အခန်း ၉၃
Vol. 10 Ch. 93
အခန်း ၉၃ ခရုလေး
ဝမ်ယဲ့က သူမတို့ အနှောင့်အယှက် မဖြစ်စေရန် အထဲသို့ ဝင်မသွားခဲ့ချေ။
လောကကြီးတွင် အလိုရှိသမျှ အလုံးစုံ ပြည့်စုံရန် ခဲယဉ်းလှသည်။ အကယ်၍ ဤအရာက သူမတို့ကို ပိုစိတ်အေးချမ်းစေနိုင်မည်ဆိုလျှင် ထိုအခြေအနေကလည်း မဆိုးလှဟု ဝမ်ယဲ့ သတ်မှတ်လိုက်သည်။
ဝမ်ယဲ့က အခန်းပြင်ပ၌ ခေတ္တမျှ ရပ်စောင့်နေပြီး ကိုယ်လုပ်တော်ချန်းနှင့် ဝမ်ရန်တို့ စကားပြောပြီးသွားသည့် အချိန်မှသာ အထဲသို့ လှမ်းဝင်လိုက်သည်။
ဝမ်ရန်နှင့် ထိုကိစ္စကို မတိုင်ပင်မီကတည်းက ကိုယ်လုပ်တော်ချန်းက ရှီးစွေ့ခြံဝင်းရှိ အခြားသူများကို အဝေးသို့ မောင်းထုတ်ထားခဲ့ပြီးသား ဖြစ်သည်။
ဝမ်ယဲ့တစ်ယောက် အသံတစ်ချက်မျှ မထွက်ဘဲ ရုတ်တရက် ပြန်ရောက်ရှိလာသည်ကို မြင်လိုက်ရသောကြောင့် ကိုယ်လုပ်တော်ချန်းလည်း အနည်းငယ် လန့်ဖျပ်သွားကာ ချက်ချင်း လှမ်းမေးလိုက်သည်။
"တစ်ခုခု မေ့ကျန်ခဲ့လို့လား"
"ဟုတ်တယ်၊ သမီး တစ်ခု မေ့သွားလို့"
ဝမ်ယဲ့က တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်ပြီး သူမ လက်ထဲရှိ သေတ္တာလေးကို ကမ်းပေးလိုက်သည်။
"ဒါက ညီမလေးအတွက်"
တော်တော်လေးကြီးမားသော သေတ္တာကို မြင်လိုက်ရသဖြင့် ကိုယ်လုပ်တော်ချန်းက ဝင်မေးလိုက်သည်။
"ဒါက ဘယ်လောက်တောင် ကုန်သွားလဲ"
ဝမ်ယဲ့က သေတ္တာကို အောက်သို့ ချလိုက်ရင်း ပြန်ဖြေလိုက်သည်။
"အများကြီး မကျပါဘူး ယိနျန်းရယ်"
သို့သော်လည်း ကိုယ်လုပ်တော်ချန်းက သူမ စကားကို လုံးဝ ယုံကြည်ပုံမရချေ။
ဝမ်ရန်ကလည်း မယုံကြည်သည့်လေသံဖြင့် ဝင်ပြောလိုက်သည်။
"စတုတ္ထအစ်မ... ပြီးခဲ့တဲ့နှစ်က အစ်မ ပေးခဲ့တဲ့ ရွှေမျောက်ရုပ်သေးသေးလေး ခုနစ်ရုပ်တာင် သမီးဆီမှာ ရှိနေသေးတယ်၊ သမီးနဲ့ ယိနျန်းက ငွေမပြတ်လပ်ပါဘူး"
'တစ်နေ့နေ့ တစ်ရက်ရက်မှာ ငွေလိုလာရင်တောင် သမီး စာကို ကြိုးကြိုးစားစား လေ့လာပြီး ပြန်ရှာဖွေနိုင်မှာ သေချာတယ်၊ ဘာပဲဖြစ်ဖြစ် စာဖတ်ရတာက အလကားမှ မဖြစ်သင့်ဘူး'
ဝမ်ရန်က သူမဘာသာ အသက်မွေးဝမ်းကျောင်းပြုနိုင်မည့် နည်းလမ်းကို ရှာဖွေတွေ့ရှိထားပြီးဖြစ်ကြောင်း ဝမ်ယဲ့နှင့် ကိုယ်လုပ်တော်ချန်းတို့ နှစ်ဦးစလုံး မသိကြသေးချေ။
