← Chapters

အခန်း ၃၀၀

Vol. 30 Ch. 300

အခန်း ၃၀၀

Vol. 30 Ch. 300

အခန်း(300)

ရန်ရှောင် ပြောခဲ့သကဲ့သို့ပင် အဘိုးရန်အနေဖြင့် အလားအလာရှိသော လူငယ်ပါရမီရှင်တစ်ဦးကို မြင်တွေ့ရသည့်အချိန်တွင် စိတ်လှုပ်ရှားမိသွားခဲ့ရသည်။

သို့သော် ဆေးပညာကို လေ့လာခြင်းက ပျင်းရိငြီးငွေ့ဖွယ်ကောင်းပြီး အလွန်အာရုံစိုက်ရသော ဘာသာရပ်တစ်ခု ဖြစ်လေ၏။

မိသားစု၏ ပံ့ပိုးကူညီမှုမရှိဘဲနှင့် အောင်မြင်ရန်အတွက် ခက်ခဲလွန်းလေသည်။

အထူးသဖြင့် လီရှန်း၏ကလေးက ငယ်ရွယ်သေးသောကြောင့် မိခင်ဖြစ်သူ၏ အနီးကပ်စောင့်ရှောက်မှုကို လိုအပ်နေသေးလေ၏။

လီရှန်းအနေဖြင့် အံ့အားသင့်သွားရသည်။ သူမက ဆေးပညာကို အမှန်တကယ် လေ့လာလိုသော်လည်း အဘိုးရန် ပြောဆိုခဲ့သည်ကလည်း အကြောင်းပြချက် မရှိသည်တော့ မဟုတ်ပေ။

သူမက ဆေးပညာကို လေ့လာလိုက်သည်နှင့် သူမ၏အချိန်အများစုကို စာပေလေ့လာမှုများပေါ်တွင်သာ သုံးစွဲရတော့မည်ဖြစ်ပြီး သူမ၏အာရုံစိုက်မှုများက မိသားစုထံမှ ကွာဝေးသွားပေလိမ့်မည်။

ထိုသို့ပြုလုပ်ခြင်းက စုဝေ့ချင်းအပေါ်၊ အထူးသဖြင့် စုရှောင်လော်အပေါ်တွင် အလွန်ပင် မတရားရာ ကျသွားပေလိမ့်မည်။

“ဒါက ဘာပြဿနာမို့လို့လဲ၊ ကျွန်တော်က စာပေဘာသာရပ်ကို လေ့လာတာဆိုတော့ အားလပ်ချိန်တွေ အများကြီး ရှိပါတယ်၊ကျွန်တော်ပဲ ကလေးတွေကို ပိုပြီးတော့ ဂရုစိုက်ပေးလိုက်ရုံပေါ့”

“အမျိုးသမီးတွေပဲ အနစ်နာခံရမယ်လို့ ဘယ်သူက သတ်မှတ်ထားလို့လဲ ဟုတ်တယ်မလား၊ ကျွန်တော်တို့ အမျိုးသားတွေလည်း မိသားစုကို ပြန်လာပြီး ကလေးတွေကို စောင့်ရှောက်နိုင်တာပဲ၊

ကျွန်တော် ဒီနေရာမှာပဲ ရှင်းရှင်းလင်းလင်း ပြောထားပါရစေ၊

နောင်တစ်ချိန်မှာ ရဲဘော် လီရှန်းက စာပေလေ့လာမှုတွေနဲ့ ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ၊ ကျွန်တော်ကတော့ အပြည့်အဝ ပံ့ပိုးပေးသွားမှာပါ၊ ရဲဘော် လီရှန်းအနေနဲ့ ဘာကိုမှ စိုးရိမ်ပူပန်မနေဘဲ စာကိုပဲ ကြိုးကြိုးစားစား လေ့လာနိုင်ပါစေလို့ မျှော်လင့်ပါတယ်”

