← Chapters

အခန်း ၁၉

Vol. 2 Ch. 19

အခန်း ၁၉

Vol. 2 Ch. 19

အခန်း (၁၉) အဆင့်တက်သွားသော နဂါး။

လေစီးကြောင်းကို အဝတ်စားပြုလျက် အဖြူလေးသည် အောက်သို့ ထိုးစိုက်ကာ အရှိန်ဟုန်ပြင်းစွာ ပြေးထွက်သွားခဲ့သည်။

ငွေနှင်းအရုဏ်ဦးနဂါးဖြူ ရေးဆွဲလိုက်သော လှုပ်ရှားမှု အကွေးအဆန့်မှာ အလွန်တရာ ဆန်းကြယ်လှသဖြင့် ကြည့်ရှုနေသူများမှာ အံ့ဩချီးကျူးမိခြင်း မရှိဘဲ မနေနိုင်ကြပါချေ။ ထို့အပြင် ၎င်းဖန်တီးလိုက်သော တိုက်ခိုက်မှု အရှိန်အဟုန်မှာလည်း အလွန်တရာ ပြင်းထန် ပြီး လွှမ်းမိုးနိုင်စွမ်းအပြည့် ရှိလှသဖြင့် အဝေးမှ ငေးမောနေကြသူများကိုပါ အံ့မခန်း ရင်သပ်ရှုမောဖွယ်ရာ ဖြစ်သွားစေခဲ့သည်။

နန်ရီသည် သူ့ခံစားချက်များကို ကောင်းကောင်း ဖုံးကွယ်တတ်သူတစ်ဦး မဟုတ်ပါပေ။ သို့သော် လူပုံအလယ်တွင် သိက္ခာမကျစေရန်အတွက် သူ၏ စိတ်ပျက်ဒေါသထွက်မှုနှင့် မယုံကြည်နိုင်မှုကို အတင်းအကြပ် အောင့်အည်းမျိုသိပ်လိုက်ရသဖြင့်၊ သူ၏ မျက်နှာတစ်ခု လုံးမှာ တစ်လှည့်နီမြန်းလာလိုက်၊ တစ်လှည့် ဖြူလျော်သွားလိုက်ဖြင့် အလျင်အမြန် ပြောင်းလဲနေခဲ့တော့သည်။

ကျူးမင်လန်သည် အဖြူလေးက ထိုတောအုပ်နဂါးစိမ်း၏ မျက်နှာကို ၎င်း၏အမြီးဖြင့်ပင် ရိုက်နှက်ဆုံးမလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိချေ။ သူသည် သက်ပြင်းခိုးချလျက် ရယ်မော မိရင်း... နန်ရီအတွက် အရှက်ရစရာ သိက္ခာတစ်စွန်းတစ်စမျှ မကျန်တော့မည့် အခြေအနေ မျိုး မဖြစ်စေရန် ထိုဆိုးသွမ်းလွန်းသော ကောင်ဇိုးလေးကို အမြန်ပင် ပြန်လည် ခေါ်ယူ လိုက်တော့သည်။

အမှန်အားဖြင့် နန်ရီ၏ သိက္ခာမှာ လုံးဝ ကုန်ဆုံးသွားခဲ့ချေပြီ။ သီးသန့်စိန်ခေါ်ပွဲမျိုးဆိုလျှင်မူ သူနှင့်နန်ရီ နှစ်ယောက်တည်းသာ သိရှိမည်ဖြစ်၍ ကိစ္စမရှိသော်လည်း ယခုလို အကယ်ဒမီ မှ တစ်တန်းတည်းသား ကျောင်းသားအမြောက်အမြား၏ ရှေ့မှောက်တွင် အလွယ်တကူ အလဲထိုးခံလိုက်ရခြင်းမှာမူ လုံးဝ ခြားနားသော ကိစ္စရပ်ပင် ဖြစ်ပေသည်။

