အခန်း ၂၈
Vol. 3 Ch. 28
အခန်း (၂၈) ဆရာမက ကျွန်တော့်ကို တောင်တန်းတွေကို ကင်းလှည့်ခိုင်းတယ်။
မိုးတိမ်များဖန်တီး၍ မိုးရွာချစေခြင်းဟူသည်မှာ လယ်ယာစိုက်ပျိုးရေး မိသားစုတွင် ကြီးပြင်းလာခဲ့သည့် လီရှောင်ရင်အတွက်မူ နတ်ဘုရားများ၏ တန်ခိုးဖန်ဆင်းမှုနှင့် ဘာမျှ မကွာခြားပေ။
သူတို့မိသားစုတွင် နွားများနှင့် သိုးအမြောက်အမြားကို မွေးမြူထားကြရာ ၎င်းတို့ကို အာဟာရကျွေးမွေးရန်အတွက် မြက်ခင်းများ လိုအပ်ပေသည်။ မြက်ပင်များ ရှင်သန် ကြီးထွားရန်မှာလည်း မိုးရေအပေါ်၌သာ မှီခိုနေရသဖြင့်... ခြောက်သွေ့လှသော နွေရာသီ များနှင့် မိုးတစ်ပေါက်မျှ မရွာသွန်းသည့် ဆောင်းဦးရာသီများတွင် သူတို့မိသားစုတစ်ခုလုံး မှာ နွားများနှင့် သိုးများကို မြက်ခင်းရှိရာအရပ်ဆီသို့ မောင်းနှင်ရန်အတွက် လုပ်အားနှင့် စွမ်းအင်အမြောက်အမြား ပေးဆပ်ခဲ့ကြရသည်။
ဤလုပ်ငန်းစဉ်မှာ စိတ်ပိုင်းဆိုင်ရာကော ရုပ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်စေရုံသာမက မွေးမြူရေးတိရစ္ဆာန်များ ပျောက်ဆုံးသွားရန်လည်း လွယ်ကူပေသည်။
ထို့ပြင် မိုးမရွာပါက မြက်ပင်များ ကြီးထွားလာမည် မဟုတ်ဘဲ နွားများနှင့် သိုးများ ငတ်မွတ် ကာ သေဆုံးရခြင်းမှာ အမြဲတစေ ကြုံတွေ့ရလေ့ရှိသော ဖြစ်ရပ်တစ်ခုပင် ဖြစ်၏။ ဤသည် မှာ မွေးမြူရေးလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းအဖြစ် အမှီပြုနေရသော သိုးကျောင်း သားများအတွက် လုံးဝ ကပ်ဘေးကြီးတစ်ခု ဖြစ်ပြီး မိသားစုတစ်ခုလုံးကို အစားအစာနှင့် အဝတ်အထည်အတွက် ငွေကြေးမရှိဘဲ ဆောင်းရာသီကိုပင် ကျော်ဖြတ်နိုင်ခြင်း မရှိတော့ သည့် အခြေအနေသို့ ရောက်ရှိသွားစေနိုင်ပါသည်။
မိုးတိမ်များကို ဖန်တီး၍ မိုးရွာချစေနိုင်သည့် မိုးပြာနဂါး၏ မှော်စွမ်းရည်များ...။
တကယ်လို့ ငါသာ ဒီစွမ်းရည်ကို ပိုင်ဆိုင်ထားမယ်ဆို တစ်ရွာလုံးက ငါ့ကို ကောင်းကင်ဘုံ အထိ မြှောက်စားထားကြမည် မဟုတ်ပါလား။
"မှော်မန္တန်အစွမ်းထဲမှာ မိုးနဲ့ နှင်းတွေကို ဆင့်ခေါ်တာအပြင် ကျိန်စာတိုက်တာတွေလည်း ပါဝင်တယ်။ နဂါးတစ်ကောင်စီမှာ သီးသန့်စွမ်းရည်တွေ ရှိကြပြီး... သွေးမျိုးဆက် တူညီတဲ့ နဂါးတွေဖြစ်ပါစေဦးတော့ သူတို့ရဲ့ ကြီးထွားမှုနဲ့ လေ့ကျင့်ပျိုးထောင်မှု ဖြစ်စဉ်တွေ အတွင်း မှာ လုံးဝ မတူကွဲပြားတဲ့ စွမ်းရည်တွေ ဖွံ့ဖြိုးလာနိုင်တယ်" ဆရာမ တွမ်လန်က ပျံသန်းနေ စဉ်အတွင်းမှာပင် ဆက်လက်၍ သင်ကြားပို့ချနေခဲ့သည်။