ထိုစကားကို ကြားလိုက်ရချိန်တွင် လီရှန်းက ချက်ချင်းပင် ပြုံးလိုက်မိလေ၏။

ရန်ရှောင်က စုဝေ့ချင်း၏ ပုခုံးကို ပုတ်ပေးလိုက်ရင်း ပြောလိုက်လေသည်။

“ရှုန်းတိ၊ မင်းက တကယ့်ကို အမြင်ကျယ်တဲ့လူပဲ”

ယနေ့ခေတ်ကာလတွင် မည်သို့သော အမျိုးသားများ၌ ဤကဲ့သို့သော အသိတရားမျိုး ရှိကြပါမည်နည်း။

သူက မိသားစုထံသို့ ပြန်လာပြီး ကလေးများကို စောင့်ရှောက်ရန်အတွက် သူကိုယ်တိုင်ပင် ဦးဆောင်၍ အစပြုခဲ့လေသည်။

“ဒါက ဘာတွေများတွေးနေစရာရှိလို့လဲ၊ ဇနီးမောင်နှံနှစ်ဦးအနေနဲ့ အချင်းချင်း ပံ့ပိုးကူညီပြီးတော့ တိုးတက်အောင် ကြိုးစားကြရမှာပေါ့၊

ကျွန်တော်တစ်ယောက်တည်းပဲ တိုးတက်ခွင့်ရှိရမယ်လို့ မရှိပါဘူး၊

ကျွန်တော့်ဇနီးက ကျွန်တော့်ထက် ပိုပြီးတော့ ထက်မြက်သလို ပိုပြီးတော့လည်း ထူးချွန်ပါတယ်၊

ကျွန်တော့်အနေနဲ့ သူမရဲ့ တိုးတက်မှုလမ်းကြောင်းပေါ်မှာ အဟန့်အတားဖြစ်စေမယ့် ခဲတစ်လုံးတော့ဖြင့် မဖြစ်စေရပါဘူး”

စုဝေ့ချင်း၏ စကားကြောင့် အဘိုး ရန်က သိသိသာသာပင် သဘောကျနှစ်ခြိုက်သွားခဲ့ပြီး လီရှန်း၏ တောင်းဆိုချက်ကို သဘောတူသကဲ့သို့ သူ၏မှတ်စုစာအုပ်ပေါ်၌ နေရပ်လိပ်စာကို ရေးမှတ်ပေးလိုက်လေ၏။

ဤသို့ဖြင့် ပတ်သက်မှုတစ်ခုကို စတင်တည်ဆောက်ပြီးသွားသည့်အချိန်တွင် စုဝေ့ချင်းက လမ်းခရီးတစ်ခုလုံးတွင် အဘိုးရန်အပေါ် ပိုမို၍ ဂရုတစိုက် ပြုစုလုပ်ကျွေးလေတော့သည်။

အစားအသောက် သွားယူသည်ဖြစ်စေ၊ ရေနွေးတိုက်ပေးသည်ဖြစ်စေ သူက ရန်ရှောင်ထက် အမြဲ ဦးစားပေး စဉ်းစားပေးခဲ့၏။

ထို့ကြောင့် အဘိုးရန်က ရန်ရှောင်ကို အပြစ်တင်သည့် မျက်ဝန်းများဖြင့် ခဏခဏ စိုက်ကြည့်မိစေခဲ့သည်။

သနားစရာကောင်းလွန်းသော ရန်ရှောင်ကတေား သူ့ကိုယ်သူ အမှန်တကယ်ပင် အရာသွင်းမခံရတော့ဟု ခံစားလိုက်ရရှာ၏။

သူက အဘိုးရန်ကို နှစ်ပေါင်းများစွာ ပြုစုလုပ်ကျွေးလာခဲ့ပါသော်လည်း ယခု လုံးဝသူစိမ်းသက်သက်ဖြစ်သော လူတစ်ယောက်၏ အသာစီးရယူခြင်းကို ခံလိုက်ရလေသည်။

