← Chapters

အခန်း ၉၅

Vol. 10 Ch. 95

အခန်း ၉၅

Vol. 10 Ch. 95

အခန်း ၉၅ ဖေဖေ့က အသက်ရှင်သန်ဖို့ လုံလောက်နေပြီ

ဓားသိုင်းနှင့် လက်ဝှေ့လေ့ကျင့်ခန်းများ ပြီးဆုံးသွားချိန်တွင် ဖခင်နှင့်သားနှစ်ယောက်လုံး၏ လည်ပင်းကော်လာများတွင် ချွေးများဖြင့် စိုစွတ်နေပြီး နဖူးတွင်လည်း ချွေးစက်လေးများ ထွက်ပေါ်နေသည်။

ရွှီယွိရွှမ်က အမောတကောဖြင့် ဝမ်ယဲ့ဆီသို့ ပြေးလာနေသည်။ သို့သော် ဝမ်ယဲ့က သူမ၏ လက်ညှိုးကို ဆန့်ထုတ်ကာ ကလေး၏ ရင်ဘတ်လေးကို အသာအယာ ထိန်းလိုက်ပြီး လှမ်းပြောလိုက်သည်။

"အဲ့ဒီနားမှာပဲ ရပ်နေလိုက်ဦး"

ရွှီယွိရွှမ်က နားမလည်နိုင်ဟန်လေးဖြင့် ပြန်မေးလိုက်သည်။

"မေမေ"

ဝမ်ယဲ့ : "မင်းအတွက် ရေနွေးပြင်ခိုင်းထားပြီးပြီ၊ ချွေးတွေ အများကြီးထွက်ထားတော့ သေချာ ဆေးကြောသန့်စင်ရမယ်"

ရွှီယွိရွှမ်က ဝမ်ယဲ့၏အသံမှ စက်ဆုပ်ရွံရှာမှုကို ခံစားမိသွားသည်။ သူက သူ့ကိုယ်သူ အနံ့ခံကြည့်နေသည်။

"ရွှမ်အာက အနံ့မဆိုးပါဘူး"

ဝမ်ယဲ့က တည်ငြိမ်စွာ ထပ်ပြောလိုက်သည်။

"အနံ့မဆိုးရင်တောင် ရေချိုးရမယ်၊ မဟုတ်ရင် ညရောက်တာနဲ့ ချဉ်စော်နံ့ ထွက်လာလိမ့်မယ်"

ရွှီယွိရွှမ်က နှာခေါင်းလေး ရှုံ့လိုက်ပြန်သည်။

"ဒါဆို ဖေဖေလည်း ရေချိုးရမှာပေါ့၊ ဖေဖေက ရွှမ်အာထက် အသက်ပိုကြီးတယ်၊ ရွှမ်အာထက် ပိုအနံ့ဆိုးမှာပေါ့"

ထိုသို့ပြောပြီးနောက် သူက ဖခင်ဖြစ်သူကို လိုက်ရှာနေသည်။ သို့သော် သူ "ဟင်" ဟုသာ အံ့အားတကြီး ရေရွတ်နိုင်တော့သည်။

"ဖေဖေ ဘယ်ရောက်သွားတာလဲ"

ဝမ်ယဲ့က စပျစ်သီးတစ်လုံးကို ပါးစပ်ထဲ ပစ်ထည့်လိုက်ရင်း ပြောလိုက်သည်။

"မင်းဖေဖေက ရေချိုးဖို့ အထဲဝင်သွားပြီ"

ကိုယ်ပိုင်သတိထားမိမှုအပိုင်းတွင်တော့ သားဖြစ်သူက ဖခင်ဖြစ်သူလောက် မမြန်ဆန်ခဲ့ပေ။

အထိန်းတော်ကျိ ပြန်ရောက်လာသည်ကို မြင်လိုက်ရချိန်တွင် ဝမ်ယဲ့က တိုက်တွန်းလိုက်သည်။

"မြန်မြန် ရေသွားမချိုးရင် မင်းဖေဖေက ရေချိုးပြီး လန်းဆန်းနေချိန်မှာ မင်းက အနံ့ဆိုးတွေ ထွက်ပြီး ကျန်နေခဲ့လိမ့်မယ်"

ရွှီယွိရွှမ်က အနံ့ဆိုး မထွက်ချင်သောကြောင့် ခေါင်းကို အားပါးတရ ခါယမ်းလိုက်သည်။

"ရွှမ်အာ ရေသွားချိုးတော့မယ်"

အထိန်းတော်ကျိက ရွှီယွိရွှမ်၏ အဝတ်သန့်များကို သွားယူရန် အနောက်ဘက်ခြံဝင်းသို့ အရင်သွားခဲ့ပြီး ရေချိုးခန်းတွင်လည်း ရေပြင်ဆင်ထားပြီး ဖြစ်သည်။

......။.......။.......

