← Chapters

အခန်း ၃၀

Vol. 3 Ch. 30

အခန်း ၃၀

Vol. 3 Ch. 30

အခန်း (၃၀) ကျူးအစ်ကို... ဂရုစိုက်ပါ။

"ဒါကြောင့် ကျွန်တော့်ရဲ့ သုံးသပ်ချက်ကို နားထောင်ပေးပါ။ ကျူးအစ်ကို ရုန်တောင်ကြား မြို့တော်ကို မြင်တွေ့ခဲ့ပြီးပြီပဲ... မိုးခေါင်ရေရှားဖြစ်ပြီး မြစ်ရေတွေ ခန်းခြောက်နေတာ၊ အဲဒီ ရေကာတာကြီးသာ မရှိဘူးဆိုရင် ဒီနှစ်ဆောင်းဦးရာသီမှာ ဘာသီးနှံမှ ရိတ်သိမ်းရမှာ မဟုတ်ဘူး၊ ဒုံးရွှီခံတပ်မြို့ စစ်မျက်နှာပြင်အတွက် ရိက္ခာထောက်ပံ့ဖို့ဆိုတာတော့ ဝေလာ ဝေးပေါ့" ကျိန်းယွီက စတင်ပြောဆိုလိုက်သည်။

ကျူးမင်လန်က ရာသီဥတုကို အကဲခတ်နေရင်း နားထောင်နေခဲ့သည်။

ရာသီဥတုမှာ ပြောင်းလဲလာနေပြီး... ထိုထူးခြားသော လေဖိအားကလည်း လူကို မွန်းကြပ် စေသည်။ ဤကဲ့သို့သော မွန်းကြပ်မှုမျိုးမှာ မိုးမရွာမီအချိန်၌ အများဆုံး ဖြစ်ပေါ်လေ့ရှိ သည်။

ဆရာမ တွမ်လန်က တိမ်တိုက်များနှင့် မိုးရေများကို ဆင့်ခေါ်ရန်အတွက် ယဇ်ပူဇော်ပွဲကို စတင်နေပြီ ဖြစ်ပေသည်။

"မြစ်ရေတွေနဲ့ ပြီးပြည့်စုံပြီး မြေဆီဩဇာကောင်းမွန်တဲ့ ကျွန်တော်တို့ရဲ့ ရုန်တောင်ကြား မြို့တော်တောင် ဒီလိုအခြေအနေမျိုး ဖြစ်နေတယ်ဆိုရင်... ပိုပြီးကြမ်းတမ်းတဲ့ ပတ်ဝန်း ကျင်နဲ့ မြေဆီဩဇာလွှာ ပိုပြီးခေါင်းပါးတဲ့ ဝူထူနယ်မြေဆိုရင်ကော ဘယ်လိုဖြစ်နေမလဲ" ကျိန်းယွီက မျက်လုံးကိုမော့ကာ ကျူးမင်လန်၏ မျက်လုံးများကို စိုက်ကြည့်လျက် ဆိုလိုက် သည်။

"ငါတို့ဆီမှာ မိုးမရွာဘူး... ဝူထူမှာလည်း မိုးမရွာဘူးပေါ့" ကျူးမင်လန်က ဆိုလိုက်သည်။

"ဟုတ်ပါတယ်... ဝူထူမှာက ခေတ်နောက်ကျတဲ့ စနစ်၊ ခေတ်နောက်ကျနေတဲ့ စိုက်ပျိုးရေး နဲ့ ရိုင်းစိုင်းတဲ့ ယဉ်ကျေးမူဓလေ့တွေ ရှိတယ်။ ဒီဆောင်းဦးပေါက်မှာ သူတို့ဆီကို မိုးတစ်ပေါက်တောင် မကျခဲ့ဘူး၊ ဆောင်းရာသီကလည်း နီးကပ်လာပြီ..." ကျိန်းယွီက ပြောနေစဉ်မှာပင် မီးခိုးရောင် ကောင်းကင်ယံမှ မိုးခြိမ်းသံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ် လာခဲ့သည်။

"ဂျိန်း….."

မိုးခြိမ်းသံကြီး ပဲ့တင်ထပ်သွားသည်နှင့်အမျှ၊ လွန်ခဲ့သော ခဏကပင် ကြည်လင်နေခဲ့သော ကောင်းကင်နှင့် မြေကြီးမှာ မည်သို့မည်ပုံ အုံ့မှိုင်းမှောင်မိုက်သွားခဲ့သည်ကို မသိရဘဲ... လျှပ်စီးကြောင်းတစ်ခုက ရုန်တောင်ကြားမြို့တော်ကို ဖြတ်သန်းသွားကာ၊ အရှေ့ဘက်ရှိ ရှေးဟောင်းလမ်းမကြီးများနှင့် လမ်းထောင့်များတွင် မိုးရေကို စောင့်မျှော်နေကြသည့် အိမ်နေအဝတ်အစားများနှင့် သာမန်ပြည်သူများကို လင်းလက်သွားစေခဲ့သည်။

သူတို့၏ မျက်နှာများထက်တွင် မျှော်လင့်ချက်များ၊ ဝမ်းမြောက်ဝမ်းသာ ပျော်ရွှင်မူများ အထင်းသား ပေါ်လွင်နေခဲ့သည်။ သူတို့သည် သက်ရှိတို့၏ အရင်းအမြစ်ဖြစ်သော မိုးရေ၏ အနံ့အသက်ကို ရှူရှိုက်မိနေကြပြီ ဖြစ်သည်။

အိမ်တော်တံခါးဝရှေ့တွင်မူ ကျိန်းယွီသည် နှိမ့်ချသော ဟန်ပန်ဖြင့် ကျူးမင်လန်၏ ရှေ့တွင် တစ်လက်မမျှပင် မလှုပ်မယှက် ရပ်နေခဲ့၏။

ကျူးမင်လန်သည် မြို့သခင်ငယ်ကို ကြည့်ရင်း စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားခဲ့ရ သည်။ သူ့ကို တကယ်တမ်း စိတ်လှုပ်ရှားသွားစေခဲ့သည်မှာ အရုဏ်ဦးနှင့်အတူ ထွက်ပေါ် လာသည့် မိုးခြိမ်းသံနှင့် မိုးရေများ မဟုတ်ဘဲ၊ ကျိန်းယွီ၏ စကားများသာ ဖြစ်သည်။

ဤသည်မှာ လက်ရှိအခြေအနေကို သူ ထည့်သွင်းစဉ်းစားနေသည့် ရှုထောင့်ပင် ဖြစ်သည်။

"ဒီစစ်ပွဲက..." ကျူးမင်လန်၏ နှလုံးသားထဲတွင် လှိုင်းလုံးများ ထကြွလာသကဲ့သို့ ခံစား လိုက်ရ၏။

"ရလဒ်တစ်ခုတည်းပဲ ရှိနိုင်တယ်" ကျိန်းယွီက လေးနက်စွာဖြင့် ဆိုလိုက်သည်။

ကျူးမင်လန်က အရှေ့အရပ်ဆီသို့ လှမ်းကြည့်လိုက်၏။ အမှန်တကယ်တော့ ထူထပ်သော တိမ်တိုက်များက ဖုံးလွှမ်းထားသည်မှာ ဤတောင်ကြားငယ်လေးသာ ဖြစ်ပြီး... အခြားနေရာများ အားလုံးမှာ ပြင်းထန်သော နေရောင်ခြည်အောက်တွင် ရှိနေဆဲပင်။

"တောက်... တောက်..."

