အခန်း ၉၂
Vol. 10 Ch. 92
အခန်း ၉၂ နှစ်သစ်ကူးပွဲတော်
ရှန်းထင်ရွှန်း ရောက်ရှိလာခဲ့ပြီး သုံးရက်အကြာတွင် လန်ချန်ရှိ စာသင်ကျောင်းလည်း ပိတ်လိုက်ပြီဖြစ်ကာ ရွှီကျင့်ရုံတစ်ယောက် အိမ်သို့ ပြန်ရောက်လာခဲ့ချေပြီ။
သူတစ်ယောက်တည်း ပြန်လာခြင်းမဟုတ်ဘဲ ချန်းနန်မြို့စားမင်းအိမ်တော်မှ သခင်လေး ကျန်းရွေ့လည်း ပါလာခဲ့သည်။ ကျန်းရွေ့က ရွှီကျင့်ရုံ၏ ဝမ်းကွဲဦးလေးတော်စပ်သူဖြစ်ပြီး သူကိုယ်တိုင် ထိုကောင်လေးကို လိုက်လံပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
ကျန်းရွေ့က ရွှီကျင့်ရုံထက် ခုနစ်နှစ်၊ ရှစ်နှစ်ခန့်သာ ပိုကြီးသော်လည်း မျိုးဆက်အရ တစ်ဆက်ပိုမြင့်သည်။ လွန်ခဲ့သည့် လအနည်းငယ်အတွင်း ကျောင်းတော်၌ ကျန်းရွေ့ အနီးကပ်စောင့်ကြည့်ပေးခဲ့သဖြင့် ရွှီကျင့်ရုံ၏ စာပေလေ့လာမှုက အဆမတန် တိုးတက်မလာခဲ့သော်လည်း အနည်းဆုံးတော့ နောက်ပြန်ဆုတ်မသွားခဲ့ဘဲ ပိုမိုစည်းကမ်းရှိလာခဲ့သည်။
ကျန်းရွေ့ အိမ်မပြန်ရသည်မှာ ရက်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်၍သာ သူကို ပြန်လွတ်ပေးလိုက်ရခြင်းဖြစ်ပြီး ထိုသို့မဟုတ်လျှင် လုသခင်မက သူ့ကို နယ်စားမင်းအိမ်တော်၌ ရက်အနည်းငယ်ခန့် ထပ်မံတည်းခိုနေထိုင်စေချင်မိသည်။
အစပိုင်းတွင် ရှန်းထင်ရွှန်းက နှစ်သစ်ကူးမတိုင်မီ သူတို့၏ ကိုယ်ပိုင်နေအိမ်သို့ ပြောင်းရွှေ့ကာ နှစ်သစ်ကူးကို သူတစ်ယောက်တည်း ဖြတ်သန်းရန် စီစဉ်ထားသော်လည်း လုသခင်မက လုံးဝခွင့်မပြုခဲ့ပေ။
လူသူကင်းမဲ့ ခြောက်ကပ်နေသော အိမ်အိုကြီးထဲတွင် နှစ်သစ်ကူးကို တစ်ယောက်တည်း ဖြတ်သန်းရသည်က အလွန် အထီးကျန်ဆန်စေပြီး စိတ်မချမ်းမြေ့စရာ ကောင်းလိမ့်မည်ဟူသော အကြောင်းပြချက်ဖြင့် လုသခင်မက သူ့ကို တားဆီးထားခဲ့သည်။
ဆယ့်နှစ်လမြောက်လ၏ နောက်ဆုံးရက်များတွင် မြို့တော်၌ ဆီးနှင်းများ သည်းထန်စွာ ကျဆင်းခဲ့ပြီး နှစ်သစ်ကူးအကြိုညအထိ ဆီးနှင်းများ ထူထပ်စွာ စုပုံနေဆဲ ဖြစ်သည်။
လုသခင်မလည်း အလုပ်များနေပြီး နံနက်ပိုင်းတွင် ကလေးများကို တွေ့ဆုံနှုတ်ဆက်ပြီးနောက် အကြောင်းပြချက်တစ်ခုပေးကာ အဓိကခြံဝင်းထဲမှ နှင်လွှတ်လိုက်သည်။ ပျင်းရိနေသော ရွှီကျင့်ရုံကလည်း သူ၏ ညီငယ်လေးနှစ်ယောက်ကို ခေါ်ဆောင်ကာ ဝမ်ယဲ့၏ ခြံဝင်းသို့ ရောက်လာပြီး နှင်းလုံးပစ်တမ်း ကစားနေကြသည်။
ကစားနည်းစည်းကမ်းက ရွှီကျင့်ရုံကို သုံးကြိမ်ဆက်တိုက် ထိမှန်အောင် ပစ်နိုင်မှသာ အနိုင်ရမည် ဖြစ်သည်။
အနောက်ဘက်အဆောင်၏ ခြံဝင်းက ကျယ်ဝန်းလှသဖြင့် သူတို့ညီအစ်ကိုတစ်စု ပျော်ရွှင်စွာ ဆော့ကစားရန် လုံလောက်နေသည်။
ဝမ်ယဲ့ကတော့ ဝင်မကစားဘဲ အနောက်ဘက်စာကြည့်ခန်း၏ ပြတင်းပေါက်နားတွင် ထိုင်နေခဲ့သည်။ သူမ ထူထဲသော စောင်များ ခင်းထားသည့် အိစက်ညက်ညောသော ညောင်စောင်းပေါ်တွင် ထိုင်နေခြင်းဖြစ်ရာ အေးစိမ့်ခြင်း သို့မဟုတ် မသက်မသာဖြစ်ခြင်းမျိုး လုံးဝမရှိပေ။
သူမ၏ ခြေထောက်နှင့် မလှမ်းမကမ်းတွင် မီးသွေးမီးဖိုလေးတစ်ခု တောက်လောင်နေပြီး လက်ထဲတွင်လည်း လက်နွေးအိုးလေးတစ်ခုကို ဆုပ်ကိုင်ထားသည်။ မာကျောနေသောကြောင့် မှီလိုက်လျှင် နေရခက်စေမည့် ပြတင်းပေါက်ဘောင်ပေါ်တွင်ပင် ပျော့အိသော ခေါင်းအုံးလေးများ ခင်းပေးထားသေးသည်။ ဝမ်ယဲ့တစ်ယောက် ထိုအပေါ်သို့ မှီထားပြီး သူမ၏ အကြည့်များကို ခြံဝင်းဆီသို့ တစ်ချက်တစ်ချက် ပို့လွှတ်နေခဲ့သည်။
