← Chapters

အခန်း (၂၇၁-၂၇၂)

Vol. 28 Ch. 271-272

အခန်း (၂၇၁-၂၇၂)

Vol. 28 Ch. 271-272

အခန်း (၂၇၁)

ဖတ်ချိုးတောင်းဆိုတာ အကြီးစားဗုံးပဲ

မော့ချွမ်း သက်ပြင်းတစ်ချက်ချရင်း မီးဖိုချောင်ထဲသို့ ဝင်လာသော်လည်း အိုးထဲရှိ အနံ့ပြင်းသည့် မန်ဒရင်းငါးနံ့ကို ရလိုက်သောအခါ စိတ်ဓာတ်များ ပြန်လည်တက်ကြွလာသည်။

“ဝါး၊ ဒါကတော့ တကယ့်ကို အနံ့ပြင်းတာပဲ၊ ဒါမှ အစစ်ပေါ့၊ ငါးကလည်း အကြီးကြီးပဲ၊ သူတို့ သေချာပေါက် ကုန်အောင် စားနိုင်မှာမဟုတ်ဘူး”

ငါးတစ်ကောင်လျှင် နှစ်ကတ်တီ၊ သုံးကတ်တီခန့် ရှိပြီး ပန်းကန်တစ်ချပ်လျှင် တစ်ကောင်သာ ဆံ့သည်။ မော့ချွမ်းသည် သူ၏ အကြီးစား ဗန်းကြီးဖြင့် တစ်ခါလျှင် နှစ်ပန်းကန်နှုန်းဖြင့် သယ်ဆောင်လာ၏။

သူသည် ဟိုဟိုဒီဒီ အပြေးအလွှား သွားလာရင်း မိနစ်ပိုင်းအတွင်းမှာပင် အားလုံးကို ချပေးလိုက်သည်။

“အနံ့ပြင်းတဲ့ မန်ဒရင်းငါး တစ်ပွဲ ရပါပြီ”

ဧည့်သည်များမှာ စိတ်လှုပ်ရှားသွားကြ၏။

“ဒီငါးရဲ့ အနံ့က... တကယ်ကို နံတာပဲ”

“ကျွန်တော် ပြောမယ်... အားလုံးထဲက ဘယ်သူ အရင်မြည်းကြည့်ချင်လဲ”

“ကျွန်တော်”

တပ်ကြပ်ဝူ အော်လိုက်သည်။

“ကျွန်တော် လုပ်မယ်၊ ကျွန်တော်က ငါးပုပ်တွေ အများကြီး စားဖူးတယ်၊ အားလုံးအတွက် နှိုင်းယှဉ်ပြပေးမယ်”

ဤခေတ်ကာလက လူများသည် မကုန်သည့်ငါးများကို အခြောက်လှမ်းထားသည့် အလေ့အထ ရှိကြ၏။ တစ်ခါတစ်ရံ ရာသီဥတုမကောင်းခြင်း သို့မဟုတ် ဆားအလုံအလောက် မသုံးခြင်းတို့ကြောင့် ငါးများမှာ မခြောက်ခင်မှာပင် ပုပ်သွားတတ်သည်။ သို့သော် မည်သူမျှ လွှင့်မပစ်ရက်ကြဘဲ ထိုငါးပုပ်ကို ပေါင်းကာ ဆန်ပြုတ်နှင့် တွဲစားလေ့ရှိကြသည်။

သို့သော် အနံ့ပြင်းသည့် မန်ဒရင်းငါးမှာမူ ဆီပူထိုးပြီးနောက် ဆော့စ်နှင့် ငရုတ်သီးများဖြင့် အားရပါးရ ချက်ပြုတ်ထားသဖြင့် မြည်းစမ်းကြည့်သူတိုင်းက ချီးကျူးကြတော့၏။

တပ်ကြပ်ဝူသည် တူဖြင့် ငါးအသားကို ထိုးကြည့်ကာ အားလုံးကို အစီရင်ခံ၏။

“ငါးအသားက လုံးဝ ပွမနေဘူး၊ ကြက်သွန်ဖြူ တက်လေးတွေလိုပဲ”

သူသည် စားကြည့်လိုက်သောအခါ ထူးခြားသော အချဉ်ဖောက်ထားသည့် အနံ့မှာ ပါးစပ်ထဲတွင် ပျံ့နှံ့သွားသည်။

“ငါးအသားက နူးညံ့ပြီး အရသာရှိတာပဲ”

“ငါးပုပ်က ဘယ်လိုလုပ် နူးညံ့ပြီး အရသာရှိနိုင်မှာလဲ”

“နံတောင် နံနေပြီကို အသားက မပွသေးဘူးလား”

ရဲတပ်ကြပ် ဝူက ထပ်လောင်းပြော၏။

“အနံ့ကတော့ နံပေမဲ့ စားလိုက်တဲ့အခါ စပ်စပ်လေးနဲ့ ထူးခြားတဲ့ မွှေးရနံ့ရှိတယ်၊ အတော်ကောင်းတယ်”

စားပြီးနောက် အားလုံး ခေါင်းညိတ်ကြသည်။

“ဟုတ်တယ်၊ ဒီထူးဆန်းတဲ့ အနံ့ကို မခုခံနိုင်ဘူး”

သူတို့သည် မုန့်ဆိုင်ထဲတွင် ပျော်ရွှင်နေကြသော်လည်း အပြင်၌ စောင့်နေသူများမှာမူ မေးခွန်းများဖြင့် ပြည့်နှက်နေ၏။

“အတွင်းမှာ ဘာတွေ ရောင်းနေတာလဲ၊ ဘာလို့ အားလုံးက ထူးထူးဆန်းဆန်း နံနေရတာလဲ”

“ကျွန်တော့်ဘဝမှာ ဒီနေ့လောက် အနံ့အမျိုးမျိုးကို တစ်ခါမှ မရဖူးဘူး”

မော့ချွမ်းသည် နွမ်းလျနေသော မျက်နှာဖြင့် ဝင်လာသည်။

“နောက်တစ်ခုကတော့...”