ယခုနှစ်က ပြီးခဲ့သည့်နှစ်ထက် ပိုပူပြင်းနေသည်။ ဝမ်ယဲ့တစ်ယောက် နွေရာသီ အပူရှောင်ရန်အတွက် အဝတ်အစားများကို ကြိုတင်ပြင်ဆင်ထားပြီး လုသခင်မ၏ နောက်ဆုံး ဆုံးဖြတ်ချက်ကို စောင့်မျှော်နေခဲ့သည်။

လုသခင်မကလည်း ယခင်အတွေ့အကြုံများမှ သင်ခန်းစာယူကာ နှစ်သစ်ကူးပြီးနောက် လူမှုရေးကိစ္စများကို အထူးလျှော့ချထားပြီး အိမ်တွင်းရေးကိစ္စများကိုသာ အဓိကထား ဆောင်ရွက်ခဲ့သည်။ ဤတစ်ကြိမ်တွင်တော့ သူမတို့က ရှီးချွမ်တောင်တွင် တစ်လခန့် နေထိုင်ရန် စီစဉ်ထားကြသည်။

အမှန်တကယ်တွင် သူမတို့ ရှီးချွမ်တောင်တွင် တစ်လလုံး နေချင်မှ နေကြမည် ဖြစ်သည်။ လုသခင်မက အခြားနေရာ နှစ်ခုကိုလည်း အရန်အဖြစ် ရွေးချယ်ထားခဲ့ပြီး ခရီးသွားမည့်အချိန်နီးမှသာ နောက်ဆုံး ဆုံးဖြတ်ချက်ချမည် ဖြစ်သည်။ ရွှီနယ်စားမင်းနှင့် ရွှီယွဲ့ကျားတို့ကတော့ ထုံးစံအတိုင်း နယ်စားမင်းအိမ်တော်တွင် ကျန်ရစ်ခဲ့မည်ဖြစ်ပြီး ဝမ်ယဲ့နှင့် လုသခင်မတို့က ကလေးနှစ်ယောက်ကို ခေါ်ဆောင်ကာ ခရီးထွက်ကြမည် ဖြစ်သည်။

ဤတစ်ခေါက်တွင် သခင်မရှန်းလည်း လိုက်ပါလာမည် ဖြစ်သည်။ လုသခင်မက သူမဆီသို့ တစ်လခန့် ကြိုစာရေးပြီး ဖိတ်ကြားထားခဲ့ခြင်း ဖြစ်သည်။

သခင်မရှန်းက ဝမ်မိသားစုကို သူမ၏တစ်သက်တာလုံးနီးပါး စီမံခန့်ခွဲခဲ့ရပြီး ယခုအခါ ဝမ်ရန်မှလွဲပြီး ကျန်နေသည့် သားသမီးများအားလုံး အိမ်ထောင်ပြုပြီး အခြေကျနေကြပြီ ဖြစ်သည်။ ဝမ်ရန်ကလည်း ယခုနှစ်တွင်မှ ရှစ်နှစ်သာ ရှိသေးသောကြောင့် အိမ်ထောင်ပြုရန် ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်ခန့် လိုနေသေးသည်။

ဝမ်ရန်ကိုယ်တိုင်ကလည်း အလွန်ယဉ်ကျေးလိမ္မာပြီး စာပေလေ့လာရာတွင်သာ အာရုံစိုက်နေတတ်သည်။ အကြီးအကဲများအပေါ် ရိုသေပြီး တူ၊ တူမများအပေါ်တွင်လည်း အလွန်ဂရုစိုက်တတ်သည်။ သူမကြောင့် စိတ်ပူစရာ ဘယ်တော့မှ မရှိခဲ့ပေ။

ထို့ကြောင့် ယခုအချိန်တွင် သခင်မရှန်းက ပိုစိတ်အေးလက်အေး ရှိနေခဲ့သည်။ ခဏတာ စဉ်းစားပြီးနောက် သူမက လုသခင်မ၏ ဖိတ်ကြားချက်ကို လက်ခံလိုက်သည်။ အိမ်တွင် ချွေးမနှစ်ယောက်လည်း ရှိနေသောကြောင့် သူမ စိတ်ပူစရာ မလိုတော့ပေ။

သို့သော်လည်း ဝမ်ယဲ့နှင့် လုသခင်မတို့ ခရီးထွက်လာပြီး လဝက်ခန့် အကြာတွင် ရွှီယွဲ့ကျားက ရှီးချွမ်တောင်နှင့် နီးကပ်သည့် လင်ကျိခရိုင်မှ သူဌေးတစ်ဦးနှင့် ပတ်သက်သည့် အမှုတွဲတစ်ခုကို ကိုင်တွယ်ခဲ့ရသည်။

ထိုအမှုက အနည်းငယ် "ရှုပ်ထွေး" နေပြီး စုံစမ်းစစ်ဆေးမှု ပြီးဆုံးရန် သက်သေအထောက်အထားများ စုဆောင်းရန် လဝက်နီးပါး ကြာမြင့်ခဲ့သည်။

.......။......။.....

