← Chapters

အခန်း ၂၉၈

Vol. 30 Ch. 298

အခန်း ၂၉၈

Vol. 30 Ch. 298

အခန်း(298)

“ဘာဖြစ်လို့လဲ”

လီရှန်း၏ လှုပ်ရှားမှုကို ကြားလိုက်ရသောကြောင့် အပေါ်အိပ်စင်ပေါ်ရှိ စုဝေ့ချင်းက စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်လေ၏။

“ဘာမှမဖြစ်ပါဘူး”

လီရှန်းက သူ့ကို ခေါင်းခါပြလိုက်လေသည်။

“ကျွန်မ အိပ်မပျော်လို့ စာဖတ်မလို့၊ ရှောင်လော် အိပ်ပျော်နေပြီဆိုတော့ အသံလေးတွေ နည်းနည်းလောက် လျှော့ပေးကြပါဦး”

“ကောင်းပါပြီ”

စုဝေ့ချင်းက စိတ်အေးသွားသကဲ့သို့ ခေါင်းကို ညိတ်ပြလိုက်ပြီး ရန်ရှောင်ကို မျက်စိမှိတ်ပြလိုက်လေ၏။

ရန်ရှောင်ကလည်း အသံကို လျှော့ချခြင်းဖြင့် ပူးပေါင်းပေးခဲ့ပြီးနောက် ခပ်တိုးတိုး ရယ်မောပြီး ပြောလိုက်လေသည်။

“စစ်တပ်ထဲမှာတုန်းကတော့ ကျွန်တော်တို့အားလုံး အသံတွေ အရမ်းကျယ်ကြတာ၊ ကလေးတွေကလည်း အသားကျနေပြီလေ”

“ကျွန်တော့်ရဲ့ ရှောင်လော်ကတော့ အဲလိုမရဘူး”

စုဝေ့ချင်းက ခေါင်းကို ခါလိုက်ပြီး ကလေးအကြောင်းကို ဆက်မပြောဘဲ ဖုံးကွယ်ထားလိုက်ကာ အကြောင်းအရာကိုပြောင်းလဲလိုက်လ၏။

“မြို့တော်မှာ တည်းခိုမယ့်နေရာ ရှိပြီလား”

“ရှိပါတယ်၊ ကျွန်တော်တို့က အစကတည်းက မြို့တော်ကလူတွေဆိုတော့ အိမ်ဟောင်းတစ်လုံး ရှိသေးတယ်”

ကြီးကြီးမားမား မဟုတ်သော်လည်း အဘိုးနှင့်မြေး နှစ်ယောက်အတွက်တော့ လုံလောက်ပေသည်။

ထို့အပြင် အဘိုးရန်က အလုပ်ပြန်လည်၍ စတင်သည်နှင့် ကျောင်းကလည်း သူ့အတွက် နေအိမ်တစ်လုံးကို ချထားပေးပေလိမ့်မည်။

စုဝေ့ချင်းက အဘိုးနှင့်မြေးနှစ်ဦးက အမှန်တကယ်ပင် ပေကျင်းမြို့ခံများ ဖြစ်နေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

သူတို့က အဘယ်ကြောင့် နင်ပြည်နယ်မှ ရထားစီးလာခဲ့ကြသည်ကိုတော့ သူက အသေးစိတ် မမေးမြန်းတော့ပေ။

အဆုံးသတ်တွင် ယနေ့ခေတ်ကာလ၌ သူတို့ကဲ့သို့ အသက်အရွယ်ရှိသူတစ်ဦးက ဤမျှဝေးကွာသော အကွာအဝေးကို ခရီးနှင်ခြင်းက ပုံမှန်မဟုတ်ခဲ့ပေ။

ရန်ရှောင်၏ ယခင်မိတ်ဆက်စကားနှင့် ပေါင်းစပ်လိုက်ချိန်တွင် စုဝေ့ချင်းက ဖြစ်နိုင်ခြေတချို့ကို တွေးတောမိလာခဲ့ရလေတော့သည်။

ထို့ကြောင့် သူက ဆက်၍ မမေးမြန်းတော့ပေ။

လီရှန်းက အပေါ်အိပ်စင်ရှိ လူနှစ်ဦး၏ စကားစမြည် ပြောဆိုနေမှုများကို လုံးဝနားမထောင်ဘဲ သူမ၏လက်ထဲမှ မှတ်စုစာအုပ်ငယ်ပေါ်သို့သာ အာရုံစိုက်ထားခဲ့ဘေ၏။

