← Chapters

အခန်း ၉၀

Vol. 9 Ch. 90

အခန်း ၉၀

Vol. 9 Ch. 90

အခန်း ၉၀ နောက်ခံ

အကယ်၍ လုသခင်မက သူမ စကားမှားသွားခြင်းဖြစ်ကြောင်း ချက်ချင်း ငြင်းဆိုခဲ့လျှင် ဝမ်ယဲ့အနေဖြင့် အများကြီး ထပ်တွေးနေမည်မဟုတ်ပေ။ သို့သော်လည်း သူမက တုံ့ဆိုင်းသွားခဲ့သည်။

သိသာထင်ရှားလှသည်မဟုတ်သော်လည်း တုံ့ဆိုင်းသွားခဲ့သည်ကတော့ အမှန် ဖြစ်သည်။

‘ဒါက တကယ့်ကို စိတ်ဝင်စားစရာပဲ’

ဝမ်ယဲ့က လုသခင်မကို ဘာမှမပြောဘဲ တိတ်တဆိတ် စိုက်ကြည့်နေရင်း လုသခင်မဘက်မှ စကားစပြောလာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေလိုက်သည်။

အဆောင်တွင်းရှိ လေထုက အတန်ကြာအောင် တိတ်ဆိတ်အုံ့မှိုင်းနေပြီး နောက်ဆုံးတွင် လုသခင်မက သက်ပြင်းတစ်ချက်ချကာ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

"တကယ်တော့ ရွှမ်အာက ဒုတိယမောင်လေးရဲ့ သွေးသားရင်း မဟုတ်ဘူး"

လုသခင်မ ထိုစကားကို အတိအလင်း ဖွင့်ဟပြောဆိုလိုက်သည်ကို ကြားလိုက်ရချိန်တွင် ဝမ်ယဲ့တစ်ယာက် ခဏတာမျှ ဘယ်လိုမျက်နှာအမူအရာမျိုး လုပ်ရမှန်း မသိတော့လောက်အောင် ဆွံ့အသွားခဲ့ရသည်။

'ဒါဆို ရွှီယွဲ့ကျားကကရော... သူ ဒီကိစ္စကို သိရဲ့လား... တကယ်လို့ သူသာ မသိဘူးဆိုရင်... ဒါက...'

ဝမ်ယဲ့တစ်ယောက် သူမ၏ အတွေးကမ္ဘာထဲ၌ မူးနောက်မတတ် စဉ်းစားခန်းဖွင့်နေမိသည်။

လုသခင်မက ဝမ်ယဲ့၏ မျက်နှာပေါ်တွင် မတော်တဆ ပေါ်လွင်သွားသည့် သိမ်မွေ့သော အမူအရာပြောင်းလဲမှုကို သတိပြုမိသွားသည်။ ထိုအမူအရာကြောင့် သူမ၏ရင်ထဲသို့ လော‌လောလတ်လတ် တိုးဝင်လာနေသော ဝမ်းနည်းမှုတို့လည်း အဝေးသို့ လွင့်စင်ပျောက်ကွယ်သွားရသည်။

"နင် ထင်နေသလိုမျိုး မဟုတ်ပါဘူး"

လုသခင်မက သက်ပြင်းချရင်း ကူကယ်ရာမဲ့ ထပ်ပြောလိုက်သည်။

ဝမ်ယဲ့က သူမ၏စိတ်ကို အမြန် ပြန်စုစည်းကာ တည်ငြိမ်အောင် ထိန်းထားလိုက်သည်။

"မမ"

အခြေအနေက ဤအဆင့်အထိ ရောက်ရှိလာခဲ့ပြီဖြစ်သောကြောင့် လုသခင်မက ဆက်လက် မဖုံးကွယ်တော့ရန် ဆုံးဖြတ်လိုက်သည်။

လုသခင်မက ဝမ်ယဲ့ကို တည်ကြည်လေးနက်စွာ ကြည့်နေပြီး စိတ်ထဲမှလည်း တွေးနေခဲ့သည်။

‘ဒီအိမ်တော်ထဲကို လက်ထပ်ဝင်ရောက်လာတဲ့သူက ဝမ်ယဲ့ ဖြစ်နေတာက အကြီးမားဆုံးကံကောင်းမှုပဲ’

"ချီရှီကလည်း ရွှမ်အာရဲ့ သွေးရင်းမိခင် မဟုတ်ဘူး"

လုသခင်မက ခက်ခက်ခဲခဲ ဆက်ပြောပြနေသည်။

"ရွှမ်အာရဲ့ သွေးရင်းမိဘနှစ်ပါးလုံးက ဒီလောကမှာ မရှိကြတော့ဘူး"

ရွှီယွိရွှမ်တွင် ဤကဲ့သို့ ရှုပ်ထွေးလှသည့် နောက်ခံသမိုင်းကြောင်း ရှိနေလိမ့်မည်ဟု ဝမ်ယဲ့ လုံးဝ မျှော်လင့်မထားခဲ့မိပေ။

"ဒါဆို ရွှမ်အာရဲ့ သွေးရင်းမိဘတွေက ဘယ်သူတွေလဲဟင်"

‘ရွှီယွဲ့ကျားကတော့ အကြောင်းပြချက်မရှိဘဲ ကလေးတစ်ယောက်ကို ဒီအတိုင်း အိမ်ထဲခေါ်သွင်းလာမှာ မဟုတ်ဘူးလေ’

"ရွှမ်အာရဲ့ အဖေက ဝူကျိုးက၊ မျိုးရိုးက 'ချီ' တဲ့၊ အဲ့ဒီမှာ နာမည်ကြီးတဲ့ သမားတော်တစ်ယောက်ပေါ့၊ နာမည်က 'ကွမ်းပိုင်'"

လုသခင်မက အတိတ်အကြောင်းကို ဖြည်းဖြည်းချင်း ပြန်ပြောပြနေခဲ့သည်။

ဝမ်ယဲ့က အနည်းငယ် အံ့အားသင့်သွားပြီး ချက်ချင်း ပြန်မေးလိုက်မိသည်။

"သူကလည်း ‘ချီ’ မျိုးရိုးပဲလား"

လုသခင်မက သူမကို တစ်ချက်ကြည့်ပြီး ခပ်တိုးတိုး ဆက်ပြောပြနေသည်။

"ဟုတ်တယ်၊ ယွင်ချင်းက သူ့ရဲ့ ညီမလေးလေ"

ချီယွင်ချင်းဆိုသည်က ကွယ်လွန်သွားသည့် ချီရှီ၏ နာမည်အရင်း ဖြစ်သည်။

ဝမ်ယဲ့တစ်ယောက် ခဏမျှ ဆွံ့အသွားရပြန်သည်။

လုသခင်မက ဆက်ပြောပြနေသည်။

"တကယ်တော့ ဒီရွှီနယ်စားမင်းအိမ်တော်မှာ ကျင့်ရုံတို့အတွက် နောက်ထပ် အဒေါ်တစ်ယောက် ရှိနေခဲ့သင့်တာ"

ဝမ်ယဲ့က ထိုအကြောင်းကို အနည်းငယ် သိထားခဲ့သည်။ အိမ်တော်၏ နယ်စားမင်းအိုကြီးတွင် သားနှစ်ယောက်ဖြစ်သော ရွှီနယ်စားမင်းနှင့် ရွှီယွဲ့ကျားတို့ အပြင်၊ ရွှီနယ်စားမင်းနှင့် အမြွှာမွေးချင်းဖြစ်သော သမီးတစ်ယောက်လည်း ရှိခဲ့ဖူးသည်။ ကံမကောင်းစွာဖြင့် သူမက ငယ်ငယ်ရွယ်ရွယ်နှင့် ကွယ်လွန်သွားခဲ့ပြီး အရွယ်ရောက်သည်အထိ အသက်မရှင်နိုင်ခဲ့ပေ။

‘လုသခင်မကတော့ ဒီအကြောင်းကို အကြောင်းမဲ့ သက်သက် ထုတ်ပြောမှာ မဟုတ်ဘူး။ ဒါဆိုရင်...’

