အခန်း ၁၀၃
Vol. 10 Ch. 103 - extra 7
အခန်း ၁၀၃ အချပ်ပို ၇
လုယောင်ရှင်းနှင့် သူမ၏ ခင်ပွန်းအကြောင်း
ချင်းတယ်မင်းဆက်၏ ဆယ့်ခြောက်နှစ်မြောက်၊ နွေဦးအလယ်ပိုင်းကာလ....
မြို့ပြင်ရှိ ဖူချင်းဘုရားကျောင်း၏ ကျောဘက်တွင် အသက်နှစ်နှစ်အရွယ် လုယောင်းရှင်းတစ်ယောက် ဝါးခြင်းကလေးကို လက်တစ်ဖက်ဖြင့် ကိုင်ရင်း ကျောက်တံတိုင်းပေါ်သို့ ကြွေကျနေသော မက်မွန်ပန်းများကို ကောက်ယူနေသည်။ သူမ၏ ဘေးတွင် သူမ၏ကိုယ်ပိုင်အစေခံမလေးနှစ်ယောက် ရှိနေပြီး သူမ၏လုံခြုံရေးအတွက် ဂရုတစိုက် လိုက်ပါစောင့်ရှောက်နေကြသည်။
ယောင်ရှင်းလေးက အေးဆေးသော ခြေလှမ်းလေးများဖြင့် လျှောက်လှမ်းနေကာ ပန်းများကို တစ်ပွင့်ချင်းစီ ကောက်ယူနေသည်။ သူမ ကျောက်တံတိုင်းပေါ်ရှိ နောက်ဆုံးကျန်နေသော မက်မွန်ပန်းလေးကို လက်လှမ်းလိုက်သည့်အချိန်တွင် ရုတ်တရက် တိုးဖျော့ဖျော့နှင့် တစ်ချက်တစ်ချက် ထွက်ပေါ်လာသည့် ငိုရှိုက်သံလေးကို ကြားလိုက်ရသည်။
သူမက ခေါင်းလေးကို လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။
"အစ်မယွမ်ပို၊ ကျောက်တုံးကြီးက ငိုနေတယ်"
ယွမ်ပိုဟု အမည်ရသည့် အစေခံမလေးက ချက်ချင်း သွားရောက်စစ်ဆေးကြည့်ရှုခဲ့ပြီး ကျောက်တံတိုင်းအနောက်ဘက်တွင် ပုန်းအောင်းနေသည့် အသက် လေး၊ ငါးနှစ်အရွယ် ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။
သူ့၏ဝတ်စားဆင်ယင်မှုကို ကြည့်ရုံဖြင့် သူ့မိသားစု နောက်ခံက ထူးခြားဖြစ်မည်မှန်း သိသာသည်။ ယွမ်ပိုက ယနေ့က ဖူချင်းဘုရားကျောင်းသို့ လာရောက်ပြီး ဆုတောင်းသူများထဲမှ ထင်ရှားသည့် မိသားစုများကို ပြန်တွေးကြည့်လိုက်သည်။ သူတို့ထဲတွင် ရွှီနယ်စားကြီးနှင့် ဇနီးဖြစ်သူတို့တွင်သာ ဤအရွယ်ကလေး ရှိနေမှန်း သူမ သတိရသွားသည်။
အခြေအနေကို ခန့်မှန်းမိသွားသည့် ယွမ်ပိုက အပြုံးဖြင့် ပြန်လှည့်ကာ သူမ၏သခင်မလေးကို ပြောပြလိုက်သည်။
"သခင်မလေး၊ ကျောက်တုံးကြီးက ငိုနေတာ မဟုတ်ပါဘူး၊ အဲ့ဒီအနောက်မှာ သခင်ငယ်လေးတစ်ယောက် ပုန်းနေတာပါ"
ထိုသို့ပြောပြီးနောက် သူမက ဒူးထောက်ထိုင်ချလိုက်ကာ မေးမြန်းနေသည်။
"သခင်ငယ်လေး၊ မိသားစုနဲ့ လမ်းကွဲသွားတာလား"
တစ်ခုတည်းသော တုံ့ပြန်မှုက တိုးတိုးလေး ရှိုက်ငိုနေသံသာ ဖြစ်သည်။
ယွမ်ပို တစ်ခဏတာ စိတ်ရှုပ်ထွေးသွားပြီးနောက် သူမ၏ ညီမဖြစ်သူကို လှမ်းပြောလိုက်သည်။
"ယွမ်ရှား၊ နင် ပြန်သွားပြီး သခင်မကို အကြောင်းကြားလိုက်"
သို့သော်လည်း ယောင်ရှင်းလေးက ထွက်မသွားချင်ဘဲ ယွမ်ပိုနှင့်အတူ ဆက်နေခဲ့ရန် အတင်းအကျပ် တောင်းဆိုနေသည်။ သူမက ကောင်လေးအနီးသို့ ပိုကပ်သွားပြီး စပ်စုစွာ မေးလိုက်သည်။
"အကိုလေး၊ ငိုနေတာလား"
ရွှီမင်ကျစ်က မငိုနိုင်လောက် ငိုနေပြီးမှ မျက်ရည်များကို သူ့အင်္ကျီလက်ဖြင့် သုတ်လိုက်သည်။ သူ့မျက်လုံးများကတော့ နီရဲနေဆဲပင်။
"ငါ မငိုဘူး"
သူက ကြုံးဝါးလိုက်သည်။
‘သူက ယောက်ျားလေးပဲ၊ ဘယ်လိုလုပ် ငိုရမှာတုန်း’
ယောင်ရှင်းလေးက သူမ၏ပါးစပ်လေးကို လက်သေးသေးလေးဖြင့် အုပ်ကာ တခစ်ခစ် ရယ်မောနေသည်။ ထို့နောက် သူ့၏ မျက်လုံးထောင့်စွန်းလေးစများကို လက်ညှိုးထိုးပြကာ အရိုးခံအတိုင်း ပြောလိုက်သည်။
"အကိုလေးရဲ့ မျက်လုံးနားမှာ မျက်ရည်စက်လေး ကျန်နေသေးတယ်"
ရွှီမင်ကျစ်က သူ့လက်လေးကို ချက်ချင်း မြှောက်ကာ သုတ်လိုက်သော်လည်း ဘာမှ မရှိမှန်း သိလိုက်ရသည်။
‘သူ အလှည့်စားခံလိုက်ရပြီ’
ရှက်စိတ်ကြောင့် သူ မျက်နှာပျက်သွားပြီး ဒေါသဖြင့် စိုက်ကြည့်လိုက်မိသော်လည်း၊ သူထက်ပင် ငယ်ရွယ်သော မိန်းကလေးတစ်ယောက်ဖြစ်နေသည်ကို မြင်ရချိန်တွင် သူ စိတ်ပြန်ပြေသွားပြီး ခေါင်းမာစွာ ပြန်ထပ်ပြောလိုက်သည်။
"ငါ မငိုဘူး၊ မင်း အမြင် မှားနေတာ"
ယောင်ရှင်းလေးက ခေါင်းလေးစောင်းပြီး ထပ်မေးလိုက်သည်။
"အကိုလေးဆီမှာ ဝမ်းနည်းစရာတစ်ခုခု ဖြစ်ခဲ့လို့လား"
သူမစကားကြောင့် ရွှီမင်ကျစ်၏ မျက်လုံးများတွင် မျက်ရည်များ ပြန်ဝဲလာပြီး ခေါင်းညိတ်လိုက်သည်။
"ငါ့ညီမလေး... သူ ဖျားနေလို့"
