အခန်း ၁၁
Vol. 2 Ch. 11
အခန်း (၁၁) -မိကျောင်းဝိညာဉ်ငယ်လေး
"လု… လု… လု… လု… လု…"
ရုတ်တရက်ဆိုသလို အစာကျွေးသည့် စားခွက်ကြီးတစ်ခု ပွင့်ဟသွားပြီး ခွက်ထဲသို့ အစားစာမျိုးစုံ စီးဆင်းဝင်ရောက်လာသည်။ ဤအသံကို ကြားလိုက်ရသည်နှင့် ပတ်ဝန်း ကျင်၌ ဆော့ကစားနေကြသော ဝိညာဉ်သတ္တဝါငယ်လေးများသည် ဝရုန်းသုန်းကားဖြင့် အစာခွက်ထဲသို့ အလုအယက် တိုးဝှေ့ခုန်ဝင်သွားကြတော့သည်။
အစာကျွေးချိန် ရောက်လေပြီ။
ခန္ဓာကိုယ်ပိုမိုကြီးမားပြီး အရင်မွေးဖွားခဲ့သည့် ကောင်များကတော့ အကောင်းဆုံး နေရာ များကို အပိုင်စီးထားကြကာ သူတို့ဝမ်းဗိုက်များ လုံးဝန်းပြည့်ဖောင်းလာသည်အထိ အဝ စားနေကြသော်လည်း၊ သေးငယ်ပြီး အားနည်းလှသည့် ကောင်လေးများမှာမူ စိုးရိမ်တကြီး ဖြင့် အပြင်ဘက်ကနေ ဝိုင်းပတ်ကြည့်နေရုံသာ တတ်နိုင်ရှာသည်။ သူတို့ခမျာ နေရာတစ်ခု ရရန် ခဲယဉ်းစွာ တိုးဝှေ့ဝင်ရောက်နိုင်ခဲ့သော်လည်း အနည်းငယ်မျှ ကိုက်ရုံရှိသေး၊ ချက်ချင်း ဆိုသလို ဘေးသို့ တွန်းထုတ်ခြင်း ခံလိုက်ရလေသည်။
ကျူးမင်လန်သည် အစာခွက်ထဲရှိ အစာများကို သတိထားကြည့်မိလိုက်သည်။ ဟင်းသီး ဟင်းရွက်များ၊ ကြက်သားများ၊ သစ်သီးဝလံများ၊ အသားလောက်ကောင်များ၊ အရိုးကြီး များ... အမှန်အတိုင်း ပြောရလျှင် ဤအစာများသည် ဝူထူနယ်မြေမှ သာမန်ဆင်းရဲသား လူနည်းစုတို့၏ ရိက္ခာများထက်ပင် ပိုမိုပေါများစုံလင်နေသေးသည်။
"အသားတိုး ပိုးစာကောင်ကြီးတွေလား..."
ရုတ်တရက် ကျူးမင်လန်သည် အစာအမျိုးအစားတစ်ခုကို သတိပြုမိသွားသည်၊ ၎င်းမှာ သူကိုယ်တိုင် နှစ်ပေါင်းများစွာ မွေးမြူလာခဲ့သည့် 'အသားတိုး ပိုးစာကောင်ကြီး' ချည်းပင် ဖြစ်သည်။ စိတ်ဝင်စားစရာကောင်းသည်မှာ ဝိညာဉ်သတ္တဝါငယ် အများစုမှာ ထိုအကောင် များကို လုံးဝ စိတ်မဝင်စားကြချေ၊ အချို့သော ငှက်ဝိညာဉ်သတ္တဝါငယ်များပင်လျှင် ထိုနည်းတူဖြစ်သည်။
အစာလုပွဲ တစ်ခေါက်ပြီးသွားသောအခါ စားခွက်ထဲတွင် ပုပ်သိုးနေသော အစာအချို့နှင့် မည်သူမျှ မစားကြသည့် အသားတိုး ပိုးစာကောင်ကြီး အနည်းငယ်သာ ကျန်ရစ်တော့ သည်။ ထိုခဏတွင် ကျူးမင်လန်က မဟူရာရောင် မိကျောင်းဝိညာဉ်ငယ်လေး တစ်ကောင် ကို လှမ်းမြင်လိုက်ရသည်။ ၎င်းသည် သန်မာထွားကျိုင်းလှသော ဝံပုလွေဝိညာဉ်ငယ် အနည်းငယ်၏ ဘေးမှနေ၍ သတိကြီးစွာဖြင့် ဝိုက်ပတ် ရှောင်ကွင်းသွားပြီးနောက်၊ အသားတိုး ပိုးစာကောင်ကြီးတစ်ကောင်ကို ကောက်ယူကာ လစ်ခနဲ ထွက်ပြေးတော့သည်။
ဝံပုလွေဝိညာဉ်ငယ်များက ထိုမဟူရာရောင် မိကျောင်းဝိညာဉ်ငယ်လေးကို သတိပြုမိသွား ကြပြီး ချက်ချင်းပင် နောက်ကနေ အမီလိုက်ကာ ထိုကောင်လေးကို ဝိုင်းဝန်းကိုက်ခဲ ဆွဲဆုတ်ကြတော့သည်။
မိကျောင်းဝိညာဉ်ငယ်လေးမှာ အလွန်နုနယ်သေးပြီး ဝံပုလွေဝိညာဉ်ငယ်များမှာမူ သူ့ထက် တစ်စမက ကြီးမားကြသည်၊ ထို့အပြင် ထိုမိကျောင်းငယ်လေးကို ဝိုင်းညှပ်၍ လိုက်လံ တိုက်ခိုက်နေကြသည်က လေးကောင်ကြီးများတောင်။
မိကျောင်းဝိညာဉ်ငယ်လေးသည် အတော်လေး ဖျတ်လတ်တက်ကြွစွာ လှုပ်ရှားရုန်းကန် ရင်း ဝံပုလွေဝိညာဉ်ငယ် သုံးကောင်ကို အရုန်းအလှုပ် ဖြုတ်ချနိုင်ခဲ့သော်လည်း၊ နောက်ဆုံး တွင်မူ ခွေးကြီးတစ်ကောင်ခန့် အရွယ်အစားရှိသည့် ဝံပုလွေဝိညာဉ်ငယ်၏ ပိတ်ဆို့မှု ကြောင့် သူ့အသိုက်အဝရှေ့တွင် ပိတ်မိသွားရရှာသည်။ သူက ပါးစပ်ထဲရှိ အသားတိုး ပိုးစာ ကောင်ကြီးကို မျိုချရန်ပင် အခွင့်အရေးမရလိုက်ဘဲ ဝံပုလွေဝိညာဉ်ငယ်၏ မြေပြင်ပေါ်သို့ ဖိနှိပ် တွန်းထုတ် ချုပ်ကိုင်ခြင်းကို ခံလိုက်ရလေသည်...
"ဒီနေရာမှာတောင် အနိုင်ကျင့်မူတွေ ရှိနေကြတုန်းပဲလား" ကျူးမင်လန်က ခေါင်းကို ခါယမ်းလိုက်ရင်း ထိုဝံပုလွေဝိညာဉ်ငယ်ကို လှမ်းဆွဲကာ ဘေးသို့ ဝှေ့ယမ်းပစ်လိုက်သည်။
လွတ်မြောက်သွားသည်နှင့်တစ်ပြိုင်နက် မဟူရာရောင် မိကျောင်းဝိညာဉ်ငယ်လေးသည် ရွှံ့နွံများ ပေကျံနေသည့် အသားတိုး ပိုးစာကောင်ပေါ်သို့ ချက်ချင်းပင် စီးနင်း ခုန်အုပ်လိုက် သည်။ သူသည် ညစ်ပတ်ပေရေနေသည်ကို စိတ်မထားဘဲ အသားတိုး ပိုးစာကောင်ကို နှစ်ကိုက်သုံးကိုက်မျှဖြင့် အငမ်းမရ ဝါးမျိုချလိုက်တော့သည်။
"မိကျောင်းဝိညာဉ်ငယ်လေး... မင်း ဒီအစ်ကိုကြီးနောက် လိုက်ချင်လား။ မင်း နဂါးအဖြစ် အသွင်ပြောင်းနိုင်တာ အသွင်မပြောင်းနိုင်တာ အသာထား။ ငါ မင်းကို မင်းစားလို့ မကုန်နိုင် မယ့် အသားတိုး ပိုးစာကောင်တွေကို အဝကျွေးမယ်။ ဒီအစ်ကိုကြီးက ပိုးကောင်မွေးတဲ့ နေရာမှာ ဆရာကြီးနော်" ဟု ဆိုကာ ကျူးမင်လန်က ထိုမဟူရာရောင် မိကျောင်းငယ်လေး ကို ပွေ့ချီမြှောက်လိုက်သည်။
ဤမဟူရာရောင် မိကျောင်းငယ်လေးကို အနီးကပ်ကြည့်လိုက်လျှင် အနည်းငယ် အရုပ်ဆိုး သော်လည်း ချစ်စရာကောင်းနေပြန်သည်၊ အူတူတူ ဦးခေါင်းကြီးကြီးနှင့် ထူထဲသော မိကျောင်းပေါက်လေးတစ်ကောင်၏ ခန္ဓာကိုယ်မျိုး ရှိသည်။
၎င်း၏အရေပြားမှာ ချောမွတ်နေဆဲဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သော မိကျောင်းကြီး အများစုကဲ့သို့ အဖုအထစ်များဖြင့် ဖုံးလွှမ်းမနေချေ။
"ရော့... နောက်တစ်ကောင် စားဦး၊ ဒါဆိုရင် ငါတို့ သဘောတူညီချက်ရပြီလို့ မှတ်ယူ လိုက်မယ်နော်" ကျူးမင်လန်က စားခွက်ထဲမှ မည်သူမျှ မယူရသေးသည့် အသားတိုး ပိုးစာကောင်ကြီး နောက်တစ်ကောင်ကို ကောက်ယူကာ မိကျောင်းဝိညာဉ်ငယ်လေး၏ ပါးစပ်ဝသို့ ကမ်းပေးလိုက်သည်။
မိကျောင်းဝိညာဉ်ငယ်လေးမှာ အတော်လေး ဆာလောင်နေပုံရသဖြင့် ၎င်းကို အလျင် အမြန်ပင် တစ်ကိုက်ချင်း ကိုက်ဖဲ့ကာ အကုန် မျိုချပစ်လိုက်သည်။
ကျူးမင်လန်က သူ့ကို ကြက်သားကျွေးရန် ကြိုးစားကြည့်သော်လည်း မိကျောင်းဝိညာဉ် ငယ်လေးသည် လုံးဝ စားခြင်းမရှိကြောင်း တွေ့ရှိလိုက်ရသည်။ သူသည် အသားတိုး ပိုးစာကောင်များကိုသာ ထူးထူးခြားခြား နှစ်သက်တက်မက်နေပုံရသည်...
ဤအချက်က ကျူးမင်လန်ကို ဗယ်လ်ကရီ ပြောခဲ့ဖူးသည့် “အချို့သော အစစ်မှန်နဂါးများ သည် သူတို့၏ ဝိညာဉ်သတ္တဝါငယ် အဆင့်များတွင် အသားတိုး ပိုးစာကောင်များကို ထူးထူး ခြားခြား ပိုမိုနှစ်သက်တတ်ကြသည်” ဟူသော စကားတစ်ခွန်းကို အမှတ်ရသွားစေသည်။
ထို့အပြင် ကျူးမင်လန်သည် ထိုမိကျောင်းဝိညာဉ်ငယ်လေး၏ နဖူးပြင်ထက်တွင် သေးငယ် သော အဖုအထစ်တစ်ခု ရှိနေသည်ကို သတိပြုမိလိုက်ရာ၊ ထိုအဖုထစ်လေးကို ထိတွေ့ ကြည့်လိုက်သည့်အခါ မာကျောသော အရိုးတစ်ခုကဲ့သို့ ထင်ရှားစွာ ခံစားလိုက်ရသည်။
ဒါက မဖွံ့ဖြိုးသေးတဲ့ လျှို့ဝှက်ဦးချိုတစ်ခုများလား။
လျှို့ဝှက်ဦးချိုပါတဲ့ မိကျောင်းတဲ့လား။
နဂါးတွေမှာပဲ ဦးချိုရှိတာလေ။
ကောင်းပြီ... ဒါဆိုရင်တော့ မင်းပဲ ဖြစ်ရမယ်။
နည်းနည်း အရုပ်ဆိုးပြီး မဟူရာရောင် ဖြစ်နေတာက ကိစ္စမရှိပါဘူး၊ ဆွဲဆောင်မှုရှိရှိနှင့် ချစ်စရာကောင်းနေဖို့မှ မလိုတာလေ။
နောင်တစ်ချိန်မှာ ကောင်းကောင်း တိုက်ခိုက်နိုင်ပြီး ကြံ့ခိုင်မူရှိရင်ကို အဆင်ပြေပါပြီ။
ထိုအေးစက်စက် သခင်လေးကတော့ စိတ်မရှည်နိုင်လောက်အောင် ဖြစ်နေရှာပြီ။
လီရှောင်ရင်က ကျူးမင်လန် ရွေးချယ်လိုက်သည့် ဝိညာဉ်သတ္တဝါငယ်ကို လှမ်းကြည့်လိုက် သော်လည်း သူ့မျက်နှာထက်တွင် ဝေခွဲမရ ဖြစ်နေမှုများက အပြည့်အဝ ပေါ်လွင်နေတော့ သည်။
တစ်ဖက်တွင်မူ ထိုအေးစက်စက် သခင်လေးကတော့ လှည့်ကြည့်ရန်ပင် စိတ်မဝင်စားချေ။ သူသည် ဤနေရာတွင် ဝိညာဉ်သတ္တဝါငယ်တစ်ကောင်ကို ရွေးချယ်ရန် လုံးဝ တန်ဖိုးမထား ဂရုမစိုက်ခြင်း ဖြစ်ပေသည်။
ဝိညာဉ်ချင်း ချည်နှောင်ပြီးသွားသည်နှင့် မိကျောင်းဝိညာဉ်ငယ်လေးသည် ကျူးမင်လန်၏ ဝိညာဉ်အိမ်မွေးတိရစ္ဆာန်အသစ် ဖြစ်လာခဲ့တော့သည်။
နောက်တစ်ဆင့်အနေဖြင့် နေထိုင်စရာ အစီအစဉ်များကို ပြုလုပ်ရသည်။ မျှော်လင့်ထား သည့်အတိုင်းပင် ထိုအေးစက်စက် သခင်လေးမှာ သူတို့နှင့် အတူတူနေထိုင်ခြင်းမရှိဘဲ၊ သူ့တွင် ကိုယ်ပိုင် သီးသန့်စံအိမ်ဝန်းတစ်ခု ရှိနေလေသည်။
ကျူးမင်လန်နှင့် လီရှောင်ရင်တို့ကိုမူ ကြီးမားသော စံအိမ်ဝန်းကြီးတစ်ခုအတွင်း ထားရှိ သည်။ ထိုနေရာတွင် ဘုံကျင့်ကြံရေးကွင်းပြင်တစ်ခု ရှိပြီး၊ ဘေးချင်းယှဉ်လျက် စီတန်း ဆောက်လုပ်ထားသော သီးခြားသစ်သားအိမ်ငယ် တစ်ဆယ့်နှစ်လုံးရှိကာ သန့်ရှင်းသပ်ရပ် ပြီး သက်တောင့်သက်သာ ရှိလှပေသည်။
အိမ်များ၏ နောက်ဘက်တွင်မူ ဝိညာဉ်နယ်မြေအတွင်းသို့ ခေါ်ဆောင်သွား၍ မရသေးသော ဝိညာဉ်သတ္တဝါငယ်များအတွက် သီးသန့်နေရာတစ်ခု ရှိသည်။ ဝိညာဉ်သတ္တဝါငယ်များ၏ နေထိုင်မှုအလေ့အထပေါ် မူတည်၍ ကျောင်းသားများက မိမိတို့ဘာသာ အနည်းငယ် ပြုပြင်မွမ်းမံမှုများ ပြုလုပ်ကြရသည်။
မိကျောင်းဝိညာဉ်ငယ်လေးမှာ ကုန်းရေနှစ်လီ ကျက်စားနိုင်သော သတ္တဝါဖြစ်သဖြင့် ကျူးမင်လန်က ၎င်းအတွက် ရေကန်ငယ်လေးတစ်ခု တူးပေးလိုက်သည်။ ရေကန်လေး၏ ပတ်ပတ်လည်ကို သန့်ရှင်းသော သဲပြင်များဖြင့် ဝန်းရံထားပြီး၊ သူသည် ဤဝိညာဉ်သတ္တဝါ ငယ်လေးကို မွေးမြူရန် ဆုံးဖြတ်လိုက်ပြီးဖြစ်၍ ၎င်းအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံရမည် မဟုတ်ပါလား။
အားလုံးကို သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီးနောက်၊ ကျူးမင်လန်က တစ်နေ့လျှင် သုံးကြိမ် အစားအစာများ ပြင်ဆင်ပေးထားပြီး ထမင်းစားဆောင်တွင် ကိုယ်အလိုရှိသည့် အချိန်တိုင်း သွားရောက်သုံးဆောင်နိုင်ကြောင်း သိရှိရသဖြင့် အံ့ဩသွားရ၏။ လက်ထဲတွင် ငွေကြေးရှိ သော ကျောင်းသားများအနေဖြင့်လည်း ဖီးနစ်တာရိုးမြို့ငယ်လေးသို့ သွားရောက်ကာ စိတ်ကြိုက် သုံးဖြုန်းနိုင်ကြသေးသည်။
သူ့အိပ်ရာကို ပြင်ဆင်ပြီးချိန်တွင် ညဉ့်အတော်လေး နက်နေပြီ ဖြစ်သည်။ ကျူးမင်လန် သည် ရေနွေးပူပူဖြင့် ချိုးလိုက်သဖြင့် လန်းဆန်းကာ သက်တောင့်သက်သာ ရှိသွားသော် လည်း၊ ချက်ချင်းဆိုသလိုပင် ပင်ပန်းနွမ်းနယ်မှု လှိုင်းလုံးကြီးက ရိုက်ခတ်လာတော့သည်။
သူသည် တကယ်ကို ပင်ပန်းနေပြီဖြစ်၍ အိပ်ရာပေါ်တွင် လှဲလျောင်းကာ မျက်လုံး မှိတ်လိုက်သည်နှင့်တစ်ပြိုင်နက် အိပ်မောကျသွားတော့သည်။ ဖိနှိပ်ထားသော စိတ်ခံစား ချက်များ လွတ်မြောက်သွားခြင်းကြောင့် ဖြစ်နိုင်သည်၊ သူသည် အလွန်ပင် နှစ်ခြိုက်စွာနှင့် သက်တောင့်သက်သာ အိပ်ပျော်သွားခဲ့ပြီး အိပ်မက်ထဲမှာပင် ထောင်တွင်းအကျဉ်းထောင် ဆီသို့ တစ်ခေါက် ပြန်လည်ရောက်ရှိသွားခဲ့သေးသည်...
နံနက်ခင်း၏ နေရောင်ခြည်ဖျော့ဖျော့က ညင်သာစွာ ဖြာထွက်လာပြီး အိမ်အပြင်ဘက်မှ အခြားကျောင်းသားများ၏ ပြင်းပြင်းထန်ထန် အော်ဟစ်ကြိမ်းမောင်းသံများ ထွက်ပေါ်နေ ပြီ ဖြစ်သည်။ ရည်မှန်းချက်ကြီးမားသည့် လူငယ်အချို့မှာမူ သူတို့၏ ဝိညာဉ်သတ္တဝါငယ် များ မကြာမီ နဂါးအဖြစ်သို့ အသွင်ပြောင်းလဲနိုင်ရန် မျှော်လင့်ချက်ဖြင့် ကျင့်ကြံ မောင်းနှင် နေကြပြီ ဖြစ်သည်။
ပိုင်ချီလေး နဂါးအဖြစ်သို့ အသွင်ပြောင်းလဲရန်မှာမူ နောက်ထပ် ရက်အနည်းငယ်ခန့် လိုအပ်ဦးမည် ဖြစ်သည်။ ကျူးမင်လန်သည် ဤကဲ့သို့ ရှားပါးလှသော အေးချမ်းမှုကို ခံစားရင်း ထိုလူငယ်များ၏ နံနက်ခင်း ကျင့်ကြံသံများကြောင့် စိတ်လှုပ်ရှားမှုကို မထိန်းနိုင် ဘဲ ရှိနေမိသည်။
သူလည်းပဲ ပိုပြီး ကြိုးစားအားထုတ်သင့်နေပြီလားဟု တွေးတောမိလိုက်သည်။
"ဝူးဝူး အူးအူး"
အိမ်နောက်ဘက်ရှိ ရေကန်လေးထဲမှ မိကျောင်းဝိညာဉ်ငယ်လေး၏ အော်ဟစ်သံ ထွက်ပေါ်လာသည်။
ထိုအခါမှသာ ကျူးမင်လန်သည် သူ၏အတွေးများကို ရုပ်သိမ်းလိုက်ပြီး သူအခုလေးတင် မွေးမြူလိုက်သည့် မိကျောင်းဝိညာဉ်ငယ်လေးကို သွားရောက်ကြည့်ရှုလိုက်တော့သည်။ "မင်းလည်း ကျင့်ကြံချင်လို့လား။ ဟုတ်ပါတယ်... မင်းက အခုလောလောဆယ် သေးလွန်း သေးတာပဲ။ လောလောဆယ်တော့ ဒီရေကန်ထဲမှာပဲ ကူးခတ်နေလိုက်ဦး" ကျူးမင်လန်က မိကျောင်းဝိညာဉ်ငယ်လေးကို ပြောလိုက်သည်။
သူက လက်ဖဝါးကို ဆန့်တန်းကာ သဲပြင်ဘေးတွင် ချထားလိုက်သည်။ မိကျောင်းဝိညာဉ် ငယ်လေးသည် သူ၏သွယ်လျသော လက်ချောင်းများအတိုင်း လက်ဖဝါးပေါ်သို့ တွားတက် လာပြီးနောက်၊ သူ့ပုခုံးထက်ဆီသို့ ညင်သာစွာ ရွှေ့လျားသွားကာ ကျူးမင်လန်၏ ပုခုံးပေါ် တွင် လိမ္မာရေးခြားရှိစွာ မှောက်လျက် လိုက်ပါလာခဲ့သည်။
ကျူးမင်လန် အိမ်ပြင်သို့ ထွက်လာခဲ့သည့်အခါ မိကျောင်းဝိညာဉ်ငယ်လေး၏ လုံးဝန်းသော မျက်ဝန်းကြီးများမှာ စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေပြီး ၎င်း၏ဘေးပတ်ပတ်လည်ရှိ အရာအားလုံး လူသားများ၊ သစ်ပင်များ၊ စံအိမ်ဝန်းနှင့် အခြားသော ဝိညာဉ်သတ္တဝါငယ်များ ကို စူးစမ်းလိုစိတ် သုံးပုံနှင့် သတိကြီးစွာ ထားရှိမှု ခုနစ်ပုံတို့ဖြင့် အကဲခတ်ကြည့်ရှုနေခဲ့ သည်။
"မင်း နည်းနည်းကြီးလာသလိုပဲ၊ တစ်ရက်တည်းနဲ့ အများကြီး ပိုလေးလာတယ်" ကျူးမင်လန်က သေတ္တာတစ်လုံးကို ဖွင့်လိုက်ပြီး သူ့ပုခုံးပေါ်ရှိ မိကျောင်းဝိညာဉ်ငယ်လေး ထံသို့ ဝါးတံလေးတစ်ချောင်းဖြင့် အသင့်ပြင်ထားသော အသားတိုး ပိုးစာကောင်ကြီး တစ်ကောင်ကို ကမ်းပေးရင်း ပြောလိုက်သည်။
မိကျောင်းဝိညာဉ်ငယ်လေးသည် ဝါးပင်မဝါးဘဲ တစ်လုတ်တည်းဖြင့် အငမ်းမရ မျိုချ ပစ်လိုက်တော့သည်။
အိမ်ပြင်သို့ လှမ်းခြေချလိုက်သည်နှင့် ကျူးမင်လန်သည် လူငယ်နှင့် ဆယ်ကျော်သက်အချို့ စုဝေးကာ တစ်ခုခုကို အားတက်သရော ဆွေးနွေးငြင်းခုံနေကြသည်ကို ချက်ချင်း မြင်တွေ့ လိုက်ရ၏။ သူတို့အားလုံးသည် ကျူးမင်လန်၏ အတန်းဖော်များ ဖြစ်ကြပုံရပေသည်။
"မင်းတို့က သူမကို လူကိုယ်တိုင် မမြင်ဖူးလို့ပါ။ သူမက နတ်သမီးလေးတစ်ပါးလို လှပလွန်း တာ။ ဒါက နတ်ဘုရားတွေဒဏ်ခတ်တဲ့ ရက်စက်တဲ့ ကံကြမ္မာပဲ၊ သူမကိုမှ ဘာလို့ ဒီလိုမျိုး ဆက်ဆံရတာလဲ။"
"သူမကို စော်ကားခဲ့တဲ့လူက တောင်းစားအိုးကြီးတစ်ယောက်လို့ မင်းတို့ ကြားမိလား။"
"ငါကြားတာတော့ လူငယ်လေလွင့်တစ်ယောက်တဲ့။"
"မင်းတို့ ဘာမှမသိပါဘူး။ ဝူထူလို ဖရိုဖရဲဖြစ်နေတဲ့ အရပ်ဒေသမှာ သူမရဲ့ နတ်သမီးတစ်ပါး လို အလှအပမျိုးနဲ့ဆိုရင် လူတိုင်းက မြည်းစမ်းကြည့်ချင်ကြမှာပဲ။ အကျဉ်းထောင်ထဲမှာ ပိတ်လှောင်ခံထားရတာကိုပဲ စဉ်းစားကြည့်ဦး။ ထောင်စောင့်တောင်မှ ဒီအလှအပကို တောင့်ခံနိုင်မှာ မဟုတ်ဘူးလေ။"
"ကျေးဇူးပြုပြီး တော်ကြပါတော့၊ တော်ကြဖို့ ငါတောင်းပန်ပါတယ်။ သူမက ငါ့ရဲ့ နေမင်း ကြီး၊ လမင်းကြီးနဲ့ ကြယ်တာရာတွေလိုပဲ။ ဒီလို မဖွယ်မရာ ကိစ္စတွေကို ဆက်မပြောကြပါနဲ့ တော့။"
"ဘယ်သူမှ မင်းကို မတားပါဘူးကွာ၊ ဒါပေမဲ့ မင်းက စိတ်လှုပ်ရှားလွန်ပြီး သွားရည်ကျနေ ပုံစံမျိုး ဘာလို့ ငါခံစားနေရတာလဲ။"
အဆောင်ခြံဝန်းအတွင်း၌ ဤလူစုသည် နံနက်စောစောစီးစီး မြို့ငယ်လေးအတွင်း ဟိုးလေး တကျော်ရေပန်းစားနေသည့် အကြောင်းအရာကို ဆွေးနွေးနေကြခြင်း ဖြစ်သည်။
ကျူးမင်လန်က သူတို့အနားမှ ဖြတ်လျှောက်သွားရင်း သူ့မျက်ခုံးအစုံကို တွန့်လိုက်မိသည်။
ကောလာဟလတွေက ဘယ်လိုတောင် တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး အဓိပ္ပာယ်မရှိ အောက်တန်းကျ ဆိုးဝါးလာရတာလဲ။