အခန်း ၁၀၀
Vol. 10 Ch. 100 - extra 4
အခန်း ၁၀၀ အချပ်ပို ၄
နေ့စဉ် အသေးအဖွဲကိစ္စများ (အပိုင်း ၉)
မြို့တော်ရှိ အဆင့်လေးနှင့်အထက်ရှိသော အရာရှိကြီးများ၏ သမီးပျိုများအားလုံးက အိမ်ရှေ့စံကြင်ယာတော်လောင်း ရွေးချယ်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အရည်အချင်း ပြည့်မီသည်ဟု သတ်မှတ်ခံခဲ့ရသည်။ ဝမ်ရန်ကလည်း အသက်ဆယ့်ခြောက်နှစ် မပြည့်သေးသောကြောင့် ရွေးချယ်ပွဲ၏ စံနှုန်းများအတွင်း အကျုံးဝင်နေသည်။
ဤသတင်းကို ကြားလိုက်ရသည့်အချိန်တွင် ဝမ်အိမ်တော်တစ်ခုလုံး စိုးရိမ်ပူပန်မှုများနှင့်အတူ တစ်စုံတစ်ရာ ထူးခြားလာမည်ဟူသော စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေကြသည်။ အကယ်၍ သူမ ရွေးချယ်ခံလိုက်ရပါက ဝမ်မိသားစု၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းက ပိုမိုမြင့်မားလာမည် ဖြစ်သည်။
ကိုယ်လုပ်တော်ချန်း တစ်နေကုန် မျက်မှောင်ကြုတ်နေသည်ကို မြင်နေရသောကြောင့် သခင်မရှန်းက သူမ၏ အင်္ကျီလက်ကို ဝေ့ယမ်းကာ ဝမ်ယဲ့ထံသို့ စာရေးလိုက်ပြီး အိမ်သို့ ပြန်လာရန် မှာကြားလိုက်သည်။ သူမ အိမ်သို့ ပြန်ရောက်သည့်အခါ ဝမ်ယဲ့က ဝမ်ရန်ကို တိုက်ရိုက်မေးလိုက်သည်။
"ပဉ္စမညီမလေး၊ နင် အိမ်ရှေ့စံကြင်ယာတော် ဖြစ်ချင်လား"
ဝမ်ရန်က အလေးအနက် ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့"
ဤအဖြေကို ကြားလိုက်ရချိန်တွင် ဝမ်ယဲ့က အံ့အားမနေဘဲ ထပ်ပြောလိုက်သည်။
"ဒါဆိုရင်တော့ အနာဂတ်မှာ နင် အများကြီး ကြိုးစားရလိမ့်မယ်နော်"
အိမ်ရှေ့စံကြင်ယာတော် ဆိုသည်က ရိုးရှင်းသော ဂုဏ်ပုဒ်တစ်ခုသက်သက် မဟုတ်နေခဲ့ပေ။
ဝမ်ရန်က ခေါင်းခါရင်း ပြန်ပြောလိုက်သည်။
"ကျွန်မ ဒုက္ခတွေကို မကြောက်ပါဘူး”
သူမ၏ အရွယ်ရောက်အခမ်းအနားပြီးသွားချိန်ကတည်းက သူမ တစ်နေ့နေ့၌ အိမ်ထောင်ပြုရတော့မည့်အကြောင်းကို ဝမ်ရန် ရုတ်တရက် နားလည်ထားခဲ့ပြီး ဖြစ်သည်။ သူမ၏မိခင်က သူမအတွက် ကောင်းမွန်သော မိသားစုများကို ရှာဖွေပေးထားသော်လည်း ယခုအချိန်တွင် ပိုမိုကောင်းမွန်သော အခွင့်အရေးတစ်ခု ရှိနေပြီး သူမကလည်း အရည်အချင်း ပြည့်မီနေသည်။
ဆယ်နှစ်နီးပါးမျှ စာပေပညာများကို ဆည်းပူးလာခဲ့ရာ နောက်ဆုံးတွင် သူမ၏ အသိပညာကို အသုံးချရန် အခွင့်အရေး ရလာပြီ ဖြစ်သည်။ ဝမ်ရန်က ဤအခွင့်အရေးကို လွယ်လွယ်ဖြင့် လက်လွတ်မခံချင်ပေ။
ထို့အပြင် ချန်လဲ့မင်းသမီးကလည်း သူမထံသို့ အိမ်ရှေ့စံမင်းသား၏ ပုံတူပန်းချီကားငယ်လေးကို လျှို့ဝှက်စွာ ပေးပို့ထားခဲ့ပြီး သူကလည်း ကြည့်ကောင်းသူတစ်ယောက် ဖြစ်နေသောကြောင့် သူမအတွက် ဆုံးရှုံးစရာ ဘာမှမရှိဟု ဝမ်ရန် သတ်မှတ်လိုက်သည်။
