အခန်း ၂၉၃
Vol. 30 Ch. 293
အခန်း(293)
ဒါရိုက်တာဝမ်က စိတ်ဓာတ်ကျနေဆဲပင် ဖြစ်၏။
အစ်မလျို့မှာ ပင်ကိုယ်ဗီဇကပင် သန်မာထက်မြက်သူ ဖြစ်သည်။
လီရှန်းကလည်း အရည်အချင်းရှိပြီး သူ့ကိုယ်တိုင် လေ့ကျင့်ပေးခဲ့ရသူ ဖြစ်၏။
အစ်မလျို့ကို လက်လွှတ်လိုက်ရချိန်က နှမြောမိသော်လည်း ကိစ္စ၏ အရေးကြီးပုံကို သိသောကြောင့် အလွယ်တကူပင် ခွင့်ပြုခဲ့သည်။
သို့သော် လီရှန်းကို လက်လွှတ်ရမည်ကို သူ အမှန်တကယ်ပင် နှမြောတွန့်တိုနေမိ၏။
သို့သော် နှမြောနေသော်လည်း တားဆီး၍မရနိုင်ပေ။
ဆေးဝါးစက်ရုံအနေဖြင့် သူမ၏ တက္ကသိုလ်အောင်မြင်မှုကို စံပြအဖြစ် အမွှမ်းတင်၍ မရနိုင်သော်လည်း ဆုလာဘ်တစ်ခုကို ပေးအပ်ခဲ့သည်။
မည်သို့ပင်ဖြစ်စေ ဆေးဝါးစက်ရုံမှ အလုပ်သမားတစ်ဦးက တက္ကသိုလ်ဝင်ခွင့် ရရှိခဲ့ခြင်းက အလုပ်သမားများ၏ အရည်အသွေးမြင့်မားမှုကို ပြသနေခြင်းပင်။
လီရှန်းတို့အလုပ်ထွက်ပြီး အိမ်သို့ ပြန်ရောက်သည့်အချိန်တွင် ခြောက်နှစ်ကြာပြီးနောက် ဇနီးမောင်နှံနှစ်ဦးက နောက်တစ်ကြိမ်အလုပ်လက်မဲ့များ ဖြစ်သွားကြပြန်သည်။
ကျောင်းမဖွင့်မီ အချိန်အနည်းငယ် ကျန်ရှိနေသေးခြင်း၊ နင်ပြည်နယ်မှ ပေကျင်းသို့ တိုက်ရိုက်ရထားများ ရှိခြင်းတို့ကြောင့် ဇနီးမောင်နှံနှစ်ဦးက လဆန်း ရှစ်ရက်နေ့နောက်ပိုင်းတွင် ပေကျင်းသို့သွား၍ ငှားရမ်းမည့်နေရာကို ရှာဖွေရန်အတွက် စီစဉ်ခဲ့ကြ၏။
စုရှောင်လော်နှင့် ပတ်သက်လျှင်တော့ မူလက သူမကို ပိုင်မားခရိုင်တွင် ထားရစ်ခဲ့ပြီး သူတို့က အခြေတကျဖြစ်မှသာ ပြန်လာခေါ်ရန်အတွက် စီစဉ်ခဲ့ကြသည်။
သို့သော် စုရှောင်လော်က အလွန်ငိုယိုနေခဲ့သောကြောင့် ဇနီးမောင်နှံနှစ်ဦးက စိတ်မကောင်းဖြစ်သွားကြသောကြောင့် နောက်ထပ် ပြဿနာမရှာတော့ဘဲ ပေကျင်းသို့ တစ်ပါတည်း ခေါ်ဆောင်သွားရန် ဆုံးဖြတ်လိုက်ကြတော့၏။
မြို့တော်သို့ ရောက်ရှိပြီးနောက် မည်သည့်နေရာတွင် တည်းခိုရမည်နည်းဟူသော ကိစ္စအတွက်..
