အခန်း ၁၅
Vol. 2 Ch. 15
အခန်း (၁၅) ဉာဏ်ပညာ ရဲစွမ်းသတ္တိနှင့် ဗျူဟာမြောက်တိုက်ပွဲ။
ဆောင်းဦးရာသီ၏ ခြောက်သွေ့အေးမြသော ရာသီဥတုကြောင့် ဖြာကျလာသော နေရောင် ခြည်တန်းတိုင်းမှာ အလွန်တရာ တန်ဖိုးရှိပြီး နွေးထွေးလှပေသည်။
တဖိတ်ဖိတ် တောက်ပြောင်နေသော ရေအိုင်ပြင်ထက်တွင် ကျူးမင်လန်သည် ရေထဲသို့ ထိုးထွက်နေသော သစ်သားတံတားလေး၏ အစွန်းတွင် တည်ကြည်စွာ ရပ်နေရင်း၊ အပြာ စင်းပြောက် ငါးမိစ္ဆာများ မယုံနိုင်လောက်အောင် မြန်ဆန်သော အရှိန်ဟုန်ဖြင့် ကူးခတ် ဖြတ်သန်းသွားကြသည်ကို စောင့်ကြည့်နေမိသည်။ ထို့နောက် သူသည် သူ့ဘေးတွင် ဝမ်းဗိုက်အပေါ် လှန်ထွက်မတတ် ပင်ပန်းနွမ်းနယ်လွန်းလှသဖြင့် လှဲလျောင်းနေသော မိကျောင်းနဂါးငယ်လေးကို လှမ်းကြည့်လိုက်သည်။
"ဖတ် ဖတ် ဖတ် ဖတ်….."
အပြာစင်းပြောက် ငါးမိစ္ဆာအုပ်စုကြီးက ၎င်းတို့၏ အမြီးများကို အလျင်အမြန် ခါယမ်းလိုက် ကြပြီး၊ မိကျောင်းနဂါးငယ်လေး၏ ဘေးတွင် လှောင်ပြောင် သရော်မှုအပြည့်ဖြင့် ရေများကို စင်ဟပ်သွားစေခဲ့သည်။
ဤကျိန်စာသင့် စက်ဆုပ်ဖွယ် အပြာစင်းပြောက် ငါးမိစ္ဆာများမှာမူ...
၎င်းတို့သည် မယုံနိုင်လောက်အောင် လျင်မြန်လှပြီး မြစ်များနှင့် ရေအိုင်များအနီးရှိ တောရိုင်း ကျောက်စက်ပြောက်ငါးများထက် အဆပေါင်းများစွာ ပိုမိုဖျတ်လတ်ကြသည်။ ၎င်းတို့၏ အရေအတွက်မှာ အမြောက်အမြားရှိပြီး လက်တစ်ကမ်းအကွာတွင် ရှိနေသည့် တိုင်အောင်၊ မိကျောင်းနဂါးငယ်လေးက ၎င်းတို့ကို လှမ်း၍ ခုန်အုပ်လိုက်တိုင်း မည်သည့် အကြောင်းကြောင့် ဆန်းကြယ်စွာဖြင့် စည်းချက်ညီညီ ရှောင်တိမ်းသွားနိုင်ကြလဲ ဆိုသည် က နားမလည်နိုင်စရာပင်။ မိကျောင်းနဂါးငယ်လေးသည် သူ့ပါးစပ်ကို ဟာလာဟင်းလင်း လေထဲတွင်သာ ဟတ်ခနဲ ကိုက်ခဲမိနေခဲ့ရသည်။
မွန်းလွဲပိုင်းတစ်ခုလုံး အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့သော်လည်း အပြာစင်းပြောက် ငါးမိစ္ဆာ တစ်ကောင်မျှပင် မဖမ်းဆီးနိုင်ခဲ့ချေ။ ဤတာဝန်ကို မည်သူမျှ လာရောက်လက်ခံခြင်း မရှိသည်မှာ မဆန်းတော့ချေ။ ဤတာဝန်၏ ခက်ခဲမှုအဆင့်မှာ ထင်မှတ်ထားသည်ထက် ပိုမိုမြင့်မားလွန်းပေသည်။