ဟွာကျွင်း မေးလိုက်၏။

“ဘာဖြစ်လို့လဲ၊ ဘာလို့ ဒီလောက် စိတ်ပျက်နေရတာလဲ”

“ကျွန်တော် ထင်တာကတော့ ခင်ဗျား တကယ် စိတ်ရင်းနဲ့ လုပ်ပေးနေတာပဲ၊ သူတို့ကို ဒုက္ခပေးဖို့ ရည်ရွယ်ချက် လုံးဝ မရှိဘူး။ သူတို့တွေ အားလုံး ပျော်ပျော်ကြီး စားနေကြတာပဲ။”

ဟွာကျွင်း ရယ်မောလိုက်သည်။

“ရှင်က ဘာလို့ လောနေတာလဲ၊ ဟင်းလျာတွေ ကျန်သေးတယ် မဟုတ်လား”

“အသုပ် တစ်ပွဲပဲ ကျန်တော့တာလေ၊ ဒူးရင်းသီးကိုတော့ သူတို့ လက်ခံနိုင်မှာ သေချာတယ်...”

ထိုသို့ တွေးမိရင်း မော့ချွမ်းက ခက်ထန်စွာ ပြောလိုက်၏။ “ကျွန်တော် ဒီလူစုကို အထင်သေးမိတယ်၊ ဆွီဒင်ငါးပုပ်ဘူးသာ ချကျွေးလိုက်ရမှာ”

မော့ချွမ်း၏ ယှဉ်ပြိုင်လိုစိတ်မှာ မမျှော်လင့်ဘဲ ပြင်းထန်နေသည်။ ဟွာကျွင်းသည် ရယ်မောလိုက်ပြီး ခဏအကြာတွင် ပြောလိုက်၏။

“မော့ချွမ်း... ရှင် ‘ဖတ်ချိုးတောင်း’ စားဖူးလား”

“မစားဖူးဘူး၊ ဒါပေမဲ့ ကြည့်ဦးလေ၊ ဒီပန်းကန်ထဲမှာ နံနံပင်က အများစုပဲ၊ ဖတ်ချိုးတောင်းက အညှာ နည်းနည်းပဲ ပါတာ။ အရသာ ဘယ်လောက်ဆိုးဆိုး မျက်စိမှိတ်ပြီး စားလိုက်ရင် ရပါတယ်”

ဟွာကျွင်းသည် သန့်ရှင်းသော တူတစ်စုံကိုယူကာ တစ်စင်တီမီတာခန့်ရှိသော ဖတ်ချိုးတောင်း တစ်တုံးကို ညှပ်၍ မော့ချွမ်းကို ပေးလိုက်သည်။

“မြည်းကြည့်လိုက်”

“မျက်စိမှိတ်ထားလို့ ရတယ်နော်”

ဟွာကျွင်း မချိုပြုံး၊ ပြုံးလိုက်သည်။

“ကျွန်တော် မျက်စိဖွင့်ပြီး စားမယ်”

မော့ချွမ်းသည် ဖတ်ချိုးတောင်းကို ပါးစပ်ထဲ ထည့်လိုက်သည်။ သူ၏ မျက်နှာပေါ်ရှိ အထင်သေးသည့် အရိပ်အယောင်များမှာ (ဝ.၁) စက္ကန့်အတွင်း ပျောက်ကွယ်သွားပြီးနောက် သူသည် အမြန်ဆုံး အရှိန်ဖြင့် အမှိုက်ပုံးဆီသို့ ပြေးကာ အန်ချတော့သည်။

“ခင်ဗျားကတော့...”

သူသည် ရေကို အကြိမ်ကြိမ် သောက်လိုက်ပြီးနောက် ဟွာကျွင်းကို လက်မထောင်ပြလိုက်သည်။

“ခင်ဗျား အတော်ဆုံးပဲ”

မော့ချွမ်း စိတ်လှုပ်ရှားသွား၏။

“ဟားဟား၊ အခု သူတို့ကို သွားချပေးလိုက်မယ်”

သူသည် အကြီးစား ဗန်းကြီးကို မကာ မီးဖိုချောင်တံခါးကို တွန်းဖွင့်ပြီး နံနံပင် ဖတ်ချိုးတောင်းသုပ်ကို ဧည့်သည်များ၏ စားပွဲပေါ်တွင် ဂုဏ်ယူစွာ တင်လိုက်သည်။

“နံနံပင် ဖတ်ချိုးတောင်းသုပ် ရပါပြီ၊ မိတ်ဆွေတို့ရေ... အားရပါးရ စားကြပါ”

သူသည် စားပွဲတိုင်းတွင် ဤဟင်းပွဲ ပါရှိစေရန် သေချာအောင် လုပ်ပြီးနောက် တစ်ခုခု ကျန်ခဲ့သလားဟု လှည့်ပတ်ကြည့်ရှုသည်။

ထို့နောက် ဗန်းကို ကိုင်ကာ ကောင်တာဘေးတွင် အေးအေးလူလူ မှီရပ်ရင်း ပွဲကြည့်ရန် စောင့်နေတော့သည်။

သို့သော် ဧည့်သည်များမှာ မလောကြပေ။ တစ်ယောက်က မေးလိုက်၏။ “ဒီတစ်ခါ ဘယ်သူ မြည်းကြည့်မလဲ”

ခေါင်းဆောင်ရွှီ ခေါင်းခါသည်။ “နံနံပင်က ဘာထူးခြားမှာလဲ၊ တခြားသူပဲ လုပ်လိုက်ပါ”

လီယွမ်ဝေကလည်း ခေါင်းခါ၏။

“ဒါဆို... ကျွန်တော်ပဲ လုပ်ပါ့မယ်”

ပညာရှိဝမ် ယဉ်ကျေးစွာ ပြောလိုက်သည်။

မော့ချွမ်းသည် ပညာရှိဝမ် ဖြစ်နေသည်ကို မြင်သောအခါ တိတ်တဆိတ် ဝမ်းသာသွား၏။

“ခင်ဗျားကို နေ့တိုင်း တူတွေ ပစ်ချခိုင်းနေတာ၊ ဒီနေ့တော့ အရှက်ကွဲတာကို စောင့်ကြည့်ရတော့မှာပဲ”