ယောင်ရှင်းလေးက "ဖျားနေတယ်" ဆိုသည့် အဓိပ္ပာယ်ကို နားလည်နေပြီ ဖြစ်သည်။ သူမနှင့် သူမ၏ မိဘများ ယနေ့က ဘုရားကျောင်းသို့ လာခဲ့သည်က သူမ ဘိုးဘိုး၏ ကျန်းမာရေးအတွက် ဆုတောင်းရန် ဖြစ်သည်။
"ဒါဆိုရင် အကိုလေးလည်း ဆုတောင်းဖို့ ရောက်လာတာပေါ့နော်"
"အင်း"
ရွှီမင်ကျစ်က တိုးတိုးလေး ပြန်ဖြေနေသည်။
ယွမ်ပိုက အဝေးမှ လူအုပ်ကြီးတစ်ခု ချဉ်းကပ်လာသည်ကို မြင်သွားပြီး ကလေးများ၏ စကားဝိုင်းကို ဖြတ်တောက်ရန် ရှေ့သို့ တိုးလာခဲ့သည်။
"သခင်မလေး၊ သခင်မ လာနေပါပြီ"
မိခင်ဖြစ်သူ ရောက်လာကြောင်းကို ကြားလိုက်ရချိန်တွင် ယောင်ရှင်းလေးက ချက်ချင်း မတ်တတ်ထရပ်လိုက်ကာ ပြောလိုက်သည်။
"အကိုလေး၊ သမီး မေမေက အကိုလေးရဲ့ မိသားစုကို ရှာတွေ့အောင် ကူညီပေးလိမ့်မယ်"
ရွှီမင်ကျစ်က ခေါင်းခါလိုက်သည်။ အမှန်ဆိုလျှင် သူ့မိသားစုတည်းခိုသည့်နေရာသို့ ပြန်ရမည့်လမ်းကို သူ မှတ်မိနေခဲ့သည်။ သူက သူ့ညီမကို လွမ်းလွန်းသဖြင့် ပြေးထွက်လာမိခြင်းပင်။
သူ့ညီမလေးက ပျောက်ဆုံးနေသော်လည်း၊ ဖခင်ဖြစ်သူကတော့ အခြားသူများကို "ဖျားနေလို့" ဟုသာ ပြောခိုင်းထားခဲ့သည်။
သို့သော် ယောင်ရှင်းလေးကတော့ ဂရုမစိုက်ဘဲ သူ့ကို ဆွဲထူလိုက်သည်။ လာနေသော လူအုပ်ကြီးထဲတွင် တင်အန်းမြို့စားနှင့် သူ့ဇနီးသာမက ရွှီနယ်စားမင်းကြီးလည်း ပါဝင်နေလေသည်။
ရွှီမင်ကျစ်က မတ်တတ်ထရပ်လိုက်ပြီး သူ့ဖခင်ကို မြင်လိုက်ရသည့်အခါ အလိုလိုပင် လှည့်ပြေးရန် ပြင်လိုက်သည်။ သို့သော် သူ့ထက် အရပ်ပုသည့် လုယောင်ရှင်းလေးက သူ့လက်မောင်းကို လှမ်းဆွဲလိုက်သည်။
"အကိုလေး၊ ဘာလို့ ပြေးနေတာလဲ"
ထိုအခိုက်အတန့်တွင် ရွှီမင်ကျစ်၏ စိတ်ထဲ၌ ဝမ်းနည်းမှုတို့ ပိုမိုပြင်းထန်လာကာ ပြန်ပြောလိုက်သည်။
"အဲ့ဒါ ငါ့ဖေဖေလေ"
ယောင်ရှင်းလေးက နားမလည်နိုင်ဖြစ်သွားကာ ပြောလိုက်ပြန်သည်။
"ဒါဆိုရင်လည်း မပြေးသင့်ဘူးလေ"
ရွှီမင်ကျစ်ကတော့ သူ မပြေးလျှင် သူ့တင်ပါးအတွက် အန္တရာယ်ရှိနေသည်ကို မည်သို့ ရှင်းပြရမှန်းမိသိ ဖြစ်နေရှာသည်။
‘ဒါက ရှက်စရာ ကောင်းလွန်းတယ်လေ။ ဒါပေမယ့် သူ ရှင်းပြချင်ရင်တောင် အချိန်နှောင်းသွားပြီ၊ လူကြီးတွေက ရောက်လာနှင့်ပြီ’
နောက်တစ်ခဏတွင် ရွှီမင်ကျစ်တစ်ယောက် ဝေဟင်ပေါ်သို့ မြှောက်ချီခံလိုက်ရသည်။ ယောင်ရှင်းလေးက အံ့အားသင့်သွားကာ ဟနေသည့် သူမ၏ပါးစပ်လေးကို လက်နှစ်ဖက်ဖြင့် အုပ်လိုက်သည်။ သူမ မော့ကြည့်လိုက်ချိန်တွင် သူမ၏ ဖခင်ထက် အရပ်ပိုရှည်သော လူကြီးတစ်ယောက်ကို တွေ့လိုက်ရသည်။
"မင်းက ညီလေးလုရဲ့ သမီးလေးပဲ ဖြစ်ရမယ်"
ထိုအရပ်ရှည်သောလူကြီးက အစ်ကိုလေးကို လက်တစ်ဖက်ဖြင့် ပွေ့ချီထားရင်း နူးညံ့သောအသံဖြင့် ပြောလိုက်သည်။ ယောင်ရှင်းလေးက ခဏတာ ငေးငိုင်သွားပြီးမှ ခေါင်းညိတ်ပြလိုက်သည်။
ထိုအချိန်တွင် တင်အန်းမြို့စားကလည်း သူတို့အနားသို့ လျှောက်လာပြီး ငေးငိုင်နေသည့် သူ့သမီးလေးကို ပွေ့ချီလိုက်သည်။ သူက ထိုအရပ်ရှည်သောလူကြီးကို ပြုံးပြရင်း လှမ်းပြောနေသည်။
"အစ်ကိုကြီးရွှီ၊ ကလေးကို တွေ့ပြီဆိုတော့ သူ့ကို အရမ်းအပြစ်မပေးပါနဲ့ဦး"
တင်းအန်းမြို့စားကတော်ကလည်း ဝင်ပြောလိုက်သည်။
"မင်ကျစ်လေးက ကလေးပဲ ရှိသေးတာပါ"
ရွှီနယ်စားမင်းက သူ့လက်ထဲမှ သားဖြစ်သူကို အတော်ကြာ ကြည့်နေပြီးမှ ပြန်ပြောလိုက်သည်။
"ကောင်းပါပြီ၊ ညီလေးလုနဲ့ ခယ်မလေး ပြောတဲ့အတိုင်းပဲ လုပ်ပါ့မယ်"
သို့သော် ယောင်ရှင်းလေး အိမ်ပြန်ရန် ရထားလုံးပေါ် တက်လိုက်သည့်အချိန်တွင်တော့ မလှမ်းမကမ်းရှိ ရထားလုံးတစ်စီးထံမှ စိတ်မချမ်းမြေ့ဖွယ် အော်ဟစ်ငိုရှိုက်သံကို ကြားလိုက်ရသည်။ သူမ အမှတ်တမဲ့ဖြင့် မိခင်ဖြစ်သူဆီသို့ ပိုကပ်သွားကာ မော့ကြည့်ရင်း မေးလိုက်သည်။
"မေမေ၊ ဦးလေးက သူ့ကို မရိုက်ဘူးလို့ ပြောထားတာ မဟုတ်ဘူးလား"
တင်းအန်းမြို့စားကတော်က သူမ၏ခင်ပွန်းကို တစ်ချက်ကြည့်လိုက်သည်။ ခင်ပွန်းဖြစ်သူက ခဏတာ စဉ်းစားပြီးနောက် ခန့်မှန်းကာ ပြန်ဖြေလိုက်သည်။
"ဖြစ်နိုင်တာက မင်းရဲ့ အဒေါ် ကြားသွားမှာစိုးလို့ တောင်အောက်ကို ခေါ်သွားပြီး ဆုံးမတာ ဖြစ်လိမ့်မယ်"