ဝမ်ယဲ့က လုသခင်မကို မေးခွန်းထုတ်လိုသည့် မျက်လုံးများဖြင့် ပြန်ကြည့်လိုက်သည်။

လုသခင်မက ခေါင်းညိတ်ရင်း ဆက်ပြောနေသည်။

"နင် ထင်တာ မှန်တယ်၊ သူက ရွှမ်အာရဲ့ သွေးရင်းမိခင်ပဲ"

"ငယ်ငယ်ရွယ်ရွယ်နဲ့ ကံဆိုးမိုးမှောင်ကျပြီး သေဆုံးသွားခဲ့တယ်ဆိုတာက ဖုံးကွယ်ထားတဲ့ အကြောင်းပြချက် သက်သက်ပဲ၊ အမှန်တကယ်တော့ ကျင့်ရုံတို့ရဲ့ အဒေါ်က မီးထွန်းပွဲတော်တစ်ခုမှာ မတော်တဆ ပျောက်ဆုံးသွားခဲ့တာ"

လုသခင်မကိုယ်တိုင်လည်း ထိုအချိန်က ငယ်ရွယ်နေသေးပြီး သူမ ဤအိမ်တော်သို့ လက်ထပ်ဝင်ရောက်လာပြီး နှစ်အတော်ကြာမှသာ ထိုအသေးစိတ် အချက်အလက်များကို သိရှိခဲ့ရခြင်း ဖြစ်သည်။

“အဲ့အချိန်တုန်းက အဖေနဲ့ အမေလည်း တိတ်တဆိတ် ရှာခဲ့ကြသေးတယ်၊ နှစ်နှစ်ကြာအောင် အသည်းအသန် လိုက်ရှာဖွေခဲ့ကြပေမယ့် လုံးဝ ရှာမတွေ့ခဲ့ကြဘူး၊ နောက်ဆုံးတော့ ကျင့်ရုံတို့ အဒေါ်ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် သူ ဖျားနာပြီး ကွယ်လွန်သွားခဲ့တယ်လို့ လူသိရှင်ကြား ကြေညာခဲ့ရတယ်၊ ဒါက တကယ့်ကို နောင်တရစရာ ခြေလှမ်းတစ်ခု ဖြစ်ခဲ့တယ်၊ အကယ်လို့ တစ်နေ့နေ့မှာ သူ့ကို ပြန်ရှာတွေ့ခဲ့ရင် ဆွေမျိုးတစ်ယောက်အနေနဲ့ အိမ်တော်ကို ပြန်ခေါ်ပြီး စောင့်ရှောက်ဖို့လည်း စီစဉ်ထားခဲ့ကြသေးတယ်၊ ဒါပေမယ့် ကံကြမ္မာကိုတော့ ဘယ်သူမှ မခန့်မှန်းနိုင်ခဲ့ကြဘူး၊ သူတို့ သူတို့ရဲ့ သမီးကို မြင်တွေ့ခွင့်ရတဲအချိန်အထိ အသက်မရှင်နိုင်ခဲ့ကြဘူး”

ဝမ်ယဲ့ ခဏမျှ တိတ်ဆိတ်သွားပြီးမှ ထပ်မေးလိုက်သည်။

"အဲ့ဒီနောက်ပိုင်း ဘာတွေ ဆက်ဖြစ်ခဲ့တာလဲဟင်"

"အဲ့ဒီနောက်ပိုင်း အမေက ပူဆွေးဝမ်းနည်းမှုကြောင့် ကျန်းမာရေး တဖြည်းဖြည်း ဆိုးရွားလာခဲ့တယ်၊ ကျင့်ရုံတို့ရဲ့ အဒေါ် ပျောက်ဆုံးသွားပြီး တစ်လအကြာမှာ အမေဆီမှာ ကိုယ်ဝန်ရှိနေတာကို ထပ်သိခဲ့ကြရတယ်၊ အမေက ဝမ်းထဲက ကလေးအတွက် သူရဲ့ ပူဆွေးမှုတွေကို အတတ်နိုင်ဆုံး ဖိနှိပ်ထားခဲ့ရပေမယ့် နောက်ဆုံး တောင့်မခံနိုင်ဘဲ ကလေးကို လမစေ့ဘဲ စောမွေးခဲ့ရတယ်"

"အဲ့ဒီကလေးက ဒုတိယမောင်လေးပေါ့၊ သူကို မွေးဖွားတုန်းက သူ နည်းနည်း အင်အားချို့တဲ့ခဲ့ပေမယ့် ပြင်းထန်တဲ့ အဆင့်တော့ မဟုတ်ခဲ့ဘူး၊ အမေကတော့ အဲ့ဒီအချိန်ကစပြီး ကျန်းမာရေးအခြေအနေ တစ်နေ့ထက်တစ်နေ့ ပိုပြီး ဆိုးရွားလာခဲ့တာပဲ"

"သူ နှစ်အနည်းငယ်လောက် ထပ်ပြီး တောင့်ခံခဲ့သေးပေမယ့် နောက်ဆုံးတော့ ကွယ်လွန်သွားခဲ့ရှာတယ်"

ထိုအကြောင်းများက လုသခင်မ ရွှီနယ်စားမင်းအိမ်တော်သို့ လက်ထပ်ဝင်ရောက်လာပြီးနောက်မှ သူမ၏ ခင်ပွန်း ပြောပြခဲ့ခြင်း ဖြစ်သည်။

အမှန်တကယ်တွင် လုသခင်မ လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်က ရွှီသခင်မကြီးနှင့် တစ်ကြိမ်ရုံမျှသာ ဆုံတွေ့ဖူးခဲ့ခြင်း ဖြစ်သည်။ သူမ၏ မှတ်ဉာဏ်ထဲမှ ထိုအမျိုးသမီး၏ ပုံရိပ်က ဝေဝါးနေပြီဖြစ်သော်လည်း အလွန် နူးညံ့သိမ်မွေ့သောသူတစ်ဦးအဖြစ် ခပ်ရေးရေး မှတ်မိနေဆဲပင်။

