← Chapters

အခန်း ၉၆

Vol. 10 Ch. 96 - final

အခန်း ၉၆

Vol. 10 Ch. 96 - final

အခန်း ၉၆ ဇာတ်လမ်းအဆုံး

အချိန်များက မြန်မြန်ဆန်ဆန် ကုန်ဆုံးသွားခဲ့ပြီး သတိမထားမိလိုက်ခင်မှာပင် နောက်ထပ်တစ်နှစ် ထပ်တိုးလာခဲ့ပြန်ချေပြီ။

ရွှီနယ်စားမင်းအိမ်တော်မှ ဝမ်ယဲ့၏ ဘဝ အနည်းငယ်မျှ လှုပ်လှုပ်ခတ်ခတ် ဖြစ်စရာရှိခဲ့သည်ဆိုလျှင် ၎င်းက ရွှီနယ်စားမင်းကိုယ်တိုင်ကြောင့်သာ ဖြစ်ပေလိမ့်မည်။

ဤအကြောင်းရင်းအားလုံး၏ ရင်းမြစ်က လုသခင်မ၏ ယခင်မွေးနေ့ပွဲ နှစ်ခုကတည်းက စတင်ခဲ့ခြင်း ဖြစ်သည်။

ဝမ်ယဲ့ကလည်း နောက်ဆုတ်ရန် အစီအစဉ် လုံးဝမရှိပေ။ သူမ၏ အမြင်တွင် သူမက ကြားဝင်ကူညီသူ တစ်ယောက်အနေဖြင့် သူမ၏ဇာတ်ရုပ်ကို ကျွမ်းကျင်စွာ သရုပ်ဆောင်နေခြင်းပင်။

ထို့အပြင် ဘဝဆိုသည်ကလည်း တစ်ပုံစံတည်း တည်ငြိမ်နေ၍ မရပေ။ တစ်စုံတစ်ယောက်က လှုပ်လှုပ်ခတ်ခတ် ဖြစ်အောင် လုပ်ပေးနေမှသာ ကိစ္စတိုင်း ပိုစိတ်ဝင်စားစရာကောင်းလာနိုင်မည် ဖြစ်သည်။ ရွှီနယ်စားမင်းအနေဖြင့် ဤအချက်ကို သဘောပေါက်လာရန်က အချိန်တစ်ခုသာ လိုအပ်နေခြင်းပင်။

မည်သို့ပင်ဆိုစေကာမူ လုသခင်မကတော့ ဤအရာကို မြင်ပြီးနေပြီး ဖြစ်သည်။

ဤနှစ်အစတွင် အကြီးဆုံးအဒေါ်က သူမ၏ ချွေးမဖြစ်သူ ယောင်ရှီ၊ ငါးလအရွယ် မြေးဖြစ်သူတို့နှင့်အတူ လင်ချန်မှ ထွက်လာခဲ့ပြီး သူမ၏ သားဖြစ်သူ ရှန်းထင်ရွှမ်းနှင့် တရားဝင် ပြန်လည်ဆုံတွေ့ခဲ့သည်။

ရှန်းထင်ရွှမ်း၏ နန်းတွင်းရာထူးက အထူးတလည် မြင့်မားလှသည်မဟုတ်သော်လည်း သူက အရေးပါသော အခန်းကဏ္ဍတွင် ရှိနေခဲ့သည်။ သူ တရားမျှတမှုကို ကိုင်စွဲထားပြီး သိသာထင်ရှားသည့် အောင်မြင်မှုများကို ဖန်တီးနိုင်သရွေ့ အနာဂတ်တွင် ရာထူးတိုးခြင်းက အချိန်စောင့်ရုံလေးသာ ဖြစ်သည်။

စိတ်ပူစရာများ ကင်းရှင်းသွားသည့် အကြီးဆုံးအဒေါ်ကလည်း ဝမ်ယဲ့နှင့် အချိန်ဖြုန်းရန် ရွှီနယ်စားမင်းအိမ်တော်သို့ မကြာခဏ လာရောက်လည်ပတ်လေ့ရှိသည်။

