← Chapters

အခန်း ၂၉

Vol. 3 Ch. 29

အခန်း ၂၉

Vol. 3 Ch. 29

အခန်း (၂၉) မရိုးသားသော ရည်ရွယ်ချက်များ။

"ဒီနေ့လည်း မိုးရွာမယ့်ပုံမပေါ်ပြန်ဘူး" ကျူးမင်လန်က သူ့ကိုယ်ကိုယ် ရေရွတ်လိုက်မိ သည်။

တောအုပ်ကြီးတွင် ရေကို သူ့နည်းသူ့ဟန်ဖြင့် သိုလှောင်သိမ်းဆည်းထားသည့် ကိုယ်ပိုင် စနစ်တစ်ခု ရှိနေသည်။ ထူထပ်လှသော ချုံပုတ်များ၊ စိုစွတ်နက်ရှိုင်းသော မြေဆီလွှာများ နှင့် ပူပြင်းသော နေရောင်ခြည်ကြောင့် ရေငွေ့ပြန်ကာ အရည်များ စိမ့်ထွက်နေသည့် သစ်ရွက်ကြီးများ ရှိနေသော်လည်း... တောင်ကြားထဲရှိ မြို့ရွာများမှာမူ မြေပြင်များပင် အက်ကွဲကြောင်း ထင်နေရသည့်အထိ ခြောက်သွေ့လွန်းနေခဲ့သည်။

လူများအတွက် သောက်သုံးရေ ပြတ်လပ်နေခြင်းမျိုး မဟုတ်သော်လည်း... စိုက်ပျိုးရေး လုပ်ငန်းခွင်များနှင့် မွေးမြူရေး တိရစ္ဆာန်များအတွက်မူ အဓိက လိုအပ်သည့် ရေပမာဏ အမြောက်အမြား ပြတ်လပ်နေခြင်း ဖြစ်သည်။ ထို့အပြင် ဆောင်းရာသီကလည်း နီးကပ် လာနေပြီဖြစ်ရာ... လူများအနေဖြင့် စားနပ်ရိက္ခာများကို ကြိုတင်စုဆောင်းထားရန် လိုအပ်ပေသည်။

အဖြူလေးကတော့ တကယ့်ကို ပျင်းရိလွန်း၏။ သူ့တွင် အတောင်ပံများ ရှိနေသည့်အပြင်... ကာလရှည်ကြာစွာ အိပ်စက်ခြင်းမှ နိုးထလာခါစ ဖြစ်သော်လည်း လှပသော တောအုပ်ကြီး ထဲတွင် လွတ်လပ်စွာ ပျံသန်းချင်စိတ် မရှိဘဲ... ကျူးမင်လန်၏ ပခုံးပေါ်တွင်သာ မှီတွယ် လဲလျောင်းနေရန် သဘောကျနေခဲ့သည်။

သူသည် တစ်ယောက်ယောက်ကို အပေါ်ကနေ ခွစီးပြီး လိုက်ပါသွားနိုင်သရွေ့... အောက်သို့ ဆင်းကာ သူ့ဘာသာ လမ်းမလျှောက်ရန် လုံးဝ စိတ်ပိုင်းဖြတ်ထားပုံရသည်။

ကံကောင်းသည်မှာ ထိုကောင်လေးက ပေါ့ပါးနေခြင်းပင်။ အကယ်၍ သွားမည်းလေးသာ ဤကဲ့သို့ စိတ်ဓာတ်မျိုး ရှိနေပါက... ကျူးမင်လန်အနေဖြင့် နဂါးထိန်းအလုပ်ကို စွန့်လွှတ် ပြီး ချပ်ဝတ်တန်ဆာ လုပ်ကိုင်သူအဖြစ် အလုပ်ပြောင်းလိုက်ရုံသာ ရှိတော့မည်။

"ရှေ့က တောင်ကြားထဲမှာ ချောက်နက်ကြီးတစ်ခု ရှိနေတယ်၊ ဒီအတိုင်း ဆက်သွားဖို့ အဆင်မပြေဘူး။ တခြား လမ်းကြောင်းများ ဦးရှိမလားဆိုတာ ပတ်ပတ်လည်ကို ရှာကြည့် လိုက်ဦး" ကျူးမင်လန်က အဖြူလေးကို ပြောလိုက်သည်။