ဝမ်ယဲ့လည်း ဘာမှ မတတ်နိုင်တော့ဘဲ ရှင်းပြလိုက်ရသည်။
"ဒါက တကယ်ပဲ တန်ဖိုးကြီးတဲ့အရာ မဟုတ်ပါဘူး၊ သမီးကိုယ်တိုင် လုပ်ထားတဲ့ မုန့်တချို့နဲ့ ကစားစရာ အသေးအဖွဲလေးတွေပါ၊ အများကြီး မတန်ပါဘူး"
မိခင်နှင့်သမီး၊ အစ်မနှင့် ညီမအဖြစ် နှစ်ပေါင်းများစွာ အတူရှိခဲ့ကြသဖြင့် ဝမ်ယဲ့က ထိုနှစ်ဦး၏ စိတ်သဘောထားကို အထူးကောင်းမွန်စွာ နားလည်ထားခဲ့သည်။
အကယ်၍ သူမအနေဖြင့် နှစ်စဉ်နှစ်တိုင်း တန်ဖိုးကြီးသော လက်ဆောင်များ ပေးနေမည်ဆိုပါက အခြားသူများအတွက် စိတ်မလုံခြုံမှုသာ ပိုတိုးပွားလာပေလိမ့်မည်။ ပြီးခဲ့သည့်နှစ်က စည်းစိမ်ရှိလှသော လက်ဆောင်ကို ပေးခဲ့ခြင်းက သူမတို့၏ လူနေမှုဘဝကို မြှင့်တင်ပေးချင်ရုံသာမက သူမကိုယ်တိုင်လည်း နယ်စားမင်းအိမ်တော်တွင် အဆင်ပြေချောမွေ့စွာ နေထိုင်နေရကြောင်း သိစေချင်သောကြောင့် ဖြစ်သည်။
"စားစရာတွေလား..."
ဝမ်ရန်၏ မျက်ဝန်းများက ချက်ချင်း တောက်ပသွားပြီး ပြန်မေးလိုက်သည်။
"ဘာမုန့်တွေလဲဟင်"
ဝမ်ယဲ့ အိမ်ထောင်မကျမီက မုန့်လုပ်နည်းစာအုပ်ကို ချန်ထားရစ်ခဲ့ပြီး ဝမ်ရန် စားချင်သည့်အခါတိုင်း ကိုယ်လုပ်တော်ချန်းက မီးဖိုချောင်ကို လုပ်ခိုင်းလေ့ရှိသည်။ သို့သော်လည်း ဘာကြောင့်မှန်းမသိ ဝမ်ယဲ့ ရှိစဉ်က လုပ်ပေးသော အရသာမျိုးကိုတော့ မည်သို့မျှ မီအောင် လုပ်မပေးနိုင်ခဲ့ကြချေ။
"မြည်းကြည့်ရင် သိမှာပေါ့"
ဝမ်ယဲ့က သူမတို့၏ အကြိုက်နှင့် ကိုက်ညီအောင် အားလုံးကို ပြင်ဆင်ပေးထားခဲ့ခြင်း ဖြစ်သည်။
ဆောင်းရာသီဖြစ်နေသောကြောင့် ထိုမုန့်များ အလွယ်တကူ ပုပ်သိုးသွားမည်ကိုလည်း စိုးရိမ်စရာ မလိုခဲ့ချေ။ အကယ်၍ မီးဖိုချောင်သို့ ပို့ပြီး ပြန်နွှေးလိုက်မည်ဆိုလျှင်လည်း မူလအရသာအတိုင်း ဆက်ရှိနေကာ ဘာမှ ပြောင်းလဲသွားမည်မဟုတ်ချေ။
ဝမ်ယဲ့က ရှီးစွေ့ခြံဝင်း၌ ခေတ္တမျှ ဆက်နေခဲ့ပြီး ကိုယ်လုပ်တော်ချန်း၊ ဝမ်ရန်တို့နှင့်အတူ မုန့်တချို့ကို မြည်းစမ်းရင်း အဖော်ပြုပေးပြီးမှသာ နောက်ဆုံး ပြန်ထွက်ခွာလာခဲ့သည်။
..........။........။........
