အခန်း (၂၇၃-၂၇၄)
Vol. 28 Ch. 273-274
အခန်း (၂၇၃)
ပန်းပေါင်းတစ်ရာပွဲတော်
ဟွာကျွင်း
“ရပါတယ်၊ ကျွန်မပြောတဲ့အတိုင်း လုပ်ရင်ပဲ တာဝန်ကျေပါတယ်။ ကျန်တာတွေကိုတော့ ရှန့်ကွမ်းကပဲ စီစဉ်လိမ့်မယ်”
ထို့နောက် သူမ အာချင်းကို ကြည့်ကာ မှာကြားလိုက်၏။ “လီနျန်ကို သေသေချာချာ စောင့်ရှောက်ပေးပါ၊ ဘယ်သူမှ လာပြီး အနိုင်ကျင့်ခွင့်မပေးနဲ့နော်”
အာချင်း
“ဟုတ်ကဲ့ပါ”
ထိုနှစ်ဦးစလုံး ရထားလုံးပေါ်သို့ တက်သွားကြပြီး လီနျန်က ဟွာကျွင်းကို လှည့်၍ အရိုအသေပေးကာ နှုတ်ဆက်ခွာသွားတော့သည်။
ဟွာကျွင်းသည် စောစောကတင် လီနျန်ကို တည်ငြိမ်စွာဖြင့် နှစ်သိမ့်ပေးခဲ့သော်လည်း ရထားလုံးများအားလုံး ထွက်ခွာသွားသည့်အချိန်တွင်မူ သူမ နှလုံးသားမှာ ဒိတ်ဒိတ်တုန်အောင် ခုန်လှုပ်လာ၏။
“ဒီကလူတွေက မော်ဒယ်လ်ပုံစံမျိုးကို လက်ခံနိုင်မလား မသိဘူး”
သူမသည် ညည်းတွားရင်း ဆိုင်ထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။
မော့ချွမ်းက သူမကို နှစ်သိမ့်ပေး၏။
“အဆင်ပြေမှာပါ။ အကယ်၍ သူတို့ လက်မခံနိုင်ရင်လည်း ကျွန်တော်တို့ ငွေနည်းနည်းပဲ မြတ်ရုံပေါ့။ နောက်ကျရင် ရေမွှေးစျေးနှုန်းတွေကို မြှင့်လိုက်လို့ရတာပဲ၊ ဒါဆိုရင်လည်း ရမဲ့ငွေက အတူတူပဲ မဟုတ်ဘူးလား”
“ရှင်က ဘာသိလို့လဲ”
ဟွာကျွင်းက သက်ပြင်းချကာ ပြော၏။
“ပွဲစီစဉ်ခွင့်အတွက် တင်ကို ငွေတေး တစ်သောင်း ကုန်ကျတယ်၊ ပြီးတော့ ပြင်ဆင်စရိတ်ကလည်း ထောင်ဂဏန်းလောက် ရှိသေးတယ်။ ဒီပွဲကနေ ငွေအလုံအလောက် မရရင် တကယ်ကို နှမြောစရာကြီး ဖြစ်သွားမှာပေါ့”
နောက်တစ်နေ့ နံနက်တွင် မြို့တံခါးပွင့်သည်နှင့် အပြင်၌ စောင့်ဆိုင်းနေသော ရထားလုံးများသည် နင်အိမ်တော်သို့ တိုက်ရိုက် ဦးတည်မောင်းနှင်လာကြ၏။
ရထားလုံးများ အိမ်တော်အတွင်းသို့ ဝင်ရောက်လာသည့် အခါမှသာ နင်မင်းသမီး ရင်ထဲက အပူလုံးကြီး ကျသွားတော့သည်။ “တော်သေးတာပေါ့၊ ရှန့်ကွမ်းက ပစ္စည်းတွေ အချိန်မှန် ပို့ပေးလို့၊ မဟုတ်ရင် ဒီည နင်အိမ်တော်တော့ အရှက်ကွဲရတော့မှာပဲ။”
အစေခံမလေး ဇီရှောင်း နင်မင်းသမီး၏ ဆံပင်ထုံးထဲသို့ နှင်းဆီပန်းတစ်ပွင့်ကို ဂရုတစိုက် ထိုးစိုက်ပေးရင်း ပြုံးလျက် ပြော၏။
“မင်းသမီး စိုးရိမ်မနေပါနဲ့ရှင်။ ရှန့်ကွမ်းက ငွေတစ်သောင်းတေးတောင် အကုန်အကျခံထားတာပဲ။ သူက ဒီလောက် ငွေအမြောက်အမြားကို ပန်းပွဲတော်ကြီး ဖျက်ဆီးဖို့အတွက် အလဟသ အကုန်ခံပါ့မလား”
နင်မင်းသမီး
“ဘယ်သူသိမှာလဲ၊ ဒါပေမဲ့ စဉ်းစားစရာပဲ၊ ငါ့ကို ပွဲတော်ကျင်းပဖို့ ကူညီပေးတာကို ငွေတေးတစ်သောင်းတောင် စိုက်ထုတ်ပေးတယ်ဆိုတော့ သူက မိုက်မဲလို့လား”
နောက်ထပ် အစေခံမလေး ဖြစ်သော ချင်းလင် လက်ဖက်ရည်တစ်ခွက် ယူလာပေးရင်း ပြောသည်။ “သူက ဘယ်လိုလုပ် မိုက်မဲရမှာလဲ။ ကုန်သည်တွေဆိုတာ ကောက်ကျစ်စဉ်းလဲကြတာပဲ။ သူတို့ ဒီရာသီပန်းပွဲတော်ကနေ အမြတ်အစွန်းရနိုင်မဲ့ အခွင့်အလမ်းကို မြင်လို့နေမှာပေါ့”
နင်မင်းသမီး စူးစမ်းလိုစိတ်ဖြင့် မေးပြန်၏။
“ငါ ပန်းပေါင်းပွဲတော်ကို ကျင်းပလာတာ ဆယ်နှစ်နီးပါး ရှိပြီ၊ ဒါကနေ အမြတ်ထုတ်လို့ရမှန်း မသိခဲ့ပါလား။ သူ ဘယ်လိုလုပ်တာလဲ”
ချင်းလင်
