← Chapters

အခန်း ၁၄

Vol. 2 Ch. 14

အခန်း ၁၄

Vol. 2 Ch. 14

အခန်း (၁၄) ဒီအလုပ်ကို လူဦးသွားခဲ့ပြီ။

အရုဏ်ဦး အလင်းရောင်က ကောင်းကင်ယံထက်တွင် စတင်ပျိုးဖျန်းလာခဲ့ပြီ။

အတန်ငယ် ငြီးငွေ့ဖွယ်ကောင်းသော အိမ်ခြံဝန်းအနှံ့တွင် ဆီးနှင်းမြူပွင့်များ ကပ်ညှိနေပြီး၊ ခါးသီးဖွယ် မကျေနပ်မှုများ ပြည့်နှက်နေသော မျက်နှာပေးဖြင့် လူငယ်တစ်ဦးသည် တံမြက်စည်းကြီးတစ်ချောင်းကို ကိုင်ကာ ဘုံအများသုံးကွင်းပြင်ကို လှည်းကျင်းနေလေ သည်။ ထိုနေရာတွင် ကြီးမားသော နဂါးငယ်များ၏ အရေခွံဖတ်များ၊ ကျိုးပဲ့နေသော အကြေးခွံများ၊ သားရဲများ ထွေးအန်ထားသည့် သလိပ်ဖတ်များနှင့် တန်ဖိုးနည်း သစ်သား တိုင်များ၊ ကောက်ရိုးလူရုပ်များ၏ အကြွင်းအကျန်များစွာ ဖရိုဖရဲ ပြန့်ကျဲနေခဲ့၏။

"ငါ ဒီနေရာကို ရောက်လာပြီးရင် ဒီလို ပင်ပန်းတဲ့ အလုပ်ကြမ်းတွေကို လုပ်စရာမလိုတော့ ဘူးလို့ ထင်ထားတာ။ ဦးချိုကြီး... မင်းကတော့ တကယ်ကို စွမ်းဆောင်ရည် ညံ့ဖျင်းလွန်းပါ တယ်ကွာ။ မင်းသာ အဲဒီဝံပုလွေဝိညာဉ်ကြီးကို လဲကျသွားအောင် တိုက်ခိုက်နိုင်ခဲ့ရင် ငါတို့ ဒီလိုမျိုး အိမ်ခြံဝန်းကို လိုက်လှည်းနေစရာ လိုပါ့မလား" လီရှောင်ရင်က မနေ့က ဖြစ်ပွားခဲ့ သော နဂါးတိုက်ပွဲကို ပြန်လည်တွေးတောရင်း ညည်းညူမြည်တမ်းလိုက်၏။

ပြိုင်ဘက်မှာ ဝံပုလွေဝိညာဉ် နဂါးငယ်တစ်ကောင်ဖြစ်ပြီး သီအိုရီအရဆိုလျှင် သူ၏ ဦးချိုပါ နွားသိုးနဂါးငယ်ကို ယှဉ်နိုင်စွမ်း မရှိသင့်ပေ။ သို့သော်ငြားလည်း သူ၏ ဦးချိုပါ နွားသိုးနဂါး ငယ်မှာ တိုက်ပွဲအတွင်း မယုံနိုင်လောက်အောင် ထိုင်းမှိုင်းလေးလံနေခဲ့ပြီး တစ်ဖက်လူ၏ ကစားခြင်းကိုသာ တောက်လျှောက် ခံခဲ့ရရှာသည်။

"ငါတို့ ပိုပြီး ကြိုးစားအားထုတ်ရမယ်။ နောက်တစ်ကြိမ်ကျရင် ငါတို့ရဲ့ ဂုဏ်သိက္ခာကို မဖြစ်မနေ ပြန်ဆယ်ရမယ်" လီရှောင်ရင်က သူ့ဘာသာ တိုးတိုးရေရွတ်နေမိသည်။

"ကျွိ..."

