အခန်း ၉၈
Vol. 10 Ch. 98 - extra 2
အခန်း ၉၈ အချပ်ပို ၂
နေ့စဉ် အသေးအဖွဲကိစ္စများ (အပိုင်း ၃)
မျက်နှာတစ်ခုလုံး နီရဲသွားရသည့် ဒဏ်ကြောင့် ဝမ်ယဲ့ ရက်အတော်ကြာ အိမ်အပြင် မထွက်ရဲခဲ့ပေ။ ရွှီယွိရွှမ်တစ်ယောက် သူမကို သူ့အမေအသစ်ဟု မှားယွင်းထင်မှတ်ပြီးနောက် နောက်နေ့တွင် မိုးမလင်းသေးခင်မှာပင် ရွှီယွဲ့ကျားက အိပ်ရာနိုးနေပြီ ဖြစ်သည်။
ဝမ်ယဲ့လည်း ကောင်းကောင်း အိပ်မပျော်ခဲ့ပေ။ နိုးလာပြီးနောက် သူမက ခေါင်းအုံးပေါ်တွင် မှီလျက်၊ ကုတင်ဘေးတွင် အဝတ်အစားများ ဝတ်ဆင်ပြီး ဦးထုပ်ဆောင်းနေသည့် ရွှီယွဲ့ကျားကို မျက်တောင်မခပ် စိုက်ကြည့်နေသည်။ ရုတ်တရက် သူမက စိတ်ကူးပေါက်က မေးလိုက်ပြန်သည်။
"ယောက်ျား... ကျွန်မတို့ ဒီရက်ပိုင်း လုပ်နေတာတွေက တခြားလူတွ ဖောက်ပြန်နေကြတာမျိုးနဲ့ တူနေတယ်လို့ ရှင် မထင်ဘူးလား"
ရွှီယွဲ့ကျားက အင်္ကျီကော်လာကို ပြင်နေရင်း ခဏတုံ့ဆိုင်းသွားက သူ့အကြည့်များက သူမဆီသို့ ရောက်လာခဲ့သည်။ သူက နှုတ်ခမ်းလှုပ်ရုံ ပြန်မေးလာခဲ့သည်။
"မင်း အိပ်ချင်မူးတူး ဖြစ်နေသေးတာလား"
ဝမ်ယဲ့က ခိုင်လုံသော အကြောင်းပြချက် ပြန်ပေးလိုက်သည်။
"ရှင် ရောက်လာတယ်၊ အိပ်တယ်၊ ပြီးတော့ ပြန်သွားတယ်၊ ကျွန်မကလည်း ဘယ်ကိုမှ မထွက်ရဲဘူး၊ ဒါက အဲ့လိုမျိုးနဲ့ ဆင်တူနေတာ မဟုတ်ဘူးလား"
သူမက ပိုခိုင်မာစေရန် ဆက်ပြောလိုက်သေးသည်။
"ဝတ္ထုတွေထဲမှာလည်း အဲ့လိုပဲ ရေးထားတာလေ"
"ကိုယ်တို့မှာ ရုံးတော်က တံဆိပ်တုံးနှိပ်ပေးထားတဲ့ လက်ထပ်စာချုပ် ရှိတယ်။ မင်းရဲ့ ဝတ္ထုတွေထဲမှာ အဲ့လို ဆက်ဆံရေးမျိုးကို ဖောက်ပြန်တယ်လို့ သတ်မှတ်လို့လား"
"ဘာလို့ မသတ်မှတ်ရမှာလဲ၊ အဲ့ဒီ လက်ထပ်စာချုပ်မှာ နာမည်တွေကို ဘေးချင်းယှဉ်ပြီး ရေးထားတာမှ မဟုတ်တာ"
နှစ်ယောက်စလုံးက တရားဝင် လင်မယားများ ဖြစ်ကြသော်လည်း သူတို့၏ လက်ထပ်စာချုပ်များက သီးခြားစီ ဖြစ်ကာ သူတို့ကြားတွင် အမှန်တကယ် ဆက်သွယ်မှု မရှိခဲ့ပေ။ ရွှီယွဲ့ကျားက သူမ ပုံစံအမျိုးမျိုးဖြင့် ဝတ္ထုများ ဖတ်ရသည်ကို နှစ်သက်မှန်း သိသော်လည်း ဤမျှထိ ထူးဆန်းလိမ့်မည်ဟုတော့ သူ မမျှော်လင့်ထားခဲ့ပေ။
သူက ဝမ်ယဲ့ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