လူငယ်လေးများ၏ နှင်းလုံးပစ်ပွဲက သူမကို ဖျော်ဖြေရန်အတွက် သီးသန့်တင်ဆက်နေသည့် ပြဇာတ်တစ်ခုကဲ့သို့ ဖြစ်နေလေသည်။
ရင်ပြင်ထဲတွင် ရွှီကျင့်ရုံက တစ်ဖက်၊ ညီငယ်လေးနှစ်ယောက်က တစ်ဖွဲ့ဖြစ်ပြီး သူ့ထံသို့ နှင်းလုံးများဖြင့် ဝိုင်းဝန်းပစ်ခတ်နေကြသည်။
ရွှီကျင့်လင်းက အသက်ခုနစ်နှစ်နီးပါး ရှိပြီဖြစ်၍ ခွန်အားပိုရှိကာ နှင်းလုံးများကို မိမိရရ ပစ်ပေါက်နိုင်စွမ်း ရှိနေသည်။
သို့သော်လည်း ရွှီယွိရွှမ်ကတော့ အလွန်ငယ်လွန်းသေးသည်။ ပစ်ပေါက်ရန် လုံလောက်စေမည့် နှင်းလုံးကြီးကို သူ့၏သေးငယ်သော လက်ကလေးများဖြင့် မနည်းဆုပ်ကိုင်နေရသည်။
သူ ရှေ့သို့ ပစ်ပေါက်လိုက်တိုင်း အရှေ့သို့ မရောက်ဘဲ နှင်းလုံးက အကြောင်းပြချက်မရှိ နောက်သို့ ပြန်လွင့်စင်သွားတတ်သည်က ပိုများနေသည်။
ထိုနှင်းလုံးများက အထိန်းတော်ကျိ၏ ခြေဖဝါးနားသို့ သော်လည်းကောင်း၊ ရန်တုန် သို့မဟုတ် ဟယ်ရှန်း၏ အကျီလက်များကို သော်လည်းကောင်း ကျရောက်သွားတတ်ပြီး သူမတို့၏ အင်္ကျီလက်များကို စိုစွတ်နေစေသည်။
မျက်နှာချင်းဆိုင်တွင် ရှိနေသော ရွှီကျင့်ရုံက ထိုအဖြစဟ်အပျက်ကို ကြည့်ကာ လုံးဝမယုံကြည်နိုင်သော မျက်နှာအမူအရာမျိုး ဖြစ်နေခဲ့သည်။
သူ့မျက်နှာပေါ်ရှိ အမူအရာက 'ငါက မင်းကို အလျှော့ပေးထားတာတောင် မင်းက ငါ့ကို အထိအောင် မပစ်နိုင်ဘူးဆိုရင်တော့ ငါလည်း ဘာမှမတတ်နိုင်တော့ဘူးကွာ' ဟု ပြောနေသည့်နှယ်ပင်။
အကြိမ်ကြိမ် ကြိုးစားပြီးနောက် ရွှီကျင့်လင်းက ထိမှန်အောင် ပစ်နိုင်သော်လည်း သူ မပစ်နိုင်သေးသည်ကို သိသွားသည့် ရွှီယွိရွှမ်၏ ဖောင်းအိနေသော မျက်နှာလေးက ရှုံမဲ့မဲ့ ဖြစ်လာခဲ့သည်။
ရွှီကျင့်လင်းက သူ့ညီလေး စိတ်မကောင်းဖြစ်နေသည်ကို မကြည့်ရက်သဖြင့် သေသေချာချာ သင်ကြားပေးရန် ပြင်လိုက်သော်လည်း ရွှီယွိရွှမ်က ရုတ်တရက် လှည့်ထွက်သွားပြီး ဝမ်ယဲ့ ရှိရာဘက်သို့ ပြေးသွားနေသည်။
နှင်းဖုံးနေသော မြေပြင်က ချော်နေသဖြင့် အထိန်းတော်ကျိလည်း အနောက်မှ အပြေးအလွှား လိုက်ပါလာရသည်။ ရွှီယွိရွှမ်က အခန်းထဲသို့ ဝင်မလာဘဲ အထိန်းတော်ကျိ၏ ပွေ့ချီမှုဖြင့် ပြတင်းပေါက်၏ အပြင်ဘက်ကို မှီတွယ်ကာ ဝမ်ယဲ့ကို လှမ်းခေါ်နေခဲ့သည်။ ထိုသို့မဟုတ်လျှင် သူ၏ ပုပြတ်ပြတ် ခြေထောက်တိုလေးများကြောင့် ဝမ်ယဲ့အနေဖြင့် သူ့ဦးခေါင်းထိပ်လေးကိုပင် မြင်တွေ့ရလိမ့်မည် မဟုတ်ပေ။
ဝမ်ယဲ့က သူ၏ တောက်ပဝိုင်းစက်နေသော မျက်လုံးလေးများကို ကြည့်ကာ မေးလိုက်သည်။
"ဘာလိုချင်လို့လဲ"
ရွှီယွိရွှမ်က ခေါင်းလေးညိတ်ကာ ပြတင်းပေါက်ဘောင်ပေါ်သို့ မှီတွဲလျက် ဝမ်ယဲ့ကို လှမ်းပြောလိုက်သည်။
"မေမေ... သား 'ရွှမ်အာ'ကို လိုချင်တယ်"
ထိုစကားကို ကြားလိုက်ရချိန်တွင် အထိန်းတော်ကျိက နားမလည်နိုင်ဘဲ ဇဝေဇဝါ ဖြစ်နေသော်လည်း ဝမ်ယဲ့ကတော့ ချက်ချင်း သဘောပေါက်သွားပုံဖြင့် ပြန်မေးလိုက်သည်။
"အဲ့ဒါကို ဘာလုပ်ဖို့လဲ"
"ရွှမ်အာက နှင်းလုံးပစ်ချင်လို့"
ဝမ်ယဲ့က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး အကျိုးအကြောင်း ထပ်မေးမနေတော့ဘဲ အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။
"အင်း၊ ခဏစောင့်ဦး"
သူမက ညောင်စောင်းပေါ်မှ ဖြည်းညင်းစွာ ဆင်းကာ စာရေးစားပွဲဆီသို့ လျှောက်သွားလိုက်သည်။ စားပွဲပေါ်တွင် ရွှီယွဲ့ကျား အသုံးပြုထားခဲ့သော စုတ်တံများနှင့် မှင်များမှာ ရှိနေဆဲ ဖြစ်သည်။ ဝမ်ယဲ့က စုတ်တံကို ကောက်ကိုင်ကာ စာရွက်တစ်ရွက် ရှာလိုက်ပြီး 'ရွှမ်အာ' ဟူသော စာလုံးကို ရေးချလိုက်သည်။ စာရွက်လေးပေါ်မှ မင်များ အနည်းငယ် ခြောက်သွေ့သွားပြီးနောက်တွင် ဝမ်ယဲ့က ထိုစာရွက်ကို ပြတင်းပေါက်အပြင်ဘက်ရှိ ရွှီယွိရွှမ်ထံသို့ လှမ်းပေးရင်း ပြောလိုက်သည်။