နန်ရီ၏ မျက်နှာထက်မှ အံ့ဩမှင်သက်နေသော အမူအရာကို မြင်တွေ့လိုက်ရသောအခါ၊ ကျူးမင်လန်က သူ့ကို ပုတ်ခတ်ကာ နှစ်သိမ့်သည့် လေသံဖြင့် ပြောဆိုလိုက်သည် "လူတိုင်း မှာ အနိမ့်အမြင့် အတက်အကျဆိုတာ ရှိစမြေပါပဲ၊ အဲဒီလိုမျိုး စိတ်နာကျင်စရာ စကားလုံး တွေ ပြောနေဖို့ မလိုပါဘူး။ မင်းနဂါးကို ပြန်သိမ်းပြီး သေသေချာချာလေး ပြုစုပျိုးထောင် လိုက်ပါဦး၊ မင်းနဂါးမှာ တိုးတက်လာဖို့ အလားအလာတွေ အများကြီး ရှိပါသေးတယ်"

တွေးကြည့်မည်ဆိုလျှင် ကျူးမင်လန်သည် သူတို့ထက် အသက်အနည်းငယ် ပိုကြီးသဖြင့် ဤလူငယ်လေးများ၏ အဆင့်အတန်းအထိ လိုက်လံဖက်ပြိုင်ရန် ရည်ရွယ်ချက် မရှိပါချေ။

သို့သော်လည်း လောကကြီးကို အတွေ့အကြုံ သိပ်မရှိကြသေးသော ဤလူငယ်လေးများ မှာမူ... တကယ်ကို လွန်လွန်ကဲကဲ မောက်မာလွန်းလှပေသည်။

အဆုံးသတ်မှာတော့ သူတို့သည် ပြင်ပလောကကြီး၏ ပြင်းထန်လှသော သင်ခန်းစာများကို ကိုယ်တိုင်ကိုယ်ကျ မကြုံတွေ့ဖူးကြသေးသောကြောင့်သာ ဖြစ်ပေတော့သည်။

ကျူးမင်လန်က မျက်နှာကို တည်ငြိမ်ရိုးရှင်းသော အမူအရာအဖြစ် ပြောင်းလဲလိုက်ပြီး၊ အလွန်ပင် စိတ်နှလုံး နွေးထွေးလှသော စီနီယာတစ်ဦးကဲ့သို့ ဟန်ဆောင်ကာ စိတ်ဓာတ်ကျ နေသည့် ကျောင်းသားငယ်လေးအား ဖော်ရွေစွာ နှစ်သိမ့်ပေးလိုက်သည်။

သို့သော် သူ့ရင်ထဲတွင်မူ ဝမ်းမြောက်ဝမ်းသာဖြစ်မှုကြောင့် ဆတ်ဆတ်ခါ ခုန်ပေါက်နေခဲ့ပြီး၊ ဝမ်းသာအားရဖြင့် ထိုနေရာတင် ဂျွမ်းထိုးမှောက်ခုံ ထလုပ်လုမိမတတ် ဖြစ်နေခဲ့ရသည်။

အဖြူလေးက တကယ်ကို အစွမ်းထက်လွန်းလှသည်။

ကျူးမင်လန်သည် အဖြူလေးအနေဖြင့် အနည်းဆုံး ကြီးထွားမှုကာလ အပိုင်းအခြားသို့ ရောက်ရှိမှသာ တိုက်ခိုက်ရေးစွမ်းရည် အနည်းငယ် ထွက်ပေါ်လာလိမ့်မည်ဟု ထင်မှတ် ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် မည်သူ သိနိုင်မည်နည်း... အဖြူလေးသည် နဂါးငယ် အဆင့်မှာတင် ဤမျှအထိ ကြမ်းကြုတ်ခက်ထန်ပြီး စွမ်းအားကြီးမားနေလိမ့်မည်ကို….

သူတို့ ပြန်လည်မော်ကြွားနိုင်ခဲ့ချေပြီ။ ဤသခင်လေး၏ ဘုန်းကျက်သရေ တောက်ပလှ သော နေ့ရက်များ တကယ်ပဲ ပြန်လည်ရောက်ရှိလာခဲ့ချေပြီ။

နန်ရီသည် သူ၏ တောအုပ်နဂါးစိမ်းဆီသို့ လျှောက်လှမ်းသွားပြီး၊ သူ၏ မှေးမှိန်အားလျော့ နေသော မျက်ဝန်းများကို ကြည့်ရုံမျှဖြင့်ပင် သူ မည်မျှအထိ စိတ်ပျက်အားငယ်နေသည်ကို ကောင်းစွာ သိနိုင်ပေသည်။

