အခန်း ၂၄
Vol. 3 Ch. 24
အခန်း (၂၄)။ ကျွန်မ ရှင့်ကို သတ်ဖို့လာတာ။
ဒီတစ်ကြိမ်တော့ အမှန်ပင် သူမဖြစ်နေပေပြီ။
ပြီးခဲ့သည့်အကြိမ် တံတားပေါ်တွင် ဆုံတွေ့ခဲ့သူမှာ သူမနှင့် ပုံပန်းသဏ္ဌာန်ချင်း တူနေရုံသာ ဖြစ်သည့် သူမ၏ အစ်မ သို့မဟုတ် ညီမဖြစ်သူ ဖြစ်ရပေမည်။
"အင်း" ဟု သူမက တိုတိုလေး ပြောလိုက်သည်။
"ကျွန်တော့်ဆီကို လာလည်တာလား" ကျူးမင်လန်က မေးလိုက်သည်။
နေပါဦး၊ ကျွန်တော်က ထောင်ထဲမှာလည်း မဟုတ်တာကို "လာလည်တယ်" ဆိုတာကရော ဘာအဓိပ္ပာယ်လဲ။
"ကျွန်မ ရှင့်ကို လာသတ်တာ" သူမက လေသံအေးအေးဖြင့် ပြောလိုက်သည်။
ကျူးမင်လန် အငိုက်မိသွားဟန်ဖြင့် "ဒါဆိုရင် အရင်ကတည်းက ဘာလို့ မသတ်ခဲ့တာလဲ" ဟု ပြန်မေးလိုက်မိသည်။
"ဒီရက်ပိုင်းမှာ ရှင် အသက်ရှင်လျက် ရှိနေတာက ကျွန်မအတွက် အဆိပ်ဆူးတစ်ချောင်းလို ဖြစ်နေမှန်း သိလိုက်ရတယ်။ ကျွန်မ ပျော်ရွှင်ရမယ့် အချိန်တိုင်းမှာ ဒီဆူးက လာစူးနေပြီး ပိုပြီးတော့ နာကျင်ခံစားရစေတယ်။ အဆုံးသတ်လိုက်တာကမှ ပိုကောင်းဦးမယ်" သူမက ပြောရင်း ခြေလှမ်းကျဲကျဲဖြင့် ရှေ့သို့ တိုးလာသည်။ သူမ၏ ဖိနပ်သံများက သစ်သား ကြမ်းပြင်ပေါ်တွင် စည်းချက်ကျကျ မြည်ဟီးနေသည်။
သူမနှင့် နီးကပ်လာသည်နှင့်အမျှ ကျူးမင်လန်သည် သူမ၏ မျက်နှာကို ပိုမိုရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
သူမမှာ လီယွင်ဇီ အမှန်ပင် ဖြစ်၏။ သူမ၏ ပင်ကိုယ်မာနကြီးသော အရိပ်အယောင်များမှာ အေးစက်တည်ငြိမ်ပြီး ထူးကဲလွန်းသော အလှတရားအောက်တွင် ပုန်းကွယ်နေသည်။
"ကျွန်တော် နားလည်ပါတယ်။ ဒီရက်ပိုင်းမှာ ဘိုးဘေးနဂါးမြို့တော် တစ်ခုလုံးက ဒီကိစ္စကို ပဲ ပြောနေကြတာ။ မင်းရဲ့ ဒဏ်ရာတွေကို သူတို့ရဲ့ ညစ်ပတ်ပေရေပြီး ရွံရှာဖွယ်ကောင်းတဲ့ စကားလုံးတွေနဲ့ ဆွဲဖြဲနေကြချိန်မှာ... ကျွန်တော်ကတော့ ဒီမှာပဲ သက်သောင့်သက်သာနဲ့ နဂါးတွေကို ပြုစု၊ စာအုပ်တွေ ဖတ်ပြီး နေနေခဲ့တာ။ ကျွန်တော်တို့ နှစ်ယောက်လုံးက ကံတရားရဲ့ ဖိအားတွေကို ခံစားနေရပေမဲ့၊ ဒီဝန်ထုပ်ဝန်ပိုးတွေကို မင်းတစ်ယောက်တည်း ပခုံးပြောင်းထမ်းထားရသလို ဖြစ်နေတာပဲ" ကျူးမင်လန်က အလေးအနက် ခေါင်းညိတ် ရင်း ပြောလိုက်သည်။
"ရှင် ကျွန်မကို မမုန်းဘူးလား" သူမက မေးသည်။