"ရော့... သွားကစားတော့"
အသက်ငယ်သေးသော်လည်း ရွှီယွိရွှမ်က သူ့အမည်ကို ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်သည်။ သူက ထိုစာရွက်ကို အကြိမ်ကြိမ် ကြည့်ရှုပြီးနောက် ဝမ်ယဲ့ကို လူအလေးကဲ့သို့ ပြုံးပြရင်း ပြန်ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် မေမေ"
အထိန်းတော်ကျိက ရွှီယွိရွှမ်၏ လက်ထဲမှ နာမည်ရေးထားသော စာရွက်ကို ကြည့်ရင်း စောစောက သူ ပြောခဲ့သည့် 'သား ‘ရွှမ်အာ’ကို လိုချင်တယ်' ဆိုသော စကား၏ အဓိပ္ပာယ်ကို မည်သို့မျှ စဉ်းစားမရနိုင် ဖြစ်နေသေးသည်။
နှင်းလုံးပစ်ပွဲ ကစားကွင်းသို့ ပြန်ရောက်သောအခါ ရွှီယွိရွှမ်က သူ စုဆောင်းထားသော နှင်းလုံးကို ထိုစာရွက်ဖြင့် ပတ်ကာ ရွှီကျင့်လင်းထံသို့ လှမ်းပေးလိုက်သည်။
"ဒုတိယအစ်ကို... ပစ်"
ရွှီကျင့်လင်းက နားမလည်နိုင်ဘဲ ပြန်မေးလိုက်သည်။
"ရွှမ်အာ... ဘာလို့ စာရွက်နဲ့ ပတ်ထားတာလဲ"
ရွှီယွိရွှမ်က ရိုးရိုးရှင်းရှင်း ပြန်ဖြေလိုက်သည်။
"အဲ့ဒါ စာရွက်မဟုတ်ဘူး၊ အဲ့ဒါက ရွှမ်အာ၊ အဲ့ဒါနဲ့ နှင်းလုံးကို ပတ်ပြီး အကြီးဆုံးအစ်ကိုကို ထိအောင် ပစ်နိုင်ရင် သားတို့ နိုင်ပြီ"
ထိုသို့ ပြောပြီးနောက်တွင် သူက အထိန်းတော်ကျိထံသို့ ပြန်သွားကာ သူ၏ ဝတ်ရုံသေးသေးလေးကို တင်းတင်းကျပ်ကျပ် ဆွဲစေ့လိုက်ရင်း အပြစ်ကင်းစင်ကာ ရွှင်ပျနေသည့် မျက်နှာအမူအရာလေးဖြင့် စောင့်ကြည့်နေလေသည်။
ရွှီကျင့်လင်းကတော့ နှင်းထဲတွင် တစ်ယောက်တည်း ကျန်ရစ်နေခဲ့ပြီး မြေပြင်ကို ငုံ့ကြည့်လိုက်မိသည်။ နှင်းများဖြင့် ကစားထားသောကြောင့် သူ့လက်ကလေးများ နီရဲကာ အေးခဲနေချေပြီ။
‘တစ်ခုခုတော့ မှားနေပြီ ထင်ပါတယ်ကွာ’
မလှမ်းမကမ်းတွင် ရှိနေသော ရွှီကျင့်ရုံကလည်း ထိုစကားကို ကြားသွားခဲ့ပြီး သူ့နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားကာ ရုတ်တရက် ကျေနပ်အားရမှုတစ်ခု ခံစားလိုက်ရသည်။ သူက ရွှီယွိရွှမ်၏ သေးငယ်သော ကိုယ်လုံးလေးကို တစ်ချက်လှမ်းကြည့်ကာ သူ့ထံသို့ ပစ်ပေါက်လိုက်ခြင်းက စာရွက်တစ်ရွက်နှင့် နှင်းလုံးတစ်လုံးမျှသာ ဖြစ်နေသည့်အတွက် စိတ်ထဲမှ တိတ်တဆိတ် ဝမ်းသာသွားမိသည်။
ဝမ်ယဲ့က ဤမြင်ကွင်းကို ကြည့်နေပြီး ထောင်ကျီက သူမအတွက် လက်ဖက်ရည် ငှဲ့ပေးနေသည်။ ဝမ်ယဲ့က သက်ပြင်းချရင်း ညည်းညူလိုက်သည်။
"ဆရာရှီက ကျောက်ခဲပေါ်မှာလည်း စာရေးလို့ရတယ်ဆိုတာကို သူ့ကို မသင်ပေးထားလို့ တော်သေးတယ်"
သက်ဝင်လှုပ်ရှားသော နှင်းလုံးပစ်ပွဲ ပြီးဆုံးသွားပြီးနောက်တွင် ညီအစ်ကို သုံးယောက်စလုံး မီးလှုံရန် အခန်းထဲသို့ ဝင်လာကြသည်။
ထိုအချိန်ကျမှသာ ရွှီကျင့်လင်းတစ်ယောက် ဘာဖြစ်သွားခဲ့သည်ကို သဘောပေါက်သွားတော့သည်။ သူ တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် ရွှီယွိရွှမ်က သူ၏ ခြေထောက်တိုတိုလေးများဖြင့် ဟိုပြေးဒီပြေး လုပ်ကာ လက်ဖက်ရည်ပူပူများကိုတလှည့်၊ သရေစာမုန့်များကိုတလှည့် ယူဆောင်ပေးနေသည်။
ထိုကဲ့သို့သော ဂရုတစိုက်ဝန်ဆောင်မှုကြောင့် ကျေနပ်အားရပြီး သက်တောင့်သက်သာ ရှိသွားသော ရွှီကျင့်လင်းက အစောပိုင်းမှ ရွှီယွိရွှမ်၏ ပျင်းရိသော အပြုအမူကို ချက်ချင်း ခွင့်လွှတ်ပေးလိုက်သည်။