“မင်းသမီးက မြင့်မြတ်တဲ့သူဆိုတော့ ဒီလို ကုန်သည်တွေရဲ့ စျေးကွက်ကိစ္စတွေကို ဘယ်သိပါ့မလဲ။ သူက ပထမဆုံးအနေနဲ့ ဖင်းရှန့်ဆိုင်က နင်အိမ်တော်ရဲ့ ရာသီပန်းပွဲတော်ကို ဝိုင်းဝန်းကူညီ စီစဉ်ပေးတာလို့ သတင်းလွှင့်လိုက်တယ် မဟုတ်လား။ ဒါဆိုရင် သူတို့ နာမည်ဂုဏ်သတင်းက ပိုပြီး တက်လာမှာပေါ့”
နင်မင်းသမီး စဉ်းစားကြည့်ကာ ပြော၏။
“ဖင်းရှန့်ဆိုင်က တော်ဝင်ကုန်သည် ဖြစ်နေပြီပဲ။ သူတို့ နာမည်ကြီးအောင် လုပ်ဖို့ ဒီလောက် ငွေအများကြီး သုံးစရာ လိုသေးလို့လား”
ချင်းလင်
“ဒါဆိုရင်တော့... ဖြစ်နိုင်တာက နင်မင်းသားကို ဖားချင်လို့ နေမှာပေါ့၊ မင်းသမီး... အများကြီး လျှောက်မတွေးပါနဲ့တော့ရှင်၊ လူလည်း ပင်ပန်းရသလို ဒီညလည်း အားစိုက်ပြီး ဧည့်ခံရဦးမှာပါ”
သူမ ဘယ်လိုလုပ် စိတ်အေးနိုင်ပါ့မည်နည်း။ သူမ ပထမဆုံးအကြိမ် ပွဲတော်ကို ပြင်ပလူထံ လွှဲအပ်ဖူးခြင်း ဖြစ်သည်။ သူမသည် အခန်းထဲ၌ပင် မငြိမ်မသက် ဖြစ်နေသဖြင့် အစေခံမလေး နှစ်ဦးကို ခေါ်ကာ နောက်ဖေးဥယျာဉ်ထဲသို့ လမ်းလျှောက်ထွက်ခဲ့သည်။
ရှန့်ကွမ်း ငွေကို အားရပါးရ သုံးစွဲနေသည်ကို မြင်ရသောအခါမှသာ သူမ စိတ်အနည်းငယ် အေးသွားတော့၏။
ညဥ့်နက်လာသည်နှင့်အမျှ မီးအိမ်များကို စတင်ထွန်းညှိလိုက်ကြသည်။
အပြင်ဘက် မီးအိမ်များသည် လမ်းမကြီးမှ လမ်းကြားအဆုံးအထိ သွယ်တန်းနေပြီး အိမ်တော်အတွင်း၌လည်း ရေတွက်၍မရနိုင်သော မီးအိမ်များဖြင့် တန်ဆာဆင်ထားသည်။
ဧည့်သည်တော်များမှာ တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြပြီး အိမ်တော်သို့ ဝင်လိုက်သည်နှင့် အိမ်တော်တံခါးမကြီးမှသည် ခန်းမဆောင်အထိ သွယ်တန်းထားသော ငါးကြင်းရုပ်မီးအိမ်များကို တွေ့မြင်ကြရ၏။
ခေါင်းပေါ်တွင် ရှိနေသော ရေတွက်၍မရနိုင်သည့် ငါးရုပ်များကြောင့် ရေအောက်ထဲသို့ ရောက်ရှိနေသကဲ့သို့ ခံစားချက်မျိုးကို ပေးစွမ်းသည်။
ခန်းမဆောင်တွင် နေရာယူပြီးနောက် ပုံမှန်အတိုင်း စားသောက်ပွဲကြီး စတင်တော့၏။
ဧည့်သည်များကတော့ စိတ်ထဲတွင် တိတ်တဆိတ် သံသယဖြစ်မိကြသည်။
‘ဒီရာသီပန်းပွဲတော်ကို ဖင်းရှန့်ဆိုင်က ပူးတွဲစီစဉ်တာလို့ ကြားတယ်၊ ဒါပေမဲ့ ဝင်ပေါက်က ငါးရုပ်လေးတွေကလွဲရင် အရင်နှစ်တွေကနဲ့ ဘာမှ ထူးထူးခြားခြား ကွာခြားမှုမရှိပါလား’
ထို့နောက်တွင်တော့ ခွက်ချင်းတိုက်သံများနှင့်အတူ ကပြဖျော်ဖြေမှုများကို ကြည့်ရှုခံစားကြသည်။
အမျိုးသား ဧည့်သည်တော်များ ဝိုင်သောက်နေကြစဉ် တံခါးအပြင်ဘက်မှ အမျိုးသမီးတစ်ဦး၏ အော်ဟစ်သံကို ကြားလိုက်ရ၏။
“အို... လှလိုက်တာ”
သူတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ပြော၏။ “ငါတို့လည်း အပြင်ထွက်ပြီး သွားကြည့်ကြရအောင်”
အားလုံးက နောက်ဖေးဥယျာဉ်သို့ လမ်းလျှောက်လာခဲ့ကြရာ ထိုနေရာတွင် ရေတွက်၍မရနိုင်သော မီးအိမ်များကြောင့် အခန်းတွင်း၌ ရှိနေသကဲ့သို့ လင်းထိန်နေ၏။
အမျိုးသမီးများ ရှေ့တွင် စုရုံးနေကြသည်ကို မြင်သောအခါ သူတို့သည် ရှေ့သို့ တိုးကြည့်လိုက်ကြပြီးမှ ဘာကြောင့် အံ့သြတကြီး အော်ဟစ်နေကြသည်ကို နားလည်သွားတော့သည်။
လမ်းတစ်လျှောက်တွင် ပန်းပွင့်များမှာ အလွှာလိုက် နေရာအနှံ့ ပွင့်လန်းနေ၏။
