အခန်း ၁၀၁
Vol. 10 Ch. 101 - extra 5
အခန်း ၁၀၁ အချပ်ပို ၅
နေ့စဉ် အသေးအဖွဲကိစ္စများ (အပိုင်း ၁၂)
ထိပ်ဆုံးမှ အောင်မြင်သူ၏ နာမည်ကို ကြေညာပြီးသည်နှင့် ကျိုးနင်တစ်ယောက် စိတ်လှုပ်ရှားအပြည့်ဖြင့် အရှေ့နန်းဆောင်သို့ အပြေးအလွှား ရောက်လာကာ ကျိုးရိကို ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။
"အစ်မတော် ပြောခဲ့သားပဲ... ရှောင်ဝမ်ရန်က ပထမရမှာပါဆို... မင်းက ငါ့ကို မယုံခဲ့ဘူး"
ကျိုးရိက သူ ဖတ်နေသည့် စာလိပ်မှ အကြည့်လွှဲလိုက်ပြီး ကျိုးနင်ကို လှမ်းကြည့်လိုက်သည်။
"အစ်မတော်၊ ခမည်းတော် ဒီနေ့ ပြောသွားတာတော့ ချင်ယွမ်မြို့တော်ကို ပြန်လာနေပြီတဲ့"
ပုံမှန်ဆိုလျှင် ရဲရင့်ပြီး ပွင့်လင်းစွာ ပြောဆိုတတ်သည့် ကျိုးနင်က ခဏတာမျှ စိတ်ပူပန်သွားဟန် ပေါ်လာသည်။
"ပြန်လာရင်တော့ ဘာဖြစ်လဲ၊ သူ ပြန်လာတာကို ငါက ကြောက်နေရမှာလား၊ ပြီးတော့ ငါ ပြောနေတာက ရှောင်ဝမ်ရန်အကြောင်းလေ၊ နင်က ဘာလို့ သူ့အကြောင်းကို ပြောနေရတာလဲ"
ကျိုးနင်က ဆက်ပြောနေသေးသည်။
"ငါ ပြောမယ်၊ ဝမ်ရန်က တကယ်တော်တဲ့ ကောင်မလေးနော်။ အနာဂတ်မှာ အဘိုးတော်လိုမျိုးတော့ အဆုံးမသတ်စေနဲ့"
အကယ်၍ ကျိုးရိသာ ကွယ်လွန်သူ ဧကရာဇ်မင်းကဲ့သို့ ဖြစ်လာမည်ဆိုပါက ကျိုးနင်အနေဖြင့် သူ့ကို ဦးရီးတော် ဝမ်မင်းသားကဲ့သို့ စိတ်မတည်ငြိမ်သူသာ ပိုဖြစ်စေချင်မိသည်။
ကျိုးရက ကတိပေးလိုက်သည်။
"အဲ့လို မဖြစ်စေရပါဘူး"
ကျိုးနင်က ကျိုးရိ၏ စကားကို မယုံတစ်ဝက် ယုံတစ်ဝက်ဖြင့် ပြန်ပြောလိုက်သည်။
"ဒါဆိုရင် ငါ နန်းဆောင်ကို ပြန်တော့မယ်"
သူမ၏ ထွက်ခွာသွားသော နောက်ကျောလေးက တုန်လှုပ်နေသည့် အရိပ်အယောင်ကို ဖုံးကွယ်မရနိုင် ဖြစ်နေလေသည်။
‘ချင်ယွမ်က တကယ်ပဲ ပြန်လာတော့မှာလား’
ဝမ်မိသားစု၏ ပဉ္စမသမီး၊ ကိုယ်လုပ်တော်မှ ဆင်းသက်လာသော ကောင်မလေးတစ်ယောက် အိမ်ရှေ့စံကြင်ယာတော်အဖြစ် ရွေးချယ်ခံရခြင်းနှင့် ပတ်သက်ပြီး အပြင်ဘက်တွင် ပြောဆိုနေကြသည်မှာ လျှို့ဝှက်ချက်တော့ မဟုတ်ချေ။
မကျေနပ်သော မိသားစုအချို့က ဝမ်ရန် ထိပ်ဆုံးနေရာကို ရရှိသွားခြင်းက နန်းတွင်း၌ မင်းသမီးချန်လဲ့၏ စာဖတ်ဖော်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးခြင်းကြောင့်ဟု ရဲရဲဝံ့ဝံ့ ခန့်မှန်းပြောဆိုနေကြသည်။
သို့သော်လည်း အခြားသူများကတော့ ဤဖြစ်နိုင်ချေကို ငြင်းဆိုခဲ့ကြသည်။ အကြောင်းအရင်းက စာဖတ်ဖော်ရာထူးအတွက် အရွေးချယ်ခံရသူက ဝမ်ရန် တစ်ဦးတည်း မဟုတ်ခဲ့သောကြောင့်ပင်။ မုန့်မိသားစုနှင့် ချန်မိသားစုမှ သမီးတော်ပျိုလေးများလည်း ရွေးချယ်ပွဲတွင် ပါဝင်ခဲ့ကြသည်။ သို့သော်လည်း သူမတို့က စာမေးပွဲ၏ အဆင့် (၁) နှင့် အဆင့် (၂) တို့တွင် အသီးသီး ထွက်ခွာခဲ့ရသည်။
ထိုမိန်းကလေးနှစ်ဦးကလည်း ပညာဉာဏ် ထက်မြက်ပြီး လှပသည့်အပြင် မြင့်မြတ်သော မိသားစုမှ ဆင်းသက်လာသည့် တရားဝင်သမီးများ ဖြစ်ကြသည်။ အကယ်၍ မျက်နှာသာပေးမှု ရှိခဲ့မည်ဆိုပါက သူမတို့ထဲမှ တစ်ဦးဦးကို ရွေးချယ်လိုက်ခြင်းဖြင့် ဤမျှအထိ ကောလာဟလများ ထွက်ပေါ်လာမည် မဟုတ်ပေ။