'ရွှမ်တိက ငါ့အပေါ်မှာ အရမ်းကောင်းနေတုန်းပါပဲ'
နှစ်သစ်ကူးအကြို ညစာစားပွဲအတွက် ဟင်းပွဲများက ယခင်နှစ်ကအတိုင်းသာ ဖြစ်နေပြီး ဟင်းလျာအမျိုးမျိုးကို အကောင်းဆုံးချက်ပြုတ်စေကာ ခမ်းခမ်းနားနား ပြင်ဆင်ထားသည်။ ဝမ်ယဲ့က စားပွဲဝိုင်းကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သူမ အထူးနှစ်သက်သော ဟင်းပွဲအချို့ အပိုရှိနေသည်ကို သတိပြုမိသွားသည်။
နှစ်သစ်ကူးအကြိုည စားသောက်ပွဲ ပြီးဆုံးသွားသောအခါ လုသခင်မက ကလေးများကို နှစ်သစ်ကူး မုန့်ဖိုးငွေများ ဝေငှပေးခဲ့သည်။ မုန့်ဖိုးငွေများကလည်း ယခင်အတိုင်း ဖြစ်ပြီး ရွှီယွိရွှမ် ရရှိသည်က ထုံးစံအတိုင်း ရွှေဝက်ရုပ်လေးတစ်ရုပ် ဖြစ်သည်။
ရွှီယွိရွှမ်က ယနေ့ညတွင် သူ့အတွက် နှစ်သစ်ကူးမုန့်ဖိုးငွေများ ရရှိတော့မည်ကို ကြိုတင်သိရှိနေပုံရသည်။ ထို့ကြောင့် ယခင်နှစ်က ဝမ်ယဲ့ ပေးထားခဲ့သော ရွှေဝက်ရုပ်ကြီးကို အဓိကခြံဝင်းသို့ သယ်ဆောင်လာပေးရန် အထိန်းတော်ကျိအား တောင်းဆိုခဲ့သည်။
ယခုအခါ ထိုရွှေဝက်ရုပ်ကြီးထဲတွင် သူ အရင်က ရရှိထားသည့် ရွှေဝက်ရုပ်အသေးလေးများသာမက ရွှီနယ်စားမင်းကြီးထံမှ ရရှိသော ငွေစက္ကူများနှင့် အကြီးးအဒေါ်နှင့် ယောင်ရှီတို့ထံမှ ရရှိထားသည့် ရွှေဖရုံစေ့လေးများ၊ ငွေဖရုံစေ့လေးများကိုပါ အပြည့်အသိပ် ထည့်သွင်းထားခဲ့ပြီ ဖြစ်သည်။
သူ ညတိုင်း ထိုအရာများနှင့်အတူ အိပ်စက်တတ်သဖြင့် အထိန်းတော်ကျိခင်မျာ နံနက်ခင်းတိုင်း အိပ်ရာခင်းပေါ်မှ ရွှေစေ့၊ ငွေစေ့တစ်ဆုပ်ခန့်ကို ခါထုတ်ပေးရလေ့ရှိသည်။
လုသခင်မက ရွှီယွိရွှမ်အား အဘယ်ကြောင့် အမြဲတမ်း ရွှေဝက်ရုပ်အသေးလေးများ ပေးလေ့ရှိကြောင်းနှင့် သူမွေးနေ့က ရွှီနယ်စားမင်း၏ မွေးနေ့နှင့် အဘယ်ကြောင့် တိုက်ဆိုင်နေရကြောင်းကို ဝမ်ယဲ့ သဘောပေါက်နေပြီ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထိုနေ့က သူ့မွေးမိခင်၏ မွေးနေ့ဖြစ်နေသောကြောင့်ပင်။
ရွှီယွဲ့ကျား၏ လက်ထပ်ပွဲအချိန်နှင့် ကိုက်ညီစေရန်အတွက် ရွှီယွိရွှမ်၏ မွေးနေ့ကို လအနည်းငယ်ခန့် နောက်ဆုတ်ထားခဲ့ခြင်း ဖြစ်သည်။ တရားဝင်စာရွက်စားတမ်းများအရ သူ သုံးနှစ်ပြည့်ရန် ရက်ပိုင်းမျှသာ လိုတော့သော်လည်း သူ့မွေးနေ့ အစစ်အမှန်က နွေရာသီနှောင်းပိုင်းတွင် ဖြစ်သည်။
သူ့ကို ကိုယ်ဝန်ဆောင်ထားစဉ်အတွင်း မိခင်ဖြစ်သူ၏ ကျန်းမာရေးမကောင်းမှု၊ လမစေ့ဘဲ မွေးဖွားခဲ့မှုနှင့် ခက်ခက်ခဲခဲ မွေးဖွားခဲ့ရမှုတို့ကြောင့် သူ့ကို ကြည့်ရုံမျှဖြင့် သုံးနှစ်လား သုံးနှစ်ခွဲလားဆိုသည်ကို ခွဲခြားရန် ခက်ခဲလှသည်။
သို့သော်လည်း အသက်တစ်နှစ် ပိုကြီးလာသည့်တိုင်အောင် ရွှီယွိရွှမ်အနေဖြင့် ပိုမိုလေးလံလာသော ရွှေဝက်ရုပ်ကြီးကို ကောက်ကိုင်ရန် ခါးလေး ကုန်းလိုက်သည့်အချိန်တွင် ခက်ခက်ခဲခဲ မတင်နေရဆဲ ဖြစ်သည်။
သူက အမူးသမားလေးတစ်ယောက်လို ဟိုယိုင်ဒီယိုင် ဖြစ်နေခဲ့ပြီး ဤနှစ်သစ်ကူးအကြိုညအား ပိုရယ်မောပျော်ရွှင်စရာ ဖြစ်အောင် ဖန်တီးပေးနေသည်။
ယခင်နှစ်ကအတိုင်းပင် လုသခင်မနှင့် ရွှီနယ်စားမင်းတို့က နှစ်သစ်ကူးပထမရက်တွင် တင်းအန်းမြို့စားမင်းအိမ်တော်သို့ ပြန်ကြမည်ဖြစ်သဖြင့် ဒုတိယရက်ကို ဝမ်ယဲ့နှင့် ရွှီယွဲ့ကျားတို့အတွက် ချန်ထားပေးခဲ့ကြသည်။
နှစ်သစ်ကူးဒုတိယရက်၏ နံနက်အစောပိုင်းတွင် ဝမ်ယဲ့တစ်ယောက် ဝမ်အိမ်တော်သို့ ပြန်ရန် မြင်းရထားပေါ်သို့ တက်ခဲ့ပြီး ရထားလုံးထဲတွင် မိသားစုသုံးယောက်လုံး ရှိနေခဲ့သည်။
