အခန်း ၉၁
Vol. 10 Ch. 91
အခန်း ၉၁ ပြီးဆုံးအောင် ဆောင်ရွက်ခြင်း
“ဟမ့်... နှုတ်ခမ်းဆူပြလည်း အသုံးမဝင်ဘူးနော်”
ဝမ်ယဲ့က နှစ်ရက်မျှ စောင့်ဆိုင်းပြီးနောက်မှသာ ပင်မခြံဝင်းဆီသို့ ပြန်ရောက်လာခဲ့သည်။
သူမ ရောက်ရှိလာသည်ကို မြင်သည်နှင့် လုသခင်မက အစေခံများကို ချက်ချင်း အပြင်သို့ စေလွှတ်လိုက်ပြီး သူမတို့နှစ်ဦးတည်းသာ ကျန်ရစ်နေစေသည်။ ထို့နောက် သူမက မေးလိုက်သည်။
"နင်... စိတ် ရှင်းရှင်းလင်းလင်းနဲ့ အဖြေမှန်ကို တွေးမိပြီလား"
ဝမ်ယဲ့က ခေါင်းညိတ်ပြလိုက်ရင်း ပြန်ဖြေလိုက်သည်။
"ကျွန်မ... တွေးပြီးပါပြီ"
လုသခင်မက ဝမ်ယဲ့တစ်ယောက် သူမ၏စကားများကို နှလုံးသွင်းမိသွားပြီဟု ထင်မှတ်ကာ ထပ်ပြောလိုက်သည်။
"နောက်နောင်ကျရင် ဒုတိယမောင်လေးဘက်က အဲ့ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားမျိုးတွေကို ထပ်ပြောလာဦးမယ်ဆိုရင် နင် ငါ့ဆီကို လာခဲ့၊ သူ့ကို ပညာပေးဖို့ နယ်စားမင်းကို ငါ ပြောပေးမယ်"
ဝမ်ယဲ့က အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။
"မမ... ကျွန်မနဲ့ အမတ်မင်းမှာ ရွှမ်အာတစ်ယောက်တည်း ရှိရုံနဲ့ လုံလောက်ပြီလို့ ကျွန်မ တွေးနေတုန်းပဲ"
လုသခင်မက သူမ နားကြားမှားသည်ဟု ထင်မှတ်သွားပြီး မယုံနိုင်ဟန်ဖြင့် ပြန်မေးလိုက်သည်။
"ဘာ..."
သူမက ဝမ်ယဲ့တစ်ယောက် ရွှီယွဲ့ကျား တိုက်ကျွေးလိုက်သည့် 'မှော်ဆေးရည်' ကြောင့် ပြုစားခံနေသည်ဟု သံသယဝင်သွားခဲ့သည်။
လုသခင်မက ဝမ်ယဲ့ သတိပြန်ဝင်လာစေချင်သောကြောင့် နောက်တစ်ကြိမ်ထပ်မံ ဖျောင်းဖျနေပြန်သည်။
"ဒုတိယမောင်လေးက ရုပ်ရည်အလွန်တရာ ခန့်ညားတာ မှန်ပေမယ့် ဘယ်သူ့ရဲ့ ရုပ်ရည်ကမှ ထာဝရ တည်တံ့မနေနိုင်ဘူးလေ"
ဝမ်ယဲ့က စိတ်မပါလက်ပါဖြင့် ပြန်ပြောလိုက်သည်။
"မမရယ်... ကျွန်မအတွက်တော့ ရုပ်ရည်က အရေးအကြီးဆုံးအရာ မဟုတ်ပါဘူး"
သူမ အိမ်ပြန်ရောက်လျှင် ရွှီယွဲ့ကျားအား ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ စတင်လုပ်ဆောင်ရန် သတိပေးရမည်ဟု စိတ်ထဲမှ တေးမှတ်ထားလိုက်သည်။
လုသခင်မက စိတ်ဆိုးမာန်ဆိုးဖြင့် ဆူပူလိုက်သည်။
"နင် သူ့ရုပ်ရည်ကို စိတ်မဝင်စားဘူးဆိုရင်... ဘာကို လိုချင်လို့လဲ... သူ့ရဲ့နှလုံးသားကိုလား"
ဝမ်ယဲ့က ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ပါတယ်ရှင်"
သူမက ရွှီယွဲ့ကျား၏ 'ခေတ်ရှေ့ပြေးသည့် အတွေးအခေါ်ပုံစံ' အမြဲတမ်း တသမတ်တည်း တည်ရှိနေဖို့ အမှန်တကယ် မျှော်လင့်နေမိသည်။
လုသခင်မ : "......"