စကားပုံတစ်ခု ရှိသည်မဟုတ်ပါလား၊ ‘အဟောင်းကို ပြန်လည်သုံးသပ်ခြင်းက အသစ်ကို နားလည်စေဖို့ ကူညီပေးတယ်’ ဟူ၍ ဖြစ်သည်။

ဤမှတ်စုစာအုပ်ငယ်ထဲမှ ရောဂါဖြစ်စဉ်များက သူမ ကိုယ်တိုင်ကြုံတွေ့ခဲ့ရ၊ ကိုယ်တိုင်ကုသခဲ့ရပြီး ကိုယ်တိုင်မှတ်တမ်းတင်ခဲ့ရသည့် အရာများသာ ဖြစ်သည်။

သို့သော် ယခုအချိန် ပြန်လည်၍ ကြည့်ရှုရသည်က အလွန်ပင် ဆန်းသစ်နေဆဲ ဖြစ်၏။

သူမက ဆေးဝါးစက်ရုံ၌ အလုပ်လုပ်ကိုင်ခဲ့သော နှစ်များအတွင်း၌ပင် တချို့သော ရောဂါဝေဒနာများကို ကုသရန်အတွက် နည်းလမ်းအသစ်တချို့ကို ဖော်ထုတ်နိုင်ခဲ့သေး၏။

ထို့ကြောင့် သူမက အိတ်ထဲမှ ခဲတံတစ်ချောင်းကို ထုတ်ယူလိုက်ပြီး ဘေးနားရှိ လွတ်နေသော နေရာလွတ်တွင် သူမ၏ အတွေးအမြင်များနှင့် ထိုးထွင်းသိမြင်မှုများကို ရေးမှတ်လိုက်လေတော့သည်။

သူမက အာရုံစိုက်လွန်းနေသောကြောင့် ဘေးနားမှ အဘိုးရန်က မျက်မှန်ပင် တပ်လိုက်သည်ကို သတိမထားမိခဲ့ပေ။

လီရှန်းတစ်ယောက် မျှော်လင့်ထားခဲ့သည့်အတိုင်းပင် အဘိုးရန်က မျက်လုံးပွင့်လာသည်နှင့် သူ၏အကြည့်များက လီရှန်း၏လက်ထဲမှ မှတ်စုစာအုပ်ငယ်ထဲရှိ လူသားခန္ဓာကိုယ် အပ်စိုက်မှတ်ပုံချပ်ပေါ်သို့ ကျရောက်သွားခဲ့လေ၏။

သူက သူ၏ အထောက်အထားကို ဖော်ထုတ်ခံလိုက်ရသည် သို့မဟုတ် သူမက သူ့အနောက်သို့ တကောက်ကောက်လိုက်နေသည်ဟု မတွေးမိခဲ့ပေ။

သူက အိပ်စင်တွဲကိုပင် လုဝယ်ယူခဲ့ရသေးသည်မဟုတ်ပါလား။ ထို့ကြောင့် ရထားပေါ်တွင် ဆေးပညာကို စိတ်ဝင်စားသူတစ်ဦးနှင့် ဆုံတွေ့ရခြင်းက အမှန်တကယ့်ကို တိုက်ဆိုင်လွန်းသည်ဟုသာ တွေးတောမိခဲ့လေ၏။

လီရှန်းက မှတ်စုစာအုပ်ငယ်ကို ကြည့်နေရင်း ထိုစာအုပ်အပေါ်၌ စာများပင် စတင်ရေးသားနေခဲ့လေသည်။

အဘိုးရန် : “...”

“ ရဲဘော်၊ မင်းရဲ့ ဆေးပညာစာအုပ်ကို အဘိုး ခဏလောက် ငှားကြည့်လို့ ရမလား”

အဘိုးရန်က လီရှန်းကို အားနာစွာဖြင့် ပြုံး၍ မေးမြန်းလိုက်လေသည်။

ဤစကားလုံးများက လီရှန်း အမှန်တကယ် ကြားချင်နေခဲ့သော စကားများပင် ဖြစ်လေ၏။

သူမက ချက်ချင်းပင် ခဲတံကိုချလိုက်ပြီး မှတ်စုစာအုပ်ကို လှမ်းပေးလိုက်ရင်း ပြောလိုက်လေသည်။

