြောင်းဆီလျော်ပါတယ်၊ ကိုယ်ဝန်ဆောင်သည်နဲ့ ကလေးရဲ့ ဘေးကင်းရေးက အရေးကြီးဆုံးပဲလေ"

"ဟုတ်တယ်၊ ဒါကြောင့် ကျွန်မလည်း ကလေးအဝတ်အစား ချုပ်ဖို့ သင့်တော်တဲ့ ပိတ်စတွေနဲ့ အာဟာရဖြည့်စွက်စာတချို့ ပြင်ဆင်ပြီး နောက်ရက်အနည်းငယ်အတွင်း ပို့ပေးဖို့ စီစဉ်ထားတယ်"

လုသခင်မက ထပ်ပြောလိုက်သည်။

ယခုအချိန်မှ စရေတွက်လျှင် ကလေးမွေးဖွားပြီး မြို့တော်သို့ ပြောင်းရွှေ့နိုင်သည့်အချိန်အထိ အနည်းဆုံး တစ်နှစ်ခွဲ သို့မဟုတ် နှစ်နှစ်ခန့် ကြာမြင့်ပေလိမ့်မည်။

ကလေးမွေးပြီးပြီးချင်း ချက်ချင်း ပြန်လာရန်ကလည်း မဖြစ်နိုင်ပေ။ ထိုအရာက အလွန်အန္တရာယ်များလွန်းသည်။ အနည်းဆုံးတော့ ကလေး ခြောက်လသားအရွယ်ခန့်အထိ စောင့်ဆိုင်းသင့်သည်။

ကလေးအကြောင်း ပြောရင်းဖြင့် လုသခင်မက သူမ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဇနီးမောင်နှံကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ဝမ်ယဲ့ကတော့ ဘာကိုမျှ စိတ်ဝင်စားပုံမရဘဲ အစားအသောက်အပေါ်တွင်သာ အာရုံစိုက်နေခဲ့ပြီး ရွှီယွဲ့ကျားက ဘာမှမသိနားမလည်သလို တည်ငြိမ်နေကာ အများသုံး တူကို ကိုင်ထားပြီး ဝမ်ယဲ့၏ ပန်းကန်ထဲသို့ ငန်းပေါင်တစ်ခု ထည့်ပေးနေသည်။

သူတို့နှစ်ယောက်ကြားတွင် ထိုင်နေသော ရွှီယွိရွှမ်က ထိုမြင်ကွင်းကို မြင်သွားပြီး သူ၏ ပန်းကန်လုံးအသေးလေးကို အမြန် ရှေ့တိုးပေးလိုက်သည်။

ထို့နောက်တွင်တော့ သူလည်း ငန်းပေါင်တစ်ချောင်းကို ရရှိသွားခဲ့သည်။

သူတို့ သုံးဦးစလုံးက လုသခင်မ၏ စကားများဒဏ်မှ ကင်းလွတ်နေသလို သူတို့၏ ကိုယ်ပိုင်မိသားစုကမ္ဘာလေးထဲ၌ သီးသန့် ရပ်တည်နေကြသည်။

ဝမ်ယဲ့က မျက်နှာချင်းဆိုင်မှ အကြည့်ကို သတိပြုမိသွားပြီး မော့ကြည့်လိုက်ကာ ဝင်ပြောလိုက်သည်။

"ကျွန်မလည်း သေတ္တာတစ်လုံး ပြင်ဆင်ထားတာ ရှိတယ်၊ နောက်မှ ချင်းရွှယ်နဲ့ ပိုင်မေ့တို့ကို လွှတ်ပြီး လာသယ်ခိုင်းလိုက်ပါ"

"ကောင်းပြီလေ"

လုသခင်မက ဘာမှမဖြစ်သလို ပြန်ဖြေလိုက်သော်လည်း သူမ၏စိတ်ထဲတွင် အခြားအရာတစ်ခုကို တွေးတောနေမိသောကြောင့် ထမင်းစားချိန်တစ်လျှောက်လုံး အစားအသောက်ပင် သိပ်မဝင်နိုင်ခဲ့ချေ။

နေလယ်စာစားပြီးနောက် ဝမ်ယဲ့က သူမ၏ ခင်ပွန်း၊ သားဖြစ်သူတို့နှင့်အတူ ပြန်ထွက်ခွာသွားပြီး ရွှီနယ်စားမင်းကလည်း ရွှီကျင့်လင်းကို အရှေ့ဘက်အဆောင်သို့ ပြန်ပို့ပေးခဲ့သည်။