စုဝေ့မင်က ဆေးဝါးစက်ရုံမှ မိတ်ဆက်စာတချို့ကို ရေးပေးထားခဲ့ပြီး ထိုစာများရှိနေလျှင် ဇနီးမောင်နှံနှစ်ဦးက အနည်းဆုံး လဝက်ခန့် တည်းခိုခန်းတွင် စိတ်ချလက်ချ တည်းခိုနိုင်ပေလိမ့်မည်။
ဇနီးမောင်နှံနှစ်ဦးက ပေကျင်းသို့ ရောက်ရှိပြီးနောက် လုပ်ဆောင်မည့် အစီအစဉ်များကို ညဉ့်နက်သည်အထိ ရေးမှတ်နေကြချိန်တွင် စုဝေ့ဟိုင်တစ်ယောက် ပြန်ရောက်လာခဲ့လေ၏။
သူက သုတေသနအဖွဲ့အစည်းမှ ဝတ်ဆင်လာသော အဖြူရောင် ဓာတ်ခွဲခန်းဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်ပြီး ဆံပင်များက ရှုပ်ပွနေပြီး မုတ်ဆိတ်မွှေးများကလည်း ပေါက်နေခဲ့သည်။
သူက နောက်ဆုံးမိနစ်ကျမှ ပြန်လာရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
သို့မဟုတ်ပါက မုတ်ဆိတ်ရိတ်ပြီး အဝတ်အစား လဲလှယ်ခဲ့လိမ့်မည်။ ဤကဲ့သို့သော ပုံစံဖြင့် ပြန်လာလိမ့်မည် မဟုတ်ပေ။
“ဒီမှာ..ဒါက ငါတို့ ဒါရိုက်တာက မင်းတို့ဆီ ပေးခိုင်းလိုက်တာ”
စုဝေ့ဟိုင်က ထိုင်ချလိုက်ပြီးနောက် ရေနွေးကြမ်းတစ်ခွက်ကို လှမ်းယူပြီး ရေတစ်ခွက်လုံးကို တကျိုက်တည်း သောက်ချလိုက်လေ၏။
ထို့နောက် သူက သော့တချို့ကို စုဝေ့ချင်ထံသို့ ပစ်ပေးလိုက်ရင်း ပြောလိုက်လေသည်။
“ဒါတွေက အိမ်ဝင်းအသေးလေးတွေရဲ့ သော့တွေပဲ၊ မင်းတို့ကျောင်းနဲ့ နီးတယ်လို့ ပြောတာပဲ၊ သွားကြည့်လိုက်ကြပြီး သဘောကျတဲ့ အိမ်မှာ နေကြပေါ့”
“ဒါကို ကျွန်မတို့ လက်မခံရဲပါဘူး”
လီရှန်းက အားနာသွားမိပြီး လက်ထဲက သော့များကလည်း အလွန် လေးလံနေသကဲ့သို့ ခံစားလိုက်ရသည်။
“ဒါက အချိန်ကိုက် ကူညီလိုက်တာပဲ၊ ကျွန်မတို့ မြို့တော်ကို သွားရင် ဘာလုပ်ရမလဲလို့ စဉ်းစားနေကြတာ”
“ငါလည်း ဒါကို တွေးမိလို့ပဲ မင်းတို့အတွက် သော့တွေကို တောင်းလာခဲ့တာ၊ မနှစ်က သူက အပြစ်ကနေ ကင်းလွတ်ခွင့် ရခဲ့ပြီး အရင်က အသိမ်းခံခဲ့ရတဲ့ ပိုင်ဆိုင်မှုအားလုံးကို ပြန်ရခဲ့တယ်၊
ဒါပေမဲ့ ပေကျင်းဆိုတာက ဒါရိုက်တာအတွက်တော့ ဝမ်းနည်းစရာကောင်းတဲ့နေရာတစ်ခုဖြစ်သွားလို့ နောက်ပိုင်းမှာ အဲဒီကို ပြန်သွားဖို့ အစီအစဉ် မရှိတော့ဘူး၊