"မုန်းတာပေါ့၊ ဒါပေမဲ့ မင်းကို မနိုင်ဘူးလေ" ကျူးမင်လန်က ပြန်ဖြေလိုက်သည်။
"ရှင် နောက်ဆုံး ပြောချင်တဲ့ စကားရှိသေးလား" သူမက ဆက်မေးသည်။
"မင်းက တခြားအမျိုးသမီးတွေနဲ့ မတူဘူးလို့ ကျွန်တော် ထင်ခဲ့တာ။ ဒီလို အရှက်တကွဲ အကျိုးနည်းဖြစ်ပြီးတဲ့နောက်မှာတောင် တခြားသူတွေကို အငြိုးနဲ့ လာပြီး ဒေါသပုံမချဘူး ပေါ့။ ကျွန်တော့်အမြင်မှာတော့ မင်းက တကယ့်ကို ထူးခြားတဲ့လူပါ... ဘာပဲဖြစ်ဖြစ်၊ အကယ်ဒမီရဲ့ ဝင်ခွင့်ထောက်ခံစာ ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အဲဒါကြောင့်ပဲ ကျွန်တော် အကယ်ဒမီမှာ ကောင်းကောင်းမွန်မွန် နေနိုင်ခဲ့တာ" ကျူးမင်လန်က ပြောလိုက် သည်။
"အို….." သူမမျက်ခုံးများ ရုတ်တရက် အနည်းငယ် ပင့်တက်သွားပြီး၊ ပန်းရောင်သန်းနေ သော နှုတ်ခမ်းလွှာလေးက အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားလေသည်။ "သူမက ရှင့်ကို ကျောင်းဝင်ခွင့် ထောက်ခံစာတောင် ပို့ပေးလိုက်တာလား"
"သူမ... ဟုတ်လား" ကျူးမင်လန်မှာ နားမလည်နိုင်စွာဖြင့် ကြည့်လိုက်သည်။
"လီယွင်ဇီလေ" သူမက ပြောသည်။
ကျူးမင်လန်က သူမကို ကြည့်လိုက်ပြီး၊ လီယွင်ဇီက ထောင်ထဲတွင် သူမ နေမကောင်း ကြောင်း ပြောခဲ့ဖူးသည်ကို ရုတ်တရက် သတိရသွားသည်။ ယခု သူမကို မြင်ရသည်မှာ လည်း သူမ၏ စိတ်အခြေအနေမှာ ပုံမှန်မဟုတ်ဘဲ ရူးသွပ်နေသလိုပင်။
"မင်း... အဆင်ပြေရဲ့လား" ကျူးမင်လန်က မေးလိုက်သည်။
"ရှင်က လီယွင်ဇီကို ဧကရီရာထူးကနေ ရက်ရက်စက်စက် ဖြုတ်ချပြီးတော့ မြို့တော်တစ်ခု လုံးကို ဆူညံအောင် လုပ်သွားခဲ့တဲ့ သူတောင်းစားလေးပေါ့လေ... ဟက်ဟက်၊ လီယွင်ဇီက ရှင့်ကို အသက်ရှင်ခွင့် ပေးထားရုံတင်မကဘူး လီချွမ်းနဂါးထိန်း အကယ်ဒမီကိုတောင် ဝင်ခွင့်ပြုထားသေးတယ်ပေါ့..." သူမက လှောင်ပြောင်သည့် လေသံဖြင့် ဆက်ပြောသည်။
ကျူးမင်လန်က စရိုက်နှင့် စိတ်အခြေအနေ ပြောင်းလဲသွားသော လီယွင်ဇီကို စောင့်ကြည့် ရင်း ခေတ္တမျှ ကြောင်အသွားသည်။
"မင်းက လီယွင်ဇီ မဟုတ်ဘူးလား။ ဒါဆို မင်းက နန်လင်းရှာပေါ့" ကျူးမင်လန်က သူ တံတားပေါ်က အမျိုးသမီးကို ရုတ်တရက် သတိရသွားသည်။
"ကျွန်မက လီယွင်ဇီရဲ့ ညီမပါ"
"မင်းတို့က အမွှာတွေလား" ကျူးမင်လန်မှာ အံ့ဩတုန်လှုပ်စွာဖြင့် အော်ပြောလိုက်သည်။
အမွှာတွေ…..