အမှန်တကယ့်ကို အရှက်ရစရာကောင်းလွန်း၏။

အထူးသဖြင့် စုရှောင်လော်မှာ အဘိုးရန်က လီရှန်း၏ ဆရာဖြစ်လာတော့မည်ကို သိရှိသွားပြီးနောက်တွင် သူမ၏ မွေးရာပါ ယဉ်ကျေးပျူငှာတတ်သော စရိုက်လေးကို ပိုမို၍ ကျွမ်းကျင်စွာ အသုံးပြုလေတော့၏။

ထို့အပြင် သူမက အမှန်တကယ်ပင် အလွန်ထက်မြက်လွန်းသောကြောင့် အဘိုးရန်က သူမ၏ပါရမီကို ပြုစုပျိုးထောင်ပေးချင်စိတ်များက တဖွားဖွားပေါ်ပေါက်လာရသည်။

သူက စုရှောင်လော်ကို ယခုချက်ချင်းပင် အလွတ်ကျက်မှတ်နိုင်ရန်အတွက် ဆေးပညာစာအုပ်တစ်အုပ်ကို ရှာဖွေပေးချင်စိတ်များက စိုးမိုးနေခဲ့ရလေတော့၏။

“ဒီလိုကလေးတွေက ငါတို့နိုင်ငံတော်ရဲ့ မျှော်လင့်ချက် အလင်းရောင်တွေပဲ”

အဘိုးရန်က စိတ်လှုပ်ရှားလွန်းသောကြောင့် မျက်ဝန်းများပင် နီရဲလာခဲ့ရလေသည်။

သူက စုရှောင်လော်၏ ခေါင်းလေးကို အသာအယာ ပုတ်ပေးလိုက်ရင်း ပြောလိုက်လေ၏။

“စာကို ကြိုးကြိုးစားစား လေ့လာပြီးတော့ နောင်တစ်ချိန်မှာ လူ့အသက်တွေကို ကယ်ဆယ်နိုင်တဲ့ ဆရာဝန်ကောင်းတစ်ယောက် ဖြစ်အောင်လုပ်ရမယ်နော်”

စုရှောင်လော်က နားမလည်နိုင်ဟန်ဖြင့် သူမ၏ခေါင်းလေးကို စောင်းလိုက်သည့်အတွက် သူမ၏ ကျစ်ဆံမြီးလေးနှစ်ဖက်က လှုပ်ခါသွားခဲ့လေ၏။

“သမီးက ဆရာဝန် မလုပ်ချင်ပါဘူးအဘိုး၊ သမီးက လေယာဉ်ပျံကြီးတွေ၊ သင်္ဘောကြီးတွေနဲ့ အမြောက်မြတ်ကြီးတွေကို တည်ဆောက်မှာပါ၊

ပြီးတော့ သမီးတို့တရုတ်ပြည်ကို လာအနိုင်ကျင့်တဲ့ လူဆိုးတွေကို အကုန်မောင်းထုတ်ပစ်မှာ”

အဘိုးရန်တစ်ယောက် အံ့အားသင့် သွားရပြီးနောက် စုဝေ့ချင်းဘက်သို့ လှည့်ကြည့်လိုက်လေ၏။

“ဒီကလေးကတော့..”

ရည်မှန်းချက်က အနည်းငယ် ကြီးမားလွန်းသည်။

“သူမရဲ့ ဒုတိယဦးလေးနဲ့၊ ဒုတိယအဘိုး၊ ပြီးတော့ စတုတ္ထဦးလေးတို့က ရေတပ်မှာ တာဝန်ထမ်းဆောင်နေကြတာလေ၊

ရှောင်လော်က ငယ်ငယ်ကတည်းက သူတို့ဆီက ပုံပြင်တွေကို အများကြီး ကြားဖူးနေလို့ ဖြစ်လိမ့်မယ်”