"နင့်ရဲ့ ခဲအို ပြောပြတာကတော့... သူနဲ့ ကျင့်ရုံတို့အဒေါ်ရဲ့ နာမည်တွေကို အမေကိုယ်တိုင် ရွေးပေးထားတာတဲ့။ မင်ကျစ် နဲ့ မင်ယွဲ့... ဆိုပြီးတော့လေ၊ အမွှာမောင်နှမမှန်း အရမ်း သိသာစေတယ်"

လုသခင်မက ခံစားချက်အပြည့်ဖြင့် သက်ပြင်းချရင်း ဆက်ပြောပြနေသည်။

"တကယ်လို့ အဲ့တုန်းက ဒုတိယမောင်လေးသာ ရာထူးချခံရလို့ ဝူကျိူးကို မရောက်သွားခဲ့ဘူးဆိုရင် ရွှမ်အာတစ်ယောက် အခုအချိန်မှာ ဘယ်နေရာမှာ ဘယ်လို ဆင်းရဲဒုက္ခရောက်နေမလဲဆိုတာ တွေးတောင်မတွေးရဲဘူး"

ဝမ်ယဲ့က အံ့အားတကြီး ရေရွတ်လိုက်သည်။

"ဝူကျိုး ဟုတ်လား"

ရွှီယွဲ့ကျား ဝူကျိုးတွင် ရှိစဉ်တုန်းက ရှီပိုင်လီနှင့် ဆုံတွေ့ခဲ့ခြင်းဖြစ်ကြောင်း ဝမ်ယဲ့ ချက်ချင်း သတိရမိသွားသည်။

လုသခင်မက ဆက်ရှင်းပြနေသည်။

"အသေးစိတ် အချက်အလက်တွေကိုတော့ ငါလည်း ဆယ်ပုံမှာ ရှစ်ပုံလောက်ပဲ သိခဲ့ရတယ်၊ အဲ့ဒီဒေသမှာ လူသတ်မှုတစ်ခု ဖြစ်ခဲ့ပြီး ရွှမ်အာရဲ့ အဖေက အဲ့ဒီအမှုကြောင့် မတရား စွပ်စွဲခံခဲ့ရတယ်၊ အရင်မြို့ဝန်မင်းက အရည်အချင်းမပြည့်တဲ့အပြင် လောဘကြီးတဲ့သူ ဖြစ်နေတော့ ချမ်းသာတဲ့ကုန်သည်တွေဆီကနေ လာဘ်ငွေတွေ လက်ခံခဲ့တယ်၊ ဒါကြောင့် ဒုတိယမောင်လေး ရာထူးလက်ခံဖို့ မရောက်သွားခင်လေးမှာတင် ရွှမ်အာရဲ့အဖေကို ထောင်ထဲမှာ သေသွားအောင် လျှို့ဝှက်စီစဥ်ခဲ့ကြတယ်"

"ဒုတိယမောင်လေး ရာထူးလက်ခံပြီးတဲ့နောက်ပိုင်းမှာ ကျင့်ရုံတို့ရဲ့အဒေါ်က သူရဲ့လင်ယောက်ျားအတွက် တရားမျှတမှု ရှာပေးဖို့ ရုံးတော်ကို လာရောက်တိုင်တန်းခဲ့တယ်"

ထိုနေရာသို့ အရောက်တွင် လုသခင်မက စကားစဖြတ်လိုက်ပြီး အဝေးသို့ ငေးမောနေသေးသည်။

"သူရဲ့ ရုပ်ရည်က အမေနဲ့ အရမ်းတူလွန်းတာကြောင့် ဒုတိယမောင်လေးက ချက်ချင်း သံသယဝင်သွားခဲ့တယ်၊ ဒါကြောင့် သူက ရွှမ်အာအဖေရဲ့ အမှုကို စုံစမ်းစစ်ဆေးရင်းနဲ့ တစ်ဖက်ကလည်း ကျင့်ရုံတို့အဒေါ်ရဲ့ နောက်ခံကိုပါ နောက်ကြောင်းပြန် လိုက်ရှာခဲ့ရာကနေ နောက်ဆုံးတော့ သူရဲ့ အထောက်အထားအမှန်ကို အတည်ပြုနိုင်ခဲ့တာပဲ"

"ပြန်ကြားရသလောက်တော့ ကျင့်ရုံတို့ရဲ့အဒေါ်က တောင်ပိုင်းက လူမှောင်ခိုသမားတွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာတဲ့၊ သူ့ကို သူတို့ ပုန်းခိုနေတဲ့ အိမ်ဝင်းကြီးတစ်ခုထဲမှာ ပိတ်လှောင်ထားခဲ့ကြပြီး အဲ့ဒီထဲမှာ အသက်ဆယ်နှစ်အောက် ကောင်လေး၊ ကောင်မလေးတွေချည်းပဲ ရှိနေတာလို့ ပြောပြခဲ့တယ်၊ နေ့တိုင်း ပြည့်တန်ဆာအိမ်တွေ ဒါမှမဟုတ် ကုန်သည်တွေက ကလေးတွေကို လာရွေးကြပြီး၊ ကျန်ခဲ့တဲ့ကလေးတွေကိုတော့ အကျင့်ပျက်ပွဲစားတွေဆီ ပြန်ရောင်းစားလေ့ရှိကြတယ်၊ ကျင့်ရုံတို့ရဲ့အဒေါ်က အဲ့ဒီအိမ်ဝင်းထဲမှာ အသက်ဆယ့်နှစ်နှစ်အထိ နေခဲ့ရပြီး၊ အရွယ်ရောက်လာတာနဲ့အမျှ ရုပ်ရည်က အရမ်းလှပလာခဲ့တာကြောင့် ကုန်သည်တစ်ယောက်ရဲ့ ရွေးချယ်ခြင်းကို ခံခဲ့ရတယ်"

"အဲ့ဒီကုန်သည်ဆီကို ချက်ချင်း ရောင်းစားမခံရဖို့အတွက် ကျင့်ရုံတို့ရဲ့အဒေါ်က အရမ်းအေးဆေးပြီး လိမ္မာသလိုမျိုး ဟန်ဆောင်နေခဲ့ရတယ်တဲ့။ သူ့ကို ရွေးချယ်ပြီးသွားတဲ့နောက်မှာ စောင့်ကြည့်တဲ့သူတွေက အရင်ကလောက် မတင်းကြပ်တော့တာကြောင့် သူက အဲ့ဒီအခွင့်အရေးကို သုံးပြီး ထွက်ပြေးလွတ်မြောက်လာခဲ့တာ"

"အဲ့ဒီနောက်ပိုင်း ပြန်အဖမ်းမခံရအောင်လို့ သူက အရာရှိအိမ်တော်တစ်ခုမှာ အစေခံအဖြစ် ဝင်ရောက်လုပ်ကိုင်ဖို့ အခွင့်အရေးရှာခဲ့တယ်၊ နှစ်အနည်းငယ်လောက် ငွေစုပြီးတဲ့နောက်မှာ နာမည်အသစ်ပြောင်းပြီး သူကိုယ်သူ ငွေနဲ့ ပြန်ရွေးနှုတ်ခဲ့တယ်၊ နောက်ဆုံးတော့ ရွှမ်အာရဲ့ အဖေနဲ့ ဆုံတွေ့ခဲ့ကြတာပဲ"