လေပြင်းက ခါးသီးစွာ တိုက်ခတ်နေပြီး၊ တဝှီးဝှီး မြည်ဟီးနေသော်လည်း သူမ၏ လေသံမှာ မူ နားစည်ဘေးနားတွင် ရှင်းလင်းပြတ်သားစွာ ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။
အခြားကျောင်းသားများသည်လည်း အာရုံစိုက်၍ နားထောင်နေကြသည်၊ အဓိကအားဖြင့် လွင်ပြင်ကျယ်ကြီး၏ ရှုခင်းမှာ အတန်ငယ် ငြီးငွေ့ဖွယ်ကောင်းလာသောကြောင့် ဖြစ်သည်။ သို့သော် ဆရာမတွမ်လန်၏ အလှတရားမှာမူ သူတို့ ဘယ်တော့မှ ကြည့်လို့ရိုးနိုင်မည့် ရှုခင်းမျိုး မဟုတ်ပါချေ။
နဂါးများကို အဓိကအားဖြင့် အမျိုးအစားကြီး သုံးမျိုး ခွဲခြားထားသည်။ ရှေးဟောင်းနဂါး၊ ဧရာမနဂါးနှင့် မိုးပြာနဂါးတို့ ဖြစ်ကြ၏။
ရှေးဟောင်းနဂါးများသည် မြေပြင်၏ အရှင်သခင်များ ဖြစ်ကြသည်။ သူတို့သည် အနှိုင်းမဲ့ စွမ်းရည်နှင့် ကြမ်းကြုတ်သော ခွန်အားကို ပိုင်ဆိုင်ထားကြပြီး ရှေးဟောင်း တိုက်ခိုက်ရေး ပညာအချို့ကိုလည်း တတ်မြောက်ထားကြသည်။ အများစုမှာ ထွားကျိုင်းသော ခန္ဓာကိုယ်၊ ရက်စက်ကြမ်းကြုတ်သော အစွယ်များ၊ ထက်ရှသော လက်သည်းခြေသည်းများနှင့် ကျောက်တုံးများကဲ့သို့ မာကျောသော အရေပြားကို ပိုင်ဆိုင်ထားကြပေသည်။
ကျူးမင်လန်၏ အမြင်အရ သွားမည်းလေး၏ အဓိက သွေးမျိုးဆက်မှာ ရှေးဟောင်း နဂါးများနှင့် ပိုမိုနီးစပ်ပုံရပေသည်။ ထို့ကြောင့် အကယ်၍ သူ့ကို လေးလံသော ချပ်ဝတ် တန်ဆာတစ်စုံသာ ဆင်မြန်းပေးနိုင်ပါက ဧကန်မုချ အနှိုင်းမဲ့ ပြိုင်ဘက်ကင်း နဂါး တစ်ကောင် ဖြစ်လာနိုင်သည်။
ဧရာမနဂါးများမှာမူ သန်မာထွားကျိုင်းသော ခန္ဓာကိုယ်များကို ပိုင်ဆိုင်ထားကြသည်။
သူတို့သည် ဖျက်ဆီးခြင်း မှော်ပညာများကိုလည်း အသုံးပြုနိုင်ကြပြီး၊ အများစုတွင် အစွမ်း ထက်သော အတောင်ပံတစ်စုံ ပါရှိသဖြင့် ကောင်းကင်ယံထက်တွင် မြင့်မားစွာ ပျံသန်း၍ တိုက်ပွဲဝင်နိုင်သလို တောင်တန်းများနှင့် လျှိုမြောင်များကိုလည်း ထိုးဖောက် ဖြတ်သန်းနိုင် ကြသည်။
လော့ရှောင်၏ ရွှေရောင်မီးနဂါးမှာမူ သွေးမျိုးဆက်အရ ဧရာမနဂါးများနှင့် ပိုမိုနီးစပ်သော သတ္တဝါတစ်ကောင် ဖြစ်ပြီး၊ မီးတောက်မှော်ပညာကို အသုံးပြုနိုင်စွမ်း ရှိပေသည်။
ရှေးဟောင်းနဂါးများ၊ ဧရာမနဂါးများနှင့် နှိုင်းယှဉ်ပါက မိုးပြာနဂါးများသည် ထိုမျှအထိ ထွားကျိုင်းသန်မာခြင်း မရှိကြသော်လည်း... သူတို့၏ မိုးပြာနဂါး စွမ်းရည်များမှာမူ အလွန် တရာ အစွမ်းထက်လှပေသည်။ ဒြဗ်စင်မှော်ပညာကို ကျွမ်းကျင်သော ဧရာမနဂါးများပင် လျှင် မိုးပြာနဂါးများ၏ ဆန်းကြယ်မှော်ပညာများကို ယှဉ်ပြိုင်နိုင်စွမ်း မရှိကြပေ။
ဆရာမ တွမ်လန်၏ ရေတံခွန်နဂါးကြီးမှာမူ အလွန် သန့်စင်သော မိုးပြာနဂါးတစ်ကောင် ဖြစ်၏။
