← Chapters

အခန်း ၂၉၆

Vol. 30 Ch. 296

အခန်း ၂၉၆

Vol. 30 Ch. 296

အခန်း(296)

ပထမဦးဆုံးအကြိမ်အဖြစ် ဇနီးမောင်နှံနှစ်ဦးက အထူးဗီအိုင်ပီ တွဲတွင် စီးနင်းရန် စီစဉ်ခြင်းခံခဲ့ရ၏။

ထိုတွဲ၏ ပတ်ဝန်းကျင်က တိတ်ဆိတ်ပြီး လုံခြုံမှုရှိ သောကြောင့် ဇနီးမောင်နှံနှစ်ဦးက ရထားပေါ်သို့ တက်လိုက်သည်နှင့် အလွန် စိတ်ကျေနပ်သွားခဲ့ကြသည်။

ရထားဝန်ထမ်းများကလည်း အလွန် ပျူငှာလှိုက်လှဲပြီး ဂရုစိုက်ကြလေ၏။

သူတို့က ထိုင်လိုက်သည်နှင့် ဝန်ထမ်းများက လာရောက်နှုတ်ဆက်ကြရင်း ပြောလာခဲ့လေသည်။

“ရဲဘော်တို့၊ တကယ်လို့ ရေလိုချင်ရင် ဟိုးထောင့်မှာ ရေနွေးရှိပါတယ်၊

ရထားမူးပြီးပျို့တဲ့ ဆေးတွေလည်း ဝန်ထမ်းအခန်းထဲမှာ ရှိပါတယ်၊ တစ်ခုခု လိုအပ်ရင် ကျွန်မတို့ကို လှမ်းခေါ်လိုက်လို့ ရပါတယ်”

“ကျေးဇူးတင်ပါတယ် “

စုဝေ့ချင်းက အပြုံးတစ်ခုနှင့် ရထားဝန်ထမ်းကို ခေါင်းညိတ်ပြလိုက်လေသည်။

ထို့နောက် လှည့်၍ သူ၏ အိတ်ထဲမှ ကြွေရည်သုတ် ဓာတ်ဘူးကြီးကို ထုတ်ပြီး ရေနွေးသွားခပ်လိုက်လေ၏။

စုရှောင်လော်က ဆူပွက်နေသော ရေနွေးကို မြင်သည်နှင့် လီရှန်း၏ နောက်ကွယ်သို့ ချက်ချင်း ပုန်းကွယ်လိုက်လေတော့သည်။

“အမေ၊ ရေနွေးက အများကြီး ပူတယ်၊ နာတယ်”

ရှုတာ့ဝေ့တစ်ယောက် ရေနွေးပူလောင်ခဲ့သည်ကို မြင်ဖူးထားခဲ့သောကြောင့် စုရှောင်လော်က ဆူပွက်နေသော ရေနွေးကို အလွန် ကြောက်လန့်နေခဲ့သည်။

လီရှန်းက အလျင်အမြန်ပင် စုရှောင်လော်၏ ဖောင်းကစ်နေသော ခန္ဓာကိုယ်လေးကို ပွေ့ဖက်လိုက်ရင်း စုဝေ့ချင်းကို ညွှန်ကြားလိုက်လေ၏။

“ကလေးနဲ့ မတိုက်မိအောင် ရေခွက်ကို မြန်လေး သိမ်းလိုက်ဦး”

စုရှောင်လော်က မည်မျှပင် လိမ္မာပါးနပ်သော်လည်း သူမက ကလေးတစ်ယောက်မျှသာ ဖြစ်နေဆဲဖြစ်သည်။

အကယ်၍ သူမသာ ပူလောင်သွားခဲ့ပါက မိဘများက ရင်ကျိုးရပေလိမ့်မည်။

အထူးသဖြင့် ကလေးမလေးက အလှအပကို ကြိုက်နှစ်သက်သူ ဖြစ်သည်။

အကယ်၍ အမာရွတ် ထင်ကျန်ရစ်ခဲ့မည်ဆိုပါက တစ်သက်လုံး နောင်တရစရာ ဖြစ်သွားရပေလိမ့်မည်။

“ကောင်းပါပြီ၊ ကိုယ် ရေခွက်ကို ဒီထောင့်ထဲမှာပဲ ထားလိုက်မယ်”

စုဝေ့ချင်းက ချက်ချင်းပင် ရေခွက်ကို ယူပြီး သူ၏ အိပ်စင်ခြေရင်းဘက်တွင် ချထားလိုက်လေတော့၏။

