← Chapters

အခန်း ၉၇

Vol. 10 Ch. 97 - extra 1

အခန်း ၉၇

Vol. 10 Ch. 97 - extra 1

အခန်း ၉၇ အချပ်ပို ၁

နေ့စဉ် အသေးအဖွဲကိစ္စများ (အပိုင်း ၁)

တစ်နေ့တွင် ဝမ်ယဲ့တစ်ယောက် လုသခင်မ၏ ခြံဝင်းမှ ပြန်လာစဉ် ကျောင်းမှ ပြန်လာသည့် ရွှီယွိရွှမ်နှင့် လမ်းတွင် ဆုံမိကြသည်။

ကောင်လေးက သူမကို မြင်သည်နှင့် "မေမေ" ဟု ခေါ်လိုက်သော်လည်း ချက်ချင်း ခေါင်းကို ဟိုဘက်သို့ လှည့်လိုက်ပြီး သူမနှင့် အကွာအဝေးတစ်ခုအထိရောက်အောင် လျှောက်သွားလိုက်သည်။ တစ်ခါတစ်ရံတွင်လည်း နှာမှုတ်သံလေးများ ထွက်နေသေးသည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ဝမ်ယဲ့တစ်ယောက် လယ်တောခြံဝင်း၏ ဝက်ခြံထဲတွင် အစာကောင်းကောင်းစားရ၍ ပျော်ရွှင်စွာ ညည်းတွားနေကြသည့် ဝက်ကလေးများကို ပြေးမြင်မိစေသည်။

"စိတ်ဆိုးနေတုန်းလား"

ဝမ်ယဲ့က စကားစလိုက်သည်။

ရွှီယွိရွှမ်က ချက်ချင်း ခေါင်းလှည့်လာပြီး ပြန်ပြောနေရှာသည်။

"မေမေ၊ နောက်တစ်ခါ မေမေ စားပြီးရင် အရိုးတွေကို ချန်ထားပေးဖို့ မမေ့နဲ့နော်"

ဝမ်ယဲ့ ရယ်မောလိုက်ပြီးမှ ပြန်ဖြေလိုက်သည်။

"ဟုတ်ပါပြီ၊ နောက်တစ်ခါ မမေ့တော့ပါဘူး"

အကြောင်းမှာ သူမ မနေ့က ယုန်သားခြောက်တခြမ်း ပိုစားပြီးနောက် သူ့အတွက် အရိုးများ ချန်ထားပေးရန် မေ့သွားခဲ့မိသောကြောင့် ဖြစ်သည်။

မကြာသေးမီက ကျောင်းပိတ်ရက်အတွက် ပြန်လာသော ရွှီကျင့်ရုံက ယုန်သားခြောက် အများအပြား ယူလာခဲ့သည်။ ထိုအချိန်မှစ၍ အိမ်တော်တွင် ယုန်သားများ အမြဲစားနေရပြီး ရွှီယွိရွှမ်၏ ခြံဝင်းထဲတွင်လည်း ယုန်အရိုးသင်္ချိုင်းလေးများ သိသိသာသာ များပြားလာခဲ့သည်။

ထိုကောင်လေးက စာပေပညာဘက်တွင် သိပ်မတော်လှသော်လည်း ယုန်အရိုး ဘယ်နှစ်ချောင်း ပျောက်သွားသလဲဆိုသည်ကို အကုန်မှတ်မိနေလိမ့်မည်ဟုတော့ ဝမ်ယဲ့ လုံးဝ မမျှော်လင့်ထားခဲ့ပေ။

‘ဒီအရွယ်လေးနဲ့ သူ့ဝါသနာက တကယ့်ကို ထူးဆန်းလွန်းတယ်’

ဝမ်ယဲ့က ကတိပေးလိုက်သောကြောင့် ရွှီယွိရွှမ်လည်း နှာမှုတ်နေသည်ကို ရပ်လိုက်ပြီး ထပ်ပြောလိုက်သည်။

"မေမေ၊ ဆရာက အိမ်စာတွေ အများကြီး ပေးလိုက်လို့ သား ဒီည မေမေတို့နဲ့အတူ ညစာ မစားတော့ဘူးနော်"