အရောင်အသွေးများမှာ ဆေးရောင်စုံများ ဖိတ်စင်ကျထားသကဲ့သို့ စုံလင်လှ၏၊ လက်ရှိခေတ်ရေစီးကြောင်းအတိုင်း အရောင်တူစုပြီး စီထားခြင်းမျိုး မဟုတ်ပေ။ ဤပန်းပွင့်များ၏ အရောင်အသွေးမှာ ရှုပ်ထွေးနေသော်လည်း ပိုမို၍ အနုပညာဆန်သော အလှတရားကို ပေးစွမ်းနေသည်။
၎င်းမှာ သဘာဝအတိုင်း ပေါက်ရောက်နေသော ပန်းပင်လယ်ကြီးနှင့် တူလှသည်။
ထို့အပြင် သူတို့တစ်ခါမှ မမြင်ဖူးသော ပန်းပွင့်များစွာလည်း ပါဝင်နေသည်။
ထိုအရာများမှာ ဟွာကျွင်း ပန်းဆိုင်မှ ဝယ်ယူလာခဲ့သော နှင်းပန်းများ၊ ခြောက်လပန်း နှင့် ခတ္တာပန်း များ ဖြစ်ကြသည်။
နှင်းဆီပန်း အမျိုးအစားတင်ကို ခုနစ်မျိုး၊ ရှစ်မျိုးခန့် ရှိ၏။
လူတိုင်း ခြေလှမ်းပင် မရွှေ့နိုင်တော့ဘဲ ပန်းချီဆွဲရတာ ဝါသနာပါသူများကတော့ ဤမြင်ကွင်းကို မှတ်တမ်းတင်ရန် စာရွက်နှင့် စုတ်တံကို ချက်ချင်းပင် တောင်းဆိုကြတော့သည်။
“ခမည်းတော်... ဒီနေရာမှာ အဆောက်အအုံအသေးလေးတစ်ခုက ဘယ်တုန်းက ပေါ်လာတာလဲဟင်”
နင်မင်းသား၏ သမီးဖြစ်သူ ချင်းဟယ်မင်းသမီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
သူမသည် အိမ်ထောင်ကျပြီးသားဖြစ်ပြီး အိမ်တော်သို့ ခေတ္တပြန်လာခြင်းဖြစ်၏။
“ဒီအဆောက်အအုံလေးက ဘယ်တုန်းက ဆောက်လိုက်တာလဲ၊ နှစ်သစ်ကူးတုန်းကတောင် သမီး မတွေ့မိပါဘူး”
နင်မင်းသားလည်း အံ့သြသွားရသည်။
ဒီလောက်ကြီးမားတဲ့ အဆောက်အအုံ ဆောက်လုပ်ရေး လုပ်ငန်းမျိုးကို သူ ဘယ်လိုလုပ် သတိမထားမိဘဲ နေပါ့မည်နည်း။
နင်မင်းသမီးက ရှင်းပြ၏။ “ဒါက လွန်ခဲ့တဲ့ ရက်ပိုင်းလေးတင် ဆောက်လိုက်တာမို့ ချင်းဟယ် မမြင်ဖူးတာ သဘာဝကျပါတယ်”
“ရက်ပိုင်းအတွင်းနဲ့ အဆောက်အအုံတစ်ခု ဆောက်လိုက်တာလား၊၊ မင်းသမီး အတည်ပြောနေတာလား”
တော်ဝင်ကျောင်းတော်အုပ်ချုပ်ရေးမှူး ဇနီးက သံသယဖြင့် မေးသည်။
နင်မင်းသမီးက ပြုံးလျက် ပြန်ဖြေ၏။
“အစတုန်းကတော့ ကျွန်မလည်း မယုံခဲ့ဘူး။ ဒါတွေအားလုံးက ဖင်းရှ့န်ဆိုင် သူဌေးရှန့်ကွမ်းရဲ့ ထိရောက်တဲ့ လုပ်ဆောင်မှုကြောင့် ဒီလောက်အထိ မြန်ဆန်သွားတာပါ”
အမှန်စင်စစ် ငွေ၏အစွမ်း တန်ခိုးပင်။
အုပ်ချုပ်ရေးမှူး၏ ဇနီး ဆက်ပြော၏။
“ဒီအဆောက်အအုံလေးကလည်း ထူးဆန်းတယ်၊ တံခါးတွေမရှိဘဲ ပိုးထည်ပိတ်ပါး လိုက်ကာတွေပဲ ရှိတယ်။ ကြည့်ဦး၊ ပိတ်ပါးလိုက်ကာတွေပေါ်မှာ ပန်းပွင့်တွေတောင် ပန်းထိုးထားသေးတယ်”
လူတိုင်း သေသေချာချာ ကြည့်လိုက်ကြရာ အခန်းတစ်ခန်းချင်းစီ၏ ဝင်ပေါက်တွင် ရှိသော ပိတ်ပါးလိုက်ကာများပေါ်၌ လုံးဝမတူညီသော ပန်းပွင့်များကို အသက်ဝင်လှပစွာ ပန်းထိုးထားသည်ကို တွေ့ရ၏။
နှမြောစရာကောင်းသည်မှာ အဆောက်အအုံငယ်အတွင်း၌ အလင်းရောင် အနည်းငယ် အားနည်းနေသဖြင့် အသေးစိတ်အချက်အလက်များကို သေသေချာချာ မြင်တွေ့ရန် ခက်ခဲနေခြင်းပင်။
နင်မင်းသမီး ပြောလိုက်၏။
“ရေပေါ်ခန်းမဆောင် မှာ အချိုပွဲတွေ ပြင်ဆင်ထားပါတယ်။ အဲဒီဘက်ကို ပြောင်းကြမလားရှင်”
လူတိုင်း ခေါင်းညိတ်ကာ သဘောတူကြသည်။
အိမ်တော်မှာ တကယ့်ကို ကွာခြားလှ၏၊ ခန်းမဆောင်ကြီးမှာ မယုံနိုင်လောက်အောင် ကျယ်ဝန်းပြီး ဘေးပတ်ပတ်လည်တွင် အအေးဓာတ်ပေးရန်အတွက် ဗီရိုအရွယ်ရှိသော ရေခဲတုံးကြီးများကို ချထားသည်။
အလယ်က စားပွဲကြီးပေါ်တွင်မူ အမျိုးမျိုးသော မုန့်များနှင့် အဖျော်ယမကာများကို စီမံထားသည်။