သူသည် တောအုပ်နဂါးစိမ်းကို ရရှိခဲ့သည့် နေ့မှစ၍ အမြဲတမ်း ဂုဏ်ယူဝင့်ကြွားကာ မောက်မာထောင်လွှားခဲ့သူ ဖြစ်သည်။ သူ့ပတ်ဝန်းကျင်ရှိ ပါရမီရှင်ဟု သတ်မှတ်ခံထားရ သူများပင် နဂါးတံခါးဝ၏ အောက်ခြေရုန်းကန်မှု ရွှံ့နွံထဲတွင် အသည်းအသန် ကြိုးစားနေရ ဆဲဖြစ်သော်လည်း၊ သူကမူ မွေးဖွားလာကတည်းက ထိုနဂါးတံခါးဝ၏ အထက်တွင် ရှိနေခဲ့ ပြီး... အရွယ်ရောက်သည်နှင့် နဂါးသားတော်အဆင့် စွမ်းအားမျိုးကို ပိုင်ဆိုင်လာမည့် ဤတောအုပ်နဂါးစိမ်းကို ပိုင်ဆိုင်ခွင့် ရရှိထားခဲ့သည်။

သို့သော်လည်း သူ၏ အစစ်မှန် နဂါးစစ်စစ်ကြီးမှာ... ထိုရွှံ့နွံထဲက သာမန်သတ္တဝါလေး တစ်ကောင်၏ လက်ချက်ဖြင့် အလွယ်တကူ ရှုံးနိမ့်သွားလိမ့်မည်ဟု သူ လုံးဝ ထင်မှတ် မထားခဲ့မိပေ။

"အိုး... ဝူး…. အိုး... ဝူး…." တောအုပ်နဂါးစိမ်းကြီးသည် ပြင်းထန်လွန်းသော နာကျင်မှု ကြောင့် အော်ဟစ်ညည်းတွားနေရှာသည်။

နန်ရီက သူ့လက်ကို မြှောက်ပြီး၊ ယခုအခြေအနေကို မယုံကြည်နိုင်သေးဟန်ဖြင့် တောအုပ် နဂါးစိမ်းကြီးကို သူ၏ ဝိညာဉ်နယ်မြေအတွင်းသို့ ပြန်လည်သိမ်းဆည်းရန် ပြင်လိုက်သည်။

"အိုး... ဝူး….. အိုး... ဝူး….."

တောအုပ်နဂါးစိမ်း၏ အော်ဟစ်ဟိန်းသံကြီးမှာ ပိုမို၍ပင် ကျယ်လောင်မြည်ဟီးလာခဲ့ သည်။ နန်ရီက သူ၏ ချစ်စနိုးနဂါးလေးမှာ အပြင်းအထန် ဒဏ်ရာရရှိသွားသဖြင့် အော်ဟစ် နေခြင်းဟု ထင်မှတ်နေစဉ်မှာပင်... ထိုတောအုပ်နဂါးစိမ်းသည် မိမိဘာသာ ပြန်လည် မတ်တပ်ရပ်လာသည်ကို မြင်တွေ့လိုက်ရပြီး၊ သူက ဒဏ်ရာကုသရန်အတွက် ဝိညာဉ် နယ်မြေအတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ငြင်းဆန်နေခဲ့သည်။

"အောင်း... ဝူး….."

တောအုပ်နဂါးစိမ်းသည် ရုတ်တရက်ပင် ကောင်းကင်ထက်သို့ မော့၍ ရှည်လျားသော ဟိန်းဟောက်သံကြီးတစ်ချက် ဆင့်ထုတ်လိုက်ပြီး၊ တောရိုင်းဆန်ဆန် စွမ်းအင်ပေါက်ကွဲမှု ကို ထုတ်ဖော်လိုက်တော့သည်။

ထို့နောက်တွင်မူ သူ့ခန္ဓာကိုယ်ထက်မှ အပြာရောင်အလင်းတန်းတစ်ခု ရုတ်တရက် ပွင့်အံ ထွက်ပေါ်လာခဲ့ပြီး၊ မရေတွက်နိုင်သော အပြာရောင်နွယ်ပင်များက စင်မြင့်ထက်ရှိ ကျောက်တုံးများကို ထိုးခွဲကာ ရူးသွပ်စွာ ကြီးထွားလာခဲ့ပြီးနောက်... တောအုပ်နဂါးစိမ်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို ရစ်ပတ်နှောင်ဖွဲ့လိုက်ကြတော့သည်။

