← Chapters

အခန်း ၁၀၂

Vol. 10 Ch. 102 - extra 6

အခန်း ၁၀၂

Vol. 10 Ch. 102 - extra 6

အခန်း ၁၀၂ အချပ်ပို ၆ ရွှီယွိရွှမ်၏ အမြင်

“ငါ့မှာ မြည်းလေးတစ်ကောင်ရှိတယ်~ ငါ ဘယ်တော့မှ မစီးဘူး~ တစ်ရက်မှာတော့ စိတ်ကူးပေါက်ပြီး~ ဈေးကို စီးသွားလိုက်တယ်~~”

အရိပ်ကောင်းသော လမ်းမကြီးတစ်ခုပေါ်တွင် လူငယ်လေးတစ်ယောက်၏ အသံ ရုတ်တရက် ထွက်ပေါ်လာသည်။ သို့သော် သံစဉ်က တစ်လုံးမှ မညီနေချေ။ ထိုအသံကြောင့် သစ်ပင်ပေါ်ရှိ ငှက်အုပ်စုပင် လန့်ဖျပ်ပြီး ထပျံသွားကြသည်။

ထိုလူငယ်လေးက ပျံသန်းသွားသော ငှက်များကို ကြည့်ရင်း သူ့အောက်တွင် မြည်ဟီးနေသည့် မြည်းလေးကို ပြောလိုက်သည်။

"အူး....အီး.....ဟီး...."

"သူတို့က မင်းလောက်တောင် အရသာ မသိကြဘူး၊ ရှောင်မောင်"

ဤလူငယ်လေးက အသက် ဆယ့်လေးနှစ်ပင် မပြည့်သေးသည့် ရွှီယွိရွှမ် ဖြစ်သည်။

ရွှီယွိရွှမ်၏ စကားကို နားလည်သွား၍လားမသိနိုင်ဘဲ "ရှောင်မောင်" ဟု အမည်ပေးထားသော မြည်းလေးက ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်သည်။ မြည်းလေးက သူလည်း အရသာမသိကြောင်း သက်သေပြချင်သည့်အလား "အူး...အီး" ဟု ဆက်မြည်ဟီးနေခဲ့သည်။

လူငယ်လေး ရွှီယွိရွှမ်က မြည်း၏ နားရွက်ကို ညင်သာစွာ ဆွဲလိုက်ရင်း ထပ်ပြောလိုက်သည်။

"အရင်တုန်းကဆို မင်းအဖွားက ငါ့ကို မူးသွားတဲ့အထိ လှည့်ပတ်ခဲ့တာ။ အခုတော့ မင်းအလှည့်ပဲ၊ မင်းအနေနဲ့ ‘အပြစ်ကြွေး’ ပြန်ဆပ်ရမှာပေါ့"

ရှောင်မောင် : "အူး...အီး...ဟီး...."

ရွှီယွိရွှမ်က မြည်းလေး၏ နားရွက်ကို လွှတ်ပေးလိုက်ပြီး တမင်သက်သက် စိတ်ဆိုးဟန်ဆောင်ကာ ပြောလိုက်သည်။

"လူသူမရှိတဲ့ ဒီနေရာမှာ မင်းက ဘယ်သူ့ကို အကူအညီ တောင်းနေတာလဲ"

ရှောင်မောင် : "..."

ရွှီယွိရွှမ်က ဇက်ကြိုးကို ခပ်ဖွဖွ လှုပ်ယမ်းလိုက်ရာ မြည်းလေးက အရှိန်မြှင့်ပြီး ရှေ့သို့ ပြေးထွက်သွားသည်။ ထိုအခါ သံစဉ်မညီသော သီချင်းသံများ ပြန်လည် ထွက်ပေါ်လာပြန်သည်။

“ငါ့လက်ထဲမှာ ကြိမ်လုံးလေး ကိုင်ထားတယ်~ ငါ တော်တော် ဂုဏ်ယူနေမိတယ်~~ ဒါပေမယ့် တစ်ခုခုတော့ မှားနေပြီ၊ ဝှစ်၊ ဝှစ်၊ ဝှစ်~ ငါ ရွှံ့ထဲ ပြုတ်ကျသွားတယ်~~”

ရွှီယွိရွှမ် သီချင်းဆိုနေရင်း ရေအိုင်တစ်ခုကို ဖြတ်ကျော်မိချိန်တွင် မြည်းလေး၏ ခြေဖဝါးက ချော်ထွက်သွားပြီး သူ ပြုတ်ကျမလို ဖြစ်သွားသည်။ ခပ်ယိုင်ယိုင်နှင့် ဟန်ချက် ပြန်ထိန်းလိုက်ပြီးနောက် ရွှီယွိရွှမ်က မြည်းလေးကို ဆူပူလိုက်သည်။

