← Chapters

အခန်း ၂၉၁

Vol. 30 Ch. 291

အခန်း ၂၉၁

Vol. 30 Ch. 291

အခန်း(291)

အစပိုင်းတွင် လီရှန်းတို့၏အိမ်နေရာက ပညာအရည်အချင်းရှိစေသည်ဟူသော အချက်မှာ စနောက်စကားမျှသာ ဖြစ်ပြီး မည်သူကမျှ အလေးအနက် မထားခဲ့ကြပေ။

အကယ်၍ ထိုအိမ်သို့ ပြောင်းရွှေ့နေထိုင်နိုင်လျှင် အကောင်းဆုံးဖြစ်သော်လည်း၊ မနေရလျှင်လည်း ကိစ္စမရှိပေ။

မည်သို့ပင်ဖြစ်စေ ထိုဇနီးမောင်နှံတွင် အစစ်အမှန် ပါရမီနှင့် ပညာများ ရှိကြောင်းကို လူတိုင်း သိရှိထားကြသည် မဟုတ်ပါလား။

သို့သော် လူတိုင်းကို အံ့အားသင့်စေသည်မှာ လုချင်းလန်က ထိုအရာကို အလေးအနက် မှတ်ယူထားခြင်း ဖြစ်သည်။

သူမက အိမ်ထဲသို့ ဒေါသတကြီးဖြင့် ပြေးဝင်လာခဲ့ပြီး လေသံကလည်း အနည်းငယ် ပြင်းထန်လွန်းနေ၏။

“လောင်လော်၊ ဝေ့ချင်းတို့ ဇနီးမောင်နှံက နှစ်သစ်ကူးပြီးရင် ကျောင်းတက်ရတော့မှာဆိုတော့ ဒီအိမ်ကို စက်ရုံဆီ ပြန်အပ်ရတော့မယ် ထင်တယ်နော်”

လော်ယွီရှို့က အစပိုင်းတွင် အနည်းငယ် စိတ်ရှုပ်ထွေးသွားရလေ၏။

သို့သော် သူမ၏ စကားပြောသည့် ပုံစံကို ကြားရသည်နှင့် မည့်သည့်ကိစ္စအတွက်လာကြောင်းကွု ချက်ချင်း သိရှိလိုက်လေသည်။

သူမက ချက်ချင်းပင် လှောင်ပြောင်သည့်အပြုံးဖြင့် ပြန်ဖြေလိုက်လေ၏။

“ဟုတ်တယ်လေ၊ အဲဒါ ဘာဖြစ်လို့လဲ”

“ကျွန်မနဲ့ လောင်လုက အဆောင်သစ်ကို ပြောင်းသွားကတည်းက အဲဒီမှာ နေရတာ တကယ့်ကို အဆင်မပြေဘူးဖြစ်နေတာ၊

အိမ်ဟောင်းမှာ နေရတာကမှ ပိုပြီး သက်သောင့်သက်သာ ရှိတယ်လို့ ခံစားရတယ်၊

ဝေ့ချင်းတို့ ဇနီးမောင်နှံ နေတုန်းကတော့ ကျွန်မလည်း အားနာလို့ မတောင်းရဲခဲ့ဘူးလေ၊

အခုတော့ အဲဒီလူငယ်တွေလည်း ထွက်သွားကြပြီဆိုတော့ အိမ်က အလွတ်ဖြစ်သွားပြီပဲ၊ ဒါက ကျွန်မတို့ ပြန်ပြောင်းလာဖို့အတွက် အချိန်ကောင်းပဲ မဟုတ်ဘူးလား”

လုချင်းလန်က သူမပြောသော စကားက ကျိုးကြောင်းဆင်ခြင်စရာရှိလွန်းသောကြောင့် လော်ယွီရှို့အနေဖြင့် သေချာပေါက် သဘောတူမည်ဟု ထင်မြင်နေခဲ့သည်။

မည်သို့ပင်ဖြစ်စေ စုမိသားစုမှ သားသမီးအားလုံးတွင် ကိုယ်ပိုင်အိမ်များ ရှိကြပြီးသားဖြစ်သည်။

ဤအိမ်က အလွတ်ဖြစ်သွားပါက တခြားသူများကိုသာ ခွဲဝေပေးရပေလိမ့်မည်။

တခြားလူများကို ခွဲဝေပေးမည့်အစား သူမကို ပေးလိုက်ခြင်းက ပို၍ ကောင်းမွန်သည် မဟုတ်ပါလား။