ခြောက်နှစ်အရွယ် ရွှီယွိရွှမ်က အရင်ကထက် ပိုဆင်ခြင်တုံတရား ရှိလာပြီဟု လုသခင်မက အမြဲပြောလေ့ရှိသည်။ သို့သော် ဝမ်ယဲ့နှင့် ရွှီယွဲ့ကျားတို့၏ ရှေ့တွင်တော့ သူ၏ ကလေးဆန်သည့် စိတ်ကောက်မှုများကို မကြာခဏ ပြသနေတတ်ဆဲပင်။

ဝမ်ယဲ့က ခေါင်းညိတ်ပြလိုက်ပြီး လမ်းဆုံတွင် လက်ပြနှုတ်ဆက်လိုက်သည်။

"သွားတော့၊ အိမ်စာတွေကို သေချာလုပ်နော်"

ရွှီယွိရွှမ်က သူ၏ ကျောင်းလွယ်အိတ်ကို လွယ်ရင်း အနောက်ဘက်ခြံဝင်းဆီသို့ လှည့်ထွက်သွားသည်။

သူ လျှောက်သွားသည်ကို ကြည့်ပြီးနောက် ဝမ်ယဲ့က ထောင်ကျီဘက်သို့ လှည့်ကာ ညွှန်ကြားလိုက်သည်။

"သွား၊ ဒီည ညစာအတွက် ယုန်သား ဟင်းချက်ပေးဖို့ မီးဖိုချောင်ကို သွားပြောလိုက်"

‘ဒီတစ်ခါတော့ ငါ အရသာရှိရှိနဲ့ စိတ်ကြိုက် စားလို့ရပြီ’

ထိုည ညစာစားချိန်တွင် ရွှီယွဲ့ကျားက စားပွဲပေါ်ရှိ ယုန်ခေါင်းအစပ်ဟင်းကို ကြည့်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"အထောက်အထားတွေကို ဖျောက်ဖျက်ဖို့ မမေ့နဲ့ဦးနော်"

"စိတ်ပူမနေပါနဲ့၊ ထောင်ကျီက ဒီလိုကိစ္စမျိုးမှာ အတွေ့အကြုံရှိပြီးသားပါ"

ထိုနေရာမှ မထွက်ခွာရသေးသည့် ထောင်ကျီကတော့ ထိုစကားကို ကြားလိုက်ရပြီး ဆွံ့အသွားရသည်။

‘ကြားလိုက်ရတဲ့သူတိုင်းက ငါ လူသတ်မှုတစ်ခုခုမှာ ပါဝင်ပတ်သက်နေတယ်လို့တောင် ထင်သွားကြနိုင်တယ်’

မည်သို့ပင်ဖြစ်စေ ထောင်ကျီတစ်ယောက် သက်ပြင်းချရုံမှတစ်ပါး အခြားဘာမှ မလုပ်နိုင်ခဲ့ပေ။

‘အရင်ကဆိုရင် သခင်မတစ်ယောက်တည်းပဲ စကားကို အဓိပ္ပာယ်အမျိုးမျိုးဖြစ်အောင် ပြောတတ်တာလေ၊ အခုတော့ ဒုတိယသခင်ကိုယ်တိုင်ကပါ သခင်မရဲ့ပုံစံအတိုင်း လိုက်လုပ်နေပြီ’

........။.......။......

နေ့စဉ် အသေးအဖွဲကိစ္စများ (အပိုင်း ၂)

မကြာသေးမီက တင်းအန်းမြို့စားကတော်တစ်ယောက် သူမ၏ အကြီးဆုံးသားဖြစ်သူအတွက် အိမ်ထောင်ရေးကိစ္စကို စတင် တွေးတောကို စိုးရန်ပူပန်နေခဲ့သည်။

လုသခင်မနှင့် သူမ၏ မောင်ဖြစ်သူ လုသခင်လေးတို့ကြားမှ အသက်ကွာခြားမှု ကြီးမားသည်။ မြို့စားမင်း၏ ဆက်ခံသူ ဖြစ်သော လုသခင်လေးက ဆယ့်လေးနှစ်အရွယ်တွင် စစ်တပ်သို့ ဝင်ရောက်သွားခဲ့ပြီး ယခုနှစ်၌ ဆယ့်ကိုးနှစ် ပြည့်တော့မည် ဖြစ်သည်။