အိမ်ခြံဝန်း တံခါးကြီး ပွင့်ဟသွားကာ လေးလံသောအသံတစ်သံ ထွက်ပေါ်လာခဲ့သဖြင့် လီရှောင်ရင်မှာ အတန်ငယ် အံ့ဩသွားရပြီး ဝင်ပေါက်ဆီသို့ လှမ်းကြည့်လိုက်တော့သည်။

ဘယ်သူကများ ဒီလောက်စောစောကြီး ထတာပါလိမ့်။

နေတောင် မထွက်သေးခင်မှာ နံနက်ခင်း လေ့ကျင့်ခန်းတွေကို ပြီးဆုံးအောင် လုပ်နိုင်တဲ့ အထိ တကယ်ကို ဒီလောက် ဝီရိယကောင်းပြီး ကြိုးစားအားထုတ်တဲ့လူ ရှိနေတာလား။

မကြာမီမှာပင် လီရှောင်ရင်သည် ကျူးမင်လန်တစ်ယောက် အပြင်ဘက်ကနေ ပြန်လာ သည်ကို လှမ်းမြင်လိုက်ရသည်။ သူ့ခြေလှမ်းများကို ကြည့်ရုံဖြင့် ပင်ပန်းနွမ်းနယ်နေ ကြောင်း သိသာပြီး သူ့မျက်နှာထက်တွင်လည်း ဇဝေဇဝါဖြစ်နေမှုများဖြင့် ပြည့်နှက်နေခဲ့ သည်။

...

သူ့အခန်းထဲ ပြန်ရောက်သောအခါ ကျူးမင်လန်က သူ့ကျောပေါ်မှ ကြီးမားသော ဝါးခြင်း တောင်းကြီးကို ချလိုက်၏။ သူသည် အိမ်နောက်ဘက်သို့ ပတ်သွားလိုက်သည့်အခါ မိကျောင်းဝိညာဉ်ငယ်လေးသည် သဲပြင်ပေါ်တွင် ဝပ်စင်းလျက်၊ အနံ့အနည်းငယ် နံစော်နေ သော ကျောက်စက်ပြောက်ငါးအချို့ကို ထိုအနံ့ကြောင့် မျိုချရခက်ခဲနေသည့်ကြားမှပင် နှေးကွေးသောအရှိန်ဖြင့် ကိုက်ဖဲ့စားသုံးနေသည်ကို တွေ့လိုက်ရသည်။

ကျူးမင်လန်က စိတ်မကောင်းစွာဖြင့် ပြုံးလိုက်မိသည်။

ဟူး... ဒီကောင်လေးက ငါတို့ ဆင်းရဲသွားတာကို သိနေပုံရတယ်၊ အရသာမရှိတဲ့ အစား အစာကိုတောင် အတင်းအဓမ္မ မျိုချဖို့ လိုလိုလားလား ရှိနေရှာတာပဲ။

"သွားမည်းလေး... ငါ ဘာယူလာလဲ ကြည့်လိုက်ဦး" ကျူးမင်လန်က ကြီးမားသော ဝါးခြင်း တောင်းကို မိကျောင်းဝိညာဉ်ငယ်လေး၏ ရှေ့တွင် ချထားလိုက်သည်။

ခြင်းတောင်းကို စောင်းလိုက်သည်နှင့် ဆူဖြိုးပြီး အဆီတစ်ဝင်းဝင်းဖြစ်နေသော အသားတိုး ပိုးစာကောင်ကြီးများ လိမ့်ထွက်လာခဲ့ရာ၊ ထိုမြင်ကွင်းကြောင့် မိကျောင်းဝိညာဉ်ငယ်လေး ၏ လုံးဝန်းသော မျက်ဝန်းကြီးများမှာ ချက်ချင်း အရောင်တောက်သွားတော့သည်။