ဝမ်ယဲ့က ရှက်ရွံ့စွာ ရယ်မောရင်း ပြန်ထပ်ပြောလိုက်သည်။
"အဲ့ဒါကို မကြားခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါ"
ရွှီယွဲ့ကျား၏ အတွေးကတော့ တစ်မျိုးဖြစ်သည်။
'နောက်ကျသွားပြီ'
ထို့နောက် သူက သူ့အဝတ်အစားများ စချွတ်နေပြီ ဖြစ်သည်။
သူ အဝတ်အစား ဝတ်ပြီးခါမှ ပြန်ချွတ်နေသည်ကို မြင်လိုက်ရသောကြောင့် ဝမ်ယဲ့က နားမလည်နိုင်ဟန်လေးဖြင့် မေးလိုက်ပြန်သည်။
"ရှင် ရုံးတော်ကို မသွားတော့ဘူးလား"
"အလျင်မလိုပါဘူး"
"အလျင်မလိုဘူးဆိုရင်တောင် အဝတ်တွေ ပြန်ချွတ်စရာ မလိုပါဘူးလေ”
ရွှီယွဲ့ကျားက သူမကို မျက်ခုံးပင့်ကြည့်ကာ တည်ငြိမ်သောအသံဖြင့် မေးလာခဲ့သည်။
"မင်းပဲ အထောက်အထားအသစ်တစ်ခု ခံစားကြည့်ချင်တယ်လို့ ပြောနေခဲ့တာ မဟုတ်ဘူးလား"
ဝမ်ယဲ့ : "..."
‘ငါ ဘယ်တုန်းကများ အဲ့လို ပြောခဲ့မိပါလိမ့်’
........။.......။.....
နေ့စဉ် အသေးအဖွဲကိစ္စများ (အပိုင်း ၄)
ရွှီယွိရွှမ် အသက်ခုနစ်နှစ်အရွယ်တွင် ဝမ်မိသားစု၌ ဝမ်းမြောက်စရာကောင်းသည့် အဖြစ်အပျက်တစ်ခု ထပ်မံဖြစ်ပေါ်လာခဲ့သည်။ လျိုရှီက သားယောက်ျားလေးတစ်ယောက် ထပ်မွေးဖွားလိုက်ခြင်းပင်။
ထိုလတွင် ရွှီယွဲ့ကျားက အမှုကိစ္စတစ်ခုကို စုံစမ်းရန် ခရီးလွန်နေပြီး အချိန်မီ ပြန်မရောက်နိုင်ခဲ့ပေ။ ထို့ကြောင့် ဝမ်ယဲ့က ရွှီယွိရွှမ်ကို သူမတစ်ယောက်တည်း ခေါ်ဆောင်ကာ တစ်လပြည့်ပွဲသို့ တက်ရောက်ခဲ့သည်။
နှစ်များစွာ ကုန်လွန်လာခဲ့ပြီး ဝမ်ယဲ့က မိဘအိမ်သို့ မကြာခဏ ပြန်လေ့ရှိသဖြင့် ရွှီယွိရွှမ်လည်း ဝမ်မိသားစုမှ ကလေးများနှင့်လည်း တဖြည်းဖြည်း ရင်းနှီးလာခဲ့သည်။ အကြီးဆုံးယောင်းမ ယန်ရှီ၏ စနစ်တကျ ပြုစုပျိုးထောင်ခြင်းကို ခံထားရသည့် ဝမ်ချန်နှင့် ဝမ်ချီတို့က အခြားသူများနှင့် အဆင်ပြေပြေ ပေါင်းသင်းတတ်ကြသည်။ လူကြီးများအကြား ဆက်ဆံရေး မည်သို့ပင်ရှိစေကာမူ ငယ်ရွယ်သည့် မျိုးဆက်လေးများက အလွန်ကောင်းမွန်စွာ ပေါင်းသင်းဆက်ဆံနိုင်ခဲ့ကြသည်။
ရွှီယွိရွှမ်ကလည်း သူတို့နှင့် အလျင်အမြန် လုံးထွေးသွားတော့သည်။
ဝမ်ယဲ့ နယ်စားမင်းအိမ်တော်သို့ ထိမ်းမြားလက်ထပ်ဝင်ရောက်ခဲ့သည်မှာ ငါးနှစ်၊ ခြောက်နှစ်ခန့် ရှိပြီဖြစ်သော်လည်း သူမ ကလေးမရသေးပေ။ အပြင်လောကတွင် ကောလာဟလများ၊ ဝေဖန်ပြောဆိုမှုများ ရှိနေသည်မှာ အမှန်ပင်ဖြစ်သော်လည်း ဝမ်မိသားစုအတွင်းတော့ ဝမ်ယဲ့ထံသို့ ထိုစကားများ ရောက်မလာခဲ့ပေ။