တာ့ကျင်းမင်းဆက်၏ အိမ်ထောင်ရေး ဓလေ့ထုံးတမ်းအရ ဆိုလျှင် ဤအရွယ်က နောက်ကျသည်ဟု မဆိုနိုင်သော်လည်း စောသည်ဟုလည်း မပြောနိုင်တော့ပေ။

တင်းအန်းမြို့စားကတော်၏ စိတ်ထဲတွင် မိန်းကလေးငယ်အချို့ ရှိနေသော်လည်း ဆုံးဖြတ်ရခက်နေခဲ့သည်။ ထို့ကြောင့် လုသခင်မထံမှ အကြံဉာဏ်ရယူရန်အတွက် နယ်စားမင်းအိမ်တော်သို့ လာရောက်လည်ပတ်ရန် နေ့တစ်နေ့ကို ရွေးချယ်လိုက်သည်။

တိုက်ဆိုင်စွာဖြင့် ထိုနေ့တွင် ဝမ်ယဲ့ကလည်း ထိုနေရာ၌ ရောက်ရှိနေလေသည်။

ပြောရမည်ဆိုလျှင် ဝမ်ယဲ့တစ်ယောက် တင်းအန်းမြို့စားကတော်နှင့် တွေ့ဆုံဖူးသည့်အကြိမ်က မများလှပေ။ သို့သော်လည်း တွေ့တိုင်း သူမ၏ အလှအပကို ငေးမောမိမြဲပင်။ တခါတရံတွင်တော့ သူမလည်း ကံကြမ္မာကို လက်ခံလိုက်ရသည်သာ ဖြစ်သည်။ သူမ အသားအရေကို မည်မျှပင် ဂရုစိုက်ပါစေ၊ သဘာဝအတိုင်း လှပနေသူနှင့်တော့ ယှဉ်နိုင်မည်မဟုတ်ပေ။ မြို့စားမင်းကတော်၏ အသားအရေက ဝင်းပနေပြီး အသက်လေးဆယ်ကျော်ပြီဟု မည်သူမျှ မထင်မှတ်နိုင်လောက်အောင် လှပနေသည်။

လုသခင်မ၏ မျက်နှာသွင်ပြင်က သူမ၏ မိခင်နှင့် အတော်လေး ဆင်တူသော်လည်း အနည်းငယ် ကွဲပြားသည့်အချက်များ ရှိနေသေးသည်။ ထိုကွဲပြားချက်လေးများက တင်းအန်းမြို့စားကြီးထံမှ ရရှိလာခြင်းဖြစ်မည်ဟု ဝမ်ယဲ့ တွေးမိလိုက်သည်။

မြို့စားကတော်က လက်ဖက်ရည် တစ်ငုံသောက်လိုက်စဉ် တစ်စုံတစ်ယောက်၏ အကြည့်ကို ခံလိုက်ရသလို ခံစားမိလိုက်သည်။ သူမ မော့ကြည့်လိုက်ချိန်တွင် သမီးဖြစ်သူ၏ ယောင်းမ ဝမ်ယဲ့က သူမအား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူမ အပြုံးဖြင့် မေးမြန်းလိုက်သည်။

"ယဲ့နျန်း၊ ငါ့ကို ဘာလို့ အဲ့ဒီလို စိုက်ကြည့်နေတာလဲ"

လုသခင်မလည်း ဝမ်ယဲ့ဘက်သို့ လှည့်ကြည့်လာသည်။

ဝမ်ယဲ့က အပြုံးလေးဖြင့် ပြန်ရှင်းပြနေသည်။

"မြို့စားကတော်ကြီးရဲ့ အသားအရေက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ချောမွေ့နေရတာလဲလို့ စဉ်းစားနေတာပါ၊ ကျွန်မလည်း အဲ့ဒီလျှို့ဝှက်ချက်လေးတွေကို သင်ယူချင်မိလို့ပါ"