အများပြည်သူ၏ မကျေနပ်ချက်များနှင့် လူတိုင်း၏ သံသယများအား တုံ့ပြန်သည့်အနေဖြင့် နန်းတော်မှ ရိုးရှင်းသော်လည်း ထိရောက်သည့် နည်းလမ်းဖြင့် ချေပခဲ့သည်။ အနာဂတ် အိမ်ရှေ့စံကြင်ယာတော် ရွေးချယ်ပွဲ၏ စာမေးပွဲ ဖြေဆိုထားသော အဖြေလွှာများကို မိတ္တူကူးကာ အခြားကိုယ်စားလှယ်လောင်းများ၏ အဖြေလွှာများနှင့်အတူ ဖြန့်ဝေပေးလိုက်သည်။
မိသားစုတိုင်းကိုလည်း မိတ္တူများ လာယူဆောင်သွားပြီး နှိုင်းယှဉ်ကြည့်ရှုစေခဲ့သည်။
ဧကရာဇ်မင်းမြတ်က နောက်ပြောင်ကျီစယ်တတ်သည့် သူ့သဘာဝအတိုင်း ဝမ်ရန်၏ အဖြေလွှာများကို မိတ္တူကူးရန် တာဝန်ပေးထားသည့် အမတ်များကလည်း ရွေးချယ်ပွဲတွင် ပါဝင်သည့် မိသားစုဝင်များထဲမှ ဖြစ်စေခဲ့သည်။ သူတို့မိသားစုတွင် ကိုယ်စားလှယ်လောင်း မရှိလျှင်ပင် သူတို့၏ ဆွေမျိုးသားချင်းများထဲမှ တစ်ဦးဦး ပါဝင်နေသူများကို တမင်ရွေးချယ်ခဲ့သည်။
ရလဒ်အနေဖြင့် ကောလာဟလများ အလျင်အမြန် ငြိမ်သက်သွားတော့သည်။ နောက်ဆုံးတွင် ဧကရာဇ်မင်းမြတ်က နောက်ထပ် ဘာလုပ်ဦးမည်ကို မည်သူမျှ မသိနိုင်သည့်အပြင် ဤမျှလောက်ပင် အရှက်ရစရာ ကိစ္စမျိုးကို ထပ်မဖြစ်စေချင်ကြတော့ပေ။
ဝမ်အိမ်တော်တွင်......
ပြင်ပမှ ကောလာဟလများကို ကြားသိပြီးနောက် အမတ်မင်းဝမ်က အိမ်သို့ ပြန်လာကာ သခင်မရှန်းနှင့် တိုင်ပင်နေခဲ့သည်။
"ဝမ်ရန်ကို ရှင်မရဲ့နာမည်အောက်မှာ စာရင်းသွင်းလိုက်ရင်ရော... ဘယ်လိုလဲ၊ ဒါဆိုရင် သူ တရားဝင်သမီးဖြစ် သတ်မှတ်ခံရလိမ့်မယ်"
အိမ်ရှေ့စံကြင်ယာတော်က ကိုယ်လုပ်တော်မှ ဆင်းသက်လာသည့် ကိုယ်လုပ်ဖွားသမီး ဖြစ်နေခြင်းက ကြည့်ရဆိုးသည်ဟု သူလည်း ယူဆနေခဲ့သည်။
"ဒါပေမယ့်..."
သခင်မရှန်းက သူ့စကားကို ထည့်ဖြည့်ပြောလိုက်သည်။
"ဒါက ရှောင်ဝူအတွက်ရော... ဝမ်မိသားစုအတွက်ပါ အပျက်သဘောဆောင်တဲ့ သက်ရောက်မှုရှိလာလိမ့်မယ်"
အိမ်ရှေ့စံကြင်ယာတော်လောင်း ဖြစ်လာပြီးမှ အိမ်တွင်းရေးအဆင့်အတန်းကို ချက်ချင်းပြောင်းလဲလိုက်လျှင် ၎င်းက ဝမ်ရန်၏ အကြံအစည် မဟုတ်သည့်တိုင် သူမအတွက် အများပြည်သူ၏ ဝေဖန်ရယ်မောခြင်းကို ဖိတ်ခေါ်သလို ဖြစ်သွားစေလိမ့်မည်။
ခင်ပွန်းသည်၏ စိုးရိမ်မှုကို နားလည်ပေးနိုင်သည့် သခင်မရှန်းက သူမ၏ ခင်ပွန်းကို နှစ်သိမ့်ပေးလိုက်သည်။
"စိတ်မပူပါနဲ့၊ ကျွန်မက ချန်းယိနျန်းရဲ့ စရိုက်ကို ရှင့်ထက် ပိုသိပါတယ်"
အမတ်မင်းဝမ်က ခြောက်သွေ့စွာ ရယ်မောလိုက်သည်။
"ရှင်မက စီမံထားပြီးသားဆိုတော့လည်း ကိုယ် ဘာမှမပြောတော့ပါဘူး၊ နန်းတော်ဘက်က ဘယ်လိုကိုင်တွယ်မလဲဆိုတာကိုပဲ စောင့်ကြည့်ကြတာပေါ့"
သူကလည်း ကိုယ်လုပ်တော်ပိုင်၏ ကိစ္စမျိုး ထပ်ဖြစ်လာမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။
အမတ်မင်းဝမ်အတွက်တော့ သူ့၏နန်းတွင်း အသက်မွေးဝမ်းကျောင်း လုပ်ငန်းခွင်၌ ချောမွေ့နေစေရန်က မိသားစုအတွင်း သဟဇာတဖြစ်မှုအပေါ် များစွာ မူတည်နေခဲ့သည်။ ဝမ်မိသားစု၏ လက်ရှိ တည်ငြိမ်မှုက သခင်မရှန်း၏ ကြိုးပမ်းမှုကြောင့်သာ ဖြစ်သည်။