ထို့နောက်တွင် ရွှီနယ်စားမင်းက နွေးထွေးသော အခန်းအတွင်းသို့ ပြန်ဝင်လာပြီး လုသခင်မကို မေးမြန်းလိုက်သည်။

"ယောင်ရှင်း.... မင်း ဒီနေ့ ဘာဖြစ်နေတာလဲ၊ နေလယ်စာစားတုန်းက မင်း ထမင်း သိပ်မစားတာကို ကိုယ် သတိထားမိတယ်"

လုသခင်မက သူ့ကို တစ်ချက် လှမ်းကြည့်ကာ ရုတ်တရက် သက်ပြင်းချလိုက်ရင်း ပြောလိုက်သည်။

"ဒီနေ့ ကျွန်မ ဝမ်းကွဲမောင်လေးရဲ့ ဇနီးနဲ့ ကလေးအကြောင်း ပြောတုန်းက ကျိထန်းနဲ့ ယဲ့နျန်းတို့ဆီမှာ ဘာတုံ့ပြန်မှုမှ မရှိတာကို သတိထားမိလား၊ ရှင်ရော... အဲ့ဒါက ဘယ်လိုအဓိပ္ပာယ်ဆိုတာ သိလား"

ရွှီနယ်စားမင်းက နားမလည်နိုင်ဟန်ဖြင့် ပြန်မေးလိုက်သည်။

"မင်းက သူတို့ဆီကနေ ဘယ်လိုတုံ့ပြန်မှုမျိုး လိုချင်လို့လဲ"

လုသခင်မက သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီးမှ ပြန်ပြောလိုက်သည်။

"ရှင် မမှတ်မိဘူးလား၊ ကျိထန်းနဲ့ ယဲ့နျန်း အိမ်ထောင်ကျတာ အခုဆို တစ်နှစ်တောင် ရှိနေပြီလေ"

မူလက အိမ်တော်တွင် ရွှီယွိရွှမ် ရှိနေသည့်အပြင် လုသခင်မကိုယ်တိုင်ကလည်း သူတစ်ပါးကို ကလေးယူရန် အတင်းအကျပ် တိုက်တွန်းတတ်သည့် အမျိုးအစား မဟုတ်သဖြင့် သူမ ဤကိစ္စကို သိပ်ပြီး အလေးအနက် မတွေးမိခဲ့ပေ။ သို့သော်လည်း မနေ့က လင်းချန်မှ စာတစ်စောင် ရရှိပြီးနောက်တွင်တော့ သူမ၏ စိတ်ထဲသို့ အတွေးများ ရုတ်တရက် ဝင်ရောက်လာခြင်း ဖြစ်သည်။

ရွှီနယ်စားမင်းက အနည်းငယ် စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။

"ဖြစ်နိုင်တာကတော့ သူတို့ရဲ့ ကံကြမ္မာ ရောက်မလာသေးလို့ နေမှာပေါ့"

လုသခင်မက ထိုအချက်ကို သဘောမတူဘဲ အကြံပြုလိုက်သည်။

"ဒါမှမဟုတ်ရင် ရှင်ပဲ သွားပြီး အကဲခတ်ကြည့်ပါလား"

ရွှီနယ်စားမင်းက ဆန္ဒမရှိဟန်ဖြင့် ငြင်းဆန်လိုက်သည်။

"ကိုယ်က ဘာလို့ သွားရမှာလဲ"

အမှန်အတိုင်း ပြောရလျှင် မကြာသေးမီက သူ သူ၏ညီငယ်နှင့် နီးနီးကပ်ကပ် ရှိနေရသည်ကို လန့်နေသလိုလို ခံစားနေခဲ့ရသည်။

လုသခင်မက ရှင်းပြလိုက်သည်။

"ဒါက ရှင့်အလုပ်ပဲ ဖြစ်သင့်တာပေါ့၊ ရှင်တို့က ညီအစ်ကိုအရင်းတွေလေ၊ တိုက်ရိုက် ပြောလိုက်လို့ရတယ်၊ တကယ်လို့ ကျွန်မ သွားပြောပြီး တစ်ခုခု အမှားပါသွားရင် ယဲ့နျန်းက ကျွန်မအပေါ် ဘယ်လိုထင်သွားမလဲ"