သူမ၏ မလျော့သော ဇွဲထက်သန်မှုကို မြင်နေရသောကြောင့် လုသခင်မလည်း ဘာဆက်ပြောရမှန်း မသိဖြစ်နေရသည်။
အချိန်အတော်ကြာပြီးနောက် သူမက အကျိုးသင့်အကြောင်းသင့် ထပ်ပြောကြည့်နေပြန်သည်။
"ရှေ့လျှောက် ရင်ဆိုင်ရမယ့် ဆယ်စုနှစ်တွေ အများကြီး ရှိသေးတယ်နော်၊ နင် နောက်ပိုင်းရောက်မှ ဒီရွေးချယ်မှုအပေါ် နောင်တရမိမှာကို မကြောက်ဘူးလား"
ဝမ်ယဲ့က အခိုင်အမာ ပြန်ဖြေလိုက်သည်။
"သားသမီးကိစ္စနဲ့ ပတ်သက်ရင်တော့ အမြဲတမ်း အမတ်မင်းရဲ့ ဆန္ဒအတိုင်းပါပဲ"
သို့သော် စကားအဆုံးတွင် သူမက တစ်လက်စတည်း ဖြည့်ပြောလိုက်သည်။
"အနာဂတ်အတွက်ကတော့... တကယ်လို့ အမတ်မင်း စိတ်ပြောင်းသွားခဲ့ရင်တောင် မမကတော့ ကျွန်မကို ပစ်ပယ်ထားမှာ မဟုတ်ဘူးမလားဟင်"
လုသခင်မက နှာခေါင်းရှုံ့ရင်း ပြန်ဖြေလိုက်သည်။
"ဟွန့်.... ငါ နင့်ကို ဂရုမစိုက်ဘူး၊ နင့်ဘာသာ ခေါင်းမာချင်သလောက် ခေါင်းမာနေလိုက်"
ဒုတိယမောင်လေး၏ မည်သည့်အချက်က ထိုမျှလောက်အထိ ကောင်းမွန်နေသဖြင့် ဝမ်ယဲ့အား ဤမျှလောက်အထိ ပြုစားထားနိုင်မှန်း လုသခင်မ နားမလည်နိုင်တော့ပေ။
ဝမ်ယဲ့က တက်ကြွစွာဖြင့် ခုံတန်းရှည်လေးတစ်ခုကို လုသခင်မ၏ ဘေးနားသို့ ဆွဲယူကာ ထိုင်လိုက်ပြီး ကလေးတစ်ယောက်လို ချွဲနွဲ့နေဟန်ဖြင့် ထပ်အတည်ပြုလိုက်သည်။
"မမက အဲ့ဒီလို လုပ်မှာ မဟုတ်ပါဘူးနော်"
လုသခင်မလည်း ဝမ်ယဲ့ကြောင့် ရူးသွပ်လုနီးပါး ဖြစ်သွားရပြီး၊ သူမ၏ ပုံမှန် တည်ငြိမ်မှုများ ပျောက်ဆုံးကာ လက်ရှိအခြေအနေ၏ ထူးဆန်းနေမှုကို သတိမထားမိတော့ပေ။
သူမ၏ စိတ်ထဲတွင် ရွှီယွဲ့ကျားအပေါ် စိတ်ပျက်မိခြင်းနှင့် ဝမ်ယဲ့အပေါ် စိတ်တိုနေခြင်းများသာ ပြည့်နှက်နေလေသည်။
ဝမ်ယဲ့က အပြုံးလေးဖြင့် ဆက်ပြောနေသည်။
"ပြီးတော့ ခဲအိုကလည်း စံပြပုဂ္ဂိုလ်ကောင်းကြီးလေ၊ ဒါကြောင့် အမတ်မင်းလည်း စိတ်ပြောင်းသွားမှာ မဟုတ်ဘူးလို့ ကျွန်မ ယုံကြည်ပါတယ်"
ရွှီမိသားစု၏ အကောင်းဆုံး အချက်တစ်ခုက ရွှီယွဲ့ကျားတို့၏ အဖိုးဖြစ်သူထံမှ ရှုပ်ထွေးလှသော မိန်းမကိစ္စ ဗီဇများက နောက်မျိုးဆက်ထံသို့ လက်ဆင့်ကမ်း ပါမလာခဲ့ခြင်းပင်။ လက်ရှိတွင် ရွှီနယ်စားမင်းနှင့် ရွှီယွဲ့ကျားတို့ထံ၌ ကိုယ်လုပ်တော်များ မရှိကြရုံမျှသာမက သူတို့၏ ဦးလေးများတွင်ရှိသော ကိုယ်လုပ်တော် အရေအတွက်က လက်ချိုးရေတွက်၍ ရနိုင်လောက်ပေသည်။
အမျိုးသားတစ်ယောက်၏ နှလုံးသား ငြိမ်သက်အေးချမ်းနေသည့်အခါ အိမ်တွင်းရေး အရှုပ်အရှင်းများလည်း နည်းပါးသွားတတ်သည်။ အချိန်ကြာလာသည်နှင့်အမျှ နောက်မျိုးဆက်များအကြားတွင်လည်း စိတ်ရင်းမှန်များ တိုးပွားလာခဲ့သည်။
ဝမ်ယဲ့က ရွှီနယ်စားမင်းအကြောင်းကို ပြောနေသည်ကို ကြားလိုက်ရချိန်တွင် လုသခင်မက ဖော်ပြရခက်သော လေသံမျိုးဖြင့် ပြန်ပြောလာခဲ့သည်။
"နင့်ခဲ့အိုရဲ့ အတွေးအခေါ်က ရိုးရှင်းလွန်းတယ်။ သူက ဉာဏ်နီဉာဏ်နက်တွေနဲ့ လှည့်ကွက်တွေ ပျားအုံလို ပြည့်နှက်နေတဲ့ ဒုတိယမောင်လေးကို ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ"
ဝမ်ယဲ့က ရွှီယွဲ့ကျားဘက်မှ မသိမသာ ကာကွယ်ပေးလိုက်သည်။
"အဲ့ဒါက နည်းနည်းတော့ လွန်မသွားဘူးလားရှင့်"
လုသခင်မက ပြန်တုံ့ပြန်လိုက်သည်။
