အခန်း ၂၉၇
Vol. 30 Ch. 297
အခန်း(297)
အရာရှိတွဲတွင် ထိုင်နိုင်သည့် မည်သူမဆို ထူးခြားထက်မြက်သူများသာဖြစ်ကြရမည်။
တခြားသော လူကြီးများကဲ့သို့ပင် အဘိုးရန်က သိကျွမ်းပြီး သုံးမိနစ်ပင် မပြည့်သေးမီမှာပင် မိန်းကလေးကို စမ်းသပ်မှုတစ်ခု လုပ်ဆောင်လာလေတော့၏။
“ဒီကလေးက တကယ့်ကို ထက်မြက်တာပဲ”
ရန်ရှောင်မှာ ကလေးလေးက အဘိုးဖြစ်သူ၏ စမ်းသပ်မှုများကိုအခက်အခဲမရှိ ဖြတ်ကျော်နေကြောင်းကိုမြင်လျှင် အံသြသွားရပြီး စုဝေ့ချင်းကို မချီးမွမ်းဘဲ မနေနိုင်တော့ပေ။
“ဒီလိုကလေးမျိုးကို ကျွန်တော် ပထမဆုံးအကြိမ် မြင်ဖူးတာပဲ”
သူ၏အဘိုးက သာမန်အဘိုးတစ်ဦး မဟုတ်ပေ။
သူက ဆရာအလုပ်ကို ပြန်လည်၍ တာဝန်ယူရန် ပေကျင်းသို့ ပြန်လာခြင်း ဖြစ်သည်။
သူက စစ်တပ်တွင် ရှိချိန်က ကလေးများစွာက သူ၏အိမ်သို့ လာရောက်ဆော့ကစားလေ့ ရှိကြ၏။
သို့သော် သူ၏အဘိုးက စမ်းသပ်မှုများကို ဖြတ်ကျော်စေခြင်းဖြင့် သူတို့ကို အမြဲ စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်။
မမျှော်လင့်ဘဲ ရထားပေါ်တွင် ကျပန်းဆုံတွေ့ခဲ့ရသော လူတစ်ဦးနှင့် ဤမျှအထိ ပျော်ရွှင်စရာကောင်းသော စကားဝိုင်းတစ်ခု ဖြစ်သွားခဲ့ရ၏။
ဤကလေးကို ကြည့်ရသည်က အသက်ငါးနှစ် ခြောက်နှစ်ထက် မပိုနိုင်ပေ။
မိဘများကလည်း ငယ်ရွယ်ကြသေး၏။
“အခု တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ပြန်လည်ကျင်းပနေပြီဆိုတော့ နောက်ပိုင်းဆိုရင် ထက်မြက်တဲ့ ကလေးတွေ ပိုပြီးတော့ များလာမှာပါ”
လီရှန်းက နောက်ဆုံးချုပ်ရိုးကို အဆုံးသတ်ပြီးနောက် အပ်ပေါ်မှ အပ်ချည်ကြိုးကို ဖြောင့်စင်းအောင်လုပ်ကာ ဝင်ပြောလိုက်လေ၏။
“အတိတ်က ကလေးတွေက မထက်မြက်တာမျိုး မဟုတ်ပါဘူး၊ စာသင်ဖို့ အနာဂတ်မရှိလို့ပါ၊
အသက်အရွယ် ရောက်လာတဲ့အချိန်မှာ အနည်းဆုံးတော့ တရားဝင်အလုပ်သမား ဖြစ်လာနိုင်အောင်လို့ စောစောစီးစီး အလုပ်သင်လုပ်ကြတာကမှ ပိုကောင်းဦးမယ်လို့ပဲ တွေးလာကြတာကိုး”
“ဒါကြောင့်မို့လို့ပဲ ငါ ပြောတာပေါ့၊ ဒီမူဝါဒကို အစကတည်းက အကောင်အထည် မဖော်ခဲ့သင့်ဘူး”
အဘိုးရန်၏ စကားလုံးများက လူတိုင်းကို လန့်ဖျပ်သွားစေခဲ့သည်။
ရန်ရှောင်က အမြန်ပင် အနားသို့သွား၍ သူ၏အဘိုး၏ပါးစပ်ကို ပိတ်လိုက်လေ၏။