ထို့ကြောင့် အမတ်မင်းဝမ်က သခင်မရှန်းကို အလွန်အမင်း လေးလေးစားစား ဆက်ဆံတတ်သည်။
တစ်ဖက်တွင်လည်း ကိုယ်လုပ်တော်ချန်းက ကိုယ်လုပ်တော်ကွေ့ထက်ပင် ပိုရောင်ရဲနိုင်သူ ဖြစ်သည်။
သူမ၏ အငယ်ဆုံးသမီးလေး အိမ်ရှေ့စံကြင်ယာတော်အဖြစ် ရွေးချယ်ခံရကြောင်း သိလိုက်ရသည့်အခါ သူမက ဝမ်ရန် ပထမနေရာ ရရှိခဲ့ခြင်းအတွက် ပိုဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့သည်။ ဝမ်ရန်ကလည်း ထိုအတိုင်း ခံစားနေရသည်။ နှစ်ပေါင်းများစွာ ကြိုးစားခဲ့သမျှ အရာထင်လာခဲ့ပြီဟု သူမ တွေးနေခဲ့သည်။
အိမ်ရှေ့စံမင်းသား၏ မင်္ဂလာပွဲက အလွန် ခမ်းနားထည်ဝါရမည်ဖြစ်ပြီး ပြင်ဆင်မှုအတွက်ပင် အချိန်ခြောက်လကျော် ကြာမြင့်မည်ဖြစ်သည်။ ထို့ကြောင့် မင်္ဂလာပွဲကို နောက်နှစ် နွေဦးရာသီတွင် ကျင်းပရန် သတ်မှတ်လိုက်သည်။
မင်္ဂလာပွဲအတွက် တစ်နှစ်ခွဲနီးပါး လိုသေးကြောင်း သိလိုက်ရချိန်တွင် အချို့လူများက တိတ်တဆိတ် ပြဿနာရှာရန် ကြံစည်လာကြသည်။ ဤကာလအတွင်း ဝမ်ရန်လည်း "အတားအဆီး" များစွာ ကြုံတွေ့ရသည်။ ထို "အတားအဆီး" များထဲမှ အချို့က ဝမ်ယဲ့၏ နားထဲသို့ပင် ရောက်ရှိလာခဲ့သည်။
နှစ်သစ်ကူး ဒုတိယမြောက်နေ့တွင် သူမ ဝမ်အိမ်တော်သို့ ပြန်လာသည့်အခါ ဝမ်ယဲ့က သူမ၏ စိုးရိမ်မှုကို ဖော်ပြလိုက်သည်။
"ရှောင်ဝူ... ညီမလေးမှာ အခက်အခဲ တစ်ခုခုနဲ့ ကြုံနေရင် တစ်ယောက်တည်း ကြိတ်မခဖြေရှင်းနဲ့နော်၊ အမေက သဘောကောင်းတဲ့ မိခင်တစ်ယောက်ပါ၊ သူ့ဆီကို မကြာခဏ သွားလည်ပတ်သင့်တယ်"
အခြောက်ခံထားသည့် အသီးအနှံဗန်းကို ကိုင်ထားသော ကိုယ်လုပ်တော်ချန်းက ထိုစကားကို ကြားသွားပြီး ဝမ်ယဲ့ကို ခပ်ပေါ့ပေါ့ ဆူပူလိုက်သည်။
"နင့်ရဲ့ ညီမလေးကို မမှန်ကန်တာတွေ မသင်ပေးနဲ့၊ သခင်မကြီးက နေ့တိုင်း အလုပ်ရှုပ်နေတာ၊ သူ့ကို မကြာခဏ သွားနှောင့်ယှက်တာမျိုး မလုပ်သင့်ဘူး၊ ရန်အာ"
ဝမ်ရန်က အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။
"သမီး နားလည်ပါတယ်၊ ယိနျန်း"
ထို့နောက် သူမက ဝမ်ယဲ့ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"စတုတ္ထအစ်မ၊ စိတ်မပူပါနဲ့။ ညီမက ဒီအခက်အခဲတွေကို အခက်အခဲလို့ မမြင်ပါဘူး"
သူမ စကားပြောလိုက်သည့်အချိန်တွင် သူမ၏မျက်လုံးများက တောက်ပနေပြီး စိတ်အနှောင့်အယှက် ဖြစ်နေပုံမပေါ်ပေ။
ဝမ်ယဲ့က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး ဤဇာတ်လမ်း၏နောက်ကွယ်တွင် တစ်စုံတစ်ခု ရှိနေသေးကြောင်း ခံစားမိလိုက်သည်။
"ဘာလို့လဲ"
ဝမ်ရန်က ပြန်ရှင်းပြနေသည်။
"ညီမက ဒါကို စိန်ခေါ်မှုတစ်ခုလိုပဲ မြင်တယ်၊ အခု ညီမတစ်ယောက်တည်းတင် မဟုတ်ဘူး၊ အိမ်ရှေ့စံမင်းသားလည်း အလားတူ အခက်အခဲမျိုးတွေနဲ့ ကြုံနေရတာပဲ၊ ညီမတို့က စာတွေ အပြန်အလှန် ပို့ကြတယ်၊ တစ်ယောက်စီရဲ့ ဖြေရှင်းနည်းတွေကို ရေးမှတ်ကြတယ်၊ ပြီးတော့မှ တစ်ယောက်ရဲ့ အဖြေကို နောက်တစ်ယောက်က မှတ်ချက်ပေးပြီး လိုအပ်ချက်တွေကို ထောက်ပြကြတာပါ"
ဝမ်ယဲ့ : "..."