ထိုနွယ်ပင်များ ကြီးထွားလာမှုနှင့်အတူ တပြိုင်နက်တည်းမှာပင် တောအုပ်နဂါးစိမ်း၏ ခန္ဓာကိုယ် အရွယ်အစားမှာလည်း ထိုတခဏ၌ပင် သိသိသာသာ ကြီးထွားကျယ်ပြန့်လာခဲ့ သည်။ အရိုးများ ကြီးထွားဖွံ့ဖြိုးလာသည့် တဖျစ်ဖျစ် မြည်သံများက အကယ်ဒမီ ကျောင်းဆောင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့ပြီး... ၎င်းပုံစံက ကြောက်မက်ဖွယ် မိစ္ဆာသားရဲကြီးတစ်ကောင် ယခင်ကထက် ပိုမိုသန်မာပြီး ပိုမိုထိတ်လန့်စရာကောင်းသော အသွင်သဏ္ဌာန်ဖြင့် ထိုနဂါးငယ်၏ ခန္ဓာကိုယ်အတွင်းမှနေ၍ ရုန်းကန်ထွက်ပေါ်လာရန် ကြိုးစားနေသည့်အလားပင် ဖြစ်နေတော့သည်။

"အဆင့်တက်တာလား" နန်ရီ၏ မျက်နှာထက်တွင် အံ့ဩမှင်သက်မှုများဖြင့် ပြည့်နှက် သွားခဲ့ရသည်။

ရှုံးနိမ့်ခြင်း၏ အရှက်ရမှုကို မခံမရပ်နိုင်ဖြစ်ပြီး တောအုပ်နဂါးစိမ်းသည် ပြင်းထန်လှသော နာကျင်မှုများနှင့် အောင်နိုင်လိုစိတ် ပြင်းပြမှုများကြားမှပင် ၎င်း၏ အကန့်အသတ်အချို့ကို ချိုးဖျက်ပစ်နိုင်ခဲ့ပုံရပြီး၊ ယခု ဤနေရာ၊ ဤအချိန်၌ပင်... သတ်မှတ်ချိန်ထက် စောစီးစွာ ကြီးထွားမှုနယ်ပယ်အတွင်းသို့ တစ်ဟုန်ထိုး တက်လှမ်းသွားခဲ့ခြင်း ဖြစ်ပေသည်။

နဂါးငယ်အဆင့်မှသည် ကြီးထွားမှုအဆင့်ဆီသို့….

သာမန်သတ္တဝါတစ်ကောင်ပင် ယခုကဲ့သို့ အသွင်ပြောင်းလဲမှုကို ကြုံတွေ့ရလျှင် ၎င်း၏ စွမ်းအားမှာ တစ်ခဏအတွင်း သိသိသာသာ မြင့်တက်သွားတတ်ကြရာ... အစစ်မှန် နဂါးစစ်စစ် ဖြစ်သည့် ဤတောအုပ်နဂါးစိမ်းအတွက်မူ ဆိုဖွယ်ရာ မရှိတော့ပေ။

တောအုပ်နဂါးစိမ်းအနေဖြင့် အစစ်မှန် နဂါးသားတော်အဆင့်၏ အစစ်မှန် စွမ်းအားကို ရရှိရန်အတွက် အရွယ်ရောက်သည့်အဆင့်အထိ ဆက်လက်တက်လှမ်းရန် လိုအပ်ဦးမည် ဖြစ်သော်လည်း... နဂါးတံခါးကို ကျော်ဖြတ်ရန် ခြေတစ်လှမ်းအလိုသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ရာ၊ ဤတောအုပ်နဂါးစိမ်းသည် အခြားသော သတ္တဝါအများစုကို အကြွင်းမဲ့ အုပ်စိုး ဖိနှိပ်နိုင်စွမ်း ရှိနေဆဲပင် ဖြစ်သည်။

အကယ်ဒမီအတွင်းရှိ ကျောင်းသားလူအုပ်ကြီးအားလုံး၏ မျက်နှာထက်တွင် ထိတ်လန့် တုန်လှုပ်သွားသည့် အမူအရာများ ပေါ်ထွက်လာခဲ့ကြသည်။