“အဘိုး စိတ်လျှော့ပါဦး”
အဘိုး ခံစားခဲ့ရတဲ့ ဆုံးရှုံးမှုတွေ မလုံလောက်သေးဘူးလား။
အဘိုးရန်က မတတ်သာတော့ဘဲ သူ၏ပါးစပ်ကို ပိတ်လိုက်ရတော့၏။
အတိတ်ကို ပြန်လည်၍ တွေးတောနေမိသောကြောင့် ဖြစ်နိုင်သည်။
သူ၏မျက်ခုံးအစုံကြားတွင် မကျေနပ်မှု အရိပ်အယောင်တချို့က ရှိနေခဲ့လေ၏။
ထိုနှစ်များအတွင်း သူက ကောင်းမွန်သော ဘဝတစ်ခုကို ပိုင်ဆိုင်ခဲ့ရပုံမပေါ်ပေ။
ရန်ရှောင်က သိတတ်သော မြေးကောင်းတစ်ဦး ဖြစ်သည်။
သူက သူ၏အဘိုးကို လှဲလျောင်းစေရန်အတွက် ကူညီပေးပြီးနောက်တွင်မှ သူကိုယ်တိုင် အပေါ်အိပ်စင်သို့ တက်၍ လှဲလျောင်းပြီး စာဖတ်နေခဲ့လေတော့၏။
အချိန်အတော်ကြာအောင် အင်္ကျီထိုးပြီးနောက် လီရှန်းက သူမ၏ ပစ္စည်းများကို သိမ်းဆည်းလိုက်ပြီး အနည်းငယ် ငိုက်မြည်းနေသော စုရှောင်လော်ကို ပွေ့ချီကာ လှဲလျောင်းလိုက်လေသည်။
ထို့နောက် သူမက စုရှောင်လော်၏နောက်ကျောကို အသာအယာ ပုတ်ပေးပြီး အိပ်ပျော်အောင် ချော့သိပ်လိုက်လေ၏။
တစ်ချိန်က စည်ကားခဲ့သော ရထားတွဲက ရုတ်ချည်းပင် တိတ်ဆိတ်သွားခဲ့ရလေသည်။
“ခင်ဗျားတို့နှစ်ယောက်က ပေကျင်းက တက္ကသိုလ်ကို တက်ဖို့ ရည်ရွယ်ထားကြတာလား”
ရန်ရှောင်က သူ၏စာအုပ်ပေါ်သို့ စိတ်မရောက်နိုင်တော့သောကြောင့် နံရံကိုမှီပြီး စုဝေ့ချင်းနှင့် စကားစမြည် ပြောဆိုလိုက်၏။
“လမ်းခရီးမှာ ခင်ဗျားတို့လို ဇနီးမောင်နှံတချို့ကို ကျွန်တော် မြင်ခဲ့ရပါတယ်၊
ဒါပေမဲ့ အများစုကတော့ အမျိုးသားတွေက တက္ကသိုလ်တက်ပြီး အမျိုးသမီးတွေက လိုက်ပို့ကြတာ များပါတယ်၊
ခင်ဗျားတို့လို ကလေးတစ်ယောက်နဲ့ ဇနီးမောင်နှံနှစ်ယောက်လုံးကို မြင်ရတာကတော့ တကယ့်ကို ရှားပါးလွန်းတယ်”
“ကျွန်တော်တို့တွေက ဆွေမျိုးတွေဆီလာလည်တာလည်း ဖြစ်နိုင်တာပဲမလား”
စုဝေ့ချင်းက ထိုစကားကို ကြားလိုက်ရချိန်တွင် စိတ်ဝင်စားသွားပြီး ဤလူက သူတို့က တက္ကသိုလ်တက်မည့်သူများ ဖြစ်ကြောင်းကို မည်သို့သိရှိနေသနည်းဟု တွေးတောမိလေ၏။
“မဖြစ်နိုင်ပါဘူး”
မျှော်လင့်မထားရဘဲ ရန်ရှောင်က ယုံကြည်မှုအပြည့်ဖြင့် ခေါင်းကိုခါပြလိုက်လေသည်။
“ကျွန်တော့်အမြင်က အတော်လေးစူးရှတာ၊ ခင်ဗျားတို့ကတော့ သေချာပေါက် တက္ကသိုလ်တက်မယ့်သူတွေပဲ”
“ဘယ်လိုလုပ် သိတာလဲ”