နဂါးများကို ဤသွေးမျိုးဆက် သုံးမျိုးအဖြစ် အမျိုးအစားခွဲခြားထားသော်လည်း ဤကမ္ဘာ ပေါ်ရှိ နဂါးအများစုမှာ သွေးမျိုးဆက် အမျိုးအစား အများအပြားကို ပေါင်းစပ်ပိုင်ဆိုင်ထား ကြသည်။
သွေးနှောနဂါးများသည် တိုက်ခိုက်ရေးပညာ၊ ဒြဗ်စင်မှော်ပညာနှင့် ဆန်းကြယ်မှော် ပညာ ဟူသည့် အဓိကစွမ်းရည်ကြီး သုံးမျိုးစလုံးကို တစ်ပြိုင်နက်တည်း ရရှိပိုင်ဆိုင်သွားနိုင်သ လို... တစ်ဖက်တွင်လည်း မည်သည့်စွမ်းရည်တစ်ခုမျှ ပါရှိမလာဘဲ အဆုံးသတ်သွားရခြင်း မျိုးလည်း ရှိနိုင်ပေသည်။
သန့်စင်သော သွေးမျိုးဆက်ကို ပိုင်ဆိုင်ကြသည့် နဂါးများမှာမူ သူတို့၏ သွေးမျိုးဆက် အလိုက် သီးသန့်စွမ်းရည်များကို ပိုင်ဆိုင်ရန် ကိုးဆယ်ရာခိုင်နှုန်း သေချာပြီး... အခြားသော စွမ်းရည်နှစ်မျိုးမှာမူ ၎င်းတို့ကို မည်သို့ပင် ပျိုးထောင်ပါစေဦးတော့ ပေါ်ထွက်လာလိမ့်မည် မဟုတ်ပါချေ။
အဖြူလေးသည် အရင်က သန့်စင်သော မိုးပြာနဂါးတစ်ကောင် ဖြစ်ခဲ့ဖူးသော်လည်း၊ ယခု တစ်ကြိမ်တွင် နဂါးအဖြစ် တစ်ဖန်ပြန်လည် အသွင်ပြောင်းပြီးနောက်တွင်မူ... သူသည် တစ်စုံတစ်ခု ပြောင်းလဲသွားခဲ့သည်ဟု ကျူးမင်လန် ခံစားမိသည်။ ၎င်း၏ အတောင်ပံများ ကို ဖုံးလွှမ်းထားသော နှင်းခဲမွှေးနုလေးများမှာ မှော်သလင်းကျောက်များနှင့် ပိုတူနေသည်။
ရုန်တောင်ကြားမြို့တော်မှာ တောင်ကျစမ်းချောင်းတစ်ခု၏ အောက်ခြေတွင် တည်ရှိသည်။ ယခုနှစ်၏ ဆောင်းဦးရာသီမှာ ပိုမိုအေးစက်လွန်းသောကြောင့် ဖြစ်နိုင်ပေသည်... စမ်းချောင်း၏ မြစ်ဖျားခံရာအရပ်မှာ စောစီးစွာ နှင်းခဲပိတ်ဆို့သွားခဲ့ရာ တောင်ကြားထဲမှ စီးဆင်းလာသော စမ်းရေမှာလည်း တစ်စက်ချင်း မျှသာ စီးဆင်းနိုင်တော့ပေသည်။ ထို့ကြောင့် ရုန်တောင်ကြားမြို့တော်၏ ကျယ်ပြောလှသော စပါးစိုက်ခင်းများနှင့် တိရစ္ဆာန် စားကျက်မြေများကို ရေသွင်းပေးရန်အတွက်မူ ဝေဝေဝါးဝါးပင် မတွေးဝံ့စရာ ဖြစ်နေတော့ သည်။
ဤနေရာရှိ စပါးများသည် ရာသီဥတုနှင့် မြေမျက်နှာသွင်ပြင်ကြောင့် သဘာဝအတိုင်းပင် နောက်ကျမှ မှည့်ဝင်းတတ်သည့် အမျိုးအစားများ ဖြစ်ကြသည်။ ယခုအခါ တစ်လတိုင်တိုင် မိုးတစ်စက်မျှ မရွာသွန်းခဲ့သည့်အပြင်၊ စမ်းချောင်းမှ ရေသွင်းရန် ရေပမာဏမှာလည်း မလုံလောက်သဖြင့်... ကောင်းမွန်စွာ ထွက်ရှိနိုင်မည့် ရိတ်သိမ်းမှုကြီးမှာ အငတ်ဘေး အန္တရာယ်အဖြစ်သို့ ပြောင်းလဲသွားနိုင်ပြီး မွေးမြူရေးတိရစ္ဆာန်များကိုလည်း ကြီးမားစွာ ထိခိုက်စေနိုင်ပေသည်။