ထို့အပြင် ရွှီယွဲ့ကျားလည်း ရာထူးတိုးမြှင့်ခံခဲ့ရသည်။

တရားရေးဌာနမှ ဝန်မင်းအိုကြီးကျန်းက ဧကရာဇ်မင်းမြတ်ထံ ရာထူးမှ အနားယူခွင့် ထပ်မံတောင်းခံခဲ့ပြီး ယခုတစ်ကြိမ်တွင်တော့ ဧကရာဇ်မင်းမြတ်က ခွင့်ပြုပေးလိုက်သည်။ တရားရေးဝန်ကြီးနေရာ လွတ်သွားသည်နှင့် ဧကရာဇ်မင်းမြတ်က ရွှီယွဲ့ကျားကို ထိုနေရာသို့ ရာထူးတိုးပေးလိုက်သည်။

ထိုအကြောင်းကို ဝမ်ယဲ့ သိလိုက်ရသည့်အချိန်တွင် သူမ အာရုံအစိုက်ဆုံးအချက်က သူ၏လစာ ယခင်ကထက် မြင့်မားသွားခြင်း ရှိ၊ မရှိကို ဖြစ်သည်။

နန်းတွင်းမှ လစာငွေက သူမတို့၏ ဆိုင်များနှင့် အိမ်ခြံမြေများမှ ရရှိသော အမြတ်အစွန်းများနှင့် ယှဉ်လျှင် ဘာမျှမဟုတ်သော်လည်း ၎င်းတို့က မတူညီသော အဓိပ္ပာယ်များကို ဆောင်ကြဉ်းပေးနိုင်သည်။ ယခင်က ဝမ်ယဲ့ ရွှီယွဲ့ကျား၏ ရာထူးအတွက် လစဉ်လစာမည်မျှရသည်ကို အထူးတလည် ဂရုမစိုက်ခဲ့ပေ။

ရွှီယွဲ့ကျားက သူမကို ကြည့်နေပြီး သူ့မျက်ဝန်းများတွင် အကူအညီမဲ့မှုများ ပြည့်နှက်နေလေသည်။

"အင်း၊ ပိုများလာတယ်"

ဝမ်ယဲ့က အလွန်ပင် ဝမ်းမြောက်သွားပြီး ပျော်ပျောရွှင်ရွှင် လှမ်းပြောလိုက်သည်။

"ရာထူးတိုးသွားတဲ့အတွက် ဂုဏ်ယူပါတယ်၊ ယောက်ျား"

သူမ ဝမ်းသာနေသည်က သူ ရာထူးတိုး၍လား၊ သို့မဟုတ် လစာတိုး၍လားဆိုသည်ကိုတော့ ခွဲခြားရခက်နေခဲ့သည်။

သူတို့ဘေးတွင် စာရေးလေ့ကျင့်နေသော ရွှီယွိရွှမ်က ထိုစကားကို ကြားသွားပြီး ခေါင်းလေးထောင်ကာ မေးလိုက်သည်။

ဝမ်ယဲ့က ပြန်ဖြေပေးလိုက်သည်။

"ဟုတ်တယ်၊ ပြီးတော့ ဖေဖေ လစာရတဲ့အခါ သားအတွက် ကြက်ကင် ဝယ်ကျွေးနိုင်တော့မယ်"

လေးနှစ်အရွယ် ရွှီယွိရွှမ်က ယခင်ကကဲ့သို့ အလွယ်တကူ အလှည့်စားခံရသူ မဟုတ်တော့ပေ။ သူက နှာခေါင်းလေးရှုံကာ အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။

"မေမေ စားချင်နေတာ မဟုတ်ဘူးလား"

‘သူက ငတုံးမဟုတ်တော့ဘူးလေ’

စာကြည့်ခန်းက သေးငယ်သည့်အတွက် ထိုကလေး၏ ရေရွတ်သံက ဝမ်ယဲ့နားထဲသို့ ရောက်ရှိသွားခဲ့သည်။ သူမ အပြုံးဖြင့် ပြန်ပြောလိုက်သည်။

‘ဒါဆို ဖေဖေ ဝယ်လာရင် မစားနဲ့တော့လေ"

ရွှီယွိရွှမ်က မစားဘဲ မနေနိုင်သည့်အတွက် ချက်ချင်း ပြန်ပြောလိုက်သည်။

"သား စားချင်တယ်"

‘သူ မတုံးပေမယ့် ကြက်ကင်ကိုတော့ စားချင်နေတုန်းပဲ‌လေ’

......။.....။.......