မြို့စားကတော်က ဝမ်ယဲ့က ဤသို့မေးလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် လက်ကိုင်ပုဝါလေးဖြင့် ပါးစပ်ကို အုပ်ကာ အသံတိုးတိုးလေးဖြင့် ရယ်မောနေလေသည်။

လုသခင်မက ဝမ်ယဲ့ကို မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး သူမ၏မိခင်ဘက်သို့ လှည့်ပြောလိုက်သည်။

"အမေ၊ ယဲ့နျန်းက နောက်နေတာပါ၊ သူ့စကားတွေကို အရေးစိုက် မနေပါနဲ့"

အမှန်စင်စစ် တင်းအန်းမြို့စားကတော်က ဝမ်ယဲ့နှင့် ယခင်က ရင်းရင်းနှီးနှီး မဆက်ဆံခဲ့ဖူးသလို သူမအကြောင်းကိုလည်း သမီးဖြစ်သူ လုသခင်မ၏ ပြောပြချက်အရသာ သိရှိထားခြင်းဖြစ်သည်။

သမီးဖြစ်သူ ပြောလေ့ရှိသည့် စကားလုံးများထဲတွင် "နှုတ်ချိုတယ်" ဆိုသည့် စကားမှာ အထင်ရှားဆုံးဖြစ်သည်။

ထိုအချိန်တုန်းက မြို့စားကတော်အနေဖြင့် သူမ၏သမီး ချဲ့ကားပြောနေသည်ဟု ထင်ခဲ့မိသော်လည်း ယနေ့ တွေ့ဆုံမှုအပြီးတွင်တော့ ထိုအယူအဆကို တိတ်တဆိတ် ပြန်ရုပ်သိမ်းလိုက်သည်။

‘သူမ အမြင်ကျဉ်းမိခဲ့တယ်’

သူမက သမီးဖြစ်သူကို ကြည့်ကာ ပြန်ပြောလိုက်သည်။

"ဘာကို အရေးမစိုက်ရမှာလဲ၊ သူက သိပ်ကို ဖော်ရွှေပြီး ချစ်စရာကောင်းတယ်လေ"

မြို့စားကတော်ကြီးက အနည်းငယ် ချုပ်တည်းတတ်သူ ဖြစ်သော်လည်း စိတ်ရင်းမှန်ဖြင့် ချီးကျူးမှုကိုတော့ ငြင်းဆန်လေ့မရှိပေ။ အသားအရေ ထိန်းသိမ်းနည်းနှင့် ပတ်သက်လျှင်လည်း သူမထံတွင် ကိုယ်ပိုင်လျှို့ဝှက်ချက်များ ရှိနေသည်မှာ အမှန်ပင်။

ဝမ်ယဲ့၏ စိတ်ရင်းမှန်ကို မြင်လိုက်ရသောကြောင့် မြို့စားကတော်ကြီးက ရက်ရောစွာ တုံ့ပြန်လိုက်သည်။

"ကောင်းပါပြီ၊ နောက်မှ အဲ့ဒီအသားအရေထိန်းသိမ်းနည်းကို ရေးပေးမယ်။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ခန္ဓာကိုယ်ချင်း မတူကြတော့ မျှော်လင့်ချက်ကိုတော့ အလွန်အကျွံ မထားနဲ့ပေါ့"

ထို့နောက် စကားဝိုင်းက မြို့စားမင်းကြီး၏ အမွေဆက်ခံသူအတွက် သင့်တော်မည့် ဇနီးလောင်း ရွေးချယ်ရေးကိစ္စသို့ ပြန်ရောက်သွားသည်။

မြို့စားမင်းကတော် တွေးထားသည့် မိန်းကလေးနှစ်ဦးနှင့် ပတ်သက်ပြီး လုသခင်မက သူမ၏ အမြင်ကို ပြောပြပေးခဲ့သည်။ ထို့နောက် လုသခင်မက မိခင်ဖြစ်သူကို အကြံပြုလိုက်သည်။

"သူတို့နှစ်ယောက်စလုံးက အရမ်းကောင်းတဲ့ မိန်းကလေးတွေပါ၊ ဒါပေမယ့် အမေ... မောင်လေးကိုလည်း တိုင်ပင်ကြည့်သင့်တယ်၊ အိမ်ထောင်ရေးတစ်ခု သာယာဖို့ဆိုတာ ယောက်ျားဖြစ်သူရဲ့ သဘောထားအပေါ်မှာ အများကြီး မူတည်နေတယ်လေ"