“ကျွန်မတို့က နှစ်ပေါင်းများစွာ အိမ်နီးနားချင်း ဖြစ်လာခဲ့ကြတာဆိုတော့ တစ်ဦးအကြောင်းတစ်ဦး သေသေချာချာ သိကြတာပဲလေ၊

ကျွန်မက စကားပြောမတတ်ပေမဲ့ စိတ်သဘောထား မကောင်းတဲ့သူတော့ မဟုတ်ပါဘူး၊

လောင်လော်၊ အိမ်နီးနားချင်း အသစ်တွေနဲ့ ပြန်ပြီး အဆင်ပြေအောင် နေဖို့ ကြိုးစားနေရမယ့်အစား၊ ကျွန်မတို့လို လူဟောင်းတွေနဲ့ပဲ ဆက်နေတာက ပိုကောင်းပါတယ်၊ မဟုတ်ဘူးလား”

အကယ်၍ လသာဆောင်ကိုသာ ယခင်က ပြုပြင်မွမ်းမံထားခြင်း မရှိခဲ့ပါက ဤအိမ်ကို လုမိသားစုထံ ပြန်လည်၍ ပေးအပ်လိုက်ခြင်းက ပြဿနာမရှိပေ။

သို့သော် ယခုအချိန်တွင် လသာဆောင်ကို ပိတ်ပြီး မီးဖိုချောင်အဖြစ် ပြုလုပ်ထားပြီးဖြစ်၍ လုချင်းလန် ပြောင်းရွှေ့လာမည်ဆိုခြင်းက အဆင်မပြေနိုင်တော့ပေ။

လော်ယွီရှို့က ဤမီးဖိုချောင်အကျယ်ကြီးကို အသုံးပြုရသည်က ကျင့်သားရနေခဲ့ပြီဖြစ်သောကြောင့် အိမ်ဟောင်းရှိ မီးဖိုချောင်အသေးလေးဆီသို့ လုံးဝ ပြန်မသွားလိုတော့ပေ။

ထို့ကြောင့် သူမက ငြင်းပယ်လိုက်လေသည်။

“လောင်လု၊ တကယ့်ကို ကံမကောင်းတာပဲ၊ ငါ့ရဲ့ အကြီးဆုံးသားက လွန်ခဲ့တဲ့ ရက်နည်းနည်းကမှ အစီရင်ခံစာ တင်ထားပြီးပြီလေ၊

သုတေသနဌာနရဲ့ အိမ်ရာဝင်းထဲကနေ ဒီကို ပြောင်းလာဖို့ စီစဉ်နေတာ၊ ငါ့ရဲ့ တတိယသားတို့ ဇနီးမောင်နှံ ထွက်သွားကြပြီဆိုတော့ ဒီကလေးက ငါတို့လို လူအိုတွေကို ဒီမှာပဲ တစ်ယောက်တည်း ထားခဲ့ရမှာကို စိုးရိမ်နေရှာတာ၊

သူက ငါတို့ကို ကူညီစောင့်ရှောက်ပေးဖို့အတွက် လာတော့မှာလေ”

လုချင်းလန်၏ မျက်နှာအမူအရာက ချက်ချင်းပင် ပြောင်းလဲသွားခဲ့ပြီး မအော်ဘဲ မနေနိုင်တော့ပေ။

“ရှင်တို့မိသားစုက ဘယ်လိုဖြစ်လို့ ဒီလို လုပ်နိုင်ရတာလဲ၊ ဒါက ရာထူးအာဏာကို အလွဲသုံးစားလုပ်တာ မဟုတ်ဘူးလား”

“ဒါက ဘယ်လိုဖြစ်လို့ ရာထူးအာဏာကို အလွဲသုံးစားလုပ်တာ ဖြစ်ရမှာလဲ၊

ဒါက စနစ်တကျ တင်ပြထားတဲ့ လျှောက်လွှာအစီရင်ခံစာပဲလေ၊ ဝေ့ဟိုင်က ဝါရင့် သုတေသနပညာရှင်တစ်ဦးပဲ၊

ဆေးဝါးစက်ရုံ ဝန်ထမ်းတွေရဲ့ အိမ်ရာနယ်မြေ ဖြစ်နေသရွေ့တော့ သူ ဘယ်နေရာမှာမဆို နေထိုင်ပိုင်ခွင့် ရှိတာပဲ၊

ဒီမှာ နေဖို့မပြောနဲ့ သူရဲ့ ရာထူးအဆင့်အတန်းအရဆိုရင် နင်တို့အဆောင်ရဲ့ သုံးထပ် ဒါမှမဟုတ် လေးထပ်က အကြီးဆုံးတိုက်ခန်းမှာတောင် နေပိုင်ခွင့် ရှိသေးတယ်နော်”