"ကောင်းကောင်း လျှောက်စမ်းပါ၊ သရုပ်ဆောင်မနေနဲ့"

ဤသည်မှာ ရွှီယွိရွှမ်တစ်ယောက် အိမ်မှဝေးကွာသည့် ခရီးရှည်ကို တစ်ယောက်တည်း ထွက်ခွာသည့် ပထမဆုံးအကြိမ် ဖြစ်သည်။ သူ့တွင် အဖော်အဖြစ် မြည်းတစ်ကောင်သာ ပါလာခဲ့ပြီး ထိုလူငယ်လေးက စိတ်ပေါ့ပါးလွတ်လပ်စွာဖြင့် သက်သောင့်သက်သာ ရှိနေခဲ့သည်။

ရွှီယွိရွှမ်က မြည်းကျောပေါ်တွင် ဘယ်ညာယိမ်းနွဲ့ရင်း သူတစ်ယောက်တည်း တေးဆိုနေခဲ့သည်။ သီချင်းဆိုရသည်ကို ပျင်းရိလာချိန်တွင် သူက အောက်သို့ ငုံ့ကြည့်ပြီး မြည်းလေးကို စကားပြောနေတတ်သည်။

"ဒီသီချင်းကို ငါ့အမေ သင်ပေးထားတာ၊ ဒါပေမယ့် သူက တစ်ခါဆိုရင် သံစဥ်တစ်မျိုး ပြောင်းဆိုတတ်တယ်၊ အဲ့ဒါက ထူးဆန်းတယ် မဟုတ်လား"

သူ အိမ်မှ ခွဲခွာလာသည်မှာ သုံးလနီးပါး ရှိပြီဖြစ်၍ မိသားစုအကြောင်း စဉ်းစားမိသည့်အခါ ရွှီယွိရွှမ်တစ်ယောက် အနည်းငယ် အိမ်လွမ်းစိတ် ပေါ်လာပြန်သည်။ သူ သူ့အမေ၊ သူ့အဖေ၊ သူ့ဦးလေး၊ အဒေါ်၊ အစ်ကိုကြီးများနှင့် ချစ်စရာကောင်းသော တူလေးများကို လွမ်းဆွတ်နေမိသည်။

သို့သော် ယခုအချိန်တွင် သူ့အမေကို အလွမ်းဆုံး ဖြစ်သည်။ ဖြစ်နိုင်သည်မှာ သူ့အမေက သူ၏ မှတ်ဉာဏ်ထဲတွင် အထင်ရှားဆုံးသော အခန်းကဏ္ဍမှ ပါဝင်နေသောကြောင့် ဖြစ်ပေမည်။

သူ အသက်ခြောက်နှစ်မတိုင်ခင် ရွှီယွိရွှမ်က နွေရာသီ၌ တစ်နေ့လျှင် ဖရဲသီးတစ်စိတ်သာ စားရသည်။ မုန့်ဆိုလျှင်လည်း တစ်ခါသာစားရသည်၊ ကြက်ကင်ဆိုလျှင် တောင်ပံတစ်ချောင်းသာ စားရမည်ဟု ယုံကြည်ခဲ့သော်လည်း သူ့အမေက သူ့ကို အလွန်ချစ်ကြောင်းကိုတော့ ခံစားမိနေပြီ ဖြစ်သည်။

သူ အသက်ကိုးနှစ်အရွယ်တွင် သူ့၏ ဘဝမှန်ကို သိရှိခဲ့ရပြီး သူ အလွန်အကျွံ တွေးတောမိမည်ကို စိုးရိမ်သောကြောင့် သူ့မိခင်က သူ့ဖခင်ကို တောင်းဆိုတာ တရားဝင် ရာထူးတာဝန်များကို ခဏရပ်နားစေပြီး သူကို သူတို့၏ မွေးရပ်မြေဝူကျိုးသို့ ပြန်ခေါ်သွားခဲ့သည်။

၎င်းက ရွှီယွိရွှမ် ဝူကျိုးသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သည်။ အချိန် အတော်ကြာခဲ့ပြီဖြစ်သောကြောင့် ထိုနေရာက သူ့ဖခင် ပြောပြထားသည့်ပုံစံနှင့် သိပ်မတူတော့ချေ။ ထိုနှစ်မှာပင် သူကိုယ်တိုင် သူ့သွေးရင်းဖခင်၏ အုတ်ဂူကို ရွှီမိသားစု၏ ဘိုးဘေးသင်္ချိုင်းသို့ ပြောင်းရွှေ့မြှုပ်နှံပေးခဲ့ရသည်။ သူ့အမေ၏ စကားအရ ပြောရလျှင် “မိသားစုဆိုတာ အတူတူ ရှိနေသင့်တယ်၊ ချစ်သူနှစ်ဦး ထာဝရ ကွဲကွာနေရတာ မကောင်းဘူးလေ" ဟူသည့် အကြောင်းပြချက်ကြောင့်ပင်။