မိုးရေတစ်ပေါက်က ကျူးမင်လန်၏ ဂုတ်ပေါ်သို့ ကွက်တိ ကျရောက်လာခဲ့ပြီး အေးမြ စိုစွတ်သွားစေသည်။

"တောက်... တောက်..." "တောက်... တောက်... တောက်... တောက်... တောက်..."

မိုးပေါက်များ ပိုမိုကျဆင်းလာပြီး ရှေးဟောင်း ကျောက်ခင်းလမ်းပေါ်သို့ ကျရောက်ကာ စန္ဒရားခလုတ်များ နှိပ်လိုက်ကဲ့သို့ သာယာနာပျော်ဖွယ်ကောင်းသော အသံများကို ထွက်ပေါ်လာစေသည်။

ညင်သာရာမှ မြန်ဆန်လာကာ၊ သံစုံတီးဝိုင်းတစ်ခု၏ နူးညံ့ပြီး နှေးကွေးသော တေးသွား သံစဉ်ကဲ့သို့ သိမ်မွေ့စွာ ပြောင်းလဲလာရင်း... တဖြည်းဖြည်း လှုပ်ခတ်လာကာ ပိုမိုမြင့်မား၍ စိတ်လှုပ်ရှားဖွယ် ကောင်းလာပြီးနောက် လူကို မိုးရေစက်အသံများ၏ အံ့ဩဖွယ်ကောင်း လှသော နန်းတော်ကြီးထဲတွင် လုံးဝ နစ်မြုပ်သွားစေခဲ့သည်။

"မိုးရွာပြီဟေ့..." "မိုးရွာပြီဟ..."

လမ်းမများပေါ်တွင်၊ အိမ်များထဲတွင်၊ လယ်ကွင်းများအထက်တွင် အောင်ပွဲခံ အော်ဟစ်သံ များ ထွက်ပေါ်လာခဲ့သည်။

မိုးရေသည် အနံ့ခံကြည့်ရုံဖြင့်ပင် ချိုမြိန်နေသယောင် ရှိ၏။ မိုးရေသည် လူတိုင်း၏ နှလုံးသားထဲမှ ထိုင်းမှိုင်းမှုများကို ဆေးကြောပေးလိုက်သည်။ မိုးရေသည် ခြောက်သွေ့နေ သော ခန္ဓာကိုယ်အတွင်းမှ စီးဆင်းသွားသည့် သွေးများအလားပင်... ဤတောင်ကြားနှင့် ဤမြို့တော်ကြီးကို အသက်ပြန်ရှင်လာစေခဲ့သည်။

ပြည်သူလူထု၏ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ အောင်ပွဲခံ အော်ဟစ်သံများက မည်သည့် ပွဲတော်ထက်မဆို သာလွန်နေပြီး စစ်ပွဲများတွင် ရရှိသည့် အောင်ပွဲများထက်ပင် ပိုမို တောက်ပနေခဲ့သည်။

သက်ရှိအားလုံးကို အသက်ဝင်စေသော မိုးရေသံကို နားထောင်ရင်း၊ တစ်မြို့လုံး၏ ဝမ်းမြောက်ပျော်ရွှင်ဖွယ် အော်ဟစ်သံများကို နားထောင်ရင်း... ကျူးမင်လန်သည် အိမ်တော်တံခါးဝ၏ ခေါင်မိုးအောက်တွင် ရပ်နေခဲ့ရာ သူ့အင်္ကျီလက်မောင်းများနှင့် ဖိနပ်များမှာ လွင့်စင်လာသော မိုးရေစက်များကြောင့် စိုစွတ်နေခဲ့သည်။

မြို့စားမင်း ကျိန်းယွီမှာမူ ခေါင်မိုးအပြင်ဘက်တွင် ရပ်နေခဲ့ပြီး ခြေတစ်လှမ်းမျှပင် မရွေ့လျားဘဲ ထိုနှိမ့်ချသော ဟန်ပန်ကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည်။

သို့သော် မိုးရေများက သူ့ဆံပင်စည်းကို စိုရွှဲသွားစေပြီး သူ့ဝတ်ရုံများကိုပါ စိုစွတ်သွားစေခဲ့ သည်။ မိုးရေပေါက်များက သူ့မျက်နှာဘေးဘက်တွင် တွယ်ကပ်နေပြီး သူ၏ ပညာရှင် ဆန်ဆန် အားနည်းသော မျက်နှာကို ထူးကဲသော စိတ်ပိုင်းဖြတ်မှုတစ်ခုအဖြစ် ပုံဖော်ပေး နေကာ... ထိုအချိန်တွင် သူ့မျက်လုံးများမှာ မဆုတ်မနစ် ခိုင်မာသော အလင်းရောင်များဖြင့် တောက်ပနေခဲ့သည်။

"ခင်ဗျား ခင်ဗျားရဲ့ပြည်သူလူထုနဲ့အတူ ဘာလို့ ဝင်မပျော်ရွှင်တာလဲ။ ခင်ဗျားက အချိန်ဆွဲ ပြီး ဒီမိုးကို ရွာသွန်းစေခဲ့တယ်၊ အခု ဆရာနှစ်ယောက်ကို ခင်ဗျားရဲ့ လုပ်ရပ်အကြောင်း ပြောပြရင်တောင်မှ ဒီမိုးရေက ရေလှောင်ကန်တွေကို ပြည့်သွားတာလို့ ဆင်ခြေပေးလို့ ရနေပြီလေ" ကျူးမင်လန်က ဟန်ဆောင်ကောင်းလှသော မြို့သခင်ငယ်ကို ကြည့်ရင်း အပြုံးဖြင့် ဆိုလိုက်သည်။

"ကျူးအစ်ကို... ကျွန်တော်တို့ စကားပြောနေတာ အချိန်ဘယ်လောက် ကြာပြီလဲ" ကျိန်းယွီ က လေးနက်စွာ မေးလိုက်သည်။

"မိနစ်အနည်းငယ်လောက်ပဲ ရှိပါသေးတယ်"