“ဒါက ဘာစာအုပ်မှ မဟုတ်ပါဘူးအဘိုး၊ မှတ်စုစာအုပ် သက်သက်ပါပဲ၊ စိတ်ကြိုက်ကြည့်လို့ရပါတယ်၊ ပြန်ပေးဖို့လည်း မလောပါဘူး”

သူမက ပြောနေရင်းဖြင့် အိတ်ထဲမှ တခြားစာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်လေ၏။ ယခုတစ်ကြိမ်တွင်တော့ စနစ်တကျရှိလွန်းသော သင်္ချာဖတ်စာအုပ်တစ်အုပ် ဖြစ်နေခဲ့လေ၏။

အဘိုးရန်က မှတ်စုစာအုပ်ငယ်ကို ရရှိသည့်အချိန်တွင် ဦးစွာ လှန်လှောကြည့်ရှုလိုက်လေသည်။

ဤစာအုပ်က အမှန်ပင် ဆေးဘက်ဆိုင်ရာ မှတ်စုစာအုပ်တစ်အုပ် ဖြစ်လေ၏။

ဤစာအုပ်ထဲတွင် အပ်စိုက်မှတ်ပုံချပ်များသာမက သူမကိုယ်တိုင် ရေးစပ်ထားသော ဆေးညွှန်းတချို့လည်း ပါဝင်နေပြီး ဘောပင်ဖြင့် ရေးသားထားကာ ပြင်ဆင်ချက်က အလွန်နည်းပါးလေသည်။

သူမက ဤဆေးညွှန်းများကို မရေးသားမီ စိတ်ထဲတွင် အကြိမ်ပေါင်းရာချီ၍ ပုံဖော်တွေးတောခဲ့ပြီးမှ ရေးသားခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားပေ၏။

ထို့ကြောင့်သာ သူမက ဤမျှအထိ ချောမွေ့လွန်းပြီး သဘာဝကျကျ ရေးသားနိုင်ခဲ့ခြင်း ဖြစ်သည်။

သူက လီရှန်းက ခဲတံဖြင့် ရေးသားထားခဲ့သော နေရာသို့ လျင်မြန်စွာ လှန်လိုက်လေ၏။

တစ်ခုက ဖောင်တိန်ဖြစ်ပြီး တခြားတစ်ခုက ခဲတံဖြစ်သော်လည်း သူတို့၏ လက်ရေးများက သိသာစွာပင် တူညီနေခဲ့ကြလေသည်။

တစ်ခုတည်းသော ကွာခြားချက်က ယခုလက်ရေးက ယခင်ထက် ပိုမို၍ သေသပ်လာခြင်းပင် ဖြစ်၏၊

သို့သော် သူမ၏ စာရေးသည့် အလေ့အထများက ပြောင်းလဲခြင်း မရှိခဲ့ပေ။

ထိုအချက်က ဤမှတ်စုစာအုပ်ငယ်က သူ၏အရှေ့တွင်ရှိသော အမျိုးသမီးငယ်၏ ကိုယ်ပိုင်မှတ်စုစာအုပ် ဖြစ်ကြောင်းကို ညွှန်ပြနေလေသည်။

သူက ထိုအမျိုးသမီးကို လှမ်းကြည့်လိုက်ချိန်တွင် သူမက ထိုပုံစံအတိုင်းပင် စာအုပ်ပေါ်၌ စာရေးခြင်း၊ ပုံဆွဲခြင်းများကို ထပ်မံ၍ လုပ်ဆောင်နေသည်ကို မြင်တွေ့လိုက်ရလေ၏။

သူက စာအုပ်ထဲမှ အကြောင်းအရာများကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။

ထိုစာအုပ်က သင်္ချာစာအုပ်တစ်အုပ်ဖြစ်ပြီး သူမက ပုစ္ဆာတစ်ပုဒ်ကို တွက်ချက်နေခြင်း ဖြစ်လေ၏။

သူမက နှေးကွေးသော်လည်း လျင်မြန်စွာ ရေးသားနေခဲ့ပြီး စက္ကူပေါ်သို့ ဘောပင်မချမီ စိတ်ထဲတွင် ပုစ္ဆာကို ရှင်းလင်းအောင် တွက်ချက်ပြီးဖြစ်နိုင်သည်။

ထိုအရာက လီရှန်း၏ အလေ့အထပင် ဖြစ်သည်။

အဘိုးရန်က သူမကို တစ်ချက်မျှ ကြည့်ရှုပြီးနောက် သူ၏အာရုံကို မှတ်စုစာအုပ်ငယ်ထံသို့ ပြန်လည် ရွှေ့ပြောင်းလိုက်ကာ သေသေချာချာ စတင်ဖတ်ရှုလေတော့၏။

