အခန်း ၁၇
Vol. 2 Ch. 17
အခန်း (၁၇) ငွေနှင်းအရုဏ်ဦး နဂါးဖြူ။
လီမျိုးနွယ်စု၏ စံနန်းတော်….
နူးညံ့သိမ်မွေ့သော အကြေးခွံချပ်ဝတ်ကို ဆင်ယင်ထားပြီး၊ ပုခုံးထက်သို့ ဆံပင်များ ဝဲဖြာ ကျနေကာ အလွန်တရာ ဖြူလျော်လွန်းသော မျက်နှာအမူအရာဖြင့် လော့ရှောင်သည် နန်းဆောင်များနှင့် စစ်တပ်အကယ်ဒမီကြားရှိ တံတားထက်တွင် မတ်တပ်ရပ်နေခဲ့သည်။ သူ့အကြည့်များမှာ ထပ်ဆင့်မျှော်စင်များနှင့် ထိုနေရာတွင် ဖုံးကွယ်နေသော ကွေ့ကောက် သည့် ဥယျာဉ်ခြံများဆီသို့ မသိစိတ်အရ ဆွဲဆောင်ခြင်း ခံထားရလေသည်...
သူသည် အစေခံတစ်ဦး ဖြစ်ခဲ့စဉ်ကတည်းက ဤနေရာတွင် ရပ်နေကျ ဖြစ်နေခဲ့ပြီ။ သူသည် ထိုလသာဆောင်များ၏ နောက်ဘက်မှနေ၍ ဆောင်းဦးရာသီ၏ နန်ကျူးတောအုပ်နှင့် လက်ရာမြောက်လှပသော ငွေရောင်ဖျော့ဖျော့ အိမ်ခေါင်မိုးစွန်းကို လှမ်းကြည့်ရုံမျှဖြင့် မြင်တွေ့နိုင်သည်။
သူသည် လီမျိုးနွယ်စု၊ စစ်သည်တစ်ရာတပ်ဖွဲ့၏ ခေါင်းဆောင်တစ်ဦး ဖြစ်လာခြင်းဖြင့် လီယွင်ဇီနှင့် ပိုမိုနီးစပ်ခွင့် ရလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော် အမှန်စင်စစ်အား ဖြင့် သူ့ရင်တွင်းခံစားချက်ကို ဖွင့်ဟဝန်ခံခဲ့သည့် နေ့မှစ၍ လော့ရှောင်တစ်ယောက် လီယွင်ဇီကို တစ်ကြိမ်တစ်ခါမျှ မတွေ့မြင်ရတော့ပါချေ။
"တပ်မှူးလော့... မင်းစိတ်ကူးကို ငါတို့အားလုံး သိကြပါတယ်၊ မင်းကို သွားရောက် တွေ့ဆုံ ခွင့် မပေးချင်တာ မဟုတ်ပါဘူး၊ ယွင်ဇီယွင်ကို သူမအဖေက နေအိမ်အကျယ်ချုပ် ချထား လို့ပါပဲ။ ဒါက ငါတို့လီမျိုးနွယ်စုရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်နေတယ်လေ။ သခင်ကြီးက မြို့တော်ထဲမှာ ဘယ်သူကမျှ အဲဒီအရှက်ရစရာ ကိစ္စကို အတင်းအဖျင်း ပြောဆိုနေကြတာ ကို မကြားချင်တော့ဘူး" အိမ်တော်ထိန်း သခင်မဖြစ်သူ ခုန်ထုန်က ဆိုလိုက်သည်။
"ကျွန်တော့်မှာ အကြံပြုချက် အသေးအဖွဲလေးတစ်ခု ရှိပါတယ်။ တကယ်လို့ မျိုးနွယ်စု အကြီးအကဲအနေနဲ့ သခင်မလေး လီယွင်ဇီရဲ့ လက်ထပ်ထိမ်းမြားမှုကို စီစဉ်ပေးလိုက်ပြီး၊ လမ်းကြားထဲက အာပေါင်အာလဲ ပြောတတ်တဲ့ လူတွေကို ငွေစအချို့ ပေးလိုက်ပေါ့... ဒါက လီမျိုးနွယ်စုနဲ့ သခင်မလေး လီယွင်ဇီကို တမင်သက်သက် သိက္ခာချဖို့အတွက် တခြား မြို့တော်က လူတွေ ကောလာဟလ လွှင့်တာပါလို့ ပြောခိုင်းလိုက်ရင်... လူတွေ ယုံသည် ဖြစ်စေ မယုံသည်ဖြစ်စေ ဒီကိစ္စက မကြာခင်မှာ ငြိမ်သက်သွားမှာပါ" လော့ရှောင်က သခင်မ ခုန်ထုန်ကို ရိုသေစွာဖြင့် တင်ပြလိုက်သည်။