ဇနီးမောင်နှံနှစ်ဦးက အောက်ဆင့်အိပ်စင်ကို ရရှိထားကြသောကြောင့် အပေါ်သို့ ထပ်မံ၍ တက်ရန် မလိုတော့ဘဲ အလျင်အမြန်ပင် အဆင်သင့် ဖြစ်သွားခဲ့ကြ

သည်။

လီရှန်းက စုရှောင်လော် ပျင်းရိနေမည်ကို စိုးရိမ်သောကြောင့် ယခင်က စုဝေ့ချင်း လုပ်ပေးထားဖူးသော ကစားစရာ အသေးအဖွဲလေးများကို အများအပြား ယူဆောင်လာခဲ့၏။

ထိုကစားစရာတို့ထဲတွင် ဉာဏ်စမ်းကစားစရာများ ဖြစ်ကြသော ဟွားရုန်လမ်း နှင့် ‘ကွင်းကိုးကွင်း ဆက်ကစားနည်း’ တို့ ပါဝင်သော်လည်း အများစုက စုကွက်စနစ်သုံး အရုပ်ဆက်သစ်သားတုံးလေးများ ဖြစ်ကြသည်။

ထိုအရာတို့က လေးထောင့်စတုရန်း သို့မဟုတ် ထောင့်မှန်စတုရန်း ပုံစံမျိုး မဟုတ်ဘဲ သတ်မှတ်ထားသော ပုံသဏ္ဌာန်တစ်ခုကို တစ်စစီ ဖြုတ်ထားခြင်း ဖြစ်လေ၏။

တိကျသော အစီအစဉ်အတိုင်း ရှာဖွေတပ်ဆင်နိုင်မှသာလျှင် ပြည့်စုံကွက်တိကျသော ပုံစံကို ရရှိနိုင်ပေလိမ့်မည်။

ဝေ့ချင်းက စာလေ့လာနေချိန်အတွင်း သူမ၏သမီးဖြစ်သူအတွက် ကစားစရာများကိုလည်း ပြုလုပ်ပေးခဲ့လေ၏။

ယခင် ဆေးဝါးစက်ရုံ၌ အလုပ်လုပ်ကိုင်ခဲ့ချိန်အချိန်က ကလေးငယ်ပေါင်းများစွာက စုရှောင်လော်ကို အားကျခဲ့ကြရသည်။

ထိုကလေးများက သူတို့၏ အိမ်သို့ပြန်ရောက်ချိန်တွင် အချိန်အတော်ကြာအောင် ဂျီကျပူဆာကြလေ၏။

ထို့ကြောင့် သူတို့၏အဖေများက မတတ်သာတော့ဘဲ ကစားစရာပြုလုပ်နည်းကို မဖြစ်မနေ လေ့လာခဲ့ကြရရှာသည်။

သို့သော် ဖခင်တိုင်း၌ ကျွမ်းကျင်လွန်းသော လက်တစ်စုံ ရှိမနေခဲ့ကြခြင်းကတော့ နှမြောစရာကောင်းလွန်း၏။

အကျဉ်းချုပ်ရသော်...

စုဝေ့ချင်းက ကစားစရာအသစ်တစ်ခုခုကို တီထွင်လိုက်တိုင်း စက်ရုံထဲမှ ကလေးများ၏ ငိုယိုအော်ဟစ်သံများကိုလည်း ကြားရလေ့ရှိသည်။

ထိုဖခင်များက စုဝေ့ချင်းကို ဆာလာအိတ်ဖြင့်အုပ်၍ မရိုက်နှက်ခဲ့ကြခြင်းက သူတို့က ကြင်နာတတ်သောနှလုံးသားရှိပြီး မြင့်မြတ်သော ကိုယ်ကျင့်တရားနှင့် ပြည့်စုံကြသောကြောင့် ဖြစ်လိမ့်မည်ဟု လီရှန်း ခံစားမိခဲ့၏။

စုရှောင်လော်က ခုတင်အသေးလေးပေါ်တွင် ထိုင်နေခဲ့ပြီး သူမ၏ဖောင်းကစ်ကစ်ခြေထောက်အသေးလေးများကို စောင်အပါးလေးဖြင့် အုပ်ထားလေ၏။