ပြောရလျှင် မှတ်စုစာအုပ်ထဲတွင် မှတ်တမ်းတင်ထားသော ရောဂါဖြစ်စဉ်များက အလွန်ပင် သာမန်ဆန်သောရောဂါဖြစ်စဉ်များသာ ဖြစ်ကြသည်။

သို့သော် ထိုကဲ့သို့သော သာမန်ရောဂါဖြစ်စဉ်များတွင်ပင် ဆန်းပြားလွန်းသော ကုသမှုနည်းလမ်းမျိုးစုံ ရှိနေခဲ့လေ၏။

ဤစာအုပ်က ဆရာဝန်တစ်ဦး၏ လမ်းညွှန်လက်စွဲစာအုပ်ထက်စာလျှင် ကျေးလက်ဆရာဝန်များ၏ ဖတ်စာအုပ်တစ်အုပ်နှင့် ပို၍တူညီနေလေသည်။

ရောဂါဖြစ်စဉ်အများစုက ထိုနေရာ၌ပင် ချက်ချင်းကြံဆထားသော ကုသမှုနည်းလမ်းများ ဖြစ်နေသောကြောင့်ပင်။

ထိရောက်မှု စွမ်းရည်က တရားဝင်ဆေးဝါးများလောက် မကောင်းမွန်သော်လည်း အရေးပေါ်ကုသမှုများအတွက် အသုံးပြုနိုင်သည်။

ဆရာဝန်များအားလုံးက တူညီသော နှလုံးသားရှိကြသည်ဖြစ်၍ အဆင့်အတန်း ခွဲခြားထားခြင်းမျိုး မရှိပေ။

ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်သရွေ့ လမ်းဘေးတွင် နေရာအနှံ့တွင်် တွေ့ရှိနိုင်သော မြက်ရိုင်းတစ်ပင် ဖြစ်နေပါစေဦးတော့၊ ထိုနည်းက ထိရောက်မှု ရှိသည်ပင်ရ

ထို့ကြောင့် အဘိုးရန်က အသုံးပြုထားသော ကုသမှုနည်းလမ်းများကို လက်ခံနိုင်ဖွယ်မရှိဟု မတွေးမိခဲ့ပေ။

ဆန့်ကျင်ဘက်အနေဖြင့် သူက ဖတ်ရှုရင်းနှင့် ပို၍ စိတ်ဝင်စားလာခဲ့ရတော့၏။

ထိုမျှအထိ စိတ်ပါဝင်စားနေခဲ့သောကြောင့် မွန်းတည့်အချိန်သို့ ရောက်ရှိလာပြီး ရန်ရှောင်က နေ့လယ်စာကို သွားရောက်ဝယ်ယူပြီးသည်အထိပင် အဘိုးအိုက စာအုပ်ထဲ၌သာ အာရုံနစ်မြုပ်နေဆဲဖြစ်သည်။

သူက ဘေးနားမှ အရာအားလုံးကို သတိမပြုမိတော့သကဲ့သို့ ဖြစ်နေခဲ့၍ ရန်ရှောင်အနေဖြင့် အတော်လေး ကူကယ်ရာမဲ့သွားရရှာ၏။

“အဘိုး၊ ထမင်းစားလို့ရပြီ”

ရန်ရှောင်က အစားအသောက်များကို ချထားလိုက်ရန်သာ တတ်နိုင်ပြီး အဘိုး ရန်ကို ခပ်တိုးတိုး လှမ်းခေါ်လိုက်လေ၏။

“အဘိုး အခုမစားရင် ဟင်းတွေ အေးကုန်လိမ့်မယ်”

“အေးသွားရင်လည်း နွေးအောင်လို့ မီးဖိုပေါ် တင်ထားလိုက်ပေါ့”

အဘိုးရန်က ပြီးစလွယ် ပြန်ဖြေလိုက်လေသည်။

ထိုသို့ပြန်ဖြေသည့်လေသံအရ သူအနေဖြင့် ထမင်းစားရန်အတွက် သတိပေးခံရခြင်းက ပထမဆုံးအကြိမ် မဟုတ်ကြောင်း ထင်ရှားလွန်း၏။