ယခုနှစ်တွင် ဝမ်ယဲ့၏ ကြိုတင်ပြင်ဆင်မှုများကြောင့်လည်းကောင်း၊ အာဟာရဖြစ်စေမည့် အစားအစာမျိုးစုံနှင့်အတူ မည်သည့်နေရာက စုဆောင်းရရှိမှန်းမသိသော ရယ်စရာဟာသပုံပြင်များကြောင့်လည်းကောင်း၊ လုသခင်မ အလုပ်များနေခဲ့သည့်တိုင် ယခင်နှစ်များကဲ့သို့ ပင်ပန်းနွမ်းနယ်ခြင်းမျိုး မရှိတော့ချေ။
ပွဲတော်တစ်ခု ပြီးဆုံးသွားသည့်အခါတိုင်း စိတ်ပင်ပန်းလူပင်ပန်းဖြစ်ရမည့်အစား ဝမ်ယဲ့ နောက်ထပ် ဘာများ ထပ်ဖန်တီးဦးမလဲဟူသော မျှော်လင့်ချက်လေးပင် အနည်းငယ် စိမ့်ဝင်လာရသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ပထမလ၏ တစ်ဆယ့်ခြောက်ရက်မြောက်နေ့သို့ ရောက်ရှိလာခဲ့သည်။
အလုပ်အများဆုံးရက်များ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး ယနေ့က လုသခင်မအတွက် အာဟာရဖြည့်တင်းပေးရမည့် နောက်ဆုံးနေ့ ဖြစ်သည်။ သို့သော် အာဟာရ အနည်းငယ် လွန်ကဲသွားပုံရပြီး မကြာသေးမီက သူမ၏ ဝတ်စုံများက ခါးနားတွင် အနည်းငယ် ကျပ်နေသည်ကို လုသခင်မ သတိပြုမိလာခဲ့သည်။
တာ့ကျင်းမင်းဆက်၏ ပထမလ တစ်ဆယ့်ခြောက်ရက်မြောက်နေ့တွင် ညီလာခံများ ပြန်လည်စတင်ပြီဖြစ်သဖြင့် ရွှီနယ်စားမင်းနှင့် ရွှီယွဲ့ကျားတို့က နန်းတော်သို့ သွားရောက်နေကြပြီ ဖြစ်သည်။
ရွှီကျင့်ရုံလည်း ယနေ့ မွန်းလွဲပိုင်းကတည်းက ဒေါ်လေးရွှီ၏ အငယ်ဆုံးသားနှင့်အတူ ကျောင်းတော်သို့ ပြန်သွားခဲ့ပြီ ဖြစ်သည်။
ရှန်းထင်ရွှမ်းက ပထမလ၏ ခြောက်ရက်မြောက်နေ့ကတည်းက အကြီးဆုံးအဒေါ် မနှစ်က ဝယ်ယူထားခဲ့သော နေအိမ်သို့ ပြန်ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် ယနေ့တွင် ထမင်းစားပွဲ၌ လူလေးဦးသာ ရှိနေလေသည်။
လုသခင်မက ဟင်းသီးဟင်းရွက်စွပ်ပြုတ်ကို ငြိမ်ငြိမ်လေး ငုံ့သောက်နေသော သူမ၏ သားငယ်ကို တစ်ချက်ကြည့်လိုက်ပြီး အံ့ဩတုန်လှုပ်စွာ ပြောလိုက်သည်။
"မင်း ဒီလို ဟင်းသီးဟင်းရွက်ဟင်းချို သောက်နေတာမျိုး မေမေ တစ်ခါမှ မမြင်ဖူးပါဘူး"
ရွှီကျင့်လင်းက မော့ကြည့်ကာ ပြန်ပြောလိုက်သည်။
"ဒီဟင်းချိုက အသားအရသာ ရှိနေသလိုပဲ"
လုသခင်မလည်း မြည်းစမ်းကြည့်လိုက်ရာ အမှန်တကယ်ပင် ထိုအတိုင်း ဖြစ်နေခဲ့သည်။