နဂါးငယ်အဆင့် တောအုပ်နဂါးစိမ်းသည်ပင် အလွန်တရာ ကြမ်းကြုတ်ခက်ထန်သော သတ္တဝါတစ်ကောင် ဖြစ်နေခဲ့ပြီဖြစ်ရာ... ယခုအခါတွင်မူ ၎င်းသည် အမြင့်လေးမီတာခန့် အထိ ထိုးတက်ကြီးမားသွားခဲ့လေပြီ။ အမျက်ဒေါသ ချောင်းချောင်းထွက်နေသည့် ဧရာမ သတ္တဝါကြီးတစ်ကောင်၏ အရှေ့မှောက်တွင် ၎င်း၏ အရှိန်အဝါနှင့် ဖိအားပေးနိုင်မှုမှာ ယခင်အခြေအနေနှင့် လုံးဝ တူညီခြင်း မရှိတော့ပေ။

ယခင်က ကြုံတွေ့ခဲ့ရသည့် အရှက်ရမှုများကြောင့် တောအုပ်နဂါးစိမ်းသည် ပိုမို၍ စိတ်ဆတ်ပြီး ဒေါသကြီးလာခဲ့ကာ၊ သူ့ပုံစံက ပတ်ဝန်းကျင်ရှိ လူအားလုံးကို တစ်စစီ ကိုက်ဖြတ်ပစ်ချင်နေသည့်အလား ဖြစ်နေပြီး၊ အကယ်ဒမီရှိ ကျောင်းသားများအားလုံးကို ထိတ်လန့်တုန်လှုပ်စွာဖြင့် နောက်သို့ ဆုတ်ခွာသွားကြရသည်။

ထိုခဏ၌ ခန်းမဆောင်ကြီးအတွင်းမှာ ကျူးမင်လန်တစ်ဦးတည်းသာ ကျန်ရစ်ခဲ့တော့ပြီး၊ သူ့ပခုံးထက်တွင်မူ သေးငယ်ပြီး ကျော့ရှင်းလှပသော ငွေနှင်းအရုဏ်ဦးနဂါးဖြူလေးက နားခိုနေခဲ့သည်။ သူ၏ အေးမြသော ဟင်းလင်းပြင်ထဲက ကြယ်ပွင့်များပမာ တောက်ပ သည့် မျက်ဝန်းအစုံမှာမူ... အကြီးအကျယ် ပြောင်းလဲတိုးတက်သွားခဲ့သည့် တောအုပ် နဂါးစိမ်းကို တည်ငြိမ်အေးစက်စွာဖြင့် စိုက်ကြည့်နေဆဲပင် ဖြစ်သည်။

ကျူးမင်လန်က တောအုပ်နဂါးစိမ်းကို ကြည့်ရင်း... သူ့မျက်နှာကို တတ်နိုင်သမျှ ဂရုမစိုက်ဟန် အမူအရာအဖြစ် ဟန်ဆောင်ပြင်ဆင်လိုက်သည်။

အကယ်၍ ယခင်အချိန်တုန်းကသာဆိုလျှင် ဤတောအုပ်နဂါးစိမ်းသည် နောက်ထပ် ဆယ်ဆခန့် ပိုမိုဆင့်ကဲပြောင်းလဲသွားပါစေဦး... သူ အလွယ်တကူပင် ခြေမွဖျက်ဆီးပစ်နိုင် စွမ်း ရှိသော်လည်း၊ ယခုအချိန်မှာမူ... သူ အမှန်ပင် ရင်တထိတ်ထိတ်ဖြင့် စိုးရိမ် ထိတ်လန့် နေရသည်။

"နန်ရီ... ငါ့သူငယ်ချင်း၊ ငါ မင်းကို အစကတည်းက ပြောပြီးသားပဲ မဟုတ်လား။ မင်းရဲ့ တောအုပ်နဂါးစိမ်းမှာ တကယ့်ကို ကြီးမားတဲ့ အလားအလာတွေ ရှိတယ်ဆိုတာလေ။ ပြီးတော့ ပြီးခဲ့တဲ့အလှည့်တုန်းက ငါ နိုင်ခဲ့ပေမဲ့ ဒီတစ်လှည့်မှာတော့ ငါ ရှုံးနိမ့်သွားပါပြီ၊ ဒါကြောင့် ငါတို့နှစ်ယောက် သရေပဲပေါ့" ကျူးမင်လန်က နန်ရီကို အမြန်ပင် ပြောဆိုလိုက် သည်။

