← Chapters

အခန်း (၂၇၇-၂၇၈)

Vol. 28 Ch. 277-278

အခန်း (၂၇၇-၂၇၈)

Vol. 28 Ch. 277-278

အခန်း (၂၇၇)

အမေ စိတ်အေးလက်အေး အနားယူနိုင်ပါပြီ

“တောလိုက်ထွက်တဲ့အချိန်မှာ ကြောက်စရာကောင်းတဲ့ ကျားကြီးတစ်ကောင် ထွက်လာပြီး လူတွေကို ရန်မူခဲ့တယ်တဲ့။ အန်နင်းမင်းသမီးကိုလည်း ကိုက်သတ်သွားခဲ့တယ်လေ။ သူ့မယ်တော် ကိုယ်လုပ်တော်ဟွေလည်း ဝမ်းနည်းပူဆွေးမှု ဒဏ်ကို မခံနိုင်လို့ အဲဒီညမှာပဲ နောက်ကနေ လိုက်သေသွားရှာတယ်”

ဟွာကျွင်းမုန့်ဆိုင်ထဲတွင် ဧည့်သည်အချို့က ဤအကြောင်းကို ဝိုင်းဝန်းပြောဆိုနေကြသည်။

ဟွာကျွင်းသည် မီးဖိုချောင်ထဲမှ ထွက်လာစဉ် ဤသတင်းကို ကြားလိုက်ရသဖြင့် သူမ ရင်ထဲတွင် လေးလံနေသမျှအရာအားလုံး ချက်ချင်းပင် လွင့်ပျယ်သွားတော့၏။

သူမသည် ဧည့်သည်များကို ပုံမှန်အတိုင်း အပြုံးမပျက် နှုတ်ဆက်စကား အနည်းငယ် ပြောကြားပြီးနောက် မုန့်ဆိုင်ထဲမှ ထွက်လာခဲ့ကာ အာချင်း၏ ခေါက်ဆွဲဆိုင်ရှိရာဘက်သို့ လျှောက်လာခဲ့သည်။

အာချင်းသည် ခေါက်ဆွဲတစ်ပွဲကို မီးပူပူဖြင့် ချက်ပြုတ်ပြီးစီးရုံရှိသေးသည်။ သူက ဟွာကျွင်းကို မြင်သဖြင့် ခေါင်းညိတ်ပြလိုက်ပြီး အငွေ့တထောင်းထောင်းထနေသော ခေါက်ဆွဲပွဲကို ဧည့်သည်ထံသို့ အရင်ဆုံး သွားရောက်ချပေး၏။ ထို့နောက်မှ ပြန်လှည့်လာကာ ဟွာကျွင်းကို လေသံတိုးတိုးဖြင့် အကျိုးအကြောင်း ရှင်းပြလာသည်။

“စစ်သူကြီးလုရဲ့ ဖခင်ကတော့ အပြစ်ကနေ ကင်းလွတ်ခွင့် ရသွားပြီ၊၊ တော်ဝင်အမိန့်ပြန်တမ်းကလည်း ရက်ပိုင်းအတွင်း ရောက်လာတော့မှာ”

“အန်နင်းမင်းသမီးကတော့ စစ်သူကြီးလုရဲ့ ဓားနဲ့ပဲ ကိုယ်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တယ်။ ကိုယ်လုပ်တော်‌ဟွေကတော့ အဆိပ်ဝိုင် သောက်သုံးလိုက်ရပြီး ဝန်ကြီးချုပ်ကတော့ ခေါင်းဖြတ်စီရင်ခြင်း ခံလိုက်ရတယ်။ ဧကရာဇ်မင်းက သဘောထားကြီးစွာနဲ့ပဲ ဒီကိစ္စကို အဆုံးသတ်လိုက်ပြီး မင်းသမီးအိမ်တော်က ကျန်တဲ့လူတွေကိုတော့ ထပ်ပြီး အပြစ်မယူတော့ဘူးလို့ ကြေညာခဲ့တယ်”

ဟွာကျွင်း ခေါင်းညိတ်လိုက်မိပြီး ရင်ထဲတွင် ခံစားချက်ပေါင်းစုံ မှုန်မှိုင်းသွားရသည်။ သူမသည် လွန်ခဲ့သော ရက်ပိုင်းကတင် ကိုယ်ဝန်ဆောင်ထားရသည့် အန်နင်းမင်းသမီးအတွက် အစားအသောက်များ ပြင်ဆင်ပေးခဲ့ဖူးသည်ကို ပြန်လည်သတိရမိ၏၊ သူ့ကလေးမှာ ယခုဆိုလျှင် တစ်နှစ်ပင် ပြည့်ဦးမည်မဟုတ်သေးချေ။

‘တော်သေးတာပေါ့၊ ဧကရာဇ်မင်းက ဆင်ခြင်တုံတရားရှိလို့ပဲ၊၊ ကလေးမှာ ဘာအပြစ်မှ ရှိတာမဟုတ်ဘူး’

“ဒါပေမဲ့ လုမင်လီအတွက်တော့ တကယ် စိတ်မကောင်းစရာပဲ။ ရုတ်တရက်ကြီး လူ့အသက်တစ်ချောင်းကို လက်ရဲဇာတ်ရဲ နှုတ်လိုက်ရသလို ဖြစ်သွားတာကိုး”

အာချင်း:

“စစ်သူကြီးလုရဲ့ အဖေလည်း သူတို့လက်ချက်နဲ့ သေဆုံးခဲ့ရတာပဲလေ။ ဒါကို အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်း ပြန်ပေးဆပ်ရတယ်လို့ပဲ သတ်မှတ်ရမှာပေါ့”

ဟွာကျွင်း

“သူ့ဦးလေးလုပ်ခဲ့တဲ့ အပြစ်တွေကို သူ့အနေနဲ့ လာပြီး ပေးဆပ်စရာ မလိုပါဘူး”

၎င်းမှာ လုပ်ကြံရန် ကြံစည်မှုသက်သက်သာဖြစ်ပြီး အလွန်ဆုံးရှိလျှင် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေမှု အပြစ်ဒဏ်သာ ထပ်တိုးရုံမျှ ဖြစ်သည်။ သေဒဏ်အထိတော့ မကျခံသင့်ပေ။

ဤစကားလုံးများမှာ သူမ နှုတ်ခမ်းဝအထိ ရောက်ရှိလာသော်လည်း ပြန်လည်မျိုသိပ်လိုက်ရသည်။ ဤခေတ်ကြီးထဲမှာ သေဒဏ်ကလွဲ၍ အခြားအပြစ်ဒဏ်ဆိုတာ ဘယ်မှာ ရှိပါ့မည်နည်း။