"ဒုတိယမောင်လေး အကြောင်းစုံသိရတဲ့အထိ အဲ့ဒီအိမ်ဝင်းကြီးက လူမှောင်ခိုလုပ်ငန်းတွေကို ဆက်ပြီး လုပ်ကိုင်နေတုန်းပဲ"

"ဟူး... မိသားစု ပြန်လည်ဆုံစည်းရတာက ဝမ်းသာစရာတစ်ခု ဖြစ်သင့်တာပေါ့၊ ဒါပေမယ့် ဒုတိယမောင်လေး ကျင့်ရုံတို့ရဲ့အဒေါ်ကို ရှာတွေ့တဲ့အချိန်မှာ သူ့မှာ ကိုယ်ဝန်လေးလရှိနေတဲ့အပြင် ကျန်းမာရေးကလည်း အရမ်းဆိုးရွားနေပြီ၊ လင်ယောက်ျားကို ဆုံးရှုံးလိုက်ရတဲ့ နာကျင်မှုကို ခံစားခဲ့ရတာဆိုတော့ သူ့ရဲ့ ခန္ဓာကိုယ်က အရမ်းကို အားနည်းနေခဲ့တာ။ အဲ့အချိန်မှာ ကလေးယူဖို့ဆိုတာက အဆိုးရွားဆုံး အခြေအနေပဲလေ"

ဝမ်ယဲ့တစ်ယောက် ယခုအချိန်တွင် အမှန်တရားကို အစမှ အဆုံးအထိ ပဟေဠိဆက်မိသွားသလို ဖြစ်သွားခဲ့ချေပြီ။

"သမားတော်တွေ ပြောတာတော့... သန္ဓေသား နုနယ်တုန်း ကိုယ်ဝန်ဖျက်ချတဲ့ ဆေးဝါးတွေ သုံးစွဲမယ်ဆိုရင် မိခင်ဖြစ်သူတော့ အသက်ရှင်နိုင်ဦးမယ်တဲ့၊ ဒါပေမယ့် ကလေးကို ဆက်ပြီး မွေးဖွားဖို့ ခေါင်းမာနေမယ်ဆိုရင်တော့ မီးဖွားရခက်ခဲတဲ့ ဒုက္ခနဲ့ မလွဲမသွေ ရင်ဆိုင်ရလိမ့်မယ်တဲ့၊ ကလေးတင်မကဘဲ မိခင်ပါ အသက်ရှင်ဖို့ လမ်းမမြင်ဘူးလို့ ပြောခဲ့ကြတယ်"

"အကျိုးဆက်အနေနဲ့ ဘာဖြစ်လာတယ်ဆိုတာ နင်လည်း ခန့်မှန်းလို့ ရမှာပါ။ ကျင့်ရုံတို့ရဲ့အဒေါ်က ကလေးကိုပဲ ဆက်ထားဖို့ ဆုံးဖြတ်ခဲ့တယ်၊ ဒါကြောင့်လဲ ရွှမ်အာ လူလားမြောက်လာခဲ့ရတာပေါ့"

"အစတုန်းကတော့ ငါက ရွှမ်အာကို ငါတို့ ဇနီးမောင်နှံရဲ့ နာမည်အောက်မှာပဲ မွေးစားဖို့ စိတ်ကူးခဲ့တာ၊ ဒါပေမယ့် ဒုတိယမောင်လေးက အတင်းအကျပ် ငြင်းဆန်ခဲ့တဲ့အပြင် ချီရှီရဲ့ ဘဝကလည်း တကယ့်ကို ကံဆိုးပြီး ဒုက္ခများခဲ့ရှာတယ်၊ တကယ်လို့ သူသာ ငွေရှာဖို့အတွက် ဆေးဝါးတွေကို စမ်းသပ်ဖော်စပ်တာမျိုး မလုပ်ခဲ့ဘူးဆိုရင် ကျင့်ရုံတို့ရဲ့အဒေါ်က ရွှမ်အာကို ကယ်တင်နိုင်ခဲ့မှာ မဟုတ်ဘူး၊ သူ့ရဲ့ သဘောထားကို မေးမြန်းပြီးတဲ့နောက်မှာတော့ ဒုတိယမောင်လေးက ရွှမ်အာအတွက် မိခင်တစ်ယောက် ဖြစ်လာပေးဖို့ သူ့ကို လက်ထပ်ခဲ့တယ်"

ထိုစဉ်က အဘိုးအို နယ်စားအိုကြီးတွင် ချီမျိုးရိုးအမည်တူသည့် လက်အောက်ငယ်သားဟောင်းတစ်ဦး ရှိခဲ့ဖူးသည်။ ထို့ကြောင့် အပြင်ပန်းအားဖြင့် ချီရှီကို ထိုလက်အောက်ငယ်သား၏ သမီးအဖြစ် အသွင်ယူစေခဲ့ခြင်း ဖြစ်သည်။

လုသခင်မက ကျန်နေသည့်အပိုင်းကို အဆုံးသတ်သည့်အနေဖြင့် ထပ်ပြောပြနေသည်။

"သူ ဆေးဝါးတွေ စမ်းသပ်ဖော်စပ်ခဲ့ရတာကြောင့် အိမ်တော်ကို ရောက်လာကတည်းက ချီရှီရဲ့ ကျန်းမာရေးက ဆိုးရွားနေခဲ့ပြီ၊ သူလည်း လအနည်းငယ်လောက် ထပ်ပြီး ကြိုးစားတောင့်ခံခဲ့သေးတယ်၊ ဒါပေမယ့် နောက်ဆုံးမှာ လက်လျော့သွားခဲ့တယ်"

ထိုသို့ပြောပြီးနောက် သူမက ဝမ်ယဲ့ကို ကြည့်ကာ ထပ်ပြောလိုက်သေးသည်။

"ငါ နင့်ကို ဒီအကြောင်းအရာတွေ ပြောပြနေပေမယ့်... နင့်အနေနဲ့ ရွှမ်အာရဲ့ နောက်ခံအပေါ် သနားစိတ် လွန်ကဲသွားပြီး နောက်ဆုံးမှာ နင့်ကိုယ်နင် အနစ်နာခံတာမျိုး မဖြစ်စေချင်ဘူး"

"ဦးလေးဆိုတာလည်း ဖခင်တစ်ယောက်နဲ့ အတူတူပဲ၊ ဒါပေမယ့် သူက နင်နဲ့ ဘာသွေးသားမှ တော်စပ်တာ မဟုတ်ဘူး၊ နင့်အနေနဲ့ သေချာ ပြန်စဉ်းစားစေချင်တယ်"

လုသခင်မက လေးလေးနက်နက် တိုက်တွန်းနေပြန်သည်။

သူမက ရွှီယွိရွှမ်ကို အလွန်အမင်း ချစ်မြတ်နိုးသည်ဆိုသော်လည်း ဝေဖန်ပိုင်းခြားနိုင်စွမ်း ကင်းမဲ့နေသူတစ်ဦးတော့ မဟုတ်ခဲ့ချေ။