လုသခင်မက သွယ်ဝိုက်ပြောလိုက်သော်လည်း သူမဆိုလိုရင်းက ရှင်းလင်းလှသည်။ အကယ်၍ ယောက်ျားဖြစ်သူက နားလည်မှုရှိပြီး သစ္စာရှိမည်ဆိုပါက ဇနီးဖြစ်သူကလည်း သဘာဝအတိုင်း နူးညံ့သိမ်မွေ့ပြီး နာနာခံခံ နေထိုင်မည် ဖြစ်သည်။

ထို့အပြင် အမွေဆက်ခံသူထံတွင်လည်း လက်ရှိအချိန်အထိ ချစ်သူမရှိသေးကြောင်းကိုလည်း သွယ်ဝိုက်ဆိုလိုလိုက်ခြင်းပင်။

မြို့စားမင်းကတော်နှင့် မြို့စားမင်းကြီးက ငယ်ရွယ်စဉ်ကပင် အချစ်ကြောင့် အိမ်ထောင်ပြုခဲ့ကြသူများဖြစ်ပြီး ကလေးများ၏ အိမ်ထောင်ရေးကိစ္စတွင် သူတို့၏ သဘောထားကို အမြဲတမ်း တောင်းခံလေ့ရှိသည်။ လုသခင်မကလည်း မောင်ဖြစ်သူ၏ အဆုံးအဖြတ်ကို ယုံကြည်နေသည်။

ရွေးချယ်စရာ မိန်းကလေးများကို စိတ်ထဲမှ မှတ်သားပြီးနောက် မြို့စားမင်းကတော်က လုသခင်မ၏ အိမ်တော်တွင် ကြာရှည်မနေတော့ပေ။ သူမက အလျင်အမြန် အိမ်ပြန်ရန် ပြင်ဆင်နေပြီး မိန်းခလေးဘက်မှ မိသားစုများ၏ သဘောထားကို စုံစမ်းရန် ပြင်ဆင်နေခဲ့သည်။

သူမ မပြန်ခင် ဝမ်ယဲ့အတွက် အသားအရေ ထိန်းသိမ်းနည်း စာရွက်လေးကို ပေးခဲ့သေးသည်။

ဝမ်ယဲ့တစ်ယောက် ထိုစာရွက်လေးအား စိတ်အားထက်သန်စွာ ကိုင်ထားသည်ကို မြင်ရချိန်တွင် လုသခင်မက ဝင်ပြောလိုက်သည်။

"နင့်ကို စိတ်ဓာတ်ကျစေချင်လို့ ပြောတာတော့ မဟုတ်ဘူး၊ ဒါပေမယ့် ငါလည်း အဲ့ဒီနည်းကို အရင်က စမ်းကြည့်ဖူးတယ်၊ ငါ့အတွက်တော့ သိပ်ပြီး ထူးခြားမှု မရှိခဲ့ဘူး"

ဝမ်ယဲ့က စာရွက်လေးကို ဘေးသို့ ချကာာ ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။

"ရပါတယ်၊ မမရယ်.... မရှိတာထက်စာရင် တစ်ခုခု ရှိတာက ပိုကောင်းတာပေါ့"

တင်းအန်းမြို့စားမင်းကတော်၏ အသားအရေက သဘာဝအတိုင်း ဝင်းပနေခြင်းဖြစ်ပြီး အသားအရေထိန်းသိမ်းမှုကြောင့်တစ်ခုတည်းကြောင့် မဟုတ်ကြောင်း ဝမ်ယဲ့ နားလည်နေသည်။ သို့သော်လည်း အချို့လူများက ကိုယ်တိုင်မြင်ရမှသာ ယုံကြည်တတ်ကြသည်။