ရှီးချွမ်တောင်၏ နွေရာသီအပန်းဖြေခရီးမှ ပြန်ရောက်လာသည့်အချိန်တွင် ရွှီယွိရွှမ်၏ အမှန်တကယ် မွေးနေ့နှင့် တိုက်ဆိုင်နေသည်။ သူက ငယ်သေးသည့်အတွက်ကြောင့် မွေးနေ့ကိစ္စအား သူတို့ကို ပြောမပြခဲ့ပေ။ ထိုနေ့တွင် ဝမ်ယဲ့က သူ့အတွက် သက်ရှည်ခေါက်ဆွဲတစ်ပွဲ ပေါ့ပေါ့ပါးပါး ပြင်ဆင်ပေးလိုက်သည်။

ဤခေါက်ဆွဲပွဲက ရွှီယွိရွှမ် ပုံမှန်စားနေကျ ခေါက်ဆွဲများနှင့် မတူပေ။ ခေါက်ဆွဲဖတ်က အလွန်ရှည်လျားပြီး တစ်ဖတ်တည်းသာ ပါသော်လည်း ပုံမှန်ခေါက်ဆွဲပွဲတစ်ဝက်နီးပါးခန့် ရှိနေလေသည်။

ခေါက်ဆွဲကို တူဖြင့် စားတတ်နေပြီဖြစ်သော ရွှီယွိရွှမ်က ပန်းကန်ထဲမှ အနည်းငယ် ဝါကျင့်ကျင့်ရှိသော ခေါက်ဆွဲဖတ်ရှည်ကို ဆွဲမရင်း မေးလိုက်သည်။

"မေမေ၊ ဒီခေါက်ဆွဲက အရမ်းရှည်တာပဲ"

ဝမ်ယဲ့က ရှင်းပြလိုက်သည်။

"ဒါကို သက်ရှည်ခေါက်ဆွဲလို့ ခေါ်တယ်၊ ခေါက်ဆွဲဖတ် ပိုရှည်လေ၊ အသက် ပိုရှည်လေပဲ"

ရွှီယွိရွှမ်က ဝမ်းသာအားရဖြစ်သွားပြီး သူ့ပန်းကန်ထဲမှ ခေါက်ဆွဲ ဘယ်လောက်ရှည်သည်ကို ကြည့်ရန် ထိုင်ခုံပေါ်သို့ တက်ရပ်လိုက်သည်။

ရွှီယွဲ့ကျားနှင့် ဝမ်ယဲ့တို့ရှေ့တွင် ရွှီယွိရွှမ်အနေဖြင့် စည်းကမ်းချက်များကို အထူးတလည် လိုက်နာစရာ မလိုပေ။ သို့သော် ရွှီယွဲ့ကျား၏ သွန်သင်မှုကြောင့် ရွှီယွိရွှမ်က ငယ်သေးသော်လည်း ထိုင်ခုံပေါ် တက်ရပ်သည့်အပြုအမူမျိုးက သူ့မိဘများရှေ့မှလွဲလျှင် အခြားနေရာများတွင် မသင့်တော်ကြောင်း တဖြည်းဖြည်း နားလည်နေပြီ ဖြစ်သည်။

နောက်ဆုံးတွင် ရွှီယွိရွှမ်တစ်ယောက် ဟယ်ရှန်း၏ အကူအညီဖြင့် ထိုင်ခုံပေါ်တွင် တည်ငြိမ်စွာ ရပ်နိုင်သွားသည်။ ခေါက်ဆွဲမျှင်က သူ့ကိုယ်ထက် ပိုရှည်နေသည်ကို မြင်လိုက်ရသောကြောင့် သူ အံ့အားသင့်သွားကာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ သူက နေရာတွင် ပြန်ထိုင်လိုက်ပြီး သူ့ပန်းကန်ထဲမှ ခေါက်ဆွဲကို ကြည့်လိုက်ပြီး မစားရက်သလို ဖြစ်နေသည်။

ရွှီယွိရွှမ်က ဘေးဘီကို ဝေ့ကြည့်လိုက်ရာ ဝမ်ယဲ့နှင့် ရွှီယွဲ့ကျားတို့ရှေ့တွင်လည်း ခေါက်ဆွဲပန်းကန်များ ရှိနေသည်ကို သူ တွေ့သွားခဲ့သည်။ သူ့မျက်လုံးလေးများ အရောင်တောက်သွားကာ ထပ်မေးလိုက်သည်။

"မေမေ... မေမေတို့မှာလည်း ရှိတာလား"

"အင်း"

ဝမ်ယဲ့က ပြန်ဖြေပြီးမှ ဆက်ပြောလိုက်သည်။

"မုန့်ညက်တွေ အရမ်းများနေတော့ ဖြုန်းတီးလို့ မရဘူးလေ"