"စိတ်မပျက်နဲ့၊ စိတ်မပျက်နဲ့... ငါတို့ လုပ်ဆောင်တဲ့ နည်းလမ်းက နည်းနည်း မမှန်သေးလို့ ပါ။ ဒီအပြာစင်းပြောက် ငါးမိစ္ဆာတွေအကြောင်းကို ငါ သေချာလေ့လာပြီး မနက်ဖြန်ကျရင် ငါတို့ ထပ်ပြီး တိုက်ခိုက်ကြတာပေါ့" ကျူးမင်လန်က မိကျောင်းနဂါးငယ်လေးကို နှစ်သိမ့် ပေးလိုက်သည်။
မိကျောင်းနဂါးငယ်လေးသည် အရှုံးသမားတစ်ဦးပမာ သူ့ဦးခေါင်းကို အောက်သို့ စိုက်ချ ထားရှာသည်။ သူသည် ဤမျှအထိ အသုံးမဝင်ဘဲ ဤအပြာစင်းပြောက် ငါးမိစ္ဆာများ၏ လလှောင်ပြောင်ခြင်းကိုပင် ခံရလိမ့်မည်ဟု လုံးဝ မျှော်လင့်ထားပုံမပေါ်ချေ။
ဤအရှိန်အဟုန် အတိုင်းဆိုလျှင်မူ သူသည် ထိုရေတံခွန် ရေနဂါးကြီးနှင့် မည်သည့်အချိန် ကျမှ ရင်ဘောင်တန်း နှိုင်းယှဉ်နိုင်တော့မည်နည်း။
...
ညမှောင်ရီပျိုးစ ပြုလာသောအခါ ကျူးမင်လန်သည် ထုံးစံအတိုင်း တံခါးကို စေ့စေ့ပိတ်ပြီး နောက် အရံနဂါးများ သိုလှောင်ရာ ခန်းမဆောင်ဆီသို့ ဦးတည်ထွက်ခွာခဲ့သည်။
အရံနဂါးများ သိုလှောင်ရာ ခန်းမဆောင်အတွင်းရှိ ဝိညာဉ်သတ္တဝါငယ်များမှာမူ အမှန် စင်စစ်အားဖြင့် တောရိုင်းတိရစ္ဆာန်များနှင့် ကွဲပြားခြားနားစေသည့် ထူးခြားဆန်းပြားသော ဒြဗ်စင်စွမ်းရည်အချို့ကို ကိုယ်စီပိုင်ဆိုင်ထားကြသည်။ ထို့အပြင် ၎င်းတို့အနက် အများစုမှာ ဥမှပေါက်ခါစ သို့မဟုတ် သားငယ်အဆင့်တွင်သာ ရှိသေးသဖြင့် ယဉ်ပါးအောင် မွေးမြူ စောင့်ရှောက်ရန် အလွန်ပင် သင့်လျော်လှကာ၊ နဂါးထိန်း ဖြစ်လာရန် ရည်မှန်းထားကြသူ အများစုအတွက် အကောင်းဆုံးရွေးချယ်မှုလည်း ဖြစ်ပေသည်။
သို့သော် လူသားတို့၏ စိစစ်ရွေးချယ်မှုကို ခံထားရသည့်တိုင်အောင် ၎င်းတို့ နဂါးအဖြစ် ဆင့်ကဲပြောင်းလဲနိုင်မည့် အခွင့်အလမ်းမှာမူ အလွန်တရာ နည်းပါးလွန်းသေးသည်။
ဝိညာဉ်သတ္တဝါငယ်အချို့မှာ မည်သူမျှ လာရောက်ရွေးချယ်ခြင်းမရှိဘဲ သက်တမ်း ကြီးရင့် လာသည့်အခါ၊ ၎င်းတို့၏ ကံကြမ္မာမှာ သဘာဝတောရိုင်းထဲသို့ ပြန်လည်လွှတ်ပေးခြင်း ခံရဖို့သာ ရှိတော့သည်။