နောက်ဆုံးတွင် ရွှီနယ်စားမင်းလည်း သဘောပေါက်သွားပြီး ပြန်မေးလိုက်သည်။

"မင်း ပြောချင်တာက ကျိထန်းမှာ ပြဿနာတစ်ခုခု ရှိနေတာလား"

လုသခင်မက တိုက်ရိုက် အတည်မပြုဘဲ သူ့ကို ထပ်တိုက်တွန်းလိုက်သည်။

"ကျွန်မက ရှင့်ကို သွားမေးကြည့်ဖို့ပဲ အကြံပေးတာပါ"

ခပ်ပေါ့ပေါ့ ငြင်းခုံပြီးနောက်တွင်တော့ ရွှီနယ်စားမင်းက အလျှော့ပေးလိုက်သည်။

"ကောင်းပြီလေ၊ အခွင့်အရေးရရင် ကိုယ် မေးကြည့်လိုက်ပါ့မယ်"

လုသခင်မက ထပ်တိုက်တွန်းနေပြန်သည်။

"အခုပဲ သွားလိုက်ပါ"

ရွှီနယ်စားမင်း : "......"

သူ အနည်းငယ် တွေဝေနေပြီးနောက် နောက်ဆုံးတွင် အနောက်ဘက်ခြံဝင်း၏ အရှေ့ဘက်အဆောင်မှ ရွှီယွဲ့ကျား၏ စာကြည့်ခန်းသို့ ဦးတည်ထွက်ခွာလာခဲ့သည်။

ရွှီယွဲ့ကျားက သူ့ကို လှမ်းကြည့်ပြီး တရိုတသေ မေးလိုက်သည်။

"အစ်ကိုကြီး၊ ကိစ္စတစ်ခုခု ရှိလို့လား"

ရွှီနယ်စားမင်းက အခန်းထဲသို့ ဝင်လာရင်း ပြောလိုက်သည်။

"ဟုတ်တယ်၊ ကိစ္စတစ်ခု ရှိလို့၊ အဟမ်း... အဟမ်း"

သူက သူ့၏ စိတ်မသက်မသာ ဖြစ်နေမှုကို ဖုံးကွယ်ရန်အတွက် အသာအယာ ချောင်းဟန့်လိုက်သေးသည်။

ရွှီယွဲ့ကျားက လက်ထဲမှ စာရေးစုတ်တံကို ချလိုက်ရင်း မေးမြန်းလိုက်သည်။

"ဘာကိစ္စလဲ"

ရွှီနယ်စားမင်းက ရွှီယွဲ့ကျား၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး သူ့ကို အတန်ကြာ စိုက်ကြည့်နေပြီးမှ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြောလိုက်သည်။

"မင်းရဲ့ သွေးခုန်နှုန်းကို စစ်ဆေးဖို့ ငါ သမားတော်တစ်ယောက် တိတ်တိတ်လေး ရှာပေးရမလား"

ရွှီယွဲ့ကျားက ခေတ္တမျှ ဆွံ့အသွားပြီး ပြန်မေးလိုက်သည်။

"ဘာကို သွေးခုန်နှုန်း တိုင်းတာလဲ"

ရွှီနယ်စားမင်းလည်း စကားလုံး ထုတ်ဖော်ရန် ခက်ခဲနေပုံဖြင့် အချိန်အတော်ကြာ အာစေးမိနေခဲ့သည်။

ထိုမြင်ကွင်းကို မြင်နေရသော ရွှီယွဲ့ကျားက စကားစလိုက်သည်။

"အစ်ကိုကြီး"

နောက်ဆုံးတွင် ရွှီနယ်စားမင်းက သက်ပြင်းအရှည်ကြီး ချလိုက်ရင်း ပြောချလိုက်သည်။

"မင်းနဲ့ ခယ်မလေး လက်ထပ်ထားတာ တစ်နှစ်တောင် ရှိနေပြီ၊ ဘာလို့ အခုထိ သတင်းကောင်း မကြားရသေးတာလဲ၊ ငါ မင်း အထင်မလွဲအောင် ရှင်းရှင်းလင်းလင်း ပြောပါရစေဦး၊ မင်းရဲ့ ကျန်းမာရေးမှာ ပြဿနာရှိနေတယ်လို့ ငါ သံသယဝင်နေတာ မဟုတ်ပါဘူး၊ ငါက ဒီတိုင်း ပေါ့ပေါ့ပါးပါး မေးကြည့်တာပါ"

ရွှီယွဲ့ကျား : "......"