သူက ဝုန်းခနဲ အပြေးအလွှား ရောက်လာပြီး လိမ့်ထွက်နေသော အသားတိုး ပိုးစာကောင် အနည်းငယ်ကို ပထမဆုံး အငမ်းမရ မျိုချပစ်လိုက်သည်။ ထို့နောက်တွင်မူ ငတ်မွတ်နေ သော ဝက်ကလေးတစ်ကောင်ပမာ သူ့ဦးခေါင်းကို ခြင်းတောင်းထဲသို့ ထိုးနှစ်လိုက်ပြီး၊ သူ၏ ဆူဖြိုးသော တင်ပါးနှင့် အမြီးကို ဘယ်ညာရမ်းခါရင်း မြိန်ရှက်စွာ စားသောက်တော့ သည်။

အငမ်းမရ စားသောက်ပြီးနောက် မိကျောင်းဝိညာဉ်ငယ်လေးသည် နောက်ဆုံးတွင် ဗိုက်ပြည့်သွားခဲ့ပြီ။ ခြင်းတောင်းထဲတွင် တစ်ကောင်မျှပင် ကျန်ရစ်ခြင်းမရှိတော့ပေ။ သူက စိတ်ကျေနပ်မှုအပြည့်ရှိသော မျက်နှာပေးဖြင့် ကျူးမင်လန်၏ ဘေးသို့ တွားတွားတက်လာ ကာ သူ၏စိုစွတ်လှသော လျှာကြီးဖြင့် သံယောဇဉ်ရှိကြောင်း ပြသသည့်အနေဖြင့် သူ့ကို တပြတ်ပြတ် ရက်နေတော့သည်။

"မလုပ်နဲ့၊ မလုပ်နဲ့... ငါ့တစ်ကိုယ်လုံး နံစော်နေပြီ။ ရေချိုးဖို့ လိုနေပြီကွ" ကျူးမင်လန်သည် စေးကပ်နေသော မိကျောင်းနဂါးငယ်လေးကို ဘေးသို့ တွန်းထုတ်လိုက်သည်။

မိကျောင်းနဂါးငယ်လေးကမူ လုံးဝ ဂရုမစိုက်ဘဲ၊ သူ့သွားရည်များ ကျူးမင်လန်၏ မျက်နှာ အနှံ့ ပေကျံသွားသည်အထိ တိုးဝှေ့ချွဲနွဲ့နေပြီးမှ သူ့ရေကန်လေးဆီသို့ စိတ်ကျေနပ်စွာဖြင့် ပြန်လည်သွားတော့သည်။

ကျူးမင်လန်လည်း ထရပ်လိုက်ပြီး အနံ့နံနေသော ကျောက်စက်ပြောက်ငါးများကို ပထမ ဆုံး စွန့်ပစ်ရန် ပြင်လိုက်သော်လည်း၊ မိကျောင်းနဂါးငယ်လေးက သူ့ကို လှမ်းကြည့်နေ သည့် အကြည့်တွင်မူ တွန့်တိုနှမြောနေပုံရသည်။

သွားမည်းလေး၏ ဉာဏ်ရည်ဉာဏ်သွေးမှာ နိမ့်ကျလှသည် မဟုတ်ပေ။ ကျူးမင်လန်သည် ထိုပိုးကောင်ခြင်းတောင်းနှင့် လဲလှယ်ရန်အတွက် တစ်ညလုံး အလုပ်ရှုပ်နေခဲ့ရခြင်း ဖြစ်ကြောင်း သဘောပေါက်ပုံရသည်။ ထို့ကြောင့် သူ နောက်တစ်ကြိမ် ထပ်မံဆာလောင် လာပါက အဆင်ပြေအောင် စားသုံးနိုင်ရန်အတွက် ထိုကျောက်စက်ပြောက်ငါးများကို သိမ်းဆည်းထားရန် ကြံရွယ်နေခြင်း ဖြစ်သည်။