သူမက ဝမ်ယဲ့ကို ကြည့်ကာ လှမ်းပြောလိုက်သည်။
"နောက်တစ်ခါ မိသားစုဂုဏ်ပြုပွဲတွေကျရင် ဟင်းလျာစာရင်းကို နင် တာဝန်ယူပေးပါလား"
ဝမ်ယဲ့က အလျင်အမြန် ခေါင်းခါပြရင်း ငြင်းဆန်လိုက်သည်။
"မမရယ်... ကျွမ်းကျင်မှုဆိုတာက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှိကြတာလေ၊ ကျွန်မရဲ့ ဒီလို အသေးအဖွဲ လက်ရာလေးတွေက မိသားစုပွဲတော်လိုမျိုး အခမ်းအနားကြီးကို ဘယ်လို ပုံပိုးပေးနိုင်မှာလဲ"
"ဒါ့အပြင် ဒီအားဖြည့်ဟင်းချိုတွေက မမတစ်ယောက်တည်းအတွက်ပဲ သီးသန့် ချက်ပေးထားတာလေ၊ မမက တခြား ပြင်ပလူတွေကိုပါ မျှဝေပေးချင်လို့လားဟင်"
လုသခင်မက အနည်းငယ် စိတ်ပျက်လက်ပျက်ဟန်ဖြင့် ပြန်ပြောလိုက်သည်။
"နင်... နင်ကတော့ တကယ်ကို စည်းလွတ်ဘောင်လွတ် ဖြစ်နေတာပဲ.... ပြုပြင်ပေးလို့ကို မရတော့ဘူး"
သူမ ထိုသို့ ဆူပူလိုက်သော်လည်း ထိုလေသံထဲတွင်ပင် အလိုလိုက်သည့်အသုံးအနှုန်းများ ပါဝင်နေသေးသည်။
လုသခင်မက ဝမ်ယဲ့ကို ပြစ်တင်ပြောဆိုခဲ့သော်လည်း ဟင်းလျာစာရင်းကိစ္စကိုတော့ ထပ်အစမဖော်တော့ချေ။
.........။..........။.........
အခြားတစ်ဖက်တွင်လည်း ညီလာခံပြီးဆုံးသွားပြီးနောက် ရွှီနယ်စားမင်းက အိမ်တော်သို့ ချက်ချင်း မပြန်သေးဘဲ နန်းတော်အပြင်ဘက်၌ ရွှီယွဲ့ကျားကို သီးသန့် စောင့်ဆိုင်းနေခဲ့သည်။
ရွှီယွဲ့ကျား နန်းတော်ထဲမှ ထွက်လာပြီးနောက် ရွှီနယ်စားမင်း စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရသောကြောင့် ရှေ့သို့ လှမ်းလာကာ နှုတ်ဆက်လိုက်သည်။
"အစ်ကိုကြီး"
ရွှီနယ်စားမင်းက လောဆော်လိုက်သည်။
"မြန်မြန်... ရထားလုံးပေါ်ကို တက်"
ရွှီယွဲ့ကျား ရထားလုံးထဲသို့ ဝင်ထိုင်ပြီးနောက် ရွှီနယ်စားမင်းက အရေးတကြီး လေသံဖြင့် စပြောလိုက်သည်။
"ညီလေး... အစ်ကိုကြီး မင်းကို အကူအညီတစ်ခု တောင်းချင်လို့"
ရွှီယွဲ့ကျားက ပြန်မေးလိုက်သည်။
"ဘာအကူအညီလဲ"
"ဒါက..... မင်းမရီးရဲ့ မွေးနေ့ ရောက်တော့မှာလေ"
ရွှီနယ်စားမင်းက အနည်းငယ် ရှက်ကိုးရှက်ကန်းဟန်ဖြင့် ထပ်ပြောလိုက်သည်။