ဒါကြောင့် ပေကျင်းမှာရှိတဲ့ အိမ်တွေ အားလုံးကို ရှင်းပစ်ချင်နေတာ၊ အထူးသဖြင့် သူ အရင်က နေခဲ့တဲ့အိမ်ပေါ့၊ အဲဒီမှာ ကိစ္စတွေ အများကြီး ဖြစ်ပျက်ခဲ့လို့ ကံမကောင်းဘူးလို့ သူ ထင်နေတာ၊ ဒါကြောင့် ဈေးသက်သက်သာသာနဲ့ပဲ ရောင်းချင်နေတာ”
“မင်းတို့ မြို့တော်မှာ ပညာသင်ပြီးရင် နောက်ပိုင်း အဲဒီမှာပဲ အခြေချနေထိုင်တော့မယ်လို့ ငါ ထင်တယ်၊
အဲတာကြောင့် အိမ်ဝင်းအသေးလေးတချို့ရဲ့ သော့တွေကို ငါ့သဘောနဲ့ငါ တောင်းလာခဲ့တာ၊
အဲဒီအိမ်တွေက ရောင်းဖို့ တရားဝင် မကြေညာရသေးဘူး၊ လူသိချင်း မိတ်ဆက်ပြီး လာဝယ်တာမျိုး မဟုတ်ရင် အဲဒီအိမ်တွေကို ရောင်းရခက်လိမ့်မယ်၊
ဒါကြောင့် မင်းတို့ ကြိုက်တဲ့အိမ်ကို ရွေးချယ်နိုင်တယ်”
စုဝေ့ဟိုင်က နှုတ်မှထုတ်၍ မပြောသော်လည်း စုဝေ့ချင်းအတွက် ဝမ်းသာပျော်ရွှင်ပေးနေခဲ့၏။
သူ၏ ညီဖြစ်သူက တက္ကသိုလ်ဝင်ခွင့်ရရှိပြီး တောက်ပသော အနာဂတ်ဆီသို့ လျှောက်လှမ်းနိုင်တော့မည်ဖြစ်၍ အကြီးဆုံးအစ်ကို တစ်ယောက်အနေဖြင့် သူက တခြားလူများထက် ပို၍ ဝမ်းသာမိသည်။
ဤကဲ့သို့သော ကူညီစောင့်ရှောက်မှု အသေးအဖွဲလေးက အကြီးဆုံးအစ်ကိုတစ်ယောက်အနေဖြင့် သူ ပြုလုပ်ပေးသင့်ပေးထိုက်သည့် အရာသာ ဖြစ်၏။
ထို့အပြင် သူသည်လည်း သာမန်လူတစ်ယောက်မျှသာ ဖြစ်လေသည်။
အကယ်၍ နောက်ပိုင်းတွင် စုဝေ့ချင်းသာ ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့ပါက သူ၏ သားနှစ်ယောက် ကျောင်းစာတွင် ထူးချွန်ခြင်း မရှိခဲ့လျှင်ပင် ကူညီမည့်သူမရှိမည်ကို ပူပန်နေရန် မလိုတော့ပေ။
သူကိုယ်တိုင်မှာ တစ်နေကုန် အလုပ်ထဲတွင်သာ နစ်မြုပ်နေပြီး လူမှုရေးလည်း မလုပ်တတ်သော သနားစရာကောင်းသည့် သုတေသီတစ်ဦးမျှသာ ဖြစ်သည်။
ထို့ကြောင့် သားနှစ်ယောက်လုံး သုတေသနဌာနသို့ ဝင်ရောက်နိုင်ခြင်းမရှိပါက သူလည်း လုံးဝ တတ်နိုင်မည်မဟုတ်ပေ။
“ဒီသော့တွေက အိမ်ဝင်းတစ်ခုတည်းက မဟုတ်ဘူးလား”