"စိတ်မပူပါနဲ့... နောက်တစ်နပ်အတွက်လည်း အစားအစာ ရှိမှာပါ။ မနက်ဖြန်မနက်ကျရင် မင်း ဒီနေ့ထက်တောင် ပိုပြီးကြီးတဲ့ ခြင်းတောင်းအကြီးကြီး နောက်တစ်လုံးကို မြင်ရလိမ့် မယ်။ ဒါတွေကို ငါတို့ ဆက်သိမ်းထားဖို့ မလိုတော့ဘူး" ကျူးမင်လန်က မိကျောင်း နဂါးငယ်လေးကို နှစ်သိမ့်လိုက်သည်။

မိကျောင်းနဂါးငယ်လေးသည် ဤစကားကို ကြားလိုက်ရသည့်အခါ အလွန်အမင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပုံရပြီး၊ ၎င်း၏ ချစ်စရာကောင်းပြီး အရုပ်ဆိုးလှသော ဦးခေါင်း ကြီးကို ကျူးမင်လန် ပွတ်သပ်ပေးနိုင်ရန် ရှေ့သို့ တိုးပေးလာခဲ့သည်။

"မင်း သွားပြီး အိပ်လိုက်ဦး။ နိုးလာတဲ့အခါကျရင် ငါတို့ လေ့ကျင့်ခန်း လုပ်ကြရမယ်။ ကြိုပြီး ပြောထားရမယ်ဆိုရင်တော့ ငါက လေ့ကျင့်ပေးတဲ့နေရာမှာ သွေးအေးတဲ့ မိစ္ဆာကောင်ကြီး တစ်ကောင်လိုပဲနော်" ကျူးမင်လန်က ဆိုလိုက်သည်။

"ဝူး ဝူး" မိကျောင်းနဂါးငယ်လေးကလည်း ပိုမိုသန်မာလာချင်သည့် ဆန္ဒအပြည့်ဖြင့် ပြန်လည် ထူးလိုက်သည်။

ရေချိုးပြီးနောက် အိပ်ရာပေါ်တွင် လှဲလျောင်းလိုက်သည့်အခါ၊ အလွန်ပင် ပင်ပန်းနွမ်းနယ် နေသော်လည်း ကျူးမင်လန်သည် ချက်ချင်း အိပ်ပျော်သွားခြင်း မရှိခဲ့ပါချေ။

ပိုးစာကောင်တစ်ခြင်းတောင်း ရရှိရန်အတွက် အရံနဂါးများ သိုလှောင်ရာ ခန်းမဆောင်ကို တစ်ညလုံး သန့်ရှင်းရေးလုပ်ရသည့်အလုပ်မှာ ရေရှည်အတွက် မဖြစ်နိုင်ပါချေ။ မိကျောင်း နဂါးငယ်လေး၏ မနက်ဖြန်အတွက် အစားအစာကို သေချာစေရန် သူ ယနေ့ညတွင်လည်း ထပ်မံသွားရောက်ရဦးမည်ဖြစ်သော်လည်း ဤသို့ ရာသက်ပန် ဆက်သွားနေ၍ မရနိုင်ပေ။

ပိုင်ချီသည်လည်း အချိန်မရွေး နိုးထလာနိုင်ပြီး ပျားရည်၏တန်ဖိုးမှာ ပိုးစာကောင်များထက် အဆပေါင်းများစွာ ပိုမိုမြင့်မားလှရာ ဤကဲ့သို့ အထွေထွေအလုပ်တွေကို လုပ်ကိုင်ရုံမျှဖြင့် လဲလှယ်၍ ရနိုင်သော အရာမဟုတ်ပေ။ တစ်ဖက်တွင်လည်း မိကျောင်းနဂါးငယ်လေး၏ အစားအစာကို ရှာဖွေထောက်ပံ့ပေးနေရခြင်းကပင် ကျူးမင်လန်၏ အချိန်အများစုကို ကုန်ဆုံးစေနေပြီဖြစ်သည်...