"ကျွန်တော်တို့ မတွေ့ခင်ကတည်းက ရှေ့တန်းစစ်မျက်နှာပြင်ကနေ နောက်ကျနေတဲ့ စစ်ရေးသတင်းပို့ချက်တစ်ခု ရောက်လာခဲ့တယ်ဆိုတာ ကျူးအစ်ကို သိလား" ကျိန်းယွီက ဆက်ပြောလိုက်သည်။

ကျူးမင်လန်၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

နောက်ကျနေတဲ့ စစ်ရေးသတင်းပို့ချက်...။

လွန်ခဲ့သည့် တခဏကပင် ကျိန်းယွီသည် ဝူထူ စစ်ပွဲအကြောင်းကို သုံးသပ်ပြခဲ့ပြီး... ကျူးမင်လန်သည်လည်း ကျိန်းယွီ ပြောဆိုခဲ့သည်များကို အလွန်အမင်း သဘောတူမိနေခဲ့ သည်။

ဟုတ်ပါသည်... ဤစစ်ပွဲတွင် ရလဒ်တစ်ခုတည်းသာ ရှိသည်။ ထိုအရာကား... ရှုံးနိမ့်ခြင်း ပင်။

ဘိုးဘွားနဂါးမြို့တော်က ဘာလို့ ရှုံးနိမ့်ရမှာလဲ။ သူတို့တွင် သာလွန်ကောင်းမွန်သော လက်နက်ခဲယမ်းများ၊ ကျွမ်းကျင်သော စစ်ရေးခေါင်းဆောင်များနှင့် မိုးထိုးနေသော မြို့ရိုး ခံတပ်ကြီးများ ရှိနေသည် မဟုတ်ပါလော။

ဒါပေမဲ့ ဘာဖြစ်လဲ။

ဝူထူနယ်မြေသည် သူတို့၏အကြီးမားဆုံးသော ကပ်ဘေးကြီးနှင့် ရင်ဆိုင်နေရသည်။

ကျူးမင်လန်သည် ဝူထူနယ်မြေတွင် နေထိုင်ခဲ့ဖူးပြီး ဝူထူလူမျိုးအများစုမှာ တစ်နှစ်တာလုံး ကြိုးစားပမ်းစား အလုပ်လုပ်မှသာ ထိုနှစ်အတွက် ဝမ်းရေးကို ဖြေရှင်းနိုင်ကြသည်ကို ကောင်းစွာ သိရှိထားသည်။ သူတို့၏ မြေဆီဩဇာများမှာ ခေါင်းပါးလွန်းပြီး ဝမ်းဗိုက်ပြည့် ရန်ပင် လွယ်ကူသော ကိစ္စရပ်တစ်ခု မဟုတ်ပေ။ ရိက္ခာ သို့မဟုတ် အဝတ်အစားများ သိုလှောင်ရန်ဆိုသည်မှာ ပို၍ပင် အလှမ်းဝေးလွန်းပေသည်။

ယခုအခါတွင်မူ သူ ဝူထူနယ်မြေမှ ထွက်ခွာလာပြီးကတည်းက မိုးတစ်ပေါက်မျှပင် မရွာသွန်းခဲ့ပေ။ တောင်ကြားရေသွင်းစနစ် ရှိသော ရုန်တောင်ကြားမြို့တော်ပင်လျှင် လယ်ကွင်းများ ခြောက်သွေ့ကာ တိရစ္ဆာန်များ သေဆုံးရမည့် အကျပ်အတည်းနှင့် ရင်ဆိုင် နေရပြီဆိုလျှင် ဝူထူကိုတော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။

မိုးမရွာခြင်းဟူသည်မှာ လယ်ကွင်းများ ပျက်စီးခြင်း၊ သစ်သီးပင်များ ညှိုးနွမ်းခြင်းနှင့် အစားအစာ လုံးဝ ပြတ်လပ်ခြင်းပင် ဖြစ်သည်။

ဆောင်းရာသီတွင် အဝတ်အစားအတွက် လျှော် သို့မဟုတ် ဝါဂွမ်း မရှိပါက အအေးဒဏ်ကို မည်သို့ ခံနိုင်ရည်ရှိမည်နည်း။ ဝူထူနယ်မြေ၏ ဆောင်းရာသီများမှာ မူလကတည်းက ရက်စက် ကြမ်းတမ်းလွန်း၏။ သူတို့သည် မျှော်လင့်ချက်ကင်းမဲ့နေသော အခြေအနေ တစ်ခုထဲတွင် ပိတ်မိနေခဲ့ပြီ ဖြစ်သည်။

သူတို့ အသက်ရှင်ရပ်တည်ရန်အတွက် မည်သည့် နေရာလပ်မျှ မကျန်ရှိတော့ပါချေ...။

ဤသည်မှာ ဆူပူအုံကြွမှု၏ ဇာစ်မြစ်ပင် ဖြစ်သည်။

ဆောင်းဦးရာသီ ကုန်ဆုံးခါနီးလာပြီး နှောင်းပိုင်းဆောင်းရာသီ နီးကပ်လာသည်နှင့်အမျှ... ဝူထူလူမျိုး အများပြားသည် သူတို့ နောက်နှစ်အထိ အသက်ရှင်နိုင်မည် မဟုတ်ကြောင်းကို သိရှိနားလည်ကြသည်။

ဆူပူအုံကြွသူများသည် ဘိုးဘွားနဂါးမြို့တော်၏ မြေဆီဩဇာကောင်းမွန်သော နယ်မြေ များကို တပ်မက်နေ၍ မဟုတ်ပေ။ သူတို့သည် ဆောင်းရာသီဟု ခေါ်ဆိုသော "သေမင်း တမန်" ကြောင့် ချောက်ကမ်းပါးစွန်းသို့ ရက်စက်စွာ တွန်းပို့ခံလိုက်ရခြင်း ဖြစ်သည်။ သူတို့ အနေဖြင့် သေးငယ်သော အသက်ရှင်သန်ခွင့်လေးတစ်ခု ရရှိရန်အတွက် ကြံ့ခိုင်လှသော ခံတပ်ကြီးကို ဖြတ်ကျော်ဖောက်ထွက်ရမည် သို့မဟုတ်ပါက ဝူထူနယ်မြေ၌ပင် သေဆုံးရ မည် ဖြစ်သည်။

စစ်သည်တော်များ မည်မျှပင် လက်နက်ခဲယမ်းများ ပြည့်စုံနေပါစေ သို့မဟုတ် နဂါးသားရဲ များ မည်မျှပင် ကြမ်းကြုတ်နေပါစေ အရေးမကြီးပေ။ အသက်ရှင်လိုသော သူတို့၏ ဆန္ဒက ဝူထူလူမျိုးများကို မီးတောက်ဆီသို့ တိုးဝင်သွားသော ပိုးဖလံများအလား တွန်းအားပေးနေ ပေလိမ့်မည်...။

သူတို့က အသက်ရှင်ရန်အတွက် တိုက်ခိုက်နေခြင်း ဖြစ်သည်။

ဘိုးဘွားနဂါးမြို့တော်ကမူ ဂုဏ်သိက္ခာနှင့် နယ်မြေအတွက် တိုက်ခိုက်ခြင်း ဖြစ်သည်။

ဘယ်သူက နိုင်ပြီး ဘယ်သူက ရှုံးမလဲ...။

ဤစစ်ပွဲတွင် ရလဒ်တစ်ခုတည်းသာ ရှိသည်ကို ကျိန်းယွီ ကောင်းစွာ သိရှိထားပြီး... ယခု အခါ ကျူးမင်လန်ကလည်း ထိုအရာကို နားလည်သွားခဲ့လေပြီ။

ထို့ကြောင့်... ထိုနောက်ကျနေသော စစ်ရေးသတင်းပို့ချက်ဆိုသည်မှာ...

