← Chapters

အခန်း ၂၉၂

Vol. 30 Ch. 292

အခန်း ၂၉၂

Vol. 30 Ch. 292

အခန်း(292)

ကျန်းချောင်၏ စာမေးပွဲရလဒ်မှတ်က ဝင်ခွင့်သတ်မှတ်ချက်ကို မနည်းမီရုံမျှသာ ရှိသော်လည်း၊ ဝင်ခွင့်ရရှိခြင်းကပင် အောင်ပွဲတစ်ခု ဖြစ်သည်မဟုတ်ပါလား။

ထို့အပြင် သူ၏ ဒုတိယဦးလေး၊ စုဝေ့ယန်နှင့် ကျန်းကျိတို့ကလည်း ရေတပ်စနစ်ထဲ၌ ရှိနေကြသူများ ဖြစ်သည်။

ကျန်းချောင်အနေဖြင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များကို သေသေချာချာ တတ်မြောက်ထားသရွေ့တော့ သူ၏ရှေ့ရေးအတွက် စိုးရိမ်စရာ မရှိပေ။

တခြားတစ်ဖက်တွင် ကျန်းချောင်၏ စစ်တပ်ထဲသို့ စောစီးစွာ ဝင်ရောက်သွားခဲ့ကြသော အစ်ကိုနှစ်ဦးက စစ်တပ်ထဲသို့ ရောက်သွားကြခြင်းကြောင့် တစ်ဦးကိုတစ်ဦး ဖေးမကူညီနိုင်ကြပေတော့မည်။

ကျန်းချောင်တစ်ယောက် တက္ကသိုလ်ဝင်ခွင့်စာကို ရရှိသည်နှင့် ကျန်းကျားရွာတွင် သုံးရက်တိုင်တိုင် အောင်ပွဲခံစားသောက်ပွဲကြီး ကျင်းပခဲ့သည်။

မှောင်စပျိုးသည့် အချိန်တွင် မျိုးနွယ်စုခေါင်းဆောင်ကြီးက ရွာသားများကို စုစည်းပြီး၊ လွန်ခဲ့သော အချိန်ကတည်းက လျှို့ဝှက်စွာ သိမ်းဆည်းထားခဲ့သော မိသားစုဆွေစဉ်မျိုးဆက်စာရင်းကို ထုတ်ယူခဲ့သည်။

ထို့နောက် မှတ်တမ်းတွင် ကျန်းချောင်၏ နာမည်နှင့် သူတက်ရောက်ခွင့်ရရှိသော တက္ကသိုလ်နာမည်ကို လေးနက်တည်ကြည်စွာဖြင့် မှတ်တမ်းတင်လိုက်လေ၏။

စာရင်းသွင်းပြီးနောက် သူ မျက်ရည်များပင် ကျမိရှာသည်။

“ငါတို့ ကျန်းမိသားစုရဲ့ ဘိုးဘွားသင်္ချိုင်းက တကယ်ကို နေရာကောင်းမှာ ရှိနေခဲ့တာပဲ၊

ဒီမျိုးဆက်ရဲ့ ကလေးတွေအားလုံးက အောင်မြင်ကြပြီလေ၊ ဟုန်ကျန့်ရဲ့ သမီးကလည်း တကယ့်ကို တော်ရှာတယ်၊

ငါ ဟုန်းကျန့်အတွက်လည်း စာရင်းအသစ်တစ်ခုကို သီးခြား ဖွင့်ပေးလိုက်မယ်၊

သူမ နောင်ဘဝ ရောက်တဲ့အချိန်မှာလည်း ကျန်းမိသားစုရဲ့ ဘိုးဘေးတွေက ကူညီစောင့်ရှောက်ပေးနိုင်တာပေါ့”