ရှီးခန်တစ်ဝက်ခန့် ကြာပြီးနောက် ရွှီယွဲ့ကျားလည်း အနောက်ဘက်အဆောင်သို့ ပြန်ရောက်ရှိလာခဲ့သည်။

ဝမ်ယဲ့က ထောင်ကျီ၊ ယွင်ကျီတို့နှင့်အတူ ကဒ်ကစားနေခဲ့ပြီး ရွှီယွိရွှမ်ကတော့ သူမ၏ လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်နေသည်။ သို့သော်လည်း ယနေ့တွင် သူမ၏ ကံက အလွန်ကောင်းနေခဲ့ပြီး ရွှီယွိရွှမ်၏ မျက်နှာထက်တွင် စက္ကူစရှည်လေး နှစ်ချောင်းသာ ကပ်ထားခံရသည်။

ရွှီယွဲ့ကျား လျှောက်လာသည်ကို မြင်သည်နှင့် ဝမ်ယဲ့က လှမ်းမေးလိုက်သည်။

"အမတ်မင်း၊ ရှင်ရော ကစားချင်သေးလား"

ရွှီယွဲ့ကျားက ကဒ်များကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် သူမဘက်သို့ လှည့်ကာ ပြန်ဖြေလိုက်သည်။

"ကိုယ် မင်းကို ပြောစရာ ကိစ္စတစ်ခု ရှိတယ်"

ဝမ်ယဲ့က ကဒ်များကို ချက်ချင်း အောက်ချလိုက်ပြီး ထောင်ကျီနှင့် ယွင်ကျီတို့ကို အပြင်သို့ ထွက်သွားရန် အချက်ပြလိုက်သည်။

"အရင် ထွက်သွားလိုက်ဦး"

ရွှီယွဲ့ကျားက မတ်တပ်ရပ်နေဆဲဖြစ်ပြီး သူ၏ အကြည့်က သူမ၏ ဘေးတွင် ထိုင်နေသော ရွှီယွိရွှမ်ထံသို့ အနည်းငယ် ကျရောက်သွားခဲ့သည်။

ဝမ်ယဲ့က သူ၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ပြီး သဘောပေါက်သွားကာ ပြန်မေးလိုက်သည်။

"အထဲဝင်ပြီး စကားပြောကြမလား"

ရွှီယွဲ့ကျားက ခေါင်းညိတ်လိုက်သည်။

"အင်း"

အပယ်ခံလိုက်ရသည်ဟု ခံစားလိုက်ရသော ရွှီယွိရွှမ်က ရုတ်တရက် ထရပ်လိုက်ပြီး ဝင်မေးလိုက်သည်။

"ဒါဆို ရွှမ်အာက ဘာလုပ်ရမှာလဲ"

ဝမ်ယဲ့က စားပွဲပေါ်မှ မုန့်ပန်းကန်ကို သူ့ရှေ့သို့ ဆွဲပေးလိုက်ရင်း ပြန်ဖြေလိုက်သည်။

"ရွှမ်အာက ဒါတွေကို အရင်စားထားနှင့်"

ရွှီယွိရွှမ်က ဤအရာကို လုံးဝ မကျေနပ်နိုင်သဖြင့် သူ၏ အကြည့်ကို ရွှေ့လိုက်ရာ ရွှီယွဲ့ကျား၏ အကြည့်နှင့် ဆုံတွေ့သွားရသည်။

ဝမ်ယဲ့ သူမ၏ နှုတ်ခမ်းအစုံကို ဟရန် ပြင်နေစဥ်မှာပင် ရွှီယွဲ့ကျားတစ်ယောက် ရွှီယွိရွှမ်ဘက်သို့ လှည့်ကာ မေးနေသည့်အသံကို ကြားလိုက်ရသည်။

"မင်း အိမ်စာတွေ လုပ်ပြီးပြီလား"

