← Chapters

အခန်း ၂၆

Vol. 3 Ch. 26

အခန်း ၂၆

Vol. 3 Ch. 26

အခန်း (၂၆) ကိုယ်လုပ်တော် ဖြစ်လာခြင်း။

အဖြူလေးသည် အချိန်အများစုကို နှစ်ခြိုက်စွာ အိပ်မောကျရင်း ကုန်ဆုံးလေ့ရှိသည်။

ရံဖန်ရံခါ ကျူးမင်လန် အားလပ်သည့်အခါတွင်မူ သူက ဝိညာဉ်နယ်မြေထဲမှ ပျံသန်းထွက် လာပြီး ကျူးမင်လန်၏ ရင်ခွင်ကို နွေးထွေးသော အသိုက်အမြုံသဖွယ် အသုံးပြုကာ ဟောက်သံတိုးတိုးဖြင့် ဆက်လက် အိပ်စက်တတ်ပေသည်။

သို့သော်လည်း သွားမည်းလေးမှာမူ သိသာထင်ရှားသော ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ကိုယ်ထည်အလျား နှစ်မီတာမှ သုံးမီတာ၊ လေးမီတာနီးပါးအထိ ကြီးထွားလာခဲ့ရာ ယခု အခါ အပြည့်အဝ ကြီးထွားပြီးသည့် ရက်စက်ကြမ်းကြုတ်သော မိကျောင်းကြီးတစ်ကောင် နှင့်ပင် နှိုင်းယှဉ်နိုင်ကာ မိကျောင်းကြီး ဝိညာဉ်သတ္တဝါတစ်ကောင် ဖြစ်လာခဲ့ပေပြီ။

ထို့ပြင် သွားမည်းလေး၏ သွေးကြောထဲ၌ နဂါးသွေးမျိုးဆက် စီးဆင်းနေခြင်းကြောင့် တောရိုင်းထဲရှိ မိကျောင်းရိုင်းကြီးများနှင့် တွေ့ဆုံပါကလည်း သူတစ်ကောင်တည်းဖြင့်ပင် မိကျောင်းအုပ်စုတစ်စုလုံးကို အလွယ်တကူ ရင်ဆိုင်နိုင်မည်မှာ အမှန်ပင် ဖြစ်သည်။

သက်တမ်းနှစ်ရာ သက်တမ်းရှိသည့် မိစ္ဆာပုလဲ၏ အာနိသင်မှာ တကယ့်ကို ထူးခြားလှပေစွ။

"လာစမ်း၊ ဒီလည်ပတ်လေး ဝတ်ကြည့်လိုက်ဦး။ မင်းရဲ့လည်ပင်းက အရမ်းတုတ်နေတော့ လောလောဆယ် အမြီးမှာပဲ ပတ်ထားရအောင်။ ဒါမှ တခြားသူတွေက မင်းကို တောရိုင်း မိကျောင်းမည်းကြီးတွေနဲ့ အထင်မမှားမှာ" ကျူးမင်လန်က ပြောပြောဆိုဆိုဖြင့် လီချွမ်း နဂါးထိန်းအကယ်ဒမီမှ ထုတ်ပေးထားသော ဝိညာဉ်သတ္တဝါငယ်လေးများအတွက် လည်ပတ်ကို ထိုမိကျောင်း ဝိညာဉ်သတ္တဝါကြီး၏ အမြီးတွင် ဆင်မြန်းပေးလိုက်သည်။

သူတို့ အပြင်ထွက်ကြတော့မည် ဖြစ်ရာ အဖြူလေးအတွက်မူ ဝိညာဉ်နယ်မြေထဲတွင် ထည့်သွင်းထားနိုင်သဖြင့် ပြဿနာမရှိသော်လည်း ကိုယ်ထည်ကြီးမားလွန်းသော သွားမည်းလေးကို ခေါ်ဆောင်သွားရန်မှာ အဆင်မပြေလှပေ။

ထို့ပြင် သူ့ကို အိမ်နောက်ဘက်ရှိ ရေကန်ငယ်လေးထဲမှာ ပိတ်လှောင်ထားရန်မှာလည်း မသင့်တော်ဟု ထင်မိသဖြင့် ကျူးမင်လန်သည် ထိုကောင်ကြီးကို ရက်အနည်းငယ်ခန့် လွတ်လွတ်လပ်လပ် သွားလာခွင့်ပြုရန် ဆုံးဖြတ်လိုက်တော့သည်။

"မနက်ခင်းတိုင်း တံတားဆီကို သွားလိုက်။ မင်းလိုပဲ အသားမည်းမည်း မိန်းကလေး တစ်ဦး က မင်းကို အသားတိုးပိုးစာကောင်တွေ ကျွေးလိမ့်မယ်။ ငါက ခရီးသွားသင်ခန်းစာ ရှိလို့ ရက်တော်တော်ကြာ အဝေးကို သွားရလိမ့်မယ်" ကျူးမင်လန်က သွားမည်းလေး၏ ဦးခေါင်းကြီးကို အလေးအနက် ပွတ်သပ်ပေးရင်း မှာကြားလိုက်သည်။