သူမ၏ ဖခင်က ထိုမျှအထိ အသေးစိတ် ဂရုစိုက်မည့်သူ မဟုတ်မှန်း ဝမ်ယဲ့ နားလည်နေသည်။ ထို့ကြောင့် အိမ်တော်အတွင်း၌ ကဲ့ရဲ့သံများ မထွက်စေရန် အစေခံများကို သီးသန့်မှာကြားထားသူက သခင်မရှန်းသာ ဖြစ်နိုင်သည်။ ယခင်က ဝမ်ယဲ့ရှေ့တွင် သူမ၏ သားသမီးသုံးယောက်အကြောင်း အမြဲတမ်း ကြွားလုံးထုတ်တတ်သည့် ဝမ်ဟွေ့ပင်လျှင် ယခု ထိုသို့ မလုပ်တော့ပေ။
ဝမ်ဟွေ့၏ ကြွားလုံးထုတ်မှုများ ရပ်တန့်သွားသဖြင့် သူမ၏သားဖြစ်သူ တုမင်ယောင် အသက်ဆယ်နှစ်အရွယ်ဖြင့် ကလေးစာပေပညာရှင် စာမေးပွဲ အောင်မြင်သွားကြောင်းကို ဝမ်ယဲ့ တစ်လခန့် နောက်ကျမှ သိခွင့်ရခဲ့သည်။ အသက်ဆယ်နှစ်တွင် ကလေးစာပေပညာရှင် ဖြစ်လာခြင်းက သူ၏မိခင် ဝမ်ဟွေ့ထံမှ ဘာမှအမွေဆက်ခံထားပုံမရမှန်း သိသာနေသည်။ ကောင်လေးက ငယ်စဉ်ကတည်းက ကဗျာများကို အလွတ်ကျက်ရာတွင် လျင်မြန်လှပြီး ယခုအခါတွင်လည်း စာမေးပွဲများတွင် အခြားသူများထက် ထူးချွန်နေချေပြီ။
ထိုအကြောင်းကို နောက်ကျမှ သိလိုက်ရသည့် ဝမ်ယဲ့က မွေးနေ့ပွဲသို့ တက်ရောက်ရင်း အခွင့်ကောင်းယူကာ တုမင်ယောင်အတွက် ဂုဏ်ပြုလက်ဆောင်တစ်ခု ယူလာခဲ့သည်။
ဝမ်ဟွေ့က ဝမ်ယဲ့ထံမှ လက်ဆောင်ရလိမ့်မည်ဟု လုံးဝမထင်ထားသဖြင့် အနည်းငယ် အနေရခက်နေသည်။ သူမက လေသံတောင့်တောင့်ဖြင့် ပြောလိုက်သည်။
"ရုတ်တရက်ကြီး ဘာလို့ ဒီလောက် ဂရုစိုက်နေတာလဲ၊ လက်ဆောင်တွေ...."
ဝမ်ယဲ့က သူမစကားကို ကြားဖြတ် ပြောလိုက်သည်။
“ဒါဆို ပြန်ပေးလိုက်လေ"
ဝမ်ဟွေ့က ချက်ချင်း ဘေးသို့ ရှောင်ထွက်သွားကာ ငြင်းဆန်လိုက်သည်။
"ပေးပြီးသား လက်ဆောင်ကို ဘယ်သူက ပြန်တောင်းမှာလဲ"
ဝမ်ယဲ့ : "ကျွန်မကတော့ တောင်းတယ်"
ဝမ်ဟွေ့တစ်ယောက် စကားမပြောနိုင် ဖြစ်သွားရသော်လည်း နောက်ဆုံးတွင် ပြန်ပြောလာခဲ့သည်။
"ကောင်းပြီလေ၊ ဒါပေမဘ့် နောက်တစ်ခါကျရင်တော့ ငါ့ဆီက လက်ဆောင်ဆိုတာ မျှော်လင့်မနေနဲ့"
ထို့နောက် သူမက လက်ဆောင်ဘူးကို သူမ၏ ကိုယ်ပိုင်အစေခံမလေးထံ ပေးအပ်လိုက်ပြီး အဖိုးတန်ပစ္စည်းဖြစ်သဖြင့် သေချာဂရုတစိုက် သိမ်းဆည်းထားရန် အကြိမ်ကြိမ် မှာကြားနေသည်။