ဝမ်ယဲ့တစ်ယောက် ကိစ္စရပ်များက ဤမျှအထိ ရှုပ်ထွေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။

‘တကယ်လို့ ရွှီယွိရွှမ်က ရွှီယွဲ့ကျားရဲ့ သွေးသားရင်းခြာ မဟုတ်ဘူးဆိုရင်... သူက ဘာဖြစ်လို့ သားသမီးမယူဘူးဆိုတဲ့ ကိစ္စကို ဒီလောက်အလွယ်တကူ သဘောတူခဲ့ရတာလဲ’

ထိုအကြောင်းကို ရွှီယွဲ့ကျားနှင့် သေသေချာချာ မဆွေးနွေးရသေးသောကြောင့် ဝမ်ယဲ့က လိမ္မာပါးနပ်စွာ တုံပြန်လိုက်သည်။

"မမ... ကျွန်မ ဒါကို သေချာ ပြန်စဉ်းစားကြည့်ပါ့မယ်"

သူမ ဝမ်ယဲ့ကို ခေါ်ယူပြီး သားသမီးရတနာ ထွန်းကားရေး ကိစ္စအား ရှင်းလင်းပြသရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သော်လည်း ယခုကဲ့သို့ စကားအမှားပါသွားလိမ့်မည်ဟုတော့ လုသခင်မလည်း မထင်မှတ်ထားခဲ့မိချေ။

သူမက သက်ပြင်းချရင်း ထပ်ပြောလိုက်သည်။

"ကဲပါ... ပြန်သွားပြီး ဒုတိယမောင်လေးနဲ့ သေသေချာချာ တိုင်ပင်ကြည့်ပါဦး၊ ရွှမ်အာနဲ့ ပတ်သက်ပြီးတော့လည်း နင်တို့ ဇနီးမောင်နှံရဲ့ ဆုံးဖြတ်ချက်ကို ငါနဲ့ နင်တို့ အစ်ကိုကြီးက အပြည့်အဝ ထောက်ခံပေးမှာပါ"

ဝမ်ယဲ့က ခေါင်းငြိတ်ပြလိုက်ပြီး လျှို့ဝှက်ချက်များ ပြည့်နေသောကြောင့် လေးလံနေသော စိတ်အစုံကို သယ်ဆောင်ကာ အနောက်ဘက်ခြံဝင်းသို့ ပြန်လာခဲ့သည်။

ဝမ်ယဲ့ ပြန်ရောက်လာချိန်တွင် ရွှီယွိရွှမ်တစ်ယောက် ခြံဝင်းထဲ၌ နှင်းခဲများကို မီးရှို့ရင်း ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနေသည်ကို သူမ တွေ့လိုက်ရသည်။

သူ့ခန္ဓာကိုယ်လေးကို နွေးနွေးထွေးထွေး ဝတ်ဆင်ပေးထားပြီး အထိန်းတော်ကျိနှင့် အခြားသူများက ဘေးမှ ဝန်းရံစောင့်ကြပ်ပေးထားကြသည်။ သူက ဝမ်ယဲ့ ပြန်ရောက်လာသည်ကို မြင်သွားခဲ့သော်လည်း အနားသို့ ချက်ချင်း ပြေးမလာခဲ့ချေ။

ရွှီယွဲ့ကျားကတော့ စာကြည့်ခန်းထဲတွင် အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့သည်။ ခြေသံများ နီးကပ်လာသည်ကို ကြားလိုက်ရချိန်တွင် သူ မော့ကြည့်လိုက်ပြီး ဝမ်ယဲ့၏ မျက်ခုံးအစုံက စိုးရိမ်ပူပန်မှုများကြောင့် တွန့်ချိုးနေသည်ကို မြင်လိုက်ရသည်။ သူက ချက်ချင်း အခြေအနေကို ရိပ်မိသွားပြီး လှမ်းမေးလိုက်သည်။

"မရီးက မင်းကို အကုန်ပြောပြလိုက်ပြီ ထင်တယ်"

ဝမ်ယဲ့လည်း အံ့အားသင့်သွားရပြီး ပြန်မေးလိုက်သည်။

"ရှင် ဘယ်လိုလုပ် သိနေတာလဲ"

ရွှီယွဲ့ကျားက ပြန်ဖြေလိုက်သည်။

"ခန့်မှန်းကြည့်ရုံတင်ပါ"

ဝမ်ယဲ့က တည်ငြိမ် လေးနက်သော အကြည့်တို့ဖြင့် ထိုင်ချလိုက်ရင်း ထပ်အတည်ပြုလိုက်သည်။

"ဒါဆို... ရွှမ်အာက ရှင့်ရဲ့ သွေးသားအရင်း မဟုတ်ဘူးပေါ့"

ရွှီယွဲ့ကျားက ပြတင်းပေါက်အပြင်ဘက်တွင် ဟိုဟိုဒီဒီ ပြေးလွှားဆော့ကစားနေသည့် ပုံရိပ်လေးကို လှမ်းကြည့်လိုက်ပြီးနောက် ပြန်ဖြေနေသည်။

"သူက ကိုယ့်ကို ဦးလေးလို့ ခေါ်ရမှာပေါ့"

ဝမ်ယဲ့ကလည်း ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရင်း ထပ်မေးလိုက်သည်။

"ဒါဆိုရင် ဘာဖြစ်လို့ သူ့ကို ရှင့်ကို ဖေဖေလို့ ခေါ်ခွင့်ပေးဖို့ ရွေးချယ်ခဲ့ရတာလဲ"

ရွှီယွဲ့ကျားက ခဏမျှ တိတ်ဆိတ်သွားပြီးမှ တည်ငြိမ်စွာ ရှင်းပြလာခဲ့သည်။

"ကိုယ့်အတွက်တော့ မျိုးရိုးဆက်ဆံဖို့ဆိုတာ အရေးတကြီး လိုအပ်နေတဲ့ ကိစ္စတစ်ခု မဟုတ်ဘူးလေ၊ ဒီလို ရွေးချယ်လိုက်ရတာရဲ့ အဓိကအချက်က အပြင်က ကောလာဟလတွေကို ပိတ်ပင်တားဆီးဖို့အတွက်ပဲ"

ဝမ်ယဲ့က ဖြတ်ပြောလိုက်သည်။

"ဒီလို အတွေးအခေါ်မျိုးက တကယ့်ကို ထူးခြားဆန်းပြားတာပဲနော်"

သူမ အမှန်တကယ်ကို ထူးဆန်းအံ့ဩဖွယ်ကောင်းသည့် လူသားတစ်ဦးနှင့် ဆုံတွေ့လိုက်ရသည်ဟု ဝမ်ယဲ့ ခံစားနေရသည်။

ရွှီယွဲ့ကျားက ပြန်လည်ချေပလိုက်သည်။

"လူတွေက မတူညီတဲ့အရာတွေကို လိုက်လံရှာဖွေတတ်ကြတာပဲလေ၊ ကိုယ်တစ်ယောက်တည်း ဒီလိုဖြစ်နေတာမှ မဟုတ်တာ"

ဝမ်ယဲ့က ခြံဝင်းထဲတွင် ပြေးလွှားဆော့ကစားနေသည့် ကလေးငယ်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး စကားစကို ပြန်ဆက်လိုက်သည်။