သူမလည်း ထိုလူစားထဲတွင် ပါဝင်နေခဲ့သည်။

ဝမ်ယဲ့တစ်ယောက် ထိုစာရွက်လေးကို ကိုင်ကာ အနောက်ဘက်ခြံဝင်းသို့ ပြန်လာခဲ့သည်။ ညစာစားပြီးနောက် ဝမ်ယဲ့က ထိုစာရွက်ပါ နည်းလမ်းကို စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ လိုအပ်သည့် ပစ္စည်းများကို အသင့်ပြင်ဆင်နေစဉ် ရွှီယွဲ့ကျား ပြန်ရောက်လာပြီး အချိန်က ည ၉ နာရီကျော်နေပြီ ဖြစ်သည်။

ရွှီယွဲ့ကျားက အရင်ဆုံး ရေသွားချိုးပြီးမှ ဝမ်ယဲ့ဘေးသို့ ဝင်ထိုင်သည်။ သူက သူမဘေးတွင် တင်ထားသော စာရွက်ကို သတိထားမိကာ မေးမြန်းနေသေးသည်။

"ဒါ ဘာစာရွက်လဲ"

မှန်တင်ခုံရှေ့တွင် ထိုင်နေသော ဝမ်ယဲ့က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

"ဒါက ယောင်းမရဲ့ အမေဆီက ရလာတဲ့ အသားအရေ ထိန်းသိမ်းနည်းပါ"

ရွှီယွဲ့ကျားက စာရွက်ကို ကောက်ကိုင်ကာ တစ်ချက်ကြည့်လိုက်သည်။ သူ ဘာမှပြန်မပြောသည်ကို မြင်လိုက်ရသောကြောင့် ဝမ်ယဲ့က စနောက်လိုက်သည်။

"ကျွန်မ ဒီတာ့ကျင်းမင်းဆက်မှာ အသက်အငယ်ဆုံး အဘွားအိုဖြစ်လာဖို့ ကြိုးစားကြည့်မလို့လေ"

ရွှီယွဲ့ကျားက သူ နားကြားမှားနေသည်ဟု ထင်နေရှာသည်။ သို့သော် နေ့လည်က အိမ်နောက်ဖေးတွင် စပျစ်သီးခူးရန် ခြေဖျားထောက်နေရသည့် ရွှီယွိရွှမ်ကို ပြန်မြင်ယောင်မိပြီး သူ ပြန်ပြောလိုက်သည်။

"သူက လက်ထပ်ဖို့ အသက်ငယ်သေးတယ်"

ဝမ်ယဲ့က ရွှံ့နွံကဲ့သို့ နီညိုရောင်ဆေးအနှစ်များကို မျက်နှာပေါ် လိမ်းခြယ်ရင်း ပြန်ပြောလိုက်သည်။

"ကလေးတွေက လေတိုက်နှုန်းအတိုင်း မြန်မြန်ကြီးထွားလာတယ်လို့ ပြောကြတာ မဟုတ်ဘူးလား၊ နောက်ထပ် လေတိုက်နှုန်း နည်းနည်းလောက် ထပ်တိုးလိုက်ရင် သူလည်း အရွယ်ရောက်သွားမှာပေါ့"

ရွှီယွဲ့ကျားက အလေးအနက် မေးနေပြန်သည်။

"လေတိုက်နှုန်းက ဘယ်လောက် လိုမှာလဲ"

ရွှီယွဲ့ကျားတစ်ယောက် စိတ်ကူးယဉ်ဆန်ဆန် စကားများပြောတတ်သူနှင့် အချိန်အကြာကြီး အတူနေမိ၍ သူမဆီမှ အကျင့်များ ကူးစက်သွားပြီလားဟုပင် ဝမ်ယဲ့ တွေးမိသွားရသည်။

မြို့စားမင်းကတော် ချန်ထားခဲ့သည့် စာရွက်ထဲတွင် ဆေးအနှစ်ကို အနည်းဆုံး မိနစ်သုံးဆယ်ကြာအောင် ထားရမည်ဖြစ်သော်လည်း အကြာကြီးထားမိလျှင် ဆေးကြောရ ခက်ခဲလိမ့်မည်ဟု ရေးသားထားသည်။ ဝမ်ယဲ့က သူမ၏ မျက်နှာပေါ်မှ အနီရောင်အစင်းကြောင်းများကို မှန်ထဲတွင် ကြည့်လိုက်ပြီး ရွှီယွဲ့ကျားဘက်သို့ လှည့်ကာ ပြောလိုက်ပြန်သည်။