ပညာရှိဝမ်သည် နံနံပင် တစ်ညှာကို ယူကာ ဝါးစားရင်း မှတ်ချက်ပေး၏။

“မုန့်ဆိုင်ရဲ့ ထူးခြားတဲ့ ဆော့စ်နဲ့ နံနံပင်က လတ်ဆတ်ပြီး မွှေးနံ့ရှိတယ်၊ မဆိုးဘူး”

ထို့နောက် သူသည် ဖတ်ချိုးတောင်း တစ်တုံးကို ညှပ်လိုက်သည်။ မော့ချွမ်းသည် ကိုယ်ကို မတ်လိုက်ပြီး ပညာရှိဝမ်ကို မျက်တောင်မခတ် စိုက်ကြည့်နေ၏။

ပညာရှိဝမ်သည် ဖတ်ချိုးတောင်းကို ပါးစပ်ထဲ ထည့်ကာ ဝါးစားလိုက်ပြီးနောက် ကျေနပ်သည့် မျက်နှာထား ဖြစ်သွားသည်ကို သူ မြင်လိုက်ရသည်။

‘သူ ပြန်မထွေးထုတ်ဘူးလား’

မော့ချွမ်း အံ့သြသွားသည်။

‘ဘာတွေ မှားသွားတာလဲ’

သူ ဖတ်ချိုးတောင်းကို မျိုချလိုက်ပြီး ပြော၏။

“ဒါက ဘာလဲ၊ ကျွန်တော် ထင်တာကတော့ ဒါက အတော်ကောင်းတယ်၊ နံနံပင်ထက်တောင် ထမင်းနဲ့ ပိုလိုက်သေးတယ်”

မော့ချွမ်း၏ မေးစေ့မှာ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။ သူ မတွေးဘဲ မနေနိုင်တော့ ပေ။

‘ဟွာကျွင်း ငါ့ကို နောက်လိုက်တာလား’

ပညာရှိဝမ်၏ မှတ်ချက်ကို ကြားသောအခါ ဧည့်သည်များ စိတ်သက်သာရာ ရသွားကြသည်။ ဤစိန်ခေါ်မှုကလည်း မခက်ခဲပုံရပေ။

“သူဌေးမဟွာက တကယ်ပဲ စိတ်ရင်းနဲ့ ကျွေးတာပဲ၊ အားလုံးက အရသာရှိတယ်”

“ညီအစ်ကို မော့ချွမ်း... စိတ်မကောင်းပါဘူး၊ စားပွဲတွေကိုတော့ ခင်ဗျားပဲ ကိုယ်တိုင် ပြန်သုတ်ရတော့မယ်။ ကျွန်တော်ကတော့ ကူညီလို့ မရဘူး”

မော့ချွမ်း၏ မျက်နှာမှာ မည်းမှောင်သွားပြီး ဘာမှ ပြန်မပြောနိုင်တော့ပေ။

အားလုံးက နောက်ဆုံးဟင်းလျာကို ပျော်ရွှင်စွာ စတင်စားသုံးကြတော့၏။

“အော့...”

“အော့... ဒါ ဘာကြီးလဲ... အော့...”

“ရေ... ရေပေးပါဦး... အော့...”

ဧည့်သည် ထက်ဝက်ကျော်မှာ အန်ချတော့၏။ မော့ချွမ်းသည် ချက်ချင်းပင် တဝါးဝါး ရယ်မောလိုက်သည်။

“ဟားဟားဟား၊ ပြန်မထွေးရဘူး၊ ပြန်ထွေးရင် ရှုံးပြီ”

“မ... မရှုံးစေရဘူး”

စကားပြောသူသည် ရေကို အငမ်းမရ သောက်လိုက်ပြီး ပါးစပ်ထဲရှိ ဖတ်ချိုးတောင်းကို အတင်းမျိုချလိုက်သည်။

သူ၏ ဦးဆောင်မှုအောက်တွင် လူအများအပြားမှာ သတိပြန်ဝင်လာပြီး ထိုနည်းလမ်းအတိုင်း စတင်လုပ်ဆောင်ကြသည်။

ပထမတစ်လုပ်မှာ အဆင်ပြေသော်လည်း ဒုတိယတစ်လုပ်တွင်မူ သူတို့၏ ရင်ထဲ၌ အရိပ်မည်းကြီး တစ်ခု စွဲထင်သွားပြီဖြစ်သည်။ သောက်လိုက်သည့် ရေကလည်း ဖတ်ချိုးတောင်းအပေါ် ကြောက်ရွံ့မှုကို မတားဆီးနိုင်တော့ဘဲ နောက်ဆုံးတွင် ရေရော ဟင်းသီးဟင်းရွက်ရော အားလုံး အန်ထွက်ကုန်တော့သည်။

“မရတော့ဘူး၊ မရတော့ဘူး၊ ကျွန်တော် အရှုံးပေးတယ်၊ ဒါက လူစားဖို့ မဟုတ်ဘူး”

“ပညာရှိဝမ်... ခင်ဗျား ဘာလို့ ကျုပ်တို့ကို လိမ်တာလဲ၊ ခင်ဗျားကို ယုံပြီး အများကြီး စားမိသွားတယ်”

ပညာရှိဝမ်လည်း ဇဝေဇဝါ ဖြစ်နေ၏။

“ဘယ်လိုလုပ်... အရသာမရှိဘူးလို့ ထင်ကြတာလဲ၊ ကျွန်တော် ထင်တာကတော့ နံနံပင်ထက်တောင် ပိုကောင်းသေးတယ်”

မမျှော်လင့်ဘဲ မုန့်ဆိုင်ရှိ အခြားလူအချို့ကလည်း ထိုအတိုင်းပင် ပြောကြသည်။

အရာရှိကျန်း ပြော၏။

“ကျွန်တော် မယုံဘူး။ ခင်ဗျား မျိုချတာ မဟုတ်လောက်ဘူး။ အားလုံးမြင်အောင် နောက်ထပ် အညှာအနည်းငယ်လောက် ထပ်စားပြစမ်းပါ”

ပညာရှိဝမ်

“ဒီအတိုင်းစားတာက နှမြောစရာကြီး။ ထမင်းတစ်ပန်းကန်သာ ရှိရင်တော့...”