ထိုအချိန်တွင် ရွှီယွိရွှမ်က တစ်ခုခု လွဲမှားနေသလို ဝိုးတဝါး ခံစားခဲ့ရသည်။ ဤလောကတွင် ဇနီးသည်၏ မိသားစုထံ အိမ်ထောင်ပြုဝင်သွားသော အမျိုးသားများသာ ဇနီးသည်၏ ဘိုးဘေးသင်္ချိုင်းတွင် မြှုပ်နှံခွင့် ရှိကြသည်။ သို့သော် သူ့ဖခင်က အိမ်ထောင်ပြုဝင်သွားသည့် အိမ်ပါသမက် မဟုတ်ခဲ့ပေ။

သို့သော်လည်း သူက ရွှီမျိုးရိုးအမည်ကို ဆက်ခံထားဆဲပင်။

နောက်ပိုင်းတွင် သူ ဤကိစ္စကို အလေးအနက် စဉ်းစားကြည့်ခဲ့ပြီး သူ့ဖခင်အနေဖြင့်လည်း ကန့်ကွက်မည်မဟုတ်ဟု ဆုံးဖြတ်လိုက်သည်။

‘သူ့အမေနဲ့ အဒေါ်တို့ အနားမှာ ရှိနေရက်နဲ့ အဖေတစ်ယောက်တည်း အပြင်မှာ မာန်တက်ပြီး နေဖို့ ခေါင်းမာစရာ ဘာအကြောင်းပြချက် လိုနေအုန်းမှာလဲ’

‘သူ့အဖေကလည်း သဘောတူမှာ သေချာပါတယ်လေ’

ရွှီယွိရွှမ်၏ အမှတ်တရများထဲတွင် ပျော်ရွှင်စရာ အခိုက်အတန့်အားလုံးနှင့် ရှက်စရာ အဖြစ်အပျက်တိုင်းတွင် သူ့အမေ ပါဝင်နေခဲ့သည်။

‘သူ့အမေက မုန့်ဝယ်တဲ့အခါ သူအကြိုက်ဆုံး စွန်ပလွံမုန့်လေးကို ဝယ်လာပေးတတ်တယ်။ ကြက်ကင် ခိုးစားတဲ့အခါ သူ့အတွက် တောင်ပံနှစ်ဖက် ချန်ထားပေးတတ်တယ်။ သန့်ရှင်းစင်ကြယ်အောင် ဆေးကြောထားတဲ့ ယုန်အရိုးတွေကို ဂူသွင်းပေးတတ်တဲ့ သူရဲ့ ထူးဆန်းတဲ့ အလေ့အကျင့်ကိုလည်း လေးစားပေးခဲ့တယ်။ သူ ဓားခုတ်လေ့ကျင့်တဲ့အချိန်မှာလည်း ပင်တိုင်ပရိတ်သတ် ဖြစ်ပေးခဲ့တယ်’

တစ်ခါတစ်ရံတွင် သူ့အမေက သူ့အတွက် စိတ်အနှောင့်အယှက် ဖြစ်စေသည့်အခါမျိုး ရှိသော်လည်း၊ အရသာရှိသော မုန့်တစ်မျိုး သို့မဟုတ် အရက်ကောင်းတစ်ခွက်နှင့်ပင် အလွယ်တကူ ပြေလည်သွားတတ်သည်။

‘ဘယ်ဟာကမှ အလုပ်မဖြစ်ရင်တောင် အဖေ ရှိသေးတယ်လေ’

သူ့အမေက စိတ်သဘောထား ရိုးရှင်းသူတစ်ယောက်ဖြစ်ပြီး သူမ၏ ဘဝတွင် အရာသုံးခုကိုသာ အကြီးအကျယ် မြတ်နိုးခဲ့သည်။

အရသာရှိသော အစားအစာ၊ အရက်ကောင်းနှင့် လှပသော အရာဝတ္ထုများပင်။

ဤအကြောင်းကို တွေးမိလိုက်သည်နှင့် ရွှီယွိရွှမ်တစ်ယောက် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး စိတ်လွတ်ကိုယ်လွတ်ဖြင့် သီချင်း ဆက်ဆိုနေမိသည်။

“ငါ့လက်ထဲမှာ ကြိမ်လုံးလေး ကိုင်ထားတယ်~ ငါ တစ်ခါမှ မဆေးဖူးဘူး~~ တစ်နေ့တော့ စိတ်ကူးပေါက်ပြီး~ မြစ်ထဲမှာ ဆေးဖို့ ယူသွားတယ်~~ နင်က စုတ်တံကြီး ကိုင်ထားတယ်~ ငါက ပွတ်လိုက်၊ ဆေးလိုက်~~ ဒါပေမဲ့ တစ်ခုခုတော့ မှားနေပြီ၊ စွပ်...စွပ်...စွပ်~ အများကြီး—ယောင်”