ဆောင်းဦးရာသီ ရောက်လာပြီးနောက် လုသခင်မက ရွှီယွိရွှမ်အတွက် မြင်းပေါက်ကလေးတစ်ကောင် ရွေးချယ်ပေးခဲ့သည်။ လွန်ခဲ့သည့် နှစ်နှစ်က နွေရာသီအပူရှောင်ရန် ရှီးချွမ်တောင်သို့ သွားစဉ် ရွှီယွိရွှမ်က မြင်းစီးနည်းကို အမြဲတမ်း သင်ယူချင်နေခဲ့ပြီး ယခုအချိန်တွင်တော့ သူ့၏ဆန္ဒလေး ပြည့်ဝလာခဲ့ပြီ ဖြစ်သည်။

ထိုမြင်းပေါက်ကလေးက အိမ်တော်၌ မဟုတ်ဘဲ မြို့ပြင်ရှိ လယ်တောခြံဝင်းကြီးတစ်ခုတွင် ရှိနေခဲ့သည်။

မူလက လုသခင်မလည်း သူတို့နှင့်အတူ လိုက်ပါသွားပြီး လယ်တောခြံဝင်း၏ အခြေအနေကို တစ်ခါတည်း စစ်ဆေးရန် စီစဉ်ထားခဲ့သည်။ သို့သော် သူတို့ မထွက်ခွာမီလေးမှာပင် အခြားလယ်တောခြံဝင်းတစ်ခု၌ ပြဿနာဖြစ်ပွားပြီး ဒဏ်ရာရသူအချို့ ရှိနေသဖြင့် ခြံဝင်းတာဝန်ခံက သူမထံ အကြောင်းကြားလာခဲ့သည်။

ပြဿနာဖြစ်နေသည့် လယ်တောခြံဝင်းက မြို့၏တောင်ဘက်တွင် ရှိနေပြီး၊ မြင်းပေါက်ကလေးကို ထားရှိသည့် လယ်တောခြံဝင်းကတော့ မြောက်ဘက်တွင် ဖြစ်နေကာ လမ်းကြောင်းက လုံးဝဆန့်ကျင်ဘက် ဖြစ်နေသည်။ မတတ်နိုင်သည့်အဆုံး အရေးကြီးမှုအပေါ်မူတည်ပြီး လုသခင်မလည်း ပြဿနာဖြစ်နေသည့်နေရာသို့သာ သွားရောက်ဖြေရှင်းရန် ဆုံးဖြတ်လိုက်ရသည်။

ရွှီယွိရွှမ် စိတ်ပျက်သွားမှာကို မလိုလားသည့်အတွက် သူမက ဝမ်ယဲ့ကို တစ်ယောက်တည်း သွားနိုင်မလားဟု မေးမြန်းခဲ့သည်။ မြင်းစီးသင်ပေးရမည့်ကိစ္စက သူမတို့ကိုယ်တိုင် လုပ်စရာမလိုဘဲ ရွှီနယ်စားမင်း၏ အိမ်တော်တွင် ရဲမက်အစောင့်အများအပြား ရှိနေသည်ဖြစ်ရာ စိတ်ချရပြီး သေချာဂရုစိုက်ပေးနိုင်မည့်သူကို ရွေးချယ်နိုင်ပေသည်။ ဝမ်ယဲ့အနေဖြင့်လည်း ကန့်ကွက်စရာ မရှိပေ။

သူမတို့ မနက်အစောကြီး ထွက်လာခဲ့သောကြောင့် သူမတို့ လယ်တောခြံဝင်းသို့ ရောက်သွားချိန်တွင် နံနက် ၇ နာရီကျော်ခန့်သာ ရှိသေးသည်။ ဝမ်ယဲ့က လူတိုင်းကို သူတို့ဘာသာ နေရာချစေပြီး သူမအတွက်လည်း အနားယူနိုင်သည့် ထိုင်ခုံတစ်လုံးနှင့် လက်ဖက်ရည်၊ မုန့်များတင်ထားသည့် ဝါးစားပွဲကို ဘေးတွင် ချခိုင်းလိုက်သည်။

သူမ အဝေးသို့ လှမ်းကြည့်လိုက်လျှင် ရွှီယွိရွှမ်တစ်ယောက် အစောင့်တစ်ဦးက မြင်းဇက်ကြိုးကို ကိုင်ထားပေးလျက် မြေပြင်ညီညာသည့် လွင်တီးခေါင်ပြင်တွင် မြင်းပေါက်ကလေး စီးနေသည်ကို မြင်နေရသည်။