ဤသည်က သူမကို နွေးထွေးစေပြီး အိပ်ရာမှထပြီးနောက် အအေးမိခြင်းမှ ကာကွယ်ပေးလိမ့်မည်။။

ဇနီးမောင်နှံနှစ်ဦးက ခုတင်ပေါ်တွင် ထိုင်နေကြလေ၏။

လီရှန်းက သူမ၏အရှေ့တွင် စာအုပ်တစ်အုပ်ကို ဖွင့်ထားပြီး လက်ထဲ၌လည်း ဆွယ်တာထိုးအပ်ဖြင့် အင်္ကျီထိုးနေရင်း လက်ချောင်းလေးများက စာမျက်နှာပေါ်၌ လျင်မြန်စွာ လှုပ်ရှားနေချိန်တွင် လက်ဗလာတစ်ဖက်ဖြင့် စာမျက်နှာကို ရံဖန်ရံခါ လှန်နေခဲ့လေ၏။

စုဝေ့ချင်းက သူ့အတွက် ရေနွေးကြမ်းတစ်ခွက်ကို ငှဲ့ထားပြီး တစ်ငုံချင်းစီ မကြာခဏ သောက်နေလေသည်။

လီရှန်း သူ့ကို သတိပေးလိုက်လေ၏။

“နောက်ကျရင် အိမ်သာ ခဏခဏသွားနေရဦးမယ် နည်းနည်းပဲသောက်လေ”

ဤရထားပေါ်မှ အိမ်သာများက အလွန်ပင် ညစ်ပတ်လွန်းသောကြောင့် မသွားဘဲနေနိုင်လျှင် အကောင်းဆုံးဖြစ်သည်။

စုဝေ့ချင်းက ခေါင်းကို ညိတ်ပြလိုက်သော်လည်း ရေကို နောက်ထပ်တစ်ငုံ ထပ်မံ သောက်လိုက်ပြန်၏။ နားထောင်မည့်ပုံစံ လုံးဝမရှိပေ။

လီရှန်း ဆွံ့အသွားရပြီး တစ်ခုခုကို ပြောရန်အတွက် ပြင်လိုက်ချိန်မှာပင် တံခါးဝမှ လိုက်ကာက ပွင့်သွားခဲ့ပြီး စစ်ဝတ်စုံဝတ်ဆင်ထားသော သက်ကြီးရွယ်အိုတစ်ဦးနှင့် လူငယ်တစ်ဦးတို့က ဝင်ရောက်လာခဲ့ကြ၏။

“မင်္ဂလာပါ ရဲဘော်တို့”

လူငယ်က ဝင်လာချိန်တွင် ပြုံး၍ နှုတ်ဆက်လိုက်ပြီးနောက် ရထားလက်မှတ်ကိုကြည့်ပြီး အိပ်စင်နံပါတ်ကို သေသေချာချာ စစ်ဆေးလိုက်လေသည်။

ထို့နောက် အတည်ပြုပြီးနောက်တွင် အဘိုးအိုဘက်သို့ လှည့်၍ ပြောလိုက်လေ၏။

“အဘိုး၊ ဒီတွဲပဲ”

အဘိုးအိုက ခေါင်းညိတ်လိုက်ပြီး သူ၏လက်ထဲမှ အထုပ်ကို လှမ်းပေးလိုက်ရင်း ပြောလိုက်လေသည်။

“အထုတ်အပိုးတွေကို အရင် သိမ်းလိုက်ဦး”

အိပ်စင်တွဲက မကျယ်ဝန်းသော်လည်း အထုတ်အပိုးများထားရန်အတွက် နေရာအလုံအလောက် ရှိနေသေး၏။

စုဝေ့ချင်းနှင့် သူ၏လူစုက အထုတ်အပိုးများကို ခုတင်အောက်ခြေသို့ တိုက်ရိုက်ထည့်ထားခဲ့ကြသောကြောင့် အပေါ်မှ ပစ္စည်းတင်စင်က အလွတ်ဖြစ်နေခဲ့သည်။

ယခုရောက်ရှိလာသော အဘိုးနှင့်မြေးတစ်စုတွင်လည်း အထုတ်အပိုးက အများအပြား မရှိကြသောကြောင့် အတွင်းပိုင်းက အနည်းငယ် ဟာလာဟင်းလင်း ဖြစ်နေဆဲဟု ခံစားရလေ၏။

ဖိနပ်များကို သေသပ်စွာ သိမ်းဆည်းပြီးနောက် လူငယ်က ခန္ဓာကိုယ်ကိုကိုင်းပြီး အဘိုးအို၏ဖိနပ်များကို ချွတ်ပေးလိုက်လေ၏။