ညီအစ်မနှစ်ယောက် ရန်စကားများ ပြောဆိုပြီးနောက်တွင် အသီးသီး လမ်းခွဲသွားကြသည်။ ဝမ်လန်က ကိုယ်လုပ်တော်ကွေ့ရှိရာသို့ သွားနေပြီဖြစ်ကာ မိခင်နှင့် သမီးနှစ်ဦးသား သီးသန့် စကားများ ပြောဆိုနေကြသည်။
ဝမ်မိသားစုတွင် သူမတို့နှစ်ဦးက အာရုံစိုက်ခံရမှု အနည်းဆုံးသူများ ဖြစ်သော်လည်း တစ်ခါမျှ အနိုင်ကျင့်ခံရခြင်း၊ နစ်နာခြင်းမျိုး မရှိခဲ့ပေ။ စားဝတ်နေရေးအတွက်လည်း လိုအပ်ချက်ဟူ၍ မရှိခဲ့ပေ။
ကိုယ်လုပ်တော်ကွေ့က သူမ၏ ဘဝကို ကျေနပ်နေခဲ့သည်။ သူမက ယခင်က သခင်မရှန်း၏ ခန်းဝင်အစေခံဖြစ်ခဲ့ပြီး နောက်ပိုင်းမှ ဝမ်ယဲ့တို့ ဖခင်၏ ကိုယ်လုပ်တော် ဖြစ်လာခဲ့သူ ဖြစ်သည်။ သမီးတစ်ယောက် ရရှိပြီး သမီးဖြစ်သူ လက်ထပ်သွားပြီးနောက်ပိုင်းတွင်လည်း တစ်နှစ်လျှင် နှစ်ကြိမ်၊ သုံးကြိမ်ခန့် ပုံမှန်တွေ့ဆုံနိုင်နေသေးသည်။
ကိုယ်လုပ်တော်ပိုင် ကွယ်လွန်သွားပြီးနောက်တွင် ကိုယ်လုပ်တော်ကွေ့က သူမ၏ ပတ်ဝန်းကျင် အရင်ကထက် ပိုတိတ်ဆိတ်သွားသည်ဟု ခံစားခဲ့ရသည်။ သူမနှင့် ကိုယ်လုပ်တော်ချန်းတို့က ပြိုင်ဆိုင်လိုစိတ် မရှိသူများဖြစ်ကြသဖြင့် သူမတို့၏ ခြံဝင်းငယ်လေးများတွင်သာ အေးချမ်းစွာ နေထိုင်ခဲ့ကြသည်။ သူမတို့က တစ်ယောက်အိမ်သို့ တစ်ယောက် မကြာခဏ သွားရောက်လည်ပတ်လေ့ရှိကြပြီး အပ်ချုပ်လုပ်ငန်းများနှင့် ပန်းထိုးပညာများအကြောင်း စကားပြောလေ့ ရှိကြသည်။
ဝမ်လန်၏ စရိုက်ကလည်း ကိုယ်လုပ်တော်ကွေ့နှင့် တစ်ပုံစံတည်းပင်။ ပြဿနာကို ရှောင်တတ်ပြီး မည်သူနှင့်မျှလည်း ပဋိပက္ခမဖြစ်ဖူးသူဖြစ်သည်။ သခင်မရှန်းကလည်း သူမအတွက် ခင်ပွန်းတစ်ယောက် ရွေးချယ်ပေးစဥ် အလွန်သေချာစွာ ရွေးချယ်ပေးခဲ့သည်။ ဝမ်လန် လက်ထပ်ပြီးနောက်တွင်လည်း လင်ညီအစ်မများအကြား တစ်ဦးနှင့်တစ်ဦး အကြံအစည် အနည်းငယ် ရှိကြသော်လည်း မည်သူမျှ စိတ်သဘောထား ရက်စက်သူများ မဟုတ်ကြပေ။
လွန်ခဲ့သည့်တစ်နှစ်က ဝမ်လန်၏ ယောက္ခမဖြစ်သူ သခင်မဝမ်က မိသားစုပိုင်ဆိုင်မှုများကို ခွဲဝေပေးရန် ဆုံးဖြတ်ခဲ့သည်။ ဝမ်မိသားစု၏ ကျောထောက်နောက်ခံ ရှိနေသောကြောင့် ပိုင်ဆိုင်မှုများ ခွဲဝေပြီးနောက်ပိုင်း ဝမ်လန်၏ ဘဝ ပိုတိုးတက်လာခဲ့သည်။ သူမက သူမ၏လက်ရှိဘဝကို အလွန်ကျေနပ်နေသလို တရားဝင်မိခင်ဖြစ်သည့် သခင်မရှန်းအပေါ်တွင်လည်း အလွန် ကျေးဇူးတင်နေရှာသည်။