ထိုစကားကို ကြားလိုက်ရချိန်တွင် ရွှီယွိရွှမ်က ရွှီယွဲ့ကျားဘက်သို့ လှည့်ကြည့်လိုက်သည်။

"ဖေဖေ"

ကလေးတစ်ယောက်၏ အတွေးများက သူ့မျက်နှာပေါ်တွင် ပေါ်လွင်နေတတ်သည်။ ရွှီယွဲ့ကျားက သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် တူကို ကောက်ကိုင်ကာ သူ့ပန်းကန်ထဲမှ ခေါက်ဆွဲကို ဆွဲမလိုက်သည်။

ရွှီယွိရွှမ်၏ မျှော်လင့်ချက်အပြည့်ပါသော မျက်ဝန်းများအောက်တွင် ခေါက်ဆွဲမျှင်က သိသိသာသာ တိုတောင်းနေလေသည်။

ကြီးသူရော ငယ်သူပါ စိုက်ကြည့်နေသည့် မျက်လုံးနှစ်စုံကို ရင်ဆိုင်ရင်း ဝမ်ယဲ့က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

"ကံမကောင်းစွာနဲ့ပဲ မင်းဖေဖေ ပန်းကန်ထဲအတွက် ခေါက်ဆွဲကျန်တဲ့အခါ မုန့်နှစ်က ထပ်ပြီး မလောက်တော့ဘူး"

ဝမ်ယဲ့က အစားအစာများ ပြင်ဆင်ရာတွင် ကျွမ်းကျင်သော်လည်း သူမ ဘဝတစ်လျှောက်လုံး၌ မုန့်ညက်နယ်ခဲ့သည့် အကြိမ်အရေအတွက်ကို လက်တစ်ဖက်တည်းဖြင့် ရေတွက်နိုင်သည်။

ယခု သူမ မုန့်ညှက်နယ်ရာတွင် ရေများသွားသောကြောင့် ဂျုံမှုန့်ထပ်ထည့်ခဲ့ရသည်။ ဂျုံမှုန့်များသွားပြီး ခြောက်သွေ့နေလျှင် ရေထပ်ထည့်ရပြန်သည်။ ဤလုပ်ငန်းစဉ်ကို သူမ အကြိမ်ကြိမ် လုပ်ခဲ့ရသည်။

ရလဒ်အနေဖြင့် မူလက တစ်ပွဲတည်း လုပ်ရန် ရည်ရွယ်ထားသော်လည်း မုန့်ညှက်များပိုနေသည့်အတွက် သူမနှင့် ရွှီယွဲ့ကျားရှေ့တွင်လည်း ပန်းကန်များ ရောက်လာခြင်း ဖြစ်သည်။

"မေမေ ပန်းကန်ထဲက ခေါက်ဆွဲကလည်း သိပ်မရှည်ပါဘူး"

ဝမ်ယဲ့က သူမ ဘက်လိုက်ခြင်း မရှိကြောင်း ပြသရန် ဖြေရှင်းသည့်အနေဖြင့် သူမ၏ ခေါက်ဆွဲကိုလည်း မပြကာ ထပ်ပြောလိုက်သည်။

"ယောက်ျားရေ၊ လူဆိုတာ လောဘကြီးလို့ မဖြစ်ဘူး၊ ကျွန်မတို့အတွက်က နောက်ထပ် နှစ်ပေါင်း ခုနစ်ဆယ်၊ ရှစ်ဆယ်လောက် အသက်ရှည်ရင်ပဲ လုံလောက်နေပြီ၊ ဒါပေမယ့် ရွှီယွိရွှမ်ကတော့ အသက်တစ်ရာအထိ အသက်ရှည်ရှည်နဲ့ ကျန်းကျန်းမာမာ ရှိဖို့ လိုအပ်တယ်လေ"

ရွှီယွိရွှမ်က အကြောင်းအရာကို တစ်ဝက်လောက်သာ နားလည်ပုံရပြီး ခေါင်းကို တရစပ် ခါယမ်းပြနေသည်။

"မဟုတ်ဘူး၊ ရွှီအာက မေမေနဲ့ ဖေဖေကိုလည်း နှစ်တစ်ရာအထိ အသက်ရှည်စေချင်တာ"

ထိုသို့ ပြောပြီးနောက် သူက သူ့ပန်းကန်ထဲမှ ခေါက်ဆွဲများကို သုံးပုံတစ်ပုံစီ ခွဲဝေပေးရန် ကြိုးစားနေသည်။

ရွှီယွဲ့ကျားက သူ့ကို အချိန်မီ တားလိုက်သည်။

"ဖေဖေအတွက် လုံလောက်ပြီ"

ဝမ်ယဲ့ကတော့ ရယ်မောမိတော့မလို ဖြစ်သွားခဲ့သည်။ ရွှီယွိရွှမ်ကတော့ ဘာမှနားမလည်နိုင်ဟန်လေးဖြင့် ကြောင်တောင်တောင် ဖြစ်နေရှာသည်။

.....။.......။.......