ဝမ်ရန်က ဆက်ပြောနေသေးသည်။
"ဒီနည်းလမ်းနဲ့ဆိုရင် နောက်တစ်ခါ အခက်အခဲတွေ ထပ်ကြုံလာရင်လည်း ညီမတို့ နှစ်ယောက်အနေနဲ့ ပိုကောင်းတဲ့ ဖြေရှင်းနည်းတွေ ရှိလာမှာလေ"
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဝမ်ယဲ့က ထပ်မေးလိုက်သည်။
"နင်က အိမ်ရှေ့စံမင်းသားဘက်ကို ဘယ်လိုနည်းနဲ့ စာတွေ အပြန်အလှန် ပို့နေတာလဲ"
ဝမ်ရန်က ပြန်ဖြေလိုက်သည်။
"ဒီနှစ် အစောပိုင်းတုန်းက ဧကရီမယ်မယ်က ညီမတို့အိမ်ကို နန်းတွင်းကျင့်ဝတ် သင်ပေးဖို့ မော့မော့နှစ်ယောက် လွှတ်ပေးလိုက်တယ်လေ၊ ညီမရဲ့ ပထမဆုံးစာကို ချန်လဲ့မင်းသမီးဆီ ပို့ပေးလိုက်တာပါ၊ ဘာကြောင့်မှန်းမသိဘဲ အဲ့ဒီစာအတွက် အကြောင်းပြန်စာက လူနှစ်ယောက်ဆီကနေ ရောက်လာခဲ့တယ်"
ယဉ်ကျေးမှု မပျက်စေရန်အတွက် သူမက အိမ်ရှေ့စံမင်းသား၏ စာကိုလည်း ပြန်ဖြေကြားခဲ့ရသည်။ ထိုသို့ အကြိမ်အနည်းငယ် အပြန်အလှန် စာရေးဖြစ်ရာမှ အလေ့အကျင့်တစ်ခုလို ဖြစ်သွားခဲ့သည်။
ရလဒ်အနေဖြင့် စာပေကို လေ့လာခြင်းက ငွေကြေးဆိုင်ရာ အကျိုးအမြတ်တင်မကဘဲ ပြဿနာများကို ဖြေရှင်းနိုင်သည့် စွမ်းအားကိုပါ ရရှိစေကြောင်း ဝမ်ရန် နားလည်လာခဲ့သည်။ ဝမ်ရန်က နောက်ထပ် ရင်ဆိုင်ရမည့် "အတားအဆီး" ကိုပင် မျှော်လင့်နေမိသည်။ ၎င်းမှတစ်ဆင့် ရရှိလာမည့် ကိုယ်ပိုင်တိုးတက်မှုက ရုပ်ဝတ္ထုပစ္စည်းများထက်ပင် ပိုစိတ်လှုပ်ရှားဖွယ် ကောင်းနေလေသည်။
ဝမ်ယဲ့က ခဏမျှ တိတ်ဆိတ်နေပြီးမှ မတ်တတ်ထရပ်လိုက်သည်။
ဝမ်ရန်က နားမလည်နိုင်ဟန်လေးဖြင့် ပြန်မေးလိုက်သည်။
"စတုတ္ထအစ်မ၊ ဘယ်ကို သွားမလို့လဲ"
ဝမ်ယဲ့က သူမ၏ အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဆင်ရင်း ပြန်ပြောလိုက်သည်။
"နင့်ရဲ့ ခဲအိုကို သွားရှာမလို့"
‘ပညာရှင်တွေရဲ့ ကမ္ဘာက ငါ့ရဲ့ နားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီလေ’
......။.......။......
နေ့စဉ် အသေးအဖွဲကိစ္စများ (အပိုင်း ၁၃)
အိမ်ရှေ့စံမင်းသား၏ မင်္ဂလာပွဲအပြီး တစ်နှစ်အကြာတွင် တော်ဝင်မြေးတော်လေးတစ်ယောက် လူလောကသို့ ရောက်ရှိလာခဲ့သည်။ ထိုနှစ်တွင် ရွှီယွိရွှမ်လည်း ဆယ့်လေးနှစ်အရွယ်သို့ ရောက်ရှိလာပြီး ပြင်ပ၌ ပညာသင်နေသည်မှာလည်း တစ်နှစ်ကျော်ခဲ့ပြီ ဖြစ်သည်။
ခရီးမှ ပြန်ရောက်လာပြီးနောက် ရွှီယွိရွှမ်တစ်ယောက် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ သူက အားလပ်ချိန်များတွင်ပင် စာပေများကို ကြိုးစားလေ့လာနေခဲ့သည်။
ဝမ်ယဲ့က သူ့အပြုအမူ အလွန်ထူးဆန်းသည်ဟု ခံစားလာရသဖြင့် ရွှီယွဲ့ကျားကို မေးလိုက်သည်။
"ရှင် သူ့ကို ဖိအားပေးထားတာလား"
ရွှီယွဲ့ကျားက ငြင်းဆိုလိုက်သည်။
"မဟုတ်ဘူး"
နယ်စားမင်းအိမ်တော်၏ ပညာရေးစနစ်တွင် စာပေထက် လူ၏ စိတ်နေသဘောထားနှင့် ယဉ်ကျေးမှုကိုသာ ပိုအလေးပေးကြသည်။ နန်းတွင်းစာမေးပွဲ အောင်မြင်ရုံမျှဖြင့် လုံလောက်သည်ဟု သတ်မှတ်ကာ ဖိအားပေးခြင်းမျိုး လုံးဝ မရှိခဲ့ပေ။
ဝမ်ယဲ့တစ်ယောက် စဉ်းစားမရ ဖြစ်နေရသည်။
"ဒါဆို သူ ဘာဖြစ်သွားတာလဲ"
ရွှီယွိရွှမ်၏ အလေ့အကျင့်အတိုင်း စူးရှသော လျှာဖျားသာ မရှိခဲ့လျှင် ဝမ်ယဲ့က သူ့ကို တစ်စုံတစ်ခူ ပူးကပ်နေပြီဟုပင် ထင်မိလောက်သည်။