ရုန်တောင်ကြားမြို့တော်သည် ရှေ့တန်းခံတပ် စစ်မျက်နှာပြင်မှ မိုင်ငါးဆယ်သာ ကွာဝေး သည်။ ထို့အပြင် တောင်ကြားတစ်ခုထဲတွင် ရှိနေသဖြင့် အမြင့်သို့ တက်ကြည့်လျှင်ပင် အပြင်ဘက်ရှိ လွင်ပြင်များကို မြင်တွေ့နိုင်မည် မဟုတ်ပေ။ ဝူထူ အုံကြွသူပုန်တပ်ဖွဲ့သည် မကြာမီ ဤနေရာသို့ ရောက်ရှိလာတော့မည် ဖြစ်သည်။

"ဖျောက်...ဖျောက်... ဖျောက်...ဖျောက်...ဖျောက်...ဖျောက်..."

မိုးရေကျသံများမှာ နားကွဲမတတ် ဆူညံနေခဲ့သည်။ ပြည်သူလူထုကမူ အောင်ပွဲခံနေကြ သည်။

မြို့သခင်အနေဖြင့် ကျိန်းယွီသည် သဲကြီးမဲကြီး ရွာသွန်းနေသော မိုးရေထဲတွင် ရပ်နေခဲ့ သည်။ ခေါင်မိုးအောက်သို့ ဝင်ရောက် ခိုလှုံရန် ခြေတစ်လှမ်းသာ လိုတော့သော်လည်း သူ မရွေ့လျားခဲ့ပါချေ။

"မိုးရေတွေ ရောက်လာပြီ... မြို့တော်ကတော့ ဆုံးရှုံးသွားပြီ"

ကျိန်းယွီ အဘယ့်ကြောင့် မပြုံးနိုင်ရသလဲဆိုသည်ကို ကျူးမင်လန် နောက်ဆုံးတွင် နားလည် သဘောပေါက်သွားခဲ့လေပြီ။

"ကျူးအစ်ကို... အခုတော့ သူတို့ကို ပြောပြလို့ ရပါပြီ၊ ပြီးတော့ သင်တန်းသားတွေကိုလည်း အမြန်ဆုံး ထွက်ခွာသွားဖို့ ဆရာနှစ်ယောက်ကို အသိပေးပေးပါ။ ပြည်သူလူထုအပေါ် ကရုဏာသက်ပေးခဲ့တဲ့ ဆရာနှစ်ယောက်နဲ့ နဂါးထိန်းသင်တန်းသားတွေကို ကျွန်တော် ကျိန်းယွီက ကိုယ်စားပြုပြီး ကျေးဇူးတင်စကား ဆိုချင်ပါတယ်" ကျိန်းယွီက ကျူးမင်လန်ကို နောက်တစ်ကြိမ် နက်ရှိုင်းစွာ ဦးညွှတ်လိုက်ပြန်သည်။

မိုးရေများက သူ၏ အထီးကျန်ဆန်သော ကျောပြင်ကို ရိုက်ခတ်နေခဲ့ပြီး၊ ရေများက သူ၏ အဝတ်အစားများထဲသို့ စိမ့်ဝင်ကာ ဆံပင်များမှတစ်ဆင့် ပါးပြင်ပေါ်သို့ စီးကျနေခဲ့သည်။

ကျူးမင်လန်သည် သူ၏ ယခင်သံသယများကို ဘေးဖယ်ထားလိုက်ကာ လက်နှစ်ဖက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လျက် လှေကားထစ်များမှ ဆင်းလာခဲ့သည်။ ထို့နောက် မိုးရေများ ဖြင့် သူ့ကိုယ်ကိုယ် ဆေးကြောခွင့်ပြုလိုက်ရင်း သူ့ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ နှိမ့်ချကာ... ထိုနည်းတူစွာပင် နက်ရှိုင်းစွာ ဦးညွှတ်လိုက်သည်။

"ကျူးအစ်ကိုမှာ စွမ်းဆောင်နိုင်စွမ်း မရှိပါဘူး... ကျိန်းညီလေး ဂရုစိုက်ပါ" ကျူးမင်လန်က ဆိုလိုက်သည်။

နှုတ်ဆက်စကား ဆိုပြီးနောက် ကျူးမင်လန်သည် မိုးရေထဲတွင် ပြေးလွှားသွားခဲ့ရင်း သူ၏ နှလုံးသားမှာ လေးလံနေခဲ့သည်။

ကျိန်းယွီက မြို့ကိုစွန့်ပစ်ပြီး ထွက်ပြေးမည် မဟုတ်ပေ။ သူသည် ခံတပ်ကို ဖောက်ထွက် လာသည့် သူပုန်တပ်ဖွဲ့များနှင့် သေသည်အထိ တိုက်ခိုက်ရန် အသင့်ပြင်ထားခဲ့သည်။ သူသည် အောင်ပွဲခံ မိုးရေကို ရရှိသွားသည့် ရုန်တောင်ကြားမြို့တော်မှ ပြည်သူလူထုကို ကာကွယ်ပေးသွားမည် ဖြစ်သည်။

နဂါးတစ်ပိုင်းငှက်ပျံများသည် မိုးရေထဲတွင် ဖြည်းညှင်းစွာ မြင့်တက်လာခဲ့ကြ၏။ သူတို့၏ သွေးမျိုးဆက်မှာ ရှေးဟောင်း ပက်ထရိုဆောများထံမှ ဆင်းသက်လာခြင်းဖြစ်ပြီး အသား အတောင်ပံများ ရှိကြသဖြင့် မိုးရေတွေက သူတို့၏ အမွေးအတောင်များကို စိုစွတ် မသွား စေသော်လည်း အနည်းငယ်သော ခုခံအားကိုတော့ ဖြစ်ပေါ်စေခဲ့သည်။