ဘုရားရေ၊ ငါ ဘာလို့ ဒါကို မတွေးမိပါလိမ့်။
လီယွင်ဇီနှင့်နန်လင်းရှာတို့က အမွှာညီမတွေလား။
ဒါပေမဲ့ ဒါကို ငါ ဘယ်လိုလုပ်ပြီး ခန့်မှန်းနိုင်မှာလဲ။ ဒီလောက် ပြိုင်ဘက်ကင်း လှပလွန်းတဲ့ အမျိုးသမီး နှစ်ယောက်ရှိမယ်လို့ ဘယ်သူကများ ထင်ထားမှာလဲ။
"သူမက အမေ့မျိုးရိုးနာမည်ကို ယူတယ်၊ ကျွန်မက အမေ့ရဲ့မျိုးရိုးနာမည်ကို ယူတယ်။ သူမက လီမျိုးနွယ်စုက၊ ကျွန်မက နန်မျိုးနွယ်စုက" ထိုအမျိုးသမီးက သူမ နန်မျိုးနွယ်စုဝင် ဖြစ်ကြောင်း အေးစက်စက်အသံဖြင့် အတည်ပြု ပြောလိုက်သည်။
"ဒါ... ဒါ... ဒါက..." ကျူးမင်လန်သည် စကားပင် ပုံမှန်မပြောနိုင်တော့ပေ။
အရမ်းရှုပ်ထွေးနေပြီ၊ အရမ်းကို ရှုပ်ထွေးလွန်းနေပြီ။
လီယွင်ဇီမှာ နန်လင်းရှာဆိုသည့် ညီမတစ်ယောက်ရှိတာ ဟုတ်ပါပြီ။ ဒါပေမဲ့ သူတို့က အမွှာညီမတွေဖြစ်ကြောင်း ဘယ်သူမှ ငါ့ကို မပြောပြခဲ့ဘူးလေ။
ဒါကြောင့်မို့လည်း လီမျိုးနွယ်စု အရှင်သခင်က "လီယွင်ဇီက လီယွင်ဇီပဲ၊ နန်လင်းရှာက နန်လင်းရှာပဲ" လို့ ပြောခဲ့တာကိုး။ သူတို့က ရုပ်ချင်းဆင်တူနေတော့ လီယွင်ဇီရဲ့ ဂုဏ်သိက္ခာ ထိခိုက်တာက သူမနဲ့ ပုံစံတည်းတူတဲ့ သူ့ညီမအပေါ်မှာလည်း သက်ရောက်မှု ရှိမှာပဲလေ...