ခုနက လန့်ဖျပ်ကာ ထွက်ပြေးသွားသော ငှက်များက ရုတ်တရက် ပြန်ရောက်လာပြီး သစ်ပင်များကြားတွင် တောင်ပံခတ်သံများ ထွက်ပေါ်လာသည်။ အဝေးမှ မြင်းခွာသံများနှင့် ပြတ်တောင်းပြတ်တောင်း အကူအညီတောင်းသည့် အသံများကလည်း ပိုပြတ်သားလာပြီး ပိုကျယ်လောင်လာသည်။

ရွှီယွိရွှမ်က စိတ်လှုပ်ရှားသွားပြီး သူ့ခါးတွင် ချိတ်ထားသော ဓားကို ချက်ချင်း ဆွဲထုတ်လိုက်သည်။ သူ ခရီးနှင်လာသည်မှာ လအတော်ကြာပြီဖြစ်သော်လည်း ယခုမှပင် သူ့အရည်အချင်းကို ပြသရမည့် အခြေအနေမျိုးနှင့် ကြုံတွေ့ရခြင်း ဖြစ်သည်။ ၎င်းက "လူငယ်သူရဲကောင်းလေးရွှီ" ပေါ်ထွက်လာရမည့်အချိန်ပင် ဖြစ်သည်။

ရွှီယွိရွှမ်က သူ့မြည်းကို အုတ်အော်သောင်းနင်း ဖြစ်နေသည့် နေရာဆီသို့ ဦးတည်လိုက်သည်။

ထိုနေရာတွင် အနက်ရောင်ဝတ်လူတစ်စုက ရထားလုံးတစ်စီးကို ဝိုင်းရံထားသည်အား သူ မြင်လိုက်ရသည်။ အစောင့်အချို့ကတော့ မြေပြင်ပေါ်တွင် လဲကျသေဆုံးနေကြချေပြီ။

အနက်ရောင်ဝတ်လူတစ်ယောက်က ရထားလုံးပေါ်သို့ ခုန်တက်ကာ ဓားကို အတွင်းထဲသို့ ထိုးသွင်းလိုက်သော်လည်း လွဲချော်သွားခဲ့သည်။ ရထားလုံးအတွင်းမှ လူတစ်ယောက်က အနောက်ဘက်မှ ဖောက်ထွက်ကာ အပြင်သို့ ခုန်ချလာခဲ့သည်။

ထိုသူက အဖြူရောင် ဝတ်ဆင်ထားသည့် ရွှီယွိရွှမ်ကို ချက်ချင်း မြင်သွားခဲ့သည်။ ဖြစ်နိုင်သည်မှာ သူ ပြုံးနေသောကြောင့် ဖြစ်ပေမည်။ ထိုသူက အသက်ရှင်ချင်သည့် ဗီဇအကြောင့် ရွှီယွိရွှမ်ဆီသို့ ပြေးလာခဲ့သည်။

"ညီမလေး၊ မကြောက်နဲ့"

ရွှီယွိရွှမ်က နွေးထွေးစွာ ပြောလိုက်ပြီး ထိုလူကို သူ့နောက်တွင် ထားကာ ကာကွယ်ပေးလိုက်သည်။

"လူငယ်လေး၊ မင်း ထွက်ပြေးသင့်တယ်၊ သူတို့က ငါ့ကို လိုက်နေတာ၊ ဒါပေမယ့် မင်းကို အကူအညီတစ်ခုလောက် တောင်းလို့ရမလား၊ ငါ့အတွက် မြို့ထဲကို စာတစ်စောင်လောက် ပို့ပေးပါ"

ထို "ညီမလေး" က မိန်းကလေးအဖြစ် ဟန်ဆောင်ထားသော "ညီလေး" တစ်ယောက် ဖြစ်နေမှန်း သိလိုက်ရသဖြင့် ရွှီယွိရွှမ် အံ့ဩသွားရသည်။

"မင်းက ယောက်ျားလေးလား"

ထိုညီလေးက အသက် ရှစ်နှစ်၊ ကိုးနှစ်ခန့်သာ ရှိဦးမည့်ဖြစ်ပြီး ထိုကလေးငယ်လေး၏ မိန်းကလေးနှင့် ယောက်ျားလေး ရောထွေးနေသည့် ရုပ်ရည်မျိုး ရှိနေကာ သူ၏ အသံကလည်း ကြောက်ရွံ့ခြင်းကြောင့် တုန်ယင်နေလေသည်။