မြို့စားကတော်က သူမ သမီးလေး၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ရင်း ခင်ပွန်းဖြစ်သူကို ပြောလိုက်သည်။
"ရှင် အခွင့်အရေးရရင် ရွှီနယ်စားမင်းကို ဖျောင်းဖျကြည့်ပါဦး၊ ကလေးက ငယ်သေးတော့ ဒီလောက် အပြင်းအထန် အပြစ်မပေးသင့်ဘူးလေ"
မြို့စားမင်းက ဟားတိုက် ရယ်မောပြီးမှ ပြန်ပြောလိုက်သည်။
"စိတ်မပူပါနဲ့ ရှင်မရယ်၊ အစ်ကိုကြီးရွှီက ဘာလုပ်ရမယ်ဆိုတာ သိပါတယ်၊ မင်ကျစ်လေးက နည်းနည်းလေး နှေးကွေးနေသလိုနဲ့ သူက မိုက်မဲတဲ့သူ မဟုတ်ပါဘူး၊ အသံပဲ ဆူညံနေတာပါ၊ တကယ်ဆို သိပ်နာကျင်မှာ မဟုတ်ပါဘူး"
ယောင်ရှင်းလေးက သူမ၏မိခင်အနားတွင် မှီတွယ်ရင်း တွေးနေမိသည်။
'သူ ငိုတဲ့အခါ အဲ့လောက်တောင် တုံးတုံးအအပုံစံဖြစ်နေတာလား'
တစ်နှစ်ကြာပြီးနောက် ယောင်ရှင်းလေးက သူမ၏မိခင်နှင့်အတူ အခြားအိမ်တော်တစ်ခု၏ မင်္ဂလာဆောင်ပွဲတစ်ခုသို့ လိုက်ပါသွားခဲ့သည်။ ထိုအိမ်တော်၏ နောက်ဖေးရှိ ကျောက်ဆောင်တုအနီးတွင် တစ်စုံတစ်ယောက် လျှို့ဝှက်စွာ ငိုကြွေးနေသည်ကို သူမ နောက်တစ်ကြိမ် ထပ်တွေ့လိုက်ရပြန်သည်။
သူမက သူမ၏စကတ်ကို မလိုက်ပြီး ပိုနီးအောင် လျှောက်သွားကာ မေးလိုက်သည်။
"အကိုလေး၊ သမီးကို မှတ်မိလား"
ရွှီမင်ကျစ်က ရင်းနှီးနေသော အသံကို ကြားလိုက်ရသဖြင့် မော့ကြည့်လိုက်ရာ သူမကို မြင်သွားခဲ့သည်။
"မင်းပဲ ဖြစ်ပြန်ပြီ"
"ဒါဆို အကိုလေးက သမီးကို မှတ်မိသားပဲ၊ သမီးလည်း တစ်နေရာရာမှာ မြင်ဖူးသလို ခံစားနေရတယ်”
ရွှီမင်ကျစ်က သူ့မျက်ရည်များကို သုတ်လိုက်ရင်း ပြန်ပြောလိုက်သည်။
"မင်းက ငါ့ထက်တောင် ပိုပြီး မေ့တတ်တာလား၊ မနှစ်က ဖူချင်းဘုရားကျောင်းမှာ ငါတို့တွေ့ခဲ့ကြတာလေ၊ ငါ့ညီမလေး ဖျားနေလို့ မိဘတွေနဲ့အတူ ဘုရားကျောင်းကို သွားဆုတောင်းတုန်းကလေ"
ယောင်ရှင်းလေး မည်သို့ပင် အားထုတ်ပြီး မှတ်မိအောင် ကြိုးစားနေပါစေ၊ သူမ သေချာပေါက် မမှတ်မိနိုင်ခဲ့ပေ။
"တကယ်လားဟင်"
သူမက မေးလိုက်သည်။
ပြီးခဲ့သည့်တစ်နှစ်အတွင်း အရပ်ပိုရှည်လာသော ရွှီမင်ကျစ်က မတ်တတ်ထရပ်ရင်း ပြန်ဖြေလိုက်သည်။
"မင်း လမ်းပျောက်နေတာလား၊ မင်းရဲ့မိသားစုကို ရှာပေးဖို့ ငါ ကူညီပေးရမလား"
ယောင်ရှင်းလေးက ခေါင်းခါလိုက်ပြီး ခပ်ဝေးဝေးတွင် ရပ်နေသော အစေခံမလေးကို လက်ညှိုးထိုးပြနေသည်။
"ယွမ်ပိုအစ်မက ကျွန်မနောက်ကို လိုက်လာပါတယ်"
ရွှီမင်ကျစ် : "..."
‘ဒါက သူ မျှော်လင့်ထားတဲ့အရာ မဟုတ်ဘူး’
ထိုအချိန်တွင် ယောင်ရှင်းလေးက ထပ်မေးနေပြန်သည်။
"ဒါနဲ့ အကိုလေး၊ အကိုလေးက ခုနက ဘာလို့ ငိုနေတာလဲဟင်"
ရွှီမင်ကျစ်၏ ရင်ထဲတွင် တစ်စုံတစ်ရာ အပြစ်ရှိသလို ခံစားလိုက်ရသည်။ သူမ၏ အပြစ်ကင်းစင်သော မျက်နှာလေးကို မြင်လိုက်ရချိန်တွင် သူ ဘာကြောင့်မှန်းမသိ ဝန်ခံမိသွားသည်။
"ငါ့အမေက မွေးကင်းစ ညီလေးတစ်ယောက် ထပ်မွေးလိုက်လို့"
ယောင်ရှင်းလေး၏ မျက်လုံးများက အရောင်လက်သွားသည်။
"ကျွန်မမှာ ညီအစ်ကိုမောင်နှမတွေ မရှိသေးဘူး၊ အကိုလေးမှာ ညီလေးရော၊ ညီမလေးရော ရှိနေပြီပဲ၊ အရမ်းကောင်းတာပဲနော်"
ရွှီမင်ကျစ်ကလည်း သူ့အတွေးများက ရှက်စရာကောင်းမှန်း သိသော်လည်း မနာလိုစိတ်ကိုတော့ မထိန်းနိုင်ဖြစ်နေခဲ့သည်။ သူက စိတ်ဓာတ်ကျစွာဖြင့် ညည်းတွားလိုက်သည်။
"ဒါပေမယ့် ညီလေး မွေးလာကတည်းက ငါ့အမေက ငါ့ကို အရင်ကလောက် ဂရုမစိုက်တော့ဘူး"
ယောင်ရှင်းလေးက ဆက်မေးနေသည်။
"အကိုလေးရဲ့ ညီလေးက သေးသေးလေးပဲ ရှိသေးတယ်မလား၊ သူ လမ်းလျှောက်တတ်ပြီလား"
ရွှီမင်ကျစ်က ခေါင်းခါပြလိုက်သည်။
"သူက ခြောက်လတောင် မပြည့်သေးဘူး၊ လေးဖက်တောင် မသွားတတ်သေးဘူးလေ၊ သူက အရမ်းသေးပြီး နုနယ်လွန်းတယ်"
သူက သူ့ညီလေးအနေဖြင့် ရက်အနည်းငယ်ကြာတိုင်း ဆေးသောက်ရကြောင်းပင် ထပ်ဖြည့်ပြောလိုက်သေးသည်။
ရွှီမင်ကျစ်က ထိုဆေးကို တစ်ကြိမ် ခိုးမြည်းကြည့်ဖူးပြီး အရောင်က အမည်းရောင်ဖြစ်ပြီး အရသာက ခါးတူးပြီး ချဉ်စုပ်နေလေသည်။
ယောင်ရှင်းလေးက ပြောလာပြန်သည်။
"ဒါဆို အကိုလေးက သူ့ကို ကောင်းကောင်း စောင့်ရှောက်ပေးရမှာပေါ့"
ရွှီမင်ကျစ်က တွန့်ဆုတ်တွန့်ဆုတ် ပြန်ပြောလိုက်သည်။
"ဒါပေမယ့် ငါ့အမေက..."