"ဘယ်နားမှာ လွန်သွားလို့လဲ၊ နင့်ခဲအို ငယ်ငယ်တုန်းက ဒုတိယမောင်လေးလိုမျိုး ဘယ်တုန်းကမှ တည်ငြိမ်ရင့်ကျက်မှု မရှိခဲ့ဘူး"
ထိုစကားကို ပြောလိုက်ချိန်တွင် လုသခင်မက ဝေးကွာလှသော အတိတ်မှ အမှတ်တရအချို့ကို ရုတ်တရက် ပြန်အမှတ်ရသွားပြီး လွှတ်ခနဲ ပြောလိုက်မိသည်။
"သူက အရမ်း အူတူတူနိုင်ပြီး ငိုလည်း ငိုတတ်သေးတယ်"
ဝမ်ယဲ့တစ်ယောက် စိတ်ထဲမှ အံ့အားသင့်သွားရပြီး သူမ ယခုလေးတင် ကြီးမားလှသော လျှို့ဝှက်ချက်ကြီးတစ်ခု ကြားလိုက်ရသည်ဟု တွေးနေမိသည်။
လုသခင်မကလည်း ခင်ပွန်းဖြစ်သူ ငယ်ဘဝ အရှက်ရစရာ ကိစ္စတစ်ခုကို လွှတ်ခနဲ ပြောမိသွားမှန်း ချက်ချင်း ရိပ်မိသွားသည်။
သူမက ကမန်းကတန်း ထပ်ပြောလိုက်သည်။
"တကယ်တော့ သူက အဲ့ဒီလောက်ကြီးလည်း အူတူတူမနိုင်ပါဘူးလေ၊ အဲ့ဒီတုန်းက သူလည်း စစ်မြေပြင်မှာ အောင်ပွဲတွေ အများကြီး ရခဲ့တာပါ"
ထိုအချိန်တုန်းက ရွှီနယ်စားမင်းအိုကြီး သက်ရှိထင်ရှား ရှိနေဆဲ ဖြစ်သည်။ ရွှီနယ်စားမင်းအိမ်တော်အနေဖြင့် နန်းလျာလုပွဲ အရှုပ်အရှင်းများထဲသို့ ဆွဲသွင်းမခံရစေရန်အတွက် ထိုစဉ်က ဆက်ခံသူအဆင့်သာရှိသေးသော ရွှီနယ်စားမင်းက စစ်မှုထမ်းကောင်းတံဆိပ်နှင့် ဆုလာဘ်များကို ရရှိပြီးနောက်တွင် ဖျားနာချင်ယောင်ဆောင်ကာ စစ်အာဏာကို စွန့်လွှတ်ပြီး အိမ်၌သာ နေထိုင်ခဲ့သည်။
ဧကရာဇ်အသစ် နန်းတက်လာပြီးနောက်တွင် နယ်စပ်ပဋိပက္ခများ ငြိမ်းအေးသွားသည့်အတွက် ရွှီနယ်စားမင်းလည်း စစ်မြေပြင်သို့ သွားရန် မလိုအပ်တော့ပေ။ သူက မြို့တော်၌ပင် နေထိုင်နေပြီး၊ တစ်ခါတစ်ရံတွင် ဧကရာဇ်မင်းမြတ်ကို ကူညီကာ စစ်သည်များကို လေ့ကျင့်ပေးခြင်း သို့မဟုတ် လက်နက်ကိစ္စရပ်များနှင့် ဆိုသော ဝန်ကြီးဌာနတွင် လက်နက်များကို အဆင့်မြှင့်တင်ပေးခြင်းများ ပြုလုပ်ပေးလေ့ရှိသည်။
ဝမ်ယဲ့တစ်ယောက် စိတ်ထဲတွင် မည်သို့ တွေးနေပါစေ အပြင်ပန်းတွင်တော့ လုသခင်မ၏စကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်နေရသည်။
"ဒါပေါ့ရှင်"
လုသခင်မက ဆက်ပြောနေသေးသည်။
"သူတို့က ညီအစ်ကိုတွေ ဆိုပေမယ့် စရိုက်ချင်း တော်တော်လေး ကွာခြားကြတာကို နင်လည်း မြင်နိုင်မှာပါပဲ၊ ဒုတိယမောင်လေးက မကောင်းဘူးလို့ ငါ ပြောတာမဟုတ်ပါဘူး... ဒါပေမယ့်..."
ဝမ်ယဲ့၏ ရိုးသားဖြူစင်သော မျက်ဝန်းများကို ကြည့်ရင်း လုသခင်မလည်း ဘယ်ကနေ စပြောရမှန်းပင် မသိတော့ဘဲ အတော်ကြာမှသာ ဆက်ပြောနိုင်ခဲ့သည်။
"ဒုတိယမောင်လေးက နန်းတွင်းမှာ တာဝန်ထမ်းဆောင်နေတာဆိုတော့ သူ့ရဲ့ လုပ်ဆောင်ချက်တွေက လိုက်လျောညီထွေမရှိဘူး၊ ပရိယာယ်များတယ်၊ ပြီးတော့ ရက်စက်တတ်တယ်ဆိုပြီးလည်း မကြာခဏ အဝေဖန်ခံရလေ့ရှိတယ်”
“ဒါပေါ့... ဒီလိုစွပ်စွဲချက်အများစုက သူတို့ရဲ့ မနာလိုမှုတွေကြောင့် ပုံကြီးချဲ့ထားတဲ့ ကောလာဟလတွေဆိုပေမယ့် အမှန်တရားကလည်း အနည်းနဲ့အများတော့ ပါနေသေးတယ်၊ တခါတလေကျရင် ဒုတိယမောင်လေးရဲ့ စိတ်နေသဘောထားက နည်းနည်း ပြတ်သားလွန်းတယ်၊ နင် အခုကတည်းက သူ့အလိုကို ဒီလောက် ဖြည့်စည်းပေးနေရင် အနာဂတ်မှာ ဘာဖြစ်လာမယ် ထင်လဲ"
လုသခင်မက နိဂုံးချုပ်အနေဖြင့် ထပ်ပြောလိုက်သည်။
"ငါတို့က ဒုတိယမောင်လေး အစိုးရဌာနထဲကို စပြီး ဝင်တုန်းကလိုမျိုး စိတ်သဘောထား ပိုနူးညံ့စေချင်တာလေ"