"ရှင် အရင် အိပ်နှင့်တော့လေ"

ရွှီယွဲ့ကျားကလည်း ထိုစာရွက်ကို ဖတ်ကြည့်ပြီးပြီ ဖြစ်သောကြောင့် ပါဝင်ပစ္စည်း အချိုးအစား၊ ပမာဏနှင့် သတိပြုရမည့်အချက်များကို သိရှိထားပြီး ဖြစ်သည်။

ထို့ကြောင့် သူက ထပ်သတိပေးလိုက်သည်။

"အိပ်ခါနီးရင် မျက်နှာကို သေချာဆေးကြောဖို့ မမေ့နဲ့ဦး"

ဝမ်ယဲ့က ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်သည်။

"ကျွန်မက ရှင့်ထက်ပိုပြီး သိပါတယ်ရှင်"

သို့သော်လည်း သန်းခေါင်ယံအချိန်တွင်.....

ဝမ်ယဲ့ ရုတ်တရက် နိုးလာပြီး သူမ၏မျက်နှာကို စမ်းကြည့်လိုက်ရာ ထူးဆန်းနေသလို ခံစားလိုက်ရသည်။ သူမ၏မျက်နှာက မညီမညာ ဖြစ်နေသောကြောင့် သူမ ကုတင်အပြင်ဘက်တွင် အိပ်ပျော်နေသော ရွှီယွဲ့ကျားကို ကျော်ဖြတ်ကာ ဖယောင်းတိုင်ကို မီးညှိပြီး မှန်ထဲသို့ ကြည့်လိုက်သည်။ ထင်သည့်အတိုင်းပင်၊ ဆေးအနှစ်များက လုံးဝ ခြောက်သွေ့သွားခဲ့ချေပြီ။ သူမ ညက ဝတ္ထုတစ်ပုဒ်ကို ဖတ်နေရင်း အာရုံစိုက်လွန်သွားပြီး အိပ်ခါနီးတွင် ဆေးကြောရန် မေ့သွားခဲ့ခြင်းပင်။

သူမ၏ လှုပ်ရှားမှုများကြောင့် ရွှီယွဲ့ကျားလည်း နိုးလာခဲ့သည်။

"ဘာဖြစ်တာလဲ"

သူက ထထိုင်လိုက်ရင်း မေးလိုက်သည်။

ဝမ်ယဲ့ သူမ၏ မျက်နှာကို လက်ညှိုးထိုးပြလိုက်ရာ ရွှီယွဲ့ကျားတစ်ယောက် ခဏမျှ မှင်သက်သွားပြီးမှ ပြန်မေးနိုင်တော့သည်။

"မေ့သွားတာလား"

ဝမ်ယဲ့က ခေါင်းညိတ်ပြလိုက်သည်။

ရွှီယွဲ့ကျားက ကုတင်ပေါ်မှ ဆင်းကာ အခန်းထဲရှိ မီးအိမ်အားလုံးကို ထွန်းညှိလိုက်သည်။ သူမ၏မျက်နှာကို ပိုရှင်းလင်းစွာ မြင်လိုက်ရချိန်တွင် သူက အနည်းငယ် ပြုံးရင်း လှမ်းပြောလိုက်သည်။

"ကိုယ် ရေနွေး ယူလာပေးမယ်"

ဝမ်ယဲ့တစ်ယောက် ခြောက်သွေ့နေသော ဆေးအနှစ်များကို လက်ဖြင့် ခွာရန် ကြိုးစားနေသော်လည်း ဆေးအနှစ်များက ခြောက်သွေ့ပြီး အလွန်တင်းမာနေသည်။

ရွှီယွဲ့ကျားက ရေနွေးနှင့် ပြန်ရောက်လာပြီး ရေနွေးစွတ်ထားသော အဝတ်ဖြင့် သူမ၏မျက်နှာကို သုတ်ပေးနေသည်။ သူမ၏မျက်နှာ သန့်စင်သွားရန် တစ်နာရီနီးပါး အချိန်ယူလိုက်ရသည်။