ယောင်ရှင်းလေးက ရုတ်တရက် ရှေ့တိုးလာပြီး သူ့ခါးပတ်ကြိုးပြားကို လှမ်းထိလိုက်သည်။
"ဒီပုံစံလေးက အရမ်းလှတာပဲ၊ အိမ်တော်က အပ်ချုပ်သမားက ချုပ်ပေးတာလား"
ရွှီမင်ကျစ်က အောက်ကို ငုံ့ကြည့်ပြီး ခေါင်းခါပြလိုက်သည်။
"မဟုတ်ဘူး၊ ငါ့အမေ ကိုယ်တိုင် ချုပ်ပေးတာ"
ယောင်ရှင်းလေးက ထပ်ပြောလာပြန်သည်။
"ဒါဆို အစ်ကိုလေးရဲ့ မေမေက အကိုလေးကို တကယ် ချစ်တာပါ၊ သူ့လက်နဲ့ ကိုယ်တိုင် ချုပ်ပေးထားတာလေ"
ရွှီမင်ကျစ်၏ မျက်နှာထားလေးက နူးညံ့သွားသည်။
ယောင်ရှင်းလေးက သူ့ပခုံးကို ပုတ်လိုက်ပြီး ထပ်မေးလိုက်သည်။
"အကိုလေး၊ အခုရော ငိုချင်နေတုန်းပဲလား"
ရွှီမင်ကျစ်က မျက်ရည်ကို သုတ်လိုက်ရင်း ပြန် ပြောလိုက်သည်။
"ငါက တကယ့်ကို ဆိုးတဲ့သားပဲ၊ ပြီးတော့ ဆိုးသွမ်းတဲ့ အစ်ကိုကြီး"
ယောင်ရှင်းလေးက အပြုံးချိုချိုလေးဖြင့် ထပ်ပြောလိုက်သည်။
"အကိုလေးက မဆိုးပါဘူး"
ထိုစကားက ရွှီမင်ကျစ်လေး၏ ရင်ကို လှုပ်ခတ်သွားစေခဲ့သည်။
"တကယ်လား"
ယောင်ရှင်းလေးက ရိုးသားစွာ ခေါင်းညိတ်ပြနေသည်။
"အကိုလေးက နည်းနည်းလေး တုံးအနေရုံတင်ပါ"
ရွှီမင်ကျစ်က ပြန်ပြောလိုက်သည်။
"မင်း... ထားလိုက်ပါတော့"
ယောင်ရှင်းလေးက တခစ်ခစ်ရယ်နေရင်း ထပ်မေးနေပြန်သည်။
"အကိုလေး၊ သမီး အကိုလေးရဲ့ မေမေကို ရှာဖို့ ကူညီပေးရမလား"
ရွှီမင်ကျစ် : "...ငါ ဒီကို အဒေါ်နဲ့အတူ လာခဲ့တာ"
......။.......။.....
နောက်လေးနှစ်အကြာတွင်......
လုယောင်းရှင်း၏ မိခင်ဖြစ်သူဘက်မှ အငယ်ဆုံးအဒေါ်က အရွယ်ရောက်လာပြီ ဖြစ်၍ အဘွားက သူမအတွက် သင့်တော်မည့် ခင်ပွန်းလောင်းကို ရှာဖွေပေးနေခဲ့သည်။ သူမ၏ဒေါ်လေးဖြစ်သူ ကောင်းမွန်သည့် မိသားစုတစ်ခုသို့ ရောက်ရှိစေရန်၊ သင့်တော်မည့်သူများကို အကဲဖြတ်ပေးရန်နှင့် ဒေါ်လေး၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးရန်အတွက် အဘွားက ယောင်ရှင်း၏ မိခင်ကို အထူးတလည် ဖိတ်ကြားထားခဲ့သည်။
လုယောင်းရှင်းကလည်း အိမ်တွင် အချိန်ကြာမြင့်စွာ စာဖတ်နေရသဖြင့် အနည်းငယ် အသက်ရှူကျပ်လာကာ မိခင်ဖြစ်သူနှင့်အတူ လေညှင်းခံထွက်ရန် ဆုံးဖြတ်လိုက်သည်။
နွေဦးကာလက အပြင်ထွက်လည်ရန် အကောင်းဆုံး ဖြစ်ပြီး လုယောင်းရှင်းက သူမ၏ မိခင်၊ အဘွားတို့နှင့်အတူ မြို့စွန်ရှိ ဝမ်ချွန်လယ်တာအိမ်သို့ လိုက်ပါသွားခဲ့သည်။ လုယောင်းရှင်းက လယ်တောအိမ်တွင် ကြာကြာမနေခဲ့ပေ။ မကြာမီမှာပင် ယွမ်ပိုနှင့် ယွမ်ရှားတို့၏ အစောင့်အရှောက်ဖြင့် အနီးအနားရှိ ချောင်းစပ်ဆီသို့ ရောက်လာခဲ့သည်။
ချောင်းထဲတွင် ငါးများ ကူးခတ်နေသည်ကို ကြည့်ရင်း လုယောင်းရှင်းက လှည့်ပြောလိုက်သည်။
"အစ်မယွမ်ပို၊ အစ်မယွမ်ရှား၊ ငါးနည်းနည်းလောက် ဖမ်းကြရအောင်လေ၊ အဘွားအတွက် ပြန်ယူသွားရင် ထမင်းဝိုင်းမှာ ဟင်းပွဲကောင်းကောင်းလေး ရမှာ သေချာတယ်"
"ဒါက... ညီမလေးယောင်းရှင်း မဟုတ်လား"
ထိုအခိုက်အတန့်တွင် အသံတစ်သံကို ရုတ်တရက် ကြားလိုက်ကြရသည်။
လုယောင်းရှင်းကလည်း အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ပြီး သူမ၏ မျက်ခုံးလေးများ ပင့်သွားသည့်အထိ အံ့အားသင့်သွားရသည်။
"အကိုလေးက ဦးလေးရွှီရဲ့သား မဟုတ်လား"
နှစ်များစွာအတွင်း သူမက သူ့ကို မတော်တဆ အကြိမ်အနည်းငယ် မြင်ဖူးထားခဲ့သည်။
ရွှီမင်ကျစ်က အစပိုင်းတွင် သူမ သူ့ကို လူမှားနေတာလားဟု ထင်နေသေးသည်။ သူက အမြန် လှမ်းလာနေရင်း ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်၊ ငါပဲ၊ မင်းက ဘာလို့ ဒီကို တစ်ယောက်တည်း ရောက်နေတာလဲ"
လုယောင်ရှင်းက ပြန်ဖြေလိုက်သည်။
"မဟုတ်ပါဘူး၊ ကျွန်မ အမေတို့ အဘွားတို့နဲ့အတူ လာခဲ့တာပါ"
အသက် ဆယ်နှစ်ကျော်ကျော်သာ ရှိသေးသည့် ရွှီမင်ကျစ်က သိုင်းပညာကို စောစီးစွာ လေ့ကျင့်ထားသဖြင့် အရပ်မြင့်ကာ သန်မာနေပြီ ဖြစ်သည်။ လုယောင်းရှင်းက သူ့ကို ပထမဆုံး မြင်လိုက်သည့်အချိန်တွင် သူ့၏ဖခင်ဖြစ်သူ ဦးလေးရွှီနှင့် ပုံစံတူလွန်းပြီး အရပ်ရှည်ကာ သန်မာတောင့်တင်းလှသည်ဟု ခံစားလိုက်ရသည်။
ရွှီမင်ကျစ်က သူ့ခေါင်းကို ကုတ်လိုက်ရင်း ပြောနေပြန်သည်။
"ငါ ငါး ကူဖမ်းပေးမယ်လေ"
ထို့နောက် သူက သူ ကိုင်ထားသည့် တစ်ဝက်တစ်ပျက် ပန်းစည်းကို ချထားပြီး ခြေအိတ်နှင့် ဖိနပ်ကို ချွတ်ရန် ပြင်လိုက်သည်။