ထိုစကားကို ကြားလိုက်ရချိန်တွင် ဝမ်ယဲ့က ရုတ်တရက် ပြုံးလိုက်ပြီး ရွှီယွဲ့ကျားအစား ပြန်ဖြေရှင်းပေးလိုက်သည်။
"တကယ်တော့ အမတ်မင်းက သူ့ရဲ့ အမှုတွဲကိစ္စတွေအပေါ် အရမ်းတာဝန်ယူစိတ် ပြင်းပြလွန်းလို့ပါ၊ တရားစီရင်ရေးစာလွှာဆိုတာက ဖတ်ရတာ ပေါ့ပါးပုံရပေမယ့် သက်ရောက်မှုကတော့ အလွန်တရာ ကြီးမားတာမျိုးလေ၊ အစိုးရအရာရှိတစ်ယောက်ရဲ့ သေးငယ်တဲ့ ပေါ့ဆမှုလေးတစ်ခုကတောင် အမှုအပေါ်မှာ ကြီးမားတဲ့ ရိုက်ခတ်မှု ဖြစ်စေနိုင်တာမျိုးပေါ့”
“မမ ဆိုလိုချင်တဲ့ အဓိပ္ပာယ်ကို ကျွန်မ နားလည်ပါတယ်၊ နိုင်ငံရေးလောကထဲမှာ ချောမွေ့တဲ့ ရာထူးတက်လမ်း ရှိဖို့ဆိုရင် တစ်ခါတစ်ရံမှာ မသန့်ရှင်းတဲ့အရာတွေနဲ့ မလွဲမသွေ ထိတွေ့ရတတ်တာပဲလေ၊ အမတ်မင်းက အရမ်းဖြောင့်မတ်လွန်းတော့ သူ့ကိုယ်သူ ထိခိုက်စေမိမှာကို မမ စိုးရိမ်နေတာမလား"
မိသားစုဝင်တစ်ယောက်အနေဖြင့် လုသခင်မ၏ စိုးရိမ်ပူပန်မှုများက နားလည်ပေးနိုင်စရာ ဖြစ်သည်။
သို့သော်လည်း ယခင်က ရွှီယွဲ့ကျား၏ အမှုတွဲများ ကိုင်တွယ်ဖြေရှင်းပုံကို စောင့်ကြည့်ခဲ့ရသမျှ သူက စစ်မှန်သော အရာရှိကောင်းတစ်ယောက် ဖြစ်မည်ဟု ဝမ်ယဲ့ ယုံကြည်နေမိသည်။
သူက အသေးစိတ်မှ စပြီး စေ့စပ်သေချာစွာ ဆောင်ရွက်တတ်သလို လာဘ်ပေးလာဘ်ယူလည်း ကင်းရှင်းကာ မည်သည့်အရာကိုမဆို တင်းပြတ်လွန်းခြင်း မရှိပေ။ သူက သိက္ခာရှိပြီး၊ ဉာဏ်ပညာ ထက်မြက်ရုံမျှမက အမြင်ကျယ်သူလည်း ဖြစ်သည်။
ထိုသို့သော လူမျိုးကို စိတ်ခံစားချက်အရဖြစ်စေ၊ ဘက်လိုက်မှုအရဖြစ်စေ ဝမ်ယဲ့အနေဖြင့် အလွန် လေးစားနေမိသည်။
ဝမ်ယဲ့က ဆက်ပြောလိုက်သည်။
"တကယ်တော့ အမတ်မင်းက ကံကောင်းပါတယ်၊ လက်ရှိ ဧကရာဇ်မင်းမြတ်ကလည်း ဉာဏ်ပညာ ကြီးမားသလို အိမ်ရှေ့စံမင်းသားကလည်း ထက်မြက်တယ်၊ ခေတ်ကာလကြီးကလည်း အေးချမ်းသာယာနေတာပဲလေ၊ ဒါက အကောင်းဆုံး ခေတ်ကာလကြီး မဟုတ်ဘူးလား မမရယ်”
“အမတ်မင်းမှာ မြင့်မြတ်တဲ့ ရည်မှန်းချက်တွေ ရှိနေတာပဲ၊ သူ့ရဲ့ မိသားစုဝင်တွေအနေနဲ့ ဘာလို့ ဘယ်တော့မှ ဖြစ်လာမှန်း မသိနိုင်တဲ့ အန္တရာယ်တွေကို တွေးပူပြီး သူ့ကို တားဆီးနေရမှာလဲရှင်"
နှောင်းဧကရာဇ် လက်ထက်တွင် ရွှီယွဲ့ကျားက သူ့၏ ထက်မြက်မှုများကို မည်သို့ ဝှက်ကွယ်ထားရမည်အား သိရှိခဲ့ပြီး၊ ထိုအချက်ကပင် သူက စိတ်လိုက်မာန်ပါ လုပ်တတ်သူ သို့မဟုတ် မဆင်မခြင် လုပ်တတ်သူ မဟုတ်ကြောင်း သက်သေပြနေသည်။ အခြားသူများ၏ မျက်စိထဲတွင် သူ့၏ 'ပြောင်းလဲမှု' ဆိုသည်က မာနထောင်လွှားခြင်းကြောင့် မဟုတ်ဘဲ၊ သေချာ တွက်ချက်ထားသည့် လုပ်ဆောင်ချက်တစ်ခုသာ ဖြစ်သည်။
ဝမ်ယဲ့ ယုံကြည်နေသည်က ရွှီယွဲ့ကျားလည်း သူမကဲ့သို့ပင် နန်းတွင်းထဲတွင် ယခုကဲ့သို့ စည်းလုံးညီညွတ်မှုမျိုး ရှိရန် ရှားပါးလှသည်ကို နားလည်ထားပေလိမ့်မည်။ ထို့ကြောင့် သူက သူ သင်ယူထားသမျှနှင့် သူ လုပ်ဆောင်နိုင်သမျှ၏ တန်ဖိုးကို အမြင့်ဆုံးအထိ အသုံးချနိုင်ရန် ဤအခွင့်အရေးကို အရယူလိုခြင်းသာ ဖြစ်သည်။
သူမတို့နှစ်ယောက် သတိမထားမိလိုက်သည်က ရွှီယွဲ့ကျားတစ်ယာက် အဓိကခြံဝင်းဆီသို့ မည်သည့်အချိန်ကတည်းက ရောက်ရှိနေမှန်းပင်။ သူ့ဘေးနားတွင် သူ ရောက်ရှိလာကြောင်း သတင်းပို့ရန် ပြင်နေသည့် အစေခံမလေးက တိုးတိုးလေး မေးလိုက်သည်။
"ဒုတိယသခင်..."