ဝမ်ဟွေ့ကလည်း သူမတစ်ချိန်က နေထိုင်ခဲ့ဖူးသည့် အိမ်ငယ်လေးသို့ ပြန်ရောက်ရှိနေခဲ့ပြီး ခံစားချက်များ ရှုပ်ထွေးနေလေသည်။ သူမက ခြံဝင်းလေးကို ကြည့်ကာ စကားအနည်းငယ် ဆိုလိုက်သည်။
"ယိနျန်း၊ ယိနျန်း သမီးဆီကနေ မျှော်လင့်ထားတဲ့ ကြွယ်ဝချမ်းသာပြီး ဂုဏ်ရှိတဲ့ ဘဝမျိုးကိုတော့ သမီး မပေးနိုင်ခဲ့ဘူး"
"ဒါပေမယ့် သမီးကတော့ အခုလက်ရှိဘဝကို တကယ်ပဲ သဘောကျနေပါတယ်"
"လူတိုင်းက ငြိမ်းချမ်းပြီး တည်ငြိမ်တဲ့ဘဝကို ဖြတ်သန်းနေကြတာလေ၊ ဒါက ပိုမကောင်းဘူးလား"
ဝမ်ယဲ့ ရှီးစွေ့ခြံဝင်းသို့ ရောက်ရှိလာချိန်တွင် အဝတ်အစားသစ်များနှင့် ဖိနပ်သစ်များ အပြည့်ထည့်ထားသည့် သေတ္တာတစ်လုံးကို တွေ့လိုက်ရသည်။ သူမ သေချာကြည့်လိုက်ရာ ထိုအရာများက ကလေးအတွက် ဖြစ်ပြီး အလွန်ကောင်းမွန်သော ပစ္စည်းများဖြင့် ချုပ်လုပ်ထားကြောင်း သတိပြုမိသွားခဲ့သည်။
ကိုယ်လုပ်တော်ချန်းက ရှင်းပြနေသည်။
"စိတ်မပူပါနဲ့၊ ငါ ဘာမှ မများကြီး မသုံးထားပါဘူး၊ ဒါတွေအများစုက နင့်ရဲ့ အမေ ပေးထားတဲ့ဟာတွေပါ"
ဝမ်ယဲ့က အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။
"ယိနျန်းရယ်၊ သမီး ဘာမှ မပြောသေးပါဘူး"
"စတုတ္ထအစ်မ"
ပါးလွှာသွယ်လျသည့် အရိပ်လေးတစ်ခုက အပြင်ဘက်မှ ပြေးဝင်လာသည်။
နန်းတွင်း၌ မင်းသမီးကို အဖော်ပြုပေးခဲ့ရသည့် လေးနှစ်တာကာလအတွင်း ဝမ်ရန်လည်း အတော်လေး ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူမက ယခင်ကကဲ့သို့ လူတိုင်းကို အေးစက်စက် ဆက်ဆံသည့် စာဂျပိုးလေး မဟုတ်တော့ပေ။
သူမ၏ ပါးဖောင်းဖောင်းလေးများ ပျောက်ကွယ်သွားပြီးနောက်တွင် သူမက ပိုနူးညံ့သိမ်မွေ့ပြီး လှပသည့် မိန်းကလေးတစ်ယောက် ဖြစ်လာခဲ့သည်။
"နင် အရပ်ပိုရှည်လာပြန်ပြီပဲ"
ဝမ်ယဲ့က သူမတို့နှစ်ဦး၏ အရပ်ကို နှိုင်းယှဉ်ကြည့်ရင်း ပြောလိုက်သည်။ သူမတို့ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့သည်မှာ သုံးလခန့် ရှိနေပြီဖြစ်သည်။
ဝမ်ရန်က အပြုံးလေးဖြင့် ပြန်ပြောနေသည်။
"ယိနျန်းတို့ကလည်း ညီမရဲ့ အရပ်က မြန်မြန် ရှည်လာတယ်လို့ ပြောနေကြတယ်၊ အခုဆို ညီမရဲ့ ဝတ်စုံအများစုက တိုနေပြီ"
ဝမ်ယဲ့က သူမ၏ အလေ့အကျင့်အတိုင်း ဝမ်ရန်၏ခေါင်းလေးကို ပုတ်ကာ ထပ်မေးလိုက်သည်။