ရွှီယွဲ့ကျားက ခဏမျှ စဉ်းစားပြီးနောက် ခေါင်းခါလိုက်သည်။
"ကိုယ်လည်း မသိဘူး"
နှစ်ယောက်သား စကားပြောနေစဉ်မှာပင် ရွှီယွိရွှမ်က စာတမ်းတစ်စောင်ကို ကိုင်လျက် ရောက်လာခဲ့သည်။
"အဖေ၊ ဒီစာတမ်းကို တစ်ချက်လောက် ကြည့်ပေးပါဦး၊ ပြီးရင် ဘယ်နေရာမှာ လိုအပ်ချက်ရှိလဲဆိုတာ ပြောပြပေးပါ"
ဝမ်ယဲ့တစ်ယောက် ပို၍ သံသယဝင်လာခဲ့သည်။
ယခင်ကဆိုလျှင် ရွှီယွိရွှမ်က သူမ သို့မဟုတ် ရွှီယွဲ့ကျားကို တောင်းပန်စရာ ကိစ္စမျိုးရှိမှသာ ဤကဲ့သို့ စာကြိုးစားသည့်ပုံစံမျိုး လုပ်လေ့ရှိသည်။ ဝမ်ယဲ့က တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဒါပေမယ့် သူ အပြစ်ရှိတယ်လို့ ခံစားရမယ့် ကိစ္စမျိုး ဘာမှ မရှိဘူးလေ... နော်"
ရွှီယွဲ့ကျားက ထိုစကားကို ကြားသွားပြီး ခဏမျှ တိတ်ဆိတ်သွားကာ သူမကို လှမ်းကြည့်လိုက်သည်။
"ဧကရာဇ်မင်းမြတ် မကြာသေးခင်က ကိုယ့်ကို ပေးခဲ့တဲ့ ရှားပါးစာအုပ်တွေ ရှိသေးရဲ့လား"
သူက ထိုအကြောင်းကို မေးသည့်အခါ ရွှီယွိရွှမ်ကို ရှောင်ရှားမနေပေ။
ရွှီယွိရွှမ်က ဆိုလိုရင်းကို ချက်ချင်း နားလည်သွားပြီး ကန့်ကွက်ဟန်ပြုလိုက်သည်။
"အဖေ"
‘သူ အဲ့ဒီတစ်ခေါက်တုန်းက သူ အမေရဲ့ ဝိုင်ကို ခိုးသောက်မိပြီး မူးနေတုန်း စာအုပ်ရဲ့ စာမျက်နှာတစ်မျက်နှာကို မတော်တဆ ဆွဲဖြဲမိသွားရုံလေးပါ’
‘သူ့ကို အမြဲတမ်း ပြဿနာရှာတတ်တဲ့သူတစ်ယောက်လို ဆက်ဆံဖို့ လိုအပ်လို့လား’
ဇနီးမောင်နှံနှစ်ယောက်လုံးက သူ့ကို လျစ်လျူရှုထားလိုက်သည်။
ဝမ်ယဲ့က ခဏမျှ စဉ်းစားပြီး ပြန်ဖြေလိုက်သည်။
"ရှိပါသေးတယ်"
ရွှီယွဲ့ကျားက မယုံကြည်သေးသည့်ဟန်ဖြင့် လက်ထဲမှ စာတမ်းကို ခေါက်လိုက်ရင်း ထပ်ပြောလိုက်သည်။
"ကိုယ် သွားစစ်ကြည့်လိုက်ဦးမယ်"
ရွှီယွိရွှမ်က လှမ်းမေးလိုက်သည်။
"ကျွန်တော်ရဲ့ စာတမ်းကရော..."
ရွှီယွဲ့ကျားက သူ့စာတမ်းကို သူ့ဆီသို့ ပြန်ပေးလိုက်သည်။
"ပြန်ရေးလိုက်"
ရွှီယွိရွှမ်က စာတမ်းကို လှမ်းယူပြီး တစ်ချက်ကြည့်လိုက်သည်။
‘အဲ့ဒီလောက်တောင် ညံ့နေလို့လား’
......။..........။.......
နေ့စဉ် အသေးအဖွဲကိစ္စများ (အပိုင်း ၁၄)
အိမ်ရှေ့စံမင်းသား လက်ထပ်ပြီး ငါးနှစ်အကြာတွင် ဧကရာဇ်မင်းမြတ်က ထီးနန်းကို တရားဝင် စွန့်လွှတ်လိုက်သဖြင့် နန်းတွင်းတစ်ခုလုံး တုန်လှုပ်ချောက်ချားသွားခဲ့ရသည်။ ၎င်းက တာ့ကျင်းမင်းဆက်၏ သမိုင်းတစ်လျှောက် အငြိမ်းချမ်းဆုံးသော ထီးနန်းဆက်ခံမှု ဖြစ်ပေလိမ့်မည်။ ဝမ်ယဲ့လည်း အံ့အားသင့်ခဲ့ရသည်။
ရွှီယွဲ့ကျားကတော့ သူမကို ရှင်းပြနေသေးသည်။
"ဧကရာဇ်မင်းမြတ်က သူ ဘယ်တုန်းကမှ ဧကရာဇ်အဖြစ်နဲ့ မပျော်ရွှင်ခဲ့ဘူးလို့ တစ်ခါ ပြောဖူးတယ်၊ သူက သူ့အသက်ကို ကယ်တင်ဖို့အတွက်ပဲ ထီးနန်းလုပွဲမှာ ပါဝင်ခဲ့ရတာပါ"
မိဖုရားခေါင်ကြီးမှ မွေးဖွားလာသည့် တရားဝင် သားတော်တစ်ယောက်အနေဖြင့် ထီးနန်းကို စိတ်မဝင်စားကြောင်းနှင့် လွတ်လပ်ပေါ့ပါးသည့် မင်းသားတစ်ပါးအဖြစ်သာ နေလိုကြောင်း မည်မျှပင် ပြောနေပါစေ၊ အခြားမင်းသားတစ်ပါး နန်းတက်လာသည်နှင့် သူ အသက်ရှင်နိုင်တေ့မည်မဟုတ်ပေ။