မိကျောင်းနဂါးငယ်လေးသည် နောင်တွင် ပိုမိုကြီးထွားလာဦးမည်ဖြစ်ပြီး အရှည် နှစ်မီတာ သို့မဟုတ် သုံးမီတာအထိ ရောက်ရှိလာလိမ့်မည်။ ၎င်း၏ စားသောက်လိုစိတ်မှာလည်း အဆပေါင်းများစွာ တိုးပွားလာမည်ဖြစ်ရာ ကျူးမင်လန်အနေဖြင့် နေ့ရောညပါ မည်မျှပင် အလုပ်ကြမ်းများ လုပ်ကိုင်ပါစေ ၎င်းကို ဝပြောအောင် ကျွေးမွေးနိုင်မည် မဟုတ်ကြောင်း ကောင်းစွာ သိရှိထားသည်။ သို့ဆိုလျှင် လေ့ကျင့်ခန်းလုပ်ရန် အချိန်ကို သူ ဘယ်ကနေ ရှာကြံနိုင်ပါတော့အံ့နည်း။

"ငါ အရံနဂါးသိုလှောင်ရာ ခန်းမဆောင်ကနေ ပြန်လာတုန်းက အကယ်ဒမီရဲ့ တာဝန်ပေး ချက် ဘုတ်ပြားထက်မှာ ဆုလာဘ်ကောင်းတဲ့ တာဝန်တစ်ခု ရှိနေတာကို တွေ့မိလိုက်သလို ပဲ။ ခဏလောက် တစ်ရေးမှိတ်ပြီး မွန်းမတည့်ခင်မှာ သွားရောက်စမ်းသပ်ကြည့်ရမယ်"

အကယ်ဒမီအတွင်း၌ ကျောင်းသားများ သို့မဟုတ် နဂါးထိန်းများ လက်ခံဆောင်ရွက်နိုင်ရန် တာဝန်အချို့ကို ထုတ်ပြန် ကြေညာပေးလေ့ရှိသည်။ နဂါးများနှင့် နဂါးငယ်များကို မွေးမြူ ခြင်းမှာ ကုန်ကျစရိတ် အတော်လေး များပြားလွန်းသဖြင့် မည်သည့်နောက်ခံအင်အားမျှ မရှိသော ကျောင်းသားများအနေဖြင့် ကိုယ်တိုင် ထောက်ပံ့နိုင်ရန် အလုပ်တစ်ခုခု လုပ်ကိုင် ရုံ သို့မဟုတ် ဤအကယ်ဒမီ တာဝန်ပေးချက်များမှတစ်ဆင့် ဝင်ငွေရရှိရန် အားကိုးကြရ သည်။

ထိုအရာများထဲတွင် ဝင်ငွေအကောင်းဆုံး တာဝန်များမှာမူ နဂါးအမဲလိုက်ခြင်း ကိစ္စရပ်များ ဖြစ်ကြသည်။

ထို့အပြင် နဂါးငယ်များနှင့် ဝိညာဉ်သတ္တဝါငယ်များကို စောင့်ရှောက်ပေးခြင်း၊ နဂါးလိုဏ်ဂူ များကို သန့်ရှင်းရေးလုပ်ခြင်းစသည့် ပင်ပင်ပန်းပန်းလုပ်ကိုင်ရသည့် လုပ်အားခ သက်သက် ရသော အလုပ်မျိုးလည်း ရှိသေးသည်။