လော်ယွီရှို့က လီရှန်း၏ လက်ထဲရှိ သော့ငါးချောင်း၊ ခြောက်ချောင်းကို မျက်လုံးအဝိုင်းသားဖြင့် စိုက်ကြည့်ရင်း ပြောလိုက်လေသည်။
“ဘုရားရေ၊ ပေကျင်းမှာ လောင်ကျန်းက ဘယ်လောက်တောင် ချမ်းသာနေတာလဲ”
ထိုအချိန်က သူတို့ဘက်မှ အရေးယူပစ်မှတ်ထားခံရသည်ကလည်း မဆန်းတော့ပေ။
“အဲဒီအိမ်တွေထဲက အများစုက သူ့ရဲ့ ဘိုးဘွားပိုင်ပစ္စည်းတွေလေ၊ သူ့မိသားစု အပြင်မထွက်ခင်တုန်းက သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို အကုန်လုံး မရှင်းလင်းခဲ့ရဘူး”
ကျန်းရိကော်၏ ဘိုးဘွားများက ထင်ရှားကျော်ကြားသော ကုန်သည်ကြီးများ ဖြစ်ကြသည်။
သူတို့က ပြည်ပတွင် နေထိုင်ခဲ့ကြသော်လည်း တစ်နေ့နေ့တွင် ပြန်လာနိုင်ချေရှိသောကြောင့် ထိုဘိုးဘွားပိုင် ပစ္စည်းများကို မည်သူကမျှ လွယ်လွယ်နှင့် မထိရဲခဲ့ကြပေ။
ကျန်းရိကော်က တရုတ်နိုင်ငံသို့ ပြန်လာခဲ့ပြီးနောက်တွင် အဖွဲ့အစည်းက ထိုပိုင်ဆိုင်မှုများကို သူ့ထံသို့ ပြန်လည်၍ လွှဲပြောင်းပေးခဲ့သည်။
သို့သော် နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော မငြိမ်မသက်မှုများကြောင့် ပြန်လည်၍ သိမ်းဆည်းခြင်း ခံခဲ့ရပြန်၏။
ထို့ကြောင့် ဝင်လိုက်ထွက်လိုက်ဖြစ်နေသော ထိုအိမ်များနှင့် ပတ်သက်၍ ကျန်းရိကော်တွင် သံယောဇဉ်ကြီးကြီးမားမား မရှိခဲ့ပေ။
နောက်ပိုင်းတွင် သူနေထိုင်ခဲ့သော သုတေသနဌာန၏ အိမ်ဝင်းလေး၊ သမီးဖြစ်သူ၏ ငယ်ဘဝနှင့် ဘဝတစ်ခုလုံးကို မြှုပ်နှံခဲ့ရသော ထိုနေရာလေးကသာလျှင် သူ အကျွမ်းတဝင်အရှိဆုံးနေရာဖြစ်ခဲ့သည်။
“သူက အဲဒါတွေကို အကုန်လုံး ရောင်းပစ်ချင်နေတာလား”
လီရှန်းက စုဝေ့ဟိုင်၏ စကားထဲမှ သော့ချက်စာလုံးကို ထက်မြက်စွာဖြင့် ဖမ်းဆွဲလိုက်လေ၏။
“အားလုံးကို ရောင်းချင်နေတာ၊ ဒါပေမဲ့ ဒီအိမ်တွေက ဈေးမပေါဘူးနော်”
စုဝေ့ဟိုင်က အလျင်အမြန်ပင် အကြံပြုစကားကို ပြောလိုက်ပြီးနောက် သူ၏ ညီဖြစ်သူကို မသိမသာ လှမ်းကြည့်လိုက်မိသည်။
သူမက အဘယ်ကြောင့် ထိုအိမ်များကို ဤမျှအထိ စိတ်ဝင်စားနေရသနည်း။
သူ၏ တုံးအသော ညီလေးကလည်း ဘေးကနေ ကြည့်နေခဲဲ့သည်။