လူတိုင်းကလည်း ငြင်းပယ်ခြင်း မပြုပေ။

ထိုအရာက ကိုယ်ကျိုးစီးပွားအတွက် ဖြစ်ကြောင်းကို သူ သိသော်လည်း၊ ကျန်းဟုန်ကျန့်ကို မိသားစုဆွေစဉ်မျိုးဆက်စာရင်းထဲသို့ ပြန်လည်ထည့်သွင်းပေးနိုင်ရန်က ကျန်းရူတုန်၏ တစ်ဘဝလုံးစာ အလိုချင်ဆုံးဆန္ဒပင် ဖြစ်သည်မဟုတ်ပါလား။

သမီးမိန်းကလေးတစ်ဦး၏ ဘဝက အမြစ်မရှိသော ဗေဒါပင်ကဲ့သို့ပင် ဖြစ်သည်။

ကျန်းရူတုန်က ကျန်းဟုန်ကျန့်ကို လေလွင့်နေသော သရဲတစ္ဆေတစ်ကောင်အဖြစ် မမြင်လိုပေ။ ယခုအချိန်တွင်တော့ သူ စိတ်အေးနိုင်ခဲ့လေပြီ။

ကျန်းရူတုန်က သူ၏သမီး ကျန်းဟုန်ကျန့်ကို မိသားစုဆွေစဉ်မျိုးဆက်စာရင်းထဲတွင် သီးခြားမျိုးနွယ်စုတစ်ခုအဖြစ် ထည့်သွင်းခွင့်ရရှိသွားပြီကြောင်းကို သိရှိရသည့်အချိန်တွင်၊ သူ၏ သားသမီးအားလုံးက တက္ကသိုလ်ဝင်ခွင့် ရရှိသွားကြသည်ထက်ပင် ပိုမို၍ ဝမ်းသာပီတိ ဖြစ်နေခဲ့သည်။

အကယ်၍ သူသာ တုန်ယွမ်တွင် ရှိမနေခဲ့ပါက၊ ဇာတိရွာမှ လူများကဲ့သို့ သုံးရက်တိုင်တိုင် အောင်ပွဲခံ အထိမ်းအမှတ်ပွဲ ကျင်းပပေလိမ့်မည်။

နှမြောစရာကောင်းစွာဖြင့် အခြေအနေများက တိုးတက်ကောင်းမွန်လာသည်ဟု ထင်ရသော်လည်း လူတိုင်းက စိုးရိမ်ပူပန်နေကြဆဲဖြစ်သည်။

အပြောင်းအလဲများက ထပ်မံဖြစ်ပေါ်လာမည်ကို စိုးရိမ်သောကြောင့် မည်သည့်လှုပ်ရှားမှုကိုမျှ အလောတကြီး မလုပ်ရဲကြပေ။

ထို့ကြောင့် ကျန်းရူတုန်မှာ ပျော်ရွှင်နေသော်လည်း အပြင်ပန်းတွင် အနည်းငယ် တည်ငြိမ်စွာနေထိုင်ခဲ့သည်။

ညဘက် အိပ်ခန်းတံခါးကို ပိတ်လိုက်သည့် အချိန်မှသာ၊ သူက လက်နှစ်ဖက်ကို ပွတ်သပ်ရင်းအရှေ့အနောက် လမ်းလျှောက်ပြီး ဝူယွီနျန်ကိုပြောလေသည်။

“ကောင်းပြီလေ၊ အခုတော့ ငါလည်း စိတ်အေးလက်အေးနဲ့ သေနိုင်ပါပြီ”

ဝူယွီနျန်က ခုတင်၏ ဘေးတွင် ထိုင်ပြီး လက်မှ အဝတ်အစားများကို မရပ်မနား ခေါက်နေခဲ့လေ၏။

“အခုလိုဖြစ်လာတာကို သူမ သိသွားရင်လည်း စိတ်အေးသွားရှာမှာပဲ၊ သူမ ဆုံးပါးခါနီးတုန်းက အစိုးရိမ်ဆုံးက သူမရဲ့ ကလေးအတွက်ပဲလေ၊