စုဝေ့ချင်းကလည်း ရန်ရှောင်၏ပုံစံအတိုင်း ခုတင်ခြေရင်းဘက်သို့ ခြေထောက်များချလျက် နံရံကို မှီလိုက်လေ၏။
အဘိုးအို၏အမြင်တွင် မလျောက်ပတ်ဟု ထင်မြင်သွားမည်ကို စိုးရိမ်သောကြောင့် သူက အဘိုးအို၏ ခြေထောက်ရှိရာဘက်၌ ပြောင်းထိုင်လိုက်ခြင်း ဖြစ်သည်။
“ဒါက ခံစားချက်သက်သက်ပါပဲ”
ရန်ရှောင်က ခေါင်းကိုခါလိုက်လေ၏။ အကယ်၍ သူ့ကို သေသေချာချာ ရှင်းပြခိုင်းလျှင်လည်း သူက ရှင်းပြနိုင်မည် မဟုတ်ပေ။
စုဝေ့ချင်းက မယုံကြည်သည့်အသွင် ရှိနေသည်ကို မြင်လိုက်ရသည့်အချိန်တွင် သူက အမြန်ပင် ဆက်ပြောလိုက်လေသည်။
“တကယ်တော့ ကျွန်တော်က အတော်လေးထူးဆန်းတဲ့လူ၊ ကျွန်တော့်မှာ အထူးခြားတဲ့ အာရုံခံစားမှုမျိုး ရှိတယ်၊
ခင်ဗျား တကယ်မယုံဘူးလား၊ အရင်တုန်းက ဒီအာရုံခံစားမှုကြောင့်ပဲ ကျွန်တော် သူလျှိုတစ်ယောက်ကိုတောင် ဖမ်းမိခဲ့သေးတယ်”
အောက်ထပ်ရှိအိပ်စင်တွင် လှဲလျောင်းနေသော လီရှန်းက ရုတ်ချည်းပင် မျက်လုံးပွင့်လာခဲ့ရသည်။
အာရုံခံစားမှု ဟုတ်လား။
သူလျှိုဖမ်းမိတာလား။ သူ့နာမည်က ရန်ရှောင်တဲ့လား။
လီရှန်းက ဤလူက မည်သူဖြစ်ကြောင်းကို သိရှိသွားခဲ့ပြီ ဖြစ်လေ၏။
စုဝေ့ဟိုင်က သုတေသနအဖွဲ့မှ နုတ်ထွက်ပြီး နေရပ်သို့ ပြန်လာပြီးနောက်တွင် ဗက်ဆင်းအချက်အလက်များကို ခိုးယူခံရမှုကို စုံစမ်းစစ်ဆေးရန်အတွက် ကူညီပေးခဲ့သော ရဲအရာရှိက ရန်ရှောင်ပင်မဟုတ်ပါလား။
သို့သော် နောက်ပိုင်းတွင် သူက အမျိုးသားလုံခြုံရေးဗျူရိုမှ ဖြစ်ကြောင်းကို အတည်ပြုနိုင်ခဲ့သည်။
ဤကိစ္စကို စုံစမ်းစစ်ဆေးရန်အတွက် သူက စုဝေ့ဟိုင်နှင့် ရည်ရွယ်ချက်ရှိရှိ သိကျွမ်းအောင်လုပ်ခဲ့ပြီး စုဝေ့ဟိုင်၏ မိတ်ဆွေအဖြစ်နှင့် စုံစမ်းစစ်ဆေးမှုတွင် ပါဝင်ပတ်သက်ခဲ့ခြင်း ဖြစ်လေ၏။
အဆုံးသတ်တွင် သူက အမှန်တရားကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။
သို့သော် လီရှန်း၏အမြင်တွင် ထိုအတွေ့အကြုံများအားလုံးက သူ၏အဘိုးဖြစ်သူလောက် တောက်ပမှု မရှိခဲ့ပေ။
မှန်ပေသည်။ ဤအဘိုးက တရုတ်နိုင်ငံ ဆေးပညာလောက၏ ထိပ်သီးပညာရှင်ကြီးတစ်ဦးဖြစ်ပြီး လာမည့်နှစ်နှစ်အတွင်း ဆေးပညာကျွမ်းကျင်မှု သင်တန်းများကို ပို့ချပေးမည့် နည်းပြများထဲမှ တစ်ဦးဖြစ်သော အဘိုးအို ရန်ကျိမင်ပင် ဖြစ်လေတော့သည်။
လီရှန်း : “...”