သင်တန်းသား တစ်ဆယ့်သုံးယောက်သည် ပြင်ဆင်ပေးထားသော သားရေမိုးကာ အင်္ကျီများကို ဝတ်ဆင်ထားကြပြီး... ဆရာမတွမ်လန်နှင့် ဆရာခယ်ပေတို့မှာမူ လင်းယုန် သားရဲနဂါးကြီး၏ ကျောပေါ်တွင် ရပ်နေကြသည်။

သူတို့သည် ရုန်တောင်ကြားမြို့တော်မှ ဖြည်းညှင်းစွာ ထွက်ခွာလာခဲ့ကြပြီး မီတာနှစ်ရာ အမြင့်သို့ ရောက်ရှိချိန်တွင်... တောင်ကြားအဝင်ဝ၌ မိုးရေစက်များနှင့်အတူ သားရဲ တိရစ္ဆာန်များ အုပ်စုလိုက် ပြေးလွှားလာသည့်အလား လူအုပ်ကြီးက တောင်ကြားထဲသို့ စီးဝင်လာပြီး ရုန်တောင်ကြားမြို့တော်ဆီသို့ ဦးတည်ပြေးဝင်လာကြသည်ကို မြင်တွေ့ လိုက်ရ၏။

ထိုအရာကား... ဝူထူ သူပုန်တပ်ဖွဲ့များပင် ဖြစ်ပေသည်။

သူတို့၏ အော်ဟစ်သံများမှာ ပို၍ပို၍ပင် ကျယ်လောင်လာခဲ့ပြီး... သည်းထန်စွာ ရွာသွန်းနေ သော မိုးရေများကပင် သူတို့၏ အသံများကို မလွှမ်းမိုးနိုင်ပါချေ။ အဝေးဆီမှ မဆုံးနိုင်သော မိုးခြိမ်းသံများ ပိုမိုနီးကပ်လာသည့်အလားပင်...

မြေပြင်ပေါ်မှ ကြည့်လျှင် လူရိပ်အချို့ကိုသာ မြင်တွေ့ရနိုင်သော်လည်း... အပေါ်စီးမှ ကြည့်လိုက်သောအခါ ဤလူရိပ်များမှာ အဆုံးအစမရှိအောင် များပြားလွန်းပေသည်။ အချို့မှာ မြို့တော် စစ်သည်တော်များထံမှ လုယူလာခဲ့သည့် ချပ်ဝတ်တန်ဆာများကိုပင် ဝတ်ဆင်ထားကြပြီး... မိုးရေဖြင့် စိုစွတ်ခါစဖြစ်သော စပါးခင်းများထဲသို့ ပြေးဝင်လာကာ မြို့တော်ဆီသို့ ချီတက်လာကြသည်။

"ခံတပ်ကြီး တကယ် ကျသွားတာလား..." နဂါးထိန်းသင်တန်းသားတစ်ယောက်က ထိုမြင်ကွင်းကြောင့် မှင်သက်သွားကာ သံသယဖြင့် ဆိုလိုက်သည်။

"ဆရာခယ်ပေ... ကျွန်တော်တို့လည်း ဘိုးဘေးနဂါးမြို့တော်ရဲ့ နိုင်ငံသားတွေပဲလေ၊ ဒီသူပုန်တွေ ကျွန်တော်တို့မြို့ကို ကျူးကျော်ဝင်ရောက်လာတာကို ဒီတိုင်း ထိုင်ကြည့်နေ တော့မလို့လား။ ကျွန်တော်တို့က နဂါးထိန်းတွေပါ၊ ဒီအောက်တန်းစားတွေကို ဘာလို့ ကြောက်နေရမှာလဲ" နန်ရီက ကျယ်လောင်စွာ အော်ပြောလိုက်သည်။

နန်မိသားစုဝင်တစ်ဦးအနေဖြင့် သူသည် ဘိုးဘေးနဂါးမြို့တော်ရှိ တော်ဝင်မျိုးနွယ်ဝင် တစ်ဦး ဖြစ်ရာ... သူ၏မိသားစုနယ်မြေ ဤကဲ့သို့ နင်းချေခံရသည်ကို ကြည့်ပြီး လုံးဝ သည်းမခံနိုင်ပေ။

ဆရာမ တွမ်လန်နှင့် ဆရာခယ်ပေတို့လို အဆင့်မြင့် နဂါးထိန်းနှစ်ယောက် ရှိနေသည့် အပြင် နဂါးသားပေါက်လေးများ အသီးသီး ပိုင်ဆိုင်ထားကြသည့် သင်တန်းသား ဆယ့်သုံး ယောက် ရှိနေခြင်းကြောင့် ဤလူအုပ်ကြီးကို သတ်ဖြတ်ပစ်ရန် လုံလောက်သည့် စွမ်းရည် ရှိသင့်ပေသည်။

"နဂါးထိန်းအကယ်ဒမီကို ဝင်ရောက်ပြီးပြီဆိုရင် မကောင်းဆိုးဝါးမြို့တော်ကို တိုက်ခိုက် တာကလွဲလို့... တခြား ဘယ်လို ပဋိပက္ခမျိုးမှာမှ ပါဝင်ပတ်သက်ခွင့် မရှိဘူးဆိုတဲ့ စည်းမျဉ်း ကို မင်း နားမလည်ဘူးလား" ဆရာခယ်ပေက တင်းမာစွာဖြင့် ဆူပူလိုက်သည်။

"ဒါပေမဲ့ ဒီလူတွေက ဝူထူနယ်မြေက တိရစ္ဆာန်တွေလေ၊ လူယုတ်မာတွေ... သူတို့မှာ ကိုယ်ပိုင်နယ်မြေ ရှိပါရက်နဲ့ ဘိုးဘေးနဂါးမြို့တော်ရဲ့ နယ်မြေထဲကို ဝင်ရောက်လာကြ တာ။ သူတို့က ကျွန်တော်တို့ ကရုဏာထားဖို့ မထိုက်တန်ဘူး" နန်ရီက စိတ်လှုပ်ရှားစွာဖြင့် ကန့်ကွက်လိုက်သည်။

ဘာလို့ မလှုပ်ရှားရဲတာလဲ။

ဆရာနှစ်ယောက်အနေဖြင့် ဤသူပုန်တပ်ဖွဲ့ကို သေချာပေါက် တားဆီးနိုင်မည် သို့မဟုတ် စစ်ကူများ ရောက်ရှိလာချိန်အထိ အချိန်ဆွဲထားနိုင်မည် ဖြစ်သည်။

"သူတို့က တိရစ္ဆာန်တွေ မဟုတ်ပါဘူး၊ သူတို့လည်း အသက်ရှင်ဖို့အတွက် ရုန်းကန်နေရုံ သက်သက်ပါ..." ဆရာမ တွမ်လန်၏ အသံတွင် ငိုသံပါနေခဲ့သည်။