ဟုန်ကျန့် ပြဿနာဖြစ်နေတဲ့ ကာလတုန်းကဆိုရင် ကျွန်မ ညတိုင်း သူမကို အိမ်မက်မက်ခဲ့ရတာ”

ဝူယွီနျန်က လက်ရှိလုပ်ဆောင်မှုကို ရပ်တန့်လိုက်ပြီး မျက်နှာတွင် ဝမ်းနည်းရိပ်များက ပေါ်လာခဲ့လေသည်။

“အဲဒီတုန်းက ကျွန်မကိုယ်ကျွန်မ မုန်းမိတယ်၊ ဘာလို့ သူမကို ဒီမှာပဲ နေဖို့ အတင်းမဖျောင်းဖျခဲ့မိပါလိမ့်၊ ကျွန်မကြောင့်ပဲ ဒီအိမ်ထောင်ရေး ပျက်စီးခဲ့ရတာပါ”

ကျန်းရူတုန်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်သော သူ၏ဇနီးနှင့် ငယ်ငယ်ရွယ်ရွယ်နှင့် ဆုံးပါးသွားခဲ့ရှာသော အကြီးဆုံးသမီးတို့ကို ပြန်လည် တွေးတောမိပြီး သက်ပြင်းအရှည်ကြီး တစ်ချက်ကိုသာ ချလိုက်မိတော့၏။

“ဒါတွေ ဆက်မပြောပါနဲ့တော့၊ ကိစ္စတွေ အကုန်ပြီးသွားပြီပဲ၊ ထပ်ပြီး မပြောနဲ့တော့လေ”

ဝူယွီနျန်က မရပ်ဘဲ ဆက်ပြောလေသည်။

“ဟုန်ကျန့်လည်း အစ်မကြီးနဲ့ ဆုံနေလောက်ပြီလား မသိဘူးနော်”

ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ကျန်းရူတုန်၏ စိတ်ထဲတွင် ပိုမို၍ ဝမ်းနည်းကြေကွဲလာခဲ့ရသည်။

သူက တစ်ညလုံး အိပ်ရာထဲတွင် ဟိုလှည့်ဒီလှည့်နှင့် လုံးဝ အိပ်မပျော်နိုင်ခဲ့ပေ။

ညသန်းခေါင်ယံအချိန်တွင် သူက ကွယ်လွန်သူ ဇနီးနှင့် အကြီးဆုံးသမီးတို့၏ ဓာတ်ပုံများကို အသာအယာ ပွတ်သပ်နေမိရင်း၊ သူတို့က မည်သည့်လောကတွင် ရှိနေကြသည်ကို သိရှိနိုင်ရန်အတွက် အိပ်မက်ထဲတွင် တစ်ခေါက်လောက်ဖြစ်ဖြစ် ပေါ်လာပါစေကြောင်းကို တိတ်တဆိတ် ဆုတောင်းနေမိခဲ့သည်။

တစ်ညလုံး ကောင်းကောင်းမအိပ်စက်ခဲ့ရသောကြောင့် ကျန်းရူတုန်က အနည်းငယ် နုံးချိနေဟန်ရှိလေသည်။

သို့သော် အပြင်ထွက်၍ လမ်းလျှောက်ပြီးနောက် ပြန်လာသောအချိန်တွင် သူက အားအင်များ ပြည့်ဝနေပုံရလေ၏။

အဘိုးကျန်း၏ မြေးမ၊ မြေးသားမတ်နှင့် သူ၏ မြေးအရင်းပင် တက္ကသိုလ်ဝင်ခွင့် ရရှိခဲ့ကြသည်ဟူသော သတင်းက ဤလမ်းကြားလေးထဲတွင် လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ပေ။

မနက်ခင်းတွင် ကျန်းရူတုန်တစ်ယောက် လမ်းလျှောက်ထွက်သည့်အချိန်တွင် မိတ်ဆွေဟောင်းတချို့၏ ဝိုင်းအုံမေးမြန်းခြင်းကို ခံခဲ့ရသည်။