ရွှီယွဲ့ကျားက သူ့မျက်ဝန်းများကို မှေးစင်းလိုက်ပြီး လေသံထွက်ရုံ အမိန့်ပေးလိုက်သည်။
"မလိုဘူး၊ တစ်ရှစ်ခဲ့လောက် ကြာပြီးမှ အကြောင်းကြားလိုက်"
(တစ်ရှစ်ခဲ့ - ဆယ့်ငါ့းမိနစ်)
အစေခံမလေးက ခေါင်းငုံ့ကာ အရိုအသေပြုရင်း ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့ပါ"
ရွှီယွဲ့ကျားက အဓိကခြံဝင်း၏ အဝင်ဝကို ကြည့်ကာ အနည်းငယ် တွေဝေနေပြီးနောက် ခြေလှမ်းပြင်ကာ ပြန်ထွက်ခွာသွားခဲ့သည်။ အစေခံမလေးကလည်း သူ့နောက်မှ ကပ်လျက် လိုက်ပါသွားခဲ့သည်။
အိမ်တော်၏ ခန်းမဆောင်အတွင်း၌...
"မမ"
ဝမ်ယဲ့က ဆက်ပြောလိုက်သည်။
"အမတ်မင်းက အရာရှိကောင်းတစ်ယောက်ဖြစ်သလို လူကောင်းတစ်ယောက်ဆိုလည်း ဖြစ်နေတုန်းပါပဲ၊ ကျွန်မ ထင်တာတော့... နောင်တစ်ချိန်မှာ ကလေးကိစ္စနဲ့ပတ်သက်ပြီး သူ ဆုံးဖြတ်ခဲ့တာကို နောင်တရခဲ့ရင်တောင်မှ ကျွန်မအပေါ်တော့ မရက်စက်လောက်ပါဘူး"
အမှန်တကယ်တွင် ရွှီယွဲ့ကျား၏ စိတ်နေသဘောထားက မေးခွန်းထုတ်စရာမလိုအောင် ကောင်းမွန်ကြောင်း လုသခင်မကိုယ်တိုင်လည်း ဝန်ခံရမည်ဖြစ်သည်။
သူမက ဝမ်ယဲ့အတွက် စိတ်မကောင်း ဖြစ်မိရုံမျှသာ ဖြစ်သည်။ အကယ်၍ ဝမ်ယဲ့ ဤအိမ်တော်သို့ စတင်လက်ထပ် ဝင်ရောက်လာစဉ်က ဤအခြေအနေမျိုး ဖြစ်ခဲ့မည်ဆိုလျှင် သူမအနေဖြင့် ယနေ့လိုမျိုး စိတ်အားထက်သန်စွာ တိုက်တွန်းနေမည်မဟုတ်ပေ။
သို့သော်လည်း လွန်ခဲ့သော တစ်နှစ်တာအတွင်း ရင်းနှီးပတ်သက်ခဲ့ရမှုများကိုမူ လွယ်လွယ်နှင့် ဖျောက်ပစ်၍မရနိုင်ချေ။ ယခုအချိန်တွင် လုသခင်မ၏ နှလုံးသားက ဝမ်ယဲ့ဘက်သို့ လုံးလုံးလျားလျား ယိုင်နဲ့နေခဲ့ပြီ ဖြစ်သည်။
လုသခင်မ သူမ၏ စကားများကြောင့် စိတ်ပြောင်းလဲလာသည်ကို မြင်နိုင်သည့် ဝမ်ယဲ့က ဆက်မြှောက်ပင့်ပေးလိုက်သည်။
"ပြီးတော့ တကယ်လို့ အဲ့ဒီလို အခြေအနေမျိုးအထိ ဖြစ်လာခဲ့ရင်လည်း မမက အမတ်မင်းကို အိမ်ခွဲပေးပြီး တခြားနေရာမှာ သီးသန့်သွားနေခိုင်းလိုက်လေ"
လုသခင်မလည်း ရယ်လည်းရယ်ချင် စိတ်လည်းတိုသွားရကာ ဆူပူလိုက်သည်။
"နင်ကတော့လေ... အဲ့လို လှည့်ပတ်စဉ်းစားတတ်တဲ့ ဉာဏ်နီဉာဏ်နက်တွေ တော်တော်ပေါနေတယ်ပေါ့"
ဝမ်ယဲ့က တခစ်ခစ် ရယ်မောရင်း ပြန်မေးလိုက်သည်။
"ကျွန်မ အိမ်တော်မှာပဲ နေပြီး မမအနားမှာ အဖော်လုပ်ပေးတော့ ပိုမကောင်းဘူးလားရှင့်"
လုသခင်မအနေဖြင့် စိတ်ထဲမှ ခုခံချင်နေသေးသော်လည်း မမေးဘဲ မနေနိုင်တော့ပေ။
"ဒါဆို ရွှမ်အာကရော"
ဝမ်ယဲ့က ခဏမျှ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။
"ဒါပေါ့... သူလည်း ဒီမှာပဲ ကျန်ခဲ့ရမှာပေါ့"
‘တခြားအရာတွေကို ခဏဖယ်ထားဦးတော့၊ အနည်းဆုံးတော့ သူက 'မျက်နှာသာရအောင် လုပ်ပေးနိုင်တဲ့ ကိရိယာတန်ဆာပလာလေး' အဖြစ် အသုံးဝင်သေးတာပဲလေ။’