အနားတွင် နားထောင်နေသော ကိုယ်လုပ်တော်ချန်းက စိုးရိမ်တကြီး ညည်းတွားသံဖြင့် ဝင်ပြောလိုက်သည်။
"သူ ရွေးချယ်ခံရမယ်လို့ သေချာသေးတာမှ မဟုတ်တာ၊ နင်တို့နှစ်ယောက်က ရွေးချယ်ခံရပြီးရင် ဘာလုပ်မယ်ဆိုတာတွေ ပြောနေကြပြီ"
ဝမ်ယဲ့က ခပ်ပြုံးပြုံး ရှင်းပြနေသည်။
"အဖေတောင်မှ ညီမလေးရဲ့ ပညာအရည်အချင်းကို နှစ်တိုင်း ချီးကျူးနေခဲ့တာပဲ၊ ယိနျန်းက ဘာကို စိုးရိမ်နေတာလဲ"
မြင့်မြတ်သော မိသားစုဝင် မိန်းကလေးတစ်ဦးအနေဖြင့် အရွယ်ရောက်ပြီးသည့်နောက်ပိုင်းတွင် စာပေ ဆက်လက်သင်ယူနေခြင်းက အလွန်ရှားပါးလှသည်။ ဝမ်ရန်ကတော့ ခြွင်းချက်ဖြစ်သည်။
သို့သော် ကိုယ်လုပ်တော်ချန်းကတော့ စိတ်ပူနေဆဲပင်။
"ဒါပေမယ့် အိမ်ရှေ့စံမင်းသားမှာ တခြားမိန်းမတွေ ရှိလာမှာလေ"
ဝမ်ရန်က ပြန်ပြောလိုက်သည်။
"ယိနျန်း၊ မြို့တော်မှာ ကျွန်မတို့ရဲ့ ခဲအိုလိုမျိုး ယောက်ျားတွေ ဘယ်နှစ်ယောက် ရှိလို့လဲ၊ ကျွန်မ လက်ထပ်ရမယ့် ခင်ပွန်းသည်က မောင်းမမိဿံထားမယ်ဆိုတာ မလွဲမသွေ ဖြစ်လာမှာပဲ၊ အဲ့ဒီထဲကမှ အကျိုးအရှိဆုံးဖြစ်မယ့်သူကို ဘာလို့ မရွေးချယ်ရမှာလဲ"
သူမ၏ ရှင်းလင်းပြတ်သားသော အကြောင်းပြချက်ကို ကြားလိုက်ရချိန်တွင် ဝမ်ယဲ့တစ်ယောက် စိတ်သက်သာရာ ရသွားသလို၊ ရင်ထဲတွင်လည်း တစ်စုံတစ်ခု ခံစားလိုက်ရသည်။
ဝမ်ရန်က ယောက်ျားသားများ၏ လှည့်ဖျားမှုကို လွယ်လွယ်နှင့် ယုံကြည်မည့်သူ မဟုတ်မှန်း သိလိုက်ရ၍ ဝမ်ယဲ့ စိတ်သက်သာရာရသွားသော်လည်း၊ အစ်မတစ်ယောက်အနေဖြင့် သူမကို ဘာမှကောင်းကောင်း မပေးခဲ့ရသေးဟု ခံစားမိသဖြင့် ရင်ထဲမှ နာကျင်လာရသည်။
ဝမ်ယဲ့တစ်ယောက် ဝမ်ရန် ဘာကြောင့် ဤအခွင့်အရေးကို ဆုပ်ကိုင်ချင်နေမှန်း နားလည်သွားခဲ့ပြီ ဖြစ်သည်။
ဝမ်ယဲ့က သူမ၏ဆံပင်လေးများကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ပြီး ကိုယ်လုပ်တော်ချန်းဘက်သို့ လှည့်ကာ တောင်းဆိုပေးလိုက်သည်။
"ယိနျန်း၊ ရှောင်ဝူကို ကြိုးစားကြည့်ခွင့်ပေးလိုက်ပါ၊ ဒါက စာမေးပွဲတစ်ခုပါပဲ"
လက်ရှိ နိုင်ငံရေး အခြေအနေက ရှင်းလင်းနေသည်။ အိမ်ရှေ့စံမင်းသားအနေဖြင့် အုပ်ချုပ်ရေးတွင် ပါဝင်ကူညီလာသည်မှာ သုံးနှစ်ရှိပြီ ဖြစ်ပြီး၊ အခြားမင်းသားများကလည်း ငယ်ရွယ်သေးသဖြင့် အေးအေးဆေးဆေးသာ နေထိုင်နေကြသည်။
ရွှီယွဲ့ကျားထံမှ သူမ ကြားသိရသလောက် လက်ရှိဧကရာဇ်က နန်းစွန့်ရန် စဉ်းစားနေပြီ ဖြစ်ကာ သူ၏ ပထမဆုံး မြေးတော် မွေးဖွားလာမည့်အချိန်ကို စောင့်မျှော်နေသည်ဟု သူမ သိခဲ့ရသည်။ နန်းတွင်းရေးက တည်ငြိမ်နေသဖြင့် ယခုအချိန် အောင်မြင်မှုအတွက် ကြိုးပမ်းရမည့် အချိန်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အရှေ့နန်းဆောင်၌...