"ကျွန်တော်က ရှုခရိုင်က ခရိုင်ဝန်ရဲ့သား ကျန်းရှောင်ဝမ်ပါ၊ ရှုခရိုင်မှာ ကြောက်စရာကောင်းတဲ့ အဖြစ်ဆိုးတစ်ခု ဖြစ်ခဲ့တယ်၊ ကျွန်တော့်မိသားစုကို သူတို့ သတ်ဖြတ်လိုက်ကြပြီ"

အချိန်က နည်းပါးနေပြီ ဖြစ်၍ ထပ်ရှင်းပြနေရန် အချိန်မရှိတော့ပေ။

ရန်သူများ ချဉ်းကပ်လာကြပြီဖြစ်ရာ ရွှီယွိရွှမ်က သူ့ဓားကို ဝှေ့ယမ်းပြီး အနက်ရောင်ဝတ်လူများကို တိုက်ခိုက်လိုက်သည်။ အခြားသူများနည်းတူပင် ရွှီယွိရွှမ်တစ်ယောက်လည်း ငယ်စဉ်ကတည်းက အိပ်မက်များစွာ ရှိခဲ့ဖူးသည်။

အစပိုင်းတွင် သူက သူ့ဖခင်အရင်းကဲ့သို့ သမားတော်တစ်ယောက် ဖြစ်လာပြီး လူ့အသက်များကို ကယ်တင်ကာ လူများကို ကူညီပေးချင်ခဲ့သည်။ သို့သော် သူ အရွယ်ရောက်လာသည်နှင့်အမျှ သူက မှားယွင်းမှုများကို ပြုပြင်ပေးပြီး အကူအညီလိုအပ်နေသူများကို ကယ်တင်ပေးသည့် လှည့်လည်သွားလာတတ်သော သူရဲကောင်းတစ်ယောက်၏ ဘဝကို ပိုမို တောင့်တလာခဲ့သည်။

ထိုရည်ရွယ်ချက်အတွက် သူ ကိုယ်ခံပညာကို ကြိုးစားပမ်းစား လေ့ကျင့်ခဲ့ပြီး နောက်ဆုံးတွင် သူ့ဖခင်၏ ဟန်ပြသက်သက်သာဖြစ်သော နည်းစနစ်များကို ကျော်ဖြတ်နိုင်ခဲ့သည်။ ရွှီယွိရွှမ်တစ်ယောက် အားကုန်ထုတ်ကာ ဓားဖြင့် ခုတ်ခြင်း၊ ကန်ခြင်း၊ ထိုးခြင်းများ ပြုလုပ်ခဲ့သော်လည်း နောက်ဆုံးတွင် အနက်ရောင်ဝတ်လူတစ်ယောက်၏ ကန်ချက်ကြောင့် သူ မြေပြင်ပေါ်သို့ ပစ်လဲကျသွားတော့သည်။

"အဟွတ်... အဟွတ်"

ရွှီယွိရွှမ်က သူ့ရင်ဘတ်ကို ဖိထားရင်း မရပ်မနား ချောင်းဆိုးနေလေသည်။ "လူငယ်သူရဲကောင်းလေးရွှီ" တစ်ယောက် အကြီးအကျယ် အရေးနိမ့်သွားခဲ့ချေပြီ။

ကျန်းရှောင်ဝမ်က သူ့ကို ကူညီရန် အမြန်ပြေးလာပြီး စိုးရိမ်တကြီး မေးလိုက်သည်။

"အစ်ကိုလေး၊ အဆင်ပြေရဲ့လား"

ရွှီယွိရွှမ်ကတော့ မူးဝေနေဆဲပင်။ အရာအားလုံးက သူ စိတ်ကူးထားသည့်အတိုင်း ဖြစ်မလာခဲ့ပေ။

သွေးစွန်းနေသော ဓားကို ကိုင်ထားသည့် အနက်ရောင်ဝတ်လူတစ်ယောက်က သူတို့နှစ်ယောက်ထံသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာပြီး ခနဲ့တဲ့တဲ့ ရယ်မောလိုက်သည်။

"အသက်တောင် မပြည့်သေးဘူး၊ သူရဲကောင်း လုပ်ချင်နေသေးတယ်ပေါ့၊ နေရာတကာ ဝင်ပါခင်တဲ့ကောင်၊ ဒီနေ့တော့ မင်းကိုပါ သတ်ပစ်မယ်"

ထိုစကားကို ကြားလိုက်ရချိန်တွင် ကျန်းရှောင်ဝမ်က ရွှီယွိရွှမ်၏ ရှေ့မှ အမြန် ကာရပ်ရင်း အော်ပြောလိုက်သည်။

"ခင်ဗျားတို့ လိုချင်တာက စာမဟုတ်လား၊ ကျွန်တော် ပေးပါ့မယ်၊ သူ့ကိုတော့ လွှတ်ပေးလိုက်ပါ"

အနက်ရောင်ဝတ်လူက အေးစက်စက် ရယ်မောလိုက်သည်။

"စာကို ယူမယ်၊ ဒါပေမယ့် မင်းရော၊ သူပါ သေရမယ်"