ရွှီယွိရွှမ်က သူမ ထင်ထားသည်ထက် အသက်ပိုကြီးနေကြောင်း သိလိုက်ရသည့်အချိန်မှစ၍ ဤကလေးက နောက်ထပ် အရပ်ထပ်ရှည်ဦးမလားဟု ဝမ်ယဲ့ မကြာခဏ တွေးမိတတ်သည်။

‘လေးနှစ်အရွယ် ကလေးတစ်ယောက်အတွက် ပုံမှန်အရပ်က ဘယ်လောက်ရှိသင့်သလဲ၊ ရွှမ်အာက အဲ့ဒီစံနှုန်းကို ရောက်ရောရောက်ရဲ့လား’

ပုံမှန်အားဖြင့် ပျင်းရိခြင်း၏ အကျိုးဆက်ကြောင့် ညစဉ်ကစားနေကြကစားပွဲကို ကစားပြီးနောက် ဝမ်ယဲ့က ရွှီယွဲ့ကျားအား ဤမေးခွန်း မေးလိုက်သည်။

ထိုအချိန်တွင် ရွှီယွဲ့ကျားက သူမကို သစ်သီးများ ခွံ့ကျွေးနေချိန် ဖြစ်သည်။ ထိုမေးခွန်းကို ကြားလိုက်ရချိန်တွင် သူ စကားမပြောနိုင်အောင် ဖြစ်သွားသော်လည်း အံ့ဩမိခြင်းတော့ မရှိချေ။ ဤသည်မှာ ဝမ်ယဲ့ မေးလေ့ရှိသည့် မေးခွန်းမျိုး ဖြစ်နေ၍ပင်။

ရွှီယွဲ့ကျားက သစ်သီးပန်းကန်ကို ဘေးသို့ ဖယ်လိုက်ပြီး ပြန်တွေးရန် ကြိုးစားနေသည်။

"ကိုယ့်အစ်မက အရပ်ရှည်ပြီး ကိုယ်ခန္ဓာက ပိန်သွယ်တယ်၊ ရွှမ်အာရဲ့ ဖခင်ကတော့... ကိုယ် သူ့ကို မမြင်ဖူးဘူး"

ဝမ်ယဲ့က ထပ်ပြောလိုက်သည်။

"ဒါပေမယ့် ရှင် ရွှမ်အာရဲ့ အဒေါ်ကိုတော့ မြင်ဖူးတယ်မလား၊ သူကရော ဘယ်လိုနေလဲ၊ မောင်နှမတွေဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ဆင်တူကြမှာပေါ့"

ရွှီယွဲ့ကျားက ပြန်တွေးကြည့်နေပြန်သည်။

"သူက ကိုယ့်အစ်မနဲ့ သိပ်မထူးခြားဘူး"

ဝမ်ယဲ့တစ်ယောက် ရုတ်တရက် စနောက်ချင်စိတ် ပေါ်လာပြန်သည်။

"ရှင့်ဆီကနေ ‘အချိန်တွေ ကြာသွားလို့ မမှတ်မိတော့ဘူး’ ဆိုတဲ့စကားမျိုး ကြားရမယ်လို့ ထင်ထားခဲ့တာ၊ အဲ့ဒီ အချစ်ဝတ္ထုတွေထဲကလိုမျိုးပေါ့"

သူမက မနေ့ကမှ အချစ်ဝတ္ထုတစ်ပုဒ်ကို ဖတ်ထားခဲ့သေးသည်။

ရွှီယွဲ့ကျားကလည်း လွန်ခဲ့သော ရက်အနည်းငယ်က ဝမ်ယဲ့ စာအုပ်ဆိုင်မှ ဝယ်ခိုင်းခဲ့သည့် အချစ်ဝတ္ထုကို သတိရသွားပြီး ပြန်ပြောလိုက်သည်။

"ကိုယ့်မှတ်ဉာဏ်က အရမ်းကောင်းတယ်လေ၊ ကိုယ် အသက်ကြီးလာရင်တောင် မေ့လျော့သွားတာမျိုး ရှိမှာမဟုတ်ဘူး"

ချီယွင်ချင်းဆိုသည်က ရွှီယွိရွှမ်၏ အဒေါ်ဖြစ်ရုံသာမက သူ့အသက်ကို ကယ်တင်ခဲ့သူလည်း ဖြစ်သည်။ သူမ၏ ဖျားနာမှုကြောင့် အိမ်တော်တွင် ခြောက်လကြာ နေထိုင်ခဲ့ရသဖြင့် ရွှီယွဲ့ကျားအနေဖြင့် သူမ၏ ပုံပန်းသဏ္ဍာန်ကို မှတ်မိနေခြင်းမှာ မဆန်းပေ။