နေမင်းကဲ့သို့ တောက်ပနေသည့် အမျိုးသမီးလေးတစ်ယောက်က ရွှေနဂါးများ ပန်းထိုးထားသော ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် အေးစက်တည်ငြိမ်သော အမျိုးသားလေးတစ်ယောက်ကို အနိုင်ကျင့်နေသည်။
"မောင်တော်လေး၊ အစ်မတော် တစ်ချက်လောက် ကြည့်ပါရစေ၊ အစ်မတော် မကူးယူသွားပါဘူး၊ တစ်ချက်လေး ကြည့်လိုက်ရုံနဲ့တော့ ဘာမှ မဖြစ်နိုင်ဘူးလေ၊ ဟုတ်တယ်မလား"
ထိုအမျိုးသမီးလေးက လည်ချောင်း ခြောက်လုနီးပါး ပြောနေသော်လည်း လူငယ်လေးကတော့ မလှုပ်မယှက် ရှိနေသေးသည်။ အမျိုးသမီးလေးက ချန်လဲ့မင်းသမီး ကျိုးနင် ဖြစ်သည်။
နောက်ဆုံးတွင် သူမက ဒေါသတကြီးဖြင့် အ်ောဟစ်လိုက်သည်။
"ကျိုးရိ၊ နင့်ရဲ့ အမူအရာနဲ့ဆိုရင်တော့ အိမ်ရှေ့စံကြင်ယာတော်လောင်းကို ရှာတွေ့ဖို့ ခက်ခဲလိမ့်မယ်"
ကျိုးရိဟု အခေါ်ခံရသည့် လူငယ်လေးက သူ့မျက်လုံးများကို ပင့်ကြည့်လာပြီး နက်ရှိုင်းသော လေသံဖြင့် ပြန်ပြောနေသည်။
"အစ်မတော်၊ စာမေးပွဲ မေးခွန်းတွေကို တောင်းတာက ဧကရာဇ်မင်းမြတ်ရဲ့ စာမေးပွဲစည်းကမ်းကို လိမ်လည်လှည့်ဖြားတာနဲ့ အတူတူပဲနော်"
ကျိုးနင်က ချက်ချင်း ပြန်ချေပလိုက်သည်။
"ရှောင်ဝမ်ရန်က အစ်မတော် တွေ့ဖူးသမျှ မိန်းကလေးတွေထဲမှာ အတော်ဆုံးပဲ၊ မင်းသာ သူ့ကို လက်လွတ်သွားရင် နောက်မှ နောင်တမရနဲ့"
ကျိုးနင်၏ စိတ်ထဲတွင် မုန့်ရှို့ရှို့နှင့် ချန်ယန်ဟော်တို့ကလည်း ဝမ်ရန် နည်းတူ အရေးပါသူများ ဖြစ်သည်။ သို့သော် သူမတို့ တစ်ယောက်ချင်းစီတွင် သူမတို့၏ ကိုယ်ပိုင်အားသာချက်များ ရှိကြပြီး အိမ်ရှေ့စံကြင်ယာတော် ရွေးချယ်ပွဲတွင်တော့ ထိုနှစ်ယောက်က ပထမအဆင့်၌ပင် ထွက်သွားနိုင်သည်ဟု သူမ တွက်ဆထားခဲ့သည်။