ရံဖန်ရံခါတွင် ရွှီယွိရွှမ်က သူမကို လှမ်းခေါ်နေသည်ကိုလည်း ကြားနေရသည်။

"မေမေ"

ဝမ်ယဲ့ကလည်း ပုံမှန်အတိုင်း လက်ကို ဝေ့ယမ်းပြလိုက်သည်။

ယခုအချိန်တွင် လေက အနည်းငယ် အေးစိမ့်နေသေးသည်။ ဝမ်ယဲ့လည်း အကြာကြီး မကြည့်မိဘဲ လဲလျောင်းလိုက်ကာ ဝတ္ထုတစ်အုပ်ကို မျက်နှာပေါ် အုပ်ပြီး တိတ်တိတ်လေး တစ်ရေးအိပ်လိုက်သည်။ ထိုအချိန်တွင် ထောင်ကျီနှင့် ယွင်ကျီတို့က သူမ၏ ဘေးနှစ်ဖက်သို့ ချက်ချင်း ရောက်လာပြီး လေကာပေးထားလိုက်ကြသည်။

မနက်ခင်းတစ်လျှောက်လုံး ရွှီယွိရွှမ် မြင်းစီးသင်နေချိန်တွင် ဝမ်ယဲ့က အိပ်ပျော်နေခဲ့သည်။ ရွှီယွိရွှမ် လယ်ကွင်းထဲသွားပြီး အာလူးတူးသည့်အခါတွင်မှ ဝမ်ယဲ့ နိုးလာပြီး မုန့်စား၊ လက်ဖက်ရည်သောက်ရင်း ဝတ္ထု ဆက်ဖတ်နေသည်။

ရွှီယွိရွှမ် အာလူးတူးပြီးသည့်နောက် လယ်တောခြံဝင်း၏ ကြိတ်ဆုံရှိရာသို့ ပြေးသွားပြီး မြည်းက အစေ့အဆန်များ ကြိတ်နေသည်ကို ကြည့်နေချိန်တွင် ဝမ်ယဲ့ကလည်း ဝတ္ထုဖတ်ပြီးသွားကာ နေ့လယ်စာအကြောင်း စဉ်းစားနေလေသည်။

ဤအရွယ် ရွှီယွိရွှမ်က မြည်းကို တစ်ခါမျှ မမြင်ဖူးသေးပေ။ မြည်းကလေး လှည့်နေသော ကြိတ်ဆုံကို ကြည့်ပြီးနောက် သူက စိတ်လှုပ်ရှားစွာဖြင့် ဝမ်ယဲ့ဆီ ပြန်ပြေးလာကာ ထိုအကြောင်းကို ပြောပြနေသည်။

အထိန်းတော်ကျိနှင့် အခြားသူများကတော့ မောပန်းစွာ အသက်ရှူရင်း သူ့နောက်မှ အလာတကြီး လိုက်လာကြသည်။

ယခုအခါ ရွှီယွိရွှမ်က လိမ္မာပါးနပ်သည့် နတ်ဆိုးလေးတစ်ကောင် ဖြစ်နေပြီ ဖြစ်ကာ အံ့သြစရာကောင်းလောက်အောင် လျင်မြန်ဖျတ်လတ်နေပြီ ဖြစ်သည်။ သူ့ခြေထောက်များက ပိုသွက်လက်လာသည့်အတွက် ဝမ်ယဲ့နှင့် ရွှီယွဲ့ကျားမှလွဲလျှင် လုသခင်မပင် သူ့ကို မဖမ်းမိတော့ပေ။

ရွှီယွိရွှမ်က ဝမ်ယဲ့၏ လက်မောင်းကို လှုပ်ယမ်းရင်း တောင်းဆိုနေသည်။

"မေမေ၊ သား မြည်းလေးတစ်ကောင် လိုချင်တယ်"

ဝမ်ယဲ့က သူ့ကို မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်ပြီးမှ ပြန်ပြောလိုက်သည်။

"သားမှာ မြင်းပေါက်ကလေး ရှိနေပြီမဟုတ်ဘူးလား"

ရွှီယွိရွှမ်က စကားလုံးများ ရှာမရ ဖြစ်နေပြီး ခဏအကြာတွင်မှ ပြန်ပြောလာခဲ့သည်။

"ဒါပေမယ့်.... ဒါပေမယ့် ရွှမ်အာမှာ မြည်းလေးတစ်ကောင် မရှိသေးဘူးလေ"