အပြင်ထွက်ကစားရမည် ဖြစ်သဖြင့် စိတ်လှုပ်ရှားနေသော ရွှီယွိရွှမ်က ဝမ်ယဲ့ မျက်လုံးများ မှိတ်ထားသည်ကို မြင်သွားပြီး ဇဝေဇဝါဟန်လေးဖြင့် မေးမြန်းနေသည်။
"မေမေက ဘာလို့ အိပ်နေတာလဲဟင်"
ရွှီယွဲ့ကျားက အောက်သို့ ငုံ့ကြည့်လိုက်ပြီး သူမ၏ဦးခေါင်းကို သူ့ပုခုံးပေါ်သို့ ရွှေ့ပေးရင်း ပြောလိုက်သည်။
"သူ မနေ့ညက ကောင်းကောင်းမအိပ်ရဘူး"
ရွှီယွိရွှမ်က ထပ်မေးနေပြန်သည်။
"ဘာလို့ ကောင်းကောင်းမအိပ်ရတာလဲ"
ရွှီယွဲ့ကျားကတော့ မျက်နှာအမူအရာမပျက်ဘဲ ပြန်ဖြေနေဆဲပင်။
"သူ စာတေါ ပြန်သုံးသပ်နေရလို့လေ"
ရွှီယွိရွှမ်က အံ့အားသင့်နေဟန်လေးဖြင့် ရေရွတ်လိုက်သည်။
"မေမေမှာလည်း အိမ်စာတွေ ရှိနေတာလား"
ရွှီယွဲ့ကျားက “အင်း”ဟု တိုးတိုးလေး အသံပြန်ပြုပြီးမှ ခပ်တိုးတိုး ထပ်ပြောလိုက်သည်။
"အသံတိုးတိုးပြော၊ မင်းမေမေ အနားယူနေတာကို မနှောင့်ယှက်နဲ့"
ရွှီယွိရွှမ်က သူ့ပါးစပ်လေးကို သူ့လက်လေးဖြင့် ချက်ချင်း အုပ်ကာ ခေါင်းညိတ်လိုက်ပြီး သူ့နေရာတွင် သူ ပြန်ထိုင်ကာ ငြိမ်ကုတ်နေရှာသည်။ ရံဖန်ရံခါ မုန့် လှမ်းယူရန်အတွက်သာ လှုပ်ရှားတာ့သည်။
ရထားလုံးက ဝမ်အိမ်တော်ဆီသို့ ဦးတည်မောင်းနှင်သွားခဲ့သည်။
ယခင်ကလည်း ဤအိမ်တော်သို့ ရောက်ခဲ့ဖူးသဖြင့် ယခုတစ်ကြိမ်တွင် ရွှီယွိရွှမ်က ပိုရဲတင်းနေခဲ့သည်။ ကျောင်းတက်ပြီးနောက်ပိုင်းတွင် သူ မှတ်ဉာဏ်ပိုကောင်းလာသောကြောင့် ဝမ်မိသားစုမှ သူ၏ဝမ်းကွဲမောင်နှမများကိုပင် မှတ်မိနေပြီ ဖြစ်သည်။
ဝမ်လန်နှင့် ဝမ်ဟွေ့တို့၏ မိသားစုများက ဝမ်ယဲ့ထက် ခြေလှမ်းဝက်မျှ စောပြီး ဝမ်အိမ်တော်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
သမီးလေးယောက်စလုံး တစ်ပြိုင်နက် ပြန်လာကြပြီး မြေးယောက်ျားလေး၊ မြေးမိန်းကလေး ဆယ်ယောက်ကျော်အထိ ရှိနေသဖြင့် သခင်မရှန်းတစ်ယောက် ဆူညံသံများကြောင့် ခေါင်းကိုက်နေရသည်။
ကံကောင်းထောက်မစွာဖြင့် အားလုံးက ဆင်ခြင်တုံတရား ရှိကြပြီး နားလည်ပေးနိုင်ကြသည်။ ခဏတာ နှုတ်ဆက်ပြီးနောက်တွင် သခင်မရှန်းက သူတို့ကို ကြာရှည် ဆွဲမထားတော့ဘဲ လူစုခွဲခွင့် ပေးလိုက်သည်။
ဝမ်ယွိဝန်လည်း မိခင်၏အိမ်သို့ မပြန်ဖြစ်သည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်ပြီး ယခုတစ်ကြိမ်တွင် သူမ၏ အငယ်ဆုံးကလေးပင် တော်တော်လေး ကြီးထွားလာခဲ့ပြီ ဖြစ်သည်။ သခင်မရှန်း မြင်တွေ့နိုင်စေရန်အတွက် သူမက ကလေးအားလုံးကို ခေါ်ဆောင်လာခဲ့သည်။
ဝမ်ယဲ့က ပင်မခြံဝင်း၏ အဓိကအဆောင်မှ နောက်ဆုံး ထွက်ခွာသွားသူဖြစ်ပြီး ဟိုခုန်ဒီခုန် လုပ်နေသော ရွှီယွိရွှမ်၏ လက်ကလေးကို ဆွဲကိုင်ထားရင်း တည်တည်ငြိမ်ငြိမ် လျောက်လှမ်းနေသည်။
ဝမ်ယွိဝန်က ဝမ်ယဲ့၏ ကျက်သရေရှိပြီး ကျော့ရှင်းသော ကိုယ်ဟန်အမူအရာကို ကြည့်ရင်း သက်ပြင်းချကာ သခင်မရှန်အား ပြောပြနေသည်။
"သမီးတို့ရဲ့ စတုတ္ထညီမလေးကို ကံတရားရဲ့ မျက်နှာသာပေးမှုတွေ အများကြီး ခံထားရတယ်လို့ ပြောနေကြတာ မဆန်းတော့ပါဘူး"
သခင်မရှန်းက လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီးမှ မှတ်ချက်ပြန်ပေးလိုက်သည်။
" ဒါက သူ့ရဲ့ကိုယ်ပိုင် စီမံခန့်ခွဲနိုင်စွမ်းကိုလည်း သက်သေပြနေတာပါ"
ဝမ်ယွိဝန်လည်း ထိုစကားကို သဘောတူမိသော်လည်း သူမအနေဖြင့် ယောက္ခမဖြစ်သူ၏ စကားကိုတော့ သွားရောက်ဆန့်ကျင်ရန် မဖြစ်နိုင်ပေ။
"ဒါနဲ့..."