မြို့တွင်းမှ မြင့်မြတ်သော လူများသည် ဟွာကျွင်း၏ မုန့်ဆိုင်သို့ တစ်ခါမှ မရောက်ဖူးကြသော်လည်း စားပွဲပေါ်ရှိ အချိုပွဲ အများစုကို ခွဲခြားသိမြင်နိုင်ကြသည်။ အထူးသဖြင့် မိန်းကလေးငယ်များ ဖြစ်ကြသည်။
အုပ်ချုပ်ရေးမှု သမီးကြီးက အများအပြားကို မှတ်မိနေ၏။
“ဒါက တီရာမီစု မဟုတ်ဘူးလား”
ထို့နောက် သူမ ဘေးဘက်သို့ ကြည့်လိုက်သည်။
“ပြီးတော့ ချိစ်ကိတ်၊ ကပ်ကိတ် နဲ့ ပန်းသီးမုန့် တွေလည်း ရှိတယ်”
တရားရုံးချုပ်ဝန်ကြီး ဒုတိယသမီးကလည်း ပြော၏။ “နို့လက်ဖက်ရည်တောင် ပါသေးတယ်၊ ဒါပေမဲ့ ဒါက ဘာမုန့်လဲ”
သူမ ရှေ့တွင်ရှိသော ပန်းကန်ပြားကို လက်ညှိုးထိုးပြလိုက်၏။
လူတိုင်း သူမ လက်ညှိုးနောက်သို့ လိုက်ကြည့်ကြပြီး ခေါင်းခါလိုက်ကြသည်။ သူတို့ မမှတ်မိကြပေ။
“ဒါက စပျစ်သီးခြောက် ချိစ်လိပ်ပါ”
အသံတစ်ခု ထွက်ပေါ်လာသည်။
နင်မင်းသမီးက ထိုအသံလာရာဘက်သို့ ကြည့်လိုက်ပြီး ပြုံးလျက် ပြောလိုက်၏။
“သခင်မလုကတော့ တကယ့်ကို အမြင်ကျယ်တာပဲ”
အဘွားလုသည် ဟွာကျွင်း လက်ဆောင်ပေးထားသော ပတ္တမြားဆွဲကြိုးကို ဝတ်ထားသဖြင့် သူမ ပါးပြင်လေးများမှာ ပိုမို၍ တောက်ပနေပုံရသည်။
“ဟွာကျွင်းက ကျွန်မကို မြည်းစမ်းကြည့်ဖို့ သီးသန့် ပို့ပေးထားဖူးလို့ပါ”
တော်ဝင်တက္ကသိုလ်အုပ်ချုပ်ရေးမှူး ဇနီးက ပြုံးကာ ပြောလိုက်၏။
“ကျွန်မ မေ့တော့မလို့၊ စစ်သူကြီးလုနဲ့ မုန့်ဆိုင်က သူဌေးမဟွာတို့က ရင်းနှီးတဲ့ မိတ်ဆွေတွေပဲ”
ရင်းနှီးရုံတင်မကပေ။ လူတိုင်းက ပြုံးလိုက်ကြပြီး အဓိပ္ပာယ်ကို နားလည်လိုက်ကြသည်။
ထိုအချိန်တွင်ပင် သာယာနာပျော်ဖွယ်ကောင်းသော ကုချင်းသံ စတင်ထွက်ပေါ်လာပြီး အဆောက်အအုံငယ်လေးဆီသို့ အလင်းရောင်အချို့ လင်းထိန်သွားတော့သည်။
ရှန့်ကွမ်းသည် ခန်းမဆောင်၏ ရှေ့တွင် ပေါ်လာပြီး မျက်နှာတွင် အပြုံးများ ပြည့်နှက်နေ၏။
“ဂုဏ်သရေရှိ ဧည့်သည်တော်အပေါင်းတို့ နောက်ထပ် အစီအစဉ်ကတော့ စိတ်ဝင်စားစရာကောင်းတဲ့ ဂိမ်းကဏ္ဍပဲ ဖြစ်ပါတယ်”
ဧည့်သည်များ တူများကို ချလိုက်ကြပြီး သူ့ကို စိတ်ဝင်တစား လှမ်းကြည့်ကြသည်။
ရှန့်ကွမ်း ဆက်ပြော၏။
“နောက်ကွယ်က အဆောက်အအုံအသေးလေးကို အားလုံးပဲ မြင်တွေ့ခဲ့ကြမယ် ထင်ပါတယ်။ ဒီအဆောက်အအုံလေးက နှစ်ထပ်ရှိပြီး တစ်ထပ်စီမှာ သီးသန့်အခန်းငယ် ခြောက်ခန်းစီ ရှိပါတယ်။ အထဲမှာ ဘာတွေ ရှိနေလဲဆိုတာ သိကြပါသလား”
ဧည့်သည်များကတော့ စိတ်မဝင်စားသလို ဖြစ်နေကြ၏၊ ကုန်သည်က ဘာလှည့်ကွက်တွေ သုံးဦးမလဲဆိုတာ မသိကြသဖြင့် ငြိမ်သက်စွာသာ ကြည့်နေကြပြီး မည်သူမျှ ရှန့်ကွမ်းကို ပြန်မဖြေကြပေ။
“အထဲမှာ ချစ်စရာကောင်းတဲ့ အမွှေးပွ တိရစ္ဆာန်လေးတွေ အပြည့်ရှိနေတာလား”
ပျော်တတ်သော မိန်းကလေးတစ်ဦး တိတ်ဆိတ်မှုကို ဖြိုခွဲကာ မေးလိုက်သည်။
အခန်း (၂၇၄)
ကချေသည်တို့၏ ကကွက်များ
ရှန့်ကွမ်း ပြုံးလျက် ခေါင်းခါပြသည်။
“မှားပါတယ်။ နောက်ထပ် ခန့်မှန်းချင်တဲ့သူ ရှိသေးလား”
ပရိသတ်ကြားတွင် တိတ်ဆိတ်မှုက တစ်ဖန် စိုးမိုးသွားပြန်ရာ မည်သူမျှ သူ့ကို ပြန်လည်ဖြေကြားရန် ဆန္ဒမရှိကြချေ။
နင်မင်းသမီးသည် အနေရခက်သော လေထုကို မြင်သဖြင့် ဝင်ပြောလိုက်၏။
“သူဌေးရှန့်ကွမ်း... အချိန်ဆွဲမနေပါနဲ့တော့၊ ကျွန်မတို့ကို တိုက်ရိုက်ပဲ ပြောပြပါတော့”
သူဌေးရှန့်ကွမ်း ခေါင်းညိတ်ပြကာ ပြောတော့သည်။