မော့ချွမ်းသည် ချက်ချင်းပင် သူ့ထံ ထမင်းတစ်ပန်းကန် ယူလာပေးပြီး သူ၏ စားပွဲဘေးတွင် ရပ်ကြည့်နေသည်၏။

“ခင်ဗျား စားပြ၊ ခင်ဗျား စားနိုင်တာကို ကျွန်တော့်ကို ပြ”

ပညာရှိဝမ်သည် ဖတ်ချိုးတောင်းနှင့် နံနံပင်တို့ကို ပန်းကန်ထဲမှ ငရုတ်သီးဖတ်များနှင့်အတူ ထမင်းပေါ်တင်ကာ သေသေချာချာ နယ်လိုက်သည်။ ထို့နောက် ဇွန်းဖြင့် အဝအပြည့် ခပ်ယူကာ ပါးစပ်ထဲ ထည့်လိုက်၏။

သူသည် ကျေနပ်စွာ မျက်လုံးမှိတ်ထားရင်း အားရပါးရ ဝါးစားနေတော့သည်။

“တကယ်ကို... မယုံနိုင်စရာပဲ...”

မော့ချွမ်း အံ့အားသင့်သွားသည်။

အခြားလူ အများအပြားမှာလည်း ထိုနည်းတူပင် အံ့သြနေကြသည်။ မော့ချွမ်း မေးလိုက်၏။

“ခင်ဗျားတို့ ထပ်ကြိုးစားချင်သေးလား၊ မဟုတ်ရင်တော့ ကျွန်တော် နာမည်စာရင်း မှတ်တော့မယ်”

မုန့်ဆိုင်ရှိ လူ ငါးပုံတစ်ပုံခန့်မှာ ဖတ်ချိုးတောင်းကို လက်ခံနိုင်ကြသည်။ သူတို့ မြိန်ယှက်စွာ စားလေ အခြားသူများမှာ ပို၍ အံ့သြလေ ဖြစ်သည်။

“မလုပ်ပါနဲ့... ကျေးဇူးပြုပြီး ကျွန်တော့်ကို လွှတ်ပေးပါ”

“ကျွန်တော် ဒီလို... ထူးဆန်တဲ့ အစားအစာမျိုး တစ်ခါမှ မစားဖူးဘူး”

သူတို့သည် ငွေများကို ထုတ်ကာ စားပွဲပေါ်တင်ပြီး လက်သီးဆုပ်လျက် ပြောကြ၏။

“ဒီနေ့တော့ တကယ့်ကို မျက်စိပွင့်သွားပါပြီ။ ကျွန်တော်တို့ အရှုံးပေးပါတယ်။ ကျေးဇူးပြုပြီး ဒီငွေကို လက်ခံပေးပါ သူဌေးမဟွာ”

ဟွာကျွင်းသည် ဖတ်ချိုးတောင်းအတွက်သာ ငွေကို လက်ခံလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။

“ကျွန်မ ကျွေးမယ်လို့ ပြောထားပြီးသားပဲ၊ ကျွန်မ စကားတည်ပါတယ်”

သူမ ဆက်ပြော၏။

“မုန့်ဆိုင်ကို အမြဲတမ်း အားပေးလာကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီနေ့ကတော့ သစ္စာရှိတဲ့ ဖောက်သည်တွေအတွက် ဂုဏ်ပြုတာပါ။ နောင်လည်း ဆက်လက်ပြီး အားပေးကြပါဦးလို့ မျှော်လင့်ပါတယ်”

အခန်း (၂၇၂)

တာဝန်အသစ်

ဤဖောက်သည်ဟောင်းကြီးများသည် ဟွာကျွင်း ပထမဆုံး ဆိုင်စဖွင့်ကတည်းကပင် မုန့်ဆိုင်သို့ အစဉ်တစိုက် လာရောက်အားပေးခဲ့ကြသူများ ဖြစ်သည်။ နေ့စဉ်ရက်ဆက် ဆိုင်ပိတ်ခါနီးအချိန်ရောက်တိုင်းလည်း သူတို့အားလုံး ဆုံဆုံစည်းစည်းဖြင့် ရောက်ရှိလာတတ်ကြရာ ဟွာကျွင်းအနေဖြင့် သူတို့သံယောဇဉ်အပေါ် အမြဲတမ်း ကျေးဇူးတင်မိနေခဲ့သည်။

အမှန်တကယ်တော့ ယနေ့သည် ဟင်းလျာအသစ်များကို အရသာမြည်းစမ်းသည့် ပွဲဖြစ်သဖြင့် ပိုက်ဆံမယူဟု ဆိုခြင်းမှာလည်း ကျိုးကြောင်းဆီလျော်မှု ရှိ၏။

သို့သော်လည်း ဧည့်သည်များကမူ ပိုက်ဆံကို အတင်းပေးရန် ဇွတ်တောင်းဆိုကြသည်။ လီယွမ်ဝေက ပြုံးလျက် ပြော၏။

“သူဌေးမဟွာ... ကျွန်တော်တို့ ဒါကို ရိပ်မိမှာမဟုတ်ဘူးလို့ တကယ်ထင်နေတာလား၊၊ ဒီအရသာမြည်းစမ်းပွဲဆိုတာက ဆင်ခြေသက်သက်ပါ၊ တကယ်တော့ ကျွန်တော်တို့လို အစားကြူးတဲ့သူတွေကို သက်သက်ညှာညှာနဲ့ ကျွေးချင်လို့မလား။ အားလုံးပဲ ဒီလောက်တောင် ပျော်ပျော်ရွှင်ရွှင် စားသောက်ခဲ့ရတာကို ကျွန်တော်တို့က ပိုက်ဆံမပေးဘဲ နေလို့ ဘယ်ဖြစ်ပါ့မလဲ”