ဝိညာဉ်ရေးရာ ပဋိဉာဉ်စာချုပ် ရှိနေခြင်းကြောင့် သွားမည်းလေးကို တခြားလူများ ဖမ်းဆီး သွားနိုင်ခြင်း မရှိသည့်အပြင် သူသည် အခြားသတ္တဝါများထက်လည်း လူတို့၏ သဘာဝကို ပိုမိုနားလည်ပေသည်။

အကယ်ဒမီ၏ စီရင်ပိုင်ခွင့်နယ်မြေအတွင်းမှ ထွက်မသွားသရွေ့မူ သူ့ကို မည်သူမျှ ရန်ပြု လိမ့်မည် မဟုတ်ပေ။ အကယ်ဒမီ၏ တရားဝင်အသိအမှတ်ပြု ဝိညာဉ်သတ္တဝါငယ်လေးများ အပေါ် စီမံခန့်ခွဲမှုမှာ လွန်စွာတင်းကျပ်လှသဖြင့် အစစ်မှန်နဂါးများကို ပိုင်ဆိုင်ထားသည့် နဂါးထိန်းများပင် ဖြစ်ပါစေဦးတော့ အကြောင်းပြချက်မရှိဘဲ ဝိညာဉ်သတ္တဝါငယ်များကို တိုက်ခိုက်ပါက အကယ်ဒမီ၏ ပြင်းထန်သော အပြစ်ပေးမှုကို ခံရမည် ဖြစ်သည်။

"အူး…." မိကျောင်းဝိညာဉ်သတ္တဝါကြီးသည် သူ့အနေဖြင့် ရက်အနည်းငယ်ခန့် အိမ်စောင့် ကလေးအဖြစ် ကျန်ရစ်ခဲ့ရတော့မည်ကို နားလည်သွားဟန်ဖြင့် အသံပြုရှာသည်။

လီနန်းတော်….၊

ရှေးဟောင်းထင်ရှူးပင်များ ဝန်းရံထားသော ခန့်ညားထည်ဝါလှသည့် ခန်းမဆောင်ကြီး တစ်ခုမှာ ငွေရောင်နံရံများဖြင့် တည်ကြည်ခန့်ညားစွာ ထည်ထည်ဝါဝါ တည်ရှိနေ၏။

ငွေမှင်ရောင်ချပ်ဝတ်တန်ဆာများ ဆင်မြန်းထားသော မြို့တော်၏ တော်ဝင်ကိုယ်ရံတော် စစ်တပ်မှာ နန်းတော်ရင်ပြင်၌ ရုပ်ထုများကဲ့သို့ပင် စည်းကမ်းတကျ တန်းစီလျက် ခန့်ညား ထည်ဝါစွာ မတ်တပ်ရပ်နေကြသည်။

ဤနေရာကား ဘိုးဘေးနဂါး မြို့တော်၏ တိုင်ပင်ဆွေးနွေးရာ ခန်းမဆောင်ကြီး ဖြစ်ပြီး ထိုနေရာရှိ လူများသည် ပြည်နယ်အတွင်းရှိ ကိစ္စအဝဝကို ဆုံးဖြတ်ပိုင်ခွင့် ရှိကြသည်။

ယနေ့တွင်မူ ရက်ပေါင်းများစွာ အကျယ်ချုပ်ချခံထားရပြီးနောက် လီယွင်ဇီသည် တိုင်ပင် ဆွေးနွေးခြင်း ခန်းမဆောင်ကြီးအတွင်းသို့ ရောက်ရှိလာခဲ့ပေပြီ။ သူမသည် ရိုးရှင်းသော အဝတ်အစားများကိုသာ ဝတ်ဆင်ထားပြီး အရင်ကကဲ့သို့ အလှပြင်ဆင်ထားခြင်း မရှိသော် လည်း သူမ၏ ပင်ကိုယ်ထူးကဲ လှပလွန်းသော အလှတရားက ခန်းမအတွင်းရှိ အခြားသော မျိုးနွယ်စုဝင် သမီးပျိုများကို အလိုအလျောက် သိမ်ငယ်စိတ် ဝင်သွားစေဆဲပင်။

သို့သော်လည်း ဘယ်သောအခါမျှ ဆေးကြော၍ မရနိုင်တော့သည့် အရှက်ရစရာ ကိစ္စရပ် ကြောင့် ထိုအမျိုးသမီးများမှာ ယခင်ကကဲ့သို့ လီယွင်ဇီ၏ အရှိန်အဝါအောက်တွင် လုံးလုံး လျားလျား လွှမ်းမိုးခြင်း မခံရတော့ဘဲ သူမကို မထီမဲ့မြင် ပြုံးကာ အတူတူပင် ထိုင်နေနိုင် တော့သည်။