ယနေ့ညတွင်မူ ကျူးမင်လန်သည် ခန္ဓာကိုယ် အလွန်အမင်း ကြီးထွားလာပြီး ဖျက်ဆီးလို စိတ်နှင့် ရန်လိုတတ်သော သဘာဝရှိသည့် သတ္တဝါအချို့ကို ဘေးမဲ့လွှတ်ပေးရန်အတွက် အကြီးအကဲ ဟီကို ကူညီပေးနေခြင်း ဖြစ်သည်။ အဆုံးစွန်၌မူ ၎င်းတို့ကို ဤနေရာတွင် တစ်သက်လုံး အလကား လာရောက်ခိုလှုံခွင့် ပေးထား၍ မရနိုင်ပါချေ။
ညဦးပိုင်းအချိန်တစ်ခုလုံး အလုပ်ရှုပ်နေခဲ့ပြီးနောက်၊ ၎င်းတို့ကို ဘေးမဲ့လွှတ်ပေးရသည့် အလုပ်မှာ မလွယ်ကူကြောင်း ကျူးမင်လန် သဘောပေါက်လိုက်သည်။ အဘယ်ကြောင့်ဆို သော် ဘေးမဲ့လွှတ်ရမည့် သတ္တဝါအများစုမှာ ရန်လိုလွန်းပြီး၊ ၎င်းတို့သည် အရံနဂါးများ သိုလှောင်ရာ ခန်းမဆောင်အတွင်းရှိ အခြားဝိညာဉ်သတ္တဝါငယ်များကို ထိခိုက်နာကျင်စေခဲ့ ဖူးရုံမျှမက အသက်ဆုံးရှုံးသည်အထိပင် ရန်မူခဲ့ဖူးကြသောကြောင့် ဖြစ်သည်...
"မင်း အရုဏ်တက်တဲ့အထိ စောင့်ကြည့်ပေးပြီးမှ ပြန်လို့ရမယ်။ ဟိုဘက်မှာ ပဲ့တင်ထပ် ခေါင်းလောင်းတစ်ခု ရှိတယ်။ ဝိညာဉ်သတ္တဝါငယ်တွေ လှောင်အိမ်ဖောက်ပြီး ထွက်ပြေး တာမျိုးကလွဲလို့ အဲဒါကို လုံးဝ မတီးမိစေနဲ့။ ငါအဘိုးကြီးက အိပ်စက်ဖို့ လိုအပ်တယ်၊ တကယ်လို့ အနှောင့်အယှက်ဖြစ်သွားရင် တစ်လလောက် ကောင်းကောင်းအိပ်ပျော်မှာ မဟုတ်တော့ဘူး။ ခန်းမဆောင်ရဲ့ အနောက်ဘက်မှာ အသားတိုးပိုးစာကောင်တွေ ရှိတယ်၊ မင်းနိုင်သလောက် အကုန်ယူသွားနိုင်တယ်၊ ဘယ်သူမှလည်း ဒီလိုအဆင့်နိမ့်တဲ့ ပိုးကောင် တွေကို သူတို့ဝိညာဉ်သတ္တဝါငယ်တွေကို မကျွေးကြဘူး၊ ဘယ်သူကများ ဒါတွေကို အစား အစာအဖြစ် လာပို့ထားလဲ ငါလည်း မသိဘူး" အကြီးအကဲဟီက ကျူးမင်လန်ကို ညွှန်ကြားလိုက်သည်။
"ကောင်းပါပြီ အကြီးအကဲ... အနားယူပါတော့" ကျူးမင်လန်က ခေါင်းညိတ်ပြလိုက်သည်။
"ငါ ထွက်မသွားခင်မှာ သူတို့ရဲ့ အရေအတွက်က ဘယ်လောက်ရှိလဲ၊ ငါ ပြန်လာတဲ့အခါမှာ လည်း အဲဒီအရေအတွက်အတိုင်းပဲ ရှိနေရမယ်နော်၊ တစ်ကောင်မှ လျော့လို့မဖြစ်ဘူး" အကြီးအကဲ ဟီက ဆိုသည်။
"စိတ်မပူပါနဲ့။ တစ်ကောင်တစ်လေမျှ လျော့နည်းသွားတာမျိုး လုံးဝ ဖြစ်စေရပါဘူး" ကျူးမင်လန်က ပြန်လည်ဖြေကြားလိုက်သည်။
...