“ဟုတ်ပါ့ဗျာ”

ရှန့်ကွမ်းကလည်း ထပ်လောင်းပြော၏။

“စည်းကမ်းဆိုတာ ဖျက်လို့မရဘူးလေ။ အကယ်၍ ကျွန်တော်တို့ကို ပိုက်ဆံမယူဘူးဆိုရင် အပြင်မှာလည်း အဟောင်းရော အသစ်ရော ဧည့်သည်တွေ အများကြီး ကျန်နေသေးတာပဲ။ ခင်ဗျား သူတို့အားလုံးကိုပါ ပိုက်ဆံမယူဘဲ နေနိုင်မှာမို့လို့လား”

“တချို့ကို မျက်နှာသာပေးပြီး တချို့ကို ပစ်ထားတာမျိုးက စီးပွားရေးလုပ်တဲ့နေရာမှာ မလုပ်သင့်တဲ့နည်းလမ်းပဲ။ နောင်ကျရင် အပြောအဆို ခံရလိမ့်မယ်။ သူဌေးမဟွာ... သူတို့ပြောတာ မှန်ပါတယ်၊ ခင်ဗျား ဒီငွေကို လက်ခံသင့်တယ်”

ပညာရှိဝမ်က သူ့အင်္ကျီလက်ထဲမှ ငွေကို ဖြည်းညှင်းစွာ ထုတ်ရင်း ပြောလိုက်သည်။

ဟွာကျွင်း၏ ရင်ထဲတွင် နွေးထွေးသွားကာ ပြောလိုက်သည်။

“ဒါဆိုရင်လည်း ကျွန်မ အားလုံးကို စျေးလျှော့ပေးပါ့မယ်ရှင်”

ပထမအသုတ် ဧည့်သည်များ ပြန်လည်ထွက်ခွာသွားပြီးနောက် နောက်ထပ်ရောက်လာသည့် ဧည့်သည်အုပ်စုမှာမူ လက်ကို ပွတ်သပ်ရင်း မျှော်လင့်ချက်အပြည့်ရှိသော မျက်နှာထားများဖြင့် ပြောကြတော့သည်။

“ဒီနေ့ ဘာတွေ စားရမှာလဲ၊ အနံ့က တကယ့်ကို ထူးခြားတာပဲဗျာ”

သူတို့၏ မျက်လုံးများကလည်း မီးဖိုချောင်ဘက်သို့သာ မပြတ် စိုက်ကြည့်နေကြ၏။

ဟွာကျွင်းမှာ စိတ်ပျက်ရခက်၊ ရယ်ရခက် ဖြစ်သွားပြီး စနောက်လိုက်သည်။

“ရှင်တို့ရဲ့ လျှာတွေက တဖြည်းဖြည်းနဲ့ အနံ့ပြင်းတာတွေကို ပိုကြိုက်လာကြပြီပဲ”

သူမသည် ဟင်းလျာအသစ်စာရင်းကို ချိတ်ဆွဲရန် မော့ချွမ်းကို ခိုင်းလိုက်ပြီး ဧည့်သည်များကို ဟင်းပွဲတစ်ပွဲချင်းစီအကြောင်း ရှင်းပြကာ ပြောလိုက်၏။

“အကယ်၍ ရှင်တို့က အနံ့ပြင်းတာတွေကို မစားနိုင်ရင် သာမန်ဟင်းလျာတွေကိုလည်း မှာလို့ရပါတယ်ရှင်။ ဒီနေ့မှာတော့ ကြက်သားမဆလာ ထမင်းနဲ့အတူ ကျောက်ပွင့်၊ ကြာစေ့၊ ကျိတ်ပင် စွပ်ပြုတ်တွေကိုလည်း ပြင်ဆင်ပေးထားပါတယ်”

သို့သော်လည်း ဖောက်သည်ဟောင်းအများစုကမူ ဟင်းလျာအသစ်များကိုသာ ရွေးချယ်ခဲ့ကြသည်။

“ဒါပေါ့၊ ဟင်းလျာအသစ် ရှိနေမှတော့ ကျွန်တော်တို့က အသစ်တွေကိုပဲ စားရမှာပေါ့”

ဧည့်သည်အသစ်အချို့ကမူ အနည်းငယ် တွန့်ဆုတ်နေကြဆဲဖြစ်ပြီး အနံ့အသက် သိပ်မပြင်းသည့် ဟင်းလျာများကိုသာ မှာယူကြ၏။

ဒုတိယအသုတ် ဧည့်သည်များကို နေရာချပေးပြီးနောက် ဟွာကျွင်း မီးဖိုချောင်ထဲသို့ ဝင်ရန် ပြင်လိုက်စဉ် တစ်စုံတစ်ယောက် လှမ်းခေါ်သံကို ကြားလိုက်ရသည်။ “သူဌေးမဟွာ”

သူမ လှည့်ကြည့်လိုက်သောအခါ ရှန့်ကွမ်း ဖြစ်နေသည်ကို တွေ့ရသည်။ သူ၏ မျက်နှာမှာ နီမြန်းနေပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောတော့၏။

“ကျုပ်မှာ ဆွေးနွေးစရာ အရေးကြီးကိစ္စတစ်ခု ရှိတယ်”

ထိုသို့ပြောပြီးနောက် သူ နှာခေါင်းကို ရှုံ့လိုက်ကာ မေးလိုက်သည်။

“ဒါက ဘာအနံ့ကြီးလဲ”

ဟွာကျွင်း ဟင်းလင်းပြင်ရှိ ဟင်းစာရင်းဘုတ်ကြီးကို လက်ညှိုးထိုးပြကာ ပြော၏။

“အဘိုး စားနိုင်မှာ မဟုတ်ဘူးထင်တယ်၊ အားလုံးက အနံ့ပြင်းတဲ့ ဟင်းတွေချည်းပဲ”