ကျိုးရိကလည်း ကျိုးနင် ပြောလိုက်သည့် နာမည်ကို ရင်းနှီးပြီးသား ဖြစ်သည်။ တစ်ချိန်က သူ ကျိုးနင်ကို ပုစ္ဆာအချို့ ပေးခဲ့ဖူးပြီး ဝမ်ရန်တစ်ယောက်တည်းသာ ထိုပုစ္ဆာများကို ဖြေရှင်းနိုင်ခဲ့သည်။ သူ့အစ်မတော်က သူ့ဆီမှ ယူသွားလေ့ရှိသည့် လေ့ကျင့်ရေး စာရွက်များကိုလည်း သူ့အစ်မတော် မဖြေခဲ့မှန်းစ သူ သိထားခဲ့သည်။ ကျိုးနင်နှင့် သူမ၏ အခြား စာသင်ဖော်နှစ်ယောက်နှင့် ယှဉ်လျှင် ဝမ်ရန်က မည်သူနှင့်မျှ မတူအောင် ထူးချွန်သူ ဖြစ်သည်။
သို့သော်လည်း အိမ်ရှေ့စံကြင်ယာတော် ရွေးချယ်ရေးနှင့် ပတ်သက်လာလျှင် သူ့ဆုံးဖြတ်ချက်က ခိုင်မာနေပြီဖြစ်သည်။ ကျိုးရိက ခပ်အေးအေး ပြန်ပြောလိုက်သည်။
"အစ်မတော်၊ သူက အစ်မပြောသလို တကယ် ဉာဏ်ကောင်းတဲ့သူဆိုရင် ဒီမေးခွန်းနဲ့ အဖြေလွှာတွေကို လိုအပ်မှာ မဟုတ်ဘူး"
သူမသာ အမှတ်အများဆုံးဖြင့် အောင်မြင်သွားပါကလည်း တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်ပေလိမ့်မည်။
ကျိုးနင် : "..."
သူမကလည်း မမျှော်လင့်ထားသည့် အဖြစ်အပျက်များကိုသာ စိုးရိမ်နေမိခြင်း ဖြစ်သည်။
ထိုမျှသာမက ဝမ်ရန် လာရောက်ယှဉ်ပြိုင်လိုစိတ် မရှိမည်ကိုလည်း သူမ စိုးရိမ်နေပြီး ကျိုးရိ၏ ပုံတူပန်းချီကားငယ်လေးကို လျှို့ဝှက်စွာ ပေးပို့ထားခဲ့သေးသည်။ ဤအကြောင်းကို ကျိုးရိ သိသွားပါက အဆင်မပြေနိုင်ကြောင်းလည်း ကျိုးနင် တွေးနေမိသေးသည်။
‘ဟူး.... အဲ့တုန်းက တစ်ယောက်က စာပေပညာရပ်တွေထဲမှာ နစ်မွန်းနေခဲ့ပြီး၊ တစ်ယောက်ကတော့ နန်းတွင်းစာကြည့်ဆောင်နဲ့ အရှေ့နန်းတော်ကြားမှာ အလုပ်များနေခဲ့တယ်။ သူတို့နှစ်ယောက်ရဲ့ လမ်းကြောင်းက စာပေပညာကြောင့် မရေမတွက်နိုင်အောင် ထပ်တူကျခဲ့ပေမယ့် တကယ်တမ်းတော့ တစ်ယောက်နဲ့ တစ်ယောက် တစ်ခါမှ မတွေ့ဆုံဖူးကြဘူး။ တကယ်ဆို ငါ ငယ်ငယ်တုန်းက ရှောင်ဝမ်ရန်ကို အရှေ့နန်းဆောင်ဆီ အကြိမ်အနည်းငယ်လောက် ခေါ်လာခဲ့ရမှာ’
.....။......။.....