သူတို့က အိမ်တွင် ဂုဏ်ပြုစားပွဲ သောက်ပွဲကို ပြုလုပ်မည်လားဟု မေးမြန်းကြပြီး လူတိုင်းက ဂုဏ်ထူးဆောင်အရက်ကို သောက်ချင်နေကြလေ၏။

ကျန်းရူတုန်၌ မူလက ထိုကဲ့သို့သော အကြံအစည် မရှိခဲ့ပေ။

သို့သော် လူတိုင်းက တိုက်တွန်းပြောဆိုကြသည်ကို ကြားရသည့်အချိန်တွင် စိတ်ညွတ်သွားရပြီး ထည့်သွင်းစဉ်းစားရန် ဆုံးဖြတ်လိုက်လေတော့၏။

သူက အိမ်တံခါးဝသို့ ဝင်လာသည်နှင့် အသံကုန်ဟစ်၍ အော်ပြောလိုက်လေသည်။

“ဝူယွီနျန်၊ ဟုန်မေ့ကို ဖုန်းဆက်လိုက်ဦး၊ ဒီညနေ အိမ်ပြန်လာခဲ့ဖို့ ပြောလိုက်၊ ငါ သူမနဲ့ ပြောစရာ ရှိတယ်လို့”

“ဘာကိစ္စမို့လို့လဲ”

သူမ၏ အချစ်ဆုံးဖြစ်သော ကျန်းဟုန်မေ့၏ အကြောင်းကို ပြောလျှင် ဝူယွီနျန်၏ အသံက ပုံမှန်ထက် ပို၍ ကျယ်လောင်လာတတ်လေသည်။

“ငါတို့မိသားစုထဲကနေ တက္ကသိုလ်ကျောင်းသား ထွက်လာတာပဲလေ၊ ငါတို့က လူမသိအောင် ခပ်အေးအေးပဲ နေသင့်တယ်ဆိုပေမဲ့ လုပ်သင့်လုပ်ထိုက်တာကိုတော့ လုပ်ရမှာပေါ့၊

ဒီမနက် အပြင်ထွက်တုန်းက လူတွေရဲ့ အပြစ်တင်တာကို ခံခဲ့ရတယ်”

ဝူယွီနျန်က မျက်မှောင်ကုတ်လျက် ကျန်းရူတုန်ကို အနည်းငယ် မကျေမနပ်ဖြစ်သော မျက်လုံးများဖြင့် ကြည့်လိုက်လေ၏။

“ဒါကို အကြီးဆုံးသားတို့ မိသားစုက စီစဉ်ရမှာ မဟုတ်ဘူးလား၊ ဘာဖြစ်လို့ ဟုန်မေ့ကို လုပ်ခိုင်းရတာလဲ”

“မင်းက တုံးအလိုက်တာ”

ကျန်းရူတုန်က သူမကို တစ်ချက်စောင်းကြည့်လိုက်ပြီး ပြောလိုက်လေသည်။

“ဒီနှစ်တွေထဲမှာ ယန်မိသားစုက ဟုန်မေ့ကို နှိမ်ခဲ့ကြတာ၊ အန်းကော်နဲ့ ဟုန်မေ့က စိတ်တူကိုယ်တူရှိပြီး ယန်အိမ်ကို သိပ်မပြန်ခဲ့ကြပေမဲ့ ဟုန်မေ့ ခံစားခဲ့ရတာတွေကို တွေးမိတိုင်း ငါ ရင်နာရတယ်၊

ဒီကိစ္စကို ဟုန်မေ့ကပဲ ဦးစီးပြီး လုပ်ရမယ်၊ သူမကို ယန်မိသားစုက လူနှစ်ယောက်လောက်ကိုလည်း ဖိတ်ခိုင်းလိုက်၊