သူတို့ စကားပြောနေကြစဉ်မှာပင် ဝေးလံသောနေရာမှ ကမန်းကတန်း မောင်းနှင်လာသော မြင်းခွာသံများကို ကြားလိုက်ရသည်။

“လုမိသားစုတပ်ဖွဲ့က သူလျှိုတွေကို ဖမ်းဆီးနေတယ်။ အရပ်သားတွေ လမ်းဖယ်ပေးကြ”

ဧည့်သည်များသည် ချက်ချင်းပင် ခေါက်ဆွဲပန်းကန်များကို မကာ ဆိုင်အဝင်ဝဘက်သို့ အလျင်အမြန် ရှောင်ကွင်းသွားကြသည်။ အာချင်းနှင့် ဟွာကျွင်းတို့လည်း စားပွဲနှင့် ကုလားထိုင်များကို အမြန်ဆုံး သိမ်းဆည်းလိုက်ကြရသည်။

ငွေရောင်သံချပ်ကာနှင့် ဝတ်ရုံဖြူကို ဆင်ယင်ထားသော လူတစ်ဦး ဦးဆောင်သည့် တော်ဝင်အစောင့်တပ်ဖွဲ့ဝင်များသည် ဒုန်းစိုင်းမောင်းနှင် ဖြတ်သန်းသွားကြ၏။ ထိုသူမှာ အခြားသူမဟုတ် လုမင်လီပင်။ သူသည် မြင်းကို မတ်မတ်စီးလျက် ရှေ့သို့ အရှိန်အဟုန်ဖြင့် သွားနေသည်မှာ အလွန်ပင် ခန့်ညားထည်ဝါလှသည်။

“စစ်သူကြီးလုပါလား”

မော့ချွမ်းသည် ဟွာကျွင်း ရှိရာဘက်သို့ အပြေးလာခဲ့သည်။

“ဟွာကျွင်း ခင်ဗျား သူ့ကို မြင်လိုက်လား။ စစ်သူကြီးလုလေ”

ဟွာကျွင်း

“အင်း... အင်း၊ ကျွန်မ မြင်လိုက်ပါတယ်။ သူ တာဝန်ဝတ္တရားအရ သွားနေတာလေ”

တော်ဝင်အစောင့်တပ်ဖွဲ့များ ဖြတ်သန်းသွားပြီးနောက် ဟွာကျွင်းနှင့် အာချင်းတို့သည် စားပွဲများကို မူလနေရာသို့ ပြန်လည်ချထားလိုက်ကြသည်။

မော့ချွမ်းက စားပွဲနှင့် ကုလားထိုင်များကို ရွှေ့ရင်း ပြောလိုက်၏။

“အခြေအနေတွေကတော့ ပြောင်းလဲတော့မဲ့ပုံပဲ”

မုန့်ဆိုင်ကြီး ပိတ်ခါနီးအချိန်သို့ ရောက်ရှိမှသာ လုမင်လီနှင့် သူ့လူများ ပြန်လည်ရောက်ရှိလာကြတော့သည်။

သူတို့သည် တိရှိုးပြည်က လူအမြောက်အမြားကို ဖမ်းဆီးခေါ်ဆောင်လာခဲ့ကြပြီး ထိုအထဲတွင် မင်းသားကြီး မိကယ်လိုလည်း ပါဝင်နေသည်။

သူသည် ရာဇဝတ်သားတင်သည့် လှည်းအိမ်ထဲတွင် ပိတ်လှောင်ခံထားရပြီး မုန့်ဆိုင်အဝင်ဝသို့ ဖြတ်သန်းသွားစဉ် လူအုပ်ကြီးကြားထဲမှ မော့ချွမ်းကို သတိပြုမိသွားသည်။

“မော့ချွမ်း”

သူသည် ရုတ်တရက် မတ်တတ်ထရပ်ရန် ရုန်းကန်လိုက်သော်လည်း သံကြိုးများဖြင့် တင်းကြပ်စွာ တုတ်နှောင်ခံထားရသဖြင့် ဒူးထောက်ရုံမျှသာ တတ်နိုင်၏။

“မင်း ဖြစ်နေတာပဲလား၊ ငါ့ရဲ့ ညီတော်ကောင်းလေး”

သူ့လေသံတွင် လှောင်ပြောင် သရော်မှုများ စိမ့်ဝင်နေ၏။ “ဒီနှစ်တွေအားလုံးမှာ မင်းကို ငါ ဘာလို့ ရှာမတွေ့ခဲ့တာလဲ မဆန်းတော့ပါဘူး။ မင်းက အလယ်ပိုင်းဒေသဆီကို အညံ့ခံ ပူးပေါင်းနေခဲ့တာ ကြာပြီကိုး”

လုမင်လီသည် ဤစကားကို ကြားလိုက်ရသဖြင့် မြင်းဇက်ကြိုးကို ဆွဲကာ မျက်ခုံးကို အနည်းငယ် တွန့်လိုက်မိသည်။

“မော့ချွမ်း ဘာဖြစ်တာလဲ”

“ဟဲဟဲ”

မော့ချွမ်း ဖြူစင်စွာ ပြုံးပြလိုက်ရင်း ပြောလိုက်သည်။ “ကျွန်တော် အချိန်နည်းနည်း ဖြုန်းမိတဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်တော်ရဲ့ ချစ်လှစွာသော နောင်တော်ကြီး နဲ့ စကားခဏပြောချင်လို့ပါ”

သူသည် ရာဇဝတ်လှည်းအနားသို့ လျှောက်လှမ်းသွားပြီးနောက် သူ့မျက်ဝန်းများမှာ ရုတ်တရက် အေးစက်သွားသည်။

“လာပြီးတော့ ဆွေးမျိုးမတော်စမ်းနဲ့”

“မင်းလို သစ္စာဖောက်ကောင်”

မိကယ်လို တံတွေးထွေးလိုက်ရင်း အော်ဟစ်လိုက်သည်။ “မြက်ခင်းပြင်က နတ်ဘုရားတွေက မင်းကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး”

“မြက်ခင်းပြင်က နတ်ဘုရားတွေ ဟုတ်လား”

မော့ချွမ်းသည် ဤထူးဆန်းသလိုလိုနှင့် ရင်းနှီးနေသော နာမည်ကို ကြားလိုက်ရသဖြင့် တစ်ချက် မှင်တက်သွားမိသည်။

“မင်းနဲ့ မင်းအဖေက ငါ့အမေကို သတ်ခဲ့တဲ့နေ့တည်းက ငါ နတ်ဘုရားတွေကို မယုံကြည်တော့ဘူး”