ဝမ်ယွိဝန်က ရုတ်တရက် တစ်ခုခုကို သတိရသွားကာ မေးလိုက်ပြန်သည်။
"အမေ အရင်တစ်ခါက စတုတ္ထညီမလေးနဲ့အတူ မြို့တော်ဆင်ခြေဖုံးက ရေပူစမ်းကို သွားခဲ့ဖူးတယ်လို့ သမီး ကြားခဲ့သေးတယ်၊ အဲ့ဒါ ဟုတ်လား"
သခင်မရှန်းက သူမ၏သမီးကို တစ်ချက်ကြည့်ကာ ပြန်မေးလိုက်သည်။
"ဒါကလည်း နင့်ယောက္ခမ နင့်ကို ပြောပြခဲ့တာပဲမလား"
ဝမ်ယွိဝန်က ပြုံးလိုက်ရင်း ဝန်ခံလိုက်သည်။
"အမေကတော့ အကုန်လုံးကို အကဲခတ်မိတာပဲ"
"တစ်ခါတော့ သွားဖူးတယ်၊ ရှောင်ဝူကိုပါ ခေါ်သွားတာ"
"သမီးရဲ့ ပိုင်ဆိုင်မှုထဲမှာလည်း ရေပူစမ်းအိမ်ရာတစ်ခု ရှိတယ်လေ၊ အမေ ရေပူစမ်း ထပ်စိမ်ချင်ရင် သမီးဆီကို အချိန်မရွေး စာရေးလိုက်ပါ"
သို့သော်လည်း ထိုသို့မလုပ်ဆောင်မီ သူမအနေဖြင့် ယောက္ခမဖြစ်သူကို အရင်ဆုံး ထိုနေရာသို့ ခေါ်သွားရဦးမည် ဖြစ်သည်။
ထိုစကားကို ကြားလိုက်ရချိန်တွင် သခင်မရှန်းက မေတ္တာပြည့်ဝသော အကြည့်များဖြင့် သမီးဖြစ်သူကို ကြည့်ကာ ပြန်ပြောလိုက်သည်။
"နင့်မှာလည်း စောင့်ရှောက်ရမယ့် ကလေးတွေ အများကြီးရှိသေးတယ်၊ ငါ့အတွက်နဲ့ ဒုက္ခမရှာပါနဲ့၊ နင့်ယောက္ခမလည်း တွေးတောစရာတွေ များနေပါဦးမယ်"
အမှန်စင်စင်တွင် အမျိုးသမီးတစ်ယောက်အဖို့ ယောက္ခမအိမ်တွင် ကောင်းမွန်စွာ နေထိုင် ရှင်သန်နိုင်ရန်က မလွယ်ကူလှပေ။
ဝမ်ယွိဝန်အနေဖြင့် ယနေ့ကဲ့သို့ ဘဝမျိုးဖြင့် နေထိုင်နိုင်ခြင်းမှာ ထိုစဉ်က သခင်မရှန်း ကြိုတင်စဉ်းစားပေးခဲ့သော နည်းလမ်းများကြောင့် ဖြစ်သည်။
ဝမ်ယွိဝန် လက်ထပ်သည့်နေ့မှစ၍ ယုံချန်မှူးမတ်ကတော်၏ မျက်စိအောက်တွင် ဝမ်ယွိဝန်က သခင်မရှန်းနှင့် ရင်းနှီးမှုပြရာ၌ ယောက္ခမဖြစ်သူထက် ပိုအရောတဝင်နေခြင်းမျိုး လုံးဝ မလုပ်ခဲ့ပေ။
ယုံချန်းမှူးမတ်ကတော်က မျက်နှာပန်းလှချင်သူတစ်ဦး ဖြစ်သည်။ သူမ ဝမ်ယွိဝန်ကို တန်ဖိုးထားသည်မှာ အမှန်ဖြစ်သော်လည်း စိတ်ထဲတွင်တော့ ချွေးမဖြစ်သူအနေဖြင့် အရာရာတိုင်းတွင် သူမတို့ မိသားစုကိုသာ ဦးစားပေးစေချင်သည့်အတွေးမျိုး ရှိနေခဲ့သည်။
သခင်မရှန်းကလည်း ဤသို့ပြုမူခြင်းကို အပြစ်မမြင်မိပေ။ သူမက သူမ၏ သမီးလေး လင်ယောက်ျား၏ မိသားစုတွင် အဆင်ပြေချောမွေ့သော ဘဝ ပိုင်ဆိုင်နိုင်ရန်သာ မျှော်လင့်နေခဲ့သည်။
သူမကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့သဖြင့် သမီးဖြစ်သူ ဘာတွေးနေသည်ကို သူမ သိနေပြီး ထပ်ပြောလိုက်သည်။
"နင် အမတ်မင်းအိမ်တော်မှာ အဆင်ပြေနေသရွေ့ ငါတို့သားအမိတွေ သိပ်မဆုံဖြစ်လည်း ကိစ္စမရှိပါဘူး"
ဝမ်ယွိဝန်က ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မျက်လွှာပင့်ကြည့်ကာ ပြန်ပြောလိုက်သည်။
"ဒါဆိုရင်တော့ အမေပြောတဲ့ စကားတွေကို သမီး နားထောင်ပါ့မယ်"
သခင်မရှန်းက သမီးဖြစ်သူ ငယ်စဉ်ကအတိုင်း သူမ၏လက်ကို မြှောက်ကာ သမီးလေး၏ဆံပင်များကို သပ်ပေးရင်း ထပ်ပြောလိုက်သည်။
"နင်တို့ရဲ့ စတုတ္ထညီမက ပြောခဲ့သေးတယ်၊ နောက်ပိုင်း အမေ ရေပူစမ်းစိမ်ချင်ရင် သူ့ကို အချိန်မရွေး လာဒုက္ခပေးလို့ရတယ်တဲ့"
ထိုစကားကို ကြားလိုက်ရချိန်တွင် ဝမ်ယွိဝန်လည်း မပြုံးဘဲ မနေနိုင်တော့ပေ။ ဝမ်အိမ်တော်မှ ညီအစ်မများ၏အကြောင်းကို သူမ သိပ်မသိခဲ့သော်လည်း ဝမ်ယဲ့ကတော့ တစ်အိမ်လုံးတွင် အပျင်းဆုံးနှင့် အလုပ်ရှုပ်ရသည်ကို အမုန်းဆုံးလူ ဖြစ်မှန်းတော့ သူမ ဝေဝေဝါးဝါး မှတ်မိနေခဲ့သည်။
'မူရင်းစကားလုံးတွေနဲ့တော့ နည်းနည်းလွဲနေလောက်မှာ သေချာသလောက်ပါပဲ...'