ငါ ဘယ်လောက်တောင် ပြဿနာရှာမိလိုက်တာလဲ။
"ရှင့်ကျေးဇူးကြောင့်ပဲ ကျွန်မ အပြင်သွားတိုင်း ဇာပုဝါ လွှမ်းနေရတယ်။ ကျွန်မတို့ အမွှာညီမတွေဆိုတာ သိတဲ့လူ နည်းနည်းပါးပါး ရှိနေလို့သာ၊ မဟုတ်ရင် ကျွန်မပါ ဒီရွှံ့ထဲတောထဲ ဆွဲချခံရပြီးပြီ" သူမစကားလုံးများတွင် ဒေါသအရိပ်အယောင်များ ထင်ရှား စွာ ပါဝင်နေသည်။
အခုနက သူမ ငါ့ကို စမ်းသပ်နေခဲ့တာပဲ။ ငါက အပြစ်ရှိသူ အမှန်ဟုတ်မဟုတ် သူမ မသေချာသေးလို့။
ဒီနေ့ လီယွင်ဇီနဲ့ နည်းနည်းလေး ကွာခြားနေတာကတော့ အမှန်ပင်။
ကျူးမင်လန်သည် လီယွင်ဇီနှင့် တပုံစံတည်းတူသော ထိုအမျိုးသမီးကို ကြည့်ရင်း ပျော်ရွှင်မှုနှင့် စိုးရိမ်မှုတို့ကို တစ်ပြိုင်နက် ခံစားလိုက်ရ၏။ သူ့အတွက် ဝမ်းသာစရာ အချက် မှာ လီယွင်ဇီသည် ယခင်ကအတိုင်းပင် ထူးခြားသူဖြစ်နေဆဲ ဖြစ်ပြီး၊ သူမအနေဖြင့် သူ့ကို သတ်ပစ်လိုစိတ် မရှိခြင်းပင် ဖြစ်သည်။
သူ့ကို စိုးရိမ်စေသည်က ဤခယ်မလေးကို ဘယ်လိုဆက်ဆံရမည်နည်း။ သူ တစ်ခုခုများ လျှာချော်ပြောမိလိုက်သလား။
"အဟမ်း၊ မိန်းကလေးလင်းရှာ၊ အရာအားလုံးက မင်းထင်သလို မဟုတ်ပါဘူး။ မင်းအစ်မဆီ မှာပဲ အသေးစိတ် မေးကြည့်ပါလား။ ကျူးမင်လန်က ဘယ်လိုလူလဲဆိုတာ သူမကိုယ်တိုင် အာမခံပေးနိုင်ပါတယ်" ကျူးမင်လန်က ပြောလိုက်သည်။
"ကျွန်မတို့နှစ်ယောက်ကြားက ညီအစ်မဆက်ဆံရေးက ချစ်ချစ်ခင်ခင်၊ အဆင်ပြေပြေနဲ့ သဟဇာတဖြစ်တယ်လို့ ရှင်ထင်နေတာလား။ သူမက အခု သူမလက်ရှိကြုံတွေ့နေရတဲ့ ဘေးဆိုးတွေအားလုံးက ကျွန်မကြောင့်ပဲလို့ ယုံကြည်နေတာ ဖြစ်နိုင်တယ်" သူမက အေးစက်စက် နှာခေါင်းရှုံ့ရင်း ပြောသည်။
"ဒါကတော့..." ကျူးမင်လန်က ခေါင်းကို ကုတ်လိုက်ပြီး "ကျွန်တော်တို့ ဘာလုပ်သင့်တယ် လို့ ထင်လဲ" သူက မေးလိုက်သည်။
ထိုအမျိုးသမီးက ကျူးမင်လန်ကို ဖြည်းညှင်းစွာ ပတ်လျှောက်ရင်း အထက်စီးဆန်ပြီး မောက်မာသည့် အကြည့်များဖြင့် စေ့စေ့ကြည့်နေ၏။ ကျူးမင်လန်က စကားများလွန်းမည် ကို စိုးရိမ်သဖြင့် တိတ်ဆိတ်နေခြင်းက အကောင်းဆုံးဟု ခံစားမိသည်။
လီယွင်ဇီအနေဖြင့် သူ့ကို ကြိုတင် သတိပေးထားသင့်သည်။