ခြောက်ကပ်လှသော မြို့ဟောင်းကြီး၏ ကောင်းကင်ယံထက်တွင်... ငှက်ပျံနဂါးတု ခြောက်ကောင်သည် ကောင်းကင်ကို ဖြတ်သန်းပျံသန်းလာကြပြီး၊ မြို့၏ အလယ်ဗဟို တည့်တည့်သို့ တစ်ကောင်ပြီးတစ်ကောင် ဆင်းသက်လိုက်ကြသည်။
ညိုမှိုင်းသော ဝတ်စုံများကို ဝတ်ဆင်ထားကြသည့် လူအုပ်ကြီးတစ်ခုသည် သူတို့၏ ကယ်တင်ရှင်များကို မြင်တွေ့လိုက်ရသည့်အလား ရိုသေလေးစားစွာဖြင့် ဝန်းရံလာကြ၏။
"ကျွန်တော်တို့တွေ လီချွမ်းနဂါးထိန်းအကယ်ဒမီက တပ်မှူးနှစ်ဦး ကြွရောက်လာမှာကို စောင့်မျှော်နေခဲ့ကြတာပါ" ရှေ့ဆုံးမှ ခပ်ငယ်ငယ် အမျိုးသားတစ်ဦးက ပြောလိုက်သည်။
"တောင်တန်းတွေ နှင်းခဲတွေနဲ့ ပိတ်ဆို့သွားတဲ့အခါ မင်းက ရုန်တောင်ကြားမြို့ရဲ့ မြို့သခင် တစ်ယောက်အနေနဲ့ စိုက်ပျိုးရေ ရေပြတ်လပ်တော့မယ်ဆိုတာကို ကြိုတင်မျှော်တွေးထား သင့်တာပေါ့။ မိုင်ငါးဆယ်အကွာမှာရှိတဲ့ ဒုံးရွှီခံတပ်က စစ်မျက်နှာပြင်ရဲ့ ရှေ့တန်းဖြစ်ပြီး ရိက္ခာထောက်ပံ့မှုက အလွန်အရေးကြီးတဲ့နေရာပဲ။ တကယ်လို့ ဝူထုက အောက်တန်းစား တွေသာ သူတို့စစ်ကြောင်းကို ဖောက်ထွက်သွားရင်... မင်းခေါင်းက မင်းပခုံးပေါ်မှာ ကျန်နေဦးမယ်လို့ ထင်နေလား" ဆရာ ခယ်ပေက နဂါးပေါ်မှ ဆင်းဆင်းချင်း ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။
"ဆရာ့ရဲ့ပြစ်တင်ဆုံးမမှုက မှန်ကန်ပါတယ်ခင်ဗျာ။ လွန်ခဲ့တဲ့ တစ်လကတည်းက ကျွန်တော် ဘိုးဘေးနဂါးမြို့တော်ဆီ မိုးရွာစေနိုင်တဲ့ တစ်ကောင် လွှတ်ပေးဖို့ အကူအညီ တောင်းခဲ့ဖူးပါတယ်၊ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက တပ်မှူးခယ်ပေနဲ့ တပ်မှူး တွမ်လန်တို့လို စွမ်းရည်မျိုးရှိတဲ့ နဂါးထိန်းတွေ အများကြီး မရှိကြလို့ပါ။ ဒါကြောင့် ဒီကိစ္စ က နှောင့်နှေးသွားခဲ့ရတာပါ၊ ကံကောင်းထောက်မစွာနဲ့ပဲ ကျွန်တော့်ရဲ့ တောင်းဆိုချက်က လီချွမ်းနဂါးထိန်းအကယ်ဒမီဆီ ရောက်ရှိသွားခဲ့ပါတယ်။ ကျေးဇူးပြုပြီး တပ်မှူးနဲ့ နဂါးထိန်းကျောင်းသားတွေ အားလုံး ကျွန်တော့်အိမ်တော်မှာ အရင်ဆုံး အနားယူကြပါဦး ခင်ဗျာ" လူငယ်မြို့သခင်က ရိုကျိုးလွန်းခြင်းလည်းမရှိ၊ မောက်မာခြင်းလည်းမရှိဘဲ ပြန်လည် ဖြေကြားလိုက်သည်။
"ဒီကိစ္စက ရှေ့တန်းက စစ်ပွဲနဲ့ သက်ဆိုင်နေတဲ့အတွက်ကြောင့် အချိန်ဆိုင်းနေလို့ မရဘူး၊ ချက်ချင်းပဲ စတင်ကြစို့" ဆရာ ခယ်ပေက စိတ်မရှည်စွာဖြင့် ဆိုလိုက်သည်။
"ညဉ့်ရောက်ဖို့ အချိန်နီးကပ်လာပြီဖြစ်လို့ အပူချိန်ကလည်း သိသိသာသာ ထိုးဆင်းသွားပါ လိမ့်မယ်။ တကယ်လို့ တပ်မှူးနှစ်ဦးစလုံးက အခုချိန် မိုးဆင့်ခေါ်လိုက်ရင်... မိုးရေတွေက နှင်းခဲတွေအဖြစ် ပြောင်းလဲသွားပြီး ကောက်ပဲသီးနှံတွေကို ပျက်စီးစေနိုင်သလို မြက်ခင်း ပြင်တွေကိုလည်း ခဲသွားစေနိုင်ပါတယ်" ညိုမှိုင်းသော အဝတ်အစားနှင့် မြို့သခင်က ဆိုလိုက်သည်။