"နန်းတွင်းထဲမှာ အဆင်ပြေရဲ့လား"
ဝမ်ရန်က ခေါင်းညိတ်ကာ ပြန်ဖြေနေသည်။
"အရမ်းအဆင်ပြေပါတယ်၊ မင်းသမီးရှိနေတော့ ဘယ်သူမှ ညီမကို အနိုင်မကျင့်ရဲကြဘူးလေ"
သို့သော်လည်း သူမအနေဖြင့် နန်းတွင်း၌ စာသင်ဖော်တစ်ယောက်အနေဖြင့် အမြဲတမ်း နေထိုင်သွားရမည် မဟုတ်ပေ။ သူမထက် တစ်နှစ်ကြီးသည့် ရှို့ရှို့နှင့် ယန်ဟောင်တို့က မကြာသေးမီကပင် နန်းတွင်းမှ ထွက်ခွာပြီး သူမတို့၏ အိမ်တော်များဆီသို့ ပြန်သွားကြပြီ ဖြစ်သည်။ သူမလည်း နောက်ထပ် တစ်နှစ်သာ နန်းတွင်း၌ ဆက်နေနိုင်တော့မည် ဖြစ်သည်။
"ဒါနဲ့... ညီမရဲ့ တူလေးအတွက် စာမေးပွဲမေးခွန်းလွှာတချို့ ယူလာပေးတယ်"
ဝမ်ရန်က ရုတ်တရက် သတိရသွားကာ ထပ်ပြောလိုက်သည်။
"ညီမဆီမှာ စာဖတ်ရတာကို မကြိုက်တဲ့ တူလေးတစ်ယောက် ရှိတယ်ဆိုတာ မင်းသမီး သိသွားပြီး ညီမအတွက် အိမ်ရှေ့စံမင်းသားဆီကနေ စာမေးပွဲမေးခွန်းလွှာ တစ်စုံ အထူးတောင်းပေးထားတာ၊ အဲ့မေးခွန်းတွေက ကလေးစာပေပညာရှင်နဲ့ နန်းတွင်းစာမေးပွဲတွေအတွက် အသုံးဝင်လိမ့်မယ်လို့ ပြောတယ်"
ဝမ်ရန်က နန်းတွင်း၌ လေးငါးနှစ်ခန့် နေထိုင်ခဲ့သော်လည်း မင်းသမီး မကြာခဏ ညည်းညူလေ့ရှိသည့် ထိုမောင်ငယ်လေးကို တစ်ခါမျှ မတွေ့ဖူးသေးပေ။ သို့သော်လည်း သူ ရေးသားထားသည့် စာမေးပွဲဖြေဆိုချက်များနှင့် မေးခွန်းလွှာအချို့ကိုတော့ သူမ အဖြေထုတ်ပြီး ပြန်စစ်ဆေးပေးခဲ့ဖူးသည်။
ဝမ်ယဲ့က ထူထဲလှသည့် စာအုပ်ပုံကို ကြည့်လိုက်ပြီး ရုတ်တရက် သဘောပေါက်သွားကာ ပြန်ပြောလိုက်သည်။
"သူ့ကို စောစောက ငါနဲ့အတူ လိုက်ခဲ့ဖို့ ပြောတော့ သူ မလိုက်ဘူးလို့ ပြန်ဖြေတာ အံ့သြစရာ မရှိတော့ဘူး"
သူက အဒေါ်ဖြစ်သူ နန်းတွင်းမှ ပြန်လာမည်ကို ကြားသိထားပြီး ရည်ရွယ်ချက်ရှိရှိ ရှောင်ရှားနေခြင်း ဖြစ်သည်။ ဤမျှငယ်ရွယ်သည့် ကလေးတစ်ယောက်အတွက် သူ့၏ လူမှုဆက်ဆံရေးကွန်ရက်က အလွန်ပင် ရှုပ်ထွေးနေပြီ ဖြစ်သည်။
ဝမ်ရန်က ဝမ်ယဲ့ ပြောလိုက်သည့်စကားကို သေချာမကြားလိုက်သဖြင့် ပြန်မေးလိုက်သည်။
"စတုတ္ထအစ်မ၊ ဘာပြောလိုက်တာလဲဟင်"
ဝမ်ယဲ့က အပြုံးလေးဖြင့် ခေါင်းခါပြလိုက်သည်။
"ဘာမှ မဟုတ်ပါဘူး၊ နင့်ရဲ့ တူလေးအတွက် ဝမ်းသာပါတယ်လို့ ပြောတာပါ"
........။.......။.....