တကယ့်ကို တိုက်ဆိုင်လွန်းတာပဲ။
သူမလည်း သူမ၏ယောက်မကဲ့သို့ပင် ဇာတ်လိုက်အရှိန်အဝါများ ရှိနေခဲ့ခြင်းမျိုးလား။
သေချာပေါက် မဟုတ်ပေ။
စနစ်က ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားရ၏။
ထိုအရာက အမြှောက်စာဇာတ်ကောင်ကို ဇာတ်လိုက်ဖြစ်အောင် မွေးမြူရေးစနစ် မျှသာ ဖြစ်သည်။
အကယ်၍ ဇာတ်လိုက်မ၏ အရှိန်အဝါများ ရှိနေခဲ့လျှင် သူ့အနေဖြင့် မည်သို့လုပ်နိုင်ပါတော့မည်နည်း။
ဤသို့ဆိုလျှင် လီရှန်း၌ ဇာတ်လိုက်မ၏ အရှိန်အဝါ ရှိနေနိုင်ပါမည်လား။
စနစ်ကိုယ်တိုင်ကပင် ထိုတိုက်ဆိုင်မှုကို ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်က ထင်ရှားလွန်း၏။
စနစ်က ကောင်းမွန်သော စနစ်တစ်ခု ဖြစ်သော်လည်း ရံဖန်ရံခါတွင် ကိစ္စရပ်များကို အလွန်အကျွံ တွေးတောတတ်သည်။
စနစ်ကို နှစ်သိမ့်ပေးနေချိန်မှာပင် လီရှန်းက အဘိုးရန်ကို ဆေးတက္ကသိုလ်ကို တက်လိုသော သူမ၏ဆန္ဒကို မည်သို့ကျိုးကြောင်းဆီလျော်စွာ ဖော်ပြရမည်ကို စိတ်ထဲမှ တိတ်တဆိတ် စီစဉ်နေခဲ့လေ၏။
ထို့အပြင် စနစ်က ဖန်တီးပေးခဲ့သော ဤတိုက်ဆိုင်မှု ကို ကောင်းမွန်စွာ အသုံးမချပါက နှမြောစရာကောင်းလွန်းသည်။
[…]
လီရှန်း၏ စိတ်ကူးအတွေးကို ဖမ်းယူမိလိုက်သော စနစ်က သူ၏ အီလက်ထရွန်နစ်မျက်နှာပြင်တစ်ခုလုံး နီရဲသွားလုနီးပါး ဖြစ်သွားရရှာသည်။
သို့သော် စနစ်စာကြည့်တိုက်ထဲမှ ဆေးပညာစာအုပ်တစ်အုပ်ကို ခိုးထုတ်ပေးနိုင်ခဲ့ဆဲပင်။
[စာအုပ်က စောင်အောက်ထဲမှာ ရှိတယ်]
လီရှန်း : “...”
သူမနှင့် စုရှောင်လော်၏ ကြားတွင် ရုတ်တရက် အေးစက်စက် အထိအတွေ့တစ်ခုကို ခံစားလိုက်ရသည်က မဆန်းတော့ပေ။
သူမက ခန္ဓာကိုယ်ကို အသာအယာရွှေ့လိုက်ပြီး စာအုပ်ကို ထုတ်ယူရန်အတွက် လက်ကိုလှမ်းလိုက်လေ၏။
စာအုပ်၏ မျက်နှာဖုံးကို မြင်လိုက်ရသည့် ခဏတွင် လီရှန်း၏ မျက်နှာအမူအရာက ဆွံ့အသွားရသည်။
အဘယ်ကြောင့်ဆိုသော် ဤစာအုပ်က ဆေးပညာဖတ်စာအုပ်တစ်အုပ် မဟုတ်သောကြောင့် ဖြစ်လေ၏။
ဆန့်ကျင်ဘက်အနေဖြင့် စာအုပ်ပေါ်မှ လက်ရေးက အလွန်ပင် ရင်းနှီးနေခဲ့ပြီး သူမ၏ ကိုယ်ပိုင်လက်ရေး ဖြစ်နေသည်က ထင်ရှားလွန်းသည်။
ထိုစာအုပ်ကို စာအုပ်ဟု ခေါ်ဆိုခြင်းထက် မှတ်စုစာအုပ်ဟု ခေါ်ဆိုခြင်းက ပို၍ တိကျပေလိမ့်မည်။
ဤအရာများက သူမက ထိုကမ္ဘာများကို ဖြတ်သန်းသွားလာခဲ့ချိန်က ရံဖန်ရံခါတွင် ရေးမှတ်ထားခဲ့သော ဆေးဘက်ဆိုင်ရာ မှတ်တမ်းတချို့ ဖြစ်သည်။