အဖြူလေးမှာမူ ဤသက်သောင့်သက်သာရှိလှသော နေရာလေးမှ ခွာချင်ပုံမရဘဲ... သူ၏ ခေါင်းလုံးလုံးလေးဖြင့် ကျူးမင်လန်၏ မျက်နှာကို တိုးဝှေ့ကာ ချွဲနွဲ့နေခဲ့သည်။

"မင်းရဲ့ အပျင်းထူမှုကတော့ ငါ့ကို သတ်တော့မှာပဲ" ကျူးမင်လန်မှာ ရယ်ရခက်၊ ငိုရခက် ဖြစ်သွားရသည်။

ထားလိုက်ပါတော့... ငါ့ဘာသာငါပဲ သွားပြီး ရှာဖွေကြည့်တော့မည်။

ကျူးမင်လန်က စမ်းချောင်းကို ပတ်ကာ လျှောက်လှမ်းခဲ့ရာ... အရှေ့ဘက်ရှိ တောအုပ်၏ မြေမျက်နှာသွင်ပြင်မှာ ရုတ်တရက် မြင့်တက်သွားပြီး တချို့သော နေရာများမှာမူ လွန်စွာ မတ်စောက်လွန်းသဖြင့် တက်ရန် ခြေကုပ်နေရာပင် မရှိပါချေ။

"ထူးဆန်းတယ်... ဘာလို့ ဒီနေရာမှာ လမ်းကြောင်းတစ်ခုရဲ့ အမှတ်အသားတွေ ရှိနေရတာ လဲ"

သူသည် မတ်စောက်သော တောင်တန်းနယ်မြေကို လှည့်ပတ်ရှာဖွေနေစဉ်မှာပင်... တောအုပ်ထဲရှိ နွယ်ပင်များနှင့် ဆူးချုံအချို့မှာ ခုတ်ထွင်ရှင်းလင်းခံထားရပြီး၊ သူ၏ ခြေဖဝါး အောက်တွင် ထင်းခွေသမားများ အမြဲတမ်း ဖြတ်သန်းသွားလာတတ်သည့် တောင်ပေါ် လမ်းငယ်တစ်ခုကဲ့သို့ ထင်ရှားသော လမ်းကြောင်းတစ်ခု ရှိနေသည်ကို သတိပြုမိလိုက် သည်။

ကျူးမင်လန်သည် သံသယအချို့ဖြင့် ထိုလမ်းကြောင်းအတိုင်း မြင့်မားသော အရပ်ဆီသို့ လိုက်ပါသွားခဲ့ပြီး... သူ၏ မှတ်ဉာဏ်အရ စမ်းချောင်းမြစ်၏ အထက်ပိုင်း တည်နေရာကို ရှာဖွေတွေ့ရှိခဲ့သည်။ သို့သော်လည်း သူ့မျက်စိရှေ့တွင် မြင်တွေ့လိုက်ရသည့် မြင်ကွင်း ကြောင့် ကျူးမင်လန်မှာ ဆွံ့အသွားခဲ့ရ၏။

ရေကာတာတစ်ခု။

စမ်းချောင်းကို လုံးဝ ပိတ်ဆို့ထားရန်အတွက် ထိုမတ်စောက်သော နယ်မြေတွင် အကွက် ကျကျ တည်ဆောက်ထားသည့် ရေကာတာတစ်ခု ရှိနေခြင်းပင် ဖြစ်သည်။

ဘိုးဘွားနဂါးမြို့တော်၏ ရေအရင်းအမြစ် စီမံခန့်ခွဲမှု နည်းစနစ်များမှာ ခေတ်နောက်မကျ ပေ။ ထို့ကြောင့် ဤကဲ့သို့သော နေရာမျိုးတွင် ရေကာတာတစ်ခု တွေ့ရှိရခြင်းမှာ သာမန် အားဖြင့် ပုံမှန်ပင် ဖြစ်သည်။ ရေကာတာ၏ ရည်ရွယ်ချက်မှာ မိုးများသော အချိန်တွင် ရေကို သိုလှောင်ထားရန်နှင့် မိုးခေါင်သော အချိန်တွင် ရေကို လွှတ်ပေးရန် ဖြစ်ပြီး... ဤသည်မှာ စိုက်ပျိုးရေးဆိုင်ရာ ရေစီမံခန့်ခွဲမှု၏ လုံးဝ စံပြလုပ်ဆောင်ချက် ဖြစ်ပေသည်။