သူ့လက်သည် ခါးကြားရှိ ဓားမြှောင်ဆီသို့ မသိစိတ်မှ ရောက်ရှိသွားခဲ့သည်။

မိကယ်လို၏ မျက်ဝန်းများ တစ်ချက်ဝေ့သွားပြီး လှည့်ကွက်တစ်ခုကို စဉ်းစားမိလိုက်၏။

“ဟုတ်တယ်၊ ငါ မင်းအမေကို သတ်ခဲ့တာ။ မင်း ကလဲ့စားမချေချင်ဘူးလား၊ မင်းဆီမှာ ဓားမြှောင် ပါလာတာ ငါ သိတယ်။ လာလေ”

သူသည် လည်ပင်းကို ဆန့်ပေးလိုက်ရင်း ပြောလိုက်သည်။

“ငါ့ကို တစ်ချက်လောက် ထိုးစမ်းပါ”

မော့ချွမ်း၏ လက်ချောင်းများ တင်းကြပ်သွားပြီး ဓားမြှောင်ကို ဆုပ်ကိုင်လိုက်မိသည်။

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသော လုမင်လီက လေသံခပ်မာမာဖြင့် သတိပေးလိုက်၏။

“မော့ချွမ်း သူက တရားရုံးရဲ့ အရေးကြီးတဲ့ ရာဇဝတ်သားနော်။ စိတ်လိုက်မာန်ပါ မလုပ်နဲ့”

“စိတ်မပူပါနဲ့”

မော့ချွမ်း ရုတ်တရက် ပြုံးလိုက်ရင်း လက်ကို ပြန်လွှတ်လိုက်သည်။

“ကျွန်တော့်ရဲ့ ဒီဓားမြှောင်က ဝက်သားလှီး၊ ကြက်သတ်ဖို့ပဲ သုံးတာ၊ လူ့တိရစ္ဆာန်တွေရဲ့ သွေးနဲ့တော့ အစွန်းအထင်း မခံနိုင်ပါဘူး”

သူ မျက်နှာပြောင်ပြလိုက်ရင်း ပြော၏။

“မင်းက ငါ့လက်နဲ့ အဆုံးစီရင်ခံပြီး လွတ်မြောက်ချင်တာလား၊ ငါကတော့ မင်းအလိုကို လုံးဝမဖြည့်ပေးနိုင်ဘူး၊ နာနာနာ”

မိကယ်လို တစ်ယောက် စိတ်ပျက်အားလျော့သွားကာ ဆဲရေးတိုင်းထွာတော့သည်။

“မင်း ယောက်ျား ဟုတ်ရဲ့လား၊ မိခင်အတွက်တောင် ကလဲ့စားမချေရဲတဲ့ လူဖျင်းလူအကောင်”

မော့ချွမ်းက မေးကို ပင့်လိုက်ပြီး လုမင်လီကို တစ်ချက်လှမ်းကြည့်ကာ မိကယ်လိုကို ပြောလိုက်သည်။

“ရန်ငြိုးကို ကိုယ်တိုင် သတ်ဖြတ်မှ ကလဲ့စားချေလို့ ရတာမှ မဟုတ်တာ။ မင်းက ဥပဒေဆိုတာကို အလကား ရေးထားတယ်လို့ ထင်နေလား၊ ငါ့အစား မင်းကို သေသေချာချာ ဧည့်ခံပေးမဲ့သူ ရှိပါတယ်”

“ငါ ကြားတာတော့ တော်ဝင်အကျဉ်းထောင်ဆီကို ညှဉ်းပန်းနှိပ်စက်တဲ့နေရာမှာ ဆရာကျတဲ့သူတစ်ယောက် ရောက်နေတယ်တဲ့။ အကယ်၍ မင်း သူ့လက်ထဲ ရောက်သွားရင်တော့...”

မော့ချွမ်း မိကယ်လိုကို အထက်အောက် ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ရင်း ဆက်ပြော၏။

“ရက်ပိုင်းအတွင်းမှာပဲ မင်းရဲ့ ကိုယ်ပေါ်မှာ အနာတရမရှိတဲ့ အရေပြားတစ်ကွက်တောင် ကျန်မှာမဟုတ်ဘူး”

ရာဇဝတ်လှည်းထဲက မိကယ်လို၏ မျက်နှာမှာ ချက်ချင်းပင် ပြာနှမ်းသွားတော့သည်။ မော့ချွမ်း ခေါင်းခါယမ်းရင်း နောက်သို့ ပြန်လှည့်လာခဲ့သည်။

“မင်းရဲ့ သနားစရာကောင်းတဲ့ ပုံစံကို ငါ လူတစ်ယောက်ကို ပန်းချီဆွဲခိုင်းပြီး အမေ မြင်တွေ့ရအောင် မီးရှို့ပေးလိုက်မယ်”

ညဉ့်နက်ပိုင်းတွင် ရာဇဝတ်လှည်းကြီးသည် တကျိကျိမြည်သံနှင့်အတူ ဝေးကွာသွားသည်။ မော့ချွမ်းသည် မုန့်ဆိုင်ထဲသို့ ပြန်ဝင်လာခဲ့ပြီး မီးဖိုချောင်ထဲသို့ ရောက်သောအခါ နံရံကိုမှီ၍ မြေပြင်ပေါ်သို့ ပုံရက်သား လဲကျသွားတော့သည်။

သူသည် မျက်နှာကို လက်မောင်ကြားထဲတွင် နက်ရှိုင်းစွာ ဝှက်ထားရင်း တိုးတိုးလေး ရေရွတ်မိရှာ၏။

“အမေ... ကောင်းကင်ဘုံက အမေ့ရဲ့ ဝိညာဉ်က နောက်ဆုံးတော့ စိတ်အေးလက်အေး အနားယူနိုင်ပါပြီ”

မုန့်ဆိုင်အတွင်းရှိ မီးအိမ်များ လင်းထိန်နေသော်လည်း မော့ချွမ်း၏ အထီးကျန် ခြောက်ကပ်နေသော ပုံရိပ်မှာ ဘေးပတ်ဝန်းကျင်နှင့် လုံးဝ ကွာခြားနေ၏။

ဟွာကျွင်းသည် အနားသို့ တိတ်ဆိတ်စွာ ချဉ်းကပ်လာခဲ့ပြီး သူ့ပုခုံးကို အသာအယာ ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။

“ရှင်ပြောတာ မှန်ပါတယ်၊ ကလဲ့စားချေဖို့အတွက် ကိုယ်တိုင် သတ်စရာမလိုပါဘူး။ ကျွန်မ မထင်ထားမိဘူး။ ရှင် နေ့တိုင်း ဗီဒီယိုတိုလေးတွေ ကြည့်နေတာကနေ ဥပဒေအကြောင်းတွေကိုပါ တတ်မြောက်သွားလိမ့်မယ်လို့။”

မော့ချွမ်း

“ ကျွန်တော် သူ့ကို ဓားနဲ့ အချက်ပေါင်း ရှစ်ဆယ့်တစ်ချက်လောက် အားရပါးရ ထိုးပစ်ချင်တာပေါ့။ ဒါပေမဲ့ ကျွန်တော် အမေ့ကို ကလဲ့စားမချေပါဘူးလို့ ကတိပေးထားခဲ့ဖူးတယ်”

ဟွာကျွင်း သက်ပြင်းချလိုက်ပြီး ပြော၏။

“ရှင့်အမေကလည်း ရှင့်ရဲ့ ကောင်းကျိုးကို တွေးပေးလို့ပါ၊ ရှင် သူတို့ကို မနိုင်မှာ စိုးရိမ်လို့နေမှာပေါ့”

“ဝူးဝူးဝူး...”