ကျူးမင်လန်သည် အရံနဂါးသိုလှောင်ရာ ခန်းမဆောင်မှ အဘိုးအိုနှင့် စကားပြောခဲ့ပြီး ဖြစ်ရာ ညပိုင်းတွင် ထိုနေရာ၌ ဝိညာဉ်သတ္တဝါငယ်များကို ကူညီစောင့်ရှောက်ပေးနိုင်သည်။ အစေခံအလုပ်သမားအသစ်များက ဝိညာဉ်သတ္တဝါငယ်များနှင့် နဂါးငယ်များ၏ နေထိုင်မှု အလေ့အထကို နားမလည်ကြသဖြင့် ခန်းမဆောင်ကိုသာ သန့်ရှင်းရေးလုပ်ကြရမည် ဖြစ်သည်။ သူကိုယ်တိုင်ကမူ စစ်မှန်သော နဂါးထိန်းကျောင်းခြင်းပညာရပ် သင်ယူနေသည့် ကျောင်းသားတစ်ဦးဖြစ်သဖြင့် ဤအလုပ်အတွက် အရည်အချင်း ပြည့်မီပေသည်။

တစ်ညလုံး အလုပ်လုပ်ခြင်းဖြင့် အသားတိုးပိုးစာကောင်ကြီးများ အပြည့်ထည့်ထားသည့် ခြင်းတောင်းနှစ်လုံးနှင့် လဲလှယ်နိုင်မည် ဖြစ်သည်။ ထိုအဘိုးအိုသည် ယနေ့ညတွင်လည်း ကျူးမင်လန်ကို လိုအပ်နေသဖြင့် အကယ်၍ သူ ယနေ့ညတွင် နောက်ထပ် တစ်ညလုံး အိပ်ရေးပျက်ခံ လုပ်ကိုင်လိုက်မည်ဆိုပါက နောက်ထပ်နှစ်ရက်စာအတွက် အစားအစာ ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မည်။ သူသည် ပျားရည်များကို ပြင်ဆင်နိုင်ရန် အတွက် လာမည့်နှစ်ရက်အတွင်း ဆုလာဘ်ပိုမိုမြင့်မားသော အခြားတာဝန်တစ်ခုကို ထပ်မံ ရှာဖွေရန် လိုအပ်ပေသည်။

"ဟူး... ဒီလိုမျိုး အစီအစဉ်တကျနဲ့ ဘဝကို ဖြတ်သန်းခဲ့ရတာ တော်တော်လေးကို ကြာသွား ခဲ့ပြီပဲ"

ကျူးမင်လန် သက်ပြင်းချလိုက်မိသည်။ အနာဂတ်လမ်းခရီးမှာ ပိုမိုခက်ခဲလာတော့မည် ဖြစ်သော်လည်း ဘဝက မျှော်လင့်ချက်အပြည့်ဖြင့် စောင့်စားချင်စရာကောင်းသော အရာ တစ်ခု ဖြစ်လာခဲ့ချေပြီ။

...

ကျူးမင်လန်သည် အချိန်အလုံအလောက် မရှိသဖြင့် အကြာကြီး အိပ်စက်ခြင်း မပြုခဲ့ပါ ချေ။ သဘာဝအတိုင်းပင် အိပ်ချိန်ကို လျှော့ချလိုက်ခြင်းကသာ အသင့်တော်ဆုံး ဖြစ်သည်။ သူသည် မိကျောင်းနဂါးငယ်လေးနှင့် ပိုင်ချီတို့အတွက် အစားအစာများ ပြင်ဆင်နိုင်ရန် အချိန်ကို အကျိုးရှိရှိ အသုံးပြုရမည် ဖြစ်သည်။

ထမင်းစားဆောင်တွင် သူက အစားအစာအချို့ကို ပါးစပ်ထဲသို့ အမြန်အဆန် ကောက်ထည့် လိုက်ပြီးနောက် သူ လက်ခံဆောင်ရွက်နိုင်မည့် တာဝန်များကို ကြည့်ရှုရန်အတွက် အကယ်ဒမီ၏ တာဝန်ပေးချက် ဘုတ်ပြားဆီသို့ အပြေးအလွှား သွားရောက်ခဲ့တော့သည်။