ဤသို့ ရှည်လျားစွာ စကားပြောဆိုပြီးနောက် လုသခင်မလည်း တချို့အရာများကို တဖြည်းဖြည်း နားလည်သဘောပေါက်လာခဲ့ပြီး တိုက်ရိုက် ထုတ်မမေးရန် ဆုံးဖြတ်လိုက်သည်။ သူမက သာမန်ကာလျှံကာ ပြန်ပြောလိုက်သည်။
"ရွှမ်အာကတော့ ဒီလိုကောင်းမွန်တဲ့ မိခင်မျိုးကို ရထားတာ တကယ့်ကို ကံကောင်းတာပဲ"
လုသခင်မက အရာအားလုံးကို အကောင်းဘက်မှ မြင်ပေးလိုက်ပြီး အမှန်တရားကို ထပ်မတူးဆွတော့ရန် ရွေးချယ်လိုက်သည်။
‘ရှေးလူကြီးတွေ ပြောလေ့ရှိတဲ့ စကားပုံတစ်ခု ရှိတယ်မဟုတ်ဘူးလား၊ လူတစ်ယောက်ကို ဆုံးဖြတ်ရာမှာ သူရဲ့ ရည်ရွယ်ချက်ထက် သူရဲ့ လုပ်ဆောင်ချက်ကိုပဲ ကြည့်ပြီး ဆုံးဖြတ်သင့်တယ်တဲ့’
ထိုအချိန်တွင် ဝမ်ယဲ့က ယနေ့မနက် ရွှီယွိရွှမ်တစ်ယောက် အိပ်ရာထဲ၌ ဆီးသွားခဲ့သည်ကို သိလိုက်ရပြီးနောက် သူမကိုယ်သူမ မထိန်းနိုင်ဘဲ အော်ရယ်မိခဲ့သည်ကို ပြန်အမှတ်ရသွားခဲ့သည်။ သူမက ရိုးရိုးသားသား ခေါင်းခါပြလိုက်ရင်း ငြင်းဆန်လိုက်သည်။
"တကယ်တော့ အဲ့ဒီလောက်ကြီးလည်း မဟုတ်ပါဘူးရှင်"
လုသခင်မ: "......"
‘နောက်ဆုံးတော့ ငါ နားလည်သွားပြီ၊ ဝမ်ယဲ့ရဲ့ အကြီးမားဆုံး အားနည်းချက်က ရိုးသားလွန်းခြင်းပဲ၊ တပြိုင်တည်းမှာ သူရဲ့ အကြီးမားဆုံး အားသာချက်ကလည်း ပါးပါးနပ်နပ်နှင့် မရိုးမသား လုပ်တတ်ခြင်း ဖြစ်နေပြန်တယ်’
.......။.....။......
အဓိကခြံဝင်းထဲမှ ထွက်လာပြီးနောက် ရွှီယွဲ့ကျားက အနောက်ဘက်ခြံဝင်းသို့ ပြန်ကာ နန်းတွင်းဝတ်စုံကို လဲလှယ်လိုက်ပြီးမှ ပင်မခြံဝင်းဆီသို့ ပြန်လာခဲ့သည်။ ရွှီနယ်စားမင်းက သူ့တစ်ယောက်တည်း ပြန်လာသည်ကို မြင်သွားပြီး လှမ်းမေးလိုက်သည်။
"သူတို့ ဘယ်မှာလဲ"
ရွှီနယ်စားမင်း၏ ဘေးနားတွင် ရွှီယွဲ့ကျားနှင့် အသက်အရွယ်ချင်း သိပ်မကွာသော လူငယ်တစ်ယောက် ရပ်နေသည်။ သူက သိမ်မွေ့သန့်ပြန့်သော ရုပ်ရည်ရှိပြီး ယဉ်ကျေးပျူငှာသော အမူအရာ ရှိကာ ရွှီယွဲ့ကျားကို တရိုတသေ နှုတ်ဆက်လိုက်သည်။
"ဝမ်းကွဲအစ်ကို ကျိထန်း"
ရွှီယွဲ့ကျားက ခေါင်းငြိတ်ပြရင်း ပြန်ပြောလိုက်သည်။
"မရီးတို့လည်း ခဏနေရင် ရောက်လာကြလိမ့်မယ်"
ရွှီနယ်စားမင်းက သူ့ကို အပြစ်တင်သလို ဝင်ပြောလိုက်သည်။
"မင်း ဒီမှာနေပြီး ထင်ရွှန်းနဲ့ စကားပြောနေပါလို့ ငါ ပြောသားပဲ၊ အစေခံတွေကို လွှတ်လိုက်ရင်လည်း ရနေတာပဲကိုကွာ"
"လမ်းကြုံလို့ပါ"
ရွှီယွဲ့ကျားက ပြန်ဖြေလိုက်ပြီး အစ်ကိုဖြစ်သူနှင့် စကားမရှည်တော့ပေ။
သူ့စိတ်ထဲတွင်တာ့ သူ စောစောက ခိုးနားထောင်မိခဲ့သည့် စကားဝိုင်းကိုသာ အထပ်ထပ် ပြန်တွေးတောနေမိသည်။
လေထု တင်းမာနေသည်ကို မြင်ရသောကြောင့် ရှန်းထင်ရွှန်းက ကြားထဲမှ အခြေအနေကို ဝင်လျှော့ချပေးလိုက်သည်။