ဝမ်ယဲ့က သဘောတူလိုက်ခြင်းလည်း မဟုတ်၊ ငြင်းပယ်လိုက်ခြင်းလည်း မရှိဘဲ ထပ်မေးလိုက်သည်။

"သားက မြည်းနဲ့ ဘာလုပ်မှာမို့လို့လဲ"

ရွှီယွိရွှမ်တစ်ယောက် ခဏမျှ စဉ်းစားလိုက်သော်လည်း ဖြေစရာ စကားမထွက်လာခဲ့ပေ။ နောက်ဆုံးတွင် သူက ခေါင်းလေးကုတ်ရင်း ပြန်ပြောလိုက်သည်။

"မြင်းပေါက်ကလေးနဲ့ အဖော်လုပ်ပေးဖို့လေ၊ မြင်းပေါက်ကလေး တစ်ကောင်တည်းဆိုတော့ အရမ်းအထီးကျန်နေမှာပေါ့"

ထိုစကားကို ကြားလိုက်ရချိန်တွင် ဝမ်ယဲ့၏ စိတ်ထဲတွင် အတွေးများ လွင့်မျောသွားပြီး မြည်းတစ်ကောင်လောက် ထပ်ဝယ်ပေးလိုက်ရမလားဟုပင် တွေးမိသွားရသည်။

"မေမေ"

ရွှီယွိရွှမ်က ခေါင်းလေးစောင်းကာ ထပ်ခေါ်လိုက်သည်။

"လိုချင်တယ်ဆိုရင်လည်း ဝယ်လိုက်လေ"

ဝမ်ယဲ့က ပြန်ပြောလိုက်သည်။

ရွှီယွိရွှမ်က ချိုသာသောအသံလေးဖြင့် ပျော်ပျော်ရွှင်ရွှင် အော်ဟစ်လိုက်သည်။

"မေမေက အကောင်းဆုံးပဲ"

ဝမ်ယဲ့ကတော့ လုံးဝ အလှည့်စားမခံပေ။

"ဒါပေမယ့် မေမေ့ဆီမှာ ပိုက်ဆံမရှိဘူး၊ သား မြည်းဝယ်ချင်ရင် သားရဲ့ ကိုယ်ပိုင်ငွေကိုပဲ သုံးရမှာနော်"

ရွှီယွိရွှမ်က သွားလေးဖြဲပြီး ရယ်မောလိုက်သည်။

‘သူ့မှာ မြည်းဝယ်နိုင်လောက်တဲ့ ပိုက်ဆံတော့ ရှိပါသေးတယ်’

"ကျိမား၊ ကျိမားဆီမှာ ပိုက်ဆံ ပါသေးလား"

ရွှီယွိရွှမ်က သူ့ဘေးမှ အထိန်းတော်ကျိကို လှည့်ကြည့်ကာ မေးမြန်းနေသည်။

အထိန်းတော်ကျိက မေတ္တာတရားတို့ဖြင့် ပြည့်နှက်နေသော မျက်နှာအမူအရာဖြင့် ခေါင်းညိတ် ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့၊ ဟုတ်ကဲ့ ရှိပါတယ်"

ဤလယ်တောခြံဝင်းတစ်ခုလုံးက ရွှီနယ်စားမင်းအိမ်တော်၏ ပိုင်ဆိုင်မှု ဖြစ်သည်။ ရွှီယွိရွှမ် မြည်းတစ်ကောင် လိုချင်ပါက ခြံဝင်းတာဝန်ခံကို ပြောပြီး ယူသွားရုံသာ ဖြစ်သည်။ သို့သော် သူက သူ့ကိုယ်ပိုင်ငွေကို သုံးစွဲလိုသည်ဟု ဆိုလာသည့်အတွက် သူ့သဘောအတိုင်း ခွင့်ပြုပေးလိုက်သည်။

.....။......။......