"နောက်ဆုံးတော့လည်း ငါတို့အားလုံးက အမျိုးသမီးတွေပဲလေ၊ ယောက်ျားတွေရဲ့ လက်ခုပ်ထဲကနေ မရုန်းထွက်နိုင်ကြသေးပါဘူး" သူမဘေးနားရှိ ညီအစ်မများက သူမတို့၏ သဘောထားကို ပွင့်ပွင့်လင်းလင်း ဖော်မပြရဲချိန်တွင် လီခုန်ရှီးက အရင်ဆုံး စတင် ပြောဆို လိုက်သည်။

"ကျွန်မ မူချင်းကတော့ ကိုယ့်တာဝန်ကိုယ် ကျေပွန်တာကိုပဲ သဘောကျတယ်။ အပျိုစင် ဘဝကို စင်ကြယ်စွာ ထိန်းသိမ်းပြီး အိမ်တွင်းမှာပဲ နေထိုင်ကာ အချိန်တန်ရင် လူကြီးမိဘ တွေ စီစဉ်ပေးတဲ့အတိုင်း လက်ထပ်လိုက်မှာပဲ။ ဒါမှလည်း ငါတို့ရဲ့ မျိုးနွယ်စုအတွက် တစ်ဖက်တစ်လမ်းက အကျိုးပြုနိုင်မှာ" ကိုယ်ကိုယ်ကို မူချင်းဟု ခေါ်သော အမျိုးသမီးက ပြောလိုက်သည်။ လီယွင်ဇီကမူ သူမတို့၏ စောင်းမြောင်း လှောင်ပြောင်မှုများကို စိတ်ထဲ မထားဘဲ လုံးဝ ဥပေက္ခာပြုထားလိုက်သည်။

သူမသည် မျိုးနွယ်စုဝင် ထိုလူကြီးများကိုသာ တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။

သူမသည် ယနေ့ ဤနေရာသို့ အရှက်ခွဲခံရန် လာခဲ့ခြင်း မဟုတ်ပေ။ ဤမျိုးနွယ်စုထဲရှိ သူမ ရန်သူများ ဤခန်းမဆောင်ကြီးထဲ၌ပင် ပေါ်ထွက်လာလိမ့်မည်ကို သူမ သိရှိနေသည်။

သို့သော် ထိုရန်သူများမှာ စောင်းမြောင်းရုံသာ တတ်နိုင်ကြသည့် လီမျိုးနွယ်စုမှ အမျိုးသမီး ငယ်များ မဟုတ်သည်မှာတော့ သေချာပေသည်။

"မမခုန်ရှီး... မမကို ဂိုဏ်းဗိမာန်ထဲက လူတစ်ယောက်နဲ့ လက်ထပ်ပေးတော့မယ်လို့ ကြား တယ်။ ဂိုဏ်းဗိမာန်က ဘယ်လိုမျိုး ထူးချွန်တဲ့ လူငယ်လဲဟင်။ ငါတို့ကို နည်းနည်းလောက် ကြိုပြောပြပါဦးလား။" ("Sect Palace" ကို ဂိုဏ်းဗိမာန်လို့ ပြန်ဆိုလိုက်ပါသည်။)

အမျိုးသမီးများက အမျိုးသားများ၏ အောက်တွင်သာ ရှိရမည်ဟူသော အယူအဆမှာ ဘိုးဘေးနဂါးမြို့တော်တွင် ထိုမျှအထိ အမြစ်တွယ်နေခြင်း မရှိပါချေ။ အဆင့်အတန်းတစ်ခု ရှိသော အမျိုးသမီးများသည် မျိုးနွယ်စုရေးရာများတွင် ပါဝင်ပက်သက်ခွင့်ရှိကြသော်လည်း သူတို့၏ အိမ်ထောင်ရေးကိုမူ အများအားဖြင့် မျိုးနွယ်စုလူကြီးမိဘများကသာ ဆုံးဖြတ်လေ့ ရှိကြပြီး မည်သည့်အောင်မြင်မှုမျှ မရှိသော အမျိုးသားများကိုလည်း ထိုနည်းတူစွာပင် ဆက်ဆံလေ့ရှိကြသည်။

ခုနက ဆွေးနွေးခဲ့ကြသည်မှာ စစ်ရေးစစ်ရာများ ဖြစ်သည်။

အဓိက စိုးရိမ်ပူပန်ရမည့်ကိစ္စမှာ လင်ရှောင်မြို့တော်၏ နှောင့်ယှက်ဖျက်ဆီးမှုများနှင့် ခံတပ်ကို ထိုးဖောက်ကာ ဘိုးဘေးနဂါးမြို့တော်၏ နယ်နိမိတ်ထဲသို့ ကျူးကျော်ဝင်ရောက် ရန် ကြံစည်နေကြသည့် ဝူထူပုန်ကန်သူများအရေးပင် ဖြစ်၏။

ယခုအခါ လူကြီးမိဘများက မျိုးနွယ်စုအတွင်းရှိ မျိုးဆက်သစ်လူငယ်များ၏ အိမ်ထောင် ရေး ကိစ္စရပ်များကို ဆွေးနွေးနေကြပြီ ဖြစ်သည်။