သို့သော်လည်း သူမ၏မိခင်က သူမအား ဤသို့ နောက်ပြောင်စကား ပြောဆိုခဲလှသဖြင့် ဝမ်ယွိဝန်အတွက် တော်တော်လေး ဆန်းသစ်နေသလို ခံစားလိုက်ရသည်။
......။......။.......
အခြားတစ်ဖက်တွင်တော့ ဝမ်ယဲ့က လမ်းခုလတ်၌ ရွှီယွိရွှမ်ကို ရွှီယွဲ့ကျားထံသို့ လွှဲပြောင်းပေးလိုက်ပြီး သူမ၏အစေခံမိန်ကလေးများကို ခေါ်ဆောင်ကာ ရှီးစွေ့ခြံဝင်းဆီသို့ ထွက်လာခဲ့သည်။
ကိုယ်လုပ်တော်ချန်းက နံနက်စောစောကတည်းက စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ ဝမ်ယဲ့က ကိုယ်လုပ်တော်ချန်းနှင့် ဆွေးနွေးစရာ အရေးကြီးကိစ္စရှိနေသောကြောင့် ရွှီယွိရွှမ်ကို ခေါ်မလာခဲ့ခြင်း ဖြစ်သည်။
ရှီးစွေ့ခြံဝင်း၏ အဓိကအဆောင်သို့ ရောက်သွားချိန်တွင် ဝမ်ယဲ့က အကြောင်းပြချက်တစ်ခုပေးကာ သူမ၏ညီမငယ်အား အခန်းထဲမှ နှင်လွှတ်လိုက်သည်။
ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက်တွင် ဝမ်ယဲ့တစ်ယောက် ကလေးမယူရန် စီစဉ်ထားကြောင်း သိလိုက်ရသည့် ကိုယ်လုပ်တော်ချန်းခမျာ ဆွံ့အမှင်တက်နေရှာသည်။
ဝမ်ယဲ့က ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု ကြိုတင်တွေးဆထားပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သည်။ သူမက ထိတ်လန့်တုန်လှုပ်ခြင်းမရှိဘဲ တည်ငြိမ်စွာ ထပ်ပြောလိုက်သည်။
"ယိနျန်း... သမီး ဒါကို သေချာစဉ်းစားပြီးမှ ပြောတာပါ၊ သမီးကို ဖျောင်းဖျဖို့ မကြိုးစားပါနဲ့တော့"
သူမ၏ မျက်ဝန်းများထဲတွင် ခိုင်မာပြတ်သားသော ဆုံးဖြတ်ချက်များဖြင့် ပြည့်နှက်နေလေသည်။
တော်တော်ကြာ တိတ်ဆိတ်သွားပြီးနောက် ကိုယ်လုပ်တော်ချန်းက တုန်ယင်နေသောအသံဖြင့် ပြန်မေးလိုက်သည်။
"ငါ နင့်ညီမလေးကို မွေးတုန်းက ခံစားခဲ့ရတဲ့ ဒုက္ခတွေကို မြင်ပြီး ကြောက်သွားလို့လား"
ဝမ်ယဲ့က ခေါင်းခါယမ်းလိုက်ရင်း ပြန်ဖြေလိုက်သည်။
"ယိနျန်း အတွေးလွန်နေပါပြီ၊ သမီးရဲ့ စိတ်နေစိတ်ထားကို ယိနျန်းလည်း သိနေတာပဲ၊ သမီး ကလေးမယူချင်တာက ကိုယ်ဝန်ဆောင်ရတဲ့ ဆင်းရဲဒုက္ခတွေ၊ ကလေးမွေးရတဲ့ နာကျင်မှုတွေနဲ့ အထူးသဖြင့် ကလေး မမွေးနိုင်ဖြစ်ပြီး သေရမှာကို ကြောက်လို့ပါ"
"သေရမှာ" ဆိုသည့် စကားလုံးကို ကြားလိုက်ရချိန်တွင် ကိုယ်လုပ်တော်ချန်းက ချက်ချင်း တားမြစ်လိုက်သည်။
"နှစ်သစ်ကူးကြီးမှာ ဘာတွေ လျှောက်ပြောနေတာလဲ"
ဝမ်ယဲ့က ပြန်မေးလိုက်သည်။
"ဒါဆို သမီးကို ကလေးယူဖို့ ထပ်ပြီး ဖျောင်းဖျဦးမှာလား"
ကိုယ်လုပ်တော်ချန်းတစ်ယောက် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းအရှည်ကြီး တစ်ချက်ချကာ ပြန်ပြောလိုက်သည်။
"ကဲပါ... နင်မှ ကလေးမယူချင်တာ၊ ငါ အတင်းအကျပ် တိုက်တွန်းနေလို့ရော... ရမှာမို့လို့လား"
ဝမ်ယဲ့တစ်ယောက် ခေတ္တမျှ ဆွံ့အသွားမိသည်။ ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့ပေ။ သူမ စိတ်ကူးယဉ် အထင်မှားခဲ့သည့် ‘သည်းခြေပျက်မတတ် ငိုယိုအော်ဟစ်မည့် အခန်းများ’ လုံးဝ မပေါ်ပေါက်လာခဲ့ချေ။
သူမ၏ မျက်ဝန်းအိမ်အောက်၌ သိသိသာသာ စီးဆင်းနေသော စိတ်ပျက်မှုနှင့် နှမြောတသဖြစ်မှုများမှ လွဲပြီး ကိုယ်လုပ်တော်ချန်းက တော်တော်လေး တည်ငြိမ်နေခဲ့သည်။
သူမ၏ သမီးကြီးက သူမအား အကဲခတ်သလို စိုက်ကြည့်နေသည်ကို မြင်လိုက်ရချိန်တွင် ကိုယ်လုပ်တော်ချန်းလည်း မရယ်ဘဲ မနေနိုင်ဖြစ်သွားကာ ရယ်မောပြီးမှ ပြန်ပြောလိုက်သည်။
"ဘာလဲ... ငါ စိတ်ပြောင်းသွားမှာကို ကြောက်လို့လား"
"ယိနျန်း သမီးကို နောက်ထပ် အကြိမ်အနည်းငယ်လောက် ထပ်ပြီး ဖျောင်းဖျဦးမယ်လို့ ထင်နေတာ"