"ငါက ငါ့နဂါးကို ပြန်မသိမ်းရသေးဘူး၊ အဲဒီတော့ ဒီစိန်ခေါ်ပွဲက လုံးဝ မပြီးဆုံးသေးဘူးလို့ ဆိုလိုတာပဲ။ ဟားဟား... တောကြက်ဆိုတာ ဘယ်ချိန်မဆို တောကြက်ပဲကွ၊ လေပြည် လေညင်းတွေကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်လေး နည်းနည်းပါးပါး ရထားရုံနဲ့ ငါ့ရဲ့ အစစ်မှန် နဂါးစစ်စစ်ကြီးနဲ့ ယှဉ်ပြိုင်နိုင်မယ်လို့ လုံးဝ မတွေးလိုက်နဲ့" နန်ရီ၏ စကားပြောသံမှာ ပိုမို၍ မောက်မာ ထောင်လွှားလာခဲ့တော့သည်။

သူ့ဘဝတွင် ပထမဦးဆုံးအကြိမ်အဖြစ် ပြင်းထန်သော ရှုံးနိမ့်မှုကို ကြုံတွေ့လိုက်ရပြီး နောက်၊ ယခုအခါတွင် မှင်တက်စရာကောင်းသော အဆင့်အတန်း မြင့်တက်မှုကို ချက်ချင်း ပြန်လည် ရင်ဆိုင်လိုက်ရခြင်း ဖြစ်ပေသည်။ သာမန်အားဖြင့်ဆိုလျှင် ဤတောအုပ်နဂါးစိမ်း အနေဖြင့် ကြီးထွားမှုအဆင့်သို့ ဆင့်ကဲပြောင်းလဲနိုင်ရန်အတွက် နောက်ထပ် တစ်နှစ်ခွဲခန့် သို့မဟုတ် ထိုထက်မက ပိုမိုကြာမြင့်စွာ ပြုစုပျိုးထောင်ရမည် ဖြစ်သော်လည်း...

အစစ်မှန် နဂါးဟူသည် အစစ်မှ နဂါးပင် ဖြစ်ပေသည်။

ဤကဲ့သို့ တိုက်ပွဲငယ်လေးတစ်ခုအတွင်း၌ ၎င်းအနေဖြင့် အလွယ်တကူ ပြိုလဲပျက်စီးသွား ရန် မည်သို့ ဖြစ်နိုင်ပါမည်နည်း။

ရှုံးနိမ့်မှုမှသည် အရှက်ရမှုသို့၊ အရှက်ရမှုမှသည် အံ့ဩမှင်သက်မှုသို့၊ ထိုမှတစ်ဆင့် အရူးအမူး ပျော်ရွှင်ဖွယ်ရာ အဖြစ်သို့...။ ထို့နောက် လူအများရှေ့တွင် ယခုလေးတင် ဆုံးရှုံး သွားခဲ့သည့် သူ့မျက်နှာပန်းကို ပြန်လည် ဆယ်ယူနိုင်တော့မည်၊ ပို၍ပင် အာရုံစိုက်မှုကို ရရှိတော့မည်ဟု တွေးမိလိုက်သောအခါ... နန်ရီ၏ မျက်နှာတစ်ခုလုံး စိတ်လှုပ်ရှားမှု ပေါင်းစုံကြောင့် ရှုံ့မဲ့တွန့်လိမ်သွားခဲ့ရသည်။

သို့သော် ဤရှုံ့မဲ့တွန့်လိမ်သွားသည့် မျက်နှာပေးမှာ အောင်နိုင်မှုအပေါ် အရူးအမူး သာယာ သွားသည့် ပီတိအသွင်လည်း ဖြစ်နေခဲ့ပေသည်။

"ကောင်းပြီလေ... ငါ အရှုံးပေးပါတယ်..." ကျူးမင်လန်က စိတ်လျှော့ကာ အရှုံးကို လက်ခံ ရန် ပြင်လိုက်သည်။