တောင်ပိုင်းဒေသရှိ လီမျိုးနွယ်စုတွင် အိမ်ထောင်ရေး ကိစ္စရပ်များမှာ အမြဲတစေ တိုင်ပင် ဆွေးနွေးရာခန်းမ၏ ဆွေးနွေးချက်တစ်ခု ဖြစ်လာခဲ့သည်။ အကြောင်းရင်းမှာ ဘိုးဘေးနဂါး မြို့တော်သည် အရပ်မျက်နှာအနှံ့မှ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသဖြင့် အိမ်နီးနား ချင်း မြို့တော်များ၊ မြို့ရွာများ၊ ခံတပ်များနှင့် ဆက်ဆံရေး တည်ဆောက်ရာတွင် အရေးပါ လွန်းသော အိမ်ထောင်ရေး မဟာမိတ်ပြုခြင်းအပေါ် များစွာ မှီခိုနေရသောကြောင့် ဖြစ်ပေ သည်။

မင်းစိုးရာဇာ မြင့်မြတ်သော မိသားစုများသည် အိမ်ထောင်ရေးဖြင့် မဟာမိတ်ပြုခြင်းကို တန်ဖိုးထားကြသည်၊ အဘယ်ကြောင့်ဆိုသော် ကတိကဝတ်များ၊ စာချုပ်များနှင့် မဟာမိတ် ပြုခြင်းများမှာ အာဏာရှိသူများအတွက် တန်ဖိုးမရှိသော စာရွက်စုတ်များကဲ့သို့ပင် ဖြစ်ပြီး အကျိုးစီးပွားချင်း ဆန့်ကျင်လာပါက ဘယ်အချိန်မဆို ဆုတ်ဖြဲပစ်နိုင်သောကြောင့်ပင်။ သွေးသားတော်စပ်မှု တစ်ခုတည်းသာလျှင် အမှန်တကယ် ဖြတ်တောက်ရန် ခက်ခဲပေ သည်။

မိသားစုနှစ်စုက တူညီသော သားသမီးရတနာ၊ တူညီသော သွေးမျိုးဆက်ကို မျှဝေ ပိုင်ဆိုင် ထားမှသာလျှင် သူတို့သည် အတူတကွ လက်တွဲ၍ ရှေ့သို့ တက်လှမ်းနိုင်ခြင်း သို့မဟုတ် နောက်သို့ တဖက်ဖက်က နောက်ဆုတ်ပေးခြင်းတို့ကို အမှန်တကယ် ပြုလုပ်နိုင်ကြမည် ဖြစ်သည်။

"ဒီနေ့ ငါတို့ အိမ်ထောင်ရေးကိစ္စ နှစ်ခုကို ကြေညာမယ်။ သေချာနားထောင်ကြပါ၊ ငါက ကြေညာပေးမယ်လို့ ပြောတာနော်" မိသားစု၏ ဇနီးငယ်ဖြစ်သူ ခုန်ထုန်က စတင်ပြီး စကားဆိုလိုက်သည်။

စစ်ရေးနှင့် နိုင်ငံအရေးအရာများကို လီမျိုးနွယ်စုသခင်က ဆွေးနွေးဆုံးဖြတ်ပြီး အိမ်ထောင် ရေး ကိစ္စရပ်များကိုမူ အိမ်တွင်းအရေးပိုင် သခင်မကြီးကသာ ကိုင်တွယ် ဖြေရှင်းလေ့ရှိ သည်။

"ပြီးခဲ့တဲ့နှစ်က လီခုန်ရှီဟာ အဘွားသခင်မကြီးနဲ့အတူ ဂိုဏ်းဗိမာန်ရဲ့ နှစ်ပတ်လည် ပွဲတော် ကို လိုက်ပါသွားတုန်းက ဂိုဏ်းဗိမာန်ရဲ့ စတုတ္ထမြောက် သခင်လေးဖြစ်တဲ့ တူချန်က လီခုန်ရှီကို မြင်မြင်ချင်း သဘောကျခဲ့တာ။ တို့တွေ ဆွေးနွေးပြီးတဲ့နောက်မှာတော့ လာမယ့် လမှာ အဘွားသခင်မကြီးနဲ့အတူ ဂိုဏ်းဗိမာန်ဆီ သွားရောက်ပြီး ဒီအိမ်ထောင်ရေးကို အထ မြောက်အောင် စီစဉ်ပေးသွားမှာ ဖြစ်တယ်" ခုန်ထုန်က လူတိုင်းကို ကြေညာလိုက်သည်။

"ဒါက တကယ့်ကို ကောင်းမွန်တဲ့ အိမ်ထောင်ရေး မဟာမိတ်ပဲ။ တို့တွေ ဂိုဏ်းဗိမာန်နဲ့ ဒီလို မျိုး ဆက်ဆံရေးရှိသွားရင် လင်ရှောင်မြို့တော်က ဘယ်လောက်ပဲ မောက်မာစော်ကားပါ စေ ငါတို့အပေါ် စစ်ရေးနဲ့ အလွယ်တကူ ရန်ရှာရဲတော့မှာ မဟုတ်ဘူး" တစ်စုံတစ်ယောက် က ပြောလိုက်သည်။