"ဒါက ကျွန်တော့်အပြစ်ပါ၊ စာထဲမှာ ပြောထားတဲ့ ရက်ထက် နှစ်ရက်လောက် စောပြီး ရောက်လာမိလို့ပါ"
ထိုစကားကို ကြားရချိန်တွင် ရွှီနယ်စားမင်းက လက်ခါပြရင်း ပြန်ပြောလိုက်သည်။
"ဒါက မင်းအပြစ် ဘယ်ဟုတ်မှာလဲကွ၊ အဲ့ဒီတောပုန်းဓားပြတွေကိုသာ အပြစ်တင်ရမှာ"
အမှန်တကယ်တွင် ရှန်းထင်ရွှန်းက မြို့တော်သို့ လာရာလမ်း၌ ဓားပြအုပ်စုတစ်စုနှင့် တိုးခဲ့ပြီး သူ့၏ ပစ္စည်းဥစ္စာများသာမက အသက်ပါ ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရသည်။ နောင်ပိုင်းတွင် ဤကဲ့သို့သော မတော်တဆမှုမျိုး ထပ်မံမကြုံတွေ့ရစေရန်အတွက် သူက ကျန်ရှိသောခရီးလမ်းကို အလျင်အမြန် ခရီးနှင်ခဲ့ပြီး စီစဉ်ထားသည့်ရက်ထက် နှစ်ရက်စော၍ မြို့တော်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ရွှီနယ်စားမင်းက ဆက်ပြောလိုက်သည်။
"မင်းရဲ့ ဝမ်းကွဲမရီးက မင်းအတွက် အဆောင်ကို အဆင်သင့် ပြင်ဆင်ပေးထားပြီးသားပါ၊ စိတ်အေးလက်အေးနဲ့ ဒီမှာ တည်းလို့ ရပါတယ်ကွ"
ရှန်းမိသားစုတွင်လည်း မြို့တော်၌ နေအိမ်တစ်လုံး ရှိသည်။ သို့သော်လည်း ပြီးခဲ့သည့်နှစ်က အကြီးဆုံးအဒေါ် မြို့တော်သို့ လာရောက်ပြီးနောက်တွင် သူမက ရွှီနယ်စားမင်းအိမ်တော်နှင့် နှစ်လမ်းကျော်မျှသာ ဝေးသော အခြားအိမ်တစ်လုံးကို ထပ်မံဝယ်ယူခဲ့သည်။ သို့သော်လည်း ရှန်းထင်ရွှန်းက မျှော်လင့်မထားဘဲ စောစီးစွာ ရောက်ရှိလာခြင်းကြောင့် ထိုနေအိမ်ကို သေသေချာချာ သန့်ရှင်းရေး မလုပ်ရသေးပေ။
ရှန်းထင်ရွှန်း ရောက်ရှိလာကြောင်း ကြားသိရသဖြင့် အပြေးအလွှား ရောက်လာသော လုသခင်မက ကြားဖြတ် ဝင်ပြောလိုက်သည်။
"ဟုတ်ပါတယ်ကွယ်၊ မင်း ဒီမှာပဲ နေရမယ်၊ မဟုတ်ရင် ငါတို့ အကြီးဆုံးအဒေါ်ကို ဘယ်လိုမျက်နှာပြရမလဲ"
ရွှီယွဲ့ကျား ထွက်ခွာသွားပြီးနောက် အစေခံမလေးက အမှန်တကယ် တစ်ရှစ်ခဲ့ (၁၅ မိနစ်) ပြည့်အောင် မစောင့်ဆိုင်းဘဲ အထဲသို့ ဝင်လာခဲ့သည်။ ရှန်းထင်ရွှန်း ရောက်ရှိလာကြောင်း သိလိုက်ရသဖြင့် လုသခင်မက ဝမ်ယဲ့ကိုပါ တစ်ပါတည်း ခေါ်ဆောင်လာခဲ့သည်။
ရှန်းထင်ရွှန်းက လုသခင်မကို အရင် အရိုအသေပြု နှုတ်ဆက်လိုက်သည်။
"ထင်ရွှန်းက အကြီးဆုံးဝမ်းကွဲမရီးကို ဂါရဝပြုပါတယ်"
ခဏမျှ ကြာပြီးနောက် သူက ဝမ်ယဲ့ဘက်သို့လည်း အနည်းငယ် ဦးညွှတ်ကာ နှုတ်ဆက်လိုက်ပြန်သည်။
"ဒုတိယဝမ်းကွဲမရီးကိုလည်း ဂါရဝပြုပါတယ်"
ဝမ်ယဲ့က ခေါင်းငြိတ်အသိအမှတ်ပြုရင်း ပြန်နှုတ်ဆက်လိုက်သည်။
"ဝမ်းကွဲမောင်လေး"
ရှန်းထင်ရွှန်းက ထပ်ပြောလာပြန်သည်။
"ဒုတိယဝမ်းကွဲမရီးရဲ့ နာမည်ကျော်ကြားမှုကို ကြားဖူးနေတာ ကြာပါပြီ"
ထိုစကားကို ကြားသောအခါ လုသခင်မလည်း မပြုံးဘဲ မနေနိုင်တော့ဘဲ သူမ၏ အကြည့်များက ဝမ်ယဲ့ဆီသို့ ရောက်ရှိသွားသည်။
ဝမ်ယဲ့: "......"