“ဒီအခန်းငယ် တစ်ဆယ့်နှစ်ခန်းထဲမှာ မိန်းကလေးတစ်ဦးစီ ရှိနေပြီး သူတို့က ပန်းနတ်သမီး တစ်ဆယ့်နှစ်ပါးအဖြစ် သရုပ်ဆောင်ထားကြပါတယ်”
“သူတို့ဟာ (၄၉) ရက် တိုင်တိုင် အစာရှောင် သီလဆောက်တည်ပြီး သန့်စင်မှု ပြုလုပ်ခဲ့ကြသလို၊ ခြေသည်းလက်သည်းတွေကိုတောင် ဗောဓိရေစင်နဲ့ ဆေးကြောသန့်စင်ထားကြတာပါ”
“ဒီညမှာတော့ သူတို့က ဆုတောင်းမေတ္တာပို့သတဲ့ ကကွက်တွေကို ကပြဖျော်ဖြေကြမှာဖြစ်ပြီး သက်တော်ရှည် ဆရာတော်ကြီးတွေဆီကနေ ရရှိလာတဲ့ အဆောင်လက်ဖွဲ့တွေကိုလည်း အားလုံးအတွက် ပေးအပ်လှူဒါန်းသွားကြမှာ ဖြစ်ပါတယ်။ ဘယ်သူ အရင်ဆုံး ထွက်လာမလဲဆိုတာကတော့”
သူ ဘေးနားရှိ စားပွဲပေါ်မှ အနီရောင် ပိုးထည်စကို ရုတ်တရက် ဆွဲဖယ်လိုက်ရာ အခန်းနံပါတ်များ ရေးထိုးထားသော ရွှေချထားသည့် ကမ္ပည်းပြား တစ်ဆယ့်နှစ်ချပ် ပေါ်လာတော့သည်။
“အားလုံးရဲ့ ကံကောင်းခြင်းနဲ့ အလှူငွေပေါ်မှာပဲ မူတည်ပါတယ်”
သူက ကမ္ပည်းပြားတစ်ချပ်ကို လက်ညှိုးထိုးပြရင်း ဆက်ပြော၏။
“အကယ်၍ ပထမထပ် အခန်း(၁)က မိန်းကလေးကို အရင်ဆုံး ထွက်လာစေချင်ရင်တော့ မိမိတို့ရဲ့ စေတနာကို ပြသတဲ့အနေနဲ့ ငွေတေး အနည်းငယ် ထည့်ဝင်နိုင်ပါတယ်။ ပမာဏက အရေးမကြီးပါဘူး၊ ပျော်စရာအထိမ်းအမှတ်အဖြစ်ပါပဲ”
ပွဲတက်လာကြသည့် ဧည့်သည်တော်များ အားလုံး ကြွယ်ဝချမ်းသာသူများ ဖြစ်ကြရာ လေထုကို စည်ကားစေရန်နှင့် ကံကောင်းခြင်းများ ဆောင်ကြဉ်းရန်အတွက် ငွေတေးအနည်းငယ် သုံးစွဲရခြင်းမှာ သူတို့အတွက် ဘာမှမဟုတ်ပေ။
နင်မင်းသား ပြုံးလိုက်ပြီး ဘေးနားရှိ အစေခံထံသို့ ငွေငါးတေး လွှဲပေးလိုက်သည်။
“ဒီမင်းသားကပဲ ပွဲဦးထွက် ကံကောင်းခြင်း အစပြုပေးလိုက်မယ်”
သူသည် ဝိုင်ခွက်ကို အသာအယာ ဝေ့ယမ်းလိုက်ရင်း ပြော၏။
“ငါ မှတ်မိသလောက်ဆိုရင် စောစောက အဆောက်အအုံငယ်လေးကို ဖြတ်လာတုန်းက ဒုတိယထပ် အခန်း(၅)ရဲ့ အပြင်ဘက်မှာ ‘ယောင်ကျီ’ လို့ ရေးထားတာ တွေ့မိတယ်။ ‘ရင်သပ်ရှုမောဖွယ်ကောင်းသော ငန်းမလေး’ လို့ တင်စားရတဲ့ ယောင်ကျီက အဲဒီထဲမှာ ရှိနေတာလား၊ ဒီနေ့တော့ သူ့ကိုပဲ အရင်ဆုံး ဖိတ်ခေါ်ပေးပါ”
ဘေးနားရှိ အမတ်မင်းလျိုက ရယ်မောကာ ပြောလိုက်၏။ “ယောင်ကျီ ဖြစ်နေတာလား၊ ဒါဆိုရင်တော့ ကျွန်တော်တို့လည်း မင်းသားရဲ့ ကျေးဇူးကြောင့် ကြည့်ရှုခွင့်ရတော့မှာပဲ”
အစေခံက ငွေကို ရှန့်ကွမ်းထံ ပေးအပ်ရာ ရှန့်ကွမ်းက ပြုံးရွှင်သော မျက်နှာဖြင့် လက်ခံလိုက်ပြီး ယောင်ကျီကို လှမ်းခေါ်ရန် ပြင်စဉ် နင်မင်းသမီးက လှမ်းတားလိုက်သည်။
“ခဏဦး”
နင်မင်းသမီး၏ လေသံမှာ အနည်းငယ် မနာလိုဖြစ်နေဟန် ရောစွက်နေ၏။
“ပထမထပ် အခန်း (၂) က မိန်းကလေး ကျောက်ကျောက်က ပိုပြီး ကောင်းလိမ့်မယ်လို့ ကျွန်မ ဘာလို့ ခံစားနေရပါလိမ့်၊ လူတိုင်းက ပြောကြတယ် ‘ကျောက်ကျောက်က ဆုတောင်းပြည့်စေတယ်’ တဲ့၊ ဘယ်လောက် မင်္ဂလာရှိလဲ၊ ကျွန်မကတော့ ကျောက်ကျောက်အတွက် ငွေခြောက်တေး စိုက်ထုတ်မယ်”
သူမ ပြောပြီးသည်နှင့် အစေခံမလေးကို ငွေသွားပေးခိုင်းလိုက်တော့သည်။
လင်မယားနှစ်ဦး အပြိုင်အဆိုင် ငြင်းခုံလာကြသဖြင့် အားလုံးက ပွဲကြည့်ရန် စောင့်ဆိုင်းနေကြရာ ရှန့်ကွမ်းလည်း ရှေ့ဆက်မတိုးရဲ ရှိနေ၏။
နင်မင်းသား