ထို့အပြင် ဧကရာဇ်မင်းမြတ်၌ မိခင်တစ်ဦးတည်းမှ မွေးဖွားသော ညီအစ်ကိုအရင်းများလည်း မရှိနေခဲ့ပေ။ လက်ရှိမယ်တော်မိဘုရားကြီးတွင် သားသမီးဟူ၍ သူတစ်ယောက်တည်းသာ ရှိခဲ့သည်။ သူ သူ့ကိုယ်သူ ထည့်မတွက်လျှင်ပင် မယ်တော်မိဖုရားကြီး တည်ငြိမ်မှု ရှိစေရန် ထီးနန်းအတွက် မဖြစ်မနေ တိုက်ပွဲဝင်ခဲ့ရသည်။
"အိမ်ရှေ့စံမင်းသားက ထီးနန်းကို ဆက်ခံဖို့ အရည်အချင်း အရှိဆုံးသူဆိုတာကို အရှင်မင်းမြတ်က ကောင်းကောင်း သိနေခဲ့တယ်"
ရွှီယွဲ့ကျားက သူ့စကားကို နိဂုံးချုပ်လိုက်သည်။ ဝမ်ယဲ့က သက်ပြင်းချရင်း ပြန်ပြောလိုက်သည်။
"အဲ့ဒါကြောင့်လည်း အရှင်မင်းမြတ်က ဒီနှစ်တွေတစ်လျှောက် ဝမ်မင်းသားကို ဒီလောက်အထိ သည်းခံပေးခဲ့တာပေါ့"
ဖြစ်နိုင်သည်မှာ ဧကရာဇ်မင်းမြတ်၏ ရင်ထဲတွင် ဝမ်မင်းသားဆိုသည်က သူသာ ထီးနန်းမတက်ခဲ့ပါက ဖြစ်လာနိုင်မည့် ကိုယ်ပိုင်ပုံရိပ်တစ်ခု ဖြစ်နေပေလိမ့်မည်။
"ဒါနဲ့ အဲ့ဒီကောင်လေး ရွှီယွိရွှမ် ယုံလင်းခရိုင်မှာ အတော်လေး ဟိုးလေးတကျော် ဖြစ်စေခဲ့တယ်၊ သူ့သတင်းကိ မြို့တော်အထိတောင် ပြန်ရောက်လာပြီ၊ သူ့ရဲ့ ဖခင်တစ်ယောက်အနေနဲ့ ရှင် ဘယ်လိုများ ထင်မိလဲ"
ဝမ်ယဲ့က ထိုအကြောင်းကို ရုတ်တရက် သတိရသွားပြီး အပြုံးလေးဖြင့် မေးလိုက်သည်။
တာ့ကျင်းမင်းဆက်တွင် မျိုးရိုးမြင့် မှူးမတ်မိသားစုများမှ ကလေးများလည်း နန်းတွင်းစာမေးပွဲ အောင်မြင်ပြီးနောက် အရာရှိများ ဖြစ်လာနိုင်သည်။ ရွှီယွိရွှမ်လည်း စာမေးပွဲအောင်ပြီးနောက် ဝေးလံခေါင်သီသည့် ခရိုင်တစ်ခုတွင် ခရိုင်ဝန်အဖြစ် ခန့်အပ်ခံခဲ့ရသည်။
ပြီးခဲ့သည့် တစ်နှစ်အတွင်းမှာပင် သူ၏ အမည်က ပြည်နယ်အများအပြားသို့ ပျံ့နှံ့သွားခဲ့သည်။ ရွှီယွဲ့ကျားနှင့် ရင်းနှီးသော အရာရှိများကတော့ ဤမျှ စေ့စပ်သေချာပြီး တင်းကျပ်သည့် ဖခင်တစ်ယောက်က မည်သည့်အတွက်ကြောင့် ဤမျှ အရိုင်းဆန်ပြီး ထူးဆန်းသည့်နည်းလမ်းများကို သုံးတတ်သော သားတစ်ယောက် မွေးထုတ်နိုင်သည်ကို တိတ်တဆိတ် ဆွေးနွေးနေကြသည်။
လုံးဝကို ကွဲပြားခြားနားနေမှုကြီးက လူများကို ကြောင်တောင်တောင် ဖြစ်သွားစေခဲ့သည်။
ရွှီယွဲ့ကျားက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"လက်ခံနိုင်ပါတယ်"
ဝမ်ယဲ့က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်သော်လည်း ဘာမှ ထပ်မပြောချေ။ မနေ့ညက ထိုသတင်းကို ကြားရချိန်တွင် သူ ပျော်ရွှင်နေခဲ့ပြီး ဝိုင်တစ်ခွက် ပိုသောက်ခဲ့သည်ကို သူမ မေ့လျော့ပေးလိုက်သည်။
ရွှီယွဲ့ကျားက သူမဘက်သို့ လှည့်ကာ ရုတ်တရက် ပြောလိုက်သည်။
"လာမယ့်လမှာ ကိုယ် ဧကရာဇ်အသစ်ရဲ့ အမိန့်တော်နဲ့ မင်ကျိုးကို အမှုတစ်ခု သွားစစ်ရမယ်၊ မင်းရော ဘယ်လိုလဲ"
‘မင်ကျိုးတဲ့လား... အဲ့ဒီနေရာက ပင်လယ်စာတွေနဲ့ နာမည်ကြီးတဲ့နေရာလေ’
ဝမ်ယဲ့က ဤဘဝတွင် ပင်လယ်စာကို များများစားစား မစားဖူးသဖြင့် ခေါင်းညိတ်လိုက်သည်။
"လိုက်မယ်လေ"
သူမ အပန်းဖြေခရီး မထွက်ဖြစ်သည်မှာလည်း ကြာနေပြီ ဖြစ်သည်။
‘ဟုတ်တာပေါ့... ပင်လယ်ကမ်းစပ်မှာ အငြိမ်းစားဧကရာဇ်နဲ့ ဝမ်မင်းသားကို မတွေ့လိုက်ရရင် ပိုကောင်းမှာ အသေအချာပဲ။ အထူးသဖြင့် စကား အရမ်းများလွန်းတဲ့ ဝမ်မင်းသားနဲ့ပေါ့’
.......။........။.....