လုယောင်းရှင်းက လန့်သွားပြီး နောက်သို့ ခြေနှစ်လှမ်းခန့်ဆုတ်ကာ သူ့ကို အမြန်တားဆီးလိုက်သည်။
"မလိုပါဘူး၊ ကျွန်မတို့မှာ ငါးဖမ်းကိရိယာတွေ ပါပါတယ်"
"ရွှီမင်ကျစ်"
ရုတ်တရက် ပေါ်လာသည့် ရွှီနယ်စားမင်းက ရွှီမင်ကျစ် ပစ်ချထားခဲ့သော ပန်းများကို ကောက်ယူလိုက်ပြီး ပြင်းထန်သော အသံဖြင့် အပြစ်တင်လိုက်သည်။
"မင်းက ဘာလို့ ဒီပန်းတွေကို မြေကြီးပေါ် ပစ်ချထားတာလဲ"
လုယောင်းရှင်းက အမြန်ကြားဝင် ရှင်းပြလိုက်သည်။
"ဦးလေးရွှီ၊ သူက ကျွန်မကို ငါးကူဖမ်းပေးမလို့ ပန်းတွေကို ခဏချထားတာပါ။ သူ့ကို အပြစ်မတင်ပါနဲ့"
လုယောင်းရှင်းဘက်သို့ လှည့်လိုက်သည့်အချိန်တွင်တော့ ရွှီနယ်စားမင်း၏အသံက သဘာဝအတိုင်း နူးညံ့သွားခဲ့သည်။
"ဦးလေး သူ့ကို မဆူပါဘူး"
သူက နူးနူးညံ့ညံ့ ပြောလိုက်သည်။ စိတ်အေးသွားသည့် လုယောင်းရှင်းက ထပ်မေးလိုက်သည်။
"ဦးလေးရွှီလည်း နွေဦးအပန်းဖြေ ခရီးထွက်လာတာလား"
သူမက ရွှီနယ်စားမင်းကို အကြိမ်အနည်းငယ်သာ မြင်ဖူးသော်လည်း အရင်က မြင်ဖူးသည့်အကြိမ်များနှင့် နှိုင်းယှဥ်လျှင် သူ ပိုအိုစာလာသလို သူမ ခံစားနေမိသည်။ ရွှီနယ်စားမင်းက ကြင်နာသော အပြုံးဖြင့် ခေါင်းခါပြနေသည်။
"မင်းရဲ့ အဒေါ်ရွှီက ကျေးလက်က ပန်းတွေ ကြည့်ချင်တယ်ဆိုလို့ မင်ကျစ်နဲ့ ယွဲ့ကျားကို ခေါ်ပြီး ပန်းလာခူးတာပါ"
လုယောင်းရှင်းက စိုးရိမ်စိတ်ဖြင့် ချက်ချင်း ထပ်မေးလိုက်သည်။
"အဒေါ်ရွှီရဲ့ ကျန်းမာရေးကရော ဘယ်လိုလဲဟင်၊ သက်သာလာပြီလား"
ရွှီနယ်စားမင်း၏ အပြုံးက အနည်းငယ် မှိန်သွားသော်လည်း သူ ပြန်ဖြေနေဆဲပင်။
"သူ အများကြီး သက်သာလာပါပြီ၊ အခုနောက်ပိုင်း ကုတင်ပေါ်ကနေတောင် ထနိုင်နေပြီ"
လုယောင်ရှင်းက ထပ်ပြောလိုက်သည်။
"ကျွန်မတို့ ငါးလတ်လတ်ဆတ်ဆတ်လေးတွေ ဖမ်းဖို့ လုပ်နေတာပါ၊ အဒေါ်ရွှီ ငါးဟင်းချို သောက်လို့ရအောင် နည်းနည်းလောက် ယူသွားပါလား"
ထိုအချိန်တွင် ရွှီမင်ကျစ်က အနည်းငယ် နောက်ကျပြီးမှ ရောက်လာသည့် သူ့ညီငယ်လေးဆီသို့ တိတ်တဆိတ် ချဥ်းကပ်သွားပြီး တိုးတိုးလေး ကပ်ပြောလိုက်သည်။
"ဒုတိယညီလေး၊ အဖေက ငါတို့ကို ဘယ်တုန်းကမှ ဒီလိုမျိုး ပြုံးမပြဖူးဘူးကွာ"
ရွှီယွဲ့ကျား သူ့ကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှ ပြန်မပြောခဲ့ပေ။
ငယ်ရွယ်သည့် ရွှီယွဲ့ကျားက သူ့အရွယ် ကလေးများထက် ပိုအားနည်ပုံရသည်။ မိခင်ဖြစ်သူက ဖျားနာတတ်သည့် သူ့ညီငယ်လေးကို ပိုဂရုစိုက်ကြောင်း ရွှီမင်ကျစ် နားလည်နေပြီ ဖြစ်သည်။
ညီလေးရှိသော်လည်း မိခင်၏ ချစ်ခြင်းမေတ္တာက သူ့အပေါ် လျော့ပါးသွားခြင်း မရှိပေ။ သူ့တာဝန်က မိခင်အတွက် သားလိမ္မာဖြစ်ရန်နှင့် ရွှီယွဲ့ကျားအတွက် အစ်ကိုကောင်းဖြစ်ရန်သာ ဖြစ်သည်။
ရွှီယွဲ့ကျားက သေသေသပ်သပ် စည်းထားသော တောပန်းစည်းလေးကို ကိုင်ထားပြီး ရွှီမင်ကျစ်၏ ပန်းစည်းကတော့ ရှုပ်ပွနေလေသည်။
......။........။.......
နောက်ဆုံးတွင် ရွှီနယ်စားမင်းလည်း လတ်ဆတ်သော ငါးနှစ်ကောင်ကို ယူကာ သူ့သားနှစ်ယောက်ကို ခေါ်ပြီး အိမ်တော်သို့ ပြန်သွားခဲ့သည်။ အိမ်ပြန်ရောက်သည့်အချိန်တွင် သူက ငါးတစ်ကောင်ကို ဟင်းချိုချက်ရန် မီးဖိုချောင်ကို ညွှန်ကြားလိုက်သည်။
မကြာသေးခင်က အစားအသောက် ပျက်နေသည့် နယ်စားမင်းကတော်က ထူးဆန်းစွာပင် ရိုးရှင်းသော ငါးနှင့် တိုဟူးဟင်းချိုကို နှစ်ပွဲတိတိ သောက်နိုင်ခဲ့သည်။ ဈေးကြီးသည့် ပါဝင်ပစ္စည်းများ မပါဝင်သော သာမန်ဟင်းချိုလေးသာ ဖြစ်သည်။
ကုတင်ဘေးတွင် ထိုင်နေသည့် နယ်စားမင်းကတော်က စူးစမ်းဟန်ဖြင့် မေးလိုက်သည်။
"ဒီငါးနဲ့ တိုဟူးဟင်းချိုကို ချက်တာက ဘယ်သူ့စိတ်ကူးလဲ"
ရွှီနယ်စားမင်းက ဟင်းချိုပန်းကန်အလွတ်ကို ချလိုက်ရင်း ပြန်ဖြေလိုက်သည်။
"ဒီငါးက ညီလေးလုရဲ့ သမီးလေး ပေးလိုက်တာပါ၊ သူတို့သားအမိတွေက နွေဦးမှာ အပန်းဖြေဖို့ အပြင်ထွက်လည်နေတော့ အဲ့ဒီနားမှာ မတော်တဆ တွေ့ခဲ့တာလေ"
နယ်စားမင်းကတော်က ခဏမျှ စဉ်းစားလိုက်ပြီး သူမ၏ ဖြူဖျော့နေသော မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့လေး တစ်ခု ပေါ်လာခဲ့သည်။
"အဲ့ဒီကလေးမလေး... သူ အရမ်းလှပြီး ယဉ်ကျေးသိမ်မွေ့မှာ သေချာတယ်"