နေ့စဉ် အသေးအဖွဲကိစ္စများ (အပိုင်း ၁၀)
ရွှီယွိရွှမ်တစ်ယောက် သူ၏ ဘဝမှန်ကို စတင်သိရှိခဲ့ရချိန်တွင် သူ အသက်ကိုးနှစ် ပြည့်ခါစသာ ရှိသေးသည်။ သူ စိတ်မကောင်းမဖြစ်ဘူး၊ မနာကျင်ဘူးဟု ပြောလျှင် လိမ်ပြောရာရောက်ပေလိမ့်မည်။
သူ့ရှေ့တွင် ရှိနေသော သူ၏အရင်းနှီးဆုံး မိခင်က သွေးရင်းမိခင် မဟုတ်ရုံသာမက၊ ဖခင်ကလည်း ဖခင်အရင်းမဟုတ်ကြောင်း သူ သိခွင့်ရခဲ့သည်။
သူ ဝမ်းနည်းနေမှန်း သိနေသည့် လုသခင်မက သူ့ကို ကြင်ကြင်နာနာ နှစ်သိမ့်ပေးခဲ့သည်။
"ရွှမ်အာ၊ တကယ်တော့ မင်းက တခြားလူတွေထက် ပိုကံကောင်းပါတယ်။ ကြည့်လေ၊ ရွှမ်အာမှာ မိခင်သုံးယောက်နဲ့ ဖခင်နှစ်ယောက် ရှိနေတာပဲ၊ သူတို့ထဲက တချို့က အခု အဒေါ်တို့နဲ့အတူ မရှိတော့ပေမယ့် သူတို့အားလုံးက သားကို အရမ်းချစ်ကြတာပါ"
ရွှီယွိရွှမ်က သူ့၏အကြီးဆုံးအဒေါ်ကို မော့ကြည့်ရင်း အားကိုးတကြီး ပြန်မေးခဲ့သည်။
"တကယ်လား"
လုသခင်မက ခေါင်းညိတ်ပြခဲ့သည်။
"တကယ်ပေါ့"
လုသခင်မထံမှ အဖြေရပြီးသော်လည်း ရွှီယွိရွှမ်က ကျေနပ်ခြင်း မရှိသေးပေ။ သူက အနောက်ဘက်ခြံဝင်းသို့ ပြေးသွားကာ ဝမ်ယဲ့နှင့် ရွှီယွဲ့ကျားတို့ကို မေးမြန်းခဲ့သည်။ သူ၏ မေးခွန်းကို ကြားပြီးနောက် ဝမ်ယဲ့က လုသခင်မ၏ စကားကို ထောက်ခံလိုက်သည်။
"သားရဲ့ အကြီးဆုံးအဒေါ် ပြောတာ မှန်တယ်"
ထိုစဉ်က သူ အလွန်အဓိပ္ပာယ်မရှိသော မေးခွန်းတစ်ခုကို မေးခဲ့မိသည်အား ရွှီယွိရွှမ် ပြန်အမှတ်ရနေသေးသည်။
"အမေက ရှေ့လျှောက်လည်း ရွှမ်အာကို ကောင်းကောင်း ဆက်ဆံဦးမှာလား"
ဝမ်ယဲ့၏ အဖြေက သူ မမျှော်လင့်ထားသော အဖြေဖြစ်ခဲ့ဖူးသည်။
"ငါ အရင်တုန်းကရော မင်းကို အထူးတလည် ကောင်းကောင်း ဆက်ဆံပေးခဲ့လို့လား"
ထိုစကားကြောင့် ရွှီယွိရွှမ်၏ ရင်ထဲတွင် တည်ဆောက်ထားသော ခံတပ်များ ပျက်စီးသွားသလို ခံစားလိုက်ရသည်။ သူက တရားခံနေရသလို ခံစားလိုက်ရပြီး မျက်ရည်ကျလုနီးပါး ဖြစ်နေကာ အော်ခေါ်မိခဲ့သည်။
“အမေ”
"တော်ပြီ၊ တော်ပြီ"
ဝမ်ယဲ့က အမြန် ထပ်ပြောလိုက်သည်။
"အမေ ရွှမ်အာကို မစတော့ပါဘူး၊ လာထိုင်၊ အမေ သေချာ ရှင်းပြမယ်"
ရွှီယွိရွှမ်က နာနာခံခံ ဝင်ထိုင်လိုက်သည်။
ဝမ်ယဲ့က စရှင်းပြလိုက်သည်။
"ရွှမ်အာ၊ သားရဲ့ ဘဝမှန်ကို သား မသိခင်တုန်းကလည်း မင်းမှာ အမေနှစ်ယောက်၊ အဖေတစ်ယောက်၊ အဒေါ်တစ်ယောက်နဲ့ ဦးလေးတစ်ယောက် မရှိဘူးလား"
ရွှီယွိရွှမ်က ခေါင်းညိတ်လိုက်ပြီး ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့"
ဝမ်ယဲ့က သူမ၏စကားကို ဆက်ပြောနေသည်။
"ကဲ... အခု သား ပြန်တွက်ကြည့်လိုက်ပါဦး"
ရွှီယွိရွှမ်က သူ၏ စိတ်ထဲမှ အမှန်တကယ် ရေတွက်ကြည့်လိုက်သည်။
ခဏအကြာတွင် ဝမ်ယဲ့က မေးလာခဲ့သည်။
"ဘာတွေများ အရမ်းကြီး ပြောင်းလဲသွားလဲ"
ရွှီယွိရွှမ်က တိုးညင်းစွာ ပြန်ဖြေလိုက်သည်။
"ဟင့်အင်း..."