နေ့စဉ် အသေးအဖွဲကိစ္စများ (အပိုင်း ၁၅)
ဧကရာဇ်အသစ် နန်းတက်ပြီးနောက် အိမ်ရှေ့စံကြင်ယာတော် ဝမ်ရန်လည်း ဧကရီအဖြစ် တရားဝင် ဘွဲ့အပ်နှင်းခံခဲ့ရသည်။ ဝမ်ယဲ့အတွက် အကြီးမားဆုံး ပြောင်းလဲမှုက သူမ၏ မိခင်ရင်းဖြစ်သူ ကိုယ်လုပ်တော်ချန်းက သူမ၏ အဆင့်အတန်းကြောင့် ကန့်သတ်ချက်များ မရှိတော့ဘဲ အပြင်သို့ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်ခြင်းပင်။
သခင်မရှန်အား ပထမအဆင့် သခင်မဘွဲ့ ချီးမြှင့်ခံရပြီးနောက် ဧကရာဇ်မင်းမြတ်က ဧကရီ၏ မွေးမိခင် ကိုယ်လုပ်တော်ချန်းကိုလည်း စတုတ္ထအဆင့် သခင်မဘွဲ့ ပေးအပ်ခဲ့သည်။
အချို့သောသူများက အိမ်တွင်းရေး မတည်မငြိမ်ဖြစ်စေရန် ပြဿနာရှာဖို့ ကြိုးစားခဲ့ကြသော်လည်း ကိုယ်လုပ်တော်ချန်းက ထိုသူများ၏ မျှားခေါ်ရာသို့ မလိုက်သွားခဲ့ပေ။ သူမ အပြင်ထွက်သည့်အခါတိုင်းတွင် နယ်စားမင်း၏ အိမ်တော်ရှိ သူမ၏ သမီးကြီးထံ သွားရောက်လည်ပတ်ခြင်း သို့မဟုတ် နန်းတော်ထဲရှိ သူမ၏သမီးငယ်ကို သွားရောက်တွေ့ဆုံခြင်းသာ ဖြစ်သည်။
ထို့အပြင် နန်းတော်သို့ သွားသည့် အကြိမ်တိုင်းတွင်လည်း သခင်မရှန်းက သူမကို အမြဲလိုက်ပို့ပေးရသည်။
အခြား မျိုးရိုးမြင့်အမျိုးသမီးများထံမှ ဖိတ်ကြားစာများ ရရှိလာသည့်အခါတွင်လည်း သူမက အမြဲတမ်း ပင်မခြံဝင်းသို့ ယူဆောင်သွားကာ သခင်မရှန်းကိုသာ ဆုံးဖြတ်ခိုင်းလေ့ရှိသည်။
ကိုယ်လုပ်တော်ချန်းက ထိုအရာများကို သိပ်ပြီး အလေးအနက် မတွေးခဲ့ပေ။ သူမက သခင်မရှန်းက သူမထက် ပညာပိုရှိပြီး ပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းများ ရှာဖွေနိုင်လိမ့်မည်ဟုသာ ရိုးရိုးရှင်းရှင်း ယုံကြည်ထားသည်။ သူမကိုယ်တိုင်က လူမှုရေးတွင် ကျွမ်းကျင်သူမဟုတ်သဖြင့် ထိုအမျိုးသမီးများ၏ ရည်ရွယ်ချက်ကို အနည်းငယ်သာ နားလည်နိုင်သည်။ သူမ၏ အမြင်တွင် ထိုသူများက သူမနှင့် သခင်မရှန်းကို ယှဉ်ပြိုင်စေချင်သူများ ဖြစ်နေခဲ့သည်။
သို့သော် မည်သည့်အတွက် ယှဉ်ပြိုင်ရမည်ကို သူမ နားမလည်နိုင် ဖြစ်နေရသည်။
‘ခင်ပွန်းဖြစ်တဲ့ အမတ်မင်းဝမ်အတွက်လား’
‘အဲ့လို ယှဉ်ပြိုင်လိုက်ရင်ရော ဘာအကျိုးကျေးဇူးတွေ ရှိလာမှာလဲ’
ထိုရှုပ်ထွေးမှုများ ငြိမ်သက်သွားပြီးနောက်တွင် သခင်မရှန်းက လုသခင်မအား ကိုယ်လုပ်တော်ချန်းအကြောင်း တစ်ကြိမ် ရင်ဖွင့်ခဲ့သည်။
စကားပြောနေရင်း တစ်ဝက်အရာက်တွင် လုသခင်မလု ရင်းနှီးကျွမ်းဝင်နေသလို ခံစားလိုက်ရကာ ရယ်မောလိုက်သည်။
"အံ့သြစရာ မရှိတော့ပါဘူး၊ သူက သူ့ရဲ့ သမီးနဲ့ တကယ်ကို တူတာပဲ"
သခင်မရှန်းက ခဏ စကားရပ်လိုက်ပြီး ပြန်မေးလိုက်သည်။
"ဝမ်ယဲ့ကို ပြောတာလား"
လုသခင်မက ခေါင်းညိတ်လိုက်သည်။
"သူက ဒီလိုမျိုး အပြုအမူတွေကို လွန်ခဲ့တဲ့ နှစ်တွေကတည်းက မကြာခဏ လုပ်နေခဲ့တာလေ"
သခင်မရှန်းလည်း ဘာမှပြန်မပြောတော့ဘဲ စိတ်ထဲမှသာ တွေးနေခဲ့သည်။
‘ဘယ်သူက ဘယ်သူနဲ့ ပိုတူသလဲဆိုတာ ဘယ်သူက သိနိုင်မှာတဲ့လဲ’
......။.......။....