အကြီးအကဲဟီ၏ ညွှန်ကြားချက်အတိုင်း ကျူးမင်လန်သည် 'အဝါရောင်မြွေပါ' ကဲ့သို့သော သဘာဝရှိသည့် သတ္တဝါများက ဝိညာဉ်ဥများကို လာရောက်ခိုးယူခြင်းမှ ကာကွယ်ရန် အတွက် တစ်နာရီခြားတစ်ခါ လှည့်ကင်းလှည့်လည်ခဲ့သည်။ မတော်တဆမှုများ ဖြစ်ပွား မည်ကို စိုးရိမ်သဖြင့် သူသည် အတော်ပင် ဝီရိယရှိရှိ ကင်းလှည့်နေခဲ့သည်။
ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုနေစဉ်၊ ကျူးမင်လန်သည် အပြာစင်းပြောက် ငါးဝိညာဉ်ငယ် များကို မွေးမြူထားသည့် ရေကန်တစ်ခုနားသို့ မမျှော်လင့်ဘဲ ရောက်ရှိသွားခဲ့သည်။
အကယ်ဒမီက တကယ်ကို ပေါ့ဆလွန်းသည်၊ အရေအတွက် ပြည့်မီရုံသက်သက်အတွက် ရေအိုင်ထဲကနေ အပြာစင်းပြောက် ငါးဝိညာဉ်ငယ် အနည်းငယ်ကို သွားရောက် ဖမ်းဆီး ထားခြင်းသာ ဖြစ်ပေသည်။
ဤအပြာစင်းပြောက် ငါးဝိညာဉ်ငယ်များမှာမူ အနည်းငယ် ကွဲပြားခြားနားနေကြသည်၊ ၎င်းတို့၏ အပြောက်အစက်များမှာ ပိုမိုတောက်ပနေပြီး အလွန်နုနယ်သေးသည့်တိုင် အောင် ရှည်လျားသော နှုတ်ခမ်းမွှေးများ ရှိနေကြပြီဖြစ်သည်။
"ဪ... ဒါကြောင့်ကိုး။ သူတို့ အတူတူ ကူးခတ်တဲ့အခါ တိုက်ခိုက်မှုတွေ ရှိလာရင် သူတို့ရဲ့ အဖော်တွေကို သတိပေးဖို့ ဒီနှုတ်ခမ်းမွှေးတွေရဲ့ လှုပ်ရှားမှုကို အသုံးပြုကြတာပဲ။ ဒီလို နည်းနဲ့ တခြားအပြာစင်းပြောက် ငါးမိစ္ဆာများက မိကျောင်းနဂါးငယ်လေးရဲ့ လှမ်းအုပ်မှုတွေ ကို ကြိုတင်သိရှိပြီး ရှောင်တိမ်းနိုင်ကြတာပဲ" တခဏမျှ စောင့်ကြည့်လေ့လာပြီးနောက် ကျူးမင်လန်သည် ရုတ်တရက် အမှန်တရားကို ထိုးထွင်းသိမြင်သွားခဲ့တော့သည်။
"ဒါပေမဲ့ အရှိန်အဟုန် သက်သက်နဲ့ ကြည့်မယ်ဆိုရင်လည်း အပြာစင်းပြောက် ငါးမိစ္ဆာတွေ က အများကြီး ပိုပြီးမြန်ဆန်ကြတယ်။ သွားမည်းလေး အနေနဲ့ ရေတံခွန်ရဲ့ ရေဝဲထဲမှာ လေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်လိမ့်မယ်၊ တစ်ဖက်မှာ ရေရဲ့တွန်းကန်အားကို ကျင့်သားရစေ ဖို့နဲ့ နောက်တစ်ဖက်ကတော့ ကူးခတ်မှုအရှိန်ကို မြှင့်တင်နိုင်ဖို့အတွက်ပဲ"
...