ရွှီနယ်စားမင်းက သူ့ဇနီး၏ ပိန်ပိန်ပါးပါး လက်လေးကို ဆုပ်ကိုင်လိုက်ပြီး ခံစားချက်အပြည့်ဖြင့် နှစ်သိမ့်ပေးလိုက်သည်။
"ကိုယ်တို့ သူ့ကို ရှာတွေ့မှာပါ... သေချာပေါက် ရှာတွေ့မှာ"
ထိုနွေဦး ပြီးနောက် လုယောင်းရှင်း အပြင်ထွက်တိုင်း ဆယ်ကြိမ်တွင် ရှစ်ကြိမ်ခန့်က ရွှီမင်ကျစ်နှင့် ဆုံတွေ့ရတတ်သည်။
သူမ အသက်ဆယ့်နှစ်နှစ်အရွယ်သို့ ရောက်ချိန်တွင် ရွှီမင်ကျစ်က သူ စစ်မှုထမ်းရန် ထွက်ခွာတော့မည်ဖြစ်ကြောင်း ရုတ်တရက် လာပြောခဲ့သည်။ ဆယ်လေးနှစ်၊ သို့မဟုတ် ဆယ့်ငါးနှစ်အရွယ်သို့ ရောက်ရှိလာသော ထိုကောင်လေးက အရင်နှင့်မတူတော့ဘဲ သိသိသာသာ ပြောင်းလဲသွားခဲ့ချေပြီ။
ယနေ့က ရွှီမင်ကျစ်တို့ အဒေါ်၏ ဒုတိယသားလေးအတွက် ပထမဆုံးမွေးနေ့ပွဲ ဖြစ်သည်။ သူ၏ ဦးလေးဖြစ်သူက တစ်ချိန်က လုယောင်းရှင်း၏ အဘိုး လက်အောက်တွင် လက်ထောက်စစ်သူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသဖြင့် မိသားစုနှစ်ခုက ရင်းနှီးနေကြသည်။ လုယောင်းရှင်းလည်း သူမ၏ အဒေါ်နှင့်အတူ လိုက်ပါလာခဲ့သည်။
ရွှီမင်ကျစ်က သူမနှင့် အနည်းငယ်လှမ်းသော နေရာတွင် ရပ်နေပြီး ခေါင်းကို ငုံ့ကာ သူ့ခြေထောက်တွေကို စိုက်ကြည့်နေသည်။
"ငါ... ငါ မကြာခင် ထွက်သွားတော့မယ်"
သူက ထစ်ထစ်ငေါ့ငေါ့ ပြောလာခဲ့သည်။
ယခုအခါ လှပကျော့ရှင်းသည့် မိန်းမပျိုလေး ဖြစ်နေပြီဖြစ်သော လုယောင်းရှင်းက နူးညံ့စွာ ပြန်ပြောလိုက်သည်။
"ဒါဆိုရင်လည်း အစ်ကိုရွှီ စစ်မှုထမ်းတဲ့အချိန်မှာ အဆင်ပြေစေဖို့ ဆုတောင်းပေးပါတယ်ရှင့်"
ရွှီမင်ကျစ်က သူမကို ခဏတာ မော့ကြည့်လိုက်ပြီးမှ ပြန်ငုံ့သွားကာ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် တိုးတိုးလေး ပြောလာပြန်သည်။
"ငါ သုံးနှစ်နေရင် ပြန်လာခဲ့မယ်၊ ငါ့ကို စောင့်ပေးနိုင်လား"
သူ့အသံက နောက်ပိုင်းတွင် ပိုတိုးသွားသဖြင့် လုယောင်းရှင်းက နောက်ဆုံးစကားလုံးများကို ကောင်းကောင်း မကြားလိုက်ရပေ။
"ဘာပြောလိုက်တာလဲဟင်"
ရွှီမင်ကျစ်က သူ့နှုတ်ခမ်းများကို တင်းတင်းစေ့ထားလိုက်ပြီး ဘယ်ပြောရမှန်း မသိဖြစ်နေပြန်သည်။
လွန်ခဲ့သော သုံးနှစ်က သူမကို မိခင်ဖြစ်သူ၏ ကုတင်ဘေးသို့ ခေါ်သွားခဲ့သည့် အချိန်ကတည်းက ဤခံစားချက်များ သူ့ရင်ထဲတွင် တိုးပွားလာခဲ့ခြင်း ဖြစ်သည်။ သို့သော် သူမက အလွန် ငယ်ရွယ်နေသေးသည်။
လေထုက အနည်းငယ် အဆင်မပြေ ဖြစ်လာခဲ့သည်။ ထိုအချိန်တွင် အနီးမှ ဖြတ်လျှောက်သွားသော ရွှီယွဲ့ကျားက ရုတ်တရက် ဝင်ပြောလိုက်သည်။
"အစ်ကိုကြီးက အစ်မကို နောက်ထပ်နှစ်အနည်းငယ် စောင့်ပေးနိုင်မလားလို့ မေးနေတာ"
ရွှီမင်ကျစ်၏ မျက်နှာက ခရမ်းချဉ်သီးကဲ့သို့ နီရဲသွားသည်။ သူက ရှက်စိတ်နှင့် ဒေါသစိတ် ရောပြွန်းလျက် သူ့ညီလေးဘက်သို့ လှည့်ကာ အသံမထွက်ဘဲ နှုတ်ခမ်းလှုပ်ရုံ ခေါ်လိုက်သည်။
"ရွှီယွဲ့ကျား"
လုယောင်းရှင်းဘက်တွင်လည်း အခြေအနေက ပိုကောင်းမနေဘဲ သူမ၏ပါးပြင်နှစ်ဖက်လုံး ရဲတက်သွားသည်။ သူမက ဘာမှ ဆက်မတွေးတော့ဘဲ ချက်ချင်း လှည့်ပြေးသွားတော့သည်။
ရွှီမင်ကျစ် နောက်မှ ဘယ်လောက် လှမ်းခေါ်ပါစေ၊ သူမက လှည့်မကြည့်တော့ချေ။
.......။......။.....
"ယောင်ရှင်း... ယောင်ရှင်း၊ နိုးပြီလား"
လုသခင်မ နိုးလာချိန်တွင် သူမ၏ အကြည့်များက ဆယ်စုနှစ်ပေါင်းများစွာ ပိုအိုစာသွားသလို ထင်ရသည့် ရွှီနယ်စားမင်းအပေါ်သို့ ကျရောက်သွားသည်။ ခဏတာမျှ သူမ ဝေခွဲမရ ဖြစ်နေပြီးမှ အားလုံးက အိပ်မက်တစ်ခုသာ ဖြစ်ကြောင်း သဘောပေါက်သွားရသည်။
ရွှီနယ်စားမင်းက သူမ ထိုင်နိုင်အောင် ကူပေးရင်း မေးနေခဲ့သည်။
"မနေ့ညက ခယ်မလေးနဲ့အတူ ရေခဲဖျော်ရည်တွေ မသောက်ခဲ့သင့်ဘူး။ အခုတော့ ကြည့်ဦး၊ ခေါင်းကိုက်နေပြီ မဟုတ်လား"
လုသခင်မက သူမ၏ နဖူးကို ပွတ်သပ်ရင်း ပြန်ပြောလိုက်သည်။
"ဖန်ခွက် တစ်ခွက်တည်းပါ၊ ရှင် ထင်သလောက်ကြီး မဆိုးပါဘူး"
ရွှီနယ်စားမင်းက သက်ပြင်းချရင်း ထပ်ပြောလိုက်သည်။
"ကိုယ် သမားတော် ခေါ်ပြီး စမ်းသပ်ခိုင်းပေးမယ်"
လုသခင်မက ပြန်ပြောလိုက်သည်။
"ရှင် တတွတ်တွတ်ပြောနေတာကို ရပ်လိုက်ရင် ကျွန်မခေါင်းက သူ့ဘာသာသူ သက်သာသွားလိမ့်မယ်"
ရွှီနယ်စားမင်း : "..."