ရွှီယွိရွှမ်က ချက်ချင်း ပါးစပ်ပိတ်သွားပြီး မုန့်ကိုသာ ငြိမ်ငြိမ်လေး ငုံ့စားနေလေသည်။

ဝမ်ယဲ့လည်း ရွှီယွဲ့ကျားနှင့်အတူ အနောက်ဘက်စာကြည့်ခန်းထဲသို့ အောင်မြင်စွာ ဝင်လာနိုင်ခဲ့ပြီး သူ့ကို မေးလိုက်သည်။

"ဘာကိစ္စမလို့လဲဟင် ယောက်ျား"

ရွှီယွဲ့ကျားက လိုရင်းကိုသာ တိုက်ရိုက်ပြောလိုက်သည်။

"ခုနတင် အစ်ကိုကြီး ရောက်လာပြီး ကိုယ့်ကို ကလေးကိစ္စ မေးသွားတယ်"

ထိုစကားတစ်ခွန်းတည်းဖြင့် ဝမ်ယဲ့က ကိစ္စတစ်ခုလုံးကို အပြည့်အဝ သဘောပေါက်သွားပြီး သက်ပြင်းချလိုက်သည်။

'ဟူး.... နောက်ဆုံးတော့ ရောက်လာပြီပဲ'

ဝမ်ယဲ့က ထပ်မေးလိုက်သည်။

"ဒါဆို.... ရှင် ဘယ်လိုပြန်ဖြေလိုက်လဲ"

ရွှီယွဲ့ကျားက လိုတိုရှင်းသာ ပြန်ဖြေလိုက်သည်။

"ကလေးမယူဖို့က ကိုယ်ရဲ့ ဆုံးဖြတ်ချက် ဖြစ်ပြီး မင်းက ကိုယ့်ဆန္ဒအတိုင်း လိုက်လျောပေးတာလို့ ပြောလိုက်တယ်"

ဝမ်ယဲ့က အနည်းငယ်မျက်မှောင်ကြုတ်လိုက်ရင်း ပြန်မေးလိုက်သည်။

"အဲ့ဒါပဲလား"

ရွှီယွဲ့ကျားက တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။

"အင်း"

"ပြီးတော့..."

သူ့စကား မဆုံးသေးခင်မှာပင် အပြင်ဘက်မှ ထွက်ပေါ်လာသည့် အသံတစ်ခုကြောင့် စကားစပြတ်သွားခဲ့သည်။

ဝမ်ယဲ့က အပြင်မှ လူကို အထဲဝင်ရန် ခွင့်ပြုလိုက်သည်။

ထောင်ကျီက တံခါးကို တွန်းဖွင့်ဝင်လာပြီး သတင်းပို့နေသည်။

"သခင်မ... အဓိကခြံဝင်းက သခင်မကို လာခေါ်ခိုင်းနေပါတယ်"

ဝမ်ယဲ့က ပြန်ဖြေလိုက်သည်။

"ငါ သိပြီ၊ နင် အရင်သွားတော့"

စာကြည့်ခန်းတံခါး ပြန်ပိတ်သွားပြီးနောက် ရွှီယွဲ့ကျားက ညည်းတွားလိုက်သည်။

"အစ်ကိုကြီးက အခုထိ ကိစ္စတွေကို ဖုံးကွယ်ရကောင်းမှန်း မသိသေးဘူး"

သူက ဝမ်ယဲ့ကို ပြန်ကြည့်ကာ ထပ်ပြောလိုက်သည်။

"တကယ်လို့ မရီးက မေးလာရင်လည်း တာဝန်အားလုံးကို ကိုယ့်အပေါ် ပုံချလိုက်"

ဝမ်ယဲ့က ချက်ချင်း ခေါင်းမညိတ်ဘဲ အပြင်ဘက်တွင် မုန့်ကိုသာ အာရုံစိုက်စားနေသည့် ရွှီယွိရွှမ်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ရုတ်တရက် သူ့အနားသို့ လျှောက်သွားကာ သူ့ခေါင်းလေးကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။

ရွှီယွိရွှမ်က နားမလည်နိုင်ဟန်လေးဖြင့် မော့ကြည့်လာသည်။

"မေမေ"

ဝမ်ယဲ့က တည်တည်တံ့တံ့ဖြင့် ပြောလိုက်သည်။

"မေမေ မင်းရဲ့ အဒေါ်ဆီ သွားမလို့၊ သူ့ဆီက မင်း ရထားတဲ့ ချစ်ခြင်းမေတ္တာတွေကို မေမေ့အတွက် နည်းနည်းလောက် မြန်မြန် ကူးပေးစမ်းပါဦး"

နောက်မှ လိုက်ထွက်လာသည့် ရွှီယွဲ့ကျားက ထိုစကားကို ကြားသွားပြီး သူ စောစောက စိုးရိမ်ခဲ့မိသမျှအတွက် ရုတ်တရက် စကားမဲ့သွားရသည်။

......။.......။.....