တောင်ဘက်လယ်တောခြံဝင်းတွင် ဖြစ်ပွားခဲ့သည့် ပြဿနာများကို ဖြေရှင်းပြီးနောက် လုသခင်မက ရွှီနယ်စားမင်းအိမ်တော်သို့ ပြန်ရောက်ရှိလာခဲ့သည်။

မနက်ခင်းကတည်းက အလောတကြီး ထွက်သွားခဲ့ရသည့်အတွက် သူမ အတော်ပင် ပင်ပန်းနွမ်းနယ်နေခဲ့သည်။ အစပိုင်းတွင် သူမ မြောက်ဘက်လယ်တောခြံဝင်းသို့ ဆက်သွားပြီး ရွှီယွိရွှမ် မြင်းစီးသင်နေသည်ကို သွားကြည့်ရှုရန် စီစဉ်ထားသော်လည်း ယခုအခါတွင်တော့ သွားချင်စိတ် မရှိတော့ပေ။ ရွှီနယ်စားမင်းနှင့် ရွှီယွဲ့ကျားတို့ကလည်း နန်းတော်သို့ အစောကြီး ထွက်ခွာသွားကြသောကြောင့် တောင်ဘက်လယ်တောခြံဝင်းတွင် ဖြစ်ပျက်ခဲ့သည်များကို မသိရှိကြသေးပေ။ သူတို့က လုသခင်မ မြောက်ဘက်လယ်တောခြံဝင်းတွင် ရှိနေသည်ဟုသာ ထင်မှတ်နေကြသည်။

လုသခင်မတစ်ယောက်တည်း ရထားလုံးထဲမှ ဆင်းလာသည်ကို မြင်လိုက်ရသောကြောင့် ရွှီနယ်စားမင်းက အံ့ဩတကြီး လှမ်းမေးလိုက်သည်။

"ရွှမ်အာနဲ့ ခယ်မလေးရော ဘယ်မှာလဲ"

လုသခင်မက ရွှီနယ်စားမင်းကို အရင်ဆုံး ကြည့်လိုက်သည်။ ထိုအချိန်တွင် သူမ ဘာမျှ ထူးခြားသည်ဟု မခံစားရသော်လည်း သူမဘေးရှိ ရွှီယွဲ့ကျား၏ အကြည့်နှင့် ဆုံမိသည့်အခါတွင်တော့ အကြောင်းရင်းမရှိဘဲ ရင်ထဲတွင် အနည်းငယ် ထိတ်လန့်သွားသလို ခံစားလိုက်ရသည်။

.......။......။.....

နေ့လယ်ပိုင်းတွင် ရွှီယွိရွှမ်က မြင်းစီးခြင်းကို ဆက်လက်သင်ယူနေခဲ့ပြီး ဝမ်ယဲ့ကတော့ ကျောမှီထိုင်ပေါ်တွင် ပုံမှန်အတိုင်း လဲလျောင်းနေသည်။

ဆောင်းဦး၏ ကောင်းကင်ပြင်က ကြည်လင်နေပြီး လေအေးများ လန်းဆန်းစေကာ အလွန် စိတ်ကြည်နှူးဖွယ်ဖြစ်နေလေသည်။

သူမ တစ်ရေးအိပ်ရန် ပြင်နေစဥ်မှာပင် မြင်းခွာသံများ နီးကပ်လာသည်ကို ရုတ်တရက် ကြားလိုက်ရသည်။

သူမ အမှတ်တမဲ့ ခေါင်းလှည့်ကြည့်လိုက်ရာ ထူးခြားသည့် အနီရောင်ရင့်ရင့် ပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ရွှီယွဲ့ကျားကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားရသည်။ ထိုအနီရောင်ဝတ်ရုံက လွင်တီးခေါင် မြင်ကွင်းကျယ်ကြီးကို ပိုအရောင်အသွေး တောက်ပသွားစေသည်။

ဝမ်ယဲ့၏ အကြည့်များက သူ့နောက်သို့ အလိုအလျောက် လိုက်ပါသွားခဲ့သည်။

ရွှီယွဲ့ကျားက မြင်းတစ်ကောင်ကို စီးလာပြီး အခြားမြင်းတစ်ကောင်ကိုလည်း ကြိုးဖြင့် ဆွဲခေါ်လာသည်။

သူ မြင်းပေါ်မှ ဆင်းပြီးနောက် ဝမ်ယဲ့က ထထိုင်ကာ မေးလိုက်သည်။

"ယောက်ျား၊ ဘယ်လို လုပ်ပြီး ဒီကိုလာဖို့ အချိန်ရသွားတာလဲ"

သူမ၏ အကြည့်များက သူ့မျက်နှာပေါ်တွင်သာ စူးစိုက်နေခဲ့သည်။ အနီရင့်ရင့်ဝတ်ရုံကြောင့် သူ့မျက်နှာက ပိုတောက်ပလန်းဆန်းနေသလို သူမ ခံစားနေရသည်။