သို့သော်လည်း ဤရေကာတာ၏ နောက်ကွယ်တွင်မူ တောင်ပေါ် အိုင်ကြီးတစ်ခုကဲ့သို့ ရေများမှာ အလျှံပယ် ပြည့်လျှံနေခဲ့ပြီး... ခြောက်သွေ့သွားမည့် အရိပ်အယောင် အနည်း ငယ်မျှပင် မရှိပေ။ တောင်အထက်ပိုင်းမှ စီးဆင်းလာသော စမ်းချောင်းရေမှာ များပြားလှ ခြင်း မရှိသော်လည်း ထိုတောင်ကြားရေကာတာထဲသို့ အဆက်မပြတ် စီးဝင်နေဆဲ ဖြစ်သည်။

ဤရေကာတာ၏ ရေထိန်းသိမ်းထားနိုင်မှု ပမာဏဖြင့်ဆိုလျှင်... ရေကာတာ၏ ကျောက်သားရေတံခါးကို ဖွင့်ပေးလိုက်ရုံဖြင့် ရုန်တောင်ကြားမြို့တော်၏ ခြောက်သွေ့နေ သော လယ်ကွင်းများကို လုံးဝ ရေသွင်းပေးနိုင်ပြီး မွေးမြူရေးတိရစ္ဆာန်များကိုလည်း ကယ်တင်နိုင်မည် ဖြစ်သည်။

"ဒါတွေက ဘာဖြစ်နေတာလဲ..." ကျူးမင်လန် အနည်းငယ် ဝေခွဲမရ ဖြစ်သွားသည်။

မြို့သခင်ငယ်ကမူ ရုန်တောင်ကြားမြို့တော်တွင် ရေပြတ်လပ်နေသဖြင့် ရေသွင်းစိုက်ပျိုး ခြင်းနှင့် တိရစ္ဆာန်များကို အစာကျွေးမွေးခြင်းမှာ ကြီးမားသော ပြဿနာတစ်ခု ဖြစ်နေသည် ဟု တိတိကျကျ ပြောဆိုခဲ့သည်။ သို့သော် ယခုနေရာတွင်မူ ဤရေကာတာကြီးသည် ပြည့်လျှံနေသော ရေအရင်းအမြစ်တစ်ခုကို သိမ်းဆည်းထားခဲ့သည်။ ဤသည်မှာ သာမန် ပြည်သူလူထုကို အကျပ်အတည်းဖြစ်အောင် တမင်တကာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင် ထားခြင်းပင်လော။

ကျူးမင်လန်အနေဖြင့် ထိုမြို့သခင်ငယ်အပေါ် ကောင်းမွန်သော အမြင် အနည်းငယ် ရှိခဲ့ဖူး သည်။ သူ နဂါးထိန်းများနှင့် ဆက်ဆံရာမှာလည်း နှိမ့်ချခြင်း သို့မဟုတ် ထောင်လွှားခြင်း မရှိဘဲ စနစ်တကျ ပြောဆိုတတ်သည့်အပြင်... ညဘက်တွင် မိုးရွာသွန်းခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်အချို့ကိုပါ ထည့်သွင်းစဉ်းစားပေးခဲ့သူ ဖြစ်သည်။

သို့သော်လည်း... ယခုအခါ ပြည့်လျှံနေသော ရေလှောင်ကန်ကြီးကို မြင်တွေ့ရပြီး၊ လုံခြုံစွာ ပိတ်ဆို့ထားသည့် ရေတံခါး၊ တောင်ပေါ်လယ်ကွင်းများနှင့် စားကျက်မြေများဆီသို့ မပြောပ လောက်အောင် နည်းပါးစွာ စီးဆင်းနေသည့် စမ်းချောင်းငယ်လေးကို မြင်တွေ့လိုက်ရသည့် အခါ...

ကျူးမင်လန်သည် မြို့သခင်ငယ်အပေါ် ပြင်းထန်သော ရွံရှာမုန်းတီးမှုနှင့် စိတ်ပျက်ခြင်းတို့ ကိုပါ အတိုင်းထက်အလွန် ခံစားလိုက်ရတော့သည်။

ရေများ အလျှံပယ် ရှိနေသော်လည်း... သူတို့သည် ရေကို လွှတ်မပေးခဲ့ကြပေ။ ပြည်သူ လူထု၏ ဆင်းရဲဒုက္ခများကိုမူ... လုံးဝ ဥပေက္ခာပြုထားခဲ့ကြလေသည်။

"တကယ့်ကို မရိုးသားတဲ့ ရည်ရွယ်ချက်ပဲ..."