"ဓားသွေးခြင်းသည် ထင်းခုတ်ခြင်းကို မနှောင့်နှေးစေဟူသော စကားပုံအတိုင်းပင်"၊ နောက်တစ်နေ့ မွန်းလွဲပိုင်းတွင် ကျူးမင်လန်သည် မိကျောင်းနဂါးငယ်လေးကို အပြာစင်း ပြောက် ငါးမိစ္ဆာများနှင့် ဉာဏ်ပြိုင်ခိုင်းရန် အလျင်စလို မလုပ်ခဲ့ပါချေ။ ယင်းအစား၊ သူသည် သူတို့ကို မူလက ပိတ်မိစေခဲ့သည့် ရေတံခွန်၏ ရေဝဲကြီးဆီသို့သာ ဦးတည်သွားခဲ့သည်။
နှစ်ရက်တိုင်တိုင် ကောင်းမွန်စွာ ကျွေးမွေးပြီးနောက်၊ မိကျောင်းနဂါးငယ်လေးသည် အရှည် ၁.၂ မီတာခန့်အထိ ကြီးထွားလာခဲ့ပြီး၊ ၎င်း၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုမှာလည်း ယခင်ကထက် သိသိသာသာ ပိုမိုသန်မာလာခဲ့သည်။
ရေတံခွန်၏ ဝဲဂယက်ထနေသော ရေစီးကြောင်းက ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအတွက် ပြင်းထန်သော တွန်းကန်အားနှင့် စုတ်ယူအားကို ပေးစွမ်းနိုင်သဖြင့်၊ ၎င်းသည် အလွန် ကောင်းမွန်သော လေ့ကျင့်ရေး နည်းလမ်းတစ်ခု ဖြစ်ပေသည်။
"ဒီနေ့အတွက် ပန်းတိုင်ကတော့ ရေစီးထဲ မျောပါမသွားဖို့ပဲ..."
ဘေးကင်းလုံခြုံမှုအတွက် ကျူးမင်လန်က ရှည်လျားသော ကြိုးတစ်ချောင်းကို ရှာဖွေကာ မိကျောင်းနဂါးငယ်လေး၏ ခန္ဓာကိုယ်တွင် ချည်နှောင်ပေးထားခဲ့သည်။ သို့မှသာ ၎င်းအနေ ဖြင့် ရေစီးကြောင်းကို တောင့်မခံနိုင်တော့ပါက ထိုကြိုးက အသက်ကယ်ဆယ်ပေးနိုင်မည် ဖြစ်သည်။
မိကျောင်းနဂါးငယ်လေး၏ စွမ်းဆောင်ရည်မှာ အတော်ပင် အထင်ကြီးစရာကောင်းလှ သည်၊ သူသည် မွန်းလွဲပိုင်းတစ်ခုလုံး ရေတံခွန်၏ ရေဝဲကန်ဝန်းကျင်တွင်သာ လှုပ်ရှား ရုန်းကန်နေခဲ့ပြီး ပြင်းထန်သော ရေစီးကြောင်းနောက်သို့ တစ်ကြိမ်တစ်ခါမျှ မျောပါသွား ခြင်း မရှိခဲ့ချေ။ ဤလေ့ကျင့်ရေး နည်းလမ်းသည် သူ၏ မကြာသေးမီကမှ အသစ်ထွက်ပေါ် လာသော မဟူရာရောင် မိကျောင်းအရေပြားကို သိသိသာသာ ပိုမို မာကျော တောင့်တင်း လာစေခဲ့သည်။
တတိယမြောက်နေ့တွင်လည်း ကျူးမင်လန်သည် မိကျောင်းနဂါးငယ်လေးကို အပြာစင်း ပြောက် ငါးမိစ္ဆာများကို အမဲလိုက်ရန် ခေါ်ဆောင်မသွားသေးပါချေ။