လော်ယွီရှို့က လုချင်းလန်ပြောလာသည့် စကားကို ကြားရသည့်အချိန်တွင် အလွန်ပင် ဒေါသထွက်သွားခဲ့ရ၏။

ဒါက ပြဿနာလာရှာနေတာ မဟုတ်ဘူးလား။

“ပြီးတော့ နင်တို့ မိသားစုကပဲ တိုက်ခန်းအသစ်ဆီကို အရင်ဆုံး ပြောင်းချင်တယ်ဆိုပြီး ပြောင်းသွားခဲ့ကြတာလေ၊

အခုကျမှ ပြန်ပြောင်းလာချင်တယ်လို့ ပြောနေပြန်ပြီ၊ ဘာလဲ ..နင်က ဆေးဝါးစက်ရုံကို နင့်ရဲ့ ကိုယ်ပိုင်အိမ်လို့ ထင်နေပြီး နင် ပြောင်းချင်တဲ့ အချိန်တိုင်း ပြောင်းလို့ရတယ်လို့ ထင်နေတာလား”

သူမက ပို၍ပင်ပြတ်သားစွာ ပြောလိုက်လေတော့၏။

လော်ယွီရှို့က ခါးကို ထောက်လိုက်သည်နှင့် သူမ၏ တိုက်ခိုက်နိုင်စွမ်းက အဆပေါင်းမြားစွာတိုးတက်သွားလေတော့၏။

သူမက ပါးစပ်မှ မရပ်မနား တရစပ် ပြောလေတော့သည်။

“အဲဒီတုန်းက လူတိုင်းက အဆောင်သစ်ကို သွားဖို့ လုနေကြတာလေ..ဒါပေမဲ့ ငါတို့ရဲ့ ဝေ့ချင်းကတော့ စိတ်သဘောထား မြင့်မြတ်တယ်၊ ယဉ်ကျေးတယ်၊ နှိမ့်ချတတ်တယ်၊

သူက အဆောင်သစ်ကို မရွေးဘဲနဲ့၊ ဆယ်နှစ်ကျော် သက်တမ်းရှိတဲ့ ငါတို့ရဲ့ ဝင်းဟောင်းကြီးကိုပဲ ရွေးခဲ့တာ၊

အပြင်ကလူတွေတောင် ဒီကလေးက သိတတ်နားလည်လွန်းတယ်လို့ ပြောကြတာ၊ အခုကျမှ နင့်ပါးစပ်ထဲမှာ ငါတို့ မိသားစုက ရာထူးအာဏာ အလွဲသုံးစားလုပ်တာ ဖြစ်သွားရတာလား”

“နင်က စာတော်တဲ့လူတွေရဲ့အိမ်၊ စာတော်တဲ့လူတွေရဲ့ ကံဇာတာ ဆိုတာကို တကယ်ကြီး ယုံနေတာတော့ မဟုတ်ပါဘူးနော်၊ ဖီ..”

လော်ယွီရှို့က တံတွေးထွေးလိုက်ရင်း ပြောလိုက်လေသည်။

“ဒီရလဒ်တွေက ငါ့သားနဲ့ ချွေးမတို့ ကိုယ်တိုင် ပင်ပင်ပန်းပန်း ကြိုးစားပြီး ရလာတဲ့ ထူးချွန်တဲ့ ရလဒ်တွေပဲ၊

နင်က ဘာလို့ အိမ်ကြောင့်ဖြစ်ရတာလို့ပဲ လျှောက်ပြောနေရတာလဲ၊ တကယ်လို့ အိမ်ကသာ တကယ် ကောင်းတာဆိုရင် နင်တို့ ဒီမှာ နေတုန်းက နင့်သားတွေရဲ့ စာမေးပွဲရလဒ်တွေက ဘာလို့ ဒီလောက်တောင် ညံ့ခဲ့ရတာလဲ”

“ရှင်..”