ယခင်ကဆိုလျှင် သူမက သူ့ကို "နယ်စားမင်း" သို့မဟုတ် အနည်းဆုံး "ခင်ပွန်း" ဟုသာ ခေါ်လေ့ရှိသည်။ သို့သော် လွန်ခဲ့သော နှစ်များအတွင်း ဘယ်သူ့ဆီက ကူးစက်လာမှန်းမသိ၊ သူမ၏ သီးသန့်သဘောထားက တော်တော်လေး "ပြတ်သား" လာခဲ့သည်။
သူမဘာသာ သက်တောင့်သက်သာဖြစ်အောင် ပြင်ထိုင်ပြီးချိန်တွင် လုသခင်မက စပြောလိုက်သည်။
"ကျွန်မ အိပ်မက်တစ်ခု မက်ခဲ့တယ်"
ရွှီနယ်စားမင်းက စပ်စုချင်ဟန်ဖြင့် မေးလိုက်သည်။
"ဘာအိပ်မက်လဲ"
လုသခင်မက အိပ်မက်ထဲကအတိုင်း အရောင်တောက်ပနေဆဲဖြစ်သော မျက်ဝန်းများနှင့်အတူ အိုမင်းရင့်ရော်နေသည့် သူ့မျက်နှာကို ကြည့်ပြီး အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"ကျွန်မတို့ ငယ်ငယ်က ရှင် ကျွန်မရှေ့မှာ ငိုခဲ့တဲ့အကြောင်းပါ"
ရွှီနယ်စားမင်း၏ မျက်နှာအမူအရာက တောင့်တင်းသွားသည်။
"ဒါက ဆယ်စုနှစ်တွေတောင် ကြာခဲ့ပြီလေ၊ ဘယ်လိုလုပ်ပြီး မှတ်မိနေသေးတာလဲ"
လုသခင်မ ပြန်မဖြေရသေးခင်မှာပင် ချင်းရွှယ်က အလောတကြီး ရောက်လာပြီး သတင်းပို့လာခဲ့သည်။
"သခင်မ၊ ဒုတိယသခင်မက အရေးကြီးကိစ္စ ရှိလို့ တွေ့ချင်နေပါတယ်"
လုသခင်မက သူမကို ဝင်လာခွင့်ပြုလိုက်ပြီး မေးလိုက်သည်။
"ဒုတိယသခင်မဆီမှာ ဘာကိစ္စရှိလို့လဲ"
ချင်းရွှယ်က ဦးညွှတ်အရိုအသေပေးပြီးမှ တလေးတစား ပြန်ဖြေနေသည်။
"တတိယသခင်လေးနဲ့ တတိယသခင်မလေးတို့က သူတို့ရဲ့သမီးလေးကို ထားခဲ့ပြီး ထွက်သွားကြလို့ပါ၊ ဒုတိယသခင်မလည်း ဘာလုပ်ရမှန်း မသိဖြစ်နေပါတယ်"
လုသခင်မ: "... ရွှမ်အာနဲ့ ချင်းအာတို့ ပြန်ရောက်တာ နှစ်ဝက်တောင် မပြည့်သေးဘူး မဟုတ်လား"
ချင်းရွှယ် : "ထောင်ကျီ ပြောတာကတော့ ဒုတိယသခင်မက တအိမ်လုံးကို ရှာဖွေစစ်ဆေးခိုင်းခဲ့ပြီး တတိယသခင်လေး ချန်ထားခဲ့တဲ့ စာတစ်စောင်ပဲ တွေ့လိုက်ရပါတယ်တဲ့"
ရွှီနယ်စားမင်းက သက်ပြင်းချရင်း ဝင်ပြောလိုက်သည်။
"လူတွေက ခယ်မလေးကို ရွှမ်အာရဲ့ မိထွေးဆိုပြီး ပြောနေကြပေမယ့် ကိုယ့်အမြင်မှာတော့ သူကမှ အမေအရင်းနဲ့ ပိုတူနေတာ"
‘အနှစ်သာရမရှိတာချင်း အတူတူပဲလေ၊ ဘယ်နေရာမှ ယုံကြည်လို့ မရဘူး’
ရွှီယွိရွှမ်က အသက်နှစ်ဆယ်အရွယ်တွင် အိမ်ထောင်ပြုခဲ့သည်။ သူ့ဇနီးက မြင့်မြတ်သော မိသားစုမျိုးရိုးမှ မဟုတ်သလို၊ အရာရှိအိမ်တော်မှ သမီးလည်း မဟုတ်ပေ။ သူမက ရွှီယွိရွှမ်ထက် နှစ်နှစ်ပိုကြီးပြီး သိုင်းလောကမှ အမျိုးသမီးတစ်ဦးဖြစ်သည်။
လုသခင်မက သူမကို နှစ်ကြိမ်သာ တွေ့ဖူးခဲ့သည်။ တစ်ကြိမ်က သူတို့၏ မင်္ဂလာဆောင်တွင် ဖြစ်ပြီး၊ နောက်တစ်ကြိမ်ကတော့ လွန်ခဲ့သော နှစ်ဝက်ခန့်က သူတို့ဇနီးမောင်နှံ တာဝန်ကျရာနေရာမှ သမီးငယ်လေးကို ခေါ်ဆောင်က မြို့တော်သို့ ပြန်ရောက်လာသည့်အချိန်တွင် ဖြစ်သည်။
နယ်စားမင်းအိမ်တော်က အချိန်အတော်ကြာပြီးမှ ပြန်လည်သက်ဝင်လှုပ်ရှားလာခဲ့သည်။
ထိုသို့ ပျော်ရွှင်စရာကောင်းသော လေထုလေး မငြိမ်သက်သေးခင်မျာပင် ထိုဇနီးမောင်နှံက ပြန်ထွက်ပြေးသွားခဲ့ပြီ ဖြစ်သည်။
ယခုတစ်ကြိမ်တွင်တော့ သူတို့၏ သမီးငယ်လေးကိုပါ ထားခဲ့သွားကြသည်။ လုသခင်မတစ်ယောက် သူမ၏ ချစ်စရာကောင်းပြီး နူးညံ့သိမ်မွေ့သော မြေးမလေးအကြောင်း တွေးမိသွားပြီး စိတ်မအေးနိုင်တော့ပေ။ သူမ ချက်ချင်း အမိန့်ပေးလိုက်သည်။
"ချင်းရွှယ်၊ ငါ့အဝတ်အစားတွေ ယူလာပေး၊ ငါ သွားကြည့်မှ ဖြစ်မယ်"
တစ်ဖက်တွင်မှ အနောက်ဘက်ခြံဝင်းအတွင်း၌...
ဝမ်ယဲ့က ကလေးမလေး၏ ပန်းပုံစံဆံထုံးလေးကို ဆွဲမရင်း မေးမြန်းလိုက်သည်။
"ပြောပါဦး၊ မင်းရဲ့ မေမေနဲ့ ဖေဖေ ဘယ်ကို သွားလိုက်တာလဲ"
ကလေးမလေးက ဟော်သွန်သီးသကြားချောင်းကို လျှာဖြင့် ယက်နေရင်း ဘာမှမသိသလို ခေါင်းခါပြနေသည်။
"ဘွားဘွား၊ သမီး မသိဘူး"
သို့သော် ဝမ်ယဲ့ကတော့ လုံးဝ မယုံကြည်ပေ။
“ဒီလောက် သေးသေးလေးနဲ့... နင့်ရဲ့ လှည့်ကွက်လေးတွေက နင့်ဘွားဘွားကြီးကို လှည့်စားနိုင်ရင် လှည့်စားနိုင်လိမ့်မယ်၊ ငါ့ကိုတော့ မရဘူး၊ နင် ငါ့ရဲ့ သကြားချောင်းကို စားထားတာဆိုတော့ ငါ့ကို အမှန်အတိုင်း ပြောပြရမယ်'
ကလေးမလေးက ခေါင်းကိုသာ ဆက်ခါနေရင်း ပြန်ပြောလိုက်သည်။
"ဘွားဘွား၊ ဘွားဘွားက ကျန်းကျန်းကို မချစ်တော့ဘူးလားဟင်"
စကားဆုံးသည်နှင့် သူမ၏ မျက်ဝန်းလေးများ နီရဲလာလေသည်။
ဝမ်ယဲ့ : “....”