အစားအစာအပြည့် ထည့်ထားသည့် ခြင်းတောင်းကြီးတစ်လုံးကို စားသုံးပြီးနောက် မိကျောင်းနဂါးငယ်လေးမှာ ပိုမိုကြီးထွားလာပုံရသည်။ ကျူးမင်လန်သည် ယနေ့အတွက် လေ့ကျင့်ရေး အခက်အခဲအဆင့်ကို မြှင့်တင်လိုက်ပြီး၊ မိကျောင်းနဂါးငယ်လေးအား ရေတံခွန်၏ ရေဝဲဂယက် ရေစီးကြောင်းကို တောင့်ခံစေရုံသာမက၊ ပြင်းထန်သော ရေစီး ကြောင်းကို ဆန့်ကျင်ကူးခတ်ခိုင်းကာ မှောင်မိုက်သော ရေဝဲကြီးများထဲမှ တတ်နိုင်သမျှ အမြန်ဆုံး ရုန်းထွက်နိုင်ရန်ပါ စေခိုင်းလိုက်တော့သည်။
"အလွန်ကောင်းတယ်၊ မင်း ဒီနေ့အတွက် တာဝန်ကို ပြီးမြောက်သွားပြီ၊ နောက်ပြီး အသက် ကယ်ကြိုးလည်း မလိုတော့ဘူး။ မနက်ဖြန် မနက်ကျရင် ပိုပြီးတော့ များများစားထားလိုက်၊ ငါတို့ ရေတံခွန်ရဲ့ ပြင်းထန်တဲ့ တွန်းကန်အားကြားထဲမှာ ကိုက်ခဲတိုက်ခိုက်ရတဲ့ လေ့ကျင့်ခန်းကို စမ်းသပ်ကြမယ်"
ကျူးမင်လန်သည် တစ်ညလုံး မအိပ်မနေဘဲ ကင်းစောင့်ခဲ့ပြီး အသားတိုးပိုးစာကောင်များ ထည့်ထားသည့် ခြင်းတောင်းနှစ်လုံးကို ရရှိခဲ့သည်။
သို့သော် ရက်အနည်းငယ်အတွင်းမှာတင် မိကျောင်းနဂါးငယ်လေးမှာ အရှည် တစ်မီတာခွဲ ခန့်အထိ ကြီးထွားလာခဲ့ပြီ ဖြစ်သည်။ မကြာမီအချိန်အတွင်းမှာပင် ၎င်း၏အရှည်မှာ အရွယ်ရောက်ပြီး သတ္တဝါတစ်ကောင်၏ အတိုင်းအတာအထိ ရောက်ရှိလာနိုင်ပြီး၊ ၎င်း၏ စားသောက်လိုစိတ်မှာလည်း ခြင်းတောင်းတစ်တောင်းမှ ခြင်းတောင်း နှစ်တောင်းအထိ နှစ်ဆ တိုးပွားလာခဲ့ပြီ ဖြစ်ကြောင်း ခန့်မှန်းရပေသည်။
ကျူးမင်လန်တစ်ယောက် စတင်၍ ခေါင်းခဲလာရပြန်သည်။
သူ၏ ယာယီအလုပ်လေးမှာ မိကျောင်းနဂါးငယ်လေးကို ကျွေးမွေးရန်ပင် မနည်းရုန်းကန် နေရပုံရသဖြင့်၊ သူသည် အခြားအလုပ်များကို ထပ်မံရှာဖွေရဦးမည် ဖြစ်သည်။
...
ခုနစ်ရက်မြောက်သောနေ့တွင်မူ မိကျောင်းနဂါးငယ်လေးသည် ပြင်းထန်သော ရေစီး ကြောင်းကြား၌ ကိုက်ခဲတိုက်ခိုက်ခြင်းကို နောက်ဆုံးတွင် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ ပြီဖြစ်ရာ၊ ကျူးမင်လန်နှင့် မိကျောင်းဝိညာဉ်ငယ်လေးတို့သည် ရေအိုင် သစ်သားတံတား ထက်တွင် တက်ကြွလှုပ်ရှားစွာဖြင့် တစ်ဖန်ပြန်လည် ပေါ်လာခဲ့ကြတော့သည်...