"သခင်မခုန်ထုန်ကတော့ မျှော်လင့်ထားတဲ့အတိုင်း ငါတို့အတွက် ဂိုဏ်းဗိမာန်ဆီ ဦးတည် တဲ့ တံခါးကြီးကို ဖွင့်လှစ်ပေးနိုင်ခဲ့တာပဲ။ အခုဆိုရင် ငါတို့ဟာ လီချွမ်းမြစ်ရဲ့ တောင်ပိုင်း ဒေသနယ်မြေတွေအတွက် စိုးရိမ်စရာ မလိုတော့တဲ့အပြင် ကုန်သွယ်ရေးလမ်းကြောင်း အမြောက်အမြားကိုတောင် ဖွင့်လှစ်နိုင်တော့မှာ" နောက်တစ်ဦးက ဆိုသည်။ ခန်းမဆောင် ကြီးအတွင်းရှိ လူတိုင်း၏ မျက်နှာပေါ်တွင် အပြုံးများ ဝေဆာလာကြပြီး သူတို့၏ အကြည့် များက လီခုန်ရှီဆီသို့ ကျရောက်သွားကြသည်။

လီခုန်ရှီက ခပ်ဖွဖွလေး ပြုံးလိုက်ပြီး "ခုန်ရှီအနေနဲ့ လူကြီးမိဘတွေရဲ့ အစီအစဉ်ကို နာခံဖို့ ဆန္ဒရှိပေမဲ့ လာမယ့်လမှာ အဲဒီကိုမသွားခင် ဂိုဏ်းဗိမာန်ရဲ့ စတုတ္ထမြောက်သခင်လေးနဲ့ လူကိုယ်တိုင် အရင်ဆုံး ဆုံတွေ့ချင်ပါတယ်။ သူ့ရဲ့ စရိုက်လက္ခဏာကိုလည်း သိလိုပါသေး တယ်။ တကယ်လို့ သူက စရိုက်ဆိုးပြီး ရည်မှန်းချက်မရှိတဲ့အပြင် ကျွန်မတို့ ဘိုးဘေးနဂါး မြို့တော်အပေါ်ကိုလည်း လေးစားမှုမရှိဘူးဆိုရင်တော့ မျိုးနွယ်စုသခင်နဲ့ သခင်မကြီးတို့ အနေနဲ့ ဒီကိစ္စကို ပြန်လည်စဉ်းစားပေးဖို့ တောင်းဆိုချင်ပါတယ်" ဟု ပြောလိုက်သည်။

"မမခုန်ရှီက တူချန်ကို မသိဘူးလား။ သူက မမကို အဝေးကနေ တစ်ချက်လေး လှမ်းမြင်ရုံနဲ့ တင် တကယ်ပဲ သဘောကျသွားတာလား"

"ညီမလေးက တကယ့်ကို တိုင်းပြည်တစ်ခုလုံးမှာ အလှဆုံး မိန်းမပျိုလေးကိုး" မူချင်းက အံ့ဩတုန်လှုပ်စွာဖြင့် ရေရွတ်လိုက်သည်။ "ဒါနဲ့ ပြောရဦးမယ်၊ တူချန်က တကယ့်ကို ထူးချွန်တဲ့ လူရည်ချွန်တစ်ယောက်ပဲ။ သူ့ရဲ့ ကျော်ကြားမှုက မြို့တော်ကြီးတွေအားလုံးမှာ ပျံ့နှံ့နေခဲ့တာ ကြာပြီ။ ကြားရသလောက်ဆို လင်ရှောင်မြို့တော်က လင်မျိုးနွယ်စုရဲ့ သမီးပျိုလေးက ဂိုဏ်းဗိမာန်မှာ တူချန်ကို တွေ့ခွင့်ရဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားခဲ့တာ တောင် သူက အဝင်တောင် မခံဘူးတဲ့... အဲဒါ လင်မျိုးနွယ်စုရဲ့ သမီးပျိုလေးကို ပြောတာ နော်"

လီခုန်ရှီက ခေါင်းကို ခါယမ်းပြလိုက်ရင်း သူမအနေဖြင့် တူချန်နှင့် တကယ်ပင် မဆုံတွေ့ဖူး ကြောင်း ပြသလိုက်သည်။

"မမခုန်ရှီအတွက် ကောင်းမွန်တဲ့ အိမ်ထောင်ရေး မဟာမိတ်ကို ရှာဖွေတွေ့ရှိခဲ့လို့ ဂုဏ်ယူပါ တယ်"