"အင်း... ဒါဆိုရင်လည်း မနက်ဖြန်အထိ စောင့်ကြတာပေါ့" တွမ်လန်က ခေါင်းညိတ်လိုက် သည်။
ဆရာ ခယ်ပေကလည်း ဘာမှ ထပ်မပြောတော့ချေ။
"ကြွပါခင်ဗျာ"
အိမ်တော်တွင်းသို့ ဝင်ရောက်လိုက်သည်နှင့် အဖွဲ့ကိုဦးဆောင်လာသည့် ဆရာ ခယ်ပေ သည် သူ၏ သင်ကြားရေးတာဝန်ကို မေ့လျော့မသွားဘဲ... နောက်မှ လိုက်ပါလာကြသော ကျောင်းသားများကို တည်ငြိမ်အေးဆေးသော လေသံဖြင့် ဆိုလိုက်သည်။
မူလက ဆူညံနေခဲ့ကြသော ကျောင်းသားများမှာ ချက်ချင်းပင် တိတ်ဆိတ်သွားကြပြီး အာရုံ စိုက်ကာ နားထောင်လိုက်ကြ၏။ အကယ်ဒမီဆရာများ အပြင်လောကတွင် မည်မျှအထိ မြင့်မားသော အဆင့်အတန်းရှိသည်ကို မြင်တွေ့လိုက်ရသဖြင့် ဤကျောင်းသားများသည် သဘာဝအတိုင်းပင် အနည်းငယ်မျှပင် မရိုမသေ မလုပ်ဝံ့ကြပါချေ။
"ဒီတစ်ကြိမ် မိုးဆင့်ခေါ်တဲ့ပွဲမှာ အဓိက လက်တွေ့ပြသမှာကတော့ ဆရာမ တွမ်လန် ယူဆောင်လာတဲ့ မိုးပြာနဂါးရဲ့ ဆန်းကြယ်မှော်ပညာရပ် စွမ်းအားဖြစ်တဲ့ ရေတံခွန်နဂါးပဲ ဖြစ်တယ်။ မနက်ဖြန် စောစောထကြ၊ ပြီးတော့ ဒီလေ့လာနိုင်မယ့် အခွင့်အရေးကို လက်လွတ်မခံကြနဲ့" ဆရာ ခယ်ပေက ဆက်လက်၍ ဆိုလိုက်သည်။
ညဉ့်နက်၍ အအေးဓာတ် အများဆုံးအချိန်တွင် အရှေ့ဘက်ကောင်းကင်ယံမှာ မှောင်မည်း နေသော်လည်း... နီရဲသော မိုးတိမ်တိုက်ကြီးများက အဆက်မပြတ် အလင်းရောင်များ ဖြာထွက်နေစေကာ ရုန်တောင်ကြားမြို့တော်ကို ဆည်းဆာအချိန်ကဲ့သို့ပင် ထိန်ထိန်လင်း စေခဲ့သည်။
မိုင်ငါးဆယ်အကွာတွင် စစ်မျက်နှာပြင် ရှိနေပြီး... ကျူးမင်လန်သည် ထိုခမ်းနားလှသော နီရဲနေသည့် မိုးတိမ်တိုက်ကြီးကို စိုက်ကြည့်ရင်း ဖြူဖျော့သောမျက်နှာနှင့် မီးတောက် အကြေးခွံများ ဖုံးလွှမ်းထားသည့် ထွားကျိုင်းသော မီးနဂါးတစ်ကောင်ကို ပိုင်ဆိုင်ထား သည့် အမျိုးသားတစ်ဦးကို မြန်ဆန်စွာ သတိရမိသွားခဲ့သည်။
"အဲဒီကောင်က အခု ပိုပြီးသန်မာလာပုံရတယ်" ကျူးမင်လန်က သူ့ကိုယ်ကိုယ် ရေရွတ် လိုက်မိသည်။
ကျူးမင်လန်သည် လူအနုံ့မဟုတ်ပါချေ၊ ရွှေရောင်မီးနဂါးကို ပိုင်ဆိုင်ထားသော ထိုအမျိုးသားသည် ယခုအချိန်တွင် သူ့အတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှု ဖြစ်နေ သည်ကို သူ ကောင်းစွာ သိရှိထားပေသည်။
ထိုသူသည် ကြမ်းကြုတ်ရက်စက်သော စရိုက်ရှိပြီး အေးစက်လွန်းသော သတ်ဖြတ်ခြင်း အငွေ့သက်များ ရှိသည့်အပြင်... အရေးကြီးဆုံးမှာ လီယွင်ဇီအပေါ် ထားရှိသည့် သူ၏ ကြောက်မက်ဖွယ်ကောင်းသော စွဲလမ်းမှုမှာ သူမကို ပိုင်ဆိုင်နိုင်ရန်အတွက် မည်သည့် ရူးသွပ်မှုမျိုးကိုမဆို လုပ်ဆောင်ရန် တွန်းအားပေးနေသည့်အလား ဖြစ်၏။