"ဒါဆိုရင်... အဲ့ဒီနောက်ပိုင်းမှာ ရှင် ဘာလို့ နောက်အိမ်ထောင် ထပ်ပြုခဲ့ရတာလဲ"

ရွှီယွဲ့ကျား : "...အဲ့ဒါက ဧကရာဇ်မင်းမြတ်ကြောင့်ပါ"

"ကိုယ်တို့ ရွှမ်အာရဲ့ အကြောင်းကို ဧကရာဇ်မင်းမြတ်ဆီမှာ ဖုံးကွယ်ထားတာမျိုး မရှိခဲ့ဘူး။ ရွှီယွိရွှမ်ရဲ့ 'မိခင်' ကွယ်လွန်ပြီး တစ်နှစ်အကြာမှာ ဧကရာဇ်မင်းမြတ်က ကိုယ့်အတွက် အိမ်ထောင်ရေးတစ်ခု စီစဉ်ပေးချင်ခဲ့တယ်"

"အိမ်ထောင်ရေးတစ်ခု စီစဉ်ပေးခဲ့တယ် ဟုတ်လား"

ဝမ်ယဲ့က သူ့ဘက်သို့ လှည့်ကြည့်လိုက်ပြီး ထပ်မေးလိုက်သည်။

"ဒါဆို ဧကရာဇ်မင်းမြတ်က ဘယ်အိမ်တော်က သမီးပျိုကို ရွေးချယ်ပေးခဲ့လို့လဲ"

ရွှီယွဲ့ကျားက ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ပြန်ဖြေလိုက်သည်။

"အိမ်ရှေ့စံမင်းသားရဲ့ ဝမ်းကွဲအစ်မပါ"

ဝမ်ယဲ့က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်ပြန်သည်။

"ဒါဆို ရှင်က သူ့ကို ဘာလို့ လက်မထပ်ခဲ့တာလဲ"

"ဧကရာဇ်မင်းမြတ်ဆီကနေ အဲ့ဒီအိမ်ထောင်ရေးကို တရားဝင် အမိန့်မချမှတ်ခင်မှာ သူက မိဖုရားခေါင်ကြီးဆီကနေတစ်ဆင့် ဒီသတင်းကို ကြားသိသွားခဲ့တယ်၊ ပြီးတော့ ကိုယ့်ဆီကို တိတ်တဆိတ် လာရောက်တွေ့ဆုံခဲ့တယ်၊ သူကိုယ်တိုင်ကလည်း ဒီလက်ထပ်ပွဲကို သဘောမတူကြောင်း ရင်ဖွင့်ခဲ့တယ်"

"ကိုယ့်မှာလည်း နောက်အိမ်ထောင်ပြုဖို့ အစီအစဉ် မရှိခဲ့ဘူး၊ ဒါပေမယ့် ဧကရာဇ်မင်းမြတ်ရဲ့ ဆန္ဒတော်ကို ထည့်သွင်းစဉ်းစားရမယ်လေ၊ တကယ်လို့ ကိုယ်သာ နောက်အိမ်ထောင် ထပ်မပြုခဲ့ဘူးဆိုရင် အခုလိုမျိုး ကိစ္စရပ်တွေက နောက်နောင်လည်း အကြိမ်ကြိမ် ဆက်ပြီး ပေါ်ပေါက်လာဦးမှာပဲ"

ဝမ်ယဲ့တစ်ယောက် သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

‘ဒီတော့ ငါနဲ့ ရွှီယွဲ့ကျား ဇနီးမောင်နှံ ဖြစ်လာရတဲ့ တစ်စိတ်တစ်ပိုင်းက ဧကရာဇ်မင်းမြတ်ရဲ့ ကြားဝင်စွက်ဖက်မှုကြောင့်လည်း ပါဝင်နေခဲ့တာပေါ့’

"ဒါပေမယ့်... ဘာဖြစ်လို့ နောက်ဆုံးမှာ ကျွန်မ ဖြစ်လာခဲ့ရတာလဲ"

သူမက ဝမ်အိမ်တော်၏ အရိပ်အောက်တွင် အမြဲတမ်း တိတ်တဆိတ် ပုန်းကွယ်နေခဲ့သူ ဖြစ်သည်။

‘ငါ့ကို ရွေးချယ်ဖော်ထုတ်နိုင်လောက်အောင် ဘယ်သူကများ အဲ့ဒီလို မျက်စိစူးရှခဲ့ရတာလဲ’

"အဲ့ဒါက တိုက်ဆိုင်မှုတစ်ခုကြောင့်ပါ"

ရွှီယွဲ့ကျားက 'ကံကြမ္မာ' ဆိုသည့် စကားကို မကြာခဏ တွေးတောမိတတ်ပြီး ယခုလည်း ထိုအတိုင်းပင် ဖြစ်လာခဲ့သည်။

"အဲ့တုန်းက ဧကရာဇ်မင်းမြတ်က နဝမမင်းသားရဲ့ လက်ကျန်အင်အားစုတွေအကြောင်း စုံစမ်းစစ်ဆေးဖို့ ကိုယ့်ကို အမိန့်ပေးခဲ့တယ်၊ အဲ့ဒီမှာ မင်းရဲ့ ဖအေတူမအေကွဲအစ်မက နဝမမင်းသားနဲ့ ပတ်သက်မှုတချို့ ရှိနေတာကို ကိုယ် ရှာဖွေတွေ့ရှိခဲ့တယ်"

ထိုစကားကို ကြားလိုက်ရချိန်တွင် ဝမ်ယဲ့၏ မျက်နှာအမူအရာက တည်ကြည်သွားပြီး ချက်ချင်း အယူခံဝင်လိုက်သည်။

"ကျွန်မတို့ ဝမ်မိသားစုက အပြစ်ကင်းပါတယ်”

ရွှီယွဲ့ကျား : "ကိုယ် သိပါတယ်"

ဝမ်ယဲ့တစ်ယောက် စိတ်သက်သာရာရစွာဖြင့် သက်ပြင်ဖွဖွလေးချကာ သူ့ကို ချီးကျူးပေးလိုက်သည်။

"ရှင်က တကယ့်ကို ဖြောင့်မတ်မှန်ကန်ပြီး တရားမျှတတဲ့ အရာရှိကောင်းတစ်ယောက်ပဲ"

ရွှီယွဲ့ကျားကတော့ ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေခဲ့သည်။

ဝမ်ယဲ့က စကားဆက်လိုက်သည်။

"အဲ့ဒီနောက် ဘာဆက်ဖြစ်ခဲ့တာလဲ"

ရွှီယွဲ့ကျားက ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ပြန်ပြောလိုက်သည်။

"နောက်ပိုင်း ဘာဖြစ်ခဲ့လဲဆိုတာ မင်းလည်း သိပြီးသား မဟုတ်လား"

ဝမ်ယဲ့က ပြန်ချေပလိုက်သည်။

"ယောက်ျားက ကျွန်မဘက်ကနေ ဒီလက်ထပ်ပွဲကို သဘောမတူမှာ မစိုးရိမ်ခဲ့ဘူးလား"