သူ့၏ ယခင် အဒေါ်ဖြစ်သူက ယခု မိခင်အရင်း ဖြစ်လာခဲ့သည်။ ဦးလေးဖြစ်သူက ဖခင်ဖြစ်လာခဲ့သည်။ သူ့၏အရင်မိခင်ကတော့ တကယ်တမ်းတွင် အဒေါ်အရင်းဖြစ်နေပြီး၊ ဖခင်ကလည်း ဦးလေးအရင်း ဖြစ်နေခဲ့သည်။ သူ့ရှေ့က မိထွေးကတော့ သူ့မိထွေးအဖြစ် ဆက်ရှိနေသေးသည်။ ရှိသင့်သည့်အရာအားလုံးက ရှိနေဆဲဖြစ်ပြီး ဘာမှ အများကြီး ပြောင်းလဲမှု မရှိသလို ခံစားရစေသည်။
ရွှီယွိရွှမ်တစ်ယောက် ခတ္တမျှ မှင်သက်သွားရပြီး အနည်းငယ် ရှုပ်ထွေးနေပုံရသည်။ ထို့ပြင် သူ့စိတ်ထဲတွင် နောက်ထပ် မေးခွန်းတစ်ခု ရှိနေသေးသည်။
"ဒါပေမယ့် ကျောင်းက သားရဲ့ သူငယ်ချင်းတစ်ယောက်ဆိုရင် သူ့အမေ ဆုံးသွားပြီးတဲ့နောက်မှာ သူ့အဖေက သုံးခါတောင် နောက်အိမ်ထောင် ထပ်ပြုခဲ့တယ်၊ သူ ပြောတာတော့ သူ အိမ်မှာ အရမ်းကို ဒုက္ခရောက်တယ်တဲ့"
ကလေးငယ်၏ သိလိုစိတ်ပြင်းပြနေသော အကြည့်ကို မြင်နေရသောကြောင့် ဝမ်ယဲ့က ရယ်မောလိုက်ရင်း ပြန်ပြောလိုက်သည်။
"ဒါဆိုရင်တော့ သူ့အဖေကိုပဲ မေးကြည့်လိုက်သင့်တာပေါ့"
ရွှီယွိရွှမ်က ခေါင်းကုတ်ရင်း မေးနေပြန်သည်။
"ဘာကို မေးရမှာလဲ"
ဝမ်ယဲ့က သူမ၏ကိုယ်လေးကို မတ်လိုက်ပြီး လေးလေးနက်နက် ပြန်ဖြေလိုက်သည်။
"ရွှမ်အာ.... 'သုံးကြိမ် ထပ်ပိုရင် အလုပ် မဖြစ်ဘူး' ဆိုတဲ့ စကားကို မင်း ကြားဖူးလား၊ မင်းရဲ့ သူငယ်ချင်းရဲ့အဖေက ဇနီးကံ အရမ်းနည်းလွန်းလို့ ဖြစ်လိမ့်မယ်"
ရွှီယွိရွှမ်က ခဏတာ ကြောင်သွားပြီးမှ သူ့မျက်နှာပေါ်တွင် နားလည်သွားသည့် အရိပ်အယောင်များ ပေါ်လာခဲ့သည်။
‘အကြောင်းအရင်းက ဒါမျိုးဖြစ်နေတာကိုး’
သူက စိတ်ထဲမှ ထပ်မံတွက်ချက်ကြည့်နေပြီး နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားပုံဖြင့် သက်ပြင်းချလိုက်သည်။ သူက ရွှီယွဲ့ကျားဘက်သို့ လှည့်ကာ အလွန်အလေးအနက်ထားသည့်လေသံဖြင့် ပြောနေသေးသည်။
"အဖေ၊ အဖေကတော့ သူ့လိုမျိုး မလုပ်နဲ့နော်၊ အဲ့ဒါက မကောင်းတဲ့ အလေ့အကျင့်ပဲ"
ဝမ်ယဲ့က မကျေမနပ် ဝင်ပြောလိုက်သည်။
"မင်း ဘာပြောလိုက်တာလဲ၊ အမေက သက်တမ်းမရှည်ဘူးလို့ မင်း ထင်နေတာလား"
ရွှီယွိရွှမ်က ခေါင်းကို အမြန်ခါလိုက်ရင်း ပြန်ဖြေနေသည်။
"မဟုတ်ပါဘူး၊ သားက အဖေ့ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးကို စိုးရိမ်လို့ပါ"
‘သူ နောက်ထပ်တစ်ခါ ဖခင် အပြောင်းအလဲလုပ်ရမှာကို မလိုချင်တော့ဘူးလေ’
ရွှီယွဲ့ကျား : "..."