"မင်း အိမ်ပြန်ရောက်ရင် ဒီနှစ် မင်းမရီးရဲ့ မွေးနေ့လက်ဆောင်အတွက် ခယ်မလေး ဘာတွေ ပြင်ဆင်ထားလဲဆိုတာ ငါ့အတွက် စုံစမ်းပေးလို့ ရမလား"
ထိုစကားကို ကြားပြီးနောက် ရွှီယွဲ့ကျားက ချက်ချင်း သဘောမတူခဲ့ချေ။
သူက ပြန်မေးလိုက်သည်။
"အစ်ကိုကြီးရော ဘာတွေ ပြင်ဆင်ထားလဲ"
ရွှီနယ်စားမင်းက သူ့အတွေးနှင့် အစီအစဉ်များကို ဖွင့်ဟပြောပြနေသည်။
"ငါက မင်းမရီးအတွက် ငါကိုယ်တိုင် မုန့်တစ်ခုခု လုပ်ပေးချင်လို့"
သူ မကြာသေးမီက စတင်လေ့လာသင်ယူနေခဲ့ခြင်း ဖြစ်သော်လည်း တိုးတက်မှုကတော့ အနည်းငယ် နှေးကွေးနေခဲ့သည်။
ရွှီယွဲ့ကျား အနေဖြင့် ဤလျှို့ဝှက်ချက်ကို ပေါက်ကြားအောင် လုပ်မည်လား ဆိုသည်ကိုတော့ ရွှီနယ်စားမင်း မစိုးရိမ်ပေ။ အကြောင်းအရင်းက သူ၏ညီငယ်က ထိုကဲ့သို့သော လူစားမျိုး မဟုတ်သောကြောင့် ဖြစ်သည်။
ရွှီယွဲ့ကျားက ခေါင်းညိတ်ရင်း ပြန်ပြောလိုက်သည်။
"ကျွန်တော် နားလည်ပါပြီ"
သူ သဘောတူလိုက်ပြီဟု ထင်မှတ်ကာ ရွှီနယ်စားမင်းက ဝမ်းသာအားရ ထပ်ပြောလိုက်သည်။
"တကယ်ကို မင်းက ငါ့ရဲ့ ညီအလိမ္မာလေးပဲ"
ဝမ်ယဲ့ကလည်း မကြာသေးမီကပင် လုသခင်မအတွက် မွေးနေ့လက်ဆောင် ပြင်ဆင်နေခဲ့သည်။
သူမ ယခင်က စမ်းသပ်ဖော်စပ်ထားသည့် မျက်နှာလိမ်းခရင်မ်၏ အာနိသင်က ကောင်းမွန်လှသဖြင့် ဝမ်ယဲ့က လုသခင်မနှင့် ပိုကိုက်ညီမည့် အဆင့်မြှင့်တင်ထားသော ပုံစံနှစ်မျိုးကို ပြုလုပ်ရန် စီစဉ်နေခဲ့သည်။ မျက်နှာလိမ်းခရင်မ်အပြင် ဆံပင်အားဖြည့်ခရင်မ်နှင့် အရေပြားအား ထိန်းသိမ်းပေးနိုင်မည့် အလှဆီကိုပါ သူမ ပြင်ဆင်နေခဲ့သည်။
ရွှီယွဲ့ကျား အနောက်ဘက်ခြံဝင်းသို့ ပြန်ရောက်လာချိန်တွင် ဝမ်ယဲ့တစ်ယောက် ရွှီယွိရွှမ်အား ညွှန်ကြားနေသည်ကို မြင်လိုက်ရသည်။
"ခရုလေးရေ... မေမေ့အတွက် ဇွန်းလေးတစ်ချောင်း သွားယူပေးပါဦး"
ထိုစကားကို ကြားလိုက်ရသည်နှင့် ရွှီယွိရွှမ်က ပုလင်းများ၊ အိုးများနှင့် ဇွန်းများ တင်ထားသည့် စားပွဲငယ်လေးဆီသို့ ချက်ချင်း ပြေးသွားတော့သည်။
သူက အရွယ်အစားအမျိုးမျိုးရှိသော ဇွန်းများကို ငုံ့ကြည့်လိုက်ပြီး ခေါင်းလှည့်ကာ မေးနေသေးသည်။
"မေမေ... ဘယ်တစ်ခုလဲဟင်၊ အရှည်လား အတိုလား"
စားပွဲတွင် ထိုင်ကာ ဆေးငရုတ်စုံဖြင့် တစ်ခုခုကို ကြိတ်ချေနေသော ဝမ်ယဲ့က ပြန်ဖြေလိုက်သည်။
"အရှည်လေး"
ဤအလုပ်က ပုံမှန်ဆိုလျှင် ရွှီယွိရွှမ် လုပ်ရမည့်အလုပ် မဟုတ်သော်လည်း သူကိုယ်တိုင်က ဟိုပြေးဒီပြေး လုပ်ရသည်ကို သဘောကျပုံရသည်။
ဝမ်ယဲ့ကလည်း များသောအားဖြင့် သူ ပြဿနာမရှာသရွေ့ သူ့ကို လွှတ်ထားပေးလေ့ရှိသည်။
လက်တွေ့တွင်လည်း ခြေထောက်တိုတိုလေးများ ရှိနေသည်မှအပ ရွှီယွိရွှမ်က တော်တော်လေး လိမ္မာရှာသည်။
ဝမ်ယဲ့ကလည်း သူ့ကို ခရုနတ်သားလေးအဖြစ် သတ်မှတ်ကာ ဟိုခိုင်းဒီခိုင်း လုပ်ရသည်ကို တော်တော်လေး သဘောကျနေမိသည်။
ရွှီယွိရွှမ်က လက်ကိုင်ရှည်သည့် ဇွန်းလေးကို ကိုင်ကာ နောက်သို့ အလှည့်တွင် တံခါးဝ၌ ရပ်နေသော လူကို ဖျပ်ခနဲ မြင်သွားပြီး ချက်ချင်း အော်ခေါ်လိုက်သည်။
"ဖေဖေ"
ဝမ်ယဲ့လည်း ထိုအသံလေးကြောင့် လှည့်ကြည့်လိုက်ပြီး စနောက်သည့်အသံဖြင့် လှမ်းပြောလိုက်သည်။
"ခရုကြီး ပြန်လာပြီပေါ့"
ရွှီယွဲ့ကျား : "......"
ရွှီယွိရွှမ်က နားမလည်နိုင်ဟန်လေးဖြင့် မေးလာခဲ့သည်။
"ဖေဖေကလည်း ခရုကြီးလားဟင်"
ဝမ်ယဲ့က ကလေးငယ်ဆီသို့ အကြည့်လွှဲလိုက်ပြီး ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်လေ"
ရွှီယွိရွှမ်က ထပ်မေးမြန်းနေပြန်သည်။
"ဒါဆို ဖေဖေကလည်း မေမေ့အတွက် ဇွန်းသွားယူပေးရမှာလား"
ဝမ်ယဲ့က တည်ကြည်သော မျက်နှာအမူအရာဖြင့် လေးလေးနက်နက် ပြန်ပြောလိုက်သည်။
"အဲ့လောက်ကတော့ ရွှမ်အာ လုပ်ပေးရုံနဲ့ လုံလောက်နေပါပြီ၊ ရွှမ်အာရဲ့ ဖေဖေကတော့ တခြားအလုပ်တွေကို တာဝန်ယူရမှာ"
သူမကို ကြည့်နေသည့် ရွှီယွဲ့ကျား၏ မျက်ဝန်းများထဲတွင် ခံစားချက်အရိပ်အယောင်များ လှုပ်ခတ်သွားခဲ့သည်။
ဝမ်ယဲ့က ထိုအရာကို မြင်သွားပြီး ချက်ချင်း စကားလမ်းကြောင်းလွှဲကာ သူမ ဘေးနားရှိ ထိုင်ခုံကို ညွှန်ပြလိုက်သည်။
"ယောက်ျား... ထိုင်လေ"
ရွှီယွဲ့ကျားက ထိုင်ချလိုက်ပြီးနောက် သူမလက်ထဲရှိ ဆေးဆုံကို ကြည့်ကာ မေးလိုက်သည်။
"ဘာတွေ လုပ်နေတာလဲ"
ဝမ်ယဲ့က ပြန်ဖြေလိုက်သည်။
"ရှင် ခန့်မှန်းကြည့်လေ"
ရွှီယွိရွှမ်ကလည်း သံယောင်လိုက်နေပြန်သည်။
"ဖေဖေ... ခန့်မှန်းကြည့်လေ"
ရွှီယွဲ့ကျား ဆေးဆုံထဲမှ ထွက်ပေါ်လာသော မွှေးပျံ့သည့် ဆေးဘက်ဝင်အပင်နံ့ကို ရရှိသွားပြီး တစ်စုံတစ်ခုက သူနှင့် အကျွမ်းတဝင်ရှိနေသလို ခံစားလိုက်ရသည်။
သူက တည်ငြိမ်စွာ ပြန်တွေးတောကြည့်နေပြီး နောက်ဆုံးတွင် မှတ်မိသွားခဲ့သည်။
"မျက်နှာလိမ်းခရင်မ်လား"
ဝမ်ယဲ့က ပြန်ဖြေလိုက်သည်။
"နီးစပ်သွားပြီ"
ခရုလေးက ထပ်မံ စပ်စုနေပြန်သည်။
"မေမေ... တခြားလိုတာ ရှိသေးလားဟင်၊ ရွှမ်အာ သွားယူပေးမယ်နော်"
ရွှီယွိရွှမ်က ဤ 'ကစားနည်း' ကို တော်တော်လေး သဘောကျနေပုံရသဖြင့် ဝမ်ယဲ့က ပေါ့ပေါ့ပါးပါး တောင်းဆိုလိုက်သည်။
"မေမေ ဗိုက်ဆာလို့ ပဲနီလေးမုန့် စားချင်တယ်"
ရွှီယွိရွှမ်၏ မျက်လုံးလေးများ တောက်ပသွားပြီး သူကိုယ်တိုင်လည်း စားချင်လာသည်။
ယခုတစ်ကြိမ်တွင်တော့ ရွှီယွိရွှမ်က ပိုတက်ကြွစွာဖြင့် လှည့်ထွက်သွားကာ အခန်းထဲမှ ပြေးထွက်သွားသည်။
ပြတ်သားသော အမူအရာဖြင့် သူ သွားနေသည့် ဦးတည်ရာက မီးဖိုချောင်လေးဆီသို့ ဖြစ်သည်။
ဝမ်ယဲ့ သတိပေးရန် မလိုဘဲ ပုံမှန်အားဖြင့် ရွှီယွိရွှမ်ကို စောင့်ရှောက်ရသော ရန်တုန်က နောက်မှ ချက်ချင်း အပြေးလိုက်သွားခဲ့သည်။
ရွှီယွိရွှမ် ထွက်သွားပြီးနောက် ရွှီယွဲ့ကျားက သူမကို စိုက်ကြည့်နေဆဲ ဖြစ်မှန်း ဝမ်ယဲ့ သတိပြုမိသွားပြီး ထပ်မေးလိုက်သည်။
"ယောက်ျား... စိတ်ထဲမှာ တစ်ခုခု ရှိနေလို့လားဟင်"
ထိုအခါမှသာ ချက်ချင်း ရွှီယွဲ့ကျားက သူ့အစ်ကိုကြီး သူ့အား အကူအညီတောင်းထားခဲ့သည်ကို သတိရသွားပြီး ခေါင်းညိတ်ပြလိုက်သည်။
"အင်း"
"ဘာကိစ္စလဲဟင်"
"ဒီနေ့ ညီလာခံပြီးတော့ အစ်ကိုကြီးက ကိုယ့်ကို လာရှာပြီး ဒီနှစ် မရီးရဲ့ မွေးနေ့လက်ဆောင်အတွက် မင်း ဘာတွေ ပြင်ဆင်ထားလဲဆိုတာ စုံစမ်းခိုင်းလို့"
ဝမ်ယဲ့က သူမ လုပ်လက်စ အလုပ်ကို ရပ်လိုက်ပြီး ပြန်မေးလိုက်သည်။
"ဒါဆို အစ်ကိုကြီးရော ဘာတွေ ပြင်ဆင်ထားလဲလို့ ရှင် ပြန်မမေးခဲ့ဘူးလား"
ရွှီယွဲ့ကျားက ခေါင်းညိတ်ပြလိုက်သည်။
"မေးခဲ့တယ်"
ဝမ်ယဲ့က ချက်ချင်း ထပ်မေးလိုက်သည်။
"ဘာတဲ့လဲဟင်"
ရွှီယွဲ့ကျားက ခေတ္တမျှ တုံ့ဆိုင်းသွားပြီး စကားမပြောဘဲ နေနေသည်။
သူ့၏ တုံ့ပြန်မှုကို မြင်ရသောကြောင့် ရွှီနယ်စားမင်းက သူမကို ကြိုမပြောရန် တားမြစ်ထားခဲ့မှန်း ဝမ်ယဲ့ နားလည်လိုက်သည်။
သို့သော် သူမက ဆက်မေးနေဆဲပင်။
"ကျွန်မကို ပြောပြလို့ မရဘူးလား"
ရွှီယွဲ့ကျားက ပြန်ပြောလိုက်သည်။
"မင်း အရင်ပြောလေ"
ဝမ်ယဲ့က ခေါင်းခါပြလိုက်သည်။
"ဒါက မတရားဘူးလေ"
ရွှီယွဲ့ကျားက ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြန်ပြောလာခဲ့သည်။
"ဒါဆိုရင် ကိုယ်လည်း မပြောဘူး"
ဝမ်ယဲ့က မျက်ခုံးတစ်ဖက်ကို ပင့်တင်ရင်း အခိုင်အမာ ပြောလိုက်သည်။
"ရှင် ပြောပြလာမှာပါ"
ရွှီကျင့်လင် : "......ကိုယ်က ကတိတည်တဲ့လူပဲ"
သို့သော်လည်း ထိုညတွင် အိပ်ဆောင်အတွင်း၌ နွေးထွေးမှုအပြည့် လွှမ်းခြုံနေခဲ့သည်။
နောက်တစ်နေ့တွင် ရွှီနယ်စားမင်းက အပြင်ဘက်ခြံဝင်း၏ စာကြည့်ဆောင်တံခါးဝ၌ အထူးတလည် စောင့်ဆိုင်းနေခဲ့ပြီး ရွှီယွဲ့ကျား၏ ပုံရိပ်ကို မြင်သည်နှင့် အလျင်အမြန် လျှောက်လာကာ မေးမြန်းလိုက်သည်။
"စုံစမ်းလို့ ရပြီလား"
ရွှီယွဲ့ကျား၏ အဖြေက ရွှီနယ်စားမင်းကို အနည်းငယ် စိတ်ပျက်သွားစေခဲ့သည်။
"မရသေးဘူး"
ရွှီနယ်စားမင်းက လက်မလျှော့ဘဲ ဆက်ပြောနေပြန်သည်။
"နောက်ထပ် ထပ်ကြိုးစားကြည့်ဦးလေ"
ရွှီယွဲ့ကျားက ငြင်းဆန်ခြင်းလည်း မပြု၊ သဘောတူခြင်းလည်း မရှိဘဲ ထိုအစား ပြန်မေးလိုက်သည်။
"အစ်ကိုကြီး... အစ်ကိုကြီးက ကိုယ်တိုင်ပြင်ဆင်ထားတဲ့ မွေးနေ့လက်ဆောင်အပေါ် ယုံကြည်မှု ဒီလောက်တောင် နည်းနေတာလား"
ထိုစကားကို ကြားပြီးနောက် ရွှီနယ်စားမင်းက ချက်ချင်း ငြင်းချက်ထုတ်လိုက်သည်။
"ဘယ်သူက ပြောလို့လဲ၊ ငါ လေ့လာနေတာက ရွှေပိုးမျှင်မုန့်ကွ... မင်းမရီး အကြိုက်ဆုံးမုန့်ပဲ"
သူ လိုချင်သော အချက်အလက်ကို ရရှိသွားပြီ ဖြစ်သည့် ရွှီယွဲ့ကျားက နောက်ဆုံးတွင် ရွှီနယ်စားမင်းအတွက် သေချာသော အဖြေတစ်ခု ပြန်ပေးလိုက်သည်။
"မနက်ဖြန်ညကျရင် ကျွန်တော် သူ့ကို ထပ်ပြီး မေးပေးပါ့မယ်"
ရွှီနယ်စားမင်းက သူ၏ စကားလုံးများထဲမှ ထူးဆန်းမှုကို လုံးဝ သတိမပြုမိဘဲ မျှော်လင့်ချက်များ ပြန်လည်ရှင်သန်လာကာ ဝမ်းသာအားရ တုံ့ပြန်လိုက်သည်။
"ကောင်းတယ်... ကောင်းတယ်၊ အရမ်းကောင်းတယ်"