ခဏမျှ စဉ်းစားပြီးနောက် ရွှီယွဲ့ကျားက ထပ်ဖြည့်ပြောလိုက်သည်။

"မင်း စိတ်ဝင်စားတယ်ဆိုရင် ရွှမ်အာဆီမှာ သူ့ရဲ့ ပန်းချီကားတွေ ရှိတယ်၊ ချီယွင်ချင်းရဲ့ ပန်းချီကားတင်မကဘူး၊ အစ်မမင်ယွဲ့နဲ့ ချီကွမ်းပိုင်တို့ရဲ့ ပုံတွေလည်း ရှိသေးတယ်"

ထိုသို့ ချန်ထားပေးခြင်းမှာ ရွှီယွိရွှမ် အရွယ်ရောက်လာပြီး သူ့နောက်ကြောင်းကို သိလာသည့်အချိန်တွင် အနည်းဆုံးအနေဖြင့် သူ့သွေးသားရင်းချာများ၏ ပုံတူကို မြင်တွေ့နိုင်စေရန် ဖြစ်သည်။

ရွှီယွဲ့ကျား၏ တုံ့ပြန်မှုက လုံးဝ မမျှော်လင့်ထားသည့်အရာမျိုးတော့ မဟုတ်သောကြောင့် ဝမ်ယဲ့ကို အနည်းငယ် အံ့ဩသွားစေခဲ့သည်။

သူမ၏ နှလုံးသားက တစ်ချက်ခုန်သွားပြီး ပြန်ပြောလိုက်သည်။

"ရှင် ကျွန်မကို မနာလို ဖြစ်နေတာလားလို့ မေးမယ်လို့ ကျွန်မ ထင်နေတာ"

ရွှီယွဲ့ကျားက ယုံကြည်ချက်ရှိရှိ ပြန်ဖြေလိုက်သည်။

"မင်းက မနာလို မဖြစ်ဘူးလေ"

သူ့နှင့်ပတ်သတ်ပြီး မည်သည့်အချက်က သူမကို အစွဲဆောင်ဆုံး ဖြစ်နေသည်ကို သူ ကောင်းကောင်း သိထားပြီး ဖြစ်သည်။ တချိန်တည်းမှာပင် သူမကို စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်သည့် အရာတစ်ခုခု သူတွင် ရှိနေသည့်အတွက်လည်း ရွှီယွဲ့ကျားတစ်‌ယောက် ဝမ်းသာနေမိသည်။

‘ဒီအရာကို ချစ်ခြင်းမေတ္တာရဲ့ ပုံစံကွဲတစ်မျိုးလို့ မပြောရင် ဘာလို့ ပြောရမှာလဲ’

ဝမ်ယဲ့ကလည်း အမှန်တကယ် မနာလိုဖြစ်နေခြင်း မရှိချေ။ သို့သော် ရွှီယွဲ့ကျားအပေါ် သူမ၏ တန်ဖိုးထားမှု တိုးပွားလာခြင်းက ပိုခိုင်မာလာစေခဲ့သည်။ ယခုအချိန်တွင် သူမက ရွှီယွဲ့ကျား၏ အတိတ်ကို ရုတ်တရက် စပ်စုချင်စိတ် ဖြစ်လာခဲ့သည်။

‘သူ့ရဲ့ လက်ရှိစရိုက်မျိုး ဖြစ်လာအောင် ဘာက ပုံဖော်ပေးခဲ့တာလဲ’

"ရှင် အရာရှိ ဖြစ်လာပြီးတဲ့ နောက်ပိုင်းနှစ်တွေအကြောင်း ပြောပြပါလား"

သူမက ထပ်မေးနေပြန်သည်။

ရွှီယွဲ့ကျားက သူမကို စူးစိုက်ကြည့်ရင်း ပြန်ပြောလိုက်သည်။

"ကိုယ်က အခုထိ ရှိနေသေးတယ်၊ မင်းက အခုကတည်းက လွမ်းဆွတ်နေတာလား?"

ဝမ်ယဲ့က သူ ပြောလိုသည့် အဓိပ္ပာယ်ကို မနည်းမီအောင်လိုက်နေရသည့်အဖြစ်မှ ရုန်းထွက်ပြီး ရယ်မောလိုက်ရသည်။

"ကျွန်မ လွမ်းဆွတ်နေတယ်လို့ မပြောပါဘူး"

သူမက ဆယ်ကျော်သက် ရွှီယွဲ့ကျားက ယခုလက်ရှိအမျိုးသားကဲ့သို့ သူမ၏ အကြိုက်နှင့် ကိုက်ညီမှု ရှိမရှိ သိချင်ရုံသာ ဖြစ်သည်။