သူက အဘိုးအိုကို အပေါ်အိပ်စင်သို့ ပွေ့ချီတင်ပေးရန် ရည်ရွယ်နေခဲ့လေသည်။

ထိုအချိန်အထိ တိတ်ဆိတ်နေခဲ့သော စုဝေ့ချင်းက ဆက်၍ ထိုင်မနေနိုင်တော့ဘဲ ပြောလိုက်လေ၏။

“အဘိုးကို ကျွန်တော်နဲ့ အိပ်စင်ချင်း လဲလိုက်ပါလား၊ ကျွန်တော်က ငယ်သေးတော့ အပေါ်ကိုတက်ရဆင်းရတာ ပိုအဆင်ပြေပါတယ်”

“ဒီလိုတော့ ဘယ်ဖြစ်ပါ့မလဲ”

လူငယ်က ပြောလိုက်သော်လည်း သူ၏စိတ်ထဲတွင် အမှန်တကယ်ပင် စိတ်လှုပ်ရှားသွားခဲ့သည်။

အဘိုးအိုက ငြင်းဆိုလျက်ပြောလိုက်လေသည်။

“ရပါတယ်၊ အဘိုးက အပေါ်ရောက်သွားရင် ပြန်ဆင်းမှာမဟုတ်ဘူး၊ ဘယ်သူ့ကိုမှ ဒုက္ခပေးမှာ မဟုတ်ပါဘူး”

“ရပါတယ်၊ အဘိုးက အိမ်သာလည်း ခဏခဏ သွားနိုင်သေးတာပဲမလား”

စုဝေ့ချင်းက ပြောပြောဆိုဆိုဖြင့် ထိုင်ရာမှထပြီး ခုတင်ပေါ်မှ ပစ္စည်းများကို လီရှန်း၏ ခုတင်နှင့် မျက်စိစောင်း တည့်တည့်တွင်ရှိသော အပေါ်အိပ်စင်သို့ ရွှေ့ပြောင်းလိုက်၏။

“ဒီလိုဆိုရင် ကျွန်တော်လည်း သားအမိနှစ်ယောက်ကို လှမ်းကြည့်လို့ရတာပေါ့၊ ဒီရဲဘော်လည်း အဘိုးရဲ့ အခြေအနေကို လှမ်းကြည့်လို့ရတာပဲလေ”

လူငယ်ကလည်း စုဝေ့ချင်း၏အကြံဉာဏ်က ကောင်းမွန်သည်ဟု တွေးမိသောကြောင့် အဘိုးဖြစ်သူကို သဘောတူရန် ဖျောင်းဖျလိုက်လေ၏။

အဘိုးအိုက ဟန်ဆောင်ပန်ဆောင် လုပ်နေခြင်းမဟုတ်ဘဲ အမှန်တကယ်ပင် မည်သူ့ကိုမျှ ဒုက္ခမပေးချင်ခြင်း ဖြစ်သည်။

သို့သော် သူ့ကိုယ်သူ အသက်ကြီးနေပြီဖြစ်ကြောင်းကို သိရှိနေသည့်အပြင် စုဝေ့ချင်းက မျက်နှာချင်း ဆိုင် ခုတင်သို့ ပြောင်းရွှေ့သွားသည်ကို မြင်လိုက်ရသောကြောင့် သဘောတူရန်မှတစ်ပါး တခြားရွေးချယ်စရာ မရှိတော့ပေ။

နေရာတကျ ရှိသွားပြီးနောက်တွင် သူက စုဝေ့ချင်းကို တောင်းပန်သည့် လေသံဖြင့် ပြောလိုက်လေ၏။

“ငါတို့ မင်းကို အများကြီး အကြွေးတင်သွားပါပြီ၊ ငါတို့ ရထားလက်မှတ်ဝယ်တာ နှစ်ရက်လောက် နောက်ကျသွားလို့ အောက်ဘက်က အိပ်စင်တွေ မကျန်တော့ဘူး၊

ပြီးတော့လည်း အရေးကြီးကိစ္စ ရှိနေတာမို့လို့ အပေါ်အိပ်စင်တွေကိုပဲ ဝယ်လိုက်ရတာ၊

စိတ်ကူးထားတာကတော့ အပေါ်ကို ရောက်သွားတာနဲ့ ခုတင်ပေါ်ကနေ ပြန်မဆင်းတော့ဘဲ အစားအသောက်တွေကိုလည်း နည်းနည်းပဲ စားမယ်ပေါ့၊