ရှန်ကွမ်းက ဟင်းစာရင်းကို ကြည့်ပြီး လက်ကာပြလိုက်သည်။

“ဟင်းအမျိုးအစားအားလုံးကို တစ်ပွဲစီသာ ချပေးလိုက်ပါ။ သူဌေးမဟွာ ကျုပ်တို့ စကားပြောဖို့ နေရာတစ်ခု ရှာကြရအောင်”

ဟွာကျွင်းသည် သူ့ကို တည်းခိုခန်းဘက်သို့ ခေါ်ဆောင်လာပြီး လွတ်နေသော စားပွဲတစ်ခုတွင် နေရာပေးလိုက်ကာ မေးလိုက်သည်။

“ဘာတွေ ဒီလောက်တောင် လောနေရတာလဲ”

သူ စိတ်လှုပ်ရှားစွာ ပြော၏။

“ကျုပ် ပန်းပေါင်းတစ်ရာပွဲတော်ကို ဦးစီးကျင်းပခွင့် ရခဲ့ပြီ”

ဟွာကျွင်း နားမလည်နိုင်သော မျက်နှာထားဖြင့် ပြန်မေး၏။

“ဘာကြီးလဲ”

ရှန့်ကွမ်း အသက်ကို ပြင်းပြင်းရှူကာ ဟွာကျွင်းကို ရှင်းပြလိုက်သည်။

“နှစ်တိုင်း နင်အိမ်တော်မှာ ပန်းပွဲတော်ကို ကျင်းပလေ့ရှိတယ်။ ခင်ဗျား လုပ်ခဲ့တဲ့ ဖျော်ဖြေပွဲကနေ စိတ်ကူးရပြီး ကျုပ် ငွေအမြောက်အမြား ရင်းနှီးမြှုပ်နှံခဲ့သလို အရာရှိတွေနဲ့လည်း စကားပြော ညှိနှိုင်းခဲ့ရတယ်။ အခုတော့ ဒီပွဲကို ဦးစီးကျင်းပခွင့် ရခဲ့ပြီ”

ဟွာကျွင်း စူးစမ်းလိုစိတ်ဖြင့် ထပ်မေးသည်။

“ဒါမျိုးက လုပ်လို့ရတာလား”

ရှန့်ကွမ်း

“ငွေအလုံအလောက် ပေးနိုင်ရင် ကျန်တာအားလုံးက ညှိနှိုင်းလို့ရပါတယ်”

“ဒါဆိုရင် ငွေဘယ်လောက်တောင် သုံးလိုက်ရလဲ”

ရှန့်ကွမ်း ဂုဏ်ယူဝင့်ကြွားစွာ ဖြေ၏။

“ငွေတေး တစ်သောင်း”

ဟွာကျွင်း အံ့သြမှင်သက်သွားရသည်။

“ငွေတေး တစ်သောင်းတောင်လား၊ စားသောက်ပွဲတစ်ခုတည်းအတွက်နဲ့လား၊ ဒါက ငွေပမာဏ အများကြီးပဲလေ”

ရှန့်ကွမ်း ဂရုမစိုက်ဟန်ဖြင့် ပြော၏။

“မွှေးရနံနှင်းစက် နည်းနည်း ရောင်းလိုက်ရုံနဲ့တင် အဲဒီငွေကို ပြန်ရနိုင်ပါတယ်”

“ဒါဆိုရင် နင်အိမ်တော်က ဒီပွဲကို အပြင်လူတစ်ယောက်ရဲ့ လက်ထဲ လွှဲပေးဖို့ တကယ်ပဲ သဘောတူတယ်ပေါ့”

‘ဒါပေါ့၊ နင်အိမ်တော်ဘက်က သဘောတူတာပေါ့။ သူတို့ကိုယ်တိုင် စားသောက်ပွဲကို အစအဆုံး ကျင်းပမယ်ဆိုရင် အထက်အောက် တာဝန်ရှိသူအဆင့်ဆင့်အတွက် ငွေတေး ထောင်ဂဏန်းခန့် ကုန်ကျမှာပေါ့’

ထိုငွေ ထောင်ဂဏန်းမှာ အသုံးစရိတ် သက်သက်သာဖြစ်ပြီး မည်သည့်နည်းနှင့်မျှ ငွေပြန်ဝင်လာမည့် လမ်းမရှိပေ။

ယခုအခါ ဤအလုပ်ကို ကိုယ်တိုင်ငွေစိုက်ထုတ်ပြီး တာဝန်ယူမည့် ငတုံး တစ်ယောက် ပေါ်လာလေသည်။ ယခင်က ထုံးစံမရှိခဲ့ဖူးသော်လည်း ရှန့်ကွမ်း ပွဲကို ကောင်းမွန်အောင် မကျင်းပနိုင်ပါက တာဝန်အားလုံးကို သူကိုယ်တိုင် ခံယူမည်ဟု ကတိသစ္စာပြုထား၏။ ထို့ကြောင့် သူတို့ဘက်ကလည်း ဝမ်းသာအားရ သဘောတူခဲ့ကြခြင်း ဖြစ်သည်။

ဟွာကျွင်း နားထောင်ပြီးနောက် ထပ်မံမေးမြန်း၏။

“ရှင် ဦးစီးကျင်းပခွင့် ရပြီဆိုတော့ ပွဲခင်းအလှဆင်တာကနေ ဖျော်ဖြေရေးအစီအစဉ်တွေအထိ အားလုံးကို ရှင်ပဲ တာဝန်ယူရမှာပေါ့ ဟုတ်လား”

ရှန့်ကွမ်း

“ဟုတ်တယ်၊ အဲဒါတွေကို ခင်ဗျား စိုးရိမ်စရာမလိုပါဘူး။ ကျုပ် အရင်နှစ်တွေက ထုံးစံအတိုင်း စားသောက်ပွဲကို စီစဉ်ပေးမဲ့သူ ရှာထားပြီးသားပါ၊ မုန့်ပဲသရေစာတွေကိုတော့ ခင်ဗျားရဲ့ဆိုင်ကပဲ ပံ့ပိုးပေးရမှာပါ။ ကျုပ်တို့က စားသောက်ပွဲမှာ မွှေးရနံနှင်းစက်ကိုပဲ အဓိက ကြော်ငြာဖို့ လိုအပ်တာ”