အဓိကအဆောင်တွင်....

ဝမ်ယဲ့က ပင်မအဆောင်ကြီးထဲသို့ ဝင်လိုက်သည်နှင့် လုသခင်မ၏ မျက်နှာအမူအရာ မကောင်းသည်ကို သတိပြုမိလိုက်သည်။

သူမ၏ ရင်ထဲ၌ ရုတ်တရက် ထိတ်ခနဲ ဖြစ်သွားရသည်။

သူမ ရောက်လာသည်ကို မြင်သော်လည်း လုသခင်မက စကားအများကြီး မပြောပေ။ သူမက အစေခံမိန်းကလေးများကို အပြင်သို့ ထွက်သွားစေပြီး အဆောင်ထဲတွင် သမီးယောင်းမနှစ်ယောက်တည်းသာ ကျန်နေစေခဲ့သည်။ ထို့နောက်မှသာ စကား စပြောလာခဲ့သည်။

"ဒီနားကို တိုးထိုင်လေ"

သူမက သူမ အမြဲထိုင်လေ့ရှိသည့် နေရာ၏ ဘေးနားကို ညွှန်ပြလိုက်ခြင်းပင်။

ဝမ်ယဲ့က ခဏမျှ တုံ့ဆိုင်းနေပြီးမှ နောက်ဆုံးတွင်တော့ လုသခင်မနှင့် လက်တစ်ဝါးစာခန့်သာ ကွာဝေးသော နေရာ၌ ဝင်ထိုင်လိုက်သည်။

လုသခင်မက ဝမ်ယဲ့ကို အတန်ကြာ စိုက်ကြည့်နေပြီးမှ စပြောလိုက်သည်။

"နင်က အရူးလား၊ တကယ်ကို အသည်းယားဖို့ ကောင်းလိုက်တာ"

ကြိမ်းမောင်းသံများကို မျှော်လင့်ထားခဲ့သော ဝမ်ယဲ့တစ်ယောက် ဤကဲ့သို့ နှမြောတသဖြစ်နေသည့် လေသံကို ကြားလိုက်ရသဖြင့် ဆွံ့အသွားကာ ရေရွတ်လိုက်မိသည်။

"ရှင်"

လုသခင်မက ဝမ်ယဲ့၏ ရှေ့မှောက်တွင် ပထမဆုံးအကြိမ်အဖြစ် ပြင်းထန်သော ဒေါသကို ပြသရင်း ဆက်ပြောလာသည်။

"ဒုတိယမောင်လေးက ကလေးမယူဘူးပြောတာနဲ့ နင်က သူ့စကားကို ဒီတိုင်း နားထောင်လိုက်တာလား"

ဝမ်ယဲ့တစ်ယောက် စကားလုံးများ မစုစည်းနိုင်သေးခင်မှာပင် လုသခင်မက ထပ်ပြောလာပြန်သည်။

"တကယ်လို့ သူ နောင်ပိုင်း စိတ်ပြောင်းသွားတဲ့အချိန်ကျရင် နင့်ရဲ့ ခန္ဓာကိုယ်က... အဲ့အချိန်မှာ မကျန်းမာတော့ရင် ဒါက သူတစ်ပါးအတွက် အခွင့်အရေး ပေးလိုက်သလို ဖြစ်မသွားဘူးလား"

"နင် တကယ့်ကို အူတူတူ နိုင်လွန်းတယ်"

လုသခင်မက ကရုဏာဒေါသဖြင့် ဆူပူနေပြန်သည်။

"ပုံမှန်ဆိုရင် နင် အမြဲ ထက်မြက်ပြီး အကြံဥာဏ်တွေနဲ့ ပြည့်နေတာ မဟုတ်ဘူးလား၊ ဘာလို့ ဒီလိုကိစ္စမျိုးကျမှ ဒီလောက်တောင် ထုံထိုင်းသွားရတာလဲ"