ဤအကြောင်းကို တွေးမိလိုက်ချိန်တွင် ဝမ်ယဲ့က လွန်ခဲ့သောနှစ်များစွာတွင် ရွှီယွဲ့ကျား နန်းတွင်းစာမေးပွဲကို ထိပ်ဆုံးမှ အောင်မြင်ပြီး အောင်ပွဲခံလှည့်လည်ခဲ့သည့် အချိန်ကို ပြန်သတိရသွားပြန်သည်။ ထိုစဉ်က ဝမ်မိသားစု၏ မျိုးဆက်သစ်များထဲတွင် လမ်းမပေါ်သို့ ထွက်ကြည့်ရန် အခွင့်အရေး လက်လွှတ်ခဲ့သူက သူမတစ်ယောက်တည်း ဖြစ်ပုံရသည်။

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ရွှီယွဲ့ကျားက ပြောလာပြန်သည်။

"မင်း စိတ်ပျက်သွားလိမ့်မယ်"

ဝမ်ယဲ့ : "ဘာလို့လဲ"

စကားဝိုင်းက ရုတ်တရက် အလှည့်အပြောင်း ဖြစ်သွားပြန်သည်။

ရွှီယွဲ့ကျားက ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပြန်ဖြေလိုက်သည်။

"မင်း ထင်ထားသလို မဟုတ်ဘူး"

ဝမ်ယဲ့က မျက်ခုံးတစ်ဖက် ပင့်ရင်း ပြန်စနောက်လိုက်သည်။

"ဟုတ်လို့လား... ဒါပေမယ့် ကျွန်မကလည်း အသက်ကြီးပြီး မေ့လျော့နေတာမျိုး မဟုတ်ပါဘူး"

ရွှီယွဲ့ကျားက ခဏမျှ တိတ်ဆိတ်နေပြီးမှ ထပ်ပြောလာသည်။

"ကိုယ် ပြောပြမယ်"

နန်းတွင်းစာမေးပွဲ အောင်မြင်ပြီးသည့်နောက်ပိုင်းနှစ်များတွင် ရွှီယွဲ့ကျားက တာ့ကျင်းမင်းဆက်၏ သမိုင်းဝင် တော်ဝင်ကျောင်းတော်၌ ရာထူးမယူခဲ့သည့် ပထမဆုံးသော ထိပ်တန်းပညာရှင် ဖြစ်လာခဲ့သည်။ ထိုအစား သူက ဝေးလံခေါင်သီပြီး ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသော ဒေသတစ်ခုတွင် ခရိုင်ဝန်အဖြစ် တာဝန်ထမ်းဆောင်ရန် ရွေးချယ်ခဲ့သည်။

တစ်ဖက်တွင်လည်း ဤဆုံးဖြတ်ချက်က ရွှီနယ်စားမင်းအိမ်တော်၏ ထင်ပေါ်မှုကို လျော့ကျစေရန်အတွက် ဖြစ်သလို တစ်ဖက်တွင်လည်း ရွှီယွဲ့ကျားက သူ၏ ပညာရပ်များကို လက်တွေ့လုပ်ငန်းခွင်၌ အသုံးချနိုင်ရန် ရိုးသားစွာ မျှော်လင့်ခဲ့ခြင်း ဖြစ်သည်။ လင်ကျီခရိုင်သို့ မရောက်မီက ရွှီယွဲ့ကျားလည်း ဂုဏ်သရေရှိ မိဘများ၏ အလိုလိုက်ခြင်းကို ခံရထားသည့် လူငယ်လေးတစ်ဦးသာ ဖြစ်ပြီး ထူးခြားချက်မရှိသူတစ်ယောက် ဖြစ်ခဲ့သည်။

သို့သော်လည်း ကြမ်းတမ်းသော တောင်တန်းများနှင့် မြစ်များကို ဖြတ်ကျော်ပြီးမှသာ ရောက်ရှိနိုင်သည့် ထိုခရိုင်ငယ်လေးက သူ ထင်ထားသည်ထက် ပိုဆွေးမြည့်ပျက်စီးနေသည်ကို သူ တွေ့ခဲ့ရသည်။ ထိုနေရာတွင် နေထိုင်သူများက အမျိုးသားများသာ ဖြစ်နေသည်ဟု ထင်ရလောက်အောင် ဖြစ်နေခဲ့သည်။

နှစ်နှစ်အကြာတွင်မူ သူ မြို့တော်သို့ ပြန်ခေါ်ယူခြင်း ခံခဲ့ရသည်။

ထိုစဥ်က မြို့တော်တွင် ထီးနန်းလုပွဲများ အထွတ်အထိပ်သို့ ရောက်နေချိန် ဖြစ်သည်။ ဧကရာဇ်မင်း၏ ကျန်းမာရေး ချို့တဲ့လာသည်ကို သတိပြုမိလိုက်ချိန်တွင် ကျန်းမိသားစုမှ ရာထူးအနည်းငယ်သာ ရရှိထားသည့် လူသုံးဦးက ထီးနန်းလုပွဲတွင် မည်သည့်ဘက်ကိုမျှ မပါဝင်လိုသည့်အတွက် တစ်ယောက်ပြီးတစ်ယောက် မဟုတ်မမှန် စွပ်စွဲခြင်း ခံခဲ့ရသည်။