စုဝေ့ချင်းက ခပ်တိုးတိုးရယ်မောလိုက်ပြီး စုရှောင်လော်၏ ဖောင်းကစ်နေသောပါးပြင်လေးကို လက်ဖြင့် အသာအုပ်လိုက်လေ၏။

သမီးလေး။ အခုအချိန်မှာ သမီးလုပ်ရမှာက ခေါင်းညိတ်ပြရုံပဲလေ။ ဘာလို့ ဒီလောက်အထိ အတည်ပေါက်ကြီး ပြောနေရတာလဲ။

ကံကောင်းစွာဖြင့် အဘိုး ရန်က ကိစ္စရပ်များကို အတင်းအကျပ် ဇွတ်လုပ်တတ်သူ မဟုတ်ပေ။

သို့မဟုတ် ထိုထက်ပို၍ ပြောရလျှင် နိုင်ငံတော်က ပြန်လည်၍ တည်ဆောက်ရေး အဆင့်တွင် ရှိနေသောကြောင့် ဒေသတိုင်း၌ ပါရမီရှင်များကို အသည်းအသန် လိုအပ်နေခဲ့ခြင်း ဖြစ်သည်။

စုရှောင်လော်ကဲ့သို့ ထက်မြက်သော ကလေးငယ်တစ်ဦးက လမ်းမှားသို့ ရောက်မသွားဘဲ သူမ၏အိပ်မက်များကိုသာ ခိုင်မာစွာ လျှောက်လှမ်းနိုင်မည်ဆိုပါက မည်သည့်နယ်ပယ်တွင်မဆို အောင်မြင်နိုင်မည်သာ ဖြစ်၏။

ထို့အပြင်...

သူ့တွင် ကောင်းမွန်သော တပည့်တစ်ဦး ရှိနေပြီမဟုတ်ပါလား။

အသာစီးရနိုင်သော အနေအထားတွင် ရှိနေခြင်းက သူ့အတွက် အခွင့်အရေးကို ပိုမို၍ ရရှိစေသည်ဖြစ်သည်။

ထို့ကြောင့် သူက ကလေးကို လမ်းမှန်ပေါ် ပြန်ခေါ်လာနိုင်ဖို့အတွက် အခွင့်အလမ်းက အမြဲ ရှိနေဆဲပင်။

တိုတောင်းလွန်းသော လမ်းခရီးက သူတို့ကို ပိုမို၍ နီးကပ်သွားစေခဲ့သည်။

သူတို့က ရထားပေါ်မှဆင်း၍ လမ်းခွဲကြတော့မည့်အချိန်တွင် လီရှန်းအပေါ်ထားသော အဘိုးရန်၏ သဘောထားက အလွန်ရင်းနှီးသွားခဲ့လေ၏။

သူက စုရှောင်လော်၏ လက်လေးကို ဆွဲလျက် ဘူတာရုံ၏ အပြင်ဘက်သို့ ဦးဆောင်ခေါ်ထုတ်သွားခဲ့ရုံမျှမက လီရှန်းကိုလည်း မှာလိုက်သေး၏။

“မင်းတို့ နေရာထိုင်ခင်းအခြေတကျ ရှိသွားပြီဆိုတာနဲ့ ငါ့ဆီကို သေချာပေါက် လာရှာပါဦး၊

ငါ မင်းရဲ့ နာမည်စာရင်းကို အရင်ဆုံး တင်ပြထားလိုက်မယ်၊ ပြီးတော့ မင်းတို့ကျောင်းကိုလည်း အကြောင်းကြားထားလိုက်မယ်”

ဆေးတက္ကသိုလ်နှင့် ကျင့်ဟွာတက္ကသိုလ်တို့၏ ဆက်ဆံရေးက အမြဲ အနည်းငယ်ဝေးကွာလွန်းပုံရသော်လည်း အတွင်းပိုင်း အပြန်အလှန် ဖလှယ်မှုတချို့တော့ ရှိနေခဲ့သည်။