သူတို့သည် ပြည်သူလူထုအတွက် ရည်ရွယ်ကာ နဂါးဖြင့် မိုးရေကို ဆင့်ခေါ်ခဲ့ကြသော် လည်း... သူတို့၏ မိုးပြာနဂါး ဆန်းကြယ်မှော်ပညာရပ်က တောင်ကြားငယ်လေးတစ်ခုမှ ဒေသခံများကိုသာ အသက်ပြန်ရှင်လာစေနိုင်ပြီး သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ် လာသည့် အဖြစ်ဆိုးကြီးကိုမူ လုံးဝ မကယ်တင်နိုင်ခဲ့ကြောင်း ကြိုတင်မမြင်နိုင်ခဲ့ကြပေ။

နဂါးထိန်းအကယ်ဒမီ၏ တင်းကျပ်သော တားမြစ်ချက်များ မရှိလျှင်ပင် တွမ်လန်အနေဖြင့် ဘာလုပ်သင့်သနည်း။

သူတို့ မိသားစုများအတွက် အသက်ရှင်သန်ခွင့် လမ်းကြောင်းတစ်ခု ဖောက်ထွက်ရန် တိုက်ခိုက်နေကြသော လူတစ်စုကို သတ်ဖြတ်ပစ်ရမည်လော သို့မဟုတ် မိုးခေါင်ရေရှားမှု ဒဏ်ကြောင့် ဆင်းရဲဒုက္ခရောက်နေသော ပြည်သူများကို ကာကွယ်ပေးရမည်လော။

သူမ ဘာမှ လုပ်ဆောင်၍ မရနိုင်ပါချေ။

နဂါးထိန်းများ။

သူတို့သည် သာမန်ဝိညာဉ်များထက် သာလွန်သော်လည်း... သူတို့နည်းတူ အရေးမပါလှ ပေ။

"ဝုန်း... ဝုန်း... ဝုန်း... ဝုန်း... ဝုန်း..."

ရုတ်တရက်... တောင်ကြား၏ အနက်ရှိုင်းဆုံး နေရာဆီမှ မိုးခြိမ်းသံကဲ့သို့သော ဆူညံသံကြီး များ ထွက်ပေါ်လာခဲ့သည်။ မိုးရေများကြားမှတစ်ဆင့် ကြည့်လိုက်လျှင်... သေးငယ် ကျဉ်းမြောင်းသော စမ်းချောင်းလေးက ဧရာမ ရှေးဟောင်းသားရဲကြီးတစ်ကောင်ကဲ့သို့ ကျောက်တုံးများနှင့် သစ်ပင်များကို အကြမ်းပတမ်း ဆွဲယူကာ... တောင်ကြားအဝင်ဝဆီသို့ အရှိန်အဟုန်ပြင်းစွာဖြင့် တိုက်စားသွားသည်ကို မြင်တွေ့လိုက်ရသည်။

"ရုတ်တရက် ရေကြီးတာလား..."

အားလုံး မှင်သက်သွားကြ၏။ ကာလရှည်ကြာစွာ ခြောက်သွေ့နေခဲ့သော တောအုပ်ကြီးက ဤမိုးရေမျှဖြင့် မည်သို့ ရေကြီးနိုင်မည်နည်း။

မိုးရေသည် အလွန်ဆုံး တောအုပ်များကိုသာ စိုစွတ်စေနိုင်ပြီး ဤမျှလောက် ပြင်းထန်သော ရေကြီးမှုကိုမူ မဖြစ်ပေါ်စေနိုင်ပေ။

ရေများသည် စမ်းချောင်းထဲတွင် ပြည့်လျှံနေပြီး... တားဆီး၍မရနိုင်သော အရှိန်အဟုန်ဖြင့် ရုန်တောင်ကြားမြို့တော်၏ လယ်ကွင်းများကို ဖြတ်သန်းကာ တောင်ကြားထဲသို့ ဝင်ရောက်သည့် ကျဉ်းမြောင်းသော လမ်းကြောင်းဆီသို့ အဆင်ခြင်မဲ့စွာ စီးဝင်သွားခဲ့သည်။

ရုန်တောင်ကြားမြို့တော်၏ ကျဉ်းမြောင်းသော အဝင်ဝတွင် လူများ ပြည့်နှက်နေခဲ့ပြီး... ဝူထူမှ စီးဝင်လာသော သူပုန်တပ်ဖွဲ့များဖြင့် ပြည့်ကျပ်နေခဲ့ပြီ။ သူတို့၏ ရှည်လျားသော တန်းစီချီတက်မှုကြီးက အေးချမ်းလှသော တောင်ကြားမြို့တော်ဆီမှ ဤကဲ့သို့ ကြီးမား သော တောင်ကျရေကြီး လိမ့်ဝင်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြပါချေ။

အလွန်ကြေကွဲဖွယ်ကောင်းသော ငိုကြွေးသံကြီးများ။

မရေမတွက်နိုင်သော ဝူထူလူမျိုးများသည် တောင်ကြားထဲရှိ ရေကြီးမှုကြီးထဲတွင် ဝါးမျိုခံ လိုက်ရသည်။ သူတို့သည် နောက်သို့ ဆုတ်ခွာချင်ခဲ့သော်လည်း... တောင်ကြား၏ ကျဉ်းမြောင်းသော မြေမျက်နှာသွင်ပြင်က သူတို့ကို ဤရုတ်တရက် ရေကြီးမှုမှ ပုန်းကွယ် ရန် မည်သည့်နေရာမျှ မပေးခဲ့ပါချေ။

သောင်းနှင့်ချီသော လူများသည် ရေကြီးမှု၏ ဖျက်ဆီးမှုဒဏ်ကို ခံစားခဲ့ကြရသည်။ သူတို့ သည် လှိုင်းလုံးကြီးများကြောင့် ကျောက်ဆောင်များနှင့် အကြမ်းပတမ်း ရိုက်ချခံရကာ ရေနစ်သေဆုံးကြရသည် သို့မဟုတ် တောင်ကြား၏ မြစ်ဝကျွန်းပေါ်ဒေသဆီသို့ မျောပါ သွားခဲ့ကြသည်။

မြို့ရိုးများကို လွယ်ကူစွာ ဖောက်ထွက်နိုင်စွမ်းရှိသော ယခင်က အင်အားကြီးမားလှသည့် သူပုန်တပ်ဖွဲ့ကြီးမှာ... ဤအရေးပါသော ရေကြီးမှုကြောင့် အများစုမှာ ပြိုကွဲသွားခဲ့ရပြီး သူတို့၏ ခန္ဓာကိုယ်များမှာ တောင်ကျစမ်းချောင်းထဲတွင် မျောပါသွားကြလေသည်။