ဟွာကျွင်း ခေါင်းခါလိုက်ပြီး ပြော၏။

“ရေမွှေးတစ်ခုတည်း တင်မကဘူး။ ကျွန်မတို့ ဒီအခွင့်အရေးကို အသုံးချပြီး ငွေပိုရှာရမယ်”

ထို့နောက် ဟွာကျွင်း ပန်းပွဲတော်ကို အတိအကျ မည်သို့ဆင်နွှဲကြသည်ကို ရှန့်ကွမ်းအား မေးမြန်းလိုက်၏။

“ပန်းပွဲတော်ရဲ့ ထုံးစံကတော့ အမွှေးတိုင်ထွန်းတာ၊ ယဇ်ပလ္လင်ပြင်ဆင်တာနဲ့ ကချေသည်အချို့ကို ခေါ်ပြီး ကခိုင်းတာပဲ ရှိတာပါ”

“ပြီးရင်တော့ ရေကန်ထဲကို ပန်းပွင့်ဖတ်လေးတွေ ဖြူးချပြီး ရေလှိုင်းတွေနဲ့အတူ မျောပါသွားစေရတယ်။ အဲဒါဆိုရင် အခမ်းအနား ပြီးဆုံးပြီပေါ့”

“နောက်ဆုံးမှာတော့ ကဗျာပြိုင်ပွဲတွေ၊ ကဗျာတွဲပြိုင်ပွဲတွေနဲ့အတူ စားသောက်ပွဲကြီး လုပ်ကြတာပဲ။ သခင်လေးတွေကတော့ မြားပစ်ကစားနည်းတွေ ကစားကြပြီး အမျိုးသမီး ဧည့်သည်တော်တွေကတော့ ပိုးယပ်တောင်လေးတွေကို ကိုင်ပြီး ထိုင်ရင်း မြင့်မြတ်တဲ့ မိသားစုတွေရဲ့ စိတ်ဝင်စားစရာ အကြောင်းအရာတွေကို အတင်းပြောလေ့ရှိကြတယ်။ အတော်လေး ပျင်းစရာကောင်းပါတယ်”

“ဒါနဲ့ ကျုပ်တို့က ငွေဘယ်လို ပိုရှာမှာလဲ”

ဟွာကျွင်း အတွေးနက်သွားသည်။

ရှန့်ကွမ်း

“ကျုပ် ငွေထုတ်မယ်၊ ခင်ဗျားက အကြံဉာဏ် ထုတ်ပေး။ ကျုပ်တို့ ဒီပန်းပွဲတော်ကို တစ်ပြည်လုံးမှာ နာမည်ကြီးသွားအောင် လုပ်ကြရအောင်”

ဟွာကျွင်း စိတ်ကူးရသွားပြီး ပြောလိုက်၏။

“ကျန်တဲ့အရာတွေကိုတော့ အရင်ပုံစံအတိုင်းပဲ သွားကြတာပေါ့။ ဒါပေမဲ့ တစ်ခုတော့ ထပ်ဖြည့်ရမယ်။ ကချေသည်အချို့ကို ပန်းနတ်သမီးတွေလို ဝတ်ဆင်ခိုင်းပြီး သူတို့အပေါ်ကို ကျွန်မတို့ရဲ့ ပန်းရနံ့ ရေမွှေးတွေ ဖြန်းထားလိုက်မယ်”

“ကောင်းလိုက်တာ”

ရှန်ကွမ်းက လက်ခုပ်တီးပြီး ဝမ်းသာအားရ အော်ဟစ်လိုက်သည်။

“ကျုပ် ဒါကို ဘာလို့ မတွေးမိပါလိမ့်၊ ခင်ဗျား လုပ်ခဲ့တဲ့ အဝတ်အထည် ပြပွဲတုန်းကလိုပဲ၊ အဲဒီကချေသည်တွေ လူတွေရဲ့ ရှေ့ကနေ ဖြတ်လျှောက်သွားတဲ့အခါ အမွှေးရနံ့တွေက ပျံ့နှံ့သွားမှာ မဟုတ်ဘူးလား”

“ဒါက ကောင်းပေမဲ့ အားမရသေးဘူး...”

ဟွာကျွင်း ခဏမျှ တွေးတောလိုက်ပြီး ဆက်ပြော၏။

“ဒါကို ခဏ ထားလိုက်ဦး။ အိမ်တော်ကို အလှဆင်ဖို့အတွက် ကျွန်မ လတ်ဆတ်တဲ့ ပန်းတွေ အများကြီး ထပ်ရှာပေးမယ်။ အဲဒီအချိန်ကျရင် ရှင် အမျိုးအစားအလိုက် ခွဲပြီး ခင်းကျင်းပြသဖို့ လူတွေကို စီစဉ်ထားလိုက်ပါ”

“အချိုပွဲအတွက်ကတော့ ကိတ်မုန့်တွေနဲ့ နို့လက်ဖက်ရည် တွေက မရှိမဖြစ်ပဲ။ စပျစ်ဝိုင်အချို့လည်း လိုအပ်သလို အေးအေးမြမြ ရှိနေစေဖို့အတွက် အအေးခံဖို့ ရေခဲလည်း အလုံအလောက် လိုလိမ့်မယ်...”