ပေကျင်းကို ရောက်တဲ့အထိတော့ ပြဿနာမရှိလောက်ဘူးလို့ ထင်ခဲ့တာ”

အဘိုးအိုက အမှန်တကယ် အားနာနေသည်ကို မြင်လိုက်ရသောကြောင့် စုဝေ့ချင်းက ချက်ချင်းပင် ပြုံးပြလိုက်ပြီး ပြောလိုက်လေ၏။

“ဒါက ဘာမှမဟုတ်ပါဘူး အဘိုး၊ သူတပါးကို ကူညီတာက ကိုယ်ကိုယ်ကို ကူညီတာနဲ့ အတူတူပါပဲ၊

ကျွန်တော်နဲ့ ကျွန်တော့်ဇနီးက ကလေးကို အဓိက စောင့်ရှောက်ရမှာမို့လို့သာ အောက်ဘက်ကအိပ်စင်ကို ရွေးခဲ့ရတာပါ”

ထိုစကားက အမှန်ပင် ဖြစ်သည်။

လူငယ်များက အတက်အဆင်းလုပ်ရန်အတွက် မကြောက်ကြသည့်အပြင် အပေါ်အိပ်စင်က ပို၍ တိတ်ဆိတ်သည်။

“လူကြီးတွေနဲ့ ကလေးတွေကတော့ အောက်အိပ်စင်ကို ယူဖို့ လိုအပ်တာပေါ့”

လူငယ်က သူ၏အလုပ်များကို အဆုံးသတ်ပြီးနောက် နောက်ဆုံးတွင် သူ၏ဦးထုပ်ကို ချွတ်လိုက်ပြီး သူတို့ကို ပြုံးပြရင်း မိတ်ဆက်လိုက်လေ၏။

“ကျွန်တော့်မျိုးရိုးက ရန်ပါ၊ နာမည်က ရန်ရှောင်ပါ၊ ဒါကတော့ ကျွန်တော့်ရဲ့အဘိုးလေ၊ ကျွန်တော်တို့က ပေကျင်းကို သွားဖို့ ရည်ရွယ်ထားတာပါ၊ ခင်ဗျားတို့ရော”

“ကျွန်တော့်နာမည်က စုဝေ့ချင်းပါ၊ ဒါကတော့ ကျွန်တော့်ရဲ့ ဇနီးနဲ့ သမီးလေ၊ ကျွန်တော်တို့လည်း မြို့တော်ကို သွားမှာပါ”

သူတို့၏ သွားမည့်နေရာကို ကြားလိုက်ရချိန်တွင် ရန်ရှောင်က ချက်ချင်းပင် ဝမ်းသာအားရပြုံးလိုက်ပြီး ပြောလိုက်လေ၏။

“ဒါဆို အတော်ပဲပေါ့၊ အခုကစပြီး လမ်းခရီးမှာ အတူ သွားလို့ရပြီ”

သူက စုဝေ့ချင်းတို့လူစုက လမ်းတစ်ဝက်တွင် ဆင်းသွားမည်ကိုလည်း စိုးရိမ်နေခဲ့သေးသည်။

ယခုခေတ်တွင် လမ်းတစ်ဝက်၌ အတက်အဆင်းလုပ်ခြင်းက အတော်လေး အဖြစ်များသည်။ နောက်ထပ်တက်လာမည့်လူများက အဘိုးရန်ကို အောက်အိပ်စင်တွင် နေခွင့်ပြုရန် သဘောတူမည် မဟုတ်လောက်ပေ။

စကားအနည်းငယ် ပြောလိုက်ရုံမျှဖြင့်ပင် ထိုလူစုက ရင်းနှီးသွားခဲ့ကြလေ၏။

အထူးသဖြင့် စုရှောင်လော်က အတော်လေး စကားတတ်သူဖြစ်၍ မကြာမီမှာပင် အဘိုးရန်နှင့် မြေမြှောက်ပေးသည့် နတ်ဆိုးမလေးကဲ့သို့ စကားများကို ပြောဆိုလေတော့သည်။

ထိုမျှလောက် ချောမောလှပသော မိန်းကလေးငယ်ကို တစ်ခေါက်မျှ မမြင်ဖူးခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်။

အဘိုးရန်၏ မျက်ဝန်းများထဲတွင် ချစ်ခင်မြတ်နိုးမှုများက လျှံထွက်နေခဲ့လေ၏။

*

All Chapters