နောက်ဆုံးတွင် သူမ၏မျက်နှာကို သန့်စင်နိုင်ခဲ့ပြီး အနီရောင်အစက်အပြောက်ကြီးများ ကျန်ရစ်နေသည်။ ဝမ်ယဲ့ကတော့ မှန်ထဲမှ သူမကိုယ်သူမ ကြည့်ရင်း စိတဆ်ဓာတ်ကျနေလေသည်။

'ငါတော့ သွားပြီးပဲ'

နောက်တစ်နေ့ နံနက်တွင် ရွှီယွိရွှမ်က လာရောက် ဂါရဝပြုသည်။

အခန်းရှေ့တွင် ဖခင်ဖြစ်သူကိုသာ မြင်လိုက်ရသောကြောင့် သူက ချက်ချင်းမေးမြန်းနေသည်။

"မေမေ မနိုးသေးဘူးလား"

သူ့စကားဆုံးသည်နှင့် အတွင်းခန်းတံခါး ပွင့်လာခဲ့သည်။ ထိုအသံကို ကြားလိုက်ရသဖြင့် ရွှီယွိရွှမ် လှည့်ကြည့်လိုက်သည်။ မည်သူမည်ဝါဖြစ်ကြောင်း သေချာမမြင်ရသေးမီမှာပင် သူက အမှတ်တမဲ့ မေးလိုက်သည်။

"ခင်ဗျားက ဘယ်သူလဲ၊ ဘာလို့ ကျွန်တော့်မေမေရဲ့ အခန်းထဲက ထွက်လာတာလဲ"

ဝမ်ယဲ့၏ မျက်နှာတစ်ခုလုံး နီရဲသွားသော်လည်း အခြေအနေကို ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။ သူမက မျက်နှာကို လက်ဖြင့် အုပ်ကာ အသံကို တမင်ဖျက်ပြီး ပြန်ပြောလိုက်သည်။

"ငါက မင်းအဖေရဲ့ အိမ်ထောင်အသစ်ပဲ"

ယခုအချိန်တွင် ရွှီယွိရွှမ်က "အိမ်ထောင်သစ်" ဆိုသည့် စကားလုံး၏ အဓိပ္ပာယ်ကို အနည်းငယ် သဘောပေါက်နေပြီ ဖြစ်သည်။

သူက နောက်သို့ ချက်ချင်း လှည့်ကာ ရွှီယွဲ့ကျားကို စူးစိုက်ကြည့်ရင်း အော်ပြောလိုက်သည်။

"ဖေဖေ.... ဖေဖေက တကယ်ကို ရက်စက်တာပဲ"

အပြစ်မရှိဘဲ ဤကိစ္စထဲသို့ ပါဝင်သွားရသည့် ရွှီယွဲ့ကျားက ဘာမျှ ပြန်မပြောပေ။ သူက အတွင်းခန်းတံခါးဝတွင် ရပ်နေသော အမျိုးသမီးလေးကိုသာ တိတ်တဆိတ် ကြည့်နေခဲ့သည်။

ဝမ်ယဲ့က သူ့အကြည့်နှင့် ဆုံမိသွားပြီး သူ့ကို ပြုံးပြရန် ပြင်လိုက်စဉ်မှာပင် ရွှီယွဲ့ကျားအား လှမ်းအော်နေသည့် ရွှီယွိရွှမ်၏ အသံကို ကြားလိုက်ရသည်။

"အလှဆုံးဖြစ်တဲ့ ရွှမ်အာရဲ့ အရင်အမေကိုပဲ လိုချင်တာ၊ ဒီတစ်ယောက်က... ဒီတစ်ယောက်က ရွှမ်အာရဲ့ မေမေနဲ့ ဘယ်နေရာမှာမှ မတူဘူး"

ဝမ်ယဲ့ : ‘ငါ ဒေါသ မထွက်ဘူး၊ ငါ ဆက်ပြုံးထားရမယ်၊ အနည်းဆုံးတော့ သူက ငါကို အလှဆုံးလို့ ပြောသွားခဲ့တာပဲ မဟုတ်ဘူးလား’

All Chapters