မျိုးနွယ်စုအတွင်းရှိ အခြားသော အမျိုးသမီးငယ်များလည်း လီခုန်ရှီကို ကြိုတင်၍ ဂုဏ်ပြု စကား ဆိုကြသည်။ သို့သော်လည်း လီခုန်ရှီ၏ ပုံစံမှာမူ အလွန်ပင် တည်ငြိမ်အေးဆေးနေ ဆဲ ဖြစ်၏။

"နောက်ထပ် အိမ်ထောင်ရေးကိစ္စတစ်ခု ရှိသေးတယ်" အိမ်တွင်းအရေးပိုင် သခင်မကြီး ခုန်ထုန်က ထပ်မံ၍ စကားဆိုလိုက်ရာ ခန်းမဆောင်ကြီးတစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ် သွားခဲ့သည်။

လူတိုင်း၏ အကြည့်များက မထိန်းချုပ်နိုင်ဘဲ လီယွင်ဇီဆီသို့ ကျရောက်သွားကြတော့ သည်။

အတိတ်ကမူ မြို့တော်၏ ဧကရီတစ်ပါးအနေဖြင့် လီယွင်ဇီသည် ကြီးမြတ်သော မျိုးနွယ်စု အရှင်သခင်နှစ်ပါး၊ အိမ်ထောင်စုအကြီးအကဲ လေးပါး၊ မြို့တော်သခင်၊ တပ်မှူးများနှင့် အတူ အထက်ခုံတန်းတွင် ထိုင်ခွင့်ရခဲ့ဖူးသည်။ သို့သော်လည်း ယခုအခါတွင်မူ ထိုနေရာ၌ သူမအတွက် နေရာမရှိတော့ပါချေ။

မျိုးနွယ်စုအတွင်းရှိ အခြား သာမန်အမျိုးသမီးများကဲ့သို့ပင် သူမသည်လည်း စောင့်ကြည့် လေ့လာသူများ၏ ခုံတန်းတွင်သာ တိတ်ဆိတ်စွာ၊ အေးစက်စက် အမူအရာဖြင့် ထိုင်နေခဲ့ရ သည်။

လီယွင်ဇီသည် နတ်ဘုရားပလ္လင်ပေါ်မှ ပြုတ်ကျသွားခဲ့ပြီးကတည်းက တိုင်ပင်ဆွေးနွေးခြင်း ခန်းမဆောင်ကြီးအတွင်းသို့ မရောက်ရှိလာခဲ့သည်မှာ အတန်ကြာခဲ့ပြီ ဖြစ်သည်။ ယနေ့ တွင် သူမ ရောက်ရှိနေခြင်းမှာ မျိုးနွယ်စုအနေဖြင့် သူမအတွက် တစ်စုံတစ်ခု စီစဉ်ထားခြင်း ရှိနေကြောင်း ထင်ရှားပေသည်။

"လီယွင်ဇီ..." အိမ်တွင်းအရေးပိုင် သခင်မကြီး ခုန်ထုန်က လီယွင်ဇီ၏ အမည်ကို ခေါ်ဆို လိုက်သည်။

အမှန်ပင် ဧကရီဘုရင်မ အရှက်ခွဲခံရသည့် ကိစ္စရပ်က ပိုမိုကြီးထွားလာပြီး ဘိုးဘေးနဂါး မြို့တော်၏ ဂုဏ်သိက္ခာကို ထပ်မံ၍ မညှိုးနွမ်းစေရန်အတွက် မျိုးနွယ်စုသည် သူမ၏ အိမ်ထောင်ရေးကိစ္စဖြင့် ဖြေရှင်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပေသည်။ လီယွင်ဇီကို အဝေး သို့ လက်ထပ် ထိမ်းမြားပေးလိုက်ခြင်းဖြင့်သာ ထိုပြောမပြသာသည့် အရှက်ရစရာ ဖြစ်ရပ် ကို အဆုံးသတ်နိုင်မည် မဟုတ်ပါလား။

စစ်ရေးအရာရှိများ ထိုင်ရာ ခုံတန်းတွင်မူ လော့ရှောင်သည် သူ့ကိုယ်ကိုယ် မထိန်းနိုင်ဘဲ မတ်မတ် ပြင်ထိုင်လိုက်မိသည်။

မကြာသေးမီ ရက်ပိုင်းအတွင်းက သူသည် အရှေ့ဘက်ခံတပ်၌ အံ့ဖွယ်စစ်မှုထမ်းဆောင် နိုင်ခဲ့သဖြင့် 'မီးနဂါးလော့ရှောင်' ဟူသော သူ၏အမည်နာမမှာ ဘိုးဘေးနဂါး မြို့တော် တစ်ခုလုံးတွင် ဟိုးဟိုးကျော်နေပြီ။

"ငါတို့တွေ လီယွင်ဇီကို လင်ရှောင်မြို့တော်က လင်မျိုးနွယ်စုထဲကို လက်ထပ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်" ခုန်ထုန်က ကြေညာလိုက်သည်။

ခုန်ထုန်၏ လေသံမှာ ပြတ်သားသော်လည်း လွန်စွာကျယ်လောင်ခြင်း မရှိပါချေ။ သို့သော် လည်း အနက်အဓိပ္ပာယ်မှာမူ တစ်စုံတစ်ခုသော အကြောင်းရင်းကြောင့် လော့ရှောင်၏ ဦးနှောက်ထဲတွင် မိုးကြိုးပစ်ချလိုက်သည့်အလား ပေါက်ကွဲသွားခဲ့ကာ သူ၏ ခန္ဓာကိုယ် တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားရတော့သည်။

ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...