“မင်းက ဘာလို့ ဒီလိုကိစ္စမျိုးကို ငါနဲ့ လာပြိုင်နေရတာလဲ။ ဒီတစ်ကြိမ်လေးတင် ငါ့အလိုကို လိုက်ပေးလို့ မရဘူးလား၊ အထူးသဖြင့် လူအများကြီးရဲ့ ရှေ့မှာ”
သူသည် နောက်ထပ် ငွေငါးတေး ထပ်ထုတ်လိုက်သည်။ “ငါ ငါးတေး ထပ်တိုးမယ်”
နင်မင်းသမီး သူ့ကို မျက်စောင်းထိုးလိုက်ပြီး စိတ်ဆိုးမာန်ဆိုးဖြင့် ပြောတော့၏။ “ဘာလဲ၊၊ ရှင်တို့ ယောက်ျားတွေကျတော့ ကံကောင်းခြင်းအတွက် ငွေသုံးခွင့်ရှိပြီး ကျွန်မကျတော့ ပျော်စရာအတွက် ငွေမသုံးရဘူးလား”
ထိုသို့ ဆိုကာ နောက်ထပ် ငွေငါးတေး ထပ်မံ ထည့်ဝင်လိုက်ပြန်သည်။
လူတိုင်း၏ ရယ်မောသံများကြားတွင် နင်မင်းသားနှင့် နင်မင်းသမီးတို့သည် အလှူငွေကို အပြိုင်အဆိုင် တိုးမြှင့်ခဲ့ကြရာ နောက်ဆုံးတွင် စျေးနှုန်းမှာ ငွေတေး ရှစ်ဆယ်အထိ မြင့်တက်သွားတော့သည်။
“ကဲပါ... ကဲပါ၊ ကျွန်မ ရှင်နဲ့ ထပ်မပြိုင်တော့ပါဘူး၊ သူတစ်ပါး လှောင်စရာ ဖြစ်လိမ့်မယ်”
နင်မင်းသမီး ပါးစပ်ကို လက်ဖြင့်အုပ်ကာ ပြုံး၍ ပြောလိုက်သည်။
သူဌေးကြီးရှန့်ကွမ်း ငွေများကို ဂရုတစိုက် သိမ်းဆည်းလိုက်ပြီး အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်၏။
“မိန်းကလေး ယောင်ကျီကို ဖိတ်ခေါ်ပါတယ်”
တူရိယာသမားများက တေးသွားကို စတင်တီးခတ်ကြပြီး ဒုတိယထပ် အခန်း (၅) ၏ ပိတ်ပါးလိုက်ကာ ပွင့်သွားတော့သည်။ အလွန်အမင်း လှပချောမောသော မိန်းကလေးတစ်ဦးသည် ပုလဲရောင်သန်းနေသော အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး လှေကားလက်ရန်းမှ ရှည်လျားသော ပိုးထည်ဖဲကြိုးများကို အသုံးပြုကာ အောက်သို့ နွဲ့နှောင်းစွာ ဆင်းသက်လာသည်။
သူမသည် ရှည်လျားသော အင်္ကျီလက်များကို ဝှေ့ယမ်းလိုက်စဉ် မျက်ဝန်းများတွင် ရဲရင့်သော စိတ်ဓာတ်များ ပြည့်နှက်နေပြီး သူမ၏ ကကွက်များမှာ စစ်တလင်းကို ဖြတ်သန်းနေသော အမျိုးသမီး စစ်သည်တော်တစ်ဦးကဲ့သို့ စွမ်းအင်ပြည့်ဝပြီး အားမာန်ပါလှသည်။
လူတိုင်း သတိမမူမိခင်မှာပင် သူမသည် ခန်းမဆောင်၏ အလယ်ဗဟိုသို့ ကပြရောက်ရှိလာပြီး သူမ၏ လှုပ်ရှားမှုများနှင့်အတူ ထူးခြားဆန်းပြားသော မွှေးရနံ့လှိုင်းများသည် လူအုပ်ကြီးကြားသို့ ပျံ့နှံ့သွားတော့၏။
“အို... ဒါ ဘာအနံ့လဲ”
တစ်စုံတစ်ယောက် စတင်ပြောဆိုလိုက်သည့် အခါမှသာ အားလုံးက ကချေသည်၏ ကိုယ်ပေါ်မှ ထွက်ပေါ်လာသော သင်းပျံ့သည့် ရနံ့ကို သတိပြုမိကြတော့သည်။ ၎င်းမှာ ရေတွက်၍မရနိုင်သော ပန်းပွင့်ဖတ်များဖြင့် ထုံသင်းထားသည့်ပမာ လူများကို မသိစိတ်မှ တိမ်းညွတ်နစ်မွန်းသွားစေ၏။
ကပြပြီးနောက် ယောင်ကျီသည် သူမ ခါးစည်းကြားမှ တြိဂံပုံစံ ခေါက်ထားသော အဆောင်လက်ဖွဲ့ကို ထုတ်ယူကာ နင်မင်းသားထံသို့ ပေးအပ်လိုက်ပြီးနောက် လှည့်၍ အဆောက်အအုံငယ်လေးဆီသို့ ပြန်လည်ဝင်ရောက်သွားတော့သည်။
မွှေးရနံ့တစ်ခုသာလျှင် အချိန်အတော်ကြာအောင် ကျန်ရစ်နေခဲ့၏။
နင်မင်းသမီးသည် အဆောင်လက်ဖွဲ့ကို ယူပြီး အနံ့ခံကြည့်လိုက်ရာ သေချာပေါက်ပင် ၎င်းတွင်လည်း ကြည်လင်သန့်ရှင်းသော မွှေးရနံ့တစ်ခု ပါရှိနေသည်။
သူမ ရှန့်ကွမ်းကို မေးမြန်းလိုက်၏။
“သူဌေးရှန့်ကွမ်း ဒါက ဘာရနံ့အမျိုးအစားလဲ”
သူဌေး ရှန့်ကွမ်း
“မိန်းကလေးယောင်ကျီရဲ့ ကိုယ်ပေါ်မှာ ဆွတ်ဖြန်းထားတဲ့ မွှေးရနံ့နှင်းစက် ကတော့ ဖင်းရှန့်ဆိုင်ကနေ မကြာခင် မိတ်ဆက်တော့မဲ့ မွှေးရနံ့နှင်းစက်အသစ်တွေထဲက တစ်ခုဖြစ်ပြီး၊ နီမြန်းသောနေဝင်ဆည်းဆာနှင့် လိမ္မော်ရောင်အလင်းလို့ ခေါ်ပါတယ်”
နင်မင်းသမီးသည် စိတ်လှုပ်ရှားစွာ မတ်တတ်ထရပ်လိုက်သည်။
“ဖင်းရှန့်ဆိုင်က မွှေးရနံ့နှင်းစက်အသစ်တွေ ထုတ်တော့မှာလား၊ ဘယ်တော့လောက် စပြီး ရောင်းမှာလဲ”
သူဌေး ရှန့်ကွမ်း
“အဲဒါကတော့ အချိန်အနည်းငယ် ယူရဦးမှာပါ။ ဒီနေ့အတွက်ကတော့ အားလုံးပဲ ဒီအနံ့ကို အရင်ဆုံး ခံစားကြည့်နိုင်ပါတယ်”
သူ နောက်ကွယ်က အဆောက်အအုံငယ်လေးကို လက်ညှိုးထိုးပြရင်း ဆက်ပြော၏။
“ယောင်ကျီတင်မကပါဘူး။ ကျန်တဲ့ မိန်းကလေး တစ်ဆယ့်တစ်ယောက်ရဲ့ ကိုယ်ပေါ်မှာလည်း မတူညီတဲ့ မွှေးရနံ့နှင်းစက်တွေ ရှိနေပါတယ်”
ထို့နောက် သူ ပြုံးလျက် မေးလိုက်သည်။
“နောက်ထပ် ဘယ်မိန်းကလေးကို အရင်ဆုံး ထွက်လာစေချင်ပါသလဲ”
သူသည် နာမည်စာရင်းပြားကို လှန်လိုက်ပြီး ပြော၏။ “ဒီမှာ မွှေးရနံ့နှင်းစက်တွေရဲ့ နာမည်တွေ ရှိပါတယ်”
လူတိုင်း သေသေချာချာ ကြည့်လိုက်ကြရာ သေချာပေါက်ပင် အခြားသော အမည်နာမများကို ရေးမှတ်ထားသည်ကို တွေ့ရသည်။
ဥပမာအားဖြင့် နွေဦးအလင်း၏ ပန်းစဉ်တန်း၊ နှင်းဇီဇဝါပန်းရနံ့၊ လွင့်ပျံနေသောအလင်းနှင့် ကြည်လင်သော ကျွဲကောရနံ့ စသည်ဖြင့်။
ယခုအခါတွင်မူ အမျိုးသမီး ဧည့်သည်တော်များ ရူးသွပ်မတတ် ဖြစ်သွားကြတော့သည်။
“ကျွန်မ နှင်းဇီဇဝါပန်းရနံ အတွက် ဆယ်တေး စိုက်ထုတ်မယ်”
“ကျွန်မက တစ်ဆယ့်ငါးတေး စိုက်ထုတ်မယ်။ ကျေးဇူးပြုပြီး အိုင်းရစ်ပန်းရနံ့ကို ဖိတ်ခေါ်ပေးပါ”
“ကျွန်မလည်း နှင်းဇီဇဝါရနံ့ကို လိုချင်တယ်။ ဆယ်တေး ထပ်တိုးမယ်”
ဒုတိယအလှည့်တွင်မူ နှင်းဇီဇဝါပန်းရနံ့သည် ငွေတေး ရှစ်ဆယ့်ငါးတေးဖြင့် အနိုင်ရရှိသွားခဲ့သည်။
သစ်ခွခန်းမဆောင်၏ အမှာစာတေးသွားနှင့်အတူ ကချေသည်မလေးသည် နွဲ့နှောင်းစွာ ကပြလာခဲ့ပြီး သူမနှင့်အတူ ပါရှိလာသော မွှေးပျံ့သည့် ဇီဇဝါပန်းရနံ့မှာ ဧည့်သည်တော်များကြားသို့ လွင့်ပျံ့လာခဲ့သည်။
ဧည့်သည်တော်များမှာ သူမ ကကွက်ကိုပင် အာရုံမစိုက်ကြတော့ဘဲ မွှေးရနံ့နှင်းစက်၏ ရနံ့ကိုသာ လောဘတကြီးဖြင့် အားရပါးရ ရှူရှိုက်နေကြတော့သည်။
ခေတ္တမျှ ကပြပြီးနောက် ကချေသည်မလေးသည် ထိုမွှေးရနံ့ စိမ့်ဝင်နေသော အဆောင်လက်ဖွဲ့ကို အမြင့်ဆုံး စျေးပေးသူအတွက် ချန်ထားရစ်ခဲ့ပြီး နွဲ့နှောင်းစွာ ပြန်လည်ထွက်ခွာသွားခဲ့သည်။
ထို့နောက်တွင်မူ လူတိုင်းသည် ထိုအဆောင်လက်ဖွဲ့ကို ရရှိရန်အတွက် ရူးသွပ်မတတ် စျေးပြိုင်ပေးကြတော့သည်။
ထိုမျှတင်မကသေး ကချေသည် တစ်ဆယ့်နှစ်ဦးစလုံး ပွဲဦးထွက် ကပြပြီးသွားသည့်တိုင်အောင် သူတို့ နှစ်သက်သည့် ရနံ့များကို နောက်တစ်ကြိမ် ထပ်မံကပြဖော်ထုတ်ပေးရန်အတွက် ငွေအမြောက်အမြား ထပ်မံ သုံးစွဲကြပြန်၏။
အကြောင်းမှာ အချိန်မှာ ကန့်သတ်ချက်ရှိပြီး ယခုအခွင့်အရေးကို လွဲချော်သွားပါက ဤရနံ့မျိုးကို ဘယ်အချိန်တွင် ပြန်လည်ရရှိနိုင်မည်မှန်း မသိသောကြောင့် ဖြစ်သည်။
သူတို့သည် ရနံ့တစ်ခုချင်းစီကို သေသေချာချာ ခံစားကြပြီး ၎င်းတွင် မည်သည့်ပန်းရနံ့များ ပါဝင်နေသည်ကို ခန့်မှန်းကာ သူဌေးကြီးရှန့်ကွမ်းထံမှ အတည်ပြုချက် တောင်းခံကြသည်။
“ဒီ ရိုင်းလက်ဖက်ရည်နှင့်ပင်လုံးကြိုင်ရနံ့မှာတော့ ပင်လုံးကြိုင်ရဲ့ ရနံ့ ပါဝင်နေတယ်”