'ဒီလောက်ငယ်ငယ်လေးနဲ့ သနားကမားလုပ်ဖို့ သင်ယူပြီးနေပြီ၊ ရွှီယွိရွှမ်တစ်ယောက် ဒီနှစ်တွေအတွင်း ဒီကလေးကို ဘာတွေများ သင်ပေးထားတာတုန်းဟယ်'
သူမက အခန်း၏ ထိပ်ဆုံးတွင် ထိုင်နေသူဆီသို့ လှည့်ပြောလိုက်သည်။
"ရွှီယွဲ့ကျား၊ ဒီကို လာ"
ရွှီယွဲ့ကျားက သူ့စာအုပ်ကို ပိတ်လိုက်ပြီး ထိုင်နေရာမှ ထကာ အေအေးဆေးဆေး လျှောက်လာနေသည်။ သူက ကိုယ်ကို အနည်းငယ် ကိုင်းညွှတ်လိုက်ပြီး ကြင်နာမှုများပြည့်နေသော မျက်ဝန်းများဖြင့် မေးမြန်းလိုက်သည်။
"မင်းရဲ့ ဖိုးဖိုးကို ပြောပြပါဦး၊ မင်းရဲ့ မေမေနဲ့ ဖေဖေတို့ ဘယ်ကို သွားကြတာလဲ"
ကလေးမလေးက ထိုမေးခွန်းကို ရှောင်လွှဲလိုက်ပြီး သူမလက်ထဲမှ သကြားလုံးချောင်းကိုသာ ငေးကြည့်နေသည်။
"ဖိုးဖိုး၊ ဒီသကြားလုံးက တကယ်အရသာရှိတယ်နော်၊ ကျန်းကျန်း အရင်က ဒီလောက်အရသာရှိတဲ့ မုန့်မျိုးကို တစ်ခါမှ မစားဖူးဘူး"
ထိုစကားက ရွှီယွဲ့ကျားကို မျက်မှောင်ကြုတ်သွားစေသည်။
"မင်းဖေဖေက ပုံမှန်ဆိုရင် မင်းကို သစ်သီးသကြားချောင်းတောင် ဝယ်မကျွေးဘူးလား"
ထိုစကားကို ကြားလိုက်ရသည့် ဝမ်ယဲ့ကတော့ စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချနေလေသည်။
‘ကောင်းလိုက်တာ၊ နောက်တစ်ယောက်လည်း လမ်းလွဲသွားပြန်ပြီ’
သူမ ခေါင်းမော့လိုက်ပြီး ယွင်ကျီကို လှမ်းပြောလိုက်သည်။
"အကြီးဆုံးယောင်းမ ရောက်လာပြီလားလို့ သွားကြည့်လိုက်ဦး"
ကလေးမလေးက သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ဘွားဘွားကြီးရော လာမှာလားဟင်"
ဝမ်ယဲ့က အနည်းငယ် ပြုံးလိုက်ပြီးမှ ပြန်ပြောလိုက်သည်။
"ဟုတ်တယ်လေ၊ မဟုတ်ရင် နင့်ကို ဘယ်သူက ဂရုစိုက်ပေးမှာလဲ"
ကလေးမလေးက သိနေသည်ဆိုသော အရိပ်အယောင်မျိုး ပြသလာခဲ့သည်။
"ဖေဖေ မသွားခင်က ဘွားဘွားကြီး ကျေနပ်အောင် နေဖို့ ပြောသွားတာ အံ့ဩစရာ မဟုတ်တော့ပါဘူး"
ဝမ်ယဲ့: "..."
ရွှီယွဲ့ကျားက သူမ၏ ခေါင်းနောက်လေးကို ညင်သာစွာ ပုတ်လိုက်ပြီး အပြုံးမျက်လုံးများဖြင့် ဝင်ပြောလိုက်သည်။
"မနက်ဖြန် မနက်ခင်း ညီလာခံပြီးရင် သူ ဒီတစ်ခါ ဘယ်ခရိုင်ကို သွားတယ်ဆိုတာ ကိုယ် မေးကြည့်လိုက်မယ်"
ဤနှစ်ပေါင်းများစွာအတွင်း ရွှီယွိရွှမ်က ရာထူးတာဝန်များစွာကို အောင်မြင်ခဲ့သူ ဖြစ်ပြီး မြို့တော်သို့ ပြန်ရောက်သင့်သည်မှာ ကြာနေပြီ ဖြစ်သည်။ သို့သော်လည်း မြို့တော်ထက်စာလျှင် သူက နယ်မြို့များ၌ တာဝန်ထမ်းဆောင်ရသည်ကို ပိုသဘောကျနေသည်။ ဧကရာဇ်မင်းမြတ်က သူ့ဦးရီးတော် ဖြစ်နေသောကြောင့်လည်း သူ ထိုသို့ လွတ်လပ်ခွင့် ရနေခြင်းပင်။
ဝမ်ယဲ့က အံ့ကြိတ်ရင်း ထပ်ပြောလိုက်သည်။
"သူ့ကို နံနံပင်ခြောက်အကြီးကြီးတွေ သေတ္တာနှစ်လုံးစာလောက် ပို့ပေးလိုက်မယ်"
နံနံပင်ဆိုသည်က ရွှီယွိရွှမ် အမုန်းဆုံးအရွက် ဖြစ်သည်။
ကလေးမလေးက ဟော်သွန်သကြားလုံးတစ်ဝက်ကို ငုံထားရင်း ခေါင်းညိတ် သဘောတူလိုက်သည်။
သူမ၏ ဖေဖေအား သူတို့ သွားမည့်နေရာကို လျှို့ဝှက်ထားပေးမည်ဟု သူမ ကတိပေးထားခဲ့သော်လည်း သူမ အဖေကို ဝေဖန်ရာ၌ အဘွားဖြစ်သူနှင့် ပူးပေါင်းမည်ကိုတော့ မည်သူမျှ သူမကို တားဆီးနိုင်မည် မဟုတ်ချေ။
တစ်ဖက်တွင်တော့ မြို့ပြင်သို့ ထွက်ခွာလာခဲ့သည်မှာ တစ်ဝက်တစ်ပျက် ရှိနေပြီဖြစ်သော ရွှီယွိရွှမ်တစ်ယောက် လေကို ဆန်ကာ မြင်းစီးလာရင်း ရုတ်တရက် နှာချေလိုက်သည်။
ချင်းချင်းက သူ့ကို နောက်လှည့်ကြည့်လာသည်။
ရွှီယွိရွှမ်က အမြန် ရှင်းပြလိုက်သည်။
"ဟား ဟား ဟား၊ အမေ ငါ့ကို စလွမ်းနေတာပဲ ဖြစ်ရမယ်၊ သူက ငါနဲ့ လုံးဝ မခွဲနိုင်ဘူးလေ"
ပုံမှန်ဆိုလျှင် အေးစက်နေတတ်သော ချင်းချင်း၏ မျက်နှာထားက ခဏတာမျှ ပျော့ပျောင်းသွားခဲ့သည်။
"သေချာလို့လား"
သူမအနေဖြင့် ရွှီယွိရွှမ်၏ မိခင်ကို အကြိမ်အနည်းငယ်သာ တွေ့ဖူးသော်လည်း သူမ နားလည်ထားသလောက်ဆိုလျှင်တော့ ထိုသို့ ဖြစ်နိုင်ခြေ လုံးဝ မရှိပေ။
ရွှီယွိရွှမ်က ရယ်မောရင်း ပြန်ပြောလိုက်သည်။
"မဟုတ်ရင် ဘာဖြစ်ရမှာလဲ၊ ချင်းချင်းလေးရာ"
ချင်းချင်း၏ မျက်နှာထားက ချက်ချင်းဆိုသလို ပုံမှန်အတိုင်း အေးစက်သွားပြန်သည်။
"ပါးစပ်ပိတ်ထား"
ရွှီယွိရွှမ်၏ မျက်လုံးများတွင် နောက်ပြောင်ချင်သည့်အရိပ်အယောင်များ တောက်ပလာပြီး ခေါင်းခါလိုက်သည်။
"မပိတ်ဘူး"
အသက်နှစ်ဆယ်ကျော်နေပြီဖြစ်သော်လည်း သူက ကလေးတစ်ယောက်လို နောက်တီးနောက်တောက် လုပ်နေဆဲပင်။
ချင်းချင်း : "..."
နောက်တစ်ခဏတွင် သူမက ရုတ်တရက် မြင်းကို ကြိမ်ဖြင့် ရိုက်ကာ ရွှီယွိရွှမ်ကို အဝေးကြီး ချန်ထားရစ်ခဲ့သည်။ မကြာခင်မှာပင် ရွှီယွိရွှမ် မြင်နေရသည်က သူမ၏ နောက်ကျောပြင် ဝါးတားတားလေးသာ ဖြစ်နေတော့သည်။
‘သူ ကလေးဘဝတုန်းက သူ့မေမေနောက်ကို အမီမလိုက်နိုင်ခဲ့သလို လူကြီးဖြစ်လာတော့လည်း သူ့ဇနီးနောက်ကိုလည်း မလိုက်နိုင်ပြန်ဘူး’
******** အချပ်ပိုလေးတွေလည်း ပြီးသွားပါပြီရှင့် ******