"ရှင်က ကြည့်ကောင်းနေတာပဲ၊ ဘာလို့များ ဒီလောက်အထိ အသရေဖျက်ခံထားရတာလဲ။ ယုတ်ညံ့တယ်၊ ကောက်ကျစ်တယ်၊ ညစ်ပတ်တယ်၊ ဒဏ်ရာဗရဗွနဲ့ သူတောင်းစားဆိုပြီး အပြောခံထားရတာလေ" သူမက စစ်ဆေးမေးမြန်းသည်။
"တကယ်တော့ ကျွန်တော်က တော်တော်လေး ချောပြီး ဉာဏ်ကောင်းတာ မဟုတ်လား" ကျူးမင်လန်က ပြန်ပြောလိုက်သည်။
ထိုအမျိုးသမီးက သူ့ကို တစ်ချက်ကြည့်လိုက်သည်။ သူမဘဝမှာ ဤမျှ အရှက်မဲ့လွန်းသည့် လူမျိုးကို မတွေ့ဖူးခဲ့ပေ။
"အမှန်အတိုင်း ပြောစမ်း။ တကယ်ကို ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ။ အမှန်တရားကိုပဲ ပြောပါ။ ကျွန်မ ကျေနပ်အောင် မရှင်းပြနိုင်ရင် အဲဒီစကားတွေက ရှင့်ရဲ့ နောက်ဆုံးစကား တွေ ဖြစ်လိမ့်မယ်" သူမ၏လှပသော မျက်ဝန်းများက ပြင်းပြင်းထန်ထန် စူးရဲသွားပြီး လှပသလိုပင် ကြောက်မက်ဖွယ်လည်း ကောင်းနေသည်။
"ကောင်းပါပြီ၊ ဘယ်လိုပဲဖြစ်ဖြစ် မင်းလည်း သားကောင်တစ်ယောက် ဖြစ်ခဲ့ရတာပဲ"
"တိတ်စမ်း၊ ကျွန်မက ရှင့်နဲ့ ဘာမှမဆိုင်ဘူး" သူမက ဒေါသတကြီး အော်ပြောလိုက်ရာ ပါးပြင်မှာ ဒေါသကြောင့် နီရဲသွားသည်။
"..." ကျူးမင်လန်က အတွေးထဲတွင် နစ်မြုပ်နေခြင်းက အကောင်းဆုံးဟု ဆုံးဖြတ်လိုက် သည်။
"ပြောလေ"
"မင်းပဲ တိတ်တိတ်နေခိုင်းတာ မဟုတ်လား"
"အခုချက်ချင်း၊ အဲဒီအဖြစ်ပျက်တွေကို…. ကျွန်မကို….. ရှင်းပြစမ်း" သွားများကို တင်းတင်းစေ့ထားရင်း သူမဒေါသကို ထိန်းချုပ်ကာ တစ်လုံးချင်းစီ ပြောလိုက်တော့သည်။
ကျူးမင်လန်က သူ့အတွေးများကို စုစည်းလိုက်သည်။ မတရားခံထားရသည့် ဒီညီမလေးကို အမှန်တရား ပြောပြခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
"အဖြစ်ပျက်က ဒီလိုပါ။ ကျွန်တော်က ရှောက်ဆန်းမြို့ရဲ့ တောင်ဘက်မှာ နေခဲ့တာ။ ပိုးစာပင်တွေနဲ့ လယ်ယာတွေရှိတော့ သက်သောင့်သက်သာနဲ့ အေးချမ်းတဲ့ ဘဝလေးပါ။ ဒါပေမဲ့ ဝူထူနယ်မြေက လူဆိုးတွေဟာ ကျွန်တော့် မတရား အကြမ်းဖက်ပြီး ကျွန်တော့် ပိုက်ဆံတွေကို အကုန်လုယူသွားကြတယ်။ ဒီကံဆိုးမှုကြောင့်ပဲ ကျွန်တော် လမ်းဘေးမှာ တောင်းစားခဲ့ရတာပါ။ နောက်ပြီးတော့ အဆိပ်ခတ်ထားတဲ့ ဆန်ပြုတ်တစ်ခွက်ကပဲ ဒီဒုက္ခ အားလုံးရဲ့ အရင်းအမြစ် ဖြစ်ခဲ့တာပါ..."
"ဘာလို့များ ရှင်ပြောတာက လမ်းဘေးက ပုံပြင်ပြောသူတစ်ယောက်လို ဖြစ်နေရတာလဲ"
"သခင်မလေး၊ ကျွန်တော် ပြောသမျှတိုင်းက အမှန်တရားတွေပါ" ကျူးမင်လန်က အာမခံ သည်။
ထိုအမျိုးသမီးက ကျူးမင်လန်၏ စကားကို စဉ်းစားရင်း သူ့ကို တစ်ချက်ချင်း စူးစမ်းကြည့် နေသည်။ ကျူးမင်လန်က ရိုးသားသည့် အပြုံးကို ထိန်းထားရင်း စိတ်လှုပ်ရှားစွာဖြင့် သူမကို စောင့်ကြည့်နေမိသည်။ သူမက သူမနှင့် အရမ်းတူနေသည်... အဟွတ် အဟွတ်၊ သူမက သူမရဲ့ညီမလေ၊ လီယွင်ဇီ မဟုတ်ဘူး။
အမွှာတွေမှာ စိတ်ချင်းဆက်သွယ်နိုင်တဲ့ ထူးဆန်းတဲ့ ဇာတ်လမ်းတွေ ရှိတယ်ဆိုတော့... သူမ သိနေမလား…၊ တော်တော့….
ကျူးမင်လန်၊ မင်း ဘယ်လောက်တောင် အောက်တန်းကျလိုက်လဲ။
"ဟွန့်၊ ဒါဆို ရှင်က သာမန်လူတစ်ယောက် သက်သက်ပေါ့။ ဒါနဲ့တောင် ရှင်နဲ့ ပတ်သက်တဲ့ သတင်းစကားတွေက အတော်လေး ရွံစရာကောင်းလွန်းတယ်" သူမက တွေးလိုက်သည်။ အကြောင်းရင်းမရှိဘဲ သူမခံစားခဲ့ရသည့် အရှက်ရစရာ စော်ကားမှုများအတွက် သူ့ကို သတ်ပစ်လိုစိတ်ပေါက်သော်လည်း... ကျူးမင်လန်ကို သတ်လိုက်ရုံဖြင့် ဒီပြဿနာတွေက ပြေလည်သွားမှာတဲ့လား။
သူမက ကျူးမင်လန်၏ လက်ရှိအသွင်အပြင်ကို ကြည့်ကာ သူ၏ တိုးတက်လာသည့် အဆင့်အတန်းကို တွေးတောမိသည်။
ရုတ်တရက် သူမမျက်ဝန်းများမှာ နေရောင်ခြည်အောက်တွင် ပိုမိုတောက်ပလာပြီး ကျူးမင်လန်၏ မျက်နှာကို စိုက်ကြည့်ရင်း "ကျွန်မ အခု နားလည်သွားပြီ။ ဒါကြောင့်မို့လို့ လီယွင်ဇီက ရှင့်ကို အသက်ရှင်ခွင့် ပေးထားတာကိုး" ဟု ရေရွတ်လိုက်သည်။
ကျူးမင်လန်မှာ နားမလည်နိုင်အောင် ဖြစ်သွားရသည်။
"ရှင်သာ သေသွားခဲ့ရင် ရှင့်ကို လူတွေက အယုတ်မာဆုံးနဲ့ ယုတ်ညံ့ဆုံးလူသားအဖြစ် သတ်မှတ်ကြလိမ့်မယ်။ ဧကရီဘုရင်မဆိုတဲ့ သူမရဲ့ဘွဲ့နာမကို စော်ကားသွားတဲ့လူက ထာဝရသူတောင်းစားအဖြစ် လမ်းဘေးလူအဖြစ်ပဲ ထင်ကျန်ရစ်ခဲ့မှာပဲ။ ရှင် အသက်ရှင်နေ ရင်တော့ ဒီလိုယုတ်နိမ့်တဲ့ အနေထားကနေ တဖြည်းဖြည်း လွတ်မြောက်နိုင်လိမ့်မယ်။ အနိမ့်ဆုံးအဆင့် နဂါးထိန်းတစ်ယောက် ဖြစ်လာရင်တောင် ညစ်ပတ်တဲ့ သူတောင်းစား တစ်ယောက်ထက် အများကြီး သာလွန်နေသေးတယ်။ ဒါကြောင့်မို့လို့ သူမက ရှင့်ကို အကယ်ဒမီရဲ့ ကျောင်းဝင်ခွင့် ထောက်ခံစာ ပို့ပေးလိုက်တာ ဖြစ်ရမယ်။ လီယွင်ဇီ၊ လီယွင်ဇီ၊ ဒါက မင်းရဲ့ ကုစားနည်းပဲလား" သူမအကြည့်များမှာ ထက်မြက်ပြီး အေးစက်နေကာ၊ သူမလေသံမှာလည်း ယခင်ကဲ့သို့ နူးညံ့ခြင်း မရှိတော့ပေ။
ကျူးမင်လန် ပါးစပ်ကို ဟလိုက်မိ၏။
တကယ်ဆို ကျူးမင်လန်တစ်ယောက် ဒီလောက်ထိ နက်နက်နဲနဲ မတွေးခဲ့မိပေ။
"ဖြစ်နိုင်တာက သူမက တရားမျှတပြီး စိတ်ထားကောင်းလို့ ဖြစ်မှာပါ။ ဒါမှမဟုတ်..." ဟု ကျူးမင်လန်က အကြံပြုလိုက်သည်။
"စိတ်ထားကောင်းလို့ ဟုတ်လား။ သူမသတ်ခဲ့တဲ့ လူတွေရဲ့သွေးတွေက လီချွမ်း ရေကန် တစ်ခုလုံးကိုတောင် ဖုံးလွှမ်းနိုင်လောက်တယ်" သူမက မထီမဲ့မြင် ပြောလိုက်သည်။
လီယွင်ဇီမှာ ဘိုးဘေးနဂါးမြို့တော်၏ ဗယ်လ်ကရီဘွဲ့ကို ပိုင်ဆိုင်ထားပြီး ဘိုးဘေးနဂါး မြို့တော်၏ သွေးလွှမ်းဧကရီဘုရင်မတစ်ပါး ဖြစ်သည်။ သူမ၏ သွေးစွန်းသော လုပ်ရပ်များ က မြို့တော်များနှင့် ပြည်နယ်များအားလုံးဆီသို့ ပျံ့နှံ့ရောက်ရှိနေပြီး ဖြစ်ပေသည်။
ကျူးမင်လန်က ပြန်မပြောဘဲ အပြုံးဖြင့်သာ တုံ့ပြန်လိုက်သည်။ ဤညီအစ်မနှစ်ယောက် ကြားက ဆက်ဆံရေးမှာ လူအများ ထင်မှတ်ထားသလို သဟဇာတဖြစ်ဖွယ် မရှိကြောင်း သိသာလှပေသည်။
"ဒုန်း….၊ ဒုန်း….၊ ဒုန်း…"
မလှမ်းမကမ်းမှ အားမာန်အပြည့်ရှိသော လူငယ်အချို့၏ ခြေသံများ ထွက်ပေါ်လာပြီး သူတို့က အရှေ့ဘက်ခံတပ်နှင့် ပတ်သက်၍ တစ်စုံတစ်ခုကို ဆွေးနွေးနေကြသည်။
"အဲဒီလော့ရှောင်ဆိုတဲ့လူက လူတစ်ထောင်ကို သတ်ဖြတ်နိုင်ခဲ့တာ တကယ့်ကို အားကျဖို့ ကောင်းတယ်။ ဘာလို့ ဒီလောက်အစွမ်းထက်တဲ့လူမျိုးကို အရင်က မကြားဖူးရတာလဲ။ ဒုံးရွှီခံတပ်မြို့က လူရိုင်းတွေကို ဒီလောက်အထိ ရဲရဲဝံ့ဝံ့နဲ့ သတ်ဖြတ်သွားခဲ့တာ။ ငါတို့ ဘိုးဘေးနဂါးမြို့တော်ရဲ့ နယ်မြေကို သူတို့က ဘာမို့လို့ လာနင်းခြေရမှာလဲ" လူငယ်တစ်ဦး က စိတ်အားထက်သန်စွာဖြင့် အော်ပြောလိုက်သည်။
"စစ်ပွဲအတွင်းမှာ စစ်ပွဲဆိုင်ရာ ကျော်ကြားမှုကို တည်ဆောက်ရတာ ပိုမြန်တယ်လေ၊ ဟုတ်တယ်မလား။ အခုဆို ဘိုးဘေးနဂါးမြို့တော်ထဲက လူအတော်များများက 'လူ တစ်ထောင်သတ် လော့ရှောင်' ဆိုတဲ့ နာမည်ကို ကြားဖူးနေလောက်ပြီ"
"အနောက်ဘက်က လင်ရှောင်မြို့တော်ကလည်း လှုပ်လှုပ်ရှားရှား ဖြစ်နေပြန်ပြီ။ ငါ့ရဲ့ ဓားသွားသားရဲလေး ဓားသွားနဂါးအဖြစ် ဆင့်ကဲပြောင်းလဲမယ့် အချိန်ကို တကယ်ကို စောင့်လို့မရတော့ဘူး။"
"လော့ရှောင်ရဲ့ ကြောက်မက်ဖွယ် နာမည်ဂုဏ်သတင်းက ဒုံးရွှီခံတပ်မြို့ တစ်ဝိုက်မှာ ပျံ့နှံ့ နေပြီ။ ထာဝရမြို့မှာ သူသွေးချောင်းစီးအောင် လုပ်ခဲ့တာကြောင့် အခုဆိုရင် အဲဒီလူရိုင်း တွေက သူ့နာမည်ကြားတာနဲ့တင် ကြောက်လန့်တကြား ဖြစ်နေကြပြီ။"
"ထာဝရမြို့ အကြောင်း ပြောရရင် ဟဲဟဲ... မင်းတို့ အဲဒီကိစ္စကို သိကြလား..." အနည်းငယ် ညစ်ညမ်းနေသော လေသံဖြင့် တိုးတိုးလေး ပြောလိုက်သည်။
"ဒီကိစ္စကို မသိသူ ဘယ်သူရှိမလဲ။”
"ငါ့ဆီမှာ နောက်ဆုံးရ သတင်းအချက်အလက် ရှိတယ်။ ဗယ်လ်ကရီက သဘာဝအရ ကာမရာဂပြင်းထန်ပြီး အနောက်ဘက်စစ်ပွဲမှာ လင်ရှောင်မြို့တော်ကို တိုက်ခိုက်တုန်းက တောင့်တင်းတဲ့ လူငယ်တွေကို သူမရဲ့တဲထဲမှာ အစေခံခိုင်းခဲ့တယ်ဆိုတာပဲ..." ထိုလူက ဆက်ပြောသည်။
အမြင်အားဖြင့် ယဉ်ကျေးသပ်ရပ်ပုံပေါက်သော လူငယ်အချို့မှာ နဂါးဗေဒစာကြည့်တိုက် သို့ လာရသည့် မူလရည်ရွယ်ချက်ကိုပင် မေ့သွားကြကာ စုရုံး၍ တီးတိုးပြောဆိုနေကြပြီး အခါအားလျော်စွာ ရွံရှာဖွယ်ကောင်းသော ရယ်မောသံများ ထွက်ပေါ်လာသည်။
ထိုအမျိုးသမီးနှင့် ကျူးမင်လန်မှာ စာအုပ်စင်၏ နောက်တွင်သာ ရှိနေသည်။ ထိုအုပ်စု တိုးဝင်လာသောအခါ သူမက မျက်နှာဖုံးဇာပုဝါကို ချက်ချင်းစွပ်လိုက်သော်လည်း... သူမ၏ မျက်ဝန်းအစုံတွင် ကြောက်မက်ဖွယ်ကောင်းသော လူသတ်လိုသည့် အငြိုးအတေးများ ပေါ်ထွက်လာသည်ကို မြင်လိုက်ရ၏။