'သူက အကြီးဆုံးအဒေါ်ရဲ့ သားဖြစ်နေတာ မဆန်းတော့ပါဘူးလေ...'
.....။.......။....
ရှန်းထင်ရွှန်းကို နေရာချထားပေးပြီးနောက် မိသားစုဝင်များအားလုံး အဓိကခြံဝင်း၌ စုဝေးကာ ညစာ စားခဲ့ကြသည်။ ထို့နောက်မှသာ ဝမ်ယဲ့က ရွှီယွဲ့ကျားနှင့်အတူ အနောက်ဘက်ခြံဝင်းသို့ ပြန်လာခဲ့သည်။
ဆောင်းရာသီ၏ နေ့ရက်များက စောစောစီးစီး မှောင်မည်းသွားတတ်ရာ ဝမ်ယဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး လုပ်ဆောင်ပြီးချိန်တွင် အပြင်ဘက် ဝရန်တာရှိ ဖယောင်းတိုင်မီးများ လင်းထိန်နေခဲ့ချေပြီ။
အခန်းတွင်းမှ ဖယောင်းတိုင်မီးများကတော့ ထောင့်စွန်းပင်မကျန်အောင် လင်းထိန်နေသည်။
ရွှီယွဲ့ကျားက ခုတင်ပေါ်တွင် ထိုင်နေပြီး အရင်က သူ ကူးယူထားသော ရှေးဟောင်းကျမ်းစာတစ်အုပ်ကို လှန်လှောဖတ်ရှုနေသည်။
ဝမ်ယဲ့ ခုတင်ပေါ်သို့ တက်လာပြီးနောက် မကြာမီမှာပင် သူမက အခြားစာအုပ်တစ်အုပ်ဖြစ်သည့် ဝတ္ထုစာအုပ်ကို ကိုင်ထားမိလျက်သား ဖြစ်နေခဲ့သည်။
သူမက စာမျက်နှာများပေါ်မှ မျက်လုံးအကြည့်မခွာဘဲ ပေါ့ပေါ့ပါးပါး ရေရွတ်လိုက်သည်။
"ဝမ်းကွဲမတ်လေးက အကြီးဆုံးအဒေါ်နဲ့ တော်တော်လေး တူတာပဲနော်"
ယခင်က အကြီးဆုံးအဒေါ်၏ ပြောပြချက်များအပေါ် အခြေခံပြီး သူက တော်တော်လေး တည်ကြည်တင်းမာမည့်သူဟု သူမ စိတ်ကူးယဉ်ခဲ့ဖူးသည်။
ရွှီယွဲ့ကျားက စာအုပ်ပေါ်မှ အကြည့်ကို သူမထံသို့ ရွှေ့လိုက်ပြီး ပြန်မေးလိုက်သည်။
"မင်း အိပ်ချင်နေပြီလား"
ဝမ်ယဲ့က သူ့ကို မော့ကြည့်လိုက်ရင်း ရုတ်တရက် သမ်းဝေလိုက်သည်။
"နည်းနည်းတော့ အိပ်ချင်လာပြီ ထင်တယ်"
သို့သော်လည်း ယနေ့တွင် ထိုလူက စိတ်အခြေအနေ ကောင်းမွန်နေပုံရပြီး ထိုထက်ပင် ပိုနေသေးသည်။
၎င်းက အနည်းငယ် ထူးဆန်းနေလေသည်။
ညစာ စားကတည်းက ဝမ်ယဲ့ သတိပြုမိခဲ့ခြင်း ဖြစ်သော်လည်း လူတိုင်း၏ အာရုံစိုက်မှုက ရှန်းထင်ရွှန်းထံသို့သာ ရောက်ရှိနေသဖြင့် ရွှီယွဲ့ကျား၏ သိမ်မွေ့သော အပြောင်းအလဲကို မည်သူမျှ သတိမထားမိခဲ့ကြပေ။
ရွှီယွဲ့ကျားက စာအုပ်ကို ပိတ်လိုက်ပြီး လုံးဝကို သာမန်ဆန်သော ကိစ္စတစ်ခုကို ဆွေးနွေးနေသကဲ့သို့ တည်ငြိမ်အေးဆေးသော လေသံဖြင့် ပြောလိုက်သည်။
"ဆရာတစ်ယောက်အနေနဲ့၊ မင်း တပည့်ရဲ့ အိမ်စာတွေကို စစ်မပေးတာ တော်တော်လေး ကြာပြီနော်"
ထိုစကားကို ကြားလိုက်ရုံမျှဖြင့် ဝမ်ယဲ့၏ စိတ်အာရုံများ ချက်ချင်း နိုးကြားတက်ကြွလာတော့သည်။
"အဲ့ဒါနဲ့ ပတ်သက်လို့ ပြောရရင်တော့ ကျွန်မ အခု လုံးဝကို မျက်စိပွင့်သွားပါပြီရှင့်"
အိမ်စာစစ်ဆေးသည့် လုပ်ငန်းစဉ်ကတော့ အနည်းငယ် ရှည်လျားနေခဲ့သည်။
သို့သော်လည်း ယနေ့ညတွင် ထိုတပည့်ဖြစ်သူက စိတ်အားထက်သန်လွန်းနေပုံရသည်။