ရွှီယွဲ့ကျားက ရှင်းပြလိုက်သည်။

"မရီးက ရွှမ်အာကို မြင်းစီးသင်ပေးဖို့ လာခိုင်းလိုက်လို့ပါ"

ဝမ်ယဲ့က "အိုး" ဟုသာ ပြန်ပြောလိုက်ပြီး ဘာမျှ သံသယမဝင်ဘဲ လက်ညှိုးထိုးပြလိုက်သည်။

"ရွှမ်အာက ဟိုဘက်မှာ"

အဝေးတစ်နေရာတွင်တော့ ရွှီယွိရွှမ်က မည်သို့စိတ်ကူးပေါက်သွားသည် မသိဘဲ မြင်းပေါက်ကလေး၏ ကျောပေါ်မှ ဆင်းကာ အသစ်ဝယ်ထားသည့် မြည်းကလေးနှင့် အကဲစမ်းရန် ကြိုးစားနေသည်။

ရွှီယွဲ့ကျားက ထိုမြင်ကွင်းကို တစ်ချက်ကြည့်လိုက်ပြီး သူ့အကြည့်ကို ချက်ချင်းပြန်ရုပ်ကာ သူမဆီသို့ ညင်ညင်သာသာ လှမ်းပြောလိုက်သည်။

"ဒီနားမှာ ရှုခင်းလှတဲ့ နေရာလေးတစ်ခု ကိုယ် သိထားတယ်၊ သွားလည်ချင်လား"

ပျင်းရိနေသည့် ဝမ်ယဲ့က ချက်ချင်း စိတ်ဝင်စားသွားပြီး ပြန်မေးလိုက်သည်။

"ဝေးလား"

ရွှီယွဲ့ကျားက ခေါင်းခါလိုက်သည်။

"သိပ်မဝေးပါဘူး၊ မြင်းစီးသွားရင် တစ်ရှီးချန်ရဲ့ လေးပုံတစ်ပုံလောက်ပဲ ကြာမှာပါ"

ရွှီယွဲ့ကျားက မြင်းကိုပါ အသင့်ပြင်ထားကြောင်း မြင်နေရသောကြောင့် ဝမ်ယဲ့လည်း တုံ့ဆိုင်းမနေတော့ဘဲ လက်ထဲမှ ဝတ္ထုကို ချကာ သူ့၏ ဖိတ်ခေါ်မှုကို လက်ခံလိုက်သည်။

"သွားကြမယ်"

ရှုခင်းလှသည်၊ မလှသည်ကို သူမ သိပ်စိတ်မဝင်စားပေ။ သူမ ပိုစိတ်ဝင်စားနေသည်က ယနေ့ ရွှီယွဲ့ကျား၏ ထူးခြားသော ပုံပန်းသွင်ပြင် ဖြစ်သည်။

ပုံမှန်ဆိုလျှင် ရွှီယွဲ့ကျားက အရာရှိဝတ်စုံကိုသာ ဝတ်ဆင်ထားလေ့ရှိပြီး အမြဲပင် တည်ကြည်ခန့်ညားကာ စည်းကမ်းကြီးသည့် ပုံစံမျိုးကိုသာ ထုတ်ဖော်ပြသလေ့ရှိသည်။ သို့သော် ယနေ့တွင်မူ ရိုးရှင်းသော အနီရောင်ရင့်ရင့် ပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထားသဖြင့် သူမအတွက် ထူးခြားဆန်းသစ်သော အမြင်တစ်မျိုး ပေးစွမ်းနေသည်။ ဝမ်ယဲ့က ကိုယ်လက်လှုပ်ရှားမှုလေး ပြုလုပ်လိုက်ပြီး ရွှီယွဲ့ကျား ကမ်းပေးသည့် မြင်းဇက်ကြိုးကို လှမ်းယူကာ မြင်းပေါ်သို့ တက်လိုက်သည်။

ရွှီယွဲ့ကျားကလည်း သူ့မြင်းပေါ်သို့ ပြန်တက်လိုက်သည်။

ဝမ်ယဲ့က သူ့ကို လှည့်ကြည့်ကာ ထပ်မေးလိုက်သည်။

"ရှုခင်းတွေ ကြည့်ပြီးရင်ရော အမတ်မင်းအနေနဲ့ ရေပူစမ်းမှာ ရေစိမ်ချင်သေးလား"