မော့ချွမ်းသည် ရုတ်တရက်ကြီး ဟန်ဆောင်ကာ ငိုယိုပြလာသည်။

“ကျွန်တော့်ရင်ထဲမှာ တကယ် လေးလံနေတယ်။ ခင်ဗျားရဲ့ သူတောင်းစားကြက်ကင်ကပဲ ကျွန်တော့်စိတ်ကို သက်သာရာရစေနိုင်တော့မယ်”

“အို... တော်စမ်းပါ”

ဟွာကျွင်း သူ့ခေါင်းကို အနောက်ကနေ အသာအယာ ရိုက်လိုက်ရင်း ပြော၏။

“ဒီလိုအချိန်ကြီးမှာ ရှင့်အတွက် သူတောင်းစားကြက်ကင်ကို ကျွန်မက ဘယ်ကနေ သွားလုပ်ပေးရမှာလဲ၊၊ တစ်ညလုံး မအိပ်ဘဲ နေမလို့လား”

သူမသည် ကိုယ်ကို မတ်လိုက်ရင်း မျက်ဝန်းများ ဝင်းပသွားကာ ပြောလိုက်သည်။

“ကျွန်မတို့ အားမောက်ရဲ့ ဆိုင်ကို သွားပြီး အကင်စားကြမလား။ ဝိုင်လည်း နည်းနည်း သောက်ကြတာပေါ့။ ဘယ်လိုလဲ။ အကင်နဲ့ ဘီယာ ရှိရင် စိုးရိမ်စရာတွေ ဝေးကွာသွားတာပေါ့”

မော့ချွမ်းသည် ငိုကြွေးနေသည့် အရိပ်အယောင် လုံးဝမရှိတော့ဘဲ ချက်ချင်းပင် ဝုန်းခနဲ မတ်တတ်ထရပ်လိုက်၏။

“ကောင်းပြီ၊ ကောင်းပြီ၊ အကင်စားကြတာပေါ့”

သူ ဟန်ဆောင်ပန်ဆောင် သက်ပြင်းချလိုက်ရင်း ဆက်ပြော၏။

“ဒါပေမဲ့ ကျွန်တော် ဒီနေ့ စိတ်မကောင်းလွန်းလို့ ဆိုင်သိမ်းဖို့ ခွန်အား မရှိတော့ဘူး ထင်တယ်”

“ကဲပါ... ကဲပါ”

ဟွာကျွင်းမျက်စောင်းထိုးလိုက်ရင်း ပြော၏။

“ဒီနေ့တစ်ရက်ပဲ အထူးနေ့အနေနဲ့ ရှင့်ကို ဆိုင်မသိမ်းခိုင်းတော့ပါဘူး”

သူမသည် အိမ်စာလုပ်နေသော ဟွာရှန့်ကိုပါ လှမ်းခေါ်လိုက်ပြီး သူတို့ သုံးဦးစလုံး ဆိုင်ထဲမှ ထွက်လာခဲ့ကြသည်။ ဟွာကျွင်း၏ မုန့်ဆိုင်တွင် ဧည့်သည် သိပ်မရှိတော့သော်လည်း အားမောက်၏ အကင်ဆိုင်လေးမှာမူ စည်ကားနေဆဲပင်။

သူတို့ လျှောက်လာသည်ကို မြင်သောအခါ ဒေါ်လေးပန်းက လှမ်း၍ နှုတ်ဆက်သည်။

“သူဌေးမဟွာ၊ မောင်လေး မော့ ရှင်တို့ အနားမယူကြသေးဘူးလား”

ဟွာကျွင်း ပြုံးလျက် ပြန်ဖြေ၏။

“ကျွန်မတို့ အကင်စားဖို့ ထွက်လာတာပါ ဒေါ်လေး။”

မော့ချွမ်းက ပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်ရာ အားလုံးမှာ နေရာပြည့်နေခဲ့သည်။ သူသည် ရင်ဘတ်ကို ဖိကာ ဝမ်းနည်းပူဆွေးဟန်ဖြင့် ညည်းတွားတော့သည်။

“ကျွန်တော် တကယ် သနားစရာကောင်းပါတယ်။ အကင်စားချင်ပေမဲ့ ထိုင်စရာ နေရာတောင် မရှိဘူး”

ဤစကားကို ကြားလိုက်ရသော ဘေးနားရှိ စားပွဲက ဧည့်သည်များ အလျင်အမြန် မတ်တတ်ထရပ်လိုက်ကြ၏။

“အစ်ကို မော့ချွမ်း... ဒီမှာ လာထိုင်ပါ၊ ကျွန်တော်တို့ တခြားစားပွဲမှာ သွားပြီး မျှထိုင်လိုက်ပါ့မယ်”

“ဒါ ဘယ်လိုလုပ် ဖြစ်မှာလဲ”

ဟွာကျွင်းသည် မော့ချွမ်း၏ အရှက်မရှိသော အပြုအမူကြောင့် အံ့အားသင့်သွားရပြီး အလျင်အမြန်ပင် ပြောလိုက်သည်။

“ရှင်တို့ပဲ ထိုင်ကြပါ၊ ကျွန်မတို့ တခြားလူတွေနဲ့ပဲ မျှထိုင်လိုက်ပါ့မယ်”

သူမသည် စကားပြောရင်း ခါးကို ကွေးလိုက်ကာ မော့ချွမ်း၏ ခါးနောက်ဘက်ကို အားရပါးရ ဆွဲဆိတ်ပစ်လိုက်တော့၏။

“အား”

မော့ချွမ်း အော်ဟစ်လိုက်မိသည်။

“ကျွန်တော့်နှလုံးသားက တကယ် နာကျင်နေတာပဲ၊ တစ်စုံတစ်ယောက်က အားရပါးရ ညှစ်ပစ်လိုက်သလိုမျိုး ခံစားလိုက်ရတယ်”

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသော ဧည့်သည်လေးဦးစလုံးသည် အကင်ပန်းကန်များကို ကမန်းကတန်း မကာ ပြောလိုက်၏။

“ရှင်တို့ ထိုင်ပါ၊ ရှင်တို့ ထိုင်ပါ”