ကိုယ်လုပ်တော်ချန်းက သူမကို ကြည့်ကာ ထပ်ပြောလိုက်သည်။
"နင်က ငါ ဆယ်လလွယ် မွေးဖွားခဲ့ရတဲ့ ကလေးလေ၊ ကိုယ်ဝန်ဆောင်ရတဲ့ ဒုက္ခတွေကို ငါ အသိဆုံးပေါ့"
သူမအနေဖြင့် သမီးဖြစ်သူ၏ ဆန်းပြားသော အတွေးအခေါ်များကို နားမလည်နိုင်၊ လက်မခံနိုင်သေးသော်လည်း သမီးဖြစ်သူကို အန္တရာယ်ရှိမည့် အခြေအနေထဲသို့ မတွန်းပို့ချင်ပေ။
သူမက သူမကိုယ်သူမ ပညာရှိတစ်ယောက်မဟုတ်ကြောင်းနှင့် အရာရာကို နက်နက်ရှိုင်းရှိုင်း မတွေးခေါ်တတ်မှန်း ကောင်းကောင်းသိထားခဲ့သည်။
သို့သော် သူမ နားလည်နေသည့် စကားတခွန်းလည်း ရှိနေသေးသည်။
‘တချို့ကိစ္စတွေကို အတင်းအကျပ် စေခိုင်းလို့ မရဘူးတဲ့’
‘သူမရဲ့သမီးအနေနဲ့ ကလေးမရှိဘဲ နယ်စားမင်းအိမ်တော်မှာ ကောင်းကောင်းမွန်မွန် ရှင်သန်နေထိုင်နိုင်သရွေ့ သူမ မလုပ်ချင်တဲ့အရာတွေကို ဘာလို့ အတင်းအကျပ် လုပ်ခိုင်းနေရမှာတုန်း’
ထိုသို့ တွေးမိသော်လည်း ကိုယ်လုပ်တော်ချန်းတစ်ယောက် နှမြောတသစွာ ရေရွတ်လိုက်သေးသည်။
"နင့်ရဲ့ နောင်လာမယ့် ကလေးတွေအတွက် ငါ စုဆောင်းထားတဲ့ ပိတ်စတွေအတွက်တော့ နှမြောစရာပဲ"
ဝမ်ယဲ့က အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။
"အဲ့ဒီပိတ်စတွေကို ညီမလေးအတွက် ဝတ်စုံချုပ်ဖို့ပဲ ချန်ထားလိုက်ပါတော့၊ နယ်စားမင်းအိမ်တော်ကမှာ အကြီးဆုံးယောင်းမက သမီးအပေါ် အရမ်းကောင်းတာလေ၊ အခု သမီးရဲ့ ဂိုဒေါင်ထဲမှာ ဝတ်လို့တောင် မကုန်နိုင်တဲ့ ပိတ်စကောင်းတွေ အပြည့်ရှိနေပြီ"
သို့သော်လည်း ကိုယ်လုပ်တော်ချန်းက ဆူဆူဆောင့်ဆောင့် ပြန်ပြောလိုက်သေးသည်။
"ငါ ဘာလုပ်ရမယ်ဆိုတာ ငါ သိပါတယ်ဟဲ့"
.........။......။......
ရှီးစွေ့ခြံဝင်းမှ ထွက်လာပြီးနောက် ဝမ်ယဲ့တစ်ယောက် လမ်းခုလတ်သို့ ရောက်ခါမှ ညီမငယ်အတွက် ပေးမည့် မွေးနေ့လက်ဆောင်ကို ကြိုတင်ပေးရန် မေ့လျော့နေခဲ့မှန်း သတိရသွားသဖြင့် အလျင်အမြန် ပြန်လှည့်လာခဲ့သည်။
ရှီးစွေ့ခြံဝင်းအတွင်း၌...
ကိုယ်လုပ်တော်ချန်က သူမ၏ သမီးငယ်လေးနှင့် တိုင်ပင်ဆွေးနွေးနေသည်။
"နောင်ကျရင် ငါ စုမိသမျှ ငွေတွေရဲ့ တစ်ဝက်ကို သမီးရဲ့ စတုတ္ထအစ်မအတွက်ပဲ ချန်ထားပေးမယ်၊ ဒါကြောင့်မို့လို့ သမီးအနေနဲ့ အစ်မအပေါ် စိတ်ဝမ်းမကွဲရဘူးနော်"
ဝမ်ရန်ကလည်း ထိုစကားကို ဘာမှ မှားယွင်းနေသည်ဟု မထင်ဘဲ ပြန်ပြောလိုက်သည်။
"စတုတ္ထအစ်မမှာ အခက်အခဲ တစ်ခုခု ရှိလို့လားဟင်၊ သမီးဆီမှာ ငွေတွေ အများကြီး ရှိသေးတယ်၊ ယိနျန်း အကုန်ယူသွားလိုက်လေ"
သူမ ယခင်က ရရှိခဲ့သော ဆုလာဘ်များထဲမှ အနည်းငယ်မျှကိုသာ သုံးစွဲခဲ့ရသေးသဖြင့် သူမထံတွင် ပိုက်ဆံအများကြီး ကျန်ရှိနေခြင်း ဖြစ်သည်။
ကိုယ်လုပ်တော်ချန်းက စိတ်သက်သာရာရသွားသော အပြုံးဖြင့် ပြန်ပြောလိုက်သည်။
"သမီးရဲ့ ငွေတွေကို သမီးပဲ သိမ်းထားပါ၊ ယိနျန်းက သမီးရဲ့ စတုတ္ထအစ်မအတွက် တဖြည်းဖြည်းချင်း စုပေးသွားမှာပါ"
ဝမ်ရန်က ခဏမျှ စဉ်းစားပြီးနောက် ထပ်ပြောလိုက်သည်။
"မနက်ဖြန် အဖေက သမီးရဲ့ စာပေလေ့လာမှုကို စစ်ဆေးမယ်လို့ ပြောထားသေးတယ်။ အဖေ ပျော်ပြီး သမီးကို ဆုတွေပေးအောင် သမီး အကောင်းဆုံး ကြိုးစားရမှာပေါ့"
နန်းတော်ထဲသို့ ဝင်ကတည်းက ဖခင်ဖြစ်သူထံမှ ဝင်ငွေ တော်တော်လေး လျော့နည်းသွားခဲ့သည်။ ထို့ကြောင့် သူမအနေဖြင့် ထိုဝင်ငွေကို ပြန်ရှာဖွေနိုင်ရန် ကြိုးစားရပေဦးမည်။
အမိုးစင်္ကြန်အောက်တွင် ရပ်နေသော ဝမ်ယဲ့၏ စိတ်ထဲ၌ ရှုပ်ထွေးလှသော ခံစားချက်များစွာ ဖြစ်ပေါ်နေခဲ့သည်။