အနှေးနှင့်အမြန်ပင်, သူ၏ အစစ်မှန် ကိုယ်ရေးအချက်လက်ကို ရိပ်မိသွားနိုင်ပြီး... လေလွင့်သူတစ်ဦးနှင့် ဧကရီတို့၏ မြေအောက်အကျဉ်းထောင်မှ အတူတကွ ထွက်ပြေး လွတ်မြောက်သွားခဲ့ကြသည့် ပုံပြင်မှာ မြို့တော်တစ်ခုလုံး၌ ဟိုးဟိုးကျော်နေခဲ့ပြီ ဖြစ်သည်။ အနည်းငယ်မျှ စုံစမ်းစစ်ဆေးကြည့်ရုံမျှဖြင့် သူ၏ အခြေအနေမှာ ချက်ချင်းပင် ပေါ်ပေါက် သွားပေလိမ့်မည်။
လော့ရှောင်က သူ့ကို လုံးဝ လွှတ်ထားမည် မဟုတ်ပေ။ ဤသည်မှာ သူ ရင်ဆိုင်ရမည့် ပထမဦးဆုံး အစွမ်းထက် ရန်သူကြီး ဖြစ်သဖြင့် ပေါ့ပေါ့ဆဆ သဘောထား၍ မရနိုင်ပါချေ။
"ကျူးမင်လန်..."
နူးညံ့သိမ်မွေ့သော အသံတစ်ခု ထွက်ပေါ်လာပြီး ကျူးမင်လန်၏ အတွေးစများကို ဖြတ်တောက်လိုက်သည်။
"ဆရာမ တွမ်လန်..." ကျူးမင်လန်က တပ်မှူးတစ်ဦးအပေါ် ထားရှိရမည့် ရိုသေလေးစားမှု ကို ထိန်းသိမ်းကာ... သူ့လက်ဝဲဘက်လက်ကို လက်ယာဘက်လက်ဖမိုးပေါ် တင်၍ အနည်း ငယ် ဦးညွှတ်ကာ ဂါရဝပြုလိုက်သည်။
"မနက်ဖြန် မွန်းတည့်ခါနီးအချိန်မှာ ငါ မိုးရွာဖို့ ဆုတောင်းဆင့်ခေါ်ပွဲ ပြုလုပ်မယ်၊ ဒါပေမဲ့ မိုးရေက ယာယီပဲ စိုစွတ်စေနိုင်မှာပါ။ နောက်ပိုင်း ရေသွင်းစိုက်ပျိုးဖို့ဖြစ်ဖြစ်၊ မွေးမြူရေး တိရစ္ဆာန်တွေကို ကျွေးမွေးဖို့ဖြစ်ဖြစ် ငါတို့ ရေတွေ အများကြီး လိုအပ်လိမ့်မယ်။ အဲဒါ ကြောင့် မင်းအနေနဲ့ မိုးလင်းတာနဲ့ စမ်းချောင်းရဲ့ အထက်ပိုင်းကို လမ်းလျှောက်သွားပြီး ရေထွက်ပေါက်ကို တစ်ခုခုက ပိတ်ဆို့ထားပြီး ရေပေးဝေမှုကို ဖြတ်တောက်ထားတာမျိုး ရှိ၊ မရှိ သွားကြည့်ပေးစေချင်တယ်" တွမ်လန်က ကျူးမင်လန်ကို ပြောလိုက်သည်။
"ကောင်းပါပြီ" ကျူးမင်လန်က ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ လက်ထောက် တစ်ယောက် လုပ်ဆောင်ရမည့် အလုပ်ပင် ဖြစ်၏။
"သိပ်ပြီးတော့လည်း အဝေးကြီး မသွားနဲ့ဦး၊ တောင်နက်ကြီးထဲမှာ မိစ္ဆာတွေ အများကြီး ရှိတယ်၊ မိုးဆင့်ခေါ်ပွဲ မစခင် ပြန်လာခဲ့ပါ" တွမ်လန်က ထပ်မံ၍ မှာကြားလိုက်သည်။
ကျူးမင်လန်က တစ်ဖန် ဦးညွှတ်လိုက်ပြီး ဆရာမ တွမ်လန် ထွက်ခွာသွားသည်ကို စောင့်ကြည့်နေခဲ့သည်။
အရုဏ်တက်ချိန်တွင် ကျူးမင်လန် နိုးလာခဲ့သည်။ မနေ့ညက ထွန်းညှိထားခဲ့သော နံ့သာတိုင်များ၏ အကြွင်းအကျန်အနံ့မှာ အခန်းတွင်း၌ သင်းပျံ့နေဆဲဖြစ်ရာ... ရှူရှိုက် လိုက်သည့်အခါ လန်းဆန်းမှုကို ပေးစွမ်းလေသည်။