နေ့စဉ် အသေးအဖွဲကိစ္စများ (အပိုင်း ၅)
ရွှီယွိရွှမ် အရွယ်ရောက်လာသည်နှင့်အမျှ "မိထွေး" ဟူသော စကားလုံး၏ အဓိပ္ပာယ်ကို တဖြည်းဖြည်းချင်း နားလည်လာခဲ့သည်။ သို့သော်လည်း သူက သူ၏ မိခင်အရင်းကို တစ်ခါမျှ မတွေ့ဖူးခဲ့ပေ။ သူ မှတ်မိသလောက် အရွယ်ကတည်းက အကြီးဆုံးအဒေါ်ဖြစ်သူမှ လွဲလျှင် သူ့ဘေးနား၌ ဝမ်ယဲ့သာ အမြဲရှိနေခဲ့သည်။
သူက အခြားသူများ ပြောလေ့ရှိသည့် "အပြင်ပန်းမှာ ချိုမြိန်ပြီး အတွင်းစိတ်က ခါးသီးသော" မိထွေးမျိုးနှင့်လည်း မကြုံတွေ့ခဲ့ရပေ။ သူ၏ အကြီးဆုံးအဒေါ်ဖြစ်သူက သူ အခြားသူများထက် ပိုကံကောင်းကြောင်း၊ သူ့၏လက်ရှိမိခင်က သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံနေခြင်းက သူ ထက်မြက်လိမ္မာ ယဉ်ကျေးပြီး နာခံတတ်ရုံကြောင့်တင်မကဘဲ အဓိကအချက်က သူမကိုယ်တိုင် စိတ်သဘောထား ပြည့်ဝသူတစ်ယောက် ဖြစ်နေသောကြောင့်ဟု ပြောပြခဲ့ဖူးသည်။
သူ၏ ရှစ်နှစ်ပြည့် မွေးနေ့ပြီးသွားသည့် နောက်တစ်ရက်တွင် ရွှီယွိရွှမ်က လုသခင်မ၏ ထိုစကားများကို ရုတ်တရက် သတိရသွားပြီး ဝမ်ယဲ့ကို ပြန်ပြောပြနေသည်။
ဝမ်ယဲ့က ထူးထူးခြားခြား တုံ့ပြန်ခြင်းမရှိဘဲ ခပ်အေးအေး ရယ်မောရင်း ပြန်မေးလိုက်သည်။
"အဲ့ဒီ ထက်မြက်လိမ္မာ ယဉ်ကျေးပြီး နာခံတတ်တယ်ဆိုတဲ့ အပိုစကားတွေကိုတော့ မင်းဘာသာ ထည့်ပြောလိုက်တာမလား"
ရွှီယွိရွှမ်ကလည်း မျက်နှာပိုးမသတ်ဘဲ ပြန်ချေပနေသည်။
"မဟုတ်ပါဘူး၊ အကြီးဆုံးအဒေါ်က တကယ်ပဲ အဲ့လို ချီးကျူးခဲ့တာပါ"
"မင်းရဲ့ အကြီးဆုံးအဒေါ်က အဲ့ဒီလောက် တိုက်ရိုက်ဆန်တဲ့စကားမျိုး ဘယ်တော့မှ ပြောမှာ မဟုတ်ဘူး"
လိမ်ညာရာတွင် အမိခံလိုက်ရသဖြင့် ရွှီယွိရွှမ်တစ်ယောက် အနည်းငယ် စိတ်ကောက်သွားပြီး နှာခေါင်းရှုံနေသည်။
ထိုအချိန်တွင် ရွှီယွဲ့ကျားက အခန်းထဲသို့ ဝင်လာပြီး သားဖြစ်သူ၏ ထူးဆန်းသော မျက်နှာအမူအရာကို မြင်သွားကာ လှမ်းမေးလိုက်သည်။
"မင်း.... မင်းမေမေကို နောက်တစ်ခါ စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်ပြန်ပြီလား"
ဤသည်မှာ နှစ်နှစ်အတွင်း သူ မကြာခဏ မြင်တွေ့နေရသည့် မြင်ကွင်းတစ်ခုပင် ဖြစ်သည်။
ရွှီယွိရွှမ်က ခေါင်းမာမာဖြင့် ပြန်ဖြေနေသည်။
"လုံးဝမဟုတ်ပါဘူး၊ မေမေနဲ့ ကျွန်တော်က အဆင်ပြေပါတယ်"