နေရောင်အောက်တွင် သွေးစွန်းနေသော ဓားသွားက တောက်ပနေပြီး သတ်ဖြတ်လိုသည့် အငွေ့အသက်များ ထွက်ပေါ်နေသည်။ ဖုန်မှုန့်များပေကျံနေသော လူငယ်နှစ်ယောက်က အဆုံးသတ်ကို ရင်ဆိုင်ရန် သူတို့၏မျက်လုံးများကို မှိတ်ချလိုက်ကြသည်။ သို့သော် ဓားချက်များ ကျရောက်ခါနီးအချိန်တွင် ကယ်တင်ရှင် ရောက်ရှိလာခဲ့သည်။

"ရပ်လိုက်ကြစမ်း"

အနီရောင်ဝတ်စုံနှင့် မိန်းကလေးတစ်ယောက် အပေါ်မှ ခုန်ဆင်းလာပြီး သူမ၏ ဓားချက်က လေထုကို အရှိန်အဟုန်ဖြင့် ဖြတ်သန်းသွားကာ အနက်ရောင်ဝတ်လူ၏ ညာဘက်နားရွက်ကို ဖြတ်တောက်ပစ်လိုက်သည်။ သူမ၏ မျက်နှာကို ခမောက်နှင့် တွဲလျက်ရှိသော မျက်နှာဖုံးအောက်တွင် ဝှက်ထားသော်လည်း သူမ၏ ဓားရေးကျွမ်းကျင်မှုက ငြင်းမရနိုင်အောင် သိသာလွန်းနေသည်။

သူမက လျင်မြန်သော ကန်ချက်တစ်ခုဖြင့် အနက်ရောင်ဝတ်လူကို လွင့်စင်သွားစေပြီး လူငယ်လေးနှစ်ယောက်၏ ရှေ့တွင် ရပ်ကာ သူတို့ကို ကာကွယ်ပေးထားလိုက်သည်။ လေပြေက သစ်ပင်များကို တိုးဝှေ့တိုက်ခတ်သွားပြီး သူမ၏ ခါးထိရောက်သော ဆံပင်နက်နက်များကို လွင့်ခါသွားစေသည်။

ရွှီယွိရွှမ်၏ အကြည့်များလည်း တောင့်ခဲသွားရသည်။

ထိုမိန်းကလေးက စကားတစ်ခွန်းမှ မပြောဘဲ သူမ၏ဓားကို မြှောက်ရင်း တိကျသော ဓားချက်များဖြင့် တိုက်ခိုက်နေရာ ရန်သူများ အသက်ရှူရန်ပင် အချိန်မရတော့ပေ။ သူမ၏ လှုပ်ရှားမှုများက ချောမွေ့လွန်းပြီး အနက်ရောင်ဝတ်လူများ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကြသည်။ ခဏအတွင်းမှာပင် ငှက်သံများ တိတ်ဆိတ်သွားပြီး လေတိုက်ခတ်မှုများလည်း ရပ်တန့်သွားသည်။

ကျန်းရှောင်ဝမ်က သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး အံ့ဩတုန်လှုပ်နေဟန်တူသော ရွှီယွိရွှမ်ဘက်သို့ လှည့်ကြည့်လိုက်သည်။

"အစ်ကိုလေး၊ ကျွန်တော်တို့ လွတ်ပြီ"

ရွှီယွိရွှမ်လည်း သတိပြန်ဝင်လာပြီး ခက်ခက်ခဲခဲ ထရပ်လိုက်သည်။ သူက ရှေ့သို့ ခြေလှမ်းတစ်ဝက်ခန့် တိုးပြီးမှ ကျေးဇူးတင်စကား ပြောလိုက်သည်။

"ကျွန်တော်တို့ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သူရဲကောင်းမလေး။ ကျေးဇူးဆပ်နိုင်ဖို့အတွက် ခင်ဗျားရဲ့ နာမည်ကို သိခွင့်ရနိုင်မလား"

ကျန်းရှောင်ဝမ်ကလည်း ထရပ်လိုက်ပြီး ရွှီယွိရွှမ် ပြောပြီးနောက် သူက သူ့ခေါင်းကို အင်အားအပြည့်ဖြင့် ညိတ်ပြနေသည်။ တစ်ရက်အတွင်း နှစ်ကြိမ်တိုင်တိုင် အသက်ဘေးမှ လွတ်မြောက်လာခဲ့ရခြင်းကို သူ မယုံနိုင်အောင် ဖြစ်နေရှာသည်။

ထိုမိန်းကလေးက သူမ၏ ဓားပေါ်မှ သွေးများကို သုတ်လိုက်ပြီး မော့မကြည့်ဘဲ အေးစက်စွာ ပြန်ပြောလိုက်သည်။