ရွှီယွိရွှမ်အတွက် စိတ်မကောင်းဖြစ်နေဖို့ အချိန်မရှိတော့ပေ။ သူက သူ့ခေါင်းကို လက်ဖြင့် ပြန်အုပ်ထားရင်း လက်ရှိ ဖခင်ဖြစ်သူအတွက် စိုးရိမ်စပြုလာသည်။
‘အိမ်ထဲမှာရှိတဲ့ ကံဆိုးမိုးမှောင်ကျမှုတွေကို ဖယ်ရှားဖို့အတွက် ဆရာသခင်တစ်ယောက်လောက် ပင့်ဖိတ်ရင်ကောင်းမလား’
‘ဟူး... မိဘတွေ အရမ်းများနေတာကလည်း တကယ်တော့ မကောင်းပါလားကွာ’
.......။......။....
နေ့စဉ် အသေးအဖွဲကိစ္စများ (အပိုင်း ၁၁)
အိမ်ရှေ့စံကြင်ယာတော် ရွေးချယ်ပွဲအတွက် စာမေးပွဲက အချိန်သုံးလကြာမြင့်ခဲ့ပြီး အဆင့်စုစုပေါင်း ရှစ်ဆင့်ရှိခဲ့သည်။
မြို့တော်ရှိ မျိုးရိုးမြင့် မိသားစုကြီးများက ဤသည်ကို အနည်းငယ် ရူးမိုက်ပြီး အဓိပ္ပာယ်မရှိဟု ယူဆကြသော်လည်း အိမ်ရှေ့စံမင်းသားကိုယ်တိုင်က တောင်းဆိုထားသောကြောင့် မည်သူကမျှ မတားဆီးနိုင်ခဲ့ကြပေ။
ဧကရာဇ်မင်းမြတ်ပင်လျှင် မတားဆီးနိုင်ခဲ့သောကြောင့် ဝန်ကြီးများအနေဖြင့် ပြောစရာပင် မလိုတော့ချေ။ သူတို့ အံကြိတ်ပြီး လိုက်လျောရုံသာတတ်နိုင်ကြတော့သည်။ သူတို့၏ သမီးပျိုများ စာမေးပွဲအတွက် ပြင်ဆင်နိုင်ရန် ဆရာများကို အမြန်ဆုံး ငှားရမ်းပေးခဲ့ကြသည်။ ရွေးချယ်ခံရသူကို နောက်ဆုံးစာမေးပွဲပြီးဆုံးသည့်နေ့၌ ချက်ချင်း ကြေညာလိုက်သည်။
ဝမ်ရန်.... ဝမ်မိသားစု၏ ပဉ္စမသမီး။
နောက်တစ်နေ့တွင် ဝမ်အိမ်တော်သို့ တော်ဝင်အမိန့်တော် ရောက်ရှိလာခဲ့ပြီး မင်းမျိုးမင်းနွယ်နှင့် မှူးကြီးမတ်ရာ မိသားစုများ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ကြပေ။ ထိုသတင်းကို ကြားပြီးနောက် ဝမ်ယဲ့နှင့် ရွှီယွဲ့ကျားတို့လည်း စိတ်သက်သာရာ ရသွားခဲ့ကြသည်။
ဝမ်ယဲ့က သက်ပြင်းချရင်း ပြောလိုက်သည်။
"အခုတော့ ကျင့်ရုံရဲ့ အနာဂတ်ဇနီးသည်က ကျွန်မတို့ကို မကြိုက်မှာကို စိုးရိမ်နေစရာ မလိုတော့ဘူး"
ရွှီကျင့်ရုံနှင့် စုန့်မိသားစုမှ အကြီးဆုံးသမီး စုန့်လင်းယိတို့၏ လက်ထပ်ပွဲအတွက် လွန်ခဲ့သည့်တစ်လကတည်းက သဘောတူညီချက် ရထားပြီး ဖြစ်သည်။ မိသားစုနှစ်ခုလုံးက နှစ်သစ်ကူးပြီးနောက် စေ့စပ်ပွဲကျင်းပရန် သဘောတူထားကြပြီး နောက်ခြောက်လအကြာတွင် မင်္ဂလာပွဲ ပြုလုပ်မည်ဖြစ်သည်။
ရွှီယွဲ့ကျားက စာအုပ်ကို လှန်လှောဖတ်ရှုနေရင်း ထိုစကားကို ကြားလိုက်ရသဖြင့် မော့ကြည့်လိုက်သည်။
ဝမ်ယဲ့က သူ့ကို ရှင်းပြလိုက်သည်။
"ကျွန်မတို့ရဲ့ ညီမငယ်လေးက အိမ်ရှေ့စံကြင်ယာတော် ဖြစ်တော့မှာလေ၊ အိမ်ရှေ့စံကြင်ယာတော်ရဲ့ အစ်မအရင်းတစ်ယောက်အနေနဲ့ဆိုရင် ကျွန်မကို ဖယ်ထုတ်ပစ်မယ့်လူက အရူးပဲ ဖြစ်ရမယ်"
စုန့်မိသားစုမှ သမီးကြီးက အဆင်ပြေသယောင်ရှိသော်လည်း အနာဂတ်အတွက်တော့ မည်သူမျှ အာမခံနိုင်မည် မဟုတ်ပေ။
ယခုတော့ ဝမ်ယဲ့က သူမ အနည်းဆုံးတော့ အသက်လေးဆယ် သို့မဟုတ် ငါးဆယ်လောက်အထိ ထပ်ပြီး ရှင်သန်နိုင်ဦးမည်ဟု ခံစားနေရသည်။
"ပြီးတော့......"