ထို့နောက် တခြားစားပွဲသို့ အပြေးအလွှား သွားကြတော့သည်။

ဟွာကျွင်းမှာမူ အလွန်အမင်း အရှက်ရသွားသဖြင့် မြေပြင်ပေါ်တွင် တွင်းတစ်တွင်းရှိလျှင်ပင် ဝင်ပုန်းချင်စိတ် ပေါက်သွားရတော့သည်။

အခန်း (၂၇၈)

စိတ်တည်ငြိမ်အောင် ထိန်းခြင်း

ဟွာကျွင်းမှာမူ အလွန်အမင်း အရှက်ရသွားသဖြင့် မြေပြင်ပေါ်တွင် တွင်းတစ်တွင်းရှိလျှင်ပင် ဝင်ပုန်းချင်စိတ် ပေါက်သွားရတော့သည်။ သို့သော်လည်း မော့ချွမ်းကတော့ ဘာမှမဖြစ်သကဲ့သို့ အေးအေးလူလူပင် ဝင်ထိုင်လိုက်ပြီး နေရာဖယ်ပေးခဲ့သည့် ဧည့်သည်အချို့ကို လက်သီးဆုပ် နှုတ်ဆက် ပြရန်လည်း မမေ့ချေ။

“ကျေးဇူးပါဗျာ... ကျေးဇူးပါ။ နောက်ရက်ကျရင် ကျွန်တော် ဒကာခံပါ့မယ်”

ထိုလူများ ထွက်ခွာသွားပြီးနောက် ဟွာကျွင်းက အံကြိတ်ကာ လေသံတိုးတိုးဖြင့် ရန်တွေ့လိုက်၏။

“ရှင့်မှာ အရှက်ဆိုတာ တကယ်ပဲ မရှိတော့ဘူးလား”

မော့ချွမ်း ဖြဲစပ်စပ်ဖြင့် ပြန်ဖြေလိုက်သည်။

“အရှက်ကို ဘာလုပ်ဖို့လဲ။ အဲဒါက စားလို့ရလို့လား”

သူသည် လက်ကိုမြှောက်ပြီး အားမောက်ကို လှမ်း၍ မှာကြားလိုက်၏။

“အားမောက်... ဆိတ်သားကင် အချောင်းနှစ်ဆယ်၊ ဝက်ဗိုက်သားကင် အချောင်းနှစ်ဆယ်၊ ကမာကောင် ဆယ်ကောင်နဲ့ ဝိုင်တစ်ခွက် ပေးပါဦး”

ဟွာကျွင်း ဘာတတ်နိုင်ဦးမည်နည်း။ သက်ပြင်းချကာ စိတ်ပျက်လက်ပျက် ထိုင်လိုက်ပြီး သူ့ကို ထပ်မံဆူပူရန် ပြင်စဉ်မှာပင် အားမောက်က အသစ်စက်စက် ကင်ထားသည့် ကြက်တောင်ပံကင် နှစ်ပန်းကန်ကို ယူဆောင်လာသည်ကို တွေ့လိုက်ရသည်။

“မော့ချွမ်း... မင်း ဒီနေ့ စိတ်မကောင်းဖြစ်နေတယ်လို့ ကြားလို့။ ဒါကြောင့် ငါ မင်းအတွက် ငရုတ်သီး အထူးတလည် ပိုထည့်ပေးထားတယ်၊ စိတ်ညစ်စရာတွေအားလုံး ချက်ချင်း မေ့သွားစေရမယ်”

မော့ချွမ်း၏ မျက်ဝန်းများ ဝင်းပသွားပြီး ပန်းကန်ကို လှမ်းယူလိုက်၏။

“အားမောက်ကတော့ ကျွန်တော့်အကြောင်းကို အသိဆုံးပဲ”

သူ လှည့်ပြီး ဟွာကျွင်းကို မျက်စိတစ်ဖက် မှိတ်ပြလိုက်ရင်း ပြောလိုက်သည်။

“တွေ့လား... ဒါကို အဆိုးထဲက အကောင်းလို့ ခေါ်တာပေါ့ မဟုတ်ဘူးလား”

ဟွာကျွင်းသည် သူမ နဖူးကို ပွတ်ရင်း သက်ပြင်းကိုသာ ထပ်မံချမိတော့သည်။

မကြာမီမှာပင် လျိုအာကလည်း နံစော်တို့ဟူး တစ်ပန်းကန် ယူဆောင်လာပေးသလို၊ အားမန်ကလည်း မော့ချွမ်း ဝိုင်သောက်ရင်း မြည်းစမ်းနိုင်ရန် မြေပဲလှော်တစ်ပန်းကန်ကို အမြန်လှော်၍ လာပေးရှာသည်။

မော့ချွမ်းသည် သူတို့တစ်ယောက်ချင်းစီကို ကျေးဇူးတင်စကား ပြောကြားလိုက်ပြီးနောက် ဟွာကျွင်းကို ကြည့်ကာ ပြုံးစိစိဖြင့် ပြောတော့၏။

“ဒုက္ခရောက်တဲ့အချိန်မှ မိတ်ဆွေစစ်ကို သိနိုင်တယ်ဆိုတာ တကယ့်ကို မှန်တာပဲ၊ ရှေးလူကြီးတွေရဲ့ စကားက ဘယ်တော့မှ မမှားဘူး”

ဟွာကျွင်းသည် သူ့ကို ဤကဲ့သို့ ကြည့်ရင်းမှ သူမ ရင်ထဲတွင် တွေးပူနေသမျှအရာအားလုံး နောက်ဆုံးတွင် ငြိမ်သက်သွားခဲ့ရသည်။

သူမအနေဖြင့် မော့ချွမ်း၏ နောက်ကြောင်းတွင် လျှို့ဝှက်ချက်တစ်ခု ရှိနေမှန်း ကြိုတင်သိရှိထားခဲ့သော်လည်း ဤမျှအထိ ကြီးမားလှသော ဘဝအလှည့်အပြောင်းကြီး ရှိခဲ့လိမ့်မည်ဟု မထင်မှတ်ထားခဲ့မိချေ။

ဟွာကျွင်းသည် မော့ချွမ်း၏ ဘဝဇာတ်ကြောင်းကို သူမ စိတ်ထဲတွင် အကြမ်းဖျင်း ပုံဖော်ကြည့်လိုက်မိ၏။ သူသည် ငယ်စဉ်က မြက်ခင်းပြင်ကြီးပေါ်တွင် မည်သူမျှ မယှဉ်နိုင်သော စွမ်းရည်ရှိသူ ဖြစ်ခဲ့သော်လည်း နန်းလျာလုပွဲကြောင့် သူ့မိခင် သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ မိခင်ဖြစ်သူက မသေဆုံးခင်မှာ ကလဲ့စားမချေရန် မှာကြားပေလိမ့်မည်။