"မလိုပါဘူး"

ထိုသို့ပြောပြီးနောက် သူမက ကျန်းရှောင်ဝမ်ကို မျက်လုံးပင့်ကြည့်လိုက်သည်။

"ငါ မင်းကို ခရိုင်မြို့ဆီ ခေါ်သွားပေးမယ်"

ကျန်းရှောင်ဝမ်က အံ့ဩတကြီး ပြန်မေးလိုက်သည်။

"ကျေးဇူးရှင်မလေး၊ မင်း ကျွန်တော့်ကို သိလို့လား"

ထိုမိန်းကလေးက ရိုးရှင်းစွာ ပြန်ဖြေလိုက်သည်။

"အရာရှိကျန်းက လူကောင်းတစ်ယောက်ပါ"

သူမက ရှုခရိုင်ကို အမှတ်မထင် ဖြတ်သန်းလာရင်း တရားမျှတမှု မရှိသော ဤကိစ္စမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ့ဖခင်အကြောင်း ပြောနေသည်ကို ကြားလိုက်ရသဖြင့် ကျန်းရှောင်ဝမ်၏ မျက်လုံးများ၌ မျက်ရည်များ ဝဲတက်လာသည်။

ထိုအချိန်တွင် ရွှီယွိရွှမ်က ဝင်ပြောလိုက်သည်။

"မကြောက်ပါနဲ့၊ ကျန်းညီလေး၊ ငါလည်း မင်းကို ခရိုင်မြို့အထိ လိုက်ပို့ပေးမှာပါ"

ကျန်းရှောင်ဝမ်က သူ့ကို မော့ကြည့်လိုက်ပြီး သူ၏ မျက်ဝန်းများတွင် ဝမ်းနည်းခြင်းနှင့် ကျေးဇူးတင်ခြင်းများ ရောထွေးနေသည်။

"ကျွန်တော့်ကို ကယ်တင်ပေးကြတဲ့ ကျေးဇူးရှင်နှစ်ယောက်ကို ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူး"

အသက်ရှစ်နှစ်၊ ကိုးနှစ်အရွယ်သာ ရှိသေးသော ကလေးတစ်ယောက်အတွက် မိသားစုတစ်ခုလုံး အသတ်ခံလိုက်ရသည့် ဒုက္ခမျိုးနှင့် ရင်ဆိုင်လိုက်ရခြင်းက သူ၏ ငယ်ရွယ်နုပျိုမှုကို ညတွင်းချင်း ရင့်ကျက်သွားစေခဲ့သည်။ ယခုအခါ အန္တရာယ်ကင်းရှင်းသွားပြီဖြစ်သဖြင့် သူ့မျက်ရည်များကို မည်သို့မျှ မထိန်းချုပ်နိုင်တော့ချေ။

ရွှီယွိရွှမ်က သူ့ကျောကို ပုတ်ပေးရင်း နှစ်သိမ့်စကား ပြောပေးလိုက်သည်။ ထို့နောက် သူက စကားလမ်းကြောင်း ပြောင်းလိုက်သည်။

"ငါတို့က အတူတူ ခရီးသွားကြမှာဆိုတော့ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ထားရင် ကောင်းမယ် မထင်ဘူးလား၊ လမ်းခရီးမှာ ခေါ်ရ ပြောရတာ ပိုအဆင်ပြေသွားတာပေါ့"

ထိုမိန်းကလေးက မော့ကြည့်လိုက်ပြီး တိုတိုတုတ်တုတ် ပြောလိုက်သည်။

"ချင်းချင်း"

ရွှီယွိရွှမ်၏ မျက်လုံးများက အရောင်တောက်သွားပြီး ပြန်ပြောလိုက်သည်။

"ငါ့မျိုးရိုးက ရွှီ၊ နာမည်က ယွိရွှမ်၊ အမှန်ဆိုရင်တော့ 'ကျေးဇူးရှင်' လို့ ခေါ်ရမှာပေါ့၊ ဒါပေမယ့် အဲ့လိုဆိုရင် အရမ်းစိမ်းသက်မနေဘူးလား၊ မင်းက ငါ့ထက်လည်း အသက်သိပ်ကြီးပုံမပေါ်ဘူး၊ ဒါကြောင့် 'ချင်းချင်း' လို့ပဲ တိုက်ရိုက် ခေါ်လိုက်တော့မယ်"

နှစ်နှစ်တာကာလအတွင်း တရားမျှတမှုကို ရှာဖွေရင်း ခရီးနှင်လာခဲ့သော ချင်းချင်းတစ်ယောက် ဤမျှ စကားများသည့်လူမျိုးနှင့် တစ်ခါမျှ မကြုံဖူးခဲ့ချေ။