အကယ်၍ ဆေးတက္ကသိုလ်ပြန်လည်ပွင့်လှစ်သွားပါက ထိုတက္ကသိုလ်က ကျင့်ဟွာတက္ကသိုလ်၏ လက်အောက်ခံ ဖြစ်လာရန် ရာခိုင်နှုန်း အများဆုံး ဖြစ်လေ၏။

သေချာပေါက် ကျင့်ဟွာတက္ကသိုလ်တွင်လည်း သူတို့၏ ကိုယ်ပိုင်ဆေးပညာဌာနရှိနေသော်လည်း ထိုဌာနက ဆေးတက္ကသိုလ်နှင့် အခြေခံအားဖြင့် ကွာခြားလွန်း၏။

အနည်းဆုံးတော့ ဆေးတက္ကသိုလ်က ပေကျင်းတက္ကသိုလ်နှင့် အဆင့်အတန်းချင်း တူညီသော်လည်း ဆေးပညာဌာနထက်စာလျှင် နှစ်ဆင့်မျှ ပိုမို၍ မြင့်မားသည်။

အကယ်၍ အဘိုးရန်က လီရှန်းကို လက်မခံခဲ့လျှင်ပင် လီရှန်းက နောက်ထပ်နှစ်နှစ်အကြာတွင် ဆေးတက္ကသိုလ်သို့ ပြောင်းရွှေ့ရန်အတွက် ရာခိုင်နှုန်းအများဆုံး ဖြစ်ပေလိမ့်မည်။

သို့သော် ဆေးတက္ကသိုလ်သို့ တိုက်ရိုက်ဝင်ခွင့်ရခြင်းက လမ်းခရီးတစ်ဝက်မှ ကျောင်းပြောင်းရခြင်းထက် ပိုမို၍ ကောင်းမွန်၏။

“စိတ်ချပါအဘိုး၊ ကျွန်တော်တို့ တည်းခိုမယ့်နေရာမှာ နေရာချပြီးတာနဲ့ အဘိုးဆီကို ချက်ချင်း လာလည်ပါ့မယ်”

ရန်မိသားစု အဘိုးနှင့်မြေးနှစ်ဦးက ထိုဇနီးမောင်နှံနှစ်ဦးတွင် ရှာဖွေထားသော နေအိမ်တစ်လုံး ရှိပြီးသားဖြစ်လိမ့်မည်ဟု ထင်မှတ်နေခဲ့ကြ၏။

ထို့ကြောင့် သူတို့၏ စကားကို ကြားပြီးနောက် စိတ်အေးလက်အေးဖြင့် ထွက်ခွာသွားခဲ့ကြလေတော့သည်။

သူတို့အနေဖြင့် လုံးဝမသိရှိခဲ့ကြသည်မှာ ထိုဇနီးမောင်နှံနှစ်ဦးက ကလေးကို ပွေ့ချီပြီး အိတ်များကို သယ်ဆောင်လျက် ကျန်းမာရေးဝန်ကြီးဌာန၏ ဧည့်ဂေဟာသို့ တိုက်ရိုက်သွားရောက်ခဲ့ကြခြင်း ဖြစ်လေ၏။

ထိုနေရာတွင် စုဝေ့မင် ပေးအပ်လိုက်သော မိတ်ဆက်စာဖြင့် သူတို့က အခန်းတစ်ခန်းကို သုံးရက်စာ နေထိုင်ခွင့်တင်လိုက်ကြလေ၏။

ကျန်းမာရေးဝန်ကြီးဌာန၏ ဧည့်ဂေဟာက အလွန်ပင် သန့်ရှင်းသပ်ရပ်လွန်းသည်။

အထဲရှိ အိပ်ရာခင်းများနှင့် ခေါင်းအုံးများက အလွန်ပင် သန့်ရှင်းနေသည်ကို မြင်တွေ့ရလေ၏။