အပြန်လမ်းတွင် ကျူးမင်လန်၏ စိတ်နှလုံးမှာ အနည်းငယ် လေးလံနေခဲ့သည်။

သူသည် လောကကြီးတွင် ကြီးကျယ်ခမ်းနားသော ရည်မှန်းချက်ကြီးမားသူတစ်ယောက် မဟုတ်သော်လည်း... ဤကဲ့သို့ ရွံရှာဖွယ်ကောင်းသည့် အရာရှိများ၏ အဂတိလိုက်စားမှုနှင့် ယုတ်မာမှုမျိုးကိုမူ မျက်စိမှိတ် ကြည့်မနေနိုင်ပေ။ ဤကိစ္စကို ဆရာမ တွမ်လန်ထံသို့ အမြန် ဆုံး အသိပေး အကြောင်းကြားခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

သူနှင့် နှိုင်းယှဉ်လျှင် ဆရာမ တွမ်လန်မှာမူ တကယ့်ကို ကြီးမားသော ကရုဏာတရားရှိသူ ဖြစ်ပေသည်။ မိမိအတွက် မည်သည့်အကျိုးအမြတ်မျှ မရှိပါဘဲ အရှေ့ဘက်ရှိ ရုန်တောင် ကြားမြို့တော်ဆီသို့ မိုင်ပေါင်းထောင်ချီ ပျံသန်းလာခဲ့ကာ မိုးဆင့်ခေါ်ပွဲကို ပြုလုပ်ပေးမည့် အပြင်... နဂါးထိန်းသင်တန်းသားများအတွက်လည်း "စွမ်းရည်ရှိသူများသည် ဆင်းရဲဒုက္ခ ရောက်နေသော ပြည်သူလူထုအတွက် ကောင်းကျိုးဆောင်ကြဉ်းပေးရမည်" ဟူသော တန်ဖိုးရှိလှသည့် အတွေးအခေါ်တစ်ခုကို အုတ်မြစ်ချပေးခဲ့သည်။

မွန်းတည့်အချိန်တွင် ပူပြင်းလွန်းသော နေရောင်ခြည်တန်းများက သက်ရှိသတ္တဝါအားလုံး ပေါ်သို့ ကြာပွတ်များ ရိုက်နှက်သကဲ့သို့ ကျရောက်လာခဲ့ရာ... သစ်သီးခြံများမှာ ညှိုးနွမ်း ခြောက်သွေ့သွားပြီး လယ်ကွင်းများမှာလည်း အက်ကွဲကြောင်းများ ပိုမိုထင်လာခဲ့သည်။ ဆောင်းဦးရာသီ၏ နွေးထွေးမှုကို ပေးစွမ်းသင့်သော်လည်း... ဤမြင်ကွင်းက လူများ၏ စိတ်နှလုံးကို ပိုမိုအေးစက်သွားစေခဲ့သည်။

နေ့နှင့်ည အပူချိန် ကွာခြားချက်က လွန်စွာကြီးမားသဖြင့် ကျူးမင်လန်တစ်ယောက် ရုန်တောင်ကြားမြို့တော်သို့ ပြန်ရောက်ချိန်တွင် ချွေးပြိုက်ပြိုက်ကျနေချေပြီ။ သူသည် သူ နေထိုင်ရာ နေအိမ်ဆီသို့ လမ်းမအတိုင်း လျှောက်လှမ်းလာစဉ် လမ်းဘေးဈေးသည်များ သည် အနည်းငယ် ထိတ်လန့်တုန်လှုပ်နေသော မျက်နှာထားများဖြင့် သူတို့၏ ကုန်ပစ္စည်း များကို အလျင်အမြန် သိမ်းဆည်းနေကြသည်ကို မြင်တွေ့လိုက်ရ၏။

နေအိမ်သို့ ရောက်ရှိသည့်အခါ ကျူးမင်လန်သည် သူ၏ဆရာနှင့် အတန်းဖော်များကို မတွေ့ရပေ။ သူတို့အားလုံး မိုးဆင့်ခေါ်ပွဲကျင်းပရာ ယဇ်ပလ္လင်ဆီသို့ သွားကြပြီ ဖြစ်တန်ရာ ၏။ အစေခံတစ်ဦးထံတွင် လမ်းညွှန်ချက် မေးမြန်းပြီးနောက် သူသည် ထိုနေရာဆီသို့ ဦးတည် ထွက်ခွာခဲ့သည်။