သူ စကားဆုံးအောင် မပြောရသေးခင်မှာပင်... သူ့ပခုံးထက်က ငွေနှင်းအရုဏ်ဦး နဂါးဖြူ လေးသည် သူ၏ အံ့မခန်း ဖြူစင်သော အတောင်ပံများကို ဖြန့်ကျက်လိုက်ပြီး၊ တောအုပ် နဂါးစိမ်းနှင့် ရင်ဆိုင်ရမည့် ကျောက်စင်မြင့်ထက်ဆီသို့ နောက်တစ်ကြိမ် ထပ်မံ ပျံသန်း သွားခဲ့ချေပြီ။

"အဖြူလေး..." ကျူးမင်လန်က သူ့ကို ဒဏ်ရာမရစေချင်ပါချေ။ အကြောင်းရင်းမှာ ယခင် တစ်ကြိမ်က အရှက်ရခဲ့မှုများကြောင့် နန်ရီနှင့် သူ၏ တောအုပ်နဂါးစိမ်းတို့သည် ယခု တစ်ကြိမ်တွင် ညှာတာလိမ့်မည် မဟုတ်ကြောင်း သူ သိသည်။

သို့သော်လည်း ငွေနှင်းအရုဏ်ဦးနဂါးဖြူလေးသည် နောက်သို့ ပြန်လည်ပျံသန်းလာခြင်း မရှိခဲ့ပေ။ လုံးဝ ခြားနားသော အခြေအနေသို့ ရောက်ရှိသွားသည့် တောအုပ်နဂါးစိမ်းကြီးနှင့် ရင်ဆိုင်နေရသည့်တိုင်... သူသည် ယခင်အတိုင်းပင် မောက်မာပြီး မြင့်မြတ်ကျော့ရှင်းနေဆဲ ဖြစ်သည်။

ယခုတစ်ကြိမ်တွင် အနည်းငယ် ကွဲပြားခြားနားသွားသည်မှာ... သူ့ထံမှ ယခင်က တခါမျှ မပြသဖူးသေးသည့် ပြင်းပြသော တိုက်ခိုက်လိုစိတ်များ ထွက်ပေါ်လာခြင်းပင်။

ထိုခဏ၌ သူ့ထံမှ ထွက်ပေါ်လာသော အရှိန်အဝါမှာ... တစ်ချိန်တုန်းက ဝေဟင်ထက်မှ နေ၍ သတ္တဝါအားလုံးကို မောက်မာဝင့်ကြွားစွာ ငုံ့မိုးကြည့်ခဲ့သည့် 'ဝေဟင်ပျံ နဂါးဖြူကြီး' ၏ အရှိန်အဝါမျိုးနှင့် အလွန်တရာ ဆင်တူနေပေသည်။

"မင်းက တကယ်ပဲ အလေးနက်ထားပြီး တိုက်တော့မလို့လား..." ကျူးမင်လန်သည် အဖြူလေး၏ ပြင်းထန်သော တိုက်ခိုက်လိုစိတ်ကို ခံစားမိလိုက်ရသောအခါ၊ သူ့ ကိုယ်ပိုင် ခံစားချက်များမှာလည်း လိုက်လံပြောင်းလဲလာခဲ့ရတော့သည်။

ဟုတ်ပေသည်...

ယခင်အတိတ်က ရန်သူများနှင့် နှိုင်းယှဉ်ပါက ယခုတစ်ဖက်လူမှာ များစွာ အားနည်းလွန်း ပြီး၊ ယခုအချိန်တွင် ထိုအခြေအနေက ကျူးမင်လန်၏ ရင်ထဲတွင် မီးတောက်တစ်ခု ကူးစက်လောင်ကျွမ်းလာသည့် ခံစားချက်မျိုးကို လှုံ့ဆော်ပေးလိုက်ပြီ ဖြစ်သည်။

နှစ်ပေါင်းများစွာ အရပ်ရပ်သို့ လေလွင့်အခြေမဲ့ခဲ့ရပြီးနောက် အရာအားလုံးကို အစကနေ ပြန်လည် စတင်နေရသည့်တိုင်... ထိုရင်းနှီးကျွမ်းဝင်လှသော ခံစားချက်ကိုမူ သူ ဘယ်သော အခါမျှ မေ့ပျောက်နိုင်လိမ့်မည် မဟုတ်ပေ။

All Chapters