ဟွာကျွင်းသည် အရာအားလုံးကို စာရွက်ပေါ်တွင် အလျင်အမြန် ချရေးလိုက်ပြီး ပြော၏။

“ ကျွန်မ ဒီလောက်ကြီးမားတဲ့ စားသောက်ပွဲကြီးမျိုးကို တစ်ခါမှ မစီစဉ်ဖူးတော့ လစ်ဟင်းမှုတွေ ရှိမှာ စိုးရိမ်မိတယ်။ ရှင် သေသေချာချာ ကြီးကြပ်ပေးဖို့ လိုလိမ့်မယ်နော်”

ရှန့်ကွမ်း

“ခင်ဗျား ပြင်ဆင်ရမဲ့အရာတွေကိုသာ ကျုပ်ကို ပြောပြပါ၊ ကျန်တာကို ကျုပ် နည်းလမ်းရှာပါ့မယ်။ ငွေနဲ့ ရှင်းလို့မရတဲ့ ပြဿနာဆိုတာ မရှိပါဘူး”

ဟွာကျွင်းသည် စာမျက်နှာအပြည့် ရေးမှတ်ထားသော မှတ်စုစာအုပ်ကို ကြည့်ရင်း ရင်ထဲတွင် ညည်းတွားမိတော့၏။ သူမအနေဖြင့် မကြာမီအတွင်း အတော်လေး အလုပ်ရှုပ်ရတော့မည် ဖြစ်သည်။

ပန်းပွဲတော် နီးကပ်လာသည်နှင့်အမျှ မြို့တော်အတွင်း၌ ဆံပင်တွင် ပန်းပွင့်များ ပန်ဆင်ထားသော မိန်းကလေးများဖြင့် ပြည့်နှက်နေပြီး လမ်းမများပေါ်တွင်လည်း ပန်းပွင့်အထည်များ ရောင်းချနေသော စျေးသည်များကို နေရာအနှံ့ တွေ့မြင်နေရသည်။ ပွဲတော်၏ လေထုမှာ အလွန်ပင် ပြင်းထန်လှ၏။

ရှန့်ကွမ်း အလှဆင်ရန် စီစဉ်ထားသော ပစ္စည်းအမျိုးမျိုးမှာလည်း နင်အိမ်တော်သို့ တစ်သုတ်ပြီးတစ်သုတ် စတင်သယ်ယူ ပို့ဆောင်နေပြီ ဖြစ်သည်။

မြင်းရုပ်မီးအိမ်များ၊ ငါးကြင်းရုပ်မီးအိမ်များ၊ အနီရောင် ပိတ်ပါးမီးအိမ်များ စသည့် ပန်းမီးအိမ်မျိုးစုံကို နင်အိမ်တော်၏ နောက်ဖေးဥယျာဉ်တစ်ခုလုံးတွင် ချိတ်ဆွဲထားသည်။

သို့သော်လည်း ဥယျာဉ်ထဲတွင် မူလကရှိနေသော ပန်းများကိုမူ တခြားနေရာသို့ ရွှေ့ပြောင်းထားခဲ့၏။ မင်းသမီးက လာရောက်မေးမြန်းသောအခါ ရှန့်ကွမ်းက သူမအား အခြားအစီအစဉ်များ ပြင်ဆင်ထားကြောင်း ပြောပြခဲ့သည်။

“ရှင့်မှာ ကျွန်မရဲ့ပန်းတွေထက် ပိုကောင်းတဲ့ပန်းတွေ ရှိလို့လား”

ရှန့်ကွမ်း ရိုသေစွာ လျှောက်တင်လိုက်သည်။

“ပိုကောင်းတာတော့ မဟုတ်ပါဘူး၊ ပိုပြီးတော့ ဆန်းပြားတာပါ ခင်ဗျာ။”

ထိုသို့ကြားရသဖြင့် မင်းသမီးသည်လည်း သူ့ကို ထပ်မနှောင့်ယှက်တော့ဘဲ သူနှစ်သက်သလို လုပ်ခွင့်ပြုလိုက်သည်။ သူမအနေဖြင့် နောက်ဆုံးတွင် ဘယ်လောက်အထိ ဆန်းပြားလာမည်ကို စူးစမ်းလိုစိတ်ဖြင့် စောင့်ကြည့်ချင်နေမိ၏။

သို့သော် ပန်းပွဲတော် ကျင်းပရန် နီးကပ်လာသည့်တိုင် ပန်းများမှာ ရောက်မလာသေးပေ။ မင်းသမီးသည် စိတ်မရှည်တော့ဘဲ ရှန့်ကွမ်းကို အကြိမ်ကြိမ် လာရောက်တိုက်တွန်းတော့၏။ ရှန့်ကွမ်းမှာမူ ချွေးများကို သုတ်ရင်း မည်သည့်ပြဿနာမျှ ရှိလာမည်မဟုတ်ကြောင်းသာ ကတိပေးသည်။

ပန်းပွဲတော် မကျင်းပမီ ညပိုင်းရောက်မှသာ မုန့်ဆိုင်ရှေ့တွင် မြင်းလှည်း အစီးပေါင်းများစွာ ဆိုက်ရောက်လာပြီး မရေမတွက်နိုင်သော အခြံအရံ များက ဆိုင်ထဲမှ ပစ္စည်းများကို စတင်သယ်ထုတ်ကြတော့သည်။

ပထမဦးစွာ ပိုးထည်များကို သယ်ထုတ်ပြီးနောက် ပန်းစည်းမျိုးစုံနှင့် နောက်ဆုံးတွင် မုန့်ပဲသရေစာများကို သယ်ထုတ်ကြသည်။

မြင်းလှည်းတစ်စီး ပြည့်သွားသည်နှင့်တစ်ပြိုင်နက် မြို့တော်ဆီသို့ ဦးတည်မောင်းနှင်သွားကြ၏။

နောက်ဆုံးမြင်းလှည်း၏ ရှေ့တွင် လီနျန်နှင့် အာချင်းတို့သည် ဟွာကျွင်းကို နှုတ်ဆက်နေကြသည်။

လီနျန်၏ မျက်ဝန်းများထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေပြီး ပြောလိုက်၏။

“သူဌေးမဟွာ... အဲလိုနေရာမျိုးကျရင် ကျွန်မ စိုးရိမ်...”

ဟွာကျွင်းက သူမ၏စကားကို ဖြတ်ပြောလိုက်သည်။

“မကြောက်ပါနဲ့။ ကျွန်မ ရှင့်ကို ပြောခဲ့တဲ့ စကားတွေကို မှတ်မိသေးတယ်မလား”

လီနျန် ခေါင်းညိတ်ပြကာ ပြန်ဖြေ၏။

“ကျွန်မ အားလုံးကို သေသေချာချာ မှတ်မိပါတယ်ရှင်”

All Chapters