လုချင်းလန်က အံကြိတ်လိုက်မိပြီး ပြန်လည်ချေပလိုသော်လည်း စကားတစ်လုံးမျှ ထွက်မလာတော့ပေ။

ဆိုရလျှင် စုဝေ့ချင်းနှင့် သူ၏ဇနီးတို့က စာမေးပွဲအောင်မြင်ခြင်းက အိမ်နှင့် မသက်ဆိုင်ကြောင်းကို သူမကလည်း သိရှိထားလေသည်။

သို့သော် လူတို့၏ သဘာဝက ထိုသို့ပင် ဖြစ်၏။ ကိစ္စတစ်ခု မဖြစ်ပွားမချင်း မတွေးမိကြသော်လည်း တစ်ခုခု ဖြစ်ပွားလာသည့် အချိန်တွင် သာမန် နိမိတ်လက္ခဏာတိုင်းကိုပင် ထူးခြားသော အဓိပ္ပာယ်များ ရှိနေသကဲ့သို့ ထင်မှတ်တတ်ကြသည်။

“ဘာကို ရှင်လဲ.. ငါ့ရဲ့ချွေးမ စာတော်တာက သူကိုယ်တိုင်က တော်လို့လေ၊စက်ရုံဝင်ခွင့် စာမေးပွဲတုန်းကလည်း သူက အမြဲတမ်း ပထမရခဲ့တယ်၊

ငါ့သား စာမေးပွဲအောင်တာကလည်း ကျွန်မချွေးမက သူ့ကို ကူညီပြီး စာပြပေးလို့ပဲ၊

ပြီးတော့ သူကိုယ်တိုင်ကလည်း ဉာဏ်ဆိုးတဲ့သူမဟုတ်ဘူး၊ ဆိုတော့ အောင်မြင်သွားတာ သဘာဝကျတာပဲလေ”

“ငါ့ရဲ့ သားသမီး လေးယောက်လုံးထဲမှာ ဘယ်သူကများ အသုံးမကျလို့လဲ”

“အဲဒါတွေ အကုန်လုံးက အိမ်ကြောင့်ပဲလို့ ပြောဦးမှာလား”

ထိုသို့ ပြောပြီးနောက် လော်ယွီရှို့က ဂုဏ်ယူဝင့်ကြွားစွာဖြင့် နှုတ်ခမ်းကို ကွေးလိုက်လေသည်။

လုချင်းလန်မှာတော့ ဒေါသထွက်လွန်းသောကြောင့် မူးလဲလုနီးပါး ဖြစ်သွားခဲ့ရသည်။

လုချင်းလန်တစ်ယောက် ပြန်လည်ချေပရန်အတွက် အသည်းအသန် စဉ်းစားနေချိန်မှာပင်၊ ရုတ်တရက် အောက်ထပ်မှ တစ်စုံတစ်ဦး၏ အော်ဟစ်သံက ထွက်ပေါ်လာခဲ့လေ၏။

“ဒါရိုက်တာလော်၊ တံခါးစောင့်တဲကို ဖုန်းလာကိုင်ပါဦး၊ စုဝေ့ဖင်း ဖုန်းဆက်နေလို့ပါ”

စုဝေ့ဖင်း ဟုတ်လား။

သမီးဖြစ်သူ၏ နာမည်ကို ကြားလိုက်ရသည်နှင့် လော်ယွီရှို့က လက်ရန်းနားသို့ ချက်ချင်း ပြေးသွားပြီး အောက်ထပ်သို့ လှမ်းအော်မေးလိုက်လေသည်။

“ငါ့သမီး ဝေ့ဖင်းဆီက ဖုန်း ဟုတ်လား”

“ဟုတ်ပါတယ် ဒါရိုက်တာလော်၊ ခင်ဗျားတို့က တကယ့်ကို ကံကောင်းတာပဲ၊ အခု ဝေ့ဖင်းလည်း တက္ကသိုလ်ဝင်ခွင့် ရသွားပြီတဲ့၊ အခုဆိုရင် ခင်ဗျားတို့ မိသားစုမှာ တက္ကသိုလ်ကျောင်းသား သုံးယောက်တောင် ရှိသွားပြီ”

တံခါးစောင့်မှာ ယခင်က စစ်သားဟောင်းတစ်ဦး ဖြစ်ခဲ့ဖူးသောကြောင့် သူ၏အသံက အလွန်ပင် ကျယ်လောင်ပြတ်သားလွန်းသည့်အတွက် ဝင်းတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့လေတော့၏။

လော်ယွီရှို့က စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်တီးလိုက်မိသည်။

“ဘာပြောတယ်၊ ငါတို့ရဲ့ဝေ့ဖင်းလည်း တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေခဲ့တာလား၊ ပြီးတော့ တက္ကသိုလ်ပါ အောင်သွားတယ် ဟုတ်လား”

“ဟား.. စုမိသားစုကတော့ တကယ်ကို အောင်မြင်ပြီပဲ၊ တက္ကသိုလ်ကျောင်းသား သုံးယောက်တောင် ဖြစ်သွားပြီ”

“…”

သူတို့၏ စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသံများကို စင်္ကြံလမ်းမှပင် ကြားနေရလေတော့၏။