သူမက မိသားစုရဲ့ ငွေကြေးအားလုံးကို ဖြုန်းတီးပစ်မှာကို မစိုးရိမ်ဘူးလား။
သို့သော် လီရှန်းသာမက စုဝေ့ချင်းကလည်း ထိုအိမ်များကို အလွန် စိတ်ဝင်စားနေသည်ကို စုဝေ့ဟိုင် တစ်ယောက် မသိရှာပေ။
ထိုနေရာက မြို့တော်ကြီး ပေကျင်း ဖြစ်နေသည်။
ပြည်နယ်မြို့တော်ရှိ အိမ်များက ပိုင်မားခရိုင်ထက် ပို၍ ဈေးကြီးရခြင်း အကြောင်းရင်းမှာ ပြည်နယ်မြို့တော် ဖြစ်နေသောကြောင့်သာ ဖြစ်လေ၏။
ပြည်နယ်အစိုးရ ခေါင်းဆောင်များနှင့် ပြည်နယ်၏ အကောင်းဆုံး စက်မှုလုပ်ငန်းများက ပြည်နယ်မြို့တော်တွင် စုစည်းနေပြီး ပြည်နယ်မြို့တော်တွင် အခြေချနေထိုင်ခွင့် ရရှိမှုကလည်း ပို၍ မြင့်မားသည်။
ထို့အတူ ပေကျင်းရှိ အိမ်များက ဈေးကြီးရခြင်း အကြောင်းရင်းကလည်း နိုင်ငံတစ်ခု၏ မြို့တော်ဖြစ်နေသောကြောင့် ဖြစ်၏။
“ကောင်းပါပြီ၊ မြို့တော်ကို ရောက်ရင် သွားကြည့်ကြတာပေါ့၊ တကယ်လို့ ငွေအလုံအလောက်ရှိရင် အိမ်ငှားရတဲ့ ဒုက္ခကနေ ကင်းဝေးအောင် တန်းဝယ်လိုက်ကြတာပေါ့”
စုဝေ့ချင်းက သော့ကို သိမ်းဆည်းလိုက်ပြီးနောက် ရယ်မောလျက် စုဝေ့ဟိုင်၏ ပုခုံးကို သူ၏ ပုခုံးဖြင့် တွန်းလိုက်ရင်း ပြောလိုက်လေ၏။
“တကယ်လို့ အဲဒီအချိန်ကျရင် ကျွန်တော့် ငွေမလောက်ရင် အကြီးဆုံးအစ်ကိုကပဲ ထောက်ပံ့ပေးတော့နော်”
“ဖယ်စမ်းပါ၊ မင်းတို့မိသားစု ချမ်းသာတာ လူတိုင်းသိတယ်”
စုဝေ့ဟိုင်က စိတ်ပျက်စွာဖြင့် ပြန်တွန်းထုတ်လိုက်လေ၏။
သို့သော် ငွေချေးမည့် အကြံအစည်ကို သူ မငြင်းဆန်ခဲ့ပေ။
သူ၏ အမြင်တွင် တတိယအိမ်မှ ဇနီးမောင်နှံနှစ်ဦးက မည်မျှပင် ချမ်းသာသည်ဖြစ်စေ ငွေကြေး မည်မျှအထိ ရှိနိုင်မည်နည်း။
အိမ်ဝင်းအသေးလေးတစ်လုံးကိုပင် ဝယ်ယူနိုင်ရန်အတွက် တတ်နိုင်ကြလိမ့်မည် မဟုတ်ပေ။
ထို့နောက် ဇနီးမောင်နှံနှစ်ဦးက သူတို့၏ အခန်းသို့ ပြန်လာခဲ့ကြ၏။
စုဝေ့ချင်းက လက်ကို ခါးထောက်လျက် အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် နှစ်ပတ်ခန့် လမ်းလျှောက်နေလေသည်။
လီရှန်းက လက်ကိုင်ပဝါဖြင့် ထုပ်ထားသော ငွေများကို ပြန်တွက်နေပြီးမှသာ လမ်းလျှောက်ခြင်းကို ရပ်တန့်လိုက်လေတော့၏။