ပြီးတော့ ငါတို့ကျန်းမိသားစုကနေ တက္ကသိုလ်ကျောင်းသားတွေ အများကြီး ထွက်လာတာကို သူတို့ မျက်လုံးဖွင့်ပြီး မြင်အောင် ပြလိုက်စမ်းပါ၊ သူတို့ ငါတို့ကို အထင်သေးရဲသေးလားလို့”

နောက်ဆုံးတွင် သူက မညည်းညူဘဲ မနေနိုင်တော့ပေ။

“ငါ ကျန်းရူတုန်မှာ ဒီသမီးတစ်ယောက်ပဲ ကျန်တော့တာ၊ ဟုန်မေ့ကိုလည်း ဆင်းရဲဒုက္ခ မခံစေနိုင်ဘူး”

ဝူယွီနျန်လည်း နားထောင်ရင်းနှင့်ပင် သူမကိုင်ထားသည့် ပစ္စည်းများကို ချလိုက်ပြီး အေပရွန်ဖြင့် လက်ကို သုတ်လိုက်လေ၏။

“မလောပါနဲ့ဦး၊ ကျွန်မ ဟုန်မေ့ဆီ ဖုန်းဆက်ပြီး ယန်မိသားစုထဲမှာ ဒီနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေတဲ့သူ ရှိ၊ မရှိ အရင်မေးလိုက်ဦးမယ်”

အကယ်၍ မည်သူမျှ မဖြေဆိုခဲ့ပါက မျှော်မှန်းထားသလောက် အကျိုးသက်ရောက်မှု ရှိမည်မဟုတ်ပေ။

သို့သော် အကယ်၍ တစ်ယောက်ယောက်က ဖြေဆိုပြီး စာမေးပွဲကျခဲ့မည်ဆိုပါက ထိုအကျိုးသက်ရောက်မှုက အမှန်တကယ်ပင် အံ့ဩစရာကောင်းလွန်းပေလိမ့်မည်။

ကျန်းရူတုန်က ဝူယွီနျန်၏ ဆိုလိုရင်းကို နားလည်သော်လည်း အကယ်၍ ယန်မိသားစုထဲမှ တစ်ယောက်ယောက်က တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ကျခဲ့လျှင် ကျန်းဟုန်မေ့အနေဖြင့် ရည်ရွယ်ချက်ရှိရှိ ကြွားဝါသကဲ့သို့ ဖြစ်သွားလိမ့်မည်ဟု ခံစားရလေ၏။

သက်တူရွယ်တူတစ်ယောက်ယောက်က စာမေးပွဲကျခဲ့ပြီး မအောင်မြင်နိုင်ခြင်းကသာလျှင် အမှန်တကယ် စိတ်နှလုံးကို ထိခိုက်စေနိုင်မည် ဖြစ်၏။

ကျန်းရုတုန်တို့ ဇနီးမောင်နှံနှစ်ဦးက တိတ်တဆိတ် ကြံစည်နေကြလေတော့သည်။

တစ်ဖက်တွင် လီရှန်းနှင့် စုဝေ့ချင်းတို့ကလည်း ဆေးဝါးစက်ရုံသို့ အလုပ်ထွက်စာကို တရားဝင် တင်သွင်းလိုက်ကြသည်။

ဆေးဝါးစက်ရုံ၏ အထူးစီမံခန့်ခွဲမှုစနစ်ကြောင့် အလုပ်အစားထိုးဝင်ရောက်ခြင်းဟူသည် မရှိပေ။

ထို့ကြောင့် အလုပ်ထွက်လိုက်သည်နှင့် အမှန်တကယ် အလုပ်လက်မဲ့ ဖြစ်သွားကြပေလိမ့်မည်။

စုဝေ့ချင်း၏ အလုပ်ထွက်စာက အလွန် လျင်မြန်စွာပင် အတည်ပြုချက်ကို ရရှိခဲ့ပြီး လီရှန်းဘက်တွင်တော့ ဒါရိုက်တာဝမ်က ခေါင်းကိုက်ခြင်း၊ နှမြောတသခြင်းတို့ဖြင့် လက်မှတ်ရေးထိုးပေးခဲ့လေ၏။