"ရှူး... စစ်မြေပြင် တာဝန်တွေ၊ မြို့တွေကို တိုက်ခိုက်ရတဲ့ တာဝန်တွေတောင် ရှိတာပဲ... ဒါတွေကတော့ နဂါးထိန်းတွေအတွက် ဖြစ်မှာ သေချာတယ်။ အကယ်ဒမီရဲ့ လက်တံက တကယ်ကို ကျယ်ပြန့်လွန်းတာပဲ" ကျူးမင်လန်က ရှုပ်ထွေးနေသည့် တာဝန်ပေးချက် ဘုတ်ပြားကို ကြည့်ရင်း ခေါင်းခဲစွာဖြင့် ရေရွတ်လိုက်သည်။

စစ်မြေပြင်သို့ သွားရောက်ရသည့် တာဝန်များ၏ ဆုလာဘ်မှာမူ မယုံနိုင်လောက်အောင် ကြီးမားလှသည်၊ တစ်ဦးတစ်ယောက်ချင်းစီအနေဖြင့် ထိုမြို့၏ အခွန်ဘဏ္ဍာ လေးပုံတစ်ပုံ ကိုပင် ရရှိနိုင်ခြေ ရှိလေသည်။

အကယ်၍ ပိုင်ချီသာ အဆင့်နိမ့်ကျသွားခြင်း မရှိခဲ့လျှင် ကျူးမင်လန်အနေဖြင့် သွားရောက် စမ်းသပ်ကြည့်မိကောင်း ကြည့်မိလိမ့်မည်။

မြို့တစ်မြို့၏ အခွန်ဘဏ္ဍာကို ပိုင်ဆိုင်ခြင်းဖြင့် အသားတိုးပိုးစာကောင်များ တောင်ပုံယာပုံ ဖြင့်ပင် လဲလှယ်နိုင်မည်။ ဟမ်... ငါက ဘာလို့ အသားတိုးပိုးစာကောင်တွေနဲ့ပဲ လိုက်ပြီး နှိုင်းယှဉ်မိနေရတာလဲ၊ ရည်မှန်းချက်က တကယ်ကို သေးသိမ်လွန်းနေတာပဲ။

"လီချွမ်းရေအိုင်အတွင်းရှိ ငါးမိစ္ဆာများသည် အရေအတွက် အလွန်တရာ များပြားစွာ သောင်းကျန်းလာကြပြီး၊ ညဘက်တွင် မိတ်လိုက်အော်ဟစ်ကြကာ ကမ်းစပ်၌ ကျောက်ခဲ ကဲ့သို့ မာကျောသော ဥများကို ဥချကြသည်။ ၎င်းက အကယ်ဒမီနှင့် လီချွမ်းရေအိုင်၏ သဘာဝအလှတရားကို ပြင်းထန်စွာ ထိခိုက်ပျက်စီးစေရုံသာမက၊ ထိုထောင်လွှားစော်ကား နေသော ငါးမိစ္ဆာများသည် မြို့ငယ်လေးရှိ တံငါသည်များကိုပါ တိုက်ခိုက်ကြသဖြင့် တကယ်ကို ယုတ်မာဆိုးသွမ်းလှပေသည်..."