ယွမ်ငါးထောင်ရှိနေခဲ့သည်။
“ပေကျင်းရဲ့ အိမ်ခြံမြေဈေးကွက်က ဘယ်လိုရှိလဲဆိုတာ ကျွန်မတို့မသိဘူး၊ ကျွန်မတို့ အများကြီးတော့ မပေးနိုင်ပေမဲ့ နည်းလွန်းလို့လည်း မဖြစ်ဘူးလေ၊
ဒါရိုက်တာကျန်းမှာ နာမကျန်းဖြစ်နေတဲ့ မြေးတစ်ယောက်ရှိတော့ ကျွန်မတို့လည်း ကိုယ်ချင်းစာတရားရှိရှိ လုပ်ဆောင်ရမယ်”
လီရှန်းက သက်ပြင်းချလိုက်ရင်းပြောလိုက်လေသည်။
“ဒါနဲ့ လောက်ပါ့မလား မသိဘူး၊ အိမ်ဝယ်ဖို့အတွက် တကယ်ပဲ ငွေချေးရလိမ့်မယ် ထင်တယ်”
(၁၉၈၀) ပြည့်လွန်နှစ်များအတွင်း ပေကျင်းရှိ လူအများအပြားက ပြည်ပသို့ ထွက်ခွာရန်အတွက် သူတို့၏ အိမ်ဝင်းများကို ဈေးပေါပေါဖြင့် ရောင်းချခဲ့ကြသည်။
အိမ်ဝင်းတစ်ခုလုံးကိုပင် ယွမ်နှစ်သောင်းဖြင့် ဝယ်ယူနိုင်ခဲ့သည်ကို သူမက မှတ်မိနေ၏။
သို့သော် ယခုအချိန်ရှိ အိမ်ဈေးနှုန်းများကို သူမက သေသေချာချာမသိသောကြောင့် အလွန် ဈေးမကြီးပါစေနှင့်ဟုသာ မျှော်လင့်နေမိတော့သည်။
ဇနီးမောင်နှံနှစ်ဦးက လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း စက်ရုံတွင်ပင် နေထိုင်စားသောက်ခဲ့ကြလေ၏။
စုရှောင်လော်ကလည်း ကျန်းမာသန်စွမ်းသော ကလေးငယ်တစ်ဦးဖြစ်သောကြောင့် နှာစေးချောင်းဆိုးခြင်းပင် မဖြစ်ခဲ့သည့်အတွက် ငွေကြေးမများခဲ့ပေ။
ထို့ကြောင့် ဇနီးမောင်နှံနှစ်ဦးက သူတို့၏ လစာငွေအားလုံးကို စုဆောင်းနိုင်ခဲ့ကြသည်။
စုဝေ့ချင်းကလည်း တစ်ခါတစ်ရံတွင် ဆောင်းပါးများကို တင်သွင်းပြီး စာမူခတချို့ကို ရရှိခဲ့၏။
ထိုအချိန်က လီရှန်းကလည်း အလုပ်အကိုင်နှင့် အိမ်နေရာကို ရောင်းချခြင်းဖြင့် ငွေအမြောက်အမြားကို ရှာဖွေနိုင်ခဲ့လေ၏။
နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ပြီးနောက် ဇနီးမောင်နှံနှစ်ဦးက ငွေငါးထောင်ကျော်ကို စုဆောင်းမိခဲ့ကြသည်။
ဤသည် တိတ်တဆိတ်ကြွယ်ဝချမ်းသာလာခြင်းဟု ခေါ်ဆိုရပေမည်။
စက်ရုံမှ ငယ်ရွယ်သောဇနီးမောင်နှံအားလုံးထက်ပင် ပို၍ ချမ်းသာနိုင်လိမ့်မည်။
*