သူ တံခါးဝမှ လှမ်းအထွက်မှာပင်... သူ့ထံသို့ ဦးတည်ကာ လျှောက်လှမ်းလာသည့် လူ တစ်ယောက်နှင့် တိုးမိလေသည်။ ထိုသူက ကျူးမင်လန်ကို မြင်လိုက်သည်နှင့် သူ့ကို တမင် လိုက်ရှာနေသည့်အလား ပြုမူလိုက်ပြီး... သူ့မျက်နှာအမူအရာက အနည်းငယ် ထူးဆန်းနေ ခဲ့သည်။

"ကျူးအစ်ကို မဟုတ်လား..." ထိုအမျိုးသားက အောက်သို့ ခပ်ငုပ်ငုပ် ဦးညွှတ်ကာ ဂါရဝ ပြုလိုက်သည်။

ကျူးမင်လန်က သူ့ကို စိုက်ကြည့်နေခဲ့သော်လည်း ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေခဲ့ သည်။

ဤသူကား... မြို့သခင်ငယ် ကျိန်းယွီပင် ဖြစ်၏။

ကျိန်းယွီသည် ကျူးမင်လန်၏ ရှေ့တွင် ဦးညွှတ်ထားသည့် အနေအထားကို ဆက်လက် ထိန်းသိမ်းထားနေစဉ်... ထိုအပြုမူက ကျူးမင်လန်ကို သတိကြီးစွာ ထားရှိစေပြီး အချိန်မ ရွေး အဖြူလေးကို ဆင့်ခေါ်ရန် အသင့်ပြင်ထားသည်။

"ကျူးအစ်ကို စမ်းချောင်းရဲ့ အထက်ပိုင်းဆီကို သွားခဲ့တယ်လို့ ကြားတယ်... ရေကာတာကို မြင်တွေ့ခဲ့တယ် မဟုတ်လား။" ကျိန်းယွီက သူ၏ မူလလေသံအတိုင်းပင် မပြောင်းလဲဘဲ ဆက်လက် မေးမြန်းလိုက်သည်။

"မြင်ခဲ့တယ်..." ကျူးမင်လန်က နောက်ထပ် ဖြစ်ပေါ်လာမည့်အရာများကို ရင်ဆိုင်ရန် အသင့်အနေအထားဖြင့် ဆိုလိုက်သည်။

"အဲဒါဆို... တပ်မှူးတွေဖြစ်တဲ့ တွမ်လန်နဲ့ ခယ်ပေတို့ကို သွားပြီး အကြောင်းကြားတော့ မလို့လား" ကျိန်းယွီက ထိုလေသံဖြင့်ပင် ထပ်မံ မေးမြန်းပြန်သည်။

"ခင်ဗျား ပြောချင်တာကို ပွင့်ပွင့်လင်းလင်းပဲ တိုက်ရိုက် ပြောစမ်းပါ" ကျူးမင်လန်က လှုပ်ရှားရန် အသင့်ပြင်လျက် ဆိုလိုက်လေတော့သည်။

"ကျူးအစ်ကို ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့ဗျာ... ကျိန်းယွီက နဂါးထိန်းပညာကို နားမ လည်တဲ့ အားနည်းတဲ့ ပညာရှင်တစ်ဦးသက်သက်ပါ၊ ကျူးအစ်ကို့အပေါ်မှာ ဘာမကောင်း တဲ့ ရည်ရွယ်ချက်မှ မရှိပါဘူး။ တပ်မှူးနှစ်ယောက်ကို မတိုင်ကြားခင်မှာ ကျွန်တော့်ရဲ့ စကားအချို့ကို အရင်ဆုံး နားထောင်ပေးလို့ ရမလား။ နားထောင်ပြီးလို့မှ ကျူးအစ်ကိုက ကျွန်တော့်ရဲ့ ဒီအရှက်ရဖွယ် လုပ်ရပ်တွေကို လူသိရှင်ကြား ချပြချင်သေးတယ်၊ တပ်မှူး တွေကို တိုင်ချင်သေးတယ်ဆိုရင်တော့ ကျွန်တော် လုံးဝ တားဆီးမှာ မဟုတ်ပါဘူး၊ ပြစ်ဒဏ်ကိုလည်း ကြည်ဖြူစွာ ခံယူပါ့မယ်" ကျိန်းယွီက မတ်တတ်ရပ်လိုက်ပြီး သူ၏ မျက်နှာထက်တွင် စစ်မှန်သော ရိုးသားမှုအချို့ကို ဖော်ပြရင်း ဆိုလိုက်သည်။