ရေပူစမ်းအိမ်‌တော်ကလည်း သိပ်မဝေးလှပေ။

သူမ ဘာကြံစည်နေသည်ကို ကောင်းကောင်းသိနေသည့် ရွှီယွဲ့ကျားက အပြုံးဖြင့် သဘောတူလိုက်သည်။

"ကောင်းပြီလေ"

ထိုအချိန်တွင် ရွှီယွိရွှမ်တစ်ယောက် မြည်းကလေး၏ ကျောပေါ်သို့ ကပ်သီလေး တက်နိုင်သွားပြီ ဖြစ်သည်။ သူက မြင်းပေါက်ကလေးကို စီးသလိုမျိုး မြည်းကိုလည်း စီးရန် ကြိုးစားနေခဲ့သည်။

သူ ခေါင်းမော့ကြည့်လိုက်ချိန်တွင် အဝေးမှ မြင်းစီးနေသည့် ရင်းနှီးသော ပုံရိပ်နှစ်ခုကို မြင်လိုက်ရသည်။ သူ၏ မျက်လုံးဝိုင်းဝိုင်းလေးများ အရောင်တောက်ပသွားပြီး အော်ခေါ်လိုက်သည်။

"မေမေ.... ဖေဖေ.....”

နောက်ကနေ ထွက်ပေါ်လာသည့် ကလေးငယ်၏ အသံကို ကြားလိုက်ရချိန်တွင် ဝမ်ယဲ့က ရွှီယွဲ့ကျားကို ကြည့်ကာ အပြုံးဖြင့် တိုက်တွန်းလိုက်သည်။

"ယောက်ျား၊ မြန်မြန် စီးသွားကြမယ်လေ”

ရွှီယွဲ့ကျားက သူမ၏ စကားကို သဘောတူသည့်အနေဖြင့် သူ့ခေါင်းကို အသာအယာ ညိတ်ပြလိုက်သည်။

ဝမ်ယဲ့က မြင်းဇက်ကြိုးကို ဝေ့ယမ်းလိုက်ရင်း အော်ပြောလိုက်သည်။

"သွားကြစို့"

ရွှီယွဲ့ကျားကလည်း သူမ နောက်မှ ကပ်လိုက်ပါလာသည်။

ရွှီယွိရွှမ်က သူ့ဖခင်နှင့် မိခင်တို့ မြင်းစီးထွက်ခွာသွားသည်ကို မြင်သွားပြီး ခြံဝင်းထဲမှ လူများ မြည်းကို အော်ဟစ်မောင်းနှင်နေသည့်ပုံစံကို အတုယူကာ အလျင်အမြန် အော်ဟစ်လိုက်သည်။

"လုပ်... အလုပ်လုပ်စမ်း"

မြည်းပေါက်လေးက လှုပ်ရှားသွားသော်လည်း နေရာတွင်ပင် ဝိုင်းပတ်ပြီး လှည့်လည်နေလေသည်။

ရွှီယွိရွှမ်က ဝမ်ယဲ့နှင့် ရွှီယွဲ့ကျားတို့ ထွက်သွားသည့် လမ်းကြောင်းအတိုင်း လိုက်ကြကာ အော်ဟစ်နေလေသည်။

"ရွှမ်အာကို စောင့်ကြပါဦး! ရွှမ်အာကို ပစ်မသွားကြပါနဲ့"

သို့သော်လည်း မည်သူကမျှ ပြန်မဖြေကြပေ။

ရွှီယွိရွှမ်တစ်ယောက် မြည်းလေး၏ လည်ပင်းကို တင်းတင်းဖက်ထားရင်း မြည်းကလည်း ထိုနေရာတွင်ပင် ဝိုင်းပတ်နေကာ မည်သူက ပိုခံနိုင်ရည်ရှိမည်ကို စိန်ခေါ်နေသလိုမျိုး ဖြစ်နေခဲ့သည်။

အဝေးတစ်နေရာတွင်တော့ မြင်းကောင်းနှစ်ကောင်က လေပွေများနှယ် အလျင်အမြန် ပြေးလွှားနေကြပြီး၊ ဘေးချင်းယှဉ်လျက်ရှိသော ပုံရိပ်နှစ်ခုက တစ်ယောက်ကို တစ်ယောက် လုံးဝ နောက်ကောက်မကျစေဘဲ ထွက်ခွာသွားကြသည်။

.........။........ပြီးပါပြီ.........။........

All Chapters