"အမျိုးသမီးတွေ အသက်ကြီးလာရင် အားကိုးစရာဆိုလို့ ကိုယ့်ရဲ့ သွေးသားရင်းဖြစ်တဲ့ ကလေးပဲ ရှိတာလေ"

လုသခင်မက ဝမ်ယဲ့ ဤမျှအထိ ဘာကြောင့် ဝေဝေဝါးဝါး ဖြစ်နေရသည်ကို နားမလည်နိုင်ဖြစ်နေခဲ့သည်။ ထို့အပြင် သူမ၏ ဒုတိယမောင်ကလည်း ဤကဲ့သို့သော ဆုံးဖြတ်ချက်မျိုး ချလိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့မိပေ။

‘ဒါက တကယ့်ကို စိတ်ပျက်စရာ ကောင်းလွန်းတယ်’

ဤအခြေအနေက ဝမ်ယဲ့ မျှော်လင့်ထားခဲ့သည့် အခြေအနေမျိုး မဟုတ်နေခဲ့ပေ။ သူမလည်း သူမ၏စိတ်ကို ခဏတာအတွင်း ပြန်စုစည်းလိုက်ပြီးနောက် ရိုရိုကျိုးကျိုးလေး ပြန်ပြောလိုက်သည်။

"တကယ်တော့... ကျွန်မနဲ့ အမတ်မင်းမှာ ရွှမ်အာ ရှိနေတာနဲ့တင် လုံလောက်နေပါပြီ"

"နင် ရွှမ်အာအပေါ် ဘယ်လို ဆက်ဆံလဲဆိုတာ ငါ သိပါတယ်"

လုသခင်မက စိတ်လှုပ်ရှားသွားသော်လည်း အသိတရား ရှိနေဆဲ ဖြစ်ကာ ထပ်ပြောလိုက်သည်။

"ဒါပေမယ့် နောက်ဆုံးမှ သူက နင့်ရဲ့ သွေးသားအရင်း မဟုတ်ဘူးလေ၊ နင်ရဲ့ အနာဂတ်အတွက် နင် ဘာလို့ မတွေးရတာလဲ"

ဝမ်ယဲ့၏ 'အူတူတူ' မျက်နှာအမူအရာလေးကို မြင်နေရသောကြောင့် လုသခင်မက ပိုစိုးရိမ်လာကာ ဒေါသလည်း ပိုထွက်လာပြီး အလျင်စလိုဖြင့် လွှတ်ခနဲ ပြောချလိုက်သည်။

"နင်တို့နှစ်ယောက်လုံး ကိုယ်ပိုင်ကလေး မလိုချင်ကြဘူးဆိုရင်တောင် ကျိထန်းမှာ နောက်ပိုင်း သူ နောင်တရလာရင် ပြင်ဆင်ဖို့ အခွင့်အရေး ရှိသေးတယ်၊ နင်မှာ ဘာမှ မရှိဘူးလေ၊ နင် အဲ့တာကို သိရဲ့လား"

အမျိုးသားများအတွက် သူတို့ အသက်ကြီးလာလျှင်ပင် ကိုယ်လုပ်တော်ငယ်ငယ်လေးများ ထပ်ယူကာ ကလေးမွေးနိုင်သေးသော်လည်း အမျိုးသမီးများအတွက်တော့ ပြန်လှည့်၍မရသော လမ်းကြောင်းတစ်ခုသာ ဖြစ်သည်။

လုသခင်မက ဝမ်ယဲ့အတွက် စိုးရိမ်နေပြီး သူမ အမြင်မှန်ရစေချင်ရုံသာ ဖြစ်သည်။

သို့သော်လည်း ဝမ်ယဲ့၏ အဓိက အာရုံစိုက်မှုကတော့ တခြားတစ်ခု ဖြစ်သွားခဲ့သည်။

"မမက ဘာလို့ 'နင်တို့နှစ်ယောက်လုံး' လို့ ပြောရတာလဲ"

ထိုအချိန်မှသာ လုသခင်မလည်း သူမ၏ နှုတ်မှ လျှို့ဝှက်ချက်ကို လွှတ်ခနဲ ပြောမိသွားမှန်း သတိပြုမိသွားသည်။

All Chapters