သို့သော် နှမြောနေဆဲဖြစ်သောကြောင့် လက်မှတ်မထိုးမီ မလျှော့သောဇွဲဖြင့် ထပ်မံ၍ မေးမြန်းလိုက်သေးသည်။

“မင်း တကယ်ပဲ တက္ကသိုလ်တက်တော့မှာလား”

“ကောင်းပြီ ဒါရိုက်တာ၊ ကျွန်မအတွက် အမြန်လေး လက်မှတ်ထိုးပေးပါဦး”

အတူအလုပ်လုပ်ခဲ့ကြသည်က နှစ်ပေါင်းများစွာ ကြာပြီဖြစ်သောကြောင့် လီရှန်း၏ စကားပြောသံက အလွန် ပေါ့ပါးနေခဲ့၏။

ဒါရိုက်တာဝမ်၏ နာကျင်နှမြောနေသော မျက်နှာအမူအရာကို ကြည့်ပြီး လူက မရယ်ဘဲ မနေနိုင်ခဲ့ပေ။

ဒါရိုက်တာဝမ်က မည်သည့်အရာမှမပြောင်းလဲခဲ့ပေ။

သူက သူကိုယ်တိုင် အလုပ်လုပ်ရခြင်းထက် လက်အောက်ငယ်သားများကိုသာ အားကိုးလိုသည့် လူမျိုး ဖြစ်နေဆဲပင်။

ယခင်က အစ်မလျို့ဖြစ်ပြီး ယခု သူမ ဖြစ်သည်။ သူမ ထွက်ခွာသွားပြီးနောက် ဌာနထဲတွင် မည်သူက ထိုနေရာကိုရဦးမည်ကို မသိတော့ပေ။

“ဖန်ထုံက မဆိုးပါဘူး၊ မင်းထွက်သွားရင် မင်းအလုပ်ကို သူမကို လွှဲပေးလိုက်ရမလား”

ဒါရိုက်တာဝမ်က အကဲခတ်သည့်သဘောဖြင့် မေးမြန်းလိုက်လေ၏။

“ကျွန်မကတော့ အဲဒီအကြံကောင်းမယ်လို့ ထင်ပါတယ်၊ သူမရဲ့ ကလေးကလည်း ကြီးလာပြီဆိုတော့ နောက်နှစ်ဆို မူကြိုကျောင်း တက်ရတော့မှာလေ”

လီရှန်းက တွန့်ဆုတ်မနေဘဲ ဖန်ထုံကို ထောက်ခံပေးလိုက်လေသည်။

ဒါရိုက်တာဝမ်က လက်အောက်ငယ်သားများအပေါ် ဖိနှိပ်လွန်းသော်လည်း လုပ်ပိုင်ခွင့်အာဏာကိုလည်း ပြတ်သားစွာလွှဲအပ်တတ်လေ၏။

သူမက ဒါရိုက်တာဝမ်နှင့်အတူ အလုပ်လုပ်ရင်း အမှန်တကယ်ပင် သင်ယူခဲ့ရသည်။

ဖန်ထုံ၏ အမျိုးသားက သုတေသီတစ်ဦးဖြစ်လေ၏။ အကယ်၍ ဖန်ထုံက နည်းပညာဌာနတွင် သူမ၏ အရည်အချင်းကို မြှင့်တင်နိုင်ခဲ့ပါက နောက်ပိုင်းတွင် ထိုဇနီးမောင်နှံနှစ်ဦးက အလွန် လိုက်ဖက်ညီသော စုံတွဲ ဖြစ်လာကြပေလိမ့်မည်။

*

All Chapters