ဝမ်ယဲ့က သူမ၏ လက်သည်းများကို အရောင်တင်နေပြီး သူမ ဖန်တီးထားသည့် လက်သည်းဆိုးဆေးအသစ်တစ်မျိုးကို စမ်းသပ်ကြည့်နေခြင်း ဖြစ်သည်။
ရွှီယွဲ့ကျား အခန်းထဲ ရောက်လာချိန်တွင် သူက ထိုတာဝန်ကို ဝမ်ယဲ့ လက်ထဲမှ သဘာဝကျကျ လုယူသွားခဲ့သည်။
ရွှီယွိရွှမ်ကလည်း ဤမြင်ကွင်းမျိုးကို အကြိမ်ကြိမ် မြင်ဖူးနေပြီဖြစ်ကာ အသားကျနေပြီ ဖြစ်သည်။ သူက ငယ်ရွယ်သေးသော်လည်း ယောက်ျားတစ်ယောက်များအနေဖြင့် ဇနီးသည်ရှိလျက်နှင့် အဘယ်ကြောင့် မောင်းမမိဿံများကို ထပ်ယူရကြသည်ကို နားမနိုင်ဖြစ်ကာ ထပ်တွေးနေပြန်သည်။
‘အဖေ့ကိုပဲ ကြည့်လေ၊ ဇနီးတယောက်တည်းနဲ့တောင် တော်တော်အလုပ်ရှုပ်နေရပြီ မဟုတ်ဘူးလား’
ဝမ်ယဲ့က ရွှီယွိရွှမ်ကို တစ်ချက်ကြည့်လိုက်ပြီး ရွှီယွဲ့ကျားအား ပြောပြနေသည်။
"သူက ခုနကပဲ ကျွန်မကို ချီးကျူးနေတာ"
ရွှီယွိရွှမ်က အမြန်ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။
"ဟုတ်တယ်၊ ကျွန်တော် မေမေ့ကို ချီးကျူးနေတာပါ"
ရွှီယွဲ့ကျားက မျက်လုံးကို ပင့်ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြန်မေးလိုက်သည်။
"အော် ဟုတ်လား၊ သူ ဘာတွေများ ပြောခဲ့တာလဲ"
ရွှီယွိရွှမ် မဖြေခင်မှာပင် ဝမ်ယဲ့က အရင်ဦးအောင် ဖြေလိုက်သည်။
"သူက ကျွန်မကို ထက်မြက်တယ်၊ လိမ္မာပါးနပ်တယ်၊ ယဉ်ကျေးတယ်၊ ချစ်ဖို့ကောင်းပြီး သဘောကောင်းတယ်လို့ ပြောနေတာ"
ရွှီယွိရွှမ်တစ်ယောက် မယုံနိုင်မှုကြောင့် မျက်လုံးအဝိုင်းသား ဖြစ်သွားသည်။
‘မေမေက ဘယ်လိုလုပ်ပြီး အဲ့သလောက် မာန်တက်သွားရတာလဲ’
ထိုစကားကို ကြားပြီးနောက် ရွှီယွဲ့ကျားက သူ့အလုပ်ကို ခဏ ရပ်တန့်ကာ မေးနေပြန်သည်။
"သူ မင်းကို တကယ်ပဲ ချီးကျူးနေတာလား၊ ဒါမှမဟုတ် မင်းကိုယ်မင်း ချီးကျူးနေတာလား"
ဝမ်ယဲ့ : "ယောက်ျား.... ဒါဆို ရှင် ပြောကြည့်လေ၊ ရှင့်အမြင်မှာ အဲ့ဒီထဲက ဘယ်အချက်က ကျွန်မနဲ့ မကိုက်ညီဘူးလို့ ရှင် ထင်လဲ"
ရွှီယွိရွှမ်က ရွှီယွဲ့ကျားထံ ချက်ချင်း အကြည့်ပို့လိုက်ပြီး သူဖခင်က တရားမျှတစွာ ဆုံးဖြတ်ပေးရန် မျှော်လင့်နေလေသည်။ သို့သော်လည်း ရွှီယွဲ့ကျားက ခဏမျှသာ တွန့်ဆုတ်သွားပြီး နောက်ပိုင်းတွင် အလျှော့ပေးလိုက်သည်။
"ဘာမှ မရှိပါဘူး"
ရွှီယွိရွှမ်: “...”
စာရေးသူ၏ မှတ်ချက်
ရွှီယွိရွှမ် : “ကျွန်တော် ကန့်ကွက်တယ်”
ရွှီယွဲ့ကျား : “ပြဿနာကို ဖိတ်ခေါ်နေမယ့်အစား ရှောင်လွှဲသွားတာကမှ ပိုကောင်းဦးမယ်”