ကျူးမင်လန်က ကောင်းကင်ယံဆီသို့ တစ်ချက် လှမ်းကြည့်လိုက်၏။

လွန်ခဲ့သော ခဏကပင် တိမ်မြူတစ်စမျှမရှိဘဲ ကြည်လင်နေခဲ့သော ကောင်းကင်ကြီးမှာ ယခုအခါတွင် ရုတ်တရက် အုံ့မှိုင်းလာခဲ့ချေပြီ။ ဤသည်မှာ ရာသီဥတု ရုတ်တရက် ထပ်မံ ပြောင်းလဲသွားခြင်းလော သို့မဟုတ် ဆရာမ တွမ်လန်က မိုးပြာနဂါး၏ ဆန်းကြယ် မှော်ပညာကို စတင်အသုံးပြုနေပြီလောဆိုသည်ကို သူ သေချာမသိပေ။

ပူပြင်း လောင်မြိုက်မှုများ မရှိတော့သော်လည်း... လေထုကြီးက စတင်၍ မွန်းကြပ် အိုက်စပ်လာခဲ့သည်။

"ဒါဆိုလည်း မြို့သခင်... ခင်ဗျား ပြောစရာရှိတာကို ပြောပါဦး" ကျူးမင်လန်က အလျင် စလိုမလုပ်ဘဲ ဆိုလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုလူသည် ဤမျှအထိ စကား လမ်းကြောင်း ခင်းလာခဲ့ပြီးပြီ ဖြစ်သောကြောင့်ပင်။

"ကျူးအစ်ကို... ဝူထူအကြောင်းကို သိပါသလား၊ မိုင်ငါးဆယ်အကွာမှာရှိတဲ့ စစ်သည်တော် တွေက ဝူထူသူပုန်တွေကို တိုက်ခိုက်နေရတယ်ဆိုတာကိုကော သိရဲ့လား" ကျိန်းယွီက စကားကို စတင်လိုက်သည်။

"သိတာပေါ့" ကျူးမင်လန်က ခေါင်းညိတ်လိုက်သည်။

ဝူထူ... ထိုနေရာသည် သူ့အတွက် ကောင်းမွန်သော အမှတ်တရများ ရှိခဲ့ဖူးသည့် နေရာ တစ်ခု ဖြစ်သည်။ ပိုးစာပင်များ စိုက်ပျိုးပြီး ပိုးစာကောင်လေးများ မွေးမြူခဲ့ရသည့် ပျော်ရွှင် ရသော အမှတ်တရများပင် ဖြစ်၏။

"ကျွန်တော်မြင်တာတော့ ကျူးအစ်ကိုက ပညာရှိတစ်ယောက်ပဲ၊ ဒါကြောင့် ဒီစစ်ပွဲအပေါ် ကျူးအစ်ကို့ရဲ့ အမြင်က ဘယ်လိုရှိလဲ" ကျိန်းယွီက မေးမြန်းလိုက်သည်။

"ကျုပ်က ခင်ဗျားပြောတာကို နားထောင်နေရုံ သက်သက်ပါပဲ" ကျူးမင်လန်က ဂရုမစိုက် ဟန်ဖြင့် အေးစက်စွာ ဆိုလိုက်သော်လည်း... စိတ်ထဲတွင်မူ ကျိန်းယွီကို အမြင်တစ်မျိုး ပြောင်းလဲ ကြည့်မြင်လာမိသည်။

ဤလူ၏ လုပ်ရပ်များက ရွံရှာဖွယ်ကောင်းလှသော်လည်း... သူသည် အမြင်ကျယ်ပြီး အခြေ အနေကို ကောင်းစွာ သုံးသပ်နိုင်စွမ်း ရှိပေသည်။ တံတားထိပ်က ဈေးသည် အသေးစား လေးတစ်ယောက်နှင့်တော့ တကယ့်ကို ကောင်းကင်နှင့်မြေကြီးလို ကွာခြားလှပေတော့ သည်။

All Chapters