ယနေ့ခေတ်ကာလတွင် အစိုးရပိုင် ဧည့်ဂေဟာများက တာဝန်ယူမှု၊ တာဝန်ခံမှု အတော်လေး ရှိနေကြသေးသည်။

ဖရိုဖရဲ ဖြစ်ရပ်များက (၁၉၈၀)ပြည့်လွန်နှစ်များ၏ နှောင်းပိုင်းတွင်မှ စတင်ခဲ့ခြင်း ဖြစ်လေ၏။

ထိုအချိန်က အဓိက ဌာနကြီးများ၏ ဧည့်ဂေဟာများသာမက ထိုနိုင်ငံပိုင် စက်ရုံကြီးများပင်လျှင် ဖရိုဖရဲ ဖြစ်နေခဲ့ကြရသည်။

ရထားပေါ်တွင် ရက်အနည်းငယ်ကြာ ခရီးနှင်ခဲ့ရသောကြောင့် ဇနီးမောင်နှံနှစ်ဦးလုံးက သူတို့တို့ကိုယ်သူတို့ အနံ့အသက် မကောင်းတော့ဟု ခံစားနေရလေ၏။

ထို့ကြောင့် သူတို့က ဧည့်ဂေဟာသို့ ရောက်ရှိလာချိန်တွင် ပထမဆုံး လုပ်ဆောင်သည့်အလုပ်က ရေချိုးခြင်းပင်။

သူတို့က အခန်းယူသည့်အချိန်တွင် အရှေ့ကောင်တာမှ သူတို့ကို ရေချိုးကတ်ပြားများကို ပေးအပ်ခဲ့လေ၏။

လီရှန်းက စုရှောင်လော်ကို ခေါ်ဆောင်၍ ရေသွားချိုးခဲ့ပြီး စုဝေ့ချင်းက အခန်းကို စောင့်ရှောက်ရန်အတွက် ကျန်ရစ်ခဲ့သည်။

ထိုသားအမိနှစ်ဦး ရေချိုးပြီးနောက် အခန်းသို့ ပြန်ရောက်လာသည့်အချိန်တွင်မှ စုဝေ့ချင်းက ရေချိုးရန် အလှည့်ပြောင်းလိုက်လေ၏။

နောက်တစ်နေ့ မနက်ခင်းတွင် သားအမိနှစ်ဦးက အိပ်ရာမှ မနိုးကြသေးမီမှာပင် စုဝေ့ချင်းက အိပ်ရာမှထပြီး နေရပ်လိပ်စာကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်စစ်ဆေးရန် ပြင်ဆင်လေတော့သည်။

ကျန်းမိသားစုက နိုင်ငံရပ်ခြားသို့ မထွက်ခွာမီအချိန်က သူတို့က ပေကျင်းမြို့တွင် ထင်ရှားကျော်ကြားလွန်းသော မျိုးရိုးကြီးတစ်စု ဖြစ်ခဲ့ကြ၏။

သူတို့၏ ဘိုးဘွားများတွင် ဝင်းငါးဆင့်ပါရှိသော အိမ်တော်ကြီးတစ်လုံး ရှိခဲ့ဖူးသည်ဟု ပြောစမှတ်ပြုကြလေသည်။

သို့သော် မိသားစုတစ်ခုလုံးက နိုင်ငံရပ်ခြားသို့ ပြောင်းရွှေ့သွားကြပြီးနောက်တွင် သူတို့က ပေကျင်းရှိ သူတို့၏ ပိုင်ဆိုင်မှု အများစုကို ရောင်းချခဲ့ကြလေ၏။

လက်ရှိတွင် မိသားစုခေါင်းဆောင်ကျန်းက အထင်မကြီးခဲ့သည့် ကျယ်ဝန်းလွန်းသော စတုရန်းပုံ ဝင်းတချို့ကိုသာ ကျန်ရစ်တော့သည်။

*

All Chapters