အပေါ်စီးမှနေ၍ ဤတုန်လှုပ်ဖွယ်ရာ မြင်ကွင်းကြီးကို ကြည့်ရှုနေရင်း... ကျူးမင်လန်၏ နှလုံးသားထဲတွင်လည်း ကြီးမားလှသော လှိုင်းလုံးကြီးများကဲ့သို့ ခံစားချက်များက ရိုက်ခတ်နေခဲ့သည်။

သူသည် အိမ်တော်လှေကားထစ်တွင် ယဉ်ကျေးပျူငှာလှသော အားနွဲ့သည့် ပညာရှင် တစ်ယောက်ကို သတိရမိလိုက်၏။ မိုးသည်းထန်စွာ ရွာသွန်းနေချိန်တွင် နောက်မဆုတ် တမ်း ရပ်တည်နေခဲ့သော ထိုမြို့သခင်ငယ်ကို သတိရမိလိုက်သည်။

မှိုင်းညို့နေသော မိုးရေထဲတွင် သူ၏ မျက်လုံးများကလည်း စိတ်ပိုင်းဖြတ်မှုများဖြင့် တောက်ပနေခဲ့သည်။

ရေလှောင်ကန်ကြီး ပြည့်လျှံနေသော်လည်း ရေတံခါးများကို ဖွင့်ပေးရန် ငြင်းဆန်ခဲ့သည်။ ပြည်သူများ ဆင်းရဲဒုက္ခရောက်မည် ဖြစ်သော်လည်း ရေတံခါးများကိုတော့ လုံးဝ ဖွင့်ပေး မည် မဟုတ်ချေ။

"ဆောင်းရာသီမတိုင်ခင် ဒုံးရွှီခံတပ်က သေချာပေါက် ကျသွားလိမ့်မယ်... တစ်နေရာ ကျသွားပြီဆိုရင် နောက်တစ်နေရာကလည်း ဆက်တိုက်ဆိုသလို ကျလာလိမ့်မယ်။ ဒုံးရွှီခံတပ် ကျသွားတာနဲ့ အစောင့်အရှောက် နည်းပါးတဲ့ ရုန်တောင်ကြားမြို့ကလည်း လူအုပ်ကြီးရဲ့ သတ်ဖြတ်မှုကို သေချာပေါက် ရင်ဆိုင်ရလိမ့်မယ်၊ သွေးချောင်းစီးပြီး လူသား အချင်းချင်း စားသောက်ကြတဲ့အထိတောင် ဖြစ်လာနိုင်တယ်..."

"လူတွေက ဆင်းရဲဒုက္ခကို ခံနိုင်ရည်ရှိကြတယ်။ သူတို့က ဆောင်းရာသီကို နည်းမျိုးစုံနဲ့ ဖြတ်ကျော်နိုင်ကြပေမဲ့... ကျူးကျော်မှုကို ခုခံဖို့ လက်နက်တွေတော့ မရှိမဖြစ် လိုအပ် တယ်"

"သူတို့ရဲ့ ဆင်းရဲဒုက္ခတွေကို ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ ဝမ်းနည်းပူဆွေးမှုတွေထက်... ဒီဆူပူအုံကြွနေတဲ့ လောကကြီးထဲမှာ သူတို့ကို ပိုပြီး အသက်ရှင်သန်စေချင်တယ်..." သူက ရေရွတ်လိုက်သည်။

"ကျူးအစ်ကို... ဂရုစိုက်ပါ"

သည်းထန်စွာ ရွာသွန်းနေသော မိုးရေသံများက သူ၏နားထဲတွင် ဆူညံနေခဲ့သည်။ မိုးကာ အင်္ကျီက လွင့်စင်လာသော မိုးရေများကို မကာကွယ်နိုင်ပါချေ။ ကျူးမင်လန်၏ စိတ်ထဲတွင် မိုးရေထဲ၌ စိုရွှဲနေသော ထိုပိန်ပါးပါး လူရိပ်လေးကို မြင်ယောင်နေမိပြီး... သူ၏ နောက်ဆုံး အသံတိတ် နက်ရှိုင်းစွာ ဦးညွှတ်မှုက သူ သိမ်းဆည်းထားသော ပြောမထွက်နိုင်သည့် ခံစား ချက်များပင် ဖြစ်ပေသည်။

ကျူးမင်လန်က ချဉ်စူးစူးနှင့် စိုစွတ်နေသော လေထုကို ရှူရှိုက်ရင်း သက်ပြင်းကို နက်ရှိုင်း စွာ ချလိုက်မိသည်။ လှုပ်ခတ်နေသော မိုးရေစက်များကြားမှတစ်ဆင့် မြင်ကွင်းကို ကြည့်လိုက်ပြီးနောက် အထီးကျန်ဆန်လွန်းသော ရှုခင်းများကို ကြည့်လိုက်ရင်း... ငါတို့ အားလုံးက သာမန်လူသားတွေပါပဲလား။

"ငါတို့ရဲ့နောက်မှာ သူပုန်တပ်ဖွဲ့တွေ အများကြီး ကျန်သေးတယ်... ဘုရားရေ... ဝူထူက လူတွေ ဘယ်လောက်တောင် ဒီအုံကြွမှုမှာ ပါဝင်နေတာလဲ" လီရှောင်ရင်က ရုတ်တရက် အံ့ဩထိတ်လန့်စွာဖြင့် အော်ဟစ်လိုက်သည်။

တောင်ကြားကို ကျော်လွန်သွားသည်နှင့်တစ်ပြိုင်နက်... လွင်ပြင်များကို မြင်တွေ့နိုင်ပြီး၊ ထိုတောင်ကြားအပြင်ဘက်တွင် သောင်းနှင့်ချီသော သူပုန်တပ်ဖွဲ့ဝင် စစ်သည်များ ရှိနေ သည်မှာ စိတ်ကူးကြည့်၍ပင် မရနိုင်ပေ။ သူတို့ထဲမှ တစ်စိတ်တစ်ပိုင်းသာ ရုန်တောင်ကြား မြို့တော်ထဲသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

သူပုန်တပ်ဖွဲ့သည် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရသည်မှာ မှန်သော် လည်း... ယင်းက သူတို့၏ ကြီးမားသော အခြေခံအင်အားကိုတော့ သိပ်ပြီး မထိခိုက်စေနိုင် ပေ။

နောက်ဆုံးတွင် ရေလှောင်ကန်ကြီး ခန်းခြောက်သွားပြီး တောင်ကြားလမ်းကြောင်းက တဖြည်းဖြည်း ပြန်ပေါ်လာပေလိမ့်မည်။ ထိုအခါ သူပုန်တပ်ဖွဲ့က တောင်ကြားထဲရှိ စပါးကျီ မြို့တော်ဆီသို့ ဆက်လက်၍ အရှိန်အဟုန်ဖြင့် စီးဝင်လာကြဦးမည်သာ ဖြစ်သည်။