ရွှီယွဲ့ကျားက ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည်။

"အစပိုင်းမှာ စိုးရိမ်ခဲ့တယ်၊ ဒါပေမယ့် မင်း အိမ်တော်ထဲကို ရောက်လာပြီးတဲ့နောက်မှာ မင်းက အဲ့ဒီစိုးရိမ်စိတ်တွေကို တခဏအတွင်း ဖျောက်ဖျက်ပေးနိုင်ခဲ့တယ်"

သို့သော်လည်း ထိုမတိုင်မီတွင် သူ အမျိုးသမီးတစ်ယောက်အတွက် စံပြခင်ပွန်းကောင်းတစ်ယောက် ဖြစ်လာစေရန် သူ့ကိုယ်သူ အဆင်သင့် ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။

လင်မယားအကြား သံယောဇဉ်အပြင်၊ အခြားသော ကိစ္စရပ်အားလုံးတွင်လည်း သူမအတွက် အကောင်းဆုံးအရာများကို ဖြည့်ဆည်းပေးနိုင်ရန် သူ အစွမ်းကုန် ကြိုးစားပေးမည်ဟု တွေးခဲ့ဖူးသည်။

အခြေအနေများက သူ မျှော်လင့်မထားသည့်ဘက်သို့ ဦးတည်ပြောင်းလဲသွားခဲ့ခြင်းသာ ဖြစ်သည်။

နောက်ဆုံးတွင် ထိုသံယောဇဉ်နှောင်ကြိုးကို သူကိုယ်တိုင်က ပိုလိုအပ်နေခဲ့ရသူ ဖြစ်လာခဲ့သည်။

ထိုစကားကို ကြားလိုက်ရချိန်တွင် ဝမ်ယဲ့က အလောတကြီး ကြားဖြတ်ပြောလိုက်ပြန်သည်။

"ယောက်ျား... အတိတ်က ကိစ္စတွေက ပြီးသွားခဲ့ပြီ၊ ကျွန်မတို့ အနာဂတ်ကိုပဲ မျှော်ကြည့်ကြရအောင်"

ရွှီယွဲ့ကျားက ပြန်စောဒကတက်လိုက်သည်။

"မင်း မျက်နှာက ဒီနေ့မှ ဘာလို့ ဒီလောက်တောင် ပါးလွှာနေရတာလဲ"

(ပါးလွှာတယ်ဆိုတာက ခါတိုင်း အရည်ထူလွန်းလို့ တင်စားတာပါ)

"ကျွန်မက ယောက်ျားရဲ့ ဂုဏ်သိက္ခာကို ထောက်ထားပေးလို့ပါနော်၊ အဲ့ဒီတုန်းက ရှင့်ရဲ့ ပြုမူပုံတွေကို ပြန်တွေးကြည့်ရင်...”

ဝမ်ယဲ့ကလည်း ချက်ချင်း စကားနာပြန်ထိုးလိုက်သည်။

"တကယ့်ကို သာမန်ကာလျှံကာနိုင်လွန်းတယ်"

ရွှီယွဲ့ကျားက ဝန်ခံလိုက်သည်။

"ဟုတ်ပါပြီ... ကိုယ်တို့ အနာဂတ်ကိုပဲ မျှော်ကြည့်ရအောင်၊ ဒါနဲ့...ရွှမ်အာနဲ့ ပတ်သက်ပြီး မင်းရဲ့ အမြင်က ဘယ်လိုလဲ"

ဝမ်ယဲ့တစ်ယောက် 'ရွှီယွဲ့ကျား... ရှင့်ရဲ့ စကားလမ်းကြောင်းလွှဲပုံကြီးက အရမ်းကို ရုတ်တရက်ဆန်လွန်းတယ်' ဟုပင် ပြောပစ်ချင်စိတ် ပေါက်သွားခဲ့ရသည်။

"ကျွန်မမှာ ထူးထူးခြားခြား အမြင်မရှိပါဘူး၊ ရှင်က သူ့ရဲ့ ဖခင်၊ ကျွန်မက သူ့ရဲ့ မိထွေး... ဒါပါပဲ"

ဝမ်ယဲ့က ခဏမျှ စကားရပ်ကာ တွေးတောလိုက်ပြီးနောက် စကား ပြန်စလိုက်သည်။

"သူ့ရဲ့ နောက်ခံနဲ့ ပတ်သက်ရင်တော့... သူ အရွယ်ရောက်လာတဲ့အခါမှ သူ့ကို ပြောပြသင့်၊ မပြောပြသင့်ကို ကျွန်မတို့ ဆုံးဖြတ်ကြတာပေါ့"

‘ဘာပဲဖြစ်ဖြစ် ကလေးငယ်လေးတွေမှာ ပြီးပြည့်စုံတဲ့ ကလေးဘဝတစ်ခု ရှိသင့်တယ်လေ။’

"ဒါပေမယ့် ရှင်..."

ဝမ်ယဲ့က စမ်းသပ်သည့်သဘောဖြင့် မေးလိုက်သည်။

"ရှင် ကျွန်မကို ကတိပေးထားတယ်နော်"

ရွှီယွဲ့ကျားက ချက်ချင်း ပြန်ပြောလိုက်သည်။

"အရာအားလုံးက မင်း ဆန္ဒအတိုင်း ရှိနေပါသေးတယ်"

ဝမ်ယဲ့ကတော့ ခိုင်ခိုင်မာမာ ထပ်ပြောလိုက်သေးသည်။

"လောလောဆယ်တော့ ကျွန်မ ဒီစကားကို လက်ခံထားလိုက်မယ်၊ ဒါပေမယ့် တစ်နေ့နေ့မှာ ရှင် နောင်တရလာခဲ့ရင်... ကျွန်မကို ချက်ချင်း အသိပေးဖို့ မမေ့နဲ့ဦး"

ရွှီယွဲ့ကျားက ရုတ်တရက် သိချင်စိတ်ဖြင့် မေးလိုက်သည်။

"တကယ်လို့ အဲ့ဒီလိုနေ့မျိုး ရောက်လာခဲ့ရင် ဘာဖြစ်မှာလဲ"

ဝမ်ယဲ့က လုံးဝကို ပြတ်သားပြီး ရိုးသားလှသော အမူအရာဖြင့် ပြန်ဖြေလိုက်သည်။

"ကျွန်မကိုယ်တိုင် ရှင့်အတွက် ကိုယ်လုပ်တော်တစ်ယောက် ရှာဖွေပေးပြီး အစီအစဉ်ဆွဲပေးမှာပေါ့"

‘ရွှီယွဲ့ကျားသာ သူမကို အဲ့လို ကတိမျိုးမှ ပေးမထားခဲ့ဘူးဆိုရင် ရွှီယွိရွှမ်က ရွှီယွဲ့ကျားရဲ့ သွေးသားရင်း မဟုတ်ကြောင်း သိလိုက်တာနဲ့ သူမရဲ့ သားသမီး မယူမယ့် အစီအစဉ်ကို စွန့်လွှတ်ဖို့ တွေးတောမိကောင်း တွေးတောမိပါလိမ့်မယ်။ သူမလည်း ဒီခေတ်မှာ မွေးဖွားလာခဲ့တာလေ”

‘ဒါပေမယ့် အခုတော့ သူမ သူ့ဆီကနေ ကတိကဝတ် ရရှိထားပြီး ပျော်ရွှင်မှုနဲ့ စိတ်အေးချမ်းသာမှုကို ခံစားနေရပြီလေ’

‘ပြီးတော့ လုသခင်မလို ကောင်းမွန်တဲ့ ယောင်းမတစ်ယောက်နဲ့ ဆုံတွေ့ခွင့်ရခြင်းက သူမအတွက် တကယ့်ကို ကံကောင်းမှုကြီး မဟုတ်ဘူးလား’

ရွှီယွဲ့ကျားက ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။

"အဲ့ဒီလိုနေ့မျိုး ဘယ်တော့မှ ရောက်လာမှာ မဟုတ်ဘူး"

ဝမ်ယဲ့က ဖျောင်းဖျသည့်သဘောဖြင့် ပြောလိုက်သည်။

"ယောက်ျား... အဲ့ဒီလောက်ကြီးအထိ ရဲရဲကြီး မပြောပါနဲ့ဦး"

ရွှီယွဲ့ကျားက ခဏမျှ တွေးတောလိုက်ပြီးနောက် သဘောတူသည့်ဟန်ဖြင့် လက်ခံလိုက်သည်။

"ကောင်းပါပြီ"

ဝမ်ယဲ့က စူးစမ်းလိုစိတ်ဖြင့် သူ့ဘက်သို့ လှည့်ကြည့်ကာ ပြန်မေးလိုက်သည်။

"ဟမ်..."

ရွှီယွဲ့ကျားက သူမကို စူးစိုက်ကြည့်ရင်း ပြန်ပြောလိုက်သည်။

"အရာအားလုံးကို အချိန်ဆီပဲ ပုံအပ်ထားလိုက်ကြရအောင်"

ဝမ်ယဲ့က ထပ်မံစဉ်းစားကြည့်ပြီး သဘောတူလိုက်သည်။

"ဟုတ်ကဲ့ပါ... အနာဂတ်ကိစ္စတွေကိုတော့ အနာဂတ်က ကျွန်မတို့ပဲ ဖြေရှင်းကြတာပေါ့"

‘လောလောဆယ်တော့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြမယ်’

......။.....။......

အပြင်ဘက် နှင်းထဲတွင် စိတ်ကြိုက် ဆော့ကစားပြီးနောက် အိမ်ထဲသို့ ပြေးဝင်လာသည့် ရွှီယွိရွှမ်က သူ့မိဘများရှိရာဆီသို့ တန်းတန်းမတ်မတ် ရောက်လာခဲ့သည်။ သူက "မေမေ" "ဖေဖေ" ဟု ခေါ်ပြီးနောက် မျှော်လင့်ချက်အပြည့်ရှိသော မျက်ဝန်းများဖြင့် ဝမ်ယဲ့ကို ကြည့်ကာ တောင်းဆိုနေသည်။.

"မေမေ... သား ဒီနေ့ညစာကို အသားတုံးကြီး စားချင်တယ်"

ရွှီယွိရွှမ် ပြောနေသည့် 'အသားတုံးကြီး' ဆိုသည်က လွန်ခဲ့သည့်ရက်ပိုင်းက ဝမ်ယဲ့ လုပ်ပေးခဲ့သော ကြက်ကြော်ကို ဆိုလိုခြင်း ဖြစ်သည်။ ရွှီယွိရွှမ်က အတုံးသေးသေးလေးများ’ လှီးဖြတ်ထားသော အသားများကိုသာ စားဖူးပြီး ပုံမှန် အသားတုံးလေး တစ်ကြိမ်မြင်ဖူးသွားချိန်၌ 'အသားတုံးကြီး' ဟု ခေါ်ဝေါ်နေခြင်း ဖြစ်သည်။

ရွှီယွိရွှမ်၏ နောက်ခံ အစစ်အမှန်ကို လောလောလတ်လတ် သိလာခဲ့ရသောကြောင့် ပင်ကိုယ်သဘာဝအရ အေးစက်တည်ငြိမ်တတ်သော ဝမ်ယဲ့ပင်လျှင် သူမရှေ့ရှိ ကလေးငယ်အပေါ် သနားဂရုဏာစိတ် မသက်ရောက်ဘဲ မနေနိုင်ခဲ့ပေ။ ထို့ကြောင့် သူမက ချက်ချင်း သဘောတူလိုက်သည်။

"ကောင်းပြီ... မေမေ မီးဖိုချောင်ကို ပြင်ခိုင်းပေးမယ်နော်"

ကလေးငယ်များက ခံစားချက်ကို အလွန်သိလွယ်တတ်ကြရာ ရွှီယွိရွှမ်က ဝမ်ယဲ့ကို ဝေခွဲမရသည့် အမူအရာလေးဖြင့် စိုက်ကြည့်နေမိသည်။

ဘာကြောင့်မှန်း သူ မသိသော်လည်း သူ့မေမေက ယခင်နှင့်မတူဘဲ တစ်မျိုးဖြစ်နေသည်ဟု ခံစားမိနေသည်။

ရွှီယွိရွှမ်က သိချင်စိတ်ဖြင့် ထပ်ပြောလိုက်သည်။

"ဒါဆို သား ဝက်သားပေါင်းလည်း စားချင်တယ်"

"ရတာပေါ့"

"ပြီးတော့ သိုးနံရိုးကင်ရော..."

ဝမ်ယဲ့က ရက်ရက်ရောရာ သဘောတူလိုက်သည်။

"မင်းရဲ့ ဗိုက်ပူပူလေးထဲ ဆံ့သရွေ့တော့ မေမေ အားလုံး ပြင်ဆင်ပေးမယ်"

ရွှီယွိရွှမ်က စိတ်သက်သာရာရသွားဟန်ဖြင့် မျက်ဝန်းလေးများ တောက်ပလာကာ ဝမ်းသာအားရ ထပ်တောင်းဆိုနေသည်။

"ဒါဆိုရင် ဒီနေ့ညကျ သား မေမေနဲ့အတူတူ အိပ်ချင်တယ်"

ဝမ်ယဲ့က သူ့မျှော်လင့်ချက်ကို ချက်ချင်း ရိုက်ချိုးလိုက်သည်။

"အဲ့ဒါတော့ မရဘူး၊ မင်း ခုနတင် မီးနဲ့ ဆော့ထားတယ်မဟုတ်လား"

မီးနှင့်ဆော့ခြင်းနှင့် မိခင်နှင့်အတူတူ အိပ်ခွင့်မရခြင်းက ဘာပတ်သတ်သည်ကို ရွှီယွိရွှမ် နားမလည်သော်လည်း ငြင်းပယ်ခံလိုက်ရသည်ကိုတော့ သူ ရိပ်မိလိုက်သည်။

သူက ဗီဇအတိုင်း နှုတ်ခမ်းလေးဆူကာ စိတ်ကောက်ဟန်ပြနေပြန်သည်။

"ဟွန့်..."

All Chapters