လော်ယွီရှို့က မျက်ခုံးကို ဂုဏ်ယူစွာ ပင့်လိုက်ပြီး လုချင်းလန်ကို ကြည့်ပြီး လှောင်ပြောင်လိုစွာ ပြောလိုက်လေသည်။

“အခု ငါ့သမီးလည်း တက္ကသိုလ်ကျောင်းသား ဖြစ်သွားပြီ၊ ဒါကတော့ ချုံကျိုးက အိမ်ရာဝင်းရဲ့ ဖုန်းရွှေကြောင့်လို့ နင် ထပ်ပြီး အပြစ်ပြောလို့ မရတော့ဘူးနော်”

လုချင်းလန်၏ မျက်နှာက ချက်ချင်းပင် စိမ်းဖန့်သွားခဲ့ရသည်။

လီရှန်းနှင့် စုဝေ့ချင်းတို့က အလုပ်ဆင်းသည့် အချိန်ကျမှသာ စုဝေ့ဖင်းကလည်း တက္ကသိုလ်ဝင်ခွင့် သတိပေးစာ ရရှိထားကြောင်းကို သိရှိကြရ၏။

သူမက သူမ၏ အထူးပြုဘာသာရပ်နှင့် ကိုက်ညီသော ဟိုင်ရှီရက်ကန်းအင်ဂျင်နီယာတက္ကသိုလ်သို့ ဝင်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

စုဝေ့ဖင်း၏ ခင်ပွန်း ကျန်းကျိကလည်း ဟိုင်ရှီ၏ အနားတွင်ရှိသော ကျင်းလင် ရေတပ်စစ်ကွပ်ကဲမှုအကယ်ဒမီတွင် နှစ်နှစ်ကြာ ပညာသင်ကြားရန် အဆိုပြုခြင်းခံခဲ့ရလေ၏။

ထိုဇနီးမောင်နှံနှစ်ဦးက နယ်ပယ်ကွဲပြားနေကြသော်လည်း ဝေးကွာလွန်းသည် မဟုတ်ပေ။

တွေ့ဆုံလိုသည့် အချိန်တိုင်းတွင်လည်း အလွယ်တကူ တွေ့ဆုံနိုင်ကြသည်။

ကျန်းကျိက အကယ်ဒမီမှ ဘွဲ့ရရှိသည့် အချိန်တွင် သူ၏ ရာထူးအဆင့်အတန်းက သေချာပေါက် တိုးတက်လာပေလိမ့်မည်။

ကျန်းကျိက အသက်အရွယ် အလွန်ငယ်ရွယ်သေးသည့် အချက်ကို သတိပြုရလိမ့်မည်။

ဤအဆင့်အတန်းနှင့်ဆိုလျှင် သူ၏ ရှေ့ရေးက အလွန်ပင် တောက်ပလွန်း၏။

ယခုအချိန်တွင် မိသားစုထဲ၌ ကျန်းချောင်တစ်ဦးတည်းသာ စာမေးပွဲရလဒ်ကို မရရှိသေးဘဲ ကျန်ရှိနေခဲ့လေသည်။

ဤရက်ပိုင်းအတွင်း ထိုဇနီးမောင်နှံနှစ်ဦးက ပုံမှန်အတိုင်းပင် အလုပ်သွား၊ အလုပ်ပြန် လုပ်ဆောင်နေကြလေ၏။

သူတို့က ကျန်းချောင်ကို စိတ်အနှောင့်အယှက်ဖြစ်စေပြီး စိတ်ထိခိုက်သွားမည်စိုးသောကြောင့် မည်သည့်စကားမျှ မပြောရဲကြပေ။

ကံကောင်းထောက်မစွာဖြင့် ကျန်းချောင်ကလည်း တည်ငြိမ်စွာဖြင့်ပင် သူ၏ အလုပ်ကို ကြိုးစားလုပ်ကိုင်နေခဲ့သည်။

စုဝေ့ချင်းတို့ဇနီးမောင်နှံကသာ အလွန်အကျွံ စိုးရိမ်နေခဲ့မိသကဲ့သို့ပင်။

တရုတ်နှစ်သစ်ကူးကာလ စတုတ္ထမြောက်နေ့သို့ ရောက်ရှိသည့် အချိန်မှသာ၊ စာပို့သမားက နောက်ကျနေသော တက္ကသိုလ်ဝင်ခွင့်စာကို လာရောက် ပေးအပ်ခဲ့လေတော့သည်။

ကျန်းချောင်က လျောင်တုန်း ရေကြောင်းတက္ကသိုလ်သို့ ဝင်ခွင့်ရရှိခဲ့လေ၏။

*

All Chapters