ရန်ရှောင်တစ်ယောက် ရယ်လည်းရယ်ချင် စိတ်လည်းပျက်သွားရပြီး ပြောလိုက်လေသည်။

“ကျွန်တော်တို့က ရထားပေါ်မှာလေအဘိုး၊ နွေးအောင်လို့ ဘယ်မီးဖိုပေါ် သွားတင်ထားရမှာလဲ”

အိမ်မှာ ရှိနေတာမှ မဟုတ်တာ။

အဘိုးရန်က ခေတ္တမျှ အံ့အားသင့်သွားပြီးနောက်တွင်မှ သူတို့က နေရာပြောင်းရွှေ့လာခဲ့ကြခြင်းကို သတိရသွားလေတော့၏။

စုဝေ့ချင်းက လက်ထဲတွင် ဝက်သားနီချက်တစ်တုံးကို ကိုင်ထားရင်း လီရှန်းနှင့် သူမ၏သမီးအတွက် ပေါက်စီများကို ဖဲ့ပေးနေခဲ့ပြီး ရယ်မောလျက် ပြောလိုက်လေ၏။

“အဘိုးက တကယ့်ကို စာပေလေ့လာရတာကို စိတ်နှစ်ထားတာပဲ၊ ကျွန်တော်တို့ရဲ့ စာဖတ်ချင်တဲ့ စိတ်ထက်သန်မှုက အဘိုးနဲ့ယှဉ်ရင် ဘာမှမဟုတ်တော့ပါဘူး”

“အမှန်ပဲ”

လီရှန်းကလည်း ခုတင်ပေါ်မှဆင်းကာ ဖိနပ်စီးပြီး ထမင်းစားရန်အတွက် ပြင်ဆင်လိုက်လေ၏။

စုရှောင်လော်က အိပ်ပျော်နေဆဲဖြစ်သော်လည်း ပူနွေးသည့် ထမင်းဟင်းများကို အချိန်တိုင်း မရနိုင်သောကြောင့် ကလေးငယ်က နှစ်ခြိုက်စွာ အိပ်ပျော်နေသော်လည်း စုဝေ့ချင်းက စိတ်ကိုတင်းပြီး သူမကို နှိုးလိုက်လေသည်။

“သမီးလေး၊ ထမင်းစားရအောင်”

စုရှောင်လော်က သူမ၏ ဖင်တုံးလုံးလေးကို လှုပ်ခါလိုက်ပြီး ခေတ္တမျှ စောင့်ဆိုင်းပြီးနောက်တွင်မှ မျက်လုံးပွင့်လာခဲ့လေ၏။

သူမက သမ်းဝေလျက် ထိုင်လိုက်၍ သူမ၏ ဆံပင်များကလည်း ရှုပ်ပွနေလေသည်။

သူမ၏ မျက်နှာလေးက နီရဲနေပြီး မျက်ဝန်းများကလည်း ဝေဝါးနေခဲ့သောကြောင့် အပြည့်အဝ နိုးကြားခြင်း မရှိသေးသည်က ထင်ရှားလွန်း၏။

စားပွဲပေါ်မှ အငွေ့တထောင်းထောင်း ထွက်နေသော ဝက်သားနီချက်ကို မြင်လိုက်ရသည့် အချိန်မှသာ သူမက ချက်ချင်း စိတ်ရှင်းသွားလေတော့သည်။

“အသား”

“ဟုတ်တယ် ရှောင်လော်၊ အသားပဲ၊ ထပြီး စားရအောင်၊ အဖေက ရှောင်လော်အတွက် ဝက်သုံးထပ်သားတွေကို အကုန်ရွေးပေးထားတယ်”

စုဝေ့ချင်းက ကလေးကို စောင်နှင့်တကွ ပွေ့ချီလိုက်ပြီး အိတ်တစ်အိတ်ကို ခုံအဖြစ် အသုံးပြုရန် ဆွဲယူလိုက်ပြီး စုရှောင်လော်ကို ခွံ့ကျွေးလေတော့သည်။

စုရှောင်လော်က မကျေမနပ် ဖြစ်သွားရလေ၏။

“သမီးဘာသာသမီး စားမယ်”

“မရဘူးလေ၊ သမီးက အခုမှ အိပ်ရာကနိုးတာဆိုတော့ ခန္ဓာကိုယ်လေးက နွေးနေတုန်းပဲ၊ အအေးမိလို့ မဖြစ်ဘူး”

စုဝေ့ချင်းက စုရှောင်လော်ကို နူးညံ့စွာဖြင့် ဖျောင်းဖျလိုက်လေ၏။

*

All Chapters