နေ့စဉ် အသေးအဖွဲကိစ္စများ (အပိုင်း ၁၆)
အချိန်များက လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြီး မကြာမီမှာပင် ရွှီကျင့်လင်း၏ကလေးပင် ငါးနှစ်အရွယ်သို့ ရောက်ရှိလာခဲ့သည်။
နောက်ဆုံးတွင် လုသခင်မလည်း သခင်မရှန်းနှင့် ဆင်တူသော ဘဝမျိုးကို စတင်နေထိုင်နိုင်ခဲ့သည်။ သူမ၏ ချွေးမနှစ်ယောက်လုံးက နားခံတတ်ပြီး သိတတ်လိမ္မာကာ အိမ်မှုကိစ္စများကိုလည်း ကူညီစီမံပေးနိုင်ကြသည်။ နှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း နယ်စားမင်းအိမ်တော်က အိမ်ထောင်စု ကွဲမသွားသေးပေ။ သို့သော်လည်း လွန်ခဲ့သည့် နှစ်အနည်းငယ်က ဝမ်ယဲ့နှင့် ရွှီယွဲ့ကျားတို့က အသစ်ချဲ့ထွင်ထားသည့် ခြံဝင်းတစ်ခုဆီသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။
ထိုနေရာက အငြိမ်းစားဧကရာဇ် "လက်ဆောင်" ပေးထားခြင်းဖြစ်သည်။ ထိုနှစ်က မင်ကျိုးသို့ သွားရောက်သည့် ခရီးစဉ်တွင် ဝမ်ယဲ့က နောက်ထပ် အောင်မြင်မှုတစ်ခု ထပ်မံရရှိခဲ့သေးသည်။ တစ်ကြိမ်တွင် သူမက အငြိမ်းစားဧကရာဇ်၏ အသက်ကို ကယ်တင်ပေးခဲ့ခြင်းပင်။
ထိုခြံဝင်းက နယ်စားမင်းအိမ်တော်နှင့် ကပ်လျက်ဖြစ်နေသဖြင့် ဝမ်ယဲ့က ပင်မအိမ်တော်နှင့် ဆက်သွယ်နိုင်အောင် ပြန်လည်မွမ်းမံပြီး တို့ချဲ့ခဲ့သည်။
မည်သို့ပင်ဖြစ်စေကာမူ သူမအတွက်တော့ အိမ်ခွဲသွားရန်က မဖြစ်နိုင်သော ကိစ္စဖြစ်သည်။
သူမ၏ သားနှစ်ယောက်အတွက် စိတ်အေးရပြီးနောက်တွင် လုသခင်မလည်း အားလပ်ချိန် အနည်းငယ် ရလာပြီး ရုတ်တရက် အခြားနေရာတွင် အရာရှိအဖြစ် တာဝန်ထမ်းဆောင်နေသော ရွှီယွိရွှမ်အတွက် စိုးရိမ်လာခဲ့သည်။ သူမက ဝမ်ယဲ့ကို ခေါ်ပြီး မေးမြန်းနေသည်။
"ရွှမ်အာလည်း အရွယ်ရောက်နေပြီ၊ နင်နဲ့ ဒုတိယမောင်လေးက သူ့အတွက် လက်တွဲဖော်ကို ဘယ်တော့လောက် စရှာပေးမှာလဲ"
"သူ့အတွက်လား"
ဝမ်ယဲ့က အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။
"သူက သူ့ဘာသာ သူ ရှာတွေ့ထားပြီးသား ဖြစ်မယ်ထင်တယ်၊ ကျွန်မတို့ စိတ်ပူစရာ မလိုပါဘူး"
လုသခင်မက အံ့ဩတကြီး ပြန်မေးလိုက်သည်။
"ရွှမ်အာက အဲ့လောက်တောင် အရည်အချင်း ရှိတာလား၊ ပြောပါဦး၊ ဘယ်အိမ်က သမီးပျိုလေးလဲ"
သူမက ထိမ်းမြားလက်ထပ်ရန် တင်တောင်းပစ္စည်းများ စီစဉ်ပေးဖို့ တွေးလိုက်ပြီ ဖြစ်သည်။
ဝမ်ယဲ့က သူမ၏ လက်နှစ်ဖက်လုံးကို ဖြန့်ကာ ပြန်ဖြေလိုက်သည်။
"မမ၊ ကျွန်မလည်း မသိဘူး၊ ကျွန်မ သူနဲ့ တစ်ခါမှ မတွေ့ဖူးသေးဘူး"
ဝမ်ယဲ့ဆီမှ အဖြေမရနိုင်သဖြင့် လုသခင်မ ရွှီနယ်စားမင်းကို တိတ်တဆိတ် ပြောပြကာ ရွှီယွဲ့ကျားထံမှ စုံစမ်းခိုင်းခဲ့သည်။ သို့သော် သူမတို့ ရလိုက်သည့် အဖြေက စကားလုံး ခုနှစ်လုံးသာ ဖြစ်သည်။
"မသိဘူး၊ မရင်းနှီးဘူး"
သို့သော်လည်း ထိုမိန်းခလေးကတော့ ရှိနေသည်မှာ အမှန်ဖြစ်ပုံရသည်။
သခင်မလု : "..."
'နင်တို့ နှစ်ယောက်ကတော့ တဖြည်းဖြည်းနဲ့ ပိုပိုပြီး စိတ်တူကိုယ်တူ ဖြစ်လာကြတာပဲ'