သူ အိပ်ရာမှ ထရန် ပြင်လိုက်စဉ်မှာပင်... ကျူးမင်လန်သည် သူ၏ ကုတင်ဘေးတွင် မည်သည့် အညစ်ကြေးမှ စွန်းထင်းမှုမရှိဘဲ ဖြူဝင်းလှပနေသည့် သတ္တဝါလေးတစ်ကောင် ကို သတိပြုမိလိုက်၏။ သူ၏ နူးညံ့လှပသော အမြီးလေးမှာ သပ်ရပ်လှပသော သူ့ခန္ဓာကိုယ် လေးကို ဝန်းရံပတ်ခွေထားပြီး... ဖျတ်လတ်သော ကြောင်ကလေးတစ်ကောင်ကဲ့သို့ ပျင်းရိစွာဖြင့် မင်းစိုးရာဇာဆန်ဆန် အိပ်စက်နေခဲ့ပေသည်။
၎င်း၏လှပဆန်းကြယ်သော အမွှေးအမျှင်များမှာ ခန္ဓာကိုယ်ပေါ်တွင် ကပ်လျက် စီရီနေ ပြီး... တစ်ချက်ချင်း ညင်သာစွာ အသက်ရှူလိုက်တိုင်း ငွေနှင်းအရုဏ်ဦးနဂါးဖြူ၏ နှင်းခဲ မွှေးနုလေးများမှာ နူးညံ့လှပသော လှိုင်းလုံးငယ်လေးတစ်ခုကြောင့် လှုပ်ခတ်သွားသည့် စင်ကြယ်သော သန္တာကျောက်ခက်လေးများအလား အနည်းငယ်စီ ပွင့်ဟသွားတတ်သည်။
ကျူးမင်လန်၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်ထွက်လာပြီး ငွေနှင်းအရုဏ်ဦး နဂါးဖြူ၏ အမွှေးအမျှင်များကို ညင်သာစွာ ပွတ်သပ်ပေးလိုက်မိရာ... အထူးသဖြင့် ၎င်း၏ လည်ပင်း ပတ်ပတ်လည်ရှိ ပန်းဖွားကဲ့သို့သော အမွှေးနုလေးများကို ကိုင်တွယ်ရသည်မှာ တကယ့်ကိုပင် စိတ်ကျေနပ်စရာ အထိအတွေ့မျိုး ဖြစ်နေတော့သည်။
"မြောင်..."
ငွေနှင်းအရုဏ်ဦးနဂါးဖြူသည် အပွတ်သပ်ခံရသည်ကို သဘောကျပုံရပြီး ကျူးမင်လန်၏ လက်ချောင်းများကို သူ၏မသိစိတ်နှင့်အတူ သူ့ခန္ဓာကိုယ် အိအိလေးဖြင့် တိုးဝှေ့နေခဲ့သည်။
"နိုးပြီလား... ငါနဲ့အတူ တောင်တန်းတွေကို ကင်းလှည့်ဖို့ အချိန်ကွက်တိပဲ" ကျူးမင်လန်က ငွေနှင်းအရုဏ်ဦးနဂါးဖြူကို ပြောလိုက်သည်။
"မီ..."
အဖြူလေးက သူ၏ခေါင်းလုံးလုံးလေးကို တက်ကြွစွာ ခေါင်းညိတ်ပြလိုက်ပြီး ကျူးမင်လန် နှင့်အတူ တောင်ပေါ်သို့ လမ်းလျှောက်ထွက်ရန် အလွန်အမင်း ဆန္ဒရှိနေပုံရသည်။
"မင်းက အခုအချိန်ဆို အဆင့်တက်သွားသင့်ပြီလေ... ဘာလို့ အခုထိ ဒီလောက် နုနယ်သေး တာလဲ" ကျူးမင်လန်က အဖြူလေးကို စူးစမ်းလိုစိတ်ဖြင့် အကဲခတ်ကြည့်လိုက်မိသည်။
အချိန်ကာလအရ တွက်ချက်ကြည့်လျှင် အဖြူလေးသည် သူ၏ ဆောင်းခိုခြင်းမှ နိုးထလာ ပြီးနောက် ကြီးထွားမှုအဆင့်သို့ ရောက်ရှိနေသင့်ပြီဟု စာအုပ်များထဲတွင် ဖတ်ရှုခဲ့ရသည့် အချက်အလက်များအရ သိရပေသည်။ သူ၏ သွေးမျိုးဆက်နှစ်ခု ပေါင်းစပ်ထားမှုကို ကြည့်ခြင်းအားဖြင့်လည်း သူ၏နုနယ်သော သားပေါက်အရွယ်ကာလမှာ လွန်စွာ တိုတောင်းသင့်ပေသည်။
သို့သော်လည်း ကျူးမင်လန်အနေဖြင့် အဖြူလေးထံတွင် မည်သည့်ထူးခြားသော ပြောင်းလဲမှုကိုမျှ သတိမပြုမိပေ။