“အစ်မချန်ကတော့ တကယ် စိတ်ဝင်စားဖို့ကောင်းတာပဲ။ သူ့နာမည်ထဲမှာ ပင်လုံကြိုင်ဆိုတဲ့ စာလုံးပါနေတာကိုး။ ကျွန်မ လောင်းရဲတယ်။ အထဲမှာ မက်မွတ်ပင်ရဲ့ ရနံ့လည်း ပါဦးမယ်”
“ကျွန်မလည်း ရနံ့ရတယ်၊ ကတိုးရနံ့ကိုလည်း ရတယ်၊ သူဌေးရှန့်ကွမ်း ပြောပြပါဦး၊ ကျွန်မတို့ ခန့်မှန်းတာ မှန်ရဲ့လား”
ရှန့်ကွမ်းသည် ထိုမျှများပြားသော အချက်အလက်များကို မမှတ်မိနိုင်သဖြင့် ဘေးတွင် အသင့်စောင့်နေသော လီနျန်ကို အားလုံးအတွက် အဖြေများကို ထုတ်ဖော်ပြောကြားပေးရန် တောင်းဆိုလိုက်၏။
လီနျန်မှာမူ ၎င်းတို့ကို အလွတ်ကျက်မှတ်ထားပြီးသား ဖြစ်သည်။
“ရိုင်းလက်ဖက်ရည်နှင့် ပင်လုံကြိုင်မွှေးရနံ့မှာ အရင်ဆုံး မက်မွတ်ပင်၊ ပူစီနံနဲ့ သံပရာသီးအနံ့တို့ ပါတယ်။ အလယ်လောက်မှာတော့ ပင်လုံးကြိုင်၊ စံပယ်ပန်းနဲ့ မိတ်လက်ဖက်ရည်အနံ့တို့ ပါတယ်။ နောက်ဆုံးမှာတော့ အိုင်းရစ်ပန်း၊ ကတိုးနဲ့ သစ်ကတိုး တို့ ပါဝင်ပါတယ်”
လူတိုင်းသည် အလွန်တရာ စိတ်ဝင်တစားဖြင့် နားထောင်ကြ၏။ ပါဝင်ပစ္စည်း အများစုကို သူတို့ မကြားဖူးကြသော်လည်း ဤကဲ့သို့ နာမည်စာရင်းများကို ရွတ်ဆိုပြခြင်းက တကယ့်ကို ကျွမ်းကျင်ပညာရှင်ဆန်လှသည်ဟု ခံစားရသည်။
အကယ်၍ ဤမွှေးရနံ့နှင်းစက်ကို သာမန်အရာများဖြင့်သာ ပြုလုပ်ထားခဲ့လျှင် သူတို့အနေဖြင့် ဤမျှအထိ ထူးခြားဆန်းပြားသည်ဟု ထင်မြင်ကြမည်မဟုတ်ပေ။
၎င်းမှာ မူလက ကပြဖျော်ဖြေပွဲတစ်ခု ဖြစ်သင့်သော်လည်း နောက်ဆုံးတွင်မူ အမျိုးသားများကို ဘေးဖယ်ထားကာ အမျိုးသမီးများ၏ မွှေးရနံ့နှင်းစက်အကြောင်း ဝိုင်းဖွဲ့ဆွေးနွေးနေကြသည့် အသံများသာ နားထဲတွင် ပြည့်နှက်နေတော့သည်။
အမျိုးသားများသည်လည်း သူတို့ နှစ်သက်သည့် ကချေသည်များကို ထွက်၍ ကပြခိုင်းရန်အတွက် ငွေများကို ဆုလာဘ်အဖြစ် ပစ်ချကာ လိုက်လံလုပ်ဆောင်ခဲ့ကြသော်လည်း နောက်ဆုံးတွင် အမျိုးသမီးများသည် ငွေသုံးစွဲသည့်နေရာ၌ ပိုမို၍ ပြင်းထန်ရဲရင့်ကြကြောင်းကိုသာ ရှာဖွေတွေ့ရှိခဲ့ကြရသည်။
မည်သူ ထွက်လာမည်ဆိုသည်ကို ဆုံးဖြတ်ရန်မှာ အမျိုးသားများ၏ လက်ထဲတွင် လုံးဝ မရှိတော့ချေ။
ပွဲပြီးဆုံးခါနီးအချိန်တွင် ကချေသည်မလေးများမှာ အလွန်အမင်း မောပန်းနွမ်းနယ်နေကြပြီ ဖြစ်၏၊ အကြောင်းမှာ အာရုံစိုက်မှုအခံရဆုံး မိန်းကလေးများမှာ ဆုလာဘ်များကြောင့် ဆယ်ကြိမ်ထက်မကပင် ထပ်မံ၍ ထွက်ကာ ကပြခဲ့ရသောကြောင့် ဖြစ်သည်။
နောက်ဆုံးတွင်မူ ပန်းပေါင်းတစ်ရာပွဲတော်ကြီးသည် အဆုံးသတ်သို့ ရောက်ရှိလာပြီး ကချေသည်မလေးများသည် အခန်းငယ်များရှေ့တွင် ရပ်ကာ အားလုံးကို လက်ဝှေ့ယမ်း၍ နှုတ်ဆက်ကြတော့၏။
သူတို့ ပြန်လည်ထွက်ခွာတော့မည့် အချိန်တွင်ပင် ဝန်ကြီး ဝမ်၏သမီးဖြစ်သူက လမ်းဘေးရှိ ပန်းပွင့်ကို လှမ်းပြရင်း ရှန့်ကွမ်းကို မေးမြန်းလိုက်၏။
“ဒီပန်းပွင့်ကို ကျွန်မကို ရောင်းပေးလို့ ရမလား”
၎င်းမှာ ဧဒင်နှင်းဆီပန်းစည်းတစ်ခု ဖြစ်ပြီး သခင်မလေးဝမ်သည် ထိုအထဲမှ အလှပဆုံး ပွင့်လန်းနေသော ပန်းပွင့်ကို လက်ညှိုးထိုးပြနေခြင်း ဖြစ်သည်။
ဤပန်းပွင့်များအားလုံးကို ဟွာကျွင်းက ပေးပို့ထားခြင်း ဖြစ်သဖြင့် ရှန့်ကွမ်းအနေဖြင့် မိမိသဘောအတိုင်း မဆုံးဖြတ်ရဲဘဲ လီနျန်ထံသို့သာ လှမ်း၍ ကြည့်လိုက်ရတော့၏။