ရွှီယွဲ့ကျားက သူကိုယ်တိုင် ထီးနန်းလုပွဲ၏ ရှုပ်ထွေးသော အာဏာလွန်ဆွဲပွဲများထဲ၌ မနစ်မွန်းလိုသဖြင့် ကျန်းမိသားစု၏ အပြစ်ကင်းစင်ကြောင်း သက်သေအထောက်အထားများကို လျှို့ဝှက် စုဆောင်းခဲ့ပြီး သူတို့၏ ဖြူစင်မှုကို ပြန်ရှာဖွေပေးခဲ့သည်။

ဤလုပ်ရပ်က ထိုအချိန်ကာလအတွင်း အာဏာအရှိဆုံးဖြစ်ခဲ့သော နဝမမင်းသားကို ဒေါသထွက်စေခဲ့ပြီး ဧကရာဇ်မင်းမြတ်၏ မနှစ်မြို့မှုကိုလည်း ဖြစ်ပေါ်စေခဲ့သည်။ ရလဒ်အနေဖြင့် ရွှီယွဲ့ကျား ရှန်းယန်သို့ ရာထူးလျှော့ချခံခဲ့ရပြီး နောက်ပိုင်းတွင် ဝူကျိုးသို့ ပြောင်းရွှေ့ခံခဲ့ရသည်။ ဤကာလကို ပြန်တွေးတောရင်း ရွှီယွဲ့ကျားက ခဏမျှ ရပ်တန့်လိုက်ပြီးမှ ထပ်ပြောပြနေသည်။

"ကိုယ်သာ ဝူကျိုးကို အရင်ဆုံး ရောက်သွားခဲ့ရင် ရွှမ်အာရဲ့ ဘဝက တစ်မျိုးတစ်ဖုံ ဖြစ်သွားနိုင်သေးတယ်"

ဝမ်ယဲ့ကလည်း တအံ့တဩဖြင့် ထောက်ခံလိုက်သည်။

"နည်းနည်းလေးပဲ လွဲချော်သွားခဲ့တာနော်"

ရွှီယွဲ့ကျားက ဆက်ပြောပြနေသည်။

"ကိုယ် အဲ့ဒီတုန်းက သူ့ကို တားခဲ့ပေမယ့် သူက ကလေးကိုပဲ လိုချင်တယ်လို့ တင်းခံခဲ့တာလေ"

သူ ရည်ညွှန်းသော "သူ" ဆိုသည်က ရွှီယွိရွှမ်၏ မိခင်ရင်း ရွှီမင်ယွဲ့ ဖြစ်သည်။

ဤလျှို့ဝှက်ချက်ကို သိလိုက်ရပြီးနောက်တွင် ဝမ်ယဲ့ အံ့ဩသွားရပြန်သည်။

"ဒါက ယောက်ျား ပြောမယ့် စကားမျိုး မဟုတ်လောက်ဘူးလေ"

ရွှီယွဲ့ကျားကလည်း မကွယ်မဝှက် ဝန်ခံလိုက်သည်။

"အဲ့ဒီတုန်းကတော့ ကိုယ့်မှာလည်း အကျင့်ဆိုးတချို့ ကျန်နေသေးတယ်လေ"

နောက်ပိုင်းတွင် သူ ထိုအကြောင်းကို လေးလေးနက်နက် ပြန်တွေးကြည့်ခဲ့ပြီး ကိုယ်ဝန်ကို လွယ်ထားရသူက သူ မဟုတ်သည့်အတွက် ထိုသူက သူ့ဇနီးဖြစ်နေလျှင်ပင် သူထံတွင် အခြားသူတစ်ယောက်၏ ဘဝကို အဆုံးအဖြတ်ကို ပြုလုပ်ခွင့် မရှိကြောင်း သူ နားလည်သွားခဲ့သည်။

ဝမ်ယဲ့က သူ့ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေလိုက်သည်။ သူ အဘယ်ကြောင့် ကိုယ်ဝန်မရစေရန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ပြီး အိမ်ထောင်ရေးဖောက်ပြန်ခြင်းများကို ရှောင်ကြဉ်ခဲ့မှန်း ယခုမှ သူမ အလုံးစုံ နားလည်သွားရသည်။

သူမတို့ နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် သိပ်မသိကြသေးသည့် မင်္ဂလာဦးညမှာပင် သူမကသာ ဦးဆောင်ခဲ့ရပြီး သူကတော့ တုံ့ဆိုင်းခြင်းမရှိဘဲ လိုက်လျောခဲ့သည်။

‘သူ ငါ့ဆီက တုံ့ပြန်မှုကို ဘာကြောင့် အတင်းအကျပ် မတောင်းဆိုခဲ့သလဲဆိုတာ အခုတော့ ငါ သဘောပေါက်သွားပြီ’

All Chapters