ဝမ်ယဲ့က အပြုံးလေးဖြင့် ဆက်ပြောလိုက်သည်။
"ရှင် အသက်ကြီးလာပြီး ဆွဲဆောင်မှုတွေ လျော့နည်းသွားတဲ့အခါ ဧကရာဇ်မင်းမြတ်ဘက်က ရှင့်ကို စိတ်ဝင်စားမှု လျော့သွားမှာကိုလည်း စိုးရိမ်စရာ မလိုတော့ဘူးလေ"
ရွှီယွဲ့ကျားတစ်ယောက် စိတ်ပျက်ရမလိုလို၊ ရယ်ရမလိုလို ခံစားချက်ဖြင့် ပြန်ပြောလိုက်သည်။
"ဒီစကားက 'အသက်ကြီးလာပြီး ဆွဲဆောင်မှု လျော့နည်းသွားတယ်' ဆိုတာမျိုးနဲ့ရော ဆိုင်နေလို့လား"
ဝမ်ယဲ့က ပခုံးတွန့်ရင်း ပြန်ပြောလိုက်သည်။
"ကျွန်မ ပြောချင်တာကို ရှင် နားလည်ရင် ပြီးတာပါပဲ"
နှစ်များစွာအတွင်းတွင် ရာဇဝတ်မှု ကျူးလွန်သူများအဖို့ သာမန်လူတန်းစားပဲဖြစ်စေ၊ မျိုးရိုးမြင့်အာဏာရှိသူများဖြစ်စေ ရွှီယွဲ့ကျားကတော့ အမြဲတမ်း ဥပဒေအတိုင်း တိတိကျကျ ဆောင်ရွက်ခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သူ မရည်ရွယ်ဘဲ ရန်သူများစွာကို ဖန်တီးမိသလို ဖြစ်လာခဲ့သည်။
ရွှီယွဲ့ကျားကဲ့သို့သော ဝန်ကြီးတစ်ယောက်ကို ဝတ္ထုစာအုပ်ထဲ ထည့်သွင်းလိုက်မည်ဆိုလျှင်တော့ မကောင်းသော အဆုံးသတ်မျိုးနှင့်သာ ကြုံတွေ့ရဖွယ်ရှိသည်။
"ဒါဆိုရင်...."
ဝမ်ယဲ့က သူ့ကို စနောက်နေပြန်သည်။
"ရှင် ကျွန်မ စိတ်ဝင်စားလာအောင် အရင်ဆုံး မဆွဲဆောင်ကြည့်ချင်ဘူးလား"
ရွှီယွဲ့ကျားက ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်ရင်း ပြန်ဖြေလိုက်သည်။
"အခုက နေ့ခင်းဘက်လေ"
ဝမ်ယဲ့ : "..."
"ကျွန်မ ပြောချင်တာက... ရှင် ကျွန်မအတွက် သစ်တော်သီးလေး ဘာလေး အခွံခွာပေးတာမျိုးပါ"
ရွှီယွဲ့ကျားကလည်း လုံးဝ ငြိမ်မခံဘဲ ပြန်ချေပလိုက်သည်။
"မင်းက မှောင်နေမှ ကြိုက်မယ်လို့ ကိုယ် ထင်ထားတာ"
ဝမ်ယဲ့ : "..."
‘ဟူး ငါ ဘာမှ ဆက်မပြောချင်တော့ဘူး’