ထို့ကြောင့် သူသည် စိတ်ဓာတ်ကျကာ မြက်ခင်းပြင်ကြီးကို စွန့်ခွာခဲ့ပြီး နောက်ဆုံးတွင် ဤမုန့်ဆိုင်လေးသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ဤသို့ စဉ်းစားကြည့်လျှင် မော့ချွမ်းသည် သာမန်လူသားများ မခံစားနိုင်သော အရာများကို ကြိတ်မှိတ်သည်းခံနိုင်သည့် အလွန် အစွမ်းထက်သူတစ်ဦး ဖြစ်သည်။

သူသည် နေ့စဉ်နေ့တိုင်း လူတိုင်းနှင့် ပျော်ပျော်ပါးပါး စကားပြောဆို ရယ်မောနေသည်ကို မြင်ရသဖြင့် ဟွာကျွင်း သူ့ကို ရင်ထဲမှ အမှန်တကယ်ပင် လေးစားမိသွား၏။ သူ့တွင် စိတ်တည်ငြိမ်အောင် ထိန်းသိမ်းနိုင်သည့် အစွမ်းအစမျိုး ရှိပေသည်။

အကင်ပန်းကန်များ စားပွဲပေါ်သို့ တစ်ခုပြီးတစ်ခု ရောက်ရှိလာသောအခါ မော့ချွမ်းနှင့် ဟွာရှန့်တို့သည် တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။

“ဝိုး”

ဆိတ်သားကင်များသည် ရွှေဝါရောင်သန်းပြီး ဝက်ဗိုက်သားကင်များမှာလည်း အဆီနှင့် အသား မျှတလှကာ အသားကင်လေးများသည် ဆီပူလေးများ ဝေ့ဝှဲနေ၏။

ကမာကောင်ကင်များမှာမူ ပို၍ပင် သွားရည်ကျစရာ ကောင်းလှသည်။ လတ်ဆတ်ပြီး ကြီးမားလှသော ကမာကောင်အသားလေးများသည် ကြည်လင်သော စွပ်ပြုတ်ရည်ထဲတွင် နစ်ဝင်နေပြီး အပေါ်မှ ကြက်သွန်ဖြူထောင်းနှင့် ကြက်သွန်မြိတ်လေးများ ဖြူးထားသဖြင့် မွှေးပျံ့သော ရနံ့မှာ လေထဲတွင် လွင့်ပျံ့နေတော့သည်။

“အားမောက် ခင်ဗျားရဲ့ လက်ရာကတော့ တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာတာပဲ”

မော့ချွမ်း အားမောက်ကို လှမ်း၍ ချီးကျူးလိုက်သည်။

အားမောက်က ခေါင်းမော့ကာ ရိုးသားစွာ ပြုံးပြ၏။

“ညီလေးမော့က လောကကြီးရဲ့ အကောင်းစားတွေကို အများကြီး မြင်ဖူးတာပဲ။ ကျွန်တော့်ရဲ့ အကင်လက်ရာက မင်း စားဖူးတာတွေနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ”

“ဘာလို့ မယှဉ်နိုင်ရမှာလဲ”

မော့ချွမ်း လက်မထောင်ပြလိုက်ရင်း ပြောလိုက်သည်။ “အနည်းဆုံးတော့ အကောင်းဆုံးဆယ်ခုထဲမှာ ပါဝင်နိုင်တယ်”

အားမောက အားရပါးရ ရယ်မောလိုက်ပြီး ပြော၏။ “ဒါဆိုရင်တော့ ညီလေးမော့ရဲ့ ချီးကျူးမှုကို ကျွန်တော် ကျေးဇူးတင်ပါတယ်ဗျာ”

ဒေါ်လေးပန်းကလည်း လိုက်လံရယ်မောနေပြီးနောက် ရုတ်တရက် စိုးရိမ်ပူပန်သော လေသံဖြင့် ပြောလိုက်သည်။

“အခုတလော ရာသီဥတုက တဖြည်းဖြည်းနဲ့ ပိုပြီးတော့ ပူလာပြီ။ ရက်ပိုင်းအတွင်းမှာ ဘယ်သူမှ အကင်စားချင်ကြတော့မှာ မဟုတ်ဘူး ထင်တယ်”

ဟွာကျွင်းသည် လမ်းဘေးရှိ သစ်ပင်များကို မော့ကြည့်လိုက်ရာ သေချာပေါက်ပင် အရွက်များ ညှိုးနွမ်းခြောက်သွေ့နေသည်ကို တွေ့ရ၏။

အားမောက် သူ့ချွေးများကို သုတ်ရင်း ဝင်ပြောသည်။ “မနေ့က ကျွန်တော် မြစ်ကမ်းဘေးက ဖြတ်လာတုန်းက ထူးဆန်းတဲ့အရာတစ်ခု တွေ့ခဲ့တယ်။ ရေမြွေ ခုနစ်ကောင်၊ ရှစ်ကောင်လောက်က တစ်ကောင်နဲ့တစ်ကောင် လိမ်ယှက်နေပြီးတော့ ကုန်းပေါ်ကို တက်လာကြတာ”

ဝက်ဗိုက်သားကို အားရပါးရ ကိုက်ဝါးနေသော မော့ချွမ်းက အံ့သြတကြီးဖြင့် မေးလိုက်သည်။

“တကယ်ကြီး အဲဒီလို ဖြစ်တာလား ”

“ရေတွေက သိပ်ပူလွန်းလို့ အေးတဲ့နေရာကို ရှာပြီး ကုန်းပေါ်တက်လာကြတာ ဖြစ်မှာပေါ့”

ဘေးစားပွဲက ဧည့်သည်တစ်ဦးက ဝင်ရောက်ပြောဆိုသည်။

ပန်ကိတ်ဆိုင်က အဘိုးကျန်းကလည်း ရုတ်တရက် စကားဆိုလာ၏။

“လွန်ခဲ့တဲ့ ရက်ပိုင်းက မြေပြင်က အကြိမ်အနည်းငယ် လှုပ်ခါသွားသေးတယ်။ ရှေးစကားပုံ ရှိတယ်လေ ‘မြေနဂါး လှည့်ရင် အပူဒဏ် လာလိမ့်မယ်’ တဲ့၊ ဒီနှစ် နွေရာသီကတော့ အတော်လေး ဖြတ်သန်းရ ခက်ခဲလိမ့်မယ် ထင်တယ်”

ဟွာကျွင်းသည် ဒေါ်လေးပန်းဘက်သို့ လှည့်ကာ မေးလိုက်သည်။

“နေ့ခင်းဘက်ဆို သိပ်ပူတာလား ဒေါ်လေး၊ ညဘက် အပူချိန်ကတော့ အတော်လေး ကောင်းနေသေးတာပဲကို”

ဒေါ်လေးပန်း

“မနက်ပိုင်းနဲ့ ညနေပိုင်းကတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ နေ့ခင်းဘက် နေရောင်ကတော့ တကယ့်ကို ပြင်းပြင်းထန်ထန် ပူလောင်တာ။ မြစ်ရေတောင် အတော်လေး ကျသွားပြီ”

အားမောက် ခရမ်းသီးပေါ်သို့ ဇီရာစေ့မှုန့်များ ဖြူးရင်း ပြောလိုက်၏။

“ကျွန်တော်တို့ မြစ်ကတော့ တော်သေးတာပေါ့၊ အောက်ဘက်က ချောင်းအသေးလေးတွေ အများကြီး ခမ်းခြောက်ကုန်ပြီလို့ ကြားတယ်”

ဟွာကျွင်း စိုးရိမ်ပူပန်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

“ဒါဆိုရင်တော့ မဖြစ်ဘူး၊ ကျွန်မတို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားဖို့ လိုမယ်”

“ဘယ်လို ပြင်ဆင်ရမှာလဲ”

ဒေါ်လေးပန်းက ဇဝေဇဝါဖြင့် မေး၏။

“အရင်က အပူလှိုင်းတွေ ကြုံရတုန်းကလည်း ကျွန်မတို့ အမြဲတမ်း အောင့်အည်းသည်းခံပြီးပဲ ဖြတ်သန်းခဲ့ကြတာ။ မိုးကောင်းကင်ကြီးကို မပူအောင် ကျွန်မတို့ လုပ်နိုင်လို့လား”

ဟွာကျွင်းသည် ခဏမျှ တွေးတောလိုက်ပြီးနောက် ပြောလိုက်သည်။

“မနက်ဖြန်ကျရင် ကျွန်မတို့ ရွာလူကြီးကို ဖိတ်ပြီး အစည်းအဝေးတစ်ခု လုပ်ကြရအောင်”

ဒေါ်လေးပန်း ဟွာကျွင်းကို မှင်တက်စွာ စိုက်ကြည့်နေမိပြီးမှ ရုတ်တရက် သူဌေးမဟွာ၏ စွမ်းဆောင်ရည်များကို ပြန်လည်သတိရမိကာ ရင်ထဲတွင် လှုပ်ခတ်သွားရ၏။ အကယ်၍ သူမတွင် လူတိုင်းအတွက် အခြေအနေကို ပိုမိုသက်သာစေမည့် နည်းလမ်း တကယ်ရှိနေမလား။

နောက်တစ်နေ့တွင် ဟွာကျွင်းနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် အချို့သည် တည်းခိုခန်း၌ စုဝေးခဲ့ကြသည်။

ဟွာကျွင်း ထိုင်ပင်မထိုင်ရသေးမီမှာပင် ရွာလူကြီးက စိတ်လှုပ်ရှားစွာ ကမန်းကတန်းမေးတော့၏။

“သူဌေးမဟွာ ဒေါ်လေးပန်း ပြောတာ ကြားထားတယ်။ ခင်ဗျားဆီမှာ ပြင်းထန်တဲ့ အပူဒဏ် ပြဿနာကို ဖြေရှင်းနိုင်မဲ့ နည်းလမ်း ရှိတယ်ဆို”

ဟွာကျွင်း

“အပူဒဏ်ကိုတော့ ကျွန်မတို့ မပြောင်းလဲနိုင်ဘူး။ ဒါပေမဲ့ ကြိုတင်ကာကွယ်မယ့် နည်းလမ်းအချို့ကိုတော့ စဉ်းစားလို့ရပါတယ်”

ကောက်ချန် မတ်တတ်ထရပ်ကာ ပြော၏။

“အရင်နှစ်တွေက အပူလှိုင်းဒဏ် ဒါမှမဟုတ် မိုးခေါင်ရေရှားမှုတွေ ကြုံရရင် တော်ဝင်နန်းတော်က ကျီတွေကိုဖွင့်ပြီး ရိက္ခာတွေ ဝေငှပေးလေ့ရှိတယ်။ အဲဒါက လူတိုင်းကို ကာလတစ်ခုအထိ ဖြတ်သန်းနိုင်အောင် ကူညီပေးနိုင်ပါတယ်”

မာဟွေးကလည်း ထိုနည်းတူ မတ်တတ်ရပ်လိုက်ပြီး ဝင်ပြောသည်။

“ခင်ဗျားပြောတာက အပိုပဲဗျ။ ကျွန်တော်တို့ရွာက အခုဆိုရင် ချမ်းသာကြွယ်ဝနေပြီ။ တော်ဝင်နန်းတော်က ပေးမဲ့ရိက္ခာအနည်းငယ်ကို မျှော်လင့်နေဖို့ မလိုပါဘူး”

ကောက်ချန်

“ဒါဆို ခင်ဗျားမှာကော ဘာနည်းလမ်းရှိလို့လဲ”

မာဟွေးသည် ပါးစပ်ကို အတော်ကြာအောင် ဟထားသော်လည်း မည်သည့်အကြောင်းပြချက်မျှ သေသေချာချာ မပြောနိုင်ချေ။

ကောက်ချန်

“သူဌေးမဟွာ ကျွန်တော်တို့ အခုကတည်းက စပါးရိက္ခာတွေကို သိုလှောင်ထားမယ်ဆိုရင် မိုးခေါင်ရေရှားမှု ကြုံလာရင်တောင် ဘေးကင်းကင်းနဲ့ ဖြတ်သန်းနိုင်ပါလိမ့်မယ်”

ဟွာကျွင်း

“ရိက္ခာသိုလှောင်တာက အခြေခံအကျဆုံးပါပဲ။ ဒါပေမဲ့ ဒီနှစ်က အရင်နှစ်တွေထက် ပိုပြီး ပူပြင်းမယ်ဆိုရင်တော့ ရိက္ခာသိုလှောင်ရုံတင် မလုံလောက်ဘူး”

သူမ၏ စိတ်ကူးကို ထုတ်ဖော်ပြောဆိုလိုက်၏။

“ကျွန်မ ထင်တာကတော့ ရွာထဲမှာ ရေခဲသိုလှောင်ခန်း တစ်ခု တည်ဆောက်ပြီး ရေခဲတုံးအချို့ကို သိုလှောင်ထားနိုင်ရင် ကောင်းမယ်။ အဲဒါဆိုရင် ရာသီဥတု အရမ်းပူလာတဲ့အခါ လူတိုင်း ပိုပြီးတော့ သက်တောင့်သက်သာ ရှိစေမှာပါ”

“ရေခဲသိုလှောင်ခန်း ဆောက်မယ် ဟုတ်လား”

မာဟွေး အံ့သြတကြီး မေးလိုက်သည်။

“ရေခဲတွေ သိုလှောင်မယ် ဟုတ်လား”

ကောက်ချန်လည်း ကိုယ့်နားကိုပင် မယုံနိုင်အောင် ဖြစ်သွားရ၏။

ရွာလူကြီး

“တော်ဝင်နန်းတော်ကတော့ ရေခဲသိုလှောင်ခန်း အများကြီး ဆောက်ထားတာ ရှိပါတယ်။ ဒါပေမဲ့ အဲဒါတွေက နန်းတွင်းက လူတွေနဲ့ မင်းညီမင်းသား၊ အမတ်မင်းတွေအတွက်ပဲလေ။ မျိုးရိုးမြင့်အိမ်တော်တွေမှာလည်း ကိုယ်ပိုင် ရေခဲသိုလှောင်ခန်းတွေ ရှိကြပေမဲ့ သာမန်ပြည်သူတွေ ရေခဲအသုံးပြုတယ်ဆိုတဲ့ အစဉ်အလာမျိုးတော့ တစ်ခါမှ မရှိခဲ့ဖူးဘူး”

နွေရာသီတွင် ရေခဲဟူသည် အလွန်အမင်း တန်ဖိုးကြီးလှသော ပစ္စည်းဖြစ်ရာ သူတို့အနေဖြင့် တစ်ခါမှပင် မတွေးရဲခဲ့ကြချေ။

ဟွာကျွင်းကတော့ ဘာမှမဖြစ်သကဲ့သို့ပင် ပြောလိုက်၏။ “မင်းညီမင်းသားတွေ အမတ်မင်းတွေကို ဂရုစိုက်နေဖို့ မလိုပါဘူး။ ကျွန်မတို့ ရေခဲသိုလှောင်ခန်း ဆောက်ပြီးသွားရင် ကျွန်မတို့လည်း သုံးဖို့ ရေခဲရှိလာမှာပဲ”

ကောက်ချန် စိတ်လှုပ်ရှားစွာ ပြောတော့၏။

“ကျွန်တော် ထင်တာကတော့ ဖြစ်နိုင်တယ်။ အိမ်ထောင်စုတစ်စုချင်းစီက ငွေအနည်းငယ်စီ ထည့်ဝင်ပြီး ရွာအတွက် ရေခဲသိုလှောင်ခန်း အကြီးကြီးတစ်ခု ဆောက်ကြတာပေါ့”

မာဟွေး

“ဒါပေမဲ့ ဒီလိုရာသီဥတုမျိုးမှာ ရေခဲစျေးနှုန်းတွေ မြင့်တက်လာမဲ့အပြင် ဝယ်ဖို့လည်း တကယ့်ကို ခက်ခဲလိမ့်မယ်”

ဟွာကျွင်း

“အဲဒီကိစ္စတွေကို စိတ်မပူပါနဲ့၊ ကျွန်မမှာ အဆက်အသွယ် ရှိပါတယ်။ ရှင်တို့က ရေခဲသိုလှောင်ခန်း ဆောက်ဖို့ပဲ လုပ်ပါ”

ကောက်ချန်နှင့် မာဟွေးတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် တစ်ယောက်က စာရွက်နှင့် ကလောင်ကို ထုတ်ယူကာ အခြားတစ်ယောက်က ရွာသူရွာသား စာရင်းကို ထုတ်၍ စီမံကိန်းများကို စတင်ရေးဆွဲကြတော့၏။

“အိမ်ထောင်စုတစ်စုချင်းစီက လုပ်အားခတွေကို ခွဲဝေကျခံကြမယ်။ ဆောက်ပြီးသွားရင်တော့ လအလိုက် ရေခဲလက်မှတ်တွေ ထုတ်ပေးမယ်”

မာဟွေးပြောလိုက်သည်။

“ဒီသိုလှောင်ခန်းက အနက် ခြောက်လံ (၆ ကျန်း) လောက် တူးဖို့လိုမယ်၊ ပြီးတော့ အပူဒဏ်ခံနိုင်အောင် နံရံကို နှစ်ထပ် လုပ်ရမယ်...”

ကောက်ချန် စာရွက်ပေါ်တွင် ရေခဲသိုလှောင်ခန်း၏ ပုံစံကို အကြမ်းဖျင်း ဆွဲပြလိုက်၏။

မာဟွေး

“ကျောက်တုံးတွေကိုတော့ နောက်တောင်ဘက်ကနေ သွားတူးလို့ရတယ်။ အဲဒါဆိုရင် ငွေအချို့ သက်သာသွားလိမ့်မယ်”

ဟွာကျွင်း

“သိပ်ပြီးတော့လည်း တွက်ကပ်မနေပါနဲ့။ လိုအပ်တဲ့ ငွေကွာဟချက် ရှိရင် ကျွန်မ စိုက်ထုတ်ပေးပါ့မယ်”

“ဒါ ဘယ်လိုလုပ် ဖြစ်မှာလဲ”

ကောက်ချန်နှင့် မာဟွေးတို့က တပြိုင်နက်တည်း ငြင်းပယ်ကြ၏။

“ဒါက တစ်ရွာလုံး အကျိုးရှိမယ့် ကိစ္စပဲ၊ သူဌေးမဟွာကို ငွေတွေ ထပ်ပြီး အကုန်အကျ မခံခိုင်းနိုင်ပါဘူး”

နောက်တစ်နေ့ မနက်အစောပိုင်းတွင် မောင်တီးသံနှင့် စည်တီးသံများမှာ ရွာတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။ လူတိုင်းက အစည်းအဝေး စတင်တော့မည် ဖြစ်ကြောင်း ချက်ချင်း သိရှိလိုက်ကြ၏။

ရွာလူကြီးသည် ရွာလယ်ကွင်းပြင်ရှိ သစ်ပင်ကြီးအောက်တွင် မတ်တတ်ရပ်ကာ ယပ်တောင်ခတ်ရင်း လူအားလုံး ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေသည်။

နံနက်ပိုင်းသာ ရှိသေးသော်လည်း လေထုမှာ အလွန်အမင်း ပူပြင်းခြောက်သွေ့နေပြီ ဖြစ်၏။

ပုစဉ်းရင်ကွဲများက သစ်ပင်များပေါ်တွင် ရူးသွပ်မတတ် အော်မြည်နေကြပြီး လူတိုင်းမှာ သစ်ပင်ရိပ်အောက်တွင် စုရုံးကာ ရွာလူကြီးကို လှမ်းကြည့်နေကြသည်။

“အားလုံးပဲ... ငါ့စကားကို နားထောင်ကြ”

ရွာလူကြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ “မနေ့ညက ငါတို့ သူဌေးမဟွာနဲ့ ဆွေးနွေးတိုင်ပင်ပြီး ရွာထဲမှာ ရေခဲသိုလှောင်ခန်းတစ်ခု တည်ဆောက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်”

All Chapters