ဝူထူ၏ ရိုင်းစိုင်းကြမ်းကြုတ်သော လုပ်ရပ်များကို ထောက်ရှုကြည့်လျှင်... ရုန်တောင်ကြား မြို့တော်မှ အရပ်သားများ အသက်ရှင်ရပ်တည်နိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

"ကျဉ်းမြောင်းတဲ့ လမ်းကြောင်းက အနိမ့်ပိုင်းကျနေတယ်၊ တမင်တကာ တူးဆွထားသလို ပဲ။ ရေကြီးမူကြောင့် ဖြစ်ပေါ်လာတဲ့ရေတွေ အားလုံးက ကုန်သွားတာ မဟုတ်ဘူး၊ အခု ရေအိုင်တစ်ခုလို စုပုံလာပြီး တောင်ကြားလမ်းကို ရေလွှမ်းမိုးသွားပြီ။ သူပုန်တွေ ရုန်တောင် ကြားမြို့တော်ကို တိုက်ခိုက်နိုင်ဖို့အတွက် ရွှံ့ဗွက်ရေအိုင်ကို ကူးဖြတ်သွားရတော့မယ်" နန်ရီက မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်သည်။

ထိုရေအိုင်ကြီးသည် တောင်ကြား၏ တစ်ခုတည်းသော အဝင်ဝတွင် တည်ရှိနေပြီး... လုံးဝ ကို ထိုကဲ့သို့ ဖြစ်လာစေရန် ဒီဇိုင်းဆွဲ ဖန်တီးထားသည့်အလားပင်။

လမ်းမကြီး ရေလွှမ်းမိုးသွားသဖြင့် မြင်းများနှင့် သားရဲတိရစ္ဆာန်များ ဝင်ရောက်၍ မရနိုင် တော့ပေ။ ထို့အပြင် ရေအိုင်၏ ဝဲဘက်ဝဲယာရှိ မတ်စောက်လှသော တောင်ကြား နံရံကြီး များကြောင့် အပေါ်သို့ တက်ရန်မှာလည်း အလွန်အမင်း ခက်ခဲလှပေသည်။ မိုးရွာပြီးစ အချိန်တွင် ပို၍ပင် ချော်ကာ အသက်အန္တရာယ် ကြုံတွေ့ရနိုင်ချေ ပိုများပေသည်...။

ဤရေအိုင်ကြီးက ရုန်တောင်ကြားမြို့တော်အတွက် သဘာဝခံတပ် အကာအကွယ်တစ်ခု ဖြစ်လာခဲ့ပြီး၊ သူပုန်တပ်ဖွဲ့ကြီး တစ်ပြိုင်နက် အလုံးအရင်းဖြင့် စီးဝင်လာခြင်းကို တားဆီး ပေးထားခဲ့သည်။

"ဒီရေအိုင်ရဲ့ တစ်ဖက်ကမ်းမှာ ကင်းစခန်းတစ်ခု တည်ဆောက်ပြီး ရေအိုင်ထဲ ခုန်ဆင်းလာ တဲ့ ရန်သူတွေကို မြှားနဲ့ ပစ်ခတ်နေသရွေ့တော့... လူတစ်ထောင်တည်းနဲ့တင် စစ်သည် တစ်သောင်းကို တားဆီးထားနိုင်တယ်။ ဒီအံ့ဖွယ်ကောင်းတဲ့ ရေကြီးမှုက ကောင်းကင်ဘုံက နေ ရုန်တောင်ကြားမြို့တော်ကို ပေးသနားလိုက်တဲ့ လက်ဆောင်မွန်တစ်ခုလား..." ကျောင်းသူတစ်ဦးက သူမရင်ထဲမှ ဝမ်းမြောက်မှုကို မထိန်းနိုင်ဘဲ အာမေဍိတ် ပြုလိုက်မိ သည်။

ခံတပ်ကြီးပင် မတားဆီးနိုင်ခဲ့သော သူပုန်တပ်ဖွဲ့ကြီးမှာ ယခုအခါ သေးငယ်လွန်းသော ရုန်တောင်ကြားမြို့တော်၏ ရှေ့တွင် မည်သို့လုပ်ရမည်မှန်းမသိ ဝေခွဲမရ ဖြစ်နေကြရချေ ပြီ။

"ဆရာမ တွမ်လန်... ဒီမိုးက ရုန်တောင်ကြားမြို့တော်ရဲ့ ပြည်သူအားလုံးကို ကယ်တင် လိုက်တာပဲ။ သူပုန်တပ်ဖွဲ့တွေက ဒီရေအိုင်ကို ယာယီအားဖြင့် ဖြတ်ကျော်ရှင်းလင်းနိုင်ဦး တော့... အနည်းဆုံး တစ်ရက် ဒါမှမဟုတ် နှစ်ရက်လောက် ကြာဦးမှာ။ အဲဒီအချိန်ကျရင် တော့ စစ်ကူတွေလည်း ရောက်လာနေလောက်ပြီ..." အခြားသော သင်တန်းသားများက လည်း အံ့ဩမဆုံး ဖြစ်လျက် ရေရွတ်လိုက်ကြသည်။

ဤရေကြီးမှုကြီးက တကယ့်ကို အံ့ဩဖွယ်ရာ ဖြစ်ရပ်တစ်ခုကဲ့သို့ပင်။

သို့သော်လည်း... ဤအရာအားလုံးမှာ အားနည်းသော ပညာရှင်တစ်ယောက်၏ လက်ရာ ဖြစ်သည်ကိုမူ ကျူးမင်လန် တစ်ယောက်တည်းသာ ကောင်းစွာ သိရှိထားခဲ့သည်။

သူသည် ရေကို ထိန်းသိမ်းထားခဲ့ပြီး လွှတ်မပေးခဲ့ပါချေ။ သူ၏ ထူးကဲလှသော အမြော်အမြင်၊ ဉာဏ်ပညာဖြင့် မြို့တော်၏ နောက်ဆုံး ခံစစ်စည်းကို တည်ဆောက်ကာ... သူ့ပြည်သူများကို ကာကွယ်စောင့်ရှောက်ပေးခဲ့ခြင်း ဖြစ်သည်။

ကျိန်းအစ်ကို... မင်းလည်း ဂရုစိုက်ပါဦး။

ဤဆူပူအုံကြွနေသော လောကကြီးထဲမှာ မင်းလည်း အသက်ရှင်သန်နိုင်ပါစေ...။

ကျူးမင်လန်သည် လင်းယုန်သားရဲနဂါးကြီး၏ ကျောပေါ်တွင် ရပ်နေရင်း ရုန်တောင်ကြား မြို့တော်ရှိရာ ဘက်ဆီသို့ ဦးတည်ကာ နောက်တစ်ကြိမ် နက်ရှိုင်းစွာ ဦးညွှတ်လိုက်ပြန် သည်။

စာစဉ် (၃) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters