← Chapters

အခန်း ၉၄

Vol. 10 Ch. 94

အခန်း ၉၄

Vol. 10 Ch. 94

အခန်း ၉၄ လှုံ့ဆော်မှု

တစ်ရက်မျှ စောင့်ဆိုင်းပြီးနောက် ရွှီနယ်စားမင်းတစ်ယောက် ရွှီယွဲ့ကျားကို နောက်တစ်ကြိမ် ထပ်မံရှာဖွေကာ မေးမြန်းနေခဲ့သည်။

"မနေ့က စုံစမ်းလို့ ရခဲ့လား"

အနောက်ဘက်ဝန်းထဲမှ လောလောလတ်လတ် 'နှင်ထုတ်ခံရ' ကာစဖြစ်သော ရွှီယွဲ့ကျားက နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း ပြန်ဖြေလိုက်သည်။

"ကျွန်တော် အမိခံလိုက်ရတယ်"

ရွှီနယ်စားမင်းက အပြင်ပန်းတွင် သက်ပြင်းချလိုက်သည်။

"ဟူး......"

သို့သော် သူ၏ စိတ်ထဲတွင်တော့ ‘ရုပ်လေးရှိပြီး ဘာမှသုံးစားမရတဲ့ကောင်’ ဟု တွေးနေခဲ့သည်။

ရွှီနယ်စားမင်း ဘာမှ ပြန်မပြောရသေးခင်မှာပင် ရွှီယွဲ့ကျားက ထပ်ပြောလိုက်သည်။

"အစ်ကိုကြီး မစိုးရိမ်ပါနဲ့၊ နောက်နှစ်ရက်လောက်နေရင် ကျွန်တော် ထပ်ပြီး စုံစမ်းကြည့်ပါဦးမယ်"

ရွှီနယ်စားမင်းက အနည်းငယ် သံသယဝင်သွားခဲ့သည်။

"ဒုတိယညီလေး... မင်း တကယ်ရော စုံစမ်းကြည့်ခဲ့ရဲ့လား"

ရွှီယွဲ့ကျား : "ဒါပေါ့"

ရွှီနယ်စားမင်းက ရွှီယွဲ့ကျား၏ ဇနီးအကြောင်း ပြောသည့်အခါတိုင်း သူ့ဇနီးဖြစ်သူ ပြုံးပျော်နေတတ်သည်ကို သတိရမိသွားပြီး သူ့သံသယများကို တဖြည်းဖြည်းချင်း ဖယ်ရှားလိုက်သည်။

‘ဒီလူက လူတွေကို လှည့်စားတဲ့နေရာမှာ တကယ်ကို ကျွမ်းကျင်တာပဲ’

ရွှီနယ်စားမင်းက ရွှီယွဲ့ကျားကို နောက်ထပ် အခွင့်အရေးတစ်ခု ထပ်ပေးရန် ဆုံးဖြတ်လိုက်သည်။

"ဒုတိယညီလေး... အချိန်က ဘယ်သူ့ကိုမှ စောင့်နေမှာ မဟုတ်ဘူးနော်"

ရွှီယွဲ့ကျား : "အစ်ကိုကြီး ပိုပြီး စိတ်ရှည်ဖို့ လိုတယ်"

ထိုအချိန်တည်းမှာပင် အနောက်ဘက်ဝန်းအတွင်း၌...

ထောင်ကျီက ဝမ်ယဲ့အတွက် စိမ်းစိုနေသော ဆေးဖျော်ရည်များ ညှစ်ယူရန် ကူညီပေးနေရင်း မေးမြန်းနေသည်။

"သခင်မ... ခုနက ဘာလို့ ဒုတိယသခင်ကို အခန်းထဲ ပေးမဝင်တာလဲဟင်"

ဝမ်ယဲ့က သူမ လုပ်လက်စ အလုပ်အပေါ် အာရုံစိုက်ကာ မျက်တောင်များကို အောက်စိုက်ထားရင်း ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

"သူ ဝင်လာရင် အလုပ်တွေ ကြန့်ကြာကုန်မှာပေါ့"

ထောင်ကျီပင် နားမလည်နိုင် ဖြစ်သွားရသည်။

"ဟင်"

ဝမ်ယဲ့က သူမကို မော့ကြည့်လိုက်ပြီး အတိအကျ ရှင်းပြလိုက်သည်။

"ဒုတိယသခင်က ဒီနှစ် အကြီးဆုံးယောင်းမရဲ့ မွေးနေ့အတွက် ငါ ဘာလက်ဆောင် ပြင်ဆင်ထားလဲဆိုတာကို လာပြီး စုံစမ်းနေတာလေ၊ သူသာ ဒါတွေကို မြင်သွားရင် အကြီးဆုံးယောင်းမအတွက် ငါ ပြင်ဆင်ထားတဲ့ အံ့ဩစရာတွေ ပျက်စီးသွားမှာပေါ့"

ကံကောင်းထောက်မစွာဖြင့် သူမထံတွင် ပြတ်သားသောစိတ် ရှိနေသေးပြီး သူမ ရွှီယွဲ့ကျား၏ ချောမောခန့်ညားမှုအောက်တွင် ခေတ္တမျှ မိန်းမောသွားခဲ့ရသော်လည်း သူမ ဘာလက်ဆောင် ပေးမည်ကိုတော့ ရွှီယွဲ့ကျားအား မပြောပြမိခဲ့ပေ။

နောက်ထပ် နှစ်ရက် ကုန်လွန်သွားခဲ့သည်။

ထိုညတွင် ဝမ်ယဲ့က ရေနွေး စွတ်ထားသော မျက်နှာသုတ်ပုဝါတစ်ထည်ဖြင့် သူမ မျက်နှာပေါ်မှ ပေါင်းတင်ခရင်မ်များကို သုတ်ဖယ်နေခဲ့သည်။

ရွှီယွဲ့ကျားက သူ၏ ကတိအတိုင်း လုပ်ဆောင်ရန် ရောက်လာပြန်သည်။ သူက မှန်တင်ခုံအနားသို့ လျှောက်လာပြီး မေးမြန်းနေသည်။

"မရီးရဲ့ မွေးနေ့အတွက် ဘာလက်ဆောင် ပြင်ဆင်ထားလဲ"

သူက တူညီသော စကားစုများကို လေသံပင် မပြောင်းဘဲ ခပ်တည်တည် မေးနေခြင်းဖြစ်သည်။

လွန်ခဲ့သော နှစ်ရက်က ညများနှင့် အတိအကျ တူညီနေလေသည်။

ဝမ်ယဲ့က ကျွမ်းကျင်စွာ ပြန်ဖြေလိုက်သည်။

"ကျွန်မ ယောက်ျားကို ပြောပြလိုက်ရင် အံ့ဩစရာ မဖြစ်တော့ဘဲ နေမှာပေါ့"

ရွှီယွဲ့ကျား : "တကယ်ပဲ ပြောပြလို့ မရဘူးလား"

ဝမ်ယဲ့က ခေါင်းခါပြလိုက်သည်။

"မရဘူး"

ဝမ်ယဲ့က သူမ၏ ပါးပြင်ကို လက်ဝါးဖြင့် ပွတ်သပ်လိုက်ရင်း စိတ်ထဲမှ တွေးနေခဲ့သည်။

‘အသားလေးက အရမ်းနူးညံ့နေတာပဲ’

ရွှီယွဲ့ကျား : "အင်း... ကိုယ် သိပြီ"

ကတိတည်ရန် ကြိုးပမ်းမှု၏ ပထမပိုင်း အဆင့်က ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

ထို့နောက် ရွှီယွဲ့ကျားက ထပ်ပြောလိုက်သည်။

"ကိုယ် ရေသွားချိုးလိုက်ဦးမယ်"

၎င်းက ဒုတိယပိုင်း အဆင့်ကို စတင်ခြင်း ဖြစ်သည်။

ဝမ်ယဲ့ : "......"

‘လုပ်လာ ပြန်ပြီ၊ ငါတော့ ထပ်ပြီး သွေးဆောင် ခံရတော့မယ်’

တခါတရံတွင် ရွှီယွဲ့ကျားနှင့် သူမ တချို့နေရာများ၌ တော်တော်လေး တူညီသည်ဟု ဝမ်ယဲ့က ခံစားရတတ်သည်။ ဥပမာအားဖြင့် ကိစ္စရပ်တစ်ခုခု၏ နောက်ဆက်တွဲ လုပ်ငန်းစဉ်များကို အလေးပေး လုပ်ဆောင်ရသည်ကို နှစ်သက်ကြခြင်းပင်။

သို့သော်လည်း...

“ငါ့ အမျိုးသားက ဒီလို အရှက်မဲ့တဲ့ လှည့်ကွက်တွေကို ဘယ်ကနေ လေ့လာသင်ယူခဲ့တာလဲ’

“ငါ... အဲ့ဒါကို အရမ်း သဘောကျတာပဲ’

......။.......။......

လုသခင်မ၏ မွေးနေ့ရောက်ရန် ရက်အနည်းငယ်သာ လိုတော့သည့်တိုင်အောင် ရွှီနယ်စားမင်းတစ်ယောက် ရွှီယွဲ့ကျားထံမှ 'လျှို့ဝှက်ချက်' ဟူသော စကားလုံး နှစ်လုံးတည်းကိုသာ ကြားသိခဲ့ရသည်။

မည်မျှ အူကြောင်ကြောင်နိုင်သည့်လူ ဖြစ်ပါစေ ယခုအချိန်တွင်တော့ ရိပ်မိသင့်နေပြီ ဖြစ်သည်။

ထိုအရာက ရွှီနယ်စားမင်းကို အနည်းငယ် စိတ်ထိခိုက်သွားစေသည်။

‘ငါ့ရဲ့ ရိုးသားလွန်းတဲ့ ညီငယ်လေးကတောင် ငါ့ကို လှည့်စားတတ်နေပြီပေါ့’

အမှန်တရား၏ အစိတ်အပိုင်းတချို့ကို သိရှိသွားပြီးနောက် လုသခင်မက ရယ်မောရင်း ခန့်မှန်းပြေဆိုနေခဲ့သည်။

"ဒုတိယမောင်လေးက ရှင့်ကို စနောက်နေတာလည်း ဖြစ်နိုင်တယ်လေ"

ရွှီနယ်စားမင်းက သူမ၏ စကားကို ပြင်ပေးလိုက်သည်။

"ဒါက စနောက်တာ မဟုတ်ဘူး၊ လှည့်စားတာ"

ကံကောင်းထောက်မစွာဖြင့် သူက သူ့ညီလေးအပေါ်တွင် လုံးလုံးလျားလျား အမှီမပြုခဲ့ပေ။ ရွှေပိုးမျှင်မုန့်အပြင် သူ တခြားအရာ အနည်းငယ်ကိုလည်း လေ့လာထားခဲ့သေးသည်။

လုသခင်မက ထိုအရာကို ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

"ဒါက ဒုတိယမောင်လေးနဲ့ ယဲ့နျန်းတို့ရဲ့ ဆက်ဆံရေး ပိုပြီး ခိုင်မြဲလာတယ်ဆိုတာကို ပြနေတာပဲ"

ရွှီနယ်စားမင်းက နားမလည်နိုင်ဟန်ဖြင့် ပြန်မေးလိုက်သည်။

"ဒီလိုမျိုးလည်း အဓိပ္ပာယ်ကောက်လို့ ရတယ်လား"

လုသခင်မက ခေါင်းညိတ်ပြလိုက်သည်။

"ဒါပေါ့"

ရွှီနယ်စားမင်းက ရုတ်တရက် တည်ကြည်လေးနက်သွားပြီး ထပ်မေးလိုက်သည်။

"ဒါဆို ကိုယ်တို့တွေ ဒုတိယညီလေး ဒါမှမဟုတ် ခယ်မလေးကို အတူတူ ပြန်ပြီး လှည့်စားကြမလား"

လုသခင်မက သူ့ကို နှစ်ချက်မျှ စူးစူးစိုက်စိုက် စိုက်ကြည့်လိုက်သည်။

"ဒီလိုအချိန်မျိုးမှာ ဘာလို့ ပြဿနာရှာချင်နေရတာလဲ"

ရွှီနယ်စားမင်းလည်း အနည်းငယ် စိတ်ပျက်သွားပြီး ရေရွတ်လိုက်သည်။

"ဩော်......"

........။.....။.....

ယခုနှစ် လုသခင်မ၏ မွေးနေ့ကလည်း ယခင်နှစ်များနည်းတူ ဖြစ်ပြီး မိတ်ဆွေကောင်းများကို အိမ်သို့ ဖိတ်ကာ စုဝေးတွေ့ဆုံပွဲလေး ပြုလုပ်ခဲ့သည်။

ဝမ်ယဲ့၏ မွေးနေ့လက်ဆောင်ကိုတော့ အဓိကခြံဝင်းဆီသို့ စောစောစီးစီးကတည်းက ပို့ဆောင်ထားခဲ့ပြီး ဖြစ်သည်။

ရွှီနယ်စားမင်းက ယခုနှစ်တွင် လုသခင်မအတွက် မုန့်လုပ်နည်းကို အထူးတလည် သင်ယူထားသည်ဟူသော အချက်ကို ရွှီယွဲ့ကျားထံမှ သိရပြီးနောက် ဝမ်ယဲ့က ကိတ်မုန့်လုပ်မည့် သူမ၏ အစီအစဉ်ကို စွန့်လွှတ်လိုက်သည်။

သူမက လုသခင်မနှင့် ရွှီနယ်စားမင်းတို့ကြားတွင် အဖုအထစ်ဖြစ်စေမည့် 'လူသတ်သမား' မဖြစ်ချင်ပေ။

သူတစ်ပါးအတွက် လမ်းစချန်ပေးထားမှသာ နောင်တစ်ချိန် ပြန်ဆုံသည့်အခါ မျက်နှာပူစရာ မလိုတော့မည် ဖြစ်သည်။

ဝမ်ယဲ့က လူမသိသူမသိ ပုံစံမျိုးဖြင့် နေထိုင်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း သူမကိုယ်တိုင် ဖော်စပ်ထားသည့် ပေါင်းတင်ခရင်မ်များနှင့် အသားအရေထိန်းသိမ်းရေးအလှဆီများက လုသခင်မနှင့် သူမ၏ မိတ်ဆွေများအကြားတွင် ရေပန်းစားကာ အလွန်အမင်း နှစ်သက်ခြင်း ခံခဲ့ရသည်။

သူမတို့ထံတွင် ထိုကဲ့သို့သော အရာများ မရှိ၍ မဟုတ်ပေ။ ချမ်းသာကြွယ်ဝသော အမျိုးသမီးတိုင်းက ဤကဲ့သို့သော အသားအရေထိန်းသိမ်းရေးပစ္စည်းများ ပိုင်ဆိုင်ထားကြစမြဲ ဖြစ်သည်။ သူမတို့ အားကျမိသည်က လုသခင်မနှင့် ဝမ်ယဲ့တို့ကြားမှ ခိုင်မြဲသော သံယောဇဉ်ကိုသာ ဖြစ်သည်။

အသုံးပြုပုံ အသေးစိတ် ညွှန်ကြားချက်များနှင့် သတိပြုရန်အချက်များ သက်သက်ပင် စာမျက်နှာ အတော်များများ ရှိနေပြီး ၎င်းက ဤအသားအရေထိန်းသိမ်းမှု ပစ္စည်းအစုံကို ပြုလုပ်ပေးခဲ့သူ၏ စိတ်ရင်းမှန်မှုကို ပြသနေသည်။

ထိုနေ့တွင် လုသခင်မလည်း အလွန်အမင်း ပျော်ရွှင်စရာကောင်းသော အချိန်များကို ဖြတ်သန်းခဲ့ရသည်။

ညနေခင်းတွင် မိတ်ဆွေများကို လိုက်လံနှုတ်ဆက်ပြီးနောက် လုသခင်မက အဓိကခြံဝင်းသို့ ပြန်လာခဲ့သည်။

ရွှီနယ်စားမင်းက ထိုနေရာတွင် ရောက်ရှိနေနှင့်ပြီးဖြစ်ကာ စားပွဲပေါ်၌ သေတ္တာတစ်လုံး ရှိနေသည်။

လုသခင်မက သူမ၏ မျက်ခုံးကို ပင့်လိုက်ရင်း ရွှင်ပျစွာဖြင့် အနားသို့ လျှောက်သွားကာ ခင်ပွန်းဖြစ်သူကို မေးလိုက်သည်။

"လက်ဝတ်ရတနာတွေလား၊ အခု ဖွင့်ကြည့်မယ်နော်"

ရွှီနယ်စားမင်း : "မဟုတ်ဘူး"

"ထပ်ပြီး ခန့်မှန်းကြည့်ပါဦး"

သူ၏ လေသံက အနည်းငယ် ဂုဏ်ယူဝင့်ကြွားနေဟန် ပေါက်နေလေသည်။

လုသခင်မက အံ့ဩသွားပြီး ထပ်မေးလိုက်သည်။

"တကယ်ပဲ လက်ဝတ်ရတနာတွေ မဟုတ်ဘူးပေါ့"

ရွှီနယ်စားမင်းက သေတ္တာကို ဖွင့်ပြရင်း ပြောလိုက်သည်။

"မုန့်တွေပါ"

လုသခင်မက သဘောပေါက်သွားပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။

"ဒါကြောင့်မလို့ ဒီနေ့ ကျင့်လင်း ဒီမှာရှိမနေတာကိုး၊ နယ်စားမင်းက သူ့အလုပ်ကို ခိုးယူလိုက်တာလား"

ရွှီနယ်စားမင်းက သူ့ကိုယ်သူ ကာကွယ်ပြောဆိုလိုက်သည်။

"ကျင့်လင်းက ဒါမျိုးတွေ မလုပ်နိုင်ပါဘူးကွာ၊ ဒါတွေ အားလုံးက ကိုယ် ကိုယ်တိုင် လုပ်ထားတဲ့ မုန့်တွေပါ"

လုသခင်မ၏ အကြည့်က မုန့်အတော်များများကို ခဏလောက် စိုက်ကြည့်နေပြီးမှ ထပ်ပြောလိုက်သည်။

"ကြည့်ရတာ ယွီဖုန်းကျိုက်က မုန့်တွေနဲ့ ပုံစံတူနေသလိုပဲ"

ရွှီနယ်စားမင်းက အနေရခက်ဟန်ဖြင့် ချောင်းဟန့်ပြီးမှ ရှင်းပြလိုက်သည်။

"ကိုယ်... ယွီဖုန်းကျိုက်ကို သွားပြီး သင်ယူခဲ့တာလေ၊ အဲ့ဒါက မင်း အကြိုက်ဆုံး မုန့်ဆိုင် မဟုတ်ဘူးလား"

လုသခင်မထံမှ အံ့ဩသွားသည့် အရိပ်အယောင်မျိုး မတွေ့ရသဖြင့် ရွှီနယ်စားမင်းလည်း တော်တော်လေး စိတ်ဓာတ်ကျသွားရသည်။

လုသခင်မက ထိုအရာကို သတိမပြုမိဟန် ဟန်ဆောင်ကာ ထပ်ပြောလိုက်သည်။

"ဒါပေမယ့် ကျွန်မက ညဘက်မှာ အချိုတွေ လုံးဝမစားဘူးလေ၊ နယ်စားမင်း မေ့သွားတာလား"

ရွှီနယ်စားမင်းတစ်ယောက် အလွန်အမင်း နောင်တရသွားခဲ့သည်။ သူ သူမ၏ အလေ့အကျင့်ကို အမှန်တကယ် မေ့လျော့သွားခဲ့မိသည်။

လုသခင်မက သူ့ကို အတန်ကြာအောင် တိတ်တဆိတ် စိုက်ကြည့်နေပြီးနောက် ရုတ်တရက် ပြုံးလိုက်ကာ ခပ်တိုးတိုး ထပ်ပြောလိုက်သည်။

"ကျွန်မအတွက် တစ်ခုလောက် ရွေးပေးပါဦး"

ရွှီနယ်စားမင်း၏ မျက်နှာက ချက်ချင်း ဝင်းပသွားပြီး လုသခင်မအား တက်တက်ကြွကြွ မိတ်ဆက်ပေးနေသည်။

"ဒီ ရွှေပိုးမျှင်မုန့်က ကိုယ့်ရဲ့ အကောင်းဆုံး လက်ရာပဲ"

အကယ်၍ လူသားများတွင် တိရစ္ဆာန်များကဲ့သို့ အမြီးများ ပါရှိခဲ့မည်ဆိုလျှင် ရွှီနယ်စားမင်း၏ အမြီးက အပေါ်သို့ မြင့်မားစွာ ထောင်တက်နေပြီး ဘယ်ညာ ရမ်းခါနေမည်မှာ သေချာနေပေသည်။

.....။......။.....

နောက်တစ်နေ့.....

အဓိကခြံဝင်း၌ ညစာ သွားစားပြီး ပြန်လာချိန်တွင် ဝမ်ယဲ့က သက်ပြင်းချလိုက်ရင်း ပြောလိုက်သည်။

"ယောက်ျား... ကျွန်မက တကယ်ကို လူကောင်းတစ်ယောက်ပဲနော်"

ရွှီယွဲ့ကျား၏ နားမလည်နိုင်သော အကြည့်နှင့် ရင်ဆိုင်လိုက်ရသည့်တိုင် ဝမ်ယဲ့က အရှက်မရှိဘဲ ဆက်ပြောနေသေးသည်။

"တကယ်လို့ ကျွန်မသာ အကြီးဆုံးယောင်းမအတွက် ဘယ်လိုမွေးနေ့လက်ဆောင် ပြင်ဆင်ထားလဲဆိုတာ ခဲအိုကို ပြောပြခဲ့ရင်... ခဲအိုလည်း ဒီလောက်အရသာရှိတဲ့ မုန့်တွေကို လုပ်နိုင်ခဲ့မှာ မဟုတ်ဘူး"

ယနေ့ စားပွဲဝိုင်း၌ လုသခင်မနှင့် ရွှီနယ်စားမင်းတို့ကြားမှ ပုံမှန်မဟုတ်သည့် လေထုကို ဝမ်ယဲ့တစ်ယောက် ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။

အကယ်၍ သူမသာ အလျှော့ပေးပြီး အမှန်အတိုင်း ပြောပြခဲ့မိရင် ရွှီနယ်စားမင်းက သူမဆီမှ သင်ယူမည်ဖြစ်ပြီး မနေ့ကလို အောင်မြင်မှုမျိုး ရရှိလာမည် မဟုတ်ပေ။

ဝမ်ယဲ့၏ ဆင်ခြေများကို နားထောင်ပြီးနောက် ရွှီယွဲ့ကျားက အနည်းငယ် ခေါင်းညိတ်ပြကာ ထောက်ခံလိုက်သည်။

"ဟုတ်တယ်"

ဝမ်ယဲ့၏ စကားများက ရွှီယွဲ့ကျားကို အကြံဉာဏ်ကောင်းများ ရရှိသွားစေခဲ့သည်။

နောက်ပိုင်းတွင် ရွှီနယ်စားမင်း သူ့ထံသို့ လာရောက်စာရင်းရှင်းချိန်တွင် ရွှီယွဲ့ကျားက ထိုစကားကို ထပ်ဆင့် ပြန်ပြောလိုက်သည်။

"တကယ်လို့ ကျွန်တော်သာ အဲ့ဒီနေ့က သိခွင့်ရခဲ့ရင်... အစ်ကိုကြီးအနေနဲ့ မုန့်လုပ်နည်းကို ဆက်ပြီး သင်ယူဖြစ်ပါဦးမလား"

ရွှီနယ်စားမင်းက မသိစိတ်မှ ငြင်းဆိုလိုက်သည်။

"မသင်ယူ ဖြစ်လောက်ဘူး"

ရွှီယွဲ့ကျား : "ဒါကြောင့်မလို့ အစ်ကိုကြီးအနေနဲ့ ကျွန်တော့်ကို သေသေချာချာ ကျေးဇူးတင်သင့်တယ်၊ အဲ့ဒါကမှ မှန်ကန်တဲ့ လုပ်ရပ်ပဲ"

ရွှီနယ်စားမင်း : "......"

'သူက ငါက အရူးလို့ ထင်နေတာလား'

......။......။......

နွေဦးနှောင်းပိုင်းမှ နွေရာသီသို့ ကူးပြောင်းခါနီး ကာလတွင် ရွှီယွဲ့ကျားက ရွှီယွိရွှမ်အတွက် သိုင်းပညာသင်ခန်းစာတစ်ခု ထပ်မံတိုးမြှင့်ပေးခဲ့သည်။

ကလေးလေးကို အခြေခံမှ စပြီး လေ့ကျင့်စေခြင်း ဖြစ်သည်။

လုသခင်မ၏ ဂရုတစိုက် စောင့်ရှောက်မှုကြောင့် ရွှီယွိရွှမ်ထံတွင် လမစေ့ဘဲ မွေးဖွားလာသည့် ကလေးတစ်ယောက်၏ အားနည်းသည့် အရိပ်အယောင်မျိုး လုံးဝမရှိခဲ့ပေ။

သူ အသက်ရှင်စေရန်အတွက် ရွှီမင်ယွဲ့က ကိုယ်ဝန်ထိန်းဆေးများစွာ သောက်သုံးခဲ့သည်။ ဆေးဟူသည်က အဆိပ်အတောက် အနည်းငယ် ရှိစမြဲ ဖြစ်သော်လည်း ရွှီယွိရွှမ်က နှစ်များတစ်လျှောက် ဖျားနာခဲလှသည်။ လုသခင်မ၏ စေ့စပ်သေချာစွာ ပြုစုစောင့်ရှောက်မှုသာ မရှိခဲ့လျှင် သူလည်း သူ့ဖခင် ရွှီယွဲ့ကျားကဲ့သို့ အပေါ်ယံ အလှပြသိုင်းကွက်လောက်သာ တတ်မြောက်သည့် အခြေအနေမျိုး ဖြစ်သွားနိုင်သည်။

သိုင်းပညာသင်ခန်းစာများကို နံနက်ခင်း၌ သင်ကြားရန် သတ်မှတ်ပေးထားသည်။

အချိန်ခဏတာမျှ လေ့ကျင့်သင်ကြားပြီးနောက် ရွှီယွိရွှမ်က နေ့တိုင်းနေ့တိုင်း နံနက်ခင်း နိုးလာသည်နှင့် ခြံဝင်းထဲ၌ သူ့လက်သီးလေးများကို ဟိုဟိုဒီဒီ လွှဲယမ်းကစားရသည်ကို သဘောကျလာခဲ့သည်။

သိုင်းကွက် အနေအထားများ မသင်ယူရသေးခင်မှာပင် သူ၏ မျက်နှာလေး၌ အစွမ်းကုန် ကြိုးစားနေသည့် အမူအရာများ ပြည့်နှက်နေတတ်သည်။

သူ့ကိုယ်သူ ကျွမ်းကျင်နေပြီဟု ခံစားရသည့်အခါ ဝမ်ယဲ့ထံသို့ လာရောက်ကြွားဝါရန်လည်း မမေ့လျော့ခဲ့ပေ။

ယနေ့လည်း ကြည်လင်ပြာလဲ့နေသော မိုးကောင်းကင်အောက်တွင် ထိုကောင်လေးက ဝမ်ယဲ့ရှေ့၌ သိုင်းကွက်ပြသရန် အတင်းအကျပ် တောင်းဆိုနေလေသည်။

ဝမ်ယဲ့ကတော့ သူ၏ သိုင်းပညာသင်ခန်းစာများကို သိပ်ပြီး စိတ်မဝင်စားသဖြင့် အထန်းတော်ကျိဘက်သို့ လှည့်ကာ မေးလိုက်သည်။

"ရွှမ်အာက သိုင်းပညာမှာ ပါရမီရှိရဲ့လား"

အထိန်းတော်ကျိက ဘယ်ကနေ ဘယ်လို စပြောရမှန်းမသိဘဲ မျက်နှာတစ်ခုလုံး ဝေခွဲမရသည့် အရိပ်အယောင်များဖြင့် အတန်ကြာအောင် တုံ့ဆိုင်းနေခဲ့သည်။

ဝမ်ယဲ့ : "ရပါပြီ... ကျိမား အများကြီး ပြောမနေပါနဲ့တော့၊ ကျွန်မ နားလည်သွားပြီ"

အထိန်းတော်ကျိက သက်ပြင်းချလိုက်ရင်း ပြန်ပြောလိုက်သည်။

"ဒုတိယသခင်မ နားလည်ပေးနိုင်လို့ ဒီအစေခံအိုကြီး ဝမ်းမြောက်ရပါတယ်ရှင်"

ပြာလဲ့သော ကောင်းကင်ထက်တွင် တိမ်တိုက်ဟူ၍ တစ်စွန်းတစ်စမျှ မရှိနေချေ။ ဝမ်ယဲ့က ဒန်းပေါ်တွင် ထိုင်ကာ ခပ်ဖွဖွလေး လွှဲနေရင်း လေပြေအေးလေးကို ခံစားနေခဲ့သည်။

စင်္ကြံအောက်တွင် ရန်တုန်၏ တားဆီးခြင်းကို ခံထားရသည့် ရွှီယွိရွှမ်ကို ကြည့်ရင်း သူမက လှမ်းပြောလိုက်သည်။

"ခြံဝင်းထဲကို မသွားနဲ့တော့၊ အမေ့အတွက် ဒီစင်္ကြံအောက်မှာတင် ကစားပြလေ"

အကယ်၍ သူမ ဤကောင်လေးကို သိုင်းကွက် ပြသခွင့်မပေးခဲ့လျှင် သူမ အေးအေးလူလူ နေရတော့မည် မဟုတ်ပေ။

ရွှီယွိရွှမ်က ရန်တုန်၏ ရင်ခွင်ထဲမှ ရုန်းထွက်ကာ ရှေ့သို့ နှစ်လှမ်းခန့် ပြေးသွားပြီး သူ၏ သစ်သားဓားငယ်လေးကို ကောက်ကိုင်လိုက်သည်။ ထို့နောက် ဝမ်ယဲ့နှင့် တစ်ကျန်း (၁၀ ပေခန့်)မက ကွာဝေးသော နေရာတွင် ရပ်ကာ သူ၏ ညာလက်ဖြင့် သစ်သားဓားငယ်လေးကို မြှောက်လျက် ဟန်ကြီးပန်ကြီးဖြင့် လှမ်းပြောလိုက်သည်။

"မေမေ... သား စတော့မယ်နော်"

ဝမ်ယဲ့က စိတ်မပါလက်မပါဖြင့် ယပ်တောင်ကို ခပ်သာသာယမ်းရင်း ပြန်ပြောလိုက်သည်။

"အင်း... အင်း... မေမေ ကြည့်နေတယ်"

သူ လဝက်မျှသာ လေ့ကျင့်ရသေးသဖြင့် စနစ်ကျသော သိုင်းကွက်ဟူ၍ မရှိသေးပေ။ ဝမ်ယဲ့ သေသေချာချာ ကြည့်လိုက်ချိန်တွင် ကောင်လေးက ရမ်းသန်းပြီး လွှဲယမ်းနေခြင်းသာ ဖြစ်ကြောင်း သိလိုက်ရသည်။

သို့သော်လည်း ကလေးလေးက သိုင်းကွက်ပြသပြီးနောက်တွင် သူမအနားသို့ ပျော်ရွှင်စွာ ပြေးလာပြီး မေးနေပြန်သည်။

"မေမေ... ရွှမ်အာက တော်တယ်မလား"

ဝမ်ယဲ့က ခဏမျှ စဥ်းစားလိုက်ပြီး ပြန်ဖြေရန် စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည်။

"မဆိုးပါဘူး"

‘မဆိုးဘူးဆိုတာက ကောင်းတယ်လို့ အဓိပ္ပာယ်ရပါတယ်လေ’

ရွှီယွိရွှမ်၏ မျက်နှာလေးထက်တွင် ချက်ချင်း ပျော်ရွှင်နေသည့် အပြုံးလေးတစ်ခု ပွင့်လန်းသွားခဲ့သည်။

ချီးကျူးစကား ကြားရပြီးနောက် သူက သစ်သားဓားငယ်လေးကို ပစ်ချကာ ခြံဝင်းထဲ၌ ပတ်ပြေးနေသည်။

မကြာမီမှာပင် သူ ရုံးပိတ်ရက်၌ အရှေ့ဘက်စာကြည့်ခန်းအတွင်း ရုံးတော်အလုပ်များ ကိုင်တွယ်ဖြေရှင်းပြီး ပြန်လာသော ရွှီယွဲ့ကျားနှင့် ဝင်တိုက်မိသွားခဲ့သည်။

ရွှီယွိရွှမ်က နာကျင်သွားသည့် သူ့နှာခေါင်းလေးကို ပွတ်သပ်ရင်း သူ တိုက်မိသူကို သိရအောင် မော့ကြည့်လိုက်ပြီးမှ ခေါ်လိုက်သည်။

"ဖေဖေ"

ရွှီယွဲ့ကျားက ကလေးကို ထိန်းပေးရင်း မေးမြန်းနေသည်။

"ဘာလုပ်နေတာလဲ"

ရွှီယွိရွှမ်က ပျော်ရွှင်မှုအပြည့်ဖြင့် တက်တက်ကြွကြွ ပြန်ဖြေနေသည်။

"ရွှမ်အာက မေမေ့အတွက် သိုင်းကစားပြနေတာ၊ မေမေက ရွှမ်အာကို ချီးကျူးတယ်"

ထိုစကားကို ကြားလိုက်ရချိန်တွင် ရွှီယွဲ့ကျား၏ အကြည့်များက စင်္ကြံအောက်တွင် အေးအေးလူလူ ထိုင်နေပြီး ရွှီယွိရွှမ် ပစ်ထားခဲ့သော သစ်သားဓားငယ်လေးအား ဆော့ကစားနေသည့် ဝမ်ယဲ့ဆီသို့ ရောက်ရှိသွားခဲ့သည်။

ရွှီယွဲ့ကျားက ရွှီယွိရွှမ်ကို စင်္ကြံအောက်ဆီသို့ ပြန်ခေါ်လာခဲ့သည်။

သူ့ကို မြင်သည်နှင့် ဝမ်ယဲ့က ဆီးကြို‌မေးလိုက်သည်။

"ယောက်ျား... သစ်သီးစားမလား"

သူမက စားပွဲပေါ်သို့ လက်ညှိုးထိုးပြနေသေးသည်။

ရွှီယွဲ့ကျား : "မလိုပါဘူး"

ထို့နောက် သူက ဆက်ပြောလိုက်သည်။

"ကိုယ် အထဲခဏဝင်လိုက်ဦးမယ်"

ဝမ်ယဲ့တစ်ယောက် သူ ဘာကြောင့် သူမကို အထူးတလည် လာပြောနေမှန်း နားမလည်နိုင် ဖြစ်နေရသည်။

‘သူ အထဲဝင်ချင်ရင် ဝင်သွားလို့ရတာပဲကို’

ခဏအကြာတွင် ရွှီယွဲ့ကျားက သူ အချိန်အတော်ကြာ အသုံးမပြုခဲ့သည့် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ပြီး ပြန်ထွက်လာခဲ့သည်။

ဝမ်ယဲ့က ချက်ချင်း မြင်သွားပြီး လှမ်းမေးလိုက်သည်။

"ယောက်ျား... ဒါက ဘာလုပ်မလို့လဲ"

ရွှီယွဲ့ကျားက တည်ငြိမ်စွာ ပြန်ဖြေနေဆဲပင်။

"ကိုယ် သိုင်းပညာ မလေ့ကျင့်ဖြစ်တာ အတော်ကြာနေပြီ၊ လက်တွေတောင် တောင့်တင်းနေပြီလေ၊ ဒီနေ့ အလုပ် နည်းနည်းပါးတော့ ပြန်လေ့ကျင့်ကြည့်မလို့"

ဝမ်ယဲ့၏ မျက်လုံးများက ချက်ချင်း တောက်ပသွားသည်။

"ဒါဆိုရင် ကျွန်မ စောင့်ကြည့်နေမယ်နော်"

ရွှီယွဲ့ကျားက ဓားရှည်ကို မြှောက်ကာ ခြံဝင်းထဲသို့ လျှောက်သွားနေသည်။

ထိုမြင်ကွင်းကို မြင်နေရသည့် ရွှီယွိရွှမ်ကလည်း တိတ်တဆိတ် လိုက်ပါသွားခဲ့သည်။ အဖေနှင့် သားက တစ်ယောက်နှင့် တစ်ယောက် မျက်နှာချင်းဆိုင်ရပ်နေကြသည်။

တစ်ယောက်က ဓားကိုင်ထားပြီး ကျန်တစ်ယောက်ကတော့ လက်ဗလာဖြစ်နေသည်။

ထိုမြင်ကွင်းကို ကြည့်နေသည့် ဝမ်ယဲ့ကတော့ ရယ်မောနေလေသည်။

"သားအဖနှစ်ယောက် စီးချင်းထိုးကြတော့မှာလား"

ရွှီယွိရွှမ်က သူ့ခေါင်းလေးကို အားပါးတရ ညိတ်ပြနေသည်။

"ဟုတ်တယ်!"

ရွှီယွဲ့ကျားကတော့ တည်ငြိမ်နေဆဲသာ ဖြစ်သည်။

"အပျော်လေ့ကျင့်တာပါ"

ဝမ်ယဲ့ : "ကောင်းပြီ... ဒါဆို ကျွန်မ ဒိုင်လုပ်ပေးမယ်"

ခဏအကြာတွင် တိတ်ဆိတ်နေသော ရေကန်ပြင်ပေါ်သို့ လေပြေညင်းလေး ဖြတ်သန်းသွားသလို ဓားရိပ်နှင့် လေတိုးသံများ တရိပ်ရိပ် ထွက်ပေါ်လာခဲ့သည်။

ဝမ်ယဲ့သာ သိုင်းပညာကို နားလည်သူဖြစ်လျှင် ရွှီယွဲ့ကျား၏ လှုပ်ရှားမှုတိုင်း၌ အားနည်းချက်များစွာ ရှိနေသည်ကို မြင်နိုင်မှာ အသေအချာပင်။

သို့သော် သူမက သိုင်းပညာကို လုံးဝ နားမလည်သူ ဖြစ်သည်။

ယခုအချိန်တွင် သူမအနေဖြင့် အလှအပနှင့် အဆိုးအကောင်းကိုသာ ခွဲခြားနိုင်သည်။

လမင်းကဲ့သို့ အေးစက်သည့် မျက်နှာပိုင်ရှင်ကို လေထဲတွင် မျောလွင့်နေသည့် တိမ်တိုက်များကဲ့သို့ ပေါ့ပါးသော ဓားကွက်များ ပေါင်းစပ်နေကာ အသက်ရှူမှားလောက်အောင် လှပလွန်းနေသည်။

‘ငါ့အတွက်တော့ အသက်အန္တရာယ်ရှိတဲ့ ထိုးနှက်ချက်ပဲ’

မိခင်ဖြစ်သူ၏ အာရုံစိုက်မှုအားလုံး ဖခင်ဖြစ်သူဆီသို့ ရောက်သွားသည်ကို မြင်နေရသည့် အစွမ်းကုန် ကြိုးစားပြီး လက်သီးထိုးနေရှာသော ရွှီယွိရွှမ်က စိတ်လှုပ်ရှားလာပြီး ဝမ်ယဲ့၏ အာရုံစိုက်မှုကို ပြန်လည် ဆွဲယူရန် အော်ပြောလိုက်သည်။

"မေမေ... ရွှမ်အာကို ကြည့်ဦးလေ"

ရွှီယွိရွှမ်၏ အော်သံကြောင့် ဝမ်ယဲ့က သူ့ကို တစ်ချက် လှည့်ကြည့်လိုက်သည်။

ရွှီယွိရွှမ်လေးက ချစ်စရာကောင်းနေသည်ကို ဝမ်ယဲ့ ဝန်ခံနိုင်သော်လည်း သူမကတော့ ခန့်ညားသည့် အမျိုးသားကိုသာ ပိုသဘောကျနေမိသည်။

All Chapters