သူမက ထိုလူငယ်လေးကို တစ်ချက်ကြည့်လိုက်ပြီး ဝမ်းနည်းမှုများလွန်ကဲနေသေးသော ကျန်းရှောင်ဝမ်ဘက်သို့ လှည့်ကာ ထပ်ပြောလိုက်သည်။

"ဒီနေရာက အန္တရာယ်ကင်းတာ မဟုတ်ဘူး၊ အရင်ဆုံး ဒီကနေ ထွက်သွားမှ ဖြစ်မယ်"

ကျန်းရှောင်ဝမ်က ချက်ချင်း ခေါင်းညိတ်လိုက်သည်။

ရထားလုံးက အသုံးပြုနိုင်သေးသဖြင့် ချင်းချင်းက သူမ၏ မြင်းကို ဆွဲခေါ်လာကာ ရထားလုံးနှင့် မြန်မြန်ဆန်ဆန် ချိတ်ဆက်လိုက်သည်။ ကျန်းရှောင်ဝမ်က မြင်းစီးရန် ငယ်ရွယ်လွန်းနေသဖြင့် ရထားလုံးဖြင့်သာ လိုက်ပါရမည် ဖြစ်သည်။

ရွှီယွိရွှမ်ကလည်း သူ့မြည်းကို ပြန်ခေါ်ကာ စီးနင်းလိုက်ပြီး လှည်းဘေးမှ ကပ်လျက် လိုက်ပါလာခဲ့သည်။ သူတို့ တောလမ်းမှ ထွက်လာစဉ် ချင်းချင်းက သူ့ကို လုံးဝ လျစ်လျူရှုထားခဲ့သည်။ သို့သော် သူကတော့ စကားများစွာ ပြောနေဆဲပင်။

"ချင်းချင်း၊ မင်း ခုနက သုံးသွားတဲ့ အကွက်ကို ငါ့ကို သင်ပေးလို့ရမလား၊ တကယ်ကို အံ့ဩဖို့ ကောင်းလွန်းတယ်"

"ဒီနေ့တော့ 'ကောင်းကင်ထက်မှာ ကောင်းကင် ရှိသလို၊ လူထက်တော်တဲ့ လူတွေ ရှိတယ်' ဆိုတာကို အသေအချာ မြင်လိုက်ရပြီ၊ မင်းက တကယ် ထူးချွန်တာပဲ၊ ငါ့အဖေဆီကနေ သင်ခဲ့ရတဲ့ ဟန်ပြသက်သက် အသုံးမဝင်တဲ့ နည်းလမ်းတွေနဲ့ လုံးဝ မတူဘူး... မင်းသာ မရောက်လာခဲ့ရင် ဒီနေ့တော့ ငါ သေသွားလောက်ပြီ"

ရွှီယွိရွှမ်၏ မျက်နှာက ရိုးရှင်းပြီး အန္တရာယ်ကင်းဟန်ရှိသည်။ သူက လတ်တလော ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို ပြောပြနေသော်လည်း သူတစ်ပါးကို မကယ်တင်နိုင်ခဲ့ခြင်းအတွက် ရှက်ရွံ့နေသည့်ပုံစံလည်း မပေါက်နေချေ။

"ဟေ့... ချင်းချင်း၊ မင်း ဘာလို့ ငါ့ကို မသင်ပေးတာလဲ၊ မင်းသာ သဘောတူမယ်ဆိုရင် မင်း ခိုင်းသမျှ အကုန်လုပ်ပေးမယ်"

နောက်ဆုံးတွင် ချင်းချင်းတစ်ယောက် သည်းမခံနိုင်တော့ဘဲ အော်ငေါက်လိုက်သည်။

"တိတ်စမ်း"

ရွှီယွိရွှမ်က နာခံစွာဖြင့် တိတ်ဆိတ်သွားပြီး နှာခေါင်းသံဖြင့် ညည်းသံပေးလိုက်သည်။

“အမ်း”

လူငယ်လေး စကားမပြောတော့သည့်အခါ သူတို့ပတ်ဝန်းကျင်ရှိ လေထုလည်း ငြိမ်သက်သွားသယောင် ရှိသည်။ ချင်းချင်းက ဇာတ်ကြိုးကို ခါလိုက်ပြီး မြင်းကို ပိုမြန်မြန် သွားခိုင်းလိုက်သည်။

ရွှီယွိရွှမ်ကလည်း အနီးကပ် လိုက်ပါသွားသည်။ ပူပြင်းသည့် နေရောင်အောက်တွင် မြည်းတစ်ကောင်က ပြေးလွှားနေသော မြင်းနောက်သို့ လိုက်ပါနေခဲ့သည်။

ထိုအချိန်မှစ၍ ထိုမိန်းမငယ်လေးနှင့် လူငယ်လေး၏ ကံကြမ္မာတို့ ရစ်ပတ်နှောင်ဖွဲ့သွားတော့သည်။

All Chapters