ရေအိုင်ထဲမှ ရေများမှာ ဖန်သားပြင်ပမာ ကြည်လင်နေပြီး၊ အပြာစင်းပြောက် ငါးမိစ္ဆာများ မှာလည်း အမှန်တကယ်ပင် အတန်ငယ် သောင်းကျန်းနေကြသည်။ ၎င်းတို့သည် ရေအောက်ကျောက်ဆောင်များအနီးတွင်တင်မကဘဲ ရေမျက်နှာပြင်ပေါ် အနီးတွင်ပါ ၎င်းတို့၏ အမြီးများနှင့် နှုတ်ခမ်းမွှေးများကို မကြာခဏဆိုသလို ခါယမ်းပြနေကြသည်။
"တိုက်ခိုက်စမ်း"
ကျူးမင်လန်က စစ်သည်ရဲမက် အပေါင်းအပါး ထောင်သောင်းချီကို ကွပ်ကဲနေသည့် အလား ခန့်ညားထည်ဝါစွာဖြင့် လက်ဟန်ခြေဟန် ပြုလုပ်လိုက်သည်။
မိကျောင်းဝိညာဉ်ငယ်လေး၏ မဟူရာရောင် ခန္ဓာကိုယ်ကြီးက ရေထဲသို့ ဒိုင်ဗင်ထိုး ဆင်းသွားခဲ့ပြီး၊ ဆူဖြိုးသော အပြာစင်းပြောက် ငါးမိစ္ဆာတစ်ကောင်ထံသို့ ယခင်ကထက် သုံးဆမက မြန်ဆန်သောအရှိန်ဖြင့် လှမ်း၍ ကိုက်ခဲလိုက်တော့သည်။
ထိုအပြာစင်းပြောက် ငါးမိစ္ဆာမှာ ထိတ်လန့်သွားခဲ့ပြီး ကပျာကယာဖြင့် ကို့ယို့ကားယား ရှောင်တိမ်းလိုက်ရသည်။
ထိုအချိန်မှာပင် အခြားသော အပြာစင်းပြောက် ငါးမိစ္ဆာများကလည်း ချက်ချင်း သတိပြုမိ သွားကြပြီး၊ မိကျောင်းနဂါးငယ်လေး ၎င်းတို့အနီးသို့ မကပ်နိုင်ခင်မှာတင် လှိုင်းကြက်ခွပ် များပမာ အရပ်ရပ်သို့ ဖရိုဖရဲ လွင့်စင်ထွက်ပြေးသွားကြတော့သည်။
မိကျောင်းနဂါးငယ်လေးသည် ယခင်ကထက် များစွာပိုမိုသန်မာလာခဲ့သော်လည်း ဤအပြာစင်းပြောက် ငါးမိစ္ဆာများကို လိုက်လံဖမ်းဆီးရခြင်းမှာမူ သူ့အရိပ်ကို လိုက်လံ ဖမ်းဆီးနေရသကဲ့သို့ပင် ဖြစ်နေသည်။ ၎င်းတို့ကို ထိလုနီးပါး ဖြစ်သွားသည့် ခဏတိုင်းတွင် ပင် ၎င်းတို့က အရပ်ရပ်သို့ ဖရိုဖရဲ လွင့်စင် ထွက်သွားကြစမြဲ ဖြစ်သည်။
"သွားမည်းလေး... သူတို့ကို အုပ်စုကွဲအောင် အရင်လုပ်လိုက်၊ ပြီးရင် အုပ်စုထဲကနေ အထီးကျန်ဖြစ်ကျန်ခဲ့တဲ့ တစ်ကောင်တည်းကိုပဲ အမိဖမ်းစမ်း" ကျူးမင်လန်က အော်ဟစ် ညွှန်ကြားလိုက်သည်။
အမိန့်တော်ကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် မိကျောင်းဝိညာဉ်ငယ်လေးသည် သူ၏ တိုက်ခိုက်ပုံ နည်းဗျူဟာကို ချက်ချင်းပင် ပြောင်းလဲလိုက်တော့သည်။ သူက တိုက်ရိုက် ခုန်အုပ်ခြင်းမပြုတော့ဘဲ၊ သူ့ခန္ဓာကိုယ်ကြီးကို အသုံးပြု၍ အပြာစင်းပြောက် ငါးမိစ္ဆာများ ဖန်တီးထားသော လှိုင်းတွန့်ပုံစံ ဝင်္ကပါကို ကမောက်ကမ ဖြစ်အောင် ဖြိုခွဲပစ်လိုက်ရာ၊ ထိုငါးမိစ္ဆာအချို့ကို အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားစေတော့သည်...
အမှန်တကယ်ပင် အပြာစင်းပြောက် ငါးမိစ္ဆာငယ်တစ်ကောင်သည် အားနည်းချက်တစ်ခုကို ပြသမိသွားခဲ့ချေပြီ။ ၎င်းသည် ငါးအုပ်စုကြီး၏ အပြင်ဘက်သို့ အုပ်စုကွဲကာ အထီးကျန်စွာ ထွက်ပေါ်သွားခဲ့ရပြီး၊ လမ်းကြောင်းပြသပေးမည့် အခြားအပြာစင်းပြောက် ငါးများ၏ နှုတ်ခမ်းမွှေးများက လမ်းညွှန်ချက် မရှိတော့သဖြင့် ဦးတည်ချက်ပျောက်ဆုံးကာ ဇဝေဇဝါ ဖြင့် ဟိုဟိုဒီဒီ ကူးခတ်နေခဲ့တော့သည်။
"ဝူး..."
မိကျောင်းသွားအစုံက လျင်မြန်ပြတ်သားစွာဖြင့် ထိုထိတ်လန့်တုန်လှုပ်နေသော အပြာစင်း ပြောက် ငါးမိစ္ဆာကို ကွက်တိပင် ကိုက်ခဲလိုက်တော့သည်။
ထိုမဟူရာရောင် သွားအစုံက ချောပြောင်နေသော မိစ္ဆာငါးကို မြဲမြံစွာ ညှပ်ထားစဉ်မှာပင်၊ မိကျောင်းနဂါးငယ်လေးသည် ရေမျက်နှာပြင်ပေါ်သို့ စိတ်လှုပ်ရှားစွာဖြင့် ဝုန်းခနဲ ခုန်ပျံ ထွက်လာခဲ့ပြီး၊ သူ့သားကောင်ကို ဝေဟင်ထက်သို့ မြင့်မားစွာ မြှောက်တင်လျက် သစ်သား တံတားထက်တွင် ရပ်နေသော ကျူးမင်လန်ထံသို့ သူ့အမဲလိုက်အောင်ပွဲ ရလဒ်ကို ကြွားဝါပြသနေတော့သည်။
"ဟား...ဟား ငါတို့ အောင်မြင်ပြီကွ" ကျူးမင်လန်၏ မျက်နှာထက်တွင် ကြည်နူး ဝမ်းမြောက်ဖွယ် ရယ်မောသံများ ပြည့်နှက်သွားခဲ့သည်။
သူသည် အတိတ်က ရှေးဟောင်းမိစ္ဆာကြီးများကို သတ်ဖြတ်ခဲ့ပြီး ဧရာမဘီလူးကြီးများကို ချေမှုန်း ဖျက်ဆီးခဲ့ဖူးသည့်တိုင်အောင်၊ မည်သည့်အကြောင်းကြောင့်မသိ ဤအပြာစင်း ပြောက် ငါးမိစ္ဆာငယ်လေးတစ်ကောင်ကို ဖမ်းဆီးရမိခြင်းက သူ့အား ပိုမို၍ စိတ်လှုပ်ရှား ရင်ခုန်စေခဲ့သည်။
ဖြစ်နိုင်သည်မှာ ဤအရာက အသွင်ကူးပြောင်းလဲမှုတစ်ခု၏ အစပြုခြင်းပင် ဖြစ်ပေလိမ့် မည်။
ရှည်လျားလှသော အမှောင်ထုကမ္ဘာအတွင်း၌ သေးငယ်ဖျော့တော့လှသော အလင်းရောင် အစလေးတစ်ခုကပင် မျှော်လင့်ချက် မီးတောက်ကို တောက်လောင်စေနိုင်သည်။
ထို့အတူပင် လူတစ်ယောက်၏ နှလုံးသားက မျှော်လင့်ချက်များကို ဆုပ်ကိုင်ထားနိုင်သည့် အခါ၊ အသေးငယ်ဆုံးသော ပြောင်းလဲမှုလေးကပင်လျှင် သူ၏ စိတ်ဝိညာဉ်ကို ပြင်းထန်စွာ လှုပ်ခတ် သက်ရောက်စေနိုင်စွမ်း ရှိပေသည်။