ကျူးမင်လန်က ဤသတ်မှတ်ထားသော တာဝန်ပေးချက်ကို ဖတ်ရှုလိုက်သည်။

အပြာစင်းပြောက် ငါးမိစ္ဆာများကို ရှင်းလင်းခြင်း။

၎င်းက အတော်ပင် ကို့ယို့ကားယားနိုင်ပြီး စိတ်ရှုပ်စရာကောင်းသော တာဝန်တစ်ခု ဖြစ်သည်။

စစ်မှန်သော နဂါးများကို ပိုင်ဆိုင်ထားသည့် နဂါးထိန်းများသည် ဝိညာဉ်ဆိုးငယ်လေးများ ကို ရှင်းလင်းရမည့် ယခုကဲ့သို့ အထွေထွေအလုပ်မျိုးကို လုပ်ဆောင်ရန် အရေးမလုပ် နှာခေါင်းရှုံ့လေ့ရှိကြသည်။ ထိုဝိညာဉ်ဆိုးငယ်လေးများအားလုံးတွင် ၎င်းတို့ကိုယ်ပိုင် လွတ်မြောက်နိုင်မည့် နည်းလမ်းများနှင့် ပိုမိုသန်မာသော သတ္တဝါများထံမှ ပုန်းအောင်းနိုင် မည့် မွေးရာပါ စိတ်အာရုံများ ရှိကြသောကြောင့် ဖြစ်သည်။ နဂါးရင်သွေးတစ်ကောင်ဖြင့် ဤတာဝန်ကို ကိုင်တွယ်ဖြေရှင်းမည်ဆိုပါက အချိန်အတော်လေး ကုန်ဆုံးစေမည်ဖြစ်ပြီး ရရှိမည့် ဆုလာဘ်ကလည်း မများပြားလှချေ။

ဝိညာဉ်သတ္တဝါငယ်များထဲတွင်မူ ၎င်းတို့သည် ရေထဲ၌ မည်သို့ရှင်သန်ရမည်ကို သင်ယူရန် လိုအပ်ပြီး ထက်မြက်သော အမဲလိုက်စွမ်းရည်များ ရှိရန် လိုအပ်သည်။ နဂါးငယ်အများစုမှာ ဤတာဝန်အတွက် အရည်အချင်း ပြည့်မီနိုင်ကြမည် မဟုတ်ဘဲ၊ ငါးမိစ္ဆာအုပ်စုကြီး၏ ဝိုင်းရံ တိုက်ခိုက်ခြင်းကို ခံရကာ အသက်ဆုံးရှုံးရသည်အထိပင် ဖြစ်သွားနိုင်သည်။

ကံကောင်းထောက်မစွာဖြင့် မိကျောင်းဝိညာဉ်ငယ်လေးမှာ ငါးမျိုးနွယ်စုများကို အမဲလိုက် သည့်နေရာတွင် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေပေသည်။

မွန်းလွဲပိုင်းအချိန်မှာ မိကျောင်းဝိညာဉ်ငယ်လေးအတွက် သတ်မှတ်ထားသော လေ့ကျင့် ရေးအချိန် ဖြစ်ရာ၊ ရေတံခွန်၏ ပြင်းထန်သော ရေစီးကြောင်းများဖြင့် သူ့ခန္ဓာကိုယ်ကို သန်မာအောင် ပြုလုပ်ရင်း ဤကျောက်စက်ပြောက် ငါးမိစ္ဆာများကို လိုက်လံ အမဲလိုက် ခြင်းက တစ်ချက်ခုတ် နှစ်ချက်ပြတ်ပင် ဖြစ်ပေတော့သည်။

"ဒါက လဝက်လောက် ကြာမြင့်မှာဆိုတော့ သွားမည်းလေးအတွက် အခု လေ့ကျင့်ဖို့ တိကျ တဲ့ လမ်းကြောင်းတစ်ခု ရှိသွားပြီပဲ။ တကယ်လို့ ငါတို့ ဒီတာဝန်ကို အောင်အောင်မြင်မြင် ပြီးဆုံးအောင် လုပ်နိုင်ရင် ရွှေသဲပွင့်တစ်ပွင့်တောင် ရဦးမှာ" ကျူးမင်လန်က မျက်နှာထက် တွင် အပြုံးပန်းဝေဆာလျက် ဆိုလိုက်သည်။

လေ့ကျင့်ခန်းလည်းလုပ်ရင်း ပိုက်ဆံလည်း ရှာနိုင်တာပေါ့…

ရွှေသဲပွင့်ကို ရရှိခြင်းက အစားအစာ အကျပ်အတည်းကို အကြီးအကျယ် ပြေလည်သွားစေ လိမ့်မည်။

ငါ ဒီတာဝန်ကို လက်ခံလိုက်မယ်။

All Chapters