ခုန်ထုန်က ဦးညွှတ်ဂါရဝပြုနေသော လော့ရှောင်ကို ကြည့်လိုက်ရာ သူမပါးပြင်ထက်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ "ကောင်းမွန်တဲ့ နည်းလမ်းပဲ။ ငါ သခင်ကြီးကို ယွင်ဇီရဲ့ အိမ်ထောင်ရေးကိစ္စကို သိပ်မကြာခင် စဉ်းစားဖို့ ပြောလိုက်ပါ့မယ်။"
"ကျေးဇူးတင်ပါတယ် သခင်မကြီး" လော့ရှောင်သည် အံ့ဩဝမ်းသာ ဖြစ်သွားရပြီး၊ အကယ်၍ ခုန်ထုန်က သဘောတူလိုက်ပြီဆိုလျှင် ဤကိစ္စ ဖြစ်မြောက်ရန် အခွင့်အလမ်းမှာ အလွန်တရာ မြင့်မားသွားပြီဖြစ်ကြောင်း ကောင်းစွာသိရှိထားပေသည်။
"ဒါက မင်းရဲ့ ခန့်အပ်မှုအမိန့်စာပဲ။ သခင်ကြီးက ဒီအမိန့်စာကို မင်းဆီ လွှဲပြောင်းပေးဖို့ ငါ့ကို ညွှန်ကြားလိုက်တယ်။ ဝူထူနယ်မြေရဲ့ ကိုးမြို့စလုံးက ပူးပေါင်းပြီး သူပုန်ထနေကြပြီ၊ ငါတို့ရဲ့ ဒုံးရွှီခံတပ်မြို့ကို သူတို့ လောဘတကြီး တက်မက်နေကြတာ။ မြို့တော်ရဲ့ စစ်တပ် ကတော့ ထွက်ခွာသွားပြီ။ မင်းလည်း မနက်ဖြန် စတင်ထွက်ခွာရမယ်။ ဝူထူသူပုန်တွေက ကောင်းကင်ဘုံက သူတို့ကို ဒီလိုမျိုး ခြောက်သွေ့အတိပြီးတဲ့ မြေရိုင်းတွေ ပေးသနားလို့ မတရားဘူးလို့ ထင်နေကြတာဆိုတော့... သူတို့ရဲ့ စစ်မှန်တဲ့ ကောင်းကင်ဘုံက ဘယ်သူလဲ ဆိုတာကို ငါတို့ သူတို့ကို ကောင်းကောင်းကြီး နားလည်အောင် ပြပေးလိုက်ကြတာပေါ့။" ခုန်ထုန်က လော့ရှောင်ထံသို့ အမိန့်စာကို ကမ်းပေးလိုက်သည်။
လော့ရှောင်က အမိန့်စာကို လက်နှစ်ဖက်ဖြင့် ရိုသေစွာ လှမ်းယူလိုက်သည်။ သူသည် ဝူထူ နယ်မြေက အနှင်ထုတ်ခံရသူများအပေါ် အနည်းငယ် မကျေနပ်ချက်များ ရှိနေခဲ့ပြီးဖြစ်ရာ ဤတာဝန်ကို ထမ်းဆောင်ရန် အလွန်ပင် စိတ်အားထက်သန်နေခဲ့သည်။
သူပုန်များကို ကိုင်တွယ်ဖြေရှင်းရာတွင် သတ်ဖြတ်ချေမှုန်းခြင်းက တိုက်ရိုက်ကျဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းပင် ဖြစ်သည်။ ထို့အပြင် ရက်ရက်စက်စက် သတ်ဖြတ်ခြင်း၏ ကြောက်ရွံ့တုန်လှုပ်မှုက ဝူထူနယ်မြေတစ်ခွင်လုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားမည်ဖြစ်ရာ၊ ထိုနေရာရှိ အခြားမြို့များမှ လူများသည် ဤအမှောင်ရိပ်ဆိုးကြီးအောက်တွင် အချိန်အကြာ ကြီး ကြောက်ရွံ့ထိတ်လန့်စွာ နေထိုင်သွားကြရမည်ဖြစ်ပြီး မိုက်ရူးရဲဆန်စွာ လှုပ်ရှားရဲကြ တော့မည် မဟုတ်ချေ။
"ဒီတာဝန်က မင်း အရင်က ရရှိခဲ့ဖူးတဲ့ အသေးအဖွဲ အောင်မြင်မှုတွေနဲ့ မတူဘူး။ မင်း ဒီတာဝန်ကို အောင်မြင်ပြီးမြောက်တာနဲ့ မြို့တော်ထဲမှာ မင်းရဲ့ကျော်စောမှုကို အကြီး အကျယ် တိုးတက်စေလိမ့်မယ်" ခုန်ထုန်က ထပ်လောင်းပြောကြားလိုက်သည်။
"လော့ရှောင်အနေနဲ့ သခင်မကြီးနဲ့ မျိုးနွယ်စုအကြီးအကဲတို့ကို လုံးဝ စိတ်ပျက်စေရပါဘူး" လော့ရှောင်က အခိုင်အမာ ပြောဆိုလိုက်သည်။
"ဪ... ဒါနဲ့ ငါ မင်းကို တစ်ခုခု မေးချင်လို့..." ခုန်ထုန်က ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပုံရသည်။
လော့ရှောင်က သူ့ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး၊ လှည့်ပြန်လာကာ ခုန်ထုန်၏ မေးခွန်း ကို ဦးညွှတ်လျက် ထပ်မံ စောင့်ဆိုင်းလိုက်သည်။
"မင်းနဲ့အတူ တူတူပြန်လာတဲ့ အဲဒီလူငယ်... မင်း သူ့ကို သိလို့လား" ခုန်ထုန်က သူမ၏ စိတ်ကူးကို ပြောင်းလဲလိုက်ပုံရသည်။
လော့ရှောင်က နားမလည်နိုင်စွာဖြင့် မျက်မှောင်ကြုတ်လိုက်မိပြီး "ကျူးမင်လန်လား... သူက ကျွန်တော်တို့ မျိုးနွယ်စုဝင်တစ်ယောက် မဟုတ်ဘူးလား" ဟု မေးလိုက်သည်။
"ငါတို့မျိုးနွယ်စုရဲ့ မှတ်တမ်းတွေထဲမှာ သူ့နာမည် မရှိပါဘူး။ သူက ငါတို့မျိုးနွယ်စုဝင်ပါလို့ မင်းကို ဘယ်သူက ပြောတာလဲ" ခုန်ထုန်က စုံစမ်းမေးမြန်းလိုက်သည်။
"သခင်မလေး လီယွင်ဇီပါ" လော့ရှောင်၏ မျက်ဝန်းများမှာ လှုပ်ရှားသွားခဲ့ပြီး ဤမေးခွန်း ကို အလွန်တရာ အလေးအနက် စဉ်းစားနေသည်မှာ သိသာလှသည်။
"ကောင်းပြီ၊ မင်း ဒုံးရွှီမြို့ကို အရင်သွားလိုက်ဦး၊ မင်း ပြန်လာတဲ့အခါမှ ဒီအသေးအဖွဲကိစ္စ အကြောင်း ငါတို့ ဆက်ပြောကြတာပေါ့၊ ငါလည်း သူ့ရဲ့ အထောက်အထားကို ရှင်းရှင်း လင်းလင်းဖြစ်အောင် စုံစမ်းထားလိုက်မယ်။ ယွင်ဇီက မတော်မတရား လုပ်ကြံ ခံထားရတာ ဆိုတော့... သူမဘေးနားမှာ လူယုတ်မာအချို့ ကပ်မြှောင်နေတာကတော့ မလွှဲမရှောင်သာ တဲ့ ကိစ္စပဲလေ" ခုန်ထုန်က ဆိုလိုက်သည်။
လော့ရှောင်က နောက်တစ်ကြိမ် ထပ်မံ ဦးညွှတ်ဂါရဝပြုလိုက်ပြီး၊ သူ့မျက်နှာပေးမှာ ပိုမိုတည်ကြည်လေးနက်သွားလျက် လှည့်ထွက်သွားခဲ့တော့သည်။
အကယ်၍ ကျူးမင်လန်သာ လီမျိုးနွယ်စုဝင်တစ်ဦး မဟုတ်ခဲ့လျှင်၊ လီယွင်ဇီက ဘာဖြစ်လို့ လိမ်ညာခဲ့ရတာပါလိမ့်။
...
လီချွမ်းနဂါးထိန်းအကယ်ဒမီ….
အခန်းတွင်း၌ ကျူးမင်လန်ကို အလွန်အမင်း ဝမ်းမြောက်ကြည်နူးသွားစေသည်မှာ... အဖြူလေးသည် နောက်ဆုံးတွင် ပိုးအိမ်ထဲမှ ဖောက်ထွက်လာခဲ့ပြီ ဖြစ်သည်။
သူက သူ၏ဝိညာဉ်နယ်မြေအတွင်းမှ အိပ်ချင်မူးတူးဖြစ်နေသော အဖြူလေးကို ဂရုတစိုက် ထုတ်ယူလိုက်ပြီး၊ သူနဂါးငယ်အဆင့် အသွင်သဏ္ဌာန်သစ်ကို မြင်တွေ့နိုင်ရန် အလွန်ပင် စိတ်အားထက်သန်နေခဲ့သည်။
"ဆန်းကြယ်လိုက်တာ... ဒါက မိုးပြာနဂါးတစ်ကောင် မဟုတ်ဘူးလား" ကျူးမင်လန်သည် အဖြူလေးကို ကြည့်ရင်း အလွန်အမင်း အံ့ဩမှင်သက်သွားခဲ့ရသည်။
ဆင့်ကဲပြောင်းလဲသွားပြီးသည့်တိုင်အောင်၊ အဖြူလေးမှာ ယခင်ကနှင့် လုံးဝ တူညီခြင်း မရှိတော့ပေ။
အတိတ်တုန်းက ပိုင်ချီသည် စစ်မှန်သော သွေးမျိုးဆက်သန့် နှင်းခဲမိုးပြာနဂါးတစ်ကောင် ဖြစ်ခဲ့ပြီး၊ ခိုင်ခံ့သော နှင်းခဲအကြေးခွံများ၊ သွယ်လျသော ခန္ဓာကိုယ်၊ ရှည်လျားသော အမြီး တို့ဖြင့် ရေတံခွန်က ရေနဂါးကြီးတစ်ကောင်နှင့် ဆင်တူကာ အတောင်ပံများ မရှိခဲ့ပါချေ။
သို့သော် ယခုအခါတွင်မူ ပိုင်ချီ၌ ကြီးမားသော အတောင်ပံကြီးတစ်စုံ ရှိနေခဲ့ပြီ။
အဖြူလေး နှင်းရေခဲဖုံး (ပိုးအိမ်) အခြေအနေတွင် ရှိနေစဉ်တုန်းက လိပ်ပြာတစ်ကောင် ကဲ့သို့ ပေါ့ပါးပါးလွှာသော အတောင်ပံတစ်စုံ အမှန်တကယ် ရှိနေခဲ့သည်ကို သူ မှတ်မိနေ သည်။ ယခုအခါ ထိုအတောင်ပံများမှာ ပိုမိုသန်မာပြီး ထည်ဝါသော အတောင်ပံများအဖြစ် ကြီးထွားဖွံ့ဖြိုးလာခဲ့ကာ၊ လက်ရာမြောက်နူးညံ့သော နှင်းခဲကတ္တီပါမွှေးများဖြင့် ဖုံးလွှမ်း လျက် ရှိနေတော့သည်။
ထို့အပြင် အဖြူလေး၏တောင်ပံရိုးများမှာ လူသားတို့၏ လက်ချောင်းများထက်ပင် ပိုမို ပျော့ပျောင်းလှုပ်ရှားနိုင်သော အဆစ်အပိုင်းအချို့ဖြင့် ဖွဲ့စည်းထားရာ၊ ၎င်းက သူ၏ အတောင်ပံများကို လိပ်ပြာတစ်ကောင်ပမာ နောက်ကျော်ဘက်သို့ ခေါက်သိမ်းထားနိုင်စေ ပြီး သူ၏ လှပဆန်းပြားသော တောင်ပံမွှေးအလှတရားကို ပေါ်လွင်စေသည်။ ၎င်းသည် ဝေဟင်ထက်တွင် အံ့မခန်းဖွယ် ကောင်းမွန်သော ပျံသန်းမှုဗျူဟာများကို လွယ်ကူချောမွေ့ စွာ လုပ်ဆောင်နိုင်ရန်၊ လွတ်လပ်စွာ တိုက်ခိုက်ရှောင်တိမ်းနိုင်ရန်အတွက် သူ့တောင်ပံများ ကို အင်တိုက်အားတိုက် ခတ်နိုင်သလို... သို့မဟုတ်ပါကလည်း နူးညံ့စွာ ခေါက်သိမ်းထား ခြင်းဖြင့် အန္တရာယ်မရှိဘဲ ကျော့ရှင်းလှပသော ငန်းဖြူလေးတစ်ကောင်ပမာ ထင်မှတ်သွား စေနိုင်စွမ်း ရှိပေသည်။
ဟုတ်ပါသည်။ အဖြူလေးသည် မိုးပြာနဂါး၏ ခန္ဓာကိုယ် တည်ဆောက်ပုံ အစိတ်အပိုင်း အချို့ကိုမူ ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်သည်။ မြွေတစ်ကောင်ကဲ့သို့ ကျော့ရှင်း ရှည်လျားသော လည်ပင်း၊ ရင်ဘတ်၊ တင်ပါးနှင့် အမြီးတို့ ရှိနေပြီး၊ ခြေလက်အင်္ဂါများနှင့် ခြေသည်းလက်သည်းများမှာမူ ကြောင်တစ်ကောင်နှင့် ဆင်တူပေသည်။
၎င်း၏ခန္ဓာကိုယ်ထက်တွင် မာကျောသော အကြေးခွံများ ဖုံးလွှမ်းမနေဘဲ၊ ယင်းအစား လည်ပင်းထက်တွင်မူ ပန်းပွားအဆင်တန်ဆာများပမာ မြင့်မြတ်ထည်ဝါသော ငွေဖြူရောင် အမွှေးရှည်နုလေးများ ရှိနေကာ၊ ကျန်ရှိသော ခန္ဓာကိုယ်တစ်ခုလုံးတွင်မူ ပိုးဖဲကတ္တီပါသား ကဲ့သို့ ချောမွတ်လှပသော ငွေရောင်အမွှေးတိုနုလေးများက အမြီးဖျားအထိ တစ်ဆက် တည်း ဖုံးလွှမ်းထားလေသည်။
အဖြူလေး၏ အမြီးမှာလည်း အတန်ငယ် ထူးခြားဆန်းပြားလှသည်၊ မိန်းကလေးတစ်ဦး၏ ဆံပင်ကျစ်ဆံမြီးပမာ ရှည်လျားစွာဖြင့် မြေပြင်ပေါ်သို့ တရွတ်တိုက် ကျနေခဲ့သည်။ ၎င်းတွင် ယခုကဲ့သို့ ထူးခြားသော အမြီးမွှေးများ သဘာဝအတိုင်း ရှိနေခြင်းလား သို့မဟုတ် သူ့ခန္ဓာကိုယ်ထက်တွင် နှင်းခဲများ စုဖွဲ့ခဲသွားပြီး အလိုအလျောက် ပျံ့နှံ့သွားခြင်းလားဆို သည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးချေ။
ကျူးမင်လန်သည် အဖြူလေး (ပိုင်ချီ) ကို ဂရုတစိုက် လေ့လာနေရင်း၊ တစ်ဖက်ကလည်း ပျားပန်းဝတ်ရည်များကို သတိကြီးစွာဖြင့် တိုက်ကျွေးနေခဲ့သည်။
စိတ်ဝင်စားစရာကောင်းသည်မှာ ထိုနှင်းနဂါးငယ်လေးသည် ပန်းဝတ်ရည်ကို အာရုံစိုက်၍ စုပ်ယူသောက်သုံးနေချိန်တွင်၊ ဆော့ကစားနေဟန်ဖြင့် သွယ်လျသော အဖြူရောင် ကျစ်ဆံမြီးပုံစံ အမြီးလေးမှာ ဖြည်းဖြည်းချင်း အပေါ်သို့ လိပ်တက်သွားတတ်ကာ... ခဏ အကြာတွင်မူ ရုတ်တရက် အောက်သို့ တည့်တည့်မတ်မတ် ပြန်လည်ကျဆင်းသွားပြီး အချိန်အတော်ကြာအောင် လုံးဝ မလှုပ်မယှက်ဘဲ ရှိနေတတ်ခြင်းပင်...
ယေဘုယျအားဖြင့် ဆိုရသော် ပိုင်ချီသည် ယခင်က ရှိခဲ့ဖူးသော ရဲရဲတောက် စစ်မက် အရှိန် အဝါများကို များစွာ ဆုံးရှုံးသွားခဲ့ရပြီး၊ ယခုအခါတွင်မူ ပိုမို၍ ကျော့ရှင်းကာ မြင့်မြတ်သော အသွင် ဆောင်နေခဲ့ပြီ ဖြစ်သည်။ သူ၏ အမွှေးအမျှတိုင်း၊ နှင်းအကြေးခွံတိုင်းနှင့် အရေပြား လက်မတိုင်းမှ ထူးခြားဆန်းပြားသော အလှတရားများ လျှံထွက်နေခဲ့သည်။
"ဒါက ဘယ်လိုနဂါးမျိုးလဲ... အမွှေးဖြူ ပင်လယ်ယုန်နဂါးလား။ ဧရာမနဂါးကြီးတွေရဲ့ သွေးမျိုးနွယ်လည်း ပါနေသလိုပဲ... ဒါမှမဟုတ် တကယ်ပဲ ငွေနှင်းအရုဏ်ဦးနဂါးဖြူ ဖြစ်နေ တာလား။" ကျူးမင်လန်သည် ယခုအချိန်တွင် တိကျပြတ်သားသော ဆုံးဖြတ်ချက်တစ်ခု ကို မချနိုင်ဘဲ ဖြစ်နေရသည်။
ခြုံငုံကြည့်မည်ဆိုပါက အဖြူလေးသည် ပင်လယ်ယုန်သတ္တဝါနှင့် ဆင်တူသော်လည်း၊ သူ၏ အတောင်ပံများထက်မှ နှင်းခဲကတ္တီပါမွှေးများမှာ ဧရာမနဂါးကြီးများထဲမှ 'နှင်းခဲစူး နဂါး' ၏ အမွှေးအမှင်များနှင့်လည်း ဆင်တူနေပြန်သည်။ သူ့မှတ်ဉာဏ်ထဲရှိ နဂါးမျိုးနွယ်စု များအကြောင်းကို ပြန်လည် ရှာဖွေကြည့်ရာတွင်မူ... အဆုံးမဲ့ အေးခဲနေသော စကြဝဠာ ဟင်းလင်းပြင်ကြီးထဲတွင် မှီတင်းနေထိုင်ကြသည်ဟု ဆိုစမှတ်ပြုကြသည့် ငွေနှင်း အရုဏ်ဦးနဂါးဖြူတစ်ကောင်နှင့်သာ အလွန်တရာ နီးစပ်မှု ရှိနေပေတော့သည်။
"ယီ... ယီ... ယီ... ယီ"
အဖြူလေး၏ အော်ဟစ်သံလေးမှာ ကလေးဆန်ဆန် ညည်းတွားသံလေး ဖြစ်နေသည်။ သူသည် ဗိုက်ဆာနေသေးသဖြင့် ဂျီကျနေခြင်းလား သို့မဟုတ် ယင်းကပင် သူ၏ ပင်ကိုယ် အသံသြဇာလားဆိုသည်ကိုမူ ခွဲခြားရန် ခက်ခဲပေသည်။
ကျူးမင်လန်က သူ့အတွက် ပျားပန်းဝတ်ရည် အမြောက်အမြားကို ကြိုတင် ပြင်ဆင်ပေး ထားခဲ့ပြီး ဖြစ်သည်။
ပန်းရနံ့ သင်းပျံ့လှသော ပျားပန်းဝတ်ရည်များကို ဇွန်းငယ်လေးဖြင့် ခပ်ယူလိုက်သောအခါ၊ အဖြူလေးက ဦးစွာ ကျူးမင်လန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပျားပန်းဝတ်ရည်ဆီ သို့ လှမ်းကြည့်လိုက်ရာ၊ သူ့မျက်ဝန်းငယ်လေးများတွင် ကြည်နူးဝမ်းမြောက်မှု အရိပ် အယောင်များ လှိုင်းခတ်သွားခဲ့တော့သည်။
"သောက်လိုက်စမ်းပါ... အလျင်အမြန် ကြီးထွားသန်မာလာပါစေ" ကျူးမင်လန်က ပိုင်ချီကို ပြောလိုက်သည်။
ပိုင်ချီသည် ပျားပန်းဝတ်ရည် ရနံ့ကို ရရှိလိုက်သည်နှင့်၊ ယခုအခါတွင် နူးညံ့သော အမွှေးဖြူ လေးများ ထွက်ပေါ်နေပြီဖြစ်သော သူ့ဦးခေါင်းငယ်လေးကို ပျားပန်းဝတ်ရည် ဇွန်းဆီသို့ ဖြည်းညှင်းစွာ တိုးကပ်လိုက်ပြီး ကြောင်ပေါက်စလေးတစ်ကောင်ပမာ ညင်သာစွာ လျှာဖြင့် ယက်၍ သောက်သုံးနေတော့သည်။
အဆုံးတွင်မူ သူသည် ဗိုက်ပြည့်အောင် စားသောက်ပြီးစီးသွားခဲ့ပြီ။
သို့သော် သူသည် ဝိညာဉ်နယ်မြေအတွင်းရှိ နှင်းရေခဲဖုံးနေသော ကုတင်ထက်သို့ ပြန်လည် သွားရောက်လိုစိတ် လုံးဝ ရှိပုံမပေါ်ပေ။
သူက ကျူးမင်လန်၏ ရင်ခွင်ထဲသို့ တဖြည်းဖြည်းချင်း တိုးဝင်လာခဲ့ပြီး၊ သူ၏ ရှည်လျားသော အမြီးဖြင့် ခန္ဓာကိုယ်ကို ပတ်ခွေလျက်၊ အတောင်ပံများကို အပြည့်အဝ ခေါက်သိမ်းကာ ကွေးကွေးလေး ဖြစ်နေသော သူ့ကိုယ်လုံးလေးကို ဖုံးအုပ်လိုက်ရင်း... ကျူးမင်လန်၏ ရင်ခွင်နွေးနွေးထက်တွင် သိမ်မွေ့ပျော့ပြောင်း ပျင်းရိစွာဖြင့် ချိုမြိန်စွာ မှီတင်း ခိုလှုံလိုက်တော့သည်။
မကြာမီအချိန်အတွင်းမှာပင် ငွေနှင်းအရုဏ်ဦးနဂါးဖြူ၏ ညင်သာလှသော အသက်ရှူသံကို ကြားလိုက်ရပြီး အလွန်အမင်း ချိုမြိန်စွာ အိပ်ပျော်သွားခဲ့ချေပြီ။ နူးညံ့ပြီး သက်တောင့် သက်သာရှိလှသော အမွှေးတိုနုလေးများကြောင့် ကျူးမင်လန်အနေဖြင့် သူ့ကိုယ့်ကူ အစစ်မှန် နဂါးတစ်ကောင်ကို မွေးမြူနေရခြင်းထက်... လူကပ်တတ်သော အဖြူရောင် ကြောင်ပေါက်စလေးတစ်ကောင်ကို ပြုစုစောင့်ရှောက်နေရသကဲ့သို့ပင် ခံစားလိုက်ရတော့ သည်။
သို့သော် သဘာဝအတိုင်းပင် ကျူးမင်လန်သည်လည်း အဖြူလေး ပိုးအိမ်မှ ကွဲထွက်လာ ခြင်းမှာ တစ်ဖန်ပြန်လည် မွေးဖွားခြင်းဖြစ်ပြီး၊ သူ၏ နဂါးငယ်အဆင့် အစောပိုင်းကာလသို့ ပြန်လည်ရောက်ရှိသွားခြင်း ဖြစ်ကြောင်း ကောင်းစွာ သိရှိထားသည်။
နဂါးအများစု၏ ကြီးထွားမှုနှုန်းမှာ အလွန်တရာ နှေးကွေးလှပေသည်။ ဧရာမနဂါးကြီးများ သည် နှစ်ပေါင်းထောင်ချီ၍ အသက်ရှည်ကြရာ၊ ၎င်းတို့အနေဖြင့် နဂါးငယ်ဘဝမှ အရွယ် ရောက်ပြီး နဂါးကြီးတစ်ကောင်အဖြစ်သို့ ကူးပြောင်းရန်အတွက် လူသားတို့၏ သက်တမ်း နှစ်ဆက်စာမျှ အချိန်ယူရလေ့ရှိသည်။
ယခုကဲ့သို့သော အချိန်မျိုးမှာပင် နဂါးထိန်းတစ်ဦး၏ အခန်းကဏ္ဍနှင့် တန်ဖိုးမှာ အပြည့် အဝ ပေါ်လွင် ထင်ရှားလာခြင်း ဖြစ်သည်။
ပထမအချက်အနေဖြင့် လူသားတို့၏ ဝိညာဉ်နယ်မြေသည် ဝိညာဉ်ရေးရာစာချုပ် ရေးထိုး ထားသော နဂါးများအားလုံးအတွက် ကြီးထွားဖွံ့ဖြိုးမှုကို ဖြစ်ထွန်းစေသည့် ပြုစုပျိုးထောင် ရာ အခန်းဆောင်တစ်ခု ဖြစ်ပြီး၊ ၎င်းတို့သည် ထိုနေရာ၌ အိပ်စက်ရုံမျှဖြင့်ပင် သူတို့၏ ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို အဆပေါင်းများစွာ လျင်မြန်လာစေနိုင်သည်။
ဒုတိယအချက်အနေဖြင့်မူ ဤကဲ့သို့ ဝိညာဉ်နယ်မြေအတွင်း၌ လျင်မြန်စွာ ကြီးထွားလာ ခြင်းက နဂါး၏သက်တမ်းကို ယုတ်လျော့သွားစေခြင်း မရှိချေ။
သူတို့ကို သတ်မှတ်ထားသော သီးသန့်အစားအစာများ ကျွေးမွေးခြင်း သို့မဟုတ် ဝိညာဉ် သစ်သီးအချို့ကို ဝယ်ယူကျွေးမွေးခြင်းဖြင့်... အနုနယ်ဆုံးသော နဂါးငယ်များကိုပင် အလွန် တရာ တိုတောင်းလှသော အချိန်ကာလတစ်ခုအတွင်း၌ ၎င်းတို့၏ အားအနည်းဆုံးနှင့် အန္တရာယ်အရှိဆုံးသော ကာလအပိုင်းအခြားကို လျင်မြန်စွာ ကျော်ဖြတ်သွားစေနိုင်စွမ်း ရှိပေသည်။
ငွေနှင်းအရုဏ်ဦးနဂါးဖြူလေးသည် ငယ်ရွယ်နုနယ်သေးသည်မှာ ပြဿနာ မဟုတ်ပါချေ။ ၎င်းအနေဖြင့် အိပ်စက်ခြင်းနှင့် ပျားပန်းဝတ်ရည် ပိုမိုသောက်သုံးရန်သာ လိုအပ်ပြီး၊ စစ်မှန်သော နဂါးတစ်ကောင်ဖြစ်သည့်အတိုင်း တစ်နေ့ထက်တစ်နေ့ ထူးခြားစွာ ပြောင်းလဲ တိုးတက်လာမည် ဖြစ်ရာ၊ တစ်လအတွင်းမှာပင် ပြင်းထန်သော တိုက်ခိုက်ရေးစွမ်းရည်များ ထွက်ပေါ်လာမည် ဖြစ်သည်။
"ဟာ... သွားပါပြီ၊ ဒီနေ့ လကုန်ရက် အတန်းကြီး ရှိတာကို ငါ လုံးဝ မေ့တော့မလို့ပဲ" ကျူးမင်လန်၏ စိတ်အာရုံတစ်ခုလုံးမှာ အဖြူလေးအပေါ်၌သာ ရောက်ရှိနေခဲ့သဖြင့် ဤကိစ္စကို လုံးလုံးလျားလျား လျစ်လျူရှုမိမတတ် ဖြစ်သွားခဲ့ရခြင်း ဖြစ်သည်။
လီချွမ်းနဂါးထိန်းအကယ်ဒမီ၏ ကျောင်းသားများအပေါ် စီမံခန့်ခွဲမှုမှာ အတော်ပင် လွတ်လပ်ခွင့် ပေးထားသည်။ နံနက်ခင်းတိုင်းတွင် သင်ခန်းစာအတန်းများ ရှိသော်လည်း၊ တက်ရောက်ခြင်း ရှိမရှိမှာ ကျောင်းသားများ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်သာ ဖြစ်ပေသည်။
အကယ်ဒမီတွင် မည်သည့်အခကြေးငွေမျှ ပေးဆောင်ရန်မလိုဘဲ အခမဲ့အသုံးပြုနိုင်သည့် အသုံးအဆောင်များနှင့် လေ့ကျင့်ရေးကွင်းများစွာ ရှိနေပြီး၊ ကျောင်းသားများသည် မိမိတို့ အလိုရှိသလို လွတ်လပ်စွာ အသုံးပြုနိုင်ကြသည်။
သို့သော် အရံနဂါးများ သိုလှောင်ရာ ခန်းမဆောင်မှ ဝိညာဉ်သတ္တဝါငယ် အသစ်များကို ရယူ လိုလျှင်သော်လည်းကောင်း၊ ကုသရေးဆေးဝါးများနှင့် အထူးအာဟာရစာများကို ရရှိလို လျှင်သော်လည်းကောင်း... အကယ်ဒမီမှ သတ်မှတ်ပေးထားသော တာဝန်များကို ပြီးမြောက်အောင် လုပ်ဆောင်ကာ အကယ်ဒမီအမှတ်များကို လုံလောက်အောင် ရှာဖွေရန် လိုအပ်ပေသည်။
လီချွမ်းနဂါးထိန်း အကယ်ဒမီအတွင်း၌မူ ခရက်ဒစ်အမှတ်များသည် ရွှေငွေရတနာများ ထက်ပင် ပိုမိုတန်ဖိုးရှိပေသည်။ နှစ်စဉ်နှစ်တိုင်း အကယ်ဒမီသည် ရတနာသိုလှောင်ရာ ဂိုဒေါင်ကြီးအတွင်းသို့ ရတနာအမြောက်အမြားကို စုဆောင်းအပ်နှံလေ့ရှိပြီး၊ လုံလောက် သော ခရက်ဒစ်အမှတ်များ ရှိရုံမျှဖြင့် ထိုရတနာများကို လဲလှယ်ရယူနိုင်စွမ်း ရှိသည်။
ထိုနေရာတွင် နဂါးဥများပင် ရှိနေသည်ဟု ကောလာဟလများ ထွက်ပေါ်နေခဲ့သည်။
နဂါးဉများကို အောင်မြင်စွာ ဖောက်နိုင်ပါက စစ်မှန်သော နဂါးများကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။
ကျူးမင်လန်အနေဖြင့်မူ ထိုဒဏ္ဍာရီဆန်လှသော ရတနာဂိုဒေါင်ကြီးကို တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးသေးချေ။ အဓိကအကြောင်းရင်းမှာ သူ ခက်ခက်ခဲခဲ စုဆောင်းထားရသမျှ သော ခရက်ဒစ်အမှတ်အနည်းငယ်မှာ ငွေကြေးနှင့် အစားအစာများအဖြစ် လဲလှယ် လိုက်ရ သောကြောင့် ဖြစ်သည်။ သို့ဖြစ်ရာ ထိုရတနာဂိုဒေါင်ကြီးထဲမှ ရတနာများကို ငေးမောကာ သွားရည်ယိုနေရန် အကြောင်းမရှိပေ...
နေ့စဉ် နံနက်ခင်းအတန်းများမှာ အလကားတက်ရောက်နိုင်ခြင်း မဟုတ်ဘဲ၊ အတန်း တစ်ကြိမ်လျှင် အကယ်ဒမီခရက်ဒစ် တစ်မှတ် ကုန်ကျလေ့ရှိသည်။
သို့သော် လကုန်ရက်တွင် ပြုလုပ်သည့် အတန်းကြီးမှာမူ လုံးဝအခမဲ့ဖြစ်ပြီး၊ တစ်တန်း တည်းသား ကျောင်းသားများအားလုံး မပျက်မကွက် တက်ရောက်ကြရသည်။ ပျက်ကွက်ခဲ့ ပါက ခရက်ဒစ်အမှတ်များ အဖြတ်ခံရမည် ဖြစ်သည်။
နောက်ဆုံးတွင် အတန်းတက်ရမည့် အချိန်သို့ ရောက်ရှိလာခဲ့ပြီ။ ကျူးမင်လန်သည် သူ၏ ကိုယ်ဟန်အမူအရာကို သေသပ်အောင် ပြင်ဆင်လိုက်၏။ တစ်ဖက်တွင် လကုန်ရက် အတန်းကြီး၏ သင်ခန်းစာ အကြောင်းအရာများမှာ ပိုမိုစုံလင်ကြွယ်ဝမည် ဖြစ်သော ကြောင့် ဖြစ်ပြီး၊ အခြားတစ်ဖက်တွင်မူ သူသည် သူ့အဆောင်ပြင်ပရှိ အတန်းဖော်များနှင့် တစ်ကြိမ်တစ်ခါမျှ မဆုံတွေ့ရသေးသောကြောင့် ဖြစ်သည်။ အထူးသဖြင့် အမျိုးသမီး အတန်းဖော်များမှာ မည်မျှအထိ လှပတင့်တယ်ကာ ထူးခြားဆန်းပြားနေမည်ကို သူ စိတ်ဝင်တစား မျှော်လင့်နေမိသောကြောင့်ပင်...။