ထိုအချိန်က သူမက ကလေးများကို ပြုစုပျိုးထောင်ရမည့် တာဝန်ရှိသောကြောင့် ဆေးရုံတွင် အလုပ်မလုပ်နိုင်ခဲ့ပေ။
သူမ၏ အကြီးမားဆုံးသော အောင်မြင်မှုက ဆေးခန်းအသေးစားလေးတစ်ခုကို ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကာ ပြင်းထန်သော ရောဂါဝေဒနာရှင်များနှင့်ထိတွေ့ခွင့်မရခဲ့ပေ။
ထို့ကြောင့် ဤမှတ်စုစာအုပ်ငယ်လေးတွင် အခြေခံရောဂါဝေဒနာများကိုသာ အဓိက မှတ်တမ်းတင်ထားခြင်း ဖြစ်လေ၏။
အခြေခံ ဆေးဘက်ဆိုင်ရာ အခြေအနေများကို အထင်မသေးသင့်ပေ။
ဤရောဂါများက များသောအားဖြင့် နာတာရှည်ရောဂါများဖြစ်ပြီး ပျောက်ကင်းရန်အတွက် ခက်ခဲတတ်ပြီး ခန့်မှန်းရအခတ်ဆုံးလည်း ဖြစ်သည်။
အကယ်၍ ထိုအရာတို့ကို ကောင်းစွာ လေ့လာနိုင်ခဲ့လျှင် ကျန်းမာရေးစောင့်ရှောက်မှု ဆရာဝန်တစ်ဦးအဖြစ် လုပ်ကိုင်ရန်အတွက် အပြည့်အဝ အရည်အချင်းပြည့်မီနိုင်၏။
လီရှန်းက မှတ်စုစာအုပ်ငယ်လေး၏ မျက်နှာဖုံးကို ပွတ်သပ်ရင်း မျက်ဝန်းထဲတွင် လွမ်းဆွတ်မှု အရိပ်အယောင်များက ဖြတ်ပြေးသွားခဲ့လေသည်။
စနစ်က ဤမှတ်စုစာအုပ်ငယ်ကို သူမထံသို့ မည်သည့်အတွက်ကြောင့် ပြန်လည်၍ ပေးအပ်ခဲ့သည်ကို သူမက ချက်ချင်းပင် နားလည်လိုက်လေ၏။
သူမတွင် အခြေခံရောဂါများဆိုင်ရာ သုတေသနပြုချက်များ ရှိနေသောကြောင့် သူမ၏ စွမ်းဆောင်ရည်ကို သဘာဝအတိုင်း ပြသလိုခဲ့ခြင်း ဖြစ်လေသည်။
ထို့အပြင် လက်တွေ့ကုသမှုများနှင့် တစ်ခေါက်မျှ ထိတွေ့ဖူးခြင်းမရှိသော သူတစ်ဦးအနေဖြင့် အခြေခံရောဂါ သုတေသနပြုချက်က သူမနှင့် ပိုမိုကိုက်ညီလေ၏။
အဆုံးသတ်တွင် သူမက ပိုမို၍ ပြင်းထန်သော ရောဂါဖြစ်စဉ်များကို လေ့လာနိုင်လိမ့်မည် မဟုတ်ပေ။
ခဏတာ လွမ်းဆွတ်မှုနှင့် နောင်တရမှု ခံစားချက်များက လျင်မြန်စွာပင် ကွယ်ပျောက်သွားခဲ့ပြီး လီရှန်းက မကြာမီမှာပင် တခြားသော အခြေအနေတစ်ခုထဲသို့ စိတ်နှစ်လိုက်လေတော့၏။
သူမက ဦးစွာ သေသပ်စွာ ထိုင်လိုက်လေသည်။
ထို့နောက် စုရှောင်လော်ကို စောင်ကို အသာအယာ ပြန်ခြုံပေးလိုက်ပြီး သူမ၏အိတ် တည်နေရာကို ချိန်ညှိလိုက်ပြီးနောက် ထိုအိတ်ကိုမှီ၍ စာဖတ်နေခဲ့လေ၏။
အကယ်၍ ထိုအဘိုးရန်တွင် အနည်းငယ်မျှ ပိုမို၍ စူးရှသော အမြင်အာရုံ ရှိနေခဲ့လျှင် သူမ၏မှတ်စုစာအုပ်ပေါ်မှ လက်ဖြင့်ဆွဲထားသော အပ်စိုက်မှတ်ပုံချပ်များကို မြင်တွေ့နိုင်ပေလိမ့်မည်။
*