လီယွင်ဇီကို အဝေးသို့ လက်ထပ်ပေးရန် ခုန်ထုန်ထံသို့ အကြံပြုခဲ့သူမှာ သူကိုယ်တိုင် ဖြစ်သည် မဟုတ်ပါလား။ ထို့ပြင် သူက လီယွင်ဇီအပေါ် စွဲလန်းရူးသွပ်နေသည်မှာလည်း လူတိုင်း အသိပင်။

"မျိုးနွယ်စုသခင်... သခင်မကြီး" လော့ရှောင်က ဤဆုံးဖြတ်ချက်ကို လုံးဝ လက်မခံနိုင်သ ဖြင့် သူ၏ခုံမှ ဝုန်းခနဲ ထရပ်လိုက်တော့သည်။

"လော့ရှောင်... ထိုင်စမ်း" လီမျိုးနွယ်စုသခင် လီရင်းက အမိန့်ပေးလိုက်သည်။

"ဒါပေမဲ့ ဒီကိစ္စက..."

"ထိုင်စမ်း" လီရင်း၏ လေသံမှာ ပိုမိုပြင်းထန်လာပြီး သူ့မျက်ဝန်းများက ထက်ရှစူးရဲသွား ကာ သူ့တစ်ကိုယ်လုံးရှိ အရှိန်အဝါမှာ အချိန်မရွေး ရူးသွပ်နေသော နဂါးတစ်ကောင်ကဲ့သို့ လူတစ်ယောက်ကို အပိုင်းပိုင်းဆွဲဖြဲပစ်တော့မည့်အလား ပြောင်းလဲသွားခဲ့သည်။

လော့ရှောင်တစ်ယောက် စိတ်ပျက်အားလျော့စွာဖြင့် ပြန်ထိုင်လိုက်ရရှာသည်။ သူ၏ ဖြူလျော်နေသော မျက်နှာမှာ ယခုအခါတွင်မူ လူသေအလောင်းကဲ့သို့ပင် ကြောက်မက် ဖွယ် ခြောက်ခြားဖွယ်ရာ ဖြစ်သွားခဲ့သည်။

"သခင်မကြီး... အခုနက ကျွန်တော်တို့တွေ လင်ရှောင်မြို့တော်ရဲ့ ကျူးကျော်မှုအရေးကို ဆွေးနွေးခဲ့ကြတုန်းက မျိုးနွယ်စုသခင်အနေနဲ့ စစ်ရေးအရ ပြီးပြည့်စုံတဲ့ တုံ့ပြန်မှုမျိုးကို မပေးခဲ့ဘူး။ ဒါက မျိုးနွယ်စုအနေနဲ့ လင်ရှောင်မြို့တော်ကို တုံ့ပြန်ဖို့အတွက် အသုံးချတဲ့ မဟာဗျူဟာ တစ်ရပ်လား။ ဒါပေမဲ့ ကျွန်တော့်မှာတော့ သံသယအချို့ ရှိနေသေးတယ်" တပ်မှူးတစ်ဦးက ဆိုလိုက်သည်။

"ပြောကြားနိုင်ပါတယ်" ခုန်ထုန်က ဆိုလိုက်သည်။

"ဧကရီတစ်ပါးအနေနဲ့ လီယွင်ဇီဟာ ကျူးကျော်တိုက်ခိုက်လာတဲ့ လင်ရှောင်မြို့တော်က စစ်တပ်တစ်ခုလုံးကို တစ်ကြိမ်မက သုတ်သင်ချေမှုန်းခဲ့ဖူးပါတယ်။ ဒါကြောင့် လင်ရှောင် မြို့တော်ရဲ့ စစ်တပ်ကနေ အရပ်သားတွေအထိ အားလုံးက လီယွင်ဇီကို နာကျည်း မုန်းတီး နေကြတာပါ။ အဲဒီလိုအခြေအနေမျိုးမှာ လင်ရှောင်မြို့တော်ရဲ့ လင်မျိုးနွယ်စုက ကျွန်တော် နဲ့ အိမ်ထောင်ရေးမဟာမိတ်ဖွဲ့ဖို့ ဘယ်လိုလုပ်ပြီး သဘောတူမှာလဲဗျာ" ထိုတပ်မှူးက မေးခွန်းထုတ်လိုက်သည်။

"ပုံမှန်အိမ်ထောင်ရေး မဟာမိတ်မျိုးဆိုရင်တော့ လီယွင်ဇီကို နက်နက်ရှိုင်းရှိုင်း မုန်းတီးနေ ကြတဲ့ လင်ရှောင်မြို့တော်ရဲ့ စစ်သည်တော်တွေနဲ့ အရပ်သားတွေက လုံးဝ သဘောတူကြ မှာ မဟုတ်တာ သေချာတာပေါ့..." အိမ်တွင်းအရေးပိုင် သခင်မကြီး ခုန်ထုန်က စကားကို တမင်သက်သက် ခေတ္တရပ်လိုက်ပြီးမှ "ဒါကြောင့်မို့လို့ လီယွင်ဇီဟာ လင်မျိုးနွယ်စုထဲကို ကိုယ်လုပ်တော် တစ်ယောက်အနေနဲ့ ဝင်ရောက်ရမှာ ဖြစ်တယ်" သူမက ထပ်လောင်း ပြောကြားလိုက်သည်။

"ဒါက မဟာမိတ်ပြုတာရော ဟုတ်သေးလို့လား" ထိုတပ်မှူးက ပြန်လည်မေးခွန်းထုတ် သည်။

ဤသည်မှာ အိမ်ထောင်ရေး မဟာမိတ်အတွက် ညှိနှိုင်းဆွေးနွေးခြင်းပုံစံမျိုး လုံးဝမဟုတ် ဘဲ လီယွင်ဇီကို လင်ရှောင်မြို့တော်၏ လက်ထဲသို့ အပ်နှံပြီး စိတ်ကြိုက် စီရင်ခွင့်ပေးရန် တွန်းပို့လိုက်သည့် ပရိယာယ်လှည့်ကွက်တစ်ခုသာ ဖြစ်ချေတော့သည်။

"တကယ်လို့ တပ်မှူးမှာ ဒီထက်ကောင်းတဲ့ ကိုင်တွယ်ဖြေရှင်းနည်း ရှိနေရင်လည်း... ဝူထူ ပုန်ကန်သူတွေကို အမြစ်ပြတ်အောင် မချေမှုန်းနိုင်သေးတဲ့အပြင် လီယွင်ဇီရဲ့ ကိစ္စကြောင့် ငါတို့ အနောက်ဘက်စစ်တပ်ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကလည်း အကြီးအကျယ် ကျဆင်း နေခဲ့ရပြီ။ အရှိန်အဟုန်နဲ့ ချီတက်လာမယ့် လင်ရှောင်မြို့တော်ရဲ့ စစ်အင်အားကို ခုခံဖို့က ခက်ခဲလွန်းတယ်။ စစ်ပြေငြိမ်းဖို့ ဆွေးနွေးနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက ဒါပဲ ရှိတော့တယ်" ခုန်ထုန်က ပြောလိုက်သည်။

"ကျွန်တော်တို့ရဲ့ ဧကရီက ရန်သူ့မြို့တော်အရှင်ရဲ့ ကိုယ်လုပ်တော် ဖြစ်သွားရမယ်တဲ့လား။ နောင်တစ်ချိန်မှာ ဘိုးဘေးနဂါးမြို့တော်ဟာ ဘယ်လိုမျက်နှာမျိုးနဲ့ ရပ်တည်ရတော့မှာလဲ" ထိုတပ်မှူးက ဆိုသည်။

"ဒီကိစ္စကို အပြင်မှာ သတင်းမပေါက်ကြားစေနဲ့။ ဆောင်းဦးအကုန်မှာ လင်ရှောင်မြို့တော် က သတို့သမီးကြိုဆိုရေးအဖွဲ့ကို စေလွှတ်လိမ့်မယ်။ တပ်မှူးချန်... အဲဒီအချိန်ကျရင် မင်းရဲ့ ကူညီပံ့ပိုးမှု လိုအပ်လိမ့်မယ်" လီရင်းက ပြောကြားလိုက်သည်။

သူ့အမူအရာမှာ ပြတ်သားလွန်းသဖြင့် ထပ်မံ ဆွေးနွေးငြင်းခုံရန် နေရာ အနည်းငယ်မျှပင် မကျန်ရှိတော့ပေ။

လီယွင်ဇီက လီရင်းကို တစ်ချက်မျှ လှမ်းကြည့်လိုက်ရင်း သူမ မျက်နှာအမူအရာက တဖြည်းဖြည်းနှင့် ပိုမိုအေးစက်လာခဲ့သည်။ ထို့နောက် လီယွင်ဇီက အိမ်တွင်းအရေးပိုင် သခင်မကြီး ခုန်ထုန်ကို တစ်ချက်ဝေ့ကြည့်ပြီးနောက် သူမစိတ်ထဲတွင် ပိုမို ရှင်းလင်းစွာ သဘောပေါက်သွားခဲ့လေသည်။

နောက်ဆုံးတော့လည်း သူမအပေါ် ပူးပေါင်းကြံစည်ခဲ့ကြသည့် စစ်တုရင်ခုံနောက်ကွယ်က လူများက သူတို့ ဖြစ်နေဆဲပါတကား...။

All Chapters