ဖြစ်နိုင်သည်မှာ သူ့အတွက် အချိန်အနည်းငယ် ပိုမိုလိုအပ်နေသေးခြင်း ဖြစ်နိုင်ပြီး ကျူးမင်လန်ကလည်း ထိုကိစ္စအပေါ် အလွန်အမင်း စိုးရိမ်ပူပန်ခြင်း မရှိပေ။ အဖြူလေး သည် ဝိညာဉ်နယ်မြေထဲတွင် အိပ်စက်ရသည်ကို ငြီးငွေ့လာသဖြင့် လတ်ဆတ်သော လေကောင်းလေသန့် ရှူရှိုက်ရန်အတွက် အပြင်သို့ ထွက်လာချင်နေခြင်းသာ ဖြစ်ပေလိမ့် မည်။
အဖြူလေးကို ပျားပန်းဝတ်ရည်အနှစ်အချို့ ကျွေးမွေးပြီးနောက်... သူ့တွင် ငှက်တစ်ကောင် ကဲ့သို့ အတောင်ပံများနှင့် လိပ်ပြာတစ်ကောင်ကဲ့သို့ ပျော့ပျောင်းလှပသော အမွှေးပွ အတောင်ပံများ ရှိနေသော်လည်း၊ သူ၏ခြေလက်အင်္ဂါများမှာမူ ကြောင်ကလေးတစ်ကောင် ကဲ့သို့ပင် ချစ်စဖွယ်ကောင်းပြီး နူးညံ့အိစက်သော ခြေဖဝါးလေးများ ရှိပေသည်။
သူ့နှုတ်သီးမှာ ငှက်တစ်ကောင်ကဲ့သို့ ထက်မြက်စွာ ကွေးညွတ်မနေဘဲ သမင်ပေါက်စလေး တစ်ကောင်၏ နှုတ်ခမ်းနှင့် ပိုမိုတူညီလှသည်။ ပျားပန်းဝတ်ရည်အနှစ်ကို ကျွေးမွေးသည့် အခါ ကျူးမင်လန်က အိုးကို အသုံးပြု၍ မရသဖြင့် ပျားပန်းဝတ်ရည်များကို သူ့ လက်ဖဝါး ပေါ်သို့ လောင်းထည့်ကာ ပါးစပ်နားသို့ မြှောက်ပေးလိုက်ရသည်။ ထိုအခါ အဖြူလေးသည် ပျင်းရိစွာဖြင့် သူ့လျှာလေးကို ဆန့်ထုတ်ကာ... သမင်ငယ်လေးတစ်ကောင် ရေသောက် သည့်အလား ပျားပန်းဝတ်ရည်အနှစ်များကို တစ်ချက်ချင်း လျက်ယူကာ သူ့ဗိုက်ထဲသို့ ထည့်သွင်းလေတော့သည်။
စမ်းချောင်းတောင်ကြား၏ အထက်ပိုင်းဆီသို့ လမ်းလျှောက်သွားရင်း ငွေနှင်းအရုဏ်ဦး နဂါးဖြူကို တဖြည်းဖြည်းချင်း ကျွေးမွေးနေစဉ်မှာပင်... ကျူးမင်လန်သည် စမ်းချောင်းဘေး ရှိ ကောက်ပဲသီးနှံများပေါ်တွင် နှင်းခဲများ ဖုံးလွှမ်းနေသည်ကို အထူးတလည် သတိပြု မိလိုက်သည်။
ကျူးမင်လန်သည် တောင်ကြားထဲသို့ လျင်မြန်စွာပင် နက်ရှိုင်းစွာ ဝင်ရောက်လာခဲ့သည်၊ သူ့ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ သာမန်လူများထက် များစွာ ပိုမိုသန်မာလှပေသည်။ သူသည် သူ့နဂါးအဖော်များနှင့် ကွဲကွာနေချိန်တွင် အားအင်ချည်းနဲ့ သွားတတ်ကြသည့် အချို့သော နဂါးထိန်းများနှင့် မတူဘဲ... အချို့သိုင်းပညာရှင်များထက်ပင် အားနည်းခြင်း မရှိပေ။
သူ တောင်ကုန်းပေါ်သို့ ရောက်ရှိသွားသည့်အချိန်တွင် လုံးဝဉဿုံ မိုးလင်းသွားခဲ့ပြီ။ နွေးထွေးလှသော နေရောင်ခြည်က သန့်စင်စိမ်းလန်းနေသော တောအုပ်ကြီးကို ဖြတ်သန်း ၍ လင်းလက်တောက်ပနေပြီး... သက်ရှိသတ္တဝါအားလုံးသည် စွမ်းအင်များကို စတင်စုပ်ယူ နေကြသလို ငှက်များနှင့် သားရဲတိရစ္ဆာန်များသည်လည်း အစာရှာဖွေရန